အခန်း (၂၁၁-၂၁၂)
Vol. 21 Ch. 211-212
Chapter 211
~
အခန်း ၂၁၁ : ပင်းဒိုဒို၏ ခံစစ်တံတိုင်း
~
ဂူချန်၏ စိတ်ဝိညာဥ်ပင်လယ်အတွင်း၌...
နှစ်ပေါင်း မည်မျှကြာအောင် ချိတ်ပိတ်ခံထားရသည် မသိသော အဆုံးမဲ့မိစ္ဆာဧကရာဇ်၏ ဝိညာဉ်သည် စိတ်ဝိညာဥ်ပင်လယ်၏ နက်ရှိုင်းရာသို့ အရှိန်အဟုန်ဖြင့် တိုးဝင်သွားပြီး ရူးသွပ်စွာ ရယ်မောနေတော့သည်။
ဤခန္ဓာကိုယ်၏ မူလဝိညာဉ်ကိုသာ သူ ချေဖျက်နိုင်ပါက အစီအစဥ်၏ ထက်ဝက်ကျော် အောင်မြင်ပြီဟု ဆိုရပေမည်။ ထို့နောက်တွင်မှ ကျန်ရှိနေသည့် စိတ်အာရုံများနှင့် စွဲလမ်းမှုများကို ဖြေရှင်းရန် သူ၌ ကိုယ်ပိုင်နည်းလမ်းများ ရှိပြီးသား ဖြစ်သည်။
ထိုအချိန်ကျလျှင် ရွေးချယ်ခံရသူ ၏ ခန္ဓာကိုယ်ကို အသုံးပြု၍ ဧကရာဇ်အဆင့်ကို ကျော်လွန်ကာ ဒဏ္ဍာရီလာ နယ်ပယ်သို့ပင် သူ ရောက်ရှိနိုင်ပေလိမ့်မည်။
လူသားမျိုးနွယ်၏ သမိုင်းတစ်လျှောက်တွင် အကြီးမြတ်ဆုံးသော ဧကရာဇ် ဆယ်ပါးထဲမှ တစ်ပါးဖြစ်သည့် အဆုံးမဲ့မိစ္ဆာဧကရာဇ်သည် သူ၏ သက်တမ်းကုန်ဆုံးခါနီးတွင် ငြိမ်ခံမနေခဲ့ပေ။ သူသည် ခန္ဓာကိုယ်ကို ကိုယ်တိုင် ဖျက်ဆီးပြီး ဝိညာဉ်ကို ချိတ်ပိတ်ကာ သင့်တော်သည့် အခွင့်အရေးကို စောင့်ဆိုင်းခဲ့ခြင်း ဖြစ်သည်။
သူ၏ ယုံကြည်ရသော လက်ပါးစေများမှာ အစောင့်အရှောက်ကြီး ငါးဦးပင် ဖြစ်သည်။ သူတို့သည် အဆုံးမဲ့မိစ္ဆာဧကရာဇ်၏ ပြောင်းလဲပေးမှုကြောင့် သက်တမ်းကန့်သတ်ချက် မရှိသော ဖုတ်ကောင်များ ဖြစ်လာခဲ့ကြသည်။ သို့သော်ငြား သူတို့၏ မူလရုပ်သွင်မှာ လူလည်းမဟုတ် သရဲလည်းမဟုတ်သော သတ္တဝါများအဖြစ် ပြောင်းလဲသွားခဲ့ရပြီး သူတို့၏ ကျင့်ကြံမှုမှာလည်း အရှင်သခင်အထွတ်အထိပ် အဆင့်တွင် ထာဝရ ရပ်တန့်သွားကာ ရှေ့ဆက်တိုးရန် မဖြစ်နိုင်တော့ပေ။
သူတို့သည် နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ရင်း လူသားမျိုးနွယ်အတွင်း၌ အဆင့်မြင့် ရာထူးနေရာများကို ရယူနိုင်ခဲ့ကြပြီး နောက်ဆုံးတွင် နတ်ဘုရားမီးတောက်ဂိုဏ်းကို တည်ထောင်ခဲ့ကြသည်။ ထိုဂိုဏ်း၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ အဆုံးမဲ့မိစ္ဆာဧကရာဇ် ပြောကြားခဲ့သော ရွေးချယ်ခံရသူကို ရှာဖွေရန်သာ ဖြစ်သည်။
ယခုအခါတွင်မူ ရွေးချယ်ခံရသူကို ရှာတွေ့ခဲ့ပြီ ဖြစ်သဖြင့် အဆုံးမဲ့မိစ္ဆာဧကရာဇ် အနေဖြင့် တစ်ဖန်ပြန်လည် မွေးဖွားရန် အခွင့်အရေးမှာ ရောက်ရှိလာချေပြီ။
[ကျူးကျော်သူကို တွေ့ရှိရပါသည်၊ ခံစစ်ပရိုဂရမ်ကို စတင်နေပါသည် ]
[ပထမအဆင့် ခံစစ်တံတိုင်းကို တည်ဆောက်နေပါသည် ]
အသိစိတ်အာရုံအတွင်း၌ ပဲ့တင်ထပ်လာသော စက်ရုပ်ဆန်ဆန် အမျိုးသမီး အသံကြောင့် အဆုံးမဲ့မိစ္ဆာဧကရာဇ်မှာ အနည်းငယ် အံ့အားသင့်သွားသည်။ သို့သော် ဤသည်ကို သူ ကြိုတင်ခန့်မှန်းထားပြီးသား ဖြစ်သည်။ ရွေးချယ်ခံရသူ တစ်ဦးအနေဖြင့် ထူးခြားသော စွမ်းရည်များ ရှိနေမည်မှာ မဆန်းပေ။
" ဒီနေ့တော့ ဘယ်အရာကမှ ငါ့ရဲ့ ပြန်လည်မွေးဖွားခြင်းကို မတားဆီးနိုင်တော့ဘူး.. "
အဆုံးမဲ့မိစ္ဆာဧကရာဇ်၏ ဝိညာဉ်ရုပ်သွင်ပေါ်တွင် ရူးသွပ်သော အမူအရာများ ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်မှ မိစ္ဆာချီစွမ်းအင်များ ထွက်ပေါ်လာပြီး စိတ်ဝိညာဥ်ပင်လယ်အတွင်း၌ အလွန်ကြီးမားသော မိစ္ဆာခန္ဓာကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။ သူ လက်သီးဖြင့် အသာအယာ တစ်ချက် ထိုးလိုက်ရုံဖြင့် ရှေ့မှ ပွင့်လင်းမြင်သာသော ခံစစ်တံတိုင်းမှာ အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားသည်။
[ ပထမအဆင့် ခံစစ်တံတိုင်း ပျက်စီးသွားပါပြီ၊ ဒုတိယအဆင့် ခံစစ်တံတိုင်းကို တည်ဆောက်နေပါသည် ]
နောက်ထပ် တံတိုင်းတစ်ခု ထပ်မံ ပေါ်လာပြန်သည်။
အဆုံးမဲ့မိစ္ဆာဧကရာဇ်မှာ တုံ့ဆိုင်းခြင်းမရှိဘဲ မိစ္ဆာချီစွမ်းအင်များကို စုစည်းကာ ထပ်မံ ထိုးနှက်လိုက်ရာ ထိုတံတိုင်းမှာလည်း ကြွေထည်များ ကွဲအက်သကဲ့သို့ ပျက်စီးသွားပြန်သည်။
[ ဒုတိယအဆင့် ခံစစ်တံတိုင်း ပျက်စီးသွားပါပြီ ]
နောက်တစ်ခု လာလျှင် နောက်တစ်ခုကို ထပ်မံ ချိုးဖျက်သည်။ သူသည် မရပ်မနားဘဲ ဆက်တိုက် တိုက်ခိုက်နေတော့သည်။ သူ၏ ဝိညာဉ်စွမ်းအားနှင့် မိစ္ဆာချီစွမ်းအင်များမှာ အသိစိတ်အာရုံအတွင်း၌ ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ဂျွတ်...
[ တတိယအဆင့် ခံစစ်တံတိုင်း ပျက်စီးသွားပါပြီ ]
[စတုတ္ထအဆင့် ခံစစ်တံတိုင်း ပျက်စီးသွားပါပြီ ]
[ ပဉ္စမအဆင့် ]
တံတိုင်းများမှာ တစ်ခုပြီးတစ်ခု ဆက်တိုက် ပြိုကျပျက်စီးနေသည်။ အဆုံးမဲ့မိစ္ဆာဧကရာဇ်၏ မျက်ဝန်းများတွင် ရူးသွပ်မှုများနှင့် ပြည့်နှက်နေပြီး သူ၏ အရှိန်အဝါမှာ စိတ်ဝိညာဥ်ပင်လယ်တစ်ခုလုံးကို ဆူပွက်စေနိုင်သည့်အလား ပြင်းထန်လာသည်။
" အဆုံးမဲ့မိစ္ဆာကျမ်း - သဏ္ဌာန်မဲ့လက်ဝါး .."
အဆုံးမဲ့မိစ္ဆာဧကရာဇ်က ဟိန်းဟောက်လိုက်သည်။ သူ၏ လက်များမှာ ခဏချင်းအတွင်း ပုံရိပ်ယောင်များစွာအဖြစ် ပြောင်းလဲသွားပြီး ရှေ့မှ တံတိုင်းကို နေရာအနှံ့မှ တိုက်ခိုက်တော့သည်။ ဤသည်မှာ ရန်သူ၏ အားနည်းချက်ကို ရှာဖွေနိုင်သည့် နဝမအဆင့် ဝှက်ဖဲ တိုက်ကွက် ဖြစ်သည်။
မကြာမီမှာပင် အဆုံးမဲ့မိစ္ဆာဧကရာဇ်သည် ခံစစ်တံတိုင်း၏ အားနည်းချက်ကို သိရှိသွားပြီး လက်သီးချက်ပေါင်းများစွာကို တစ်ခုတည်းအဖြစ် စုစည်းကာ နောက်ဆုံး လက်သီးချက်ကို ပြင်းထန်စွာ ထိုးနှက်လိုက်သည်။
ဝုန်း..
ကိုးဆယ့်ကိုးခုမြောက် ခံစစ်တံတိုင်းမှာ အက်ကွဲကြောင်းများ ပေါ်ထွက်လာပြီး တစ်တိုင်းတစ်ခုလုံးသို့ လျင်မြန်စွာ ပြန့်နှံ့သွားကာ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားတော့သည်။
[ သတိပေးချက်၊ ကိုးဆယ့်ကိုးခုမြောက် ခံစစ်တံတိုင်း ပျက်စီးသွားပါပြီ၊ ခံစစ်စွမ်းဆောင်ရည် ၉၉ ရာခိုင်နှုန်း ပျက်စီးသွားပါပြီ ]
[စူပါခံစစ်တံတိုင်းကို စတင်တည်ဆောက်နေပါသည် ]
" ဟားဟားဟား ..."
အဆုံးမဲ့မိစ္ဆာဧကရာဇ်မှာ ဝမ်းသာအားရ ရယ်မောလိုက်သည်။ ဤလူ၏ စိတ်ထဲတွင် မည်မျှပင် ထူးဆန်းသော ခံစစ်တံတိုင်းများ ရှိနေပါစေ သူ၏ အဆုံးမဲ့မိစ္ဆာခန္ဓာ၏ရှေ့တွင် အားလုံးမှာ ပြိုကွဲပျက်စီးရမည်သာ ဖြစ်သည်။ ဧကရာဇ်တစ်ပါး၏ နည်းလမ်းများကို သာမန်လူသားများအနေဖြင့် မည်သို့ ယှဥ်ပြိုင်နိုင်ပါမည်နည်း။
" ကောင်လေး.. နောက်ဆုံးတံတိုင်းကို ငါ ချိုးဖျက်ပြီးတာနဲ့ မင်းရဲ့ ခန္ဓာကိုယ်က ငါ့အပိုင် ဖြစ်လာတော့မယ်.. "
အဆုံးမဲ့မိစ္ဆာဧကရာဇ်၏ မျက်နှာတွင် လှောင်ပြုံးတစ်ခု ပေါ်ထွက်လာသည်။
" မင်းရဲ့ နောက်ဆုံးအချိန်လေးကို တန်ဖိုးထားလိုက်ပါဦး.. "
သူသည် အောင်နိုင်သူအဖြစ် မိမိကိုယ်မိမိ သတ်မှတ်ထားပြီးသား ဖြစ်သည်။ တံတိုင်းပေါင်း ကိုးဆယ့်ကိုးခုကို ဖျက်ဆီးပြီးနောက် သူ၏ ယုံကြည်မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိနေသည်။
ဝုန်း ..ဝုန်း ..ဝုန်း
နဝမအဆင့် ဝိညာဉ်လမ်းစဉ် တိုက်ကွက်များမှာ စူပါခံစစ်တံတိုင်းဆီသို့ မုန်တိုင်းအလား ကျရောက်သွားသည်။ ငွေရောင်မြစ်များ စီးဆင်းလာခြင်း၊ သွေးလမင်းကြီး ကောင်းကင်တွင် ချိတ်ဆွဲခံရခြင်းနှင့် အနက်ရောင် မိစ္ဆာချီစွမ်းအင်များ ဖုံးလွှမ်းသွားခြင်းတို့မှာ ထိတ်လန့်ဖွယ် ကောင်းလှသည်။
စူပါခံစစ်တံတိုင်းမှာ ပြင်းထန်စွာ တုန်ခါနေသည်။ အဆုံးမဲ့မိစ္ဆာဧကရာဇ်သည် သူ၏ လက်သီးကို တံတိုင်းပေါ်သို့ တင်းကျပ်စွာ ဖိထားပြီး မိစ္ဆာချီစွမ်းအင်များကို ဆက်တိုက် ထုတ်လွှတ်လိုက်သည်။
" ငါ့အတွက် ပျက်စီးစမ်း ..."
အဆုံးမဲ့မိစ္ဆာဧကရာဇ်က ရူးသွပ်စွာ ဟိန်းဟောက်လိုက်ရာ သူ၏ ခွန်အားများမှာ ဆတိုး မြင့်တက်လာသကဲ့သို့ ဖြစ်သွားသည်။
ဘုန်း...
ကြည်လင်သော တံတိုင်းကြီးမှာ ဖုန်မှုန့်များအဖြစ် ပြိုကွဲသွားတော့သည်။ အောင်မြင်မှုမှာ သူ၏ မျက်စိရှေ့သို့ ရောက်ရှိလာချေပြီ။
[သတိပေးချက်၊ စူပါခံစစ်တံတိုင်း ပျက်စီးသွားပါပြီ၊ လက်ရှိ ခံစစ်စွမ်းဆောင်ရည် ၉၉ ဒသမ ၉ ရာခိုင်နှုန်း ပျက်စီးသွားပါပြီ ]
[ကြေးညိုရောင် ခံစစ်တံတိုင်းကို တည်ဆောက်နေပါသည် ]
" ဘာလဲ.. အခုက ဒသမကိန်းတွေ ပါလာတာလား .."
အဆုံးမဲ့မိစ္ဆာဧကရာဇ်မှာ မျက်လုံးများ ပြူးကျယ်သွားပြီး တစ်ခုခု မှားယွင်းနေသည်ကို ခံစားမိလိုက်သည်။ သို့သော် ဤအဆင့်အထိ ရောက်လာပြီ ဖြစ်သဖြင့် သူသည် မိစ္ဆာချီစွမ်းအင်များကို ထပ်မံ အသုံးပြု၍ ကြေးညိုရောင် ခံစစ်တံတိုင်းကို ဖျက်ဆီးပစ်လိုက်သည်။
သို့သော် ယခုအခါတွင် သူ၏ ဝိညာဉ်စွမ်းအားမှာ များစွာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ခန္ဓာကိုယ်မရှိသော ဝိညာဉ်တစ်ခု ဖြစ်သဖြင့် သူ၏ ဝိညာဉ်စွမ်းအားမှာ အစားထိုးရန် မဖြစ်နိုင်ဘဲ အသုံးပြုလိုက်သည်နှင့် ကုန်ဆုံးသွားမည်သာ ဖြစ်သည်။ အကယ်၍ ခန္ဓာကိုယ်ကို မရရှိမီ ဝိညာဉ်စွမ်းအား ကုန်ဆုံးသွားပါက သူသည် သတ်ဖြတ်ခြင်း ခံရမည့် သိုးသူငယ်တစ်ကောင်ကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ အဆုံးမဲ့မိစ္ဆာဧကရာဇ်မှာ မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ စွမ်းအားများကို ချွေတာရန် ဆုံးဖြတ်လိုက်သည်။
[ သတိပေးချက်၊ ကြေးညိုရောင် ခံစစ်တံတိုင်း ပျက်စီးသွားပါပြီ၊ လက်ရှိ ခံစစ်စွမ်းဆောင်ရည် ၉၉ ဒသမ ၉၉ ရာခိုင်နှုန်း ပျက်စီးသွားပါပြီ ]
[ငွေရောင် ခံစစ်တံတိုင်းကို တည်ဆောက်နေပါသည် ]
အဆုံးမဲ့မိစ္ဆာဧကရာဇ်မှာ ဘာမှမပြောတော့ဘဲ ဆက်လက် တိုက်ခိုက်နေတော့သည်။
[သတိပေးချက်၊ ငွေရောင် ခံစစ်တံတိုင်း ပျက်စီးသွားပါပြီ၊ လက်ရှိ ခံစစ်စွမ်းဆောင်ရည် ၉၉ ဒသမ ၉၉၉ ရာခိုင်နှုန်း ပျက်စီးသွားပါပြီ ]
[ရွှေရောင် ခံစစ်တံတိုင်းကို တည်ဆောက်နေပါသည် ]
အဆုံးမဲ့မိစ္ဆာဧကရာဇ်၏ မျက်နှာတွင် အပြုံးများ မရှိတော့ပေ။
[သတိပေးချက်၊ ပလက်တီနမ်၊ စိန်၊ မာစတာ၊ ဘုရင်အဆင့် တံတိုင်းများ ပျက်စီးသွားပါပြီ၊ လက်ရှိ ခံစစ်စွမ်းဆောင်ရည် ၉၉ ဒသမ ၉၉၉၉၉၉၉၉၉ ရာခိုင်နှုန်း ]
အဆုံးမဲ့မိစ္ဆာဧကရာဇ်မှာ အံကိုတင်းတင်းကြိတ်ထားပြီး စိတ်ဓာတ်ကျလုနီးပါး ဖြစ်နေချေပြီ။
[ သတိပေးချက်၊ အောက်ကမ္ဘာ သတ္တုစပ်တံတိုင်း ပျက်စီးသွားပါပြီ၊ လက်ရှိ ခံစစ်စွမ်းဆောင်ရည် ၉၉ ဒသမ ၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉ ရာခိုင်နှုန်း ]
[ကျောက်သားတံတိုင်းကို တည်ဆောက်နေပါသည် ]
အဆုံးမဲ့မိစ္ဆာဧကရာဇ်မှာ ကြမ်းပြင်ပေါ်သို့ ပျော့ခွေကျသွားပြီး မျက်ဝန်းများမှာ ဗလာနတ္ထိ ဖြစ်သွားတော့သည်။ သူ၏ နားထဲတွင် အဆုံးမရှိသော ဒသမကိန်းများကို နားထောင်ရင်း တစ်ခေတ်တစ်ခါက ကမ္ဘာကို စိုးမိုးခဲ့သော မိစ္ဆာဧကရာဇ်ကြီးမှာ သူ၏ ဘဝကိုပင် သံသယဝင်သွားမိတော့သည်။
Chapter 212
~
အခန်း ၂၁၂ : ဒီနေ့တော့ မင်းအောင်မြင်ရမယ်...
~
[ အိမ်ရှင်သည် အဆင့်ကိုး ဧကရာဇ်အဆင့် အထွတ်အထိပ်ရှိ အဆုံးမဲ့မိစ္ဆာဧကရာဇ်၏ ဝိညာဉ်ကို လုံ့လဝီရိယရှိမှုနှင့် ခြွေတာတတ်မှုဟူသော ကောင်းမြတ်သည့် ကိုယ်ကျင့်တရားအား သင်ကြားပေးခဲ့ပါသဖြင့် စေတနာရမှတ် ၃၂၀ဝ ရရှိပါသည် ]
[အိမ်ရှင်သည် ခိုကိုးရာမဲ့နေသော လေလွင့်ဝိညာဉ်တစ်ခုကို လက်ခံကျွေးမွေးစောင့်ရှောက်ခဲ့ပါသဖြင့် စေတနာရမှတ် ၄၅၀ဝ ရရှိပါသည် ]
စိတ်ဝိညာဥ်ပင်လယ်၏ နက်ရှိုင်းရာ၌ ဂူချန်၏ ဝိညာဉ်သည် တည်ငြိမ်စွာ ရှိနေပြီး ခံစစ်တံတိုင်းများကို အပူတပြင်း ချိုးဖျက်နေသည့် အဆုံးမဲ့မိစ္ဆာဧကရာဇ်ကို အဝေးမှ ကြည့်ရှုနေသည်။
အမှန်အတိုင်း ပြောရလျှင် သူ၏ စိတ်ဝိညာဥ်ပင်လယ်အတွင်းသို့ တစ်စုံတစ်ယောက် ဝင်ရောက်လာနိုင်လိမ့်မည်ဟု ဂူချန် မထင်ထားခဲ့ပေ။ သို့သော်လည်း ဤသည်က သူ့အတွက် ခံစစ်မရှိဟု ဆိုလိုခြင်း မဟုတ်။
ပထမဦးစွာ စိတ်ဝိညာဥ်အကာအကွယ် ပါရမီကြောင့် အခြားသော ဝိညာဉ်များက သူ့ကို စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများ ပြုလုပ်ရန် မဖြစ်နိုင်ပေ။ ထို့ပြင် သူ၏ သန့်စင်ခြင်းလမ်းစဉ် ဓမ္မခန္ဓာမှာလည်း လောကရှိ အရာအားလုံးကို သန့်စင်နိုင်သည့် ဆန်းကြယ်သော မီးဖိုကြီး တစ်ခု ဖြစ်သည်။
အကယ်၍ ထိုအတားအဆီး နှစ်ခုကို ကျော်ဖြတ်နိုင်ခဲ့လျှင်ပင် လှည့်စားမှုလမ်းစဉ် တွင် မဟာဆရာကြီးအဆင့်အထိ ရောက်ရှိထားပြီး သေမင်း၏လက်ဝါးစွမ်းရည်ကို ပိုင်ဆိုင်ထားသော သူ၏ စိတ်စွမ်းအားနှင့် ဝိညာဉ်အင်အားမှာ အရှင်သခင်အဆင့်တွင် မည်သူမျှ မယှဉ်နိုင်သော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
တစ်ခါက ဧကရာဇ်နယ်ပယ်တွင် ရှိခဲ့ဖူးသော အဆုံးမဲ့မိစ္ဆာဧကရာဇ်ပင်လျှင် ဝိညာဉ်အင်အားပိုင်း၌ ဂူချန်ကို ယှဉ်နိုင်မည် မဟုတ်ပေ။ ထို့အပြင် နောက်ဆုံးခံစစ်အဖြစ် စနစ်ကလည်း ရှိနေသေးသည်။
အမှန်တော့ ဂူချန်သည် ဤအဆုံးမဲ့မိစ္ဆာဧကရာဇ်ကို အထင်ကြီးလွန်းခဲ့ပုံရသည်။ အဆုံးမဲ့မိစ္ဆာဧကရာဇ်သည် ဧကရာဇ်အဆင့်၌ ရှိစဉ်က ဝိညာဉ်အင်အား အလွန်တောင့်တင်းခဲ့မည် ဖြစ်သော်လည်း ယခုလက်ရှိ ပြသနေသော ဝိညာဉ်အခြေခံမှာ သာမန်အရှင်သခင်အဆင့်ထက် နှစ်ဆ၊ သုံးဆခန့်သာ ရှိတော့သည်။ အရာအားလုံးတွင် အကန့်အသတ်အထိ ရောက်ရှိထားသော ဂူချန်နှင့် ယှဉ်လျှင်မူ များစွာ နိမ့်ပါးလွန်းလှသည်။
ဂူချန်သည် သူ၏ စိတ်စွမ်းအားဖြင့် ပိုမိုကြီးမားပြီး ခိုင်ခံ့သော ခံစစ်တံတိုင်းကြီးများကို ထပ်မံ တည်ဆောက်ကာ အဆုံးမဲ့မိစ္ဆာဧကရာဇ်၏ ရှေ့တွင် ပိတ်ဆို့ထားလိုက်သည်။
မှန်ပါသည်။ စနစ်၏ ခံစစ်တံတိုင်းများဟု ဆိုသည်မှာ ပြိုင်ဘက်ကို ကစားစရာသဖွယ် စနောက်ရင်း စေတနာရမှတ်များ ရယူရန် သူ ဖန်တီးထားခြင်းသာ ဖြစ်သည်။ သို့သော် အဆုံးမဲ့မိစ္ဆာဧကရာဇ်မှာ အားကုန်လုနီးပါး ဖြစ်နေသည်ကို ဂူချန် သတိပြုမိလိုက်သည်။
အဆုံးမဲ့မိစ္ဆာဧကရာဇ်မှာ ရှေ့မှ ပေါ်လာပြန်သည့် ပိုမိုထူထဲကာ မာကျောသော တံတိုင်းကြီးကို ကြည့်ရင်း ကြမ်းပြင်ပေါ်သို့ ပျော့ခွေကျသွားတော့သည်။ သူ၏ မျက်နှာမှာ အရက်မူးနေသူကဲ့သို့ နီမြန်းနေပြီး စိတ်ဓာတ်မှာ လုံးဝ ပြိုလဲသွားပုံရသည်။
'ဒီအတိုင်းတော့ မဖြစ်သေးဘူး..အဆင့်ကိုး ဧကရာဇ်တစ်ယောက်နဲ့ တွေ့ရခဲတယ်၊ သူ့ဆီကနေ ခြောက်အောင် ညှစ်ရမယ်.. '
ဂူချန်သည် သူ၏ မေးစေ့ကို ပွတ်သပ်ရင်း ထိုအဘိုးကြီး၏ စိတ်အားထက်သန်မှုကို မည်သို့ ပြန်လည် နိုးကြားလာစေရမည်နည်းဟု စဉ်းစားနေသည်။
မကြာမီ စက်ရုပ်ဆန်ဆန် အမျိုးသမီး အသံမှာ အဆုံးမဲ့မိစ္ဆာဧကရာဇ်၏ နားထဲတွင် ထပ်မံ ပဲ့တင်ထပ်လာပြန်သည်။
[သတိပေးချက်၊ ခံစစ်စနစ်၏ စွမ်းအင် မလုံလောက်တော့ပါ၊ ကျန်ရှိသော စွမ်းအင်မှာ နောက်ဆုံး ခံစစ်တံတိုင်း ကိုးခုအတွက်သာ လုံလောက်ပါတော့သည် ]
" ဒါဆို ဒီကောင်ရဲ့ ဝိညာဉ်စွမ်းအားကလည်း အကန့်အသတ် ရောက်နေပြီပေါ့.. "
အဆုံးမဲ့မိစ္ဆာဧကရာဇ်၏ မျက်ဝန်းများတွင် မျှော်လင့်ချက်ရောင်ခြည်များ ပြန်လည် ထွန်းလင်းလာသည်။ သူ၏ ဝိညာဉ်စွမ်းအားမှာ တစ်ဆယ်ပုံတစ်ပုံပင် မရှိတော့သော်လည်း ဟိုကောင့်ဝိညာဉ်ကို မြင်ရရုံဖြင့် သူ အလွယ်တကူ ချေမှုန်းနိုင်လိမ့်မည်ဟု ယုံကြည်နေသည်။ နှစ်ပေါင်း တစ်သောင်းကျော် စီစဉ်ခဲ့သမျှ ဤနေရာတွင် အဆုံးမသတ်နိုင်။
သူသည် ကြွင်းကျန်သမျှ မိစ္ဆာချီစွမ်းအင်များကို စုစည်းကာ အသိစိတ်အာရုံအတွင်း၌ ထပ်မံ သောင်းကျန်းတော့သည်။
ဝုန်း ..ဝုန်း ..ဝုန်း..
[ သတိပေးချက်၊ ခံစစ်စနစ်၏ စွမ်းအင် ကုန်ဆုံးသွားပါပြီ ]
အဆုံးမဲ့မိစ္ဆာဧကရာဇ်မှာ ဝမ်းသာအားရ ရယ်မောလိုက်သည်။
" ဟားဟား၊ ငါပဲ နောက်ဆုံး အောင်နိုင်သူ ဖြစ်ရမယ်.. "
သို့သော်လည်း...
[အရံလျှို့ဝှက်စွမ်းအင်ကို စတင်အသုံးပြုနေပါသည်... ၎င်းမှာ ခံစစ်တံတိုင်း ကိုးခုအတွက်သာ ခံနိုင်ပါသည် ]
အဆုံးမဲ့မိစ္ဆာဧကရာဇ်၏ အပြုံးများမှာ အေးခဲသွားတော့သည်။ သူသည် အံကို တင်းတင်းကြိတ်ကာ ဒေါသကို မျိုသိပ်ပြီး ထပ်မံ တိုက်ခိုက်ပြန်သည်။
[ သတိပေးချက်၊ အရံလျှို့ဝှက်စွမ်းအင် ကုန်ဆုံးသွားပါပြီ... နောက်ထပ် နည်းနည်းလေးပဲ လိုတော့တယ်၊ ခံစစ်စနစ် လုံးဝ ပျက်စီးတော့မှာပါ ]
[ ဝိညာဉ်စွမ်းအားကို ကြိုတင်ထုတ်ယူ အသုံးပြုနေပါသည်... ]
[သက်တမ်းကို ကြိုတင်ထုတ်ယူ အသုံးပြုနေပါသည်... ]
[နောက်ဆုံး ခံစစ်တံတိုင်း တစ်ခုသာ ကျန်ပါတော့သည် ]
...
[ဒီနေ့တော့ မင်း အောင်မြင်ရမယ် ]
အဆုံးမဲ့ မိစ္ဆာဧကရာဇ်...."...."
ဒီနေ့တော့ မင်း အောင်မြင်ရမယ်ဆိုသည့် စကားကို ကြားလိုက်ရချိန်တွင် အဆုံးမဲ့မိစ္ဆာဧကရာဇ်၏ မျက်ဝန်းများမှာ လုံးဝ ဗလာနတ္ထိ ဖြစ်သွားတော့သည်။
" ဟားဟား... ဟားဟား... "
သူသည် ကြောင်အမ်းအမ်းဖြင့် ရပ်နေပြီးနောက် ရုတ်တရက် ထပ်မံ ရယ်မောပြန်သည်။ သူသည် စိတ်ဖောက်ပြန်သွားသည့်အလား ရယ်လိုက် ငိုလိုက်ဖြင့် ထူးဆန်းလှသော အမူအရာများကို ပြုလုပ်နေတော့သည်။ နောက်ဆုံးတွင် သူသည် ကောင်းကင်ကို မော့ကြည့်ရင်း ကျန်ရှိသမျှ မိစ္ဆာချီစွမ်းအင်များကို စုစည်းကာ မိမိကိုယ်မိမိ ပြန်လည် ထိုးနှက်လိုက်သည်။
နှစ်ပေါင်း တစ်သောင်းကျော် အောင့်အီးထားခဲ့ရသော ဝိညာဉ်မှာ ထွက်ပေါ်လာသည်နှင့် ဤကဲ့သို့ နှိပ်စက်ခံရသဖြင့် သူ၏ စိတ်ဓာတ်မှာ လုံးဝ ပြိုလဲသွားလေပြီ။
ဂူချန်သည် ဤမြင်ကွင်းကို မြင်လျှင် မြင်ချင်းပင် သူ၏ ဝိညာဉ်စွမ်းအားဖြင့် ထိုအဘိုးကြီးကို ချုပ်နှောင်လိုက်သည်။ ထို့နောက် ကြီးမားလှသော သန့်စင်ခြင်း မီးဖိုကြီးတစ်ခုကို ကောင်းကင်မှ ချလိုက်ပြီး အဆုံးမဲ့မိစ္ဆာဧကရာဇ်ကို ဖုံးအုပ်ပစ်လိုက်သည်။
အဆုံးမဲ့မိစ္ဆာဧကရာဇ်မှာ တစ်ခါက ဧကရာဇ်တစ်ပါး ဖြစ်ခဲ့ဖူးသဖြင့် သူ၏ ဝိညာဉ်မှတ်ဉာဏ်များထဲတွင် အဆင့်မြင့် လျှို့ဝှက်ချက်များနှင့် ဧကရာဇ်အဆသ့်သို့ တက်လှမ်းနိုင်သည့် နည်းလမ်းများစွာ ရှိပေလိမ့်မည်။ ထို့ကြောင့် သူ့ကို ဤမျှ လွယ်လွယ်နှင့် ဝိညာဉ်ချုပ်ငြိမ်းသွားရန် ဂူချန် ခွင့်မပြုနိုင်ပေ။ ထို့ပြင် သူ၏ ဝိညာဉ်မှာ ဂူချန်အတွက် အားဆေးတစ်ခွက်လည်း ဖြစ်ပေသည်။
[ အိမ်ရှင်သည် မိမိကိုယ်မိမိ သတ်သေရန် ကြိုးပမ်းသော အဆုံးမဲ့မိစ္ဆာဧကရာဇ်ကို ကယ်တင်ပေးခဲ့ပါသဖြင့် စေတနာရမှတ် ၁၅၀ဝဝ ရရှိပါသည် ]
" စိတ်မပူပါနဲ့ အဆုံးမဲ့..ငါ မင်းကို အခုပဲ လွတ်မြောက်အောင် ကူညီပေးတော့မယ် .."
ဂူချန်သည် သန့်စင်ခြင်းလမ်းစဉ်၏ စွမ်းအားများကို မီးဖိုကြီးအတွင်းသို့ ပြင်းထန်စွာ လောင်းထည့်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော အနီရောင်အလင်းတန်းများမှာ အဆုံးမဲ့မိစ္ဆာဧကရာဇ်၏ ဝိညာဉ်ကို စတင် လောင်မြိုက်သန့်စင်တော့သည်။
ဝိညာဉ်ကို သန့်စင်ပြီး မှတ်ဉာဏ်များကို သိမ်းဆည်းခြင်းမှာ ခံရသူအတွက် အလွန်ပင် နာကျင်လှသည်။ သို့သော် အဆုံးမဲ့မိစ္ဆာဧကရာဇ်မှာမူ မည်သည့်တုံ့ပြန်မှုမျှ မရှိဘဲ ဗလာဖြစ်နေသော မျက်ဝန်းများဖြင့်သာ ထိုနာကျင်မှုကို ခံယူနေတော့သည်။
[ အိမ်ရှင်သည် အဆုံးမဲ့မိစ္ဆာဧကရာဇ်၏ ဝိညာဉ်ကို လောကကြီးတွင် ကောင်းမှုကုသိုလ်များ ပြုလုပ်နိုင်ရန် လမ်းပြပေးခဲ့ပါသဖြင့် စေတနာရမှတ် ၄၃၅၀ဝ ရရှိပါသည် ]