← Chapters

အခန်း (၂၁၅-၂၁၆)

Vol. 21 Ch. 215-216

အခန်း (၂၁၅-၂၁၆)

Vol. 21 Ch. 215-216

Chapter 215

~

အခန်း ၂၁၅ : ထောင်ချောက်ထဲသို့ ကျဆင်းခြင်းနှင့် အနှိုင်းမဲ့ ကျန့်ရှန်ရှူး

~

​မဟာမိတ်အဖွဲ့သည် နှစ်ဖွဲ့ခွဲ၍ လှုပ်ရှားကြသည်။ လျောင်ချင်းဖုန်းနှင့် ကျန့်ရှန်ရှူးတို့က တစ်ဖွဲ့ကို ဦးဆောင်ပြီး အမ်မာတားရက်စ်နှင့် မဟာ ဗိုလ်ချုပ်ကြီးသုံးဦးအနက် တစ်ဦးဖြစ်သော ဖုန်းပုကျိ တို့က ကျန်တစ်ဖွဲ့ကို ဦးဆောင်သည်။ အရေးပေါ်အခြေအနေတစ်ရပ်ရပ် ပေါ်ပေါက်လာပါက တာအိုလက်နက် များကို အသုံးပြု၍ ချက်ချင်း အဆက်အသွယ်ပြုလုပ်ရန်လည်း သဘောတူထားကြသည်။

​လျောင်ချင်းဖုန်းတို့ဘက်တွင်။

​သူတို့သည် ဘယ်ဘက်ခြမ်းသို့ ငါးမိနစ်၊ ခြောက်မိနစ်ခန့် ဆက်တိုက် စုံစမ်းစစ်ဆေးခဲ့သော်လည်း မည်သူ့ကိုမျှ မတွေ့ရှိရပေ။ ထိုအစား ပတ်ဝန်းကျင်ရှိ ထူးဆန်းသော အငွေ့အသက်များမှာ ပိုမိုပြင်းထန်လာသည်။

​" ဥက္ကဋ္ဌလျောင်... ဂူချန်ရဲ့ တည်နေရာကို အတိအကျ သိနေတုန်းပဲလား "

​အချိန်အတော်ကြာ ရှာဖွေရသဖြင့် အဖွဲ့ထဲမှ လူသားမျိုးနွယ် သွေးလမ်းစဉ် အရှင်သခင် တစ်ဦးက မေးမြန်းလိုက်သည်။

​လျောင်ချင်းဖုန်းသည် လွန်ခဲ့သော စက္ကန့်အနည်းငယ်ကပင် ဧကရာဇ်လက်နက်ဖြင့် မှတ်သားထားသော ဂူချန်၏ တည်နေရာကို ကြည့်ရှုခဲ့သော်လည်း ယခုတစ်ကြိမ် ထပ်မံကြည့်ရှုလိုက်ပြန်သည်။ ဧကရာဇ်လက်နက်ဖြစ်သော သွေးလမင်း မိစ္ဆာမျက်လုံး ပေါ်ရှိ အမှတ်အသားမှာ သူတို့နှင့် အလွန်နီးကပ်သော နေရာတွင် ရှိနေကြောင်း ပြသနေသည်။

​လွန်ခဲ့သော ခဏကပင် အတော်လေး ဝေးကွာသောနေရာ၌ ရှိနေခဲ့သည့် တစ်ဖက်လူမှာ အဘယ်ကြောင့် ရုတ်တရက် အနီးအနားသို့ ရောက်ရှိလာရသနည်း။ နန်းတော်အတွင်းသို့ ဝင်ရောက်လာကတည်းက ကြုံတွေ့နေရသော ထူးဆန်းသည့် အခြေအနေများနှင့် ပေါင်းစပ်လိုက်လျှင်...

​" မကောင်းတော့ဘူး... ငါတို့ မိသွားပြီ.. "

လျောင်ချင်းဖုန်းက ရုတ်တရက် သတိပြုမိသွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

​အားလုံး အံ့အားသင့်သွားကြပြီး ချက်ချင်းပင် ပြန်လည် တုံ့ပြန်လိုက်ကြသည်။

" ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါတို့အားလုံး ဧကရာဇ်လက်နက်တွေနဲ့ အရှိန်အဝါကို ဖုံးကွယ်ထားတာပဲလေ... "

​ဝုန်း...

​စကားပင် မဆုံးသေးမီ တိတ်ဆိတ်နေသော အနက်ရောင် နန်းတော်ကြီး၏ အနက်ရှိုင်းဆုံးနေရာမှ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ထို့နောက်တွင်မူ မရေမတွက်နိုင်သော တစ္ဆေမီးများ တောက်လောင်ပြီး မှောင်မည်းနေသော နန်းတော်အတွင်းကို ချက်ချင်း လင်းထိန်သွားစေသည်။

​သွေးရောင်ဝတ်စုံများ ဝတ်ဆင်ထားသော နတ်ဘုရားမီးတောက်ဂိုဏ်းဝင် အမြောက်အမြားသည်လည်း လျောင်ချင်းဖုန်းတို့၏ ရှေ့တွင် ရုတ်တရက် ပေါ်လာတော့သည်။

​" ဒါက ဘယ်လိုဖြစ်တာလဲ... "

​" ချီး... ဒါ ထောင်ချောက်ပဲ "

​" ငါတို့ တစ်ချိန်လုံး စောင့်ကြည့်ခံနေရတာပေါ့လေ "

​အားလုံး၏ မျက်နှာများမှာ ချက်ချင်းပင် ပျက်သွားတော့သည်။ အခြေအနေအရ သူတို့ လာမည်ကို တစ်ဖက်လူက စောစောစီးစီး သိနေခဲ့ပုံရသည်။ ဤသည်မှာ အားလုံး၏ ခန့်မှန်းချက်ထက် ကျော်လွန်နေသည်။

​ရှူး ..ရှူး ..ရှူး..

​တစ်ချိန်တည်းမှာပင် တစ္ဆေမီးများ လင်းထိန်လာသည်နှင့်အမျှ သွေးရောင်ကျောက်တိုင်ကြီးများသည် မြေပြင်မှ ထိုးထွက်လာပြီး မဟာမိတ်အဖွဲ့ဝင် ခုနစ်ဦးစလုံးကို ဝိုင်းရံထားလိုက်သည်။ ကျောက်တိုင်များပေါ်ရှိ သွေးရောင်စာတန်းများမှ နီရဲသော အလင်းတန်းများ ထွက်ပေါ်လာပြီး သွေးရောင်သံကြိုးများမှာလည်း လေထဲတွင် ရှုပ်ထွေးစွာ ယှက်နွယ်နေတော့သည်။ ထိုသံကြိုးများအတွင်းမှ မရေမတွက်နိုင်သော နာကျည်းနေသည့် ဝိညာဉ်များ၏ ငိုကြွေးသံများမှာလည်း ပဲ့တင်ထပ်နေသည်။

​ချက်ချင်းပင် လျောင်ချင်းဖုန်း အပါအဝင် ခုနစ်ဦးစလုံးမှာ သွေးလမ်းစဉ်၏ ပြင်းထန်သော ဖိနှိပ်မှုဒဏ်ကို ခံစားလိုက်ရသည်။ သွေးလမ်းစဉ်ဖြင့် အဆင့်တက်လာသော အရှင်သခင် တစ်ဦးသာလျှင် အခြေအနေ အနည်းငယ် ကောင်း​ပေသည်။

​" ဒါက သုံးဆယ့်ခြောက် မိစ္ဆာသွေးကြော အစီအရင်ပဲ "

သွေးလမ်းစဉ် အရှင်သခင်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

​ဤအစီအရင်မှာ မဟာတာအိုစွမ်းအား များကို တားဆီးနိုင်သော သွေးလမ်းစဉ် ဥပဒေသအပေါ် အခြေခံထားခြင်း ဖြစ်သည်။ အရှင်သခင် နှောင်းပိုင်းအဆင့် ရှိသော သူ့အတွက်ပင်လျှင် ဤအစီအရင်ကို ချိုးဖျက်နိုင်ရန် မသေချာပေ။ သာမန်အချိန်တွင်ပင် ခက်ခဲလှသော်လည်း ယခုကဲ့သို့ အရှင်သခင် တစ်ဦးဦးက ထိန်းချုပ်ထားမည်ဆိုလျှင် အခက်အခဲမှာ ဆယ်ဆမက တိုးလာပေလိမ့်မည်။

​" ယီးပဲ.. ဖုန့်ကျိုဟွမ် က ငါတို့ကို လိမ်လိုက်တာလား.. "

အခြေအနေကို ကြည့်ရင်း တစ်ဦးက ဒေါသတကြီး ဆဲဆိုလိုက်သည်။

​နတ်ဘုရားမီးတောက်ဂိုဏ်းက ဘာမှ မသိပါဘူးဟု သူမက ပြောခဲ့သည် မဟုတ်လော။ ယခုမူ သူတို့ ဝင်လာသည်နှင့် အသင့်စောင့်နေသကဲ့သို့ ဖြစ်နေသည်။ တာအိုဥပဒေသများ ပါဝင်သော အစီအရင်တစ်ခုကို ကြိုတင်ပြင်ဆင်ထားခြင်း မရှိဘဲ ဤမျှ လျင်မြန်စွာ အသုံးမပြုနိုင်ပေ။ အားလုံးမှာ သံသယများဖြင့် စိတ်ဓာတ်များ စတင်ယိုင်နဲ့လာကြသည်။

​" ဟေး... ဟေး... ဟေး... "

​ထိုစဉ် တင်းမာနေသော လေထုနှင့် မလိုက်ဖက်သည့် အသံတစ်ခု ထွက်ပေါ်လာသည်။ အားလုံး လှည့်ကြည့်လိုက်သည့်အခါ ကျန့်ရှန်ရှူးသည် ပါးစပ်ထဲတွင် ချိုချဉ်ကို အေးအေးဆေးဆေး ငုံရင်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်နေသည်ကို တွေ့ရသည်။ သူ၏ လေသံမှာလည်း အလွန်ပင် တည်ငြိမ်လှသည်။

​" ထောင်ချောက်ဖြစ်တော့ ဘာဖြစ်လဲ "

​" ငါတို့ အဖွဲ့နှစ်ဖွဲ့လုံးကို ပိတ်မိအောင် လုပ်ဖို့ဆိုရင် သူတို့ဘက်က အင်အားခွဲရမှာပဲ။ မီးဂိုဏ်းနဲ့ ဂူချန်ကို ပေါင်းရင်တောင် အရှင်သခင် ခြောက်ယောက်ပဲ ရှိတာ။ သူတို့ ငါတို့ကို ဘယ်လို တားမှာလဲ "

​" ပြီးတော့ အပြင်ဘက်မှာလည်း ဝူယုံတို့ ရှိနေသေးတာပဲ "

​ကျန့်ရှန်ရှူးက သူ၏ ခြေထောက်ကို အသာအယာ နင်းလိုက်ရာ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်တွင် ရွှေရောင် အက်ကြောင်းများ ပေါ်ထွက်လာပြီး ထိုအထဲမှ တန်ခိုးကြီးသော ရတနာများမှာ တဖြည်းဖြည်း ထွက်ပေါ်လာသည်။

​သူက ခေါင်းကို စောင်းကာ ပြုံးလိုက်ပြီး...

" ငါတို့ ရောက်နေတာကို သိသွားပြီဆိုမှတော့ တည့်တည့်ပဲ ဝင်တိုက်လိုက်ကြတာပေါ့ "

​သူ့ထံမှ ထွက်ပေါ်လာသော အရှိန်အဝါကြောင့် အားလုံးမှာ အနည်းငယ် တုန်လှုပ်သွားကြသည်။ ထိုစဉ် ပတ်ဝန်းကျင်မှ စူးရှသော ရယ်သံများ ထွက်ပေါ်လာသည်။

​ဂိုဏ်းဝင် အမြောက်အမြားမှာ စိတ်လှုပ်ရှားစွာဖြင့် အစီအရင်၏ အစွန်းများသို့ တိုးကပ်လာကြပြီး သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် ထူးဆန်းသော သွေးရောင်အလင်းများ ပေါ်လာသည်။ ထိုနှင့်အတူ သူတို့၏ အရေပြားများမှာလည်း သိသိသာသာ အိုမင်းရင့်ရော်သွားပြီး အရေးအကြောင်းများ ထွက်ပေါ်လာသည်။ ဤသည်မှာ သူတို့၏ သက်တမ်းကို သွေးလမ်းစဉ်စွမ်းအားနှင့် အတင်းအဓမ္မ လဲလှယ်လိုက်ခြင်း ဖြစ်သည်။

​ဤသည်မှာ နတ်ဘုရားမီးတောက်ဂိုဏ်း၏ အထွတ်အထိပ် အစီအရင်ဖြစ်သည်။ ရန်သူကို ဖိနှိပ်ရုံသာမက သာမန်ဂိုဏ်းဝင်များကိုပင် သူတို့၏ အသက်ဖြင့် လဲလှယ်ကာ တာအိုစွမ်းအားများကို ရရှိစေနိုင်သည်။

" ​ဒုန်း ..ဒုန်း ..ဒုန်း.."

​သွေးရောင်သံကြိုးများမှာ ကျောက်တိုင်များမှ ထွက်ပေါ်လာပြီး ဂိုဏ်းဝင်များသည် ထိုသံကြိုးများကို စီး၍ အစီအရင် အလယ်ရှိ လူများထံသို့ ရယ်မောကာ ပြေးဝင်လာကြသည်။

​"ရှူး ..ရှူး ..ရှူး.."

​ရွှေရောင်အလင်းတန်းများမှာ ဟင်းလင်းပြင်တွင် လျှပ်စီးသဖွယ် လက်ခနဲ ဖြစ်သွားသည်။ ရတနာ ရာပေါင်းများစွာမှာ ဟင်းလင်းပြင်ကို ဖောက်ထွက်၍ ပြေးဝင်လာသော ဂိုဏ်းဝင်များထံသို့ ဦးတည်သွားတော့သည်။ ပြင်းထန်သော တာအိုစွမ်းအားများ ပေါက်ကွဲထွက်လာပြီး ဂိုဏ်းဝင်များ၏ သွေးရောင်စွမ်းအားများကို တစ်ခဏအတွင်း ချေမှုန်းပစ်လိုက်သည်။

​ရွှေရောင်အလင်းတန်းများမှာ ရပ်တန့်မသွားဘဲ ဂိုဏ်းဝင်များ၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားရာ သွေးများ၊ အသားစများနှင့် ကလီစာများမှာ လေထဲတွင် လွင့်စင်သွားတော့သည်။ တစ်ခဏအတွင်းမှာပင် ပထမအသုတ် ပြေးဝင်လာသော ဂိုဏ်းဝင်များအားလုံးမှာ တစ်စစီ ဖြစ်ကာ သေဆုံးသွားကြသည်။

​ဤအမှုကို ပြုလုပ်သူ ကျန့်ရှန်ရှူးမှာမူ ယခုအခါ စတော်ဘယ်ရီအရသာ ချိုချဉ်ကို ပြောင်းငုံကာ အေးဆေးစွာ ရပ်နေဆဲပင်။

​" ဥက္ကဋ္ဌကျန့်ရဲ့ ခွန်အားက တကယ်ကို အံ့ဩစရာပဲ.. "

​ကျန်ရှိသူများသည် ကျန့်ရှန်ရှူးက ရန်သူ ရာပေါင်းများစွာကို အလွယ်တကူ သတ်ဖြတ်လိုက်သည်ကို မြင်သောအခါ စိုးရိမ်မှုများ လျော့ကျသွားပြီး မိမိတို့၏ တာအိုစွမ်းအားများကို စတင် စုစည်းလိုက်ကြသည်။ သို့သော် အစီရင်စုအတွင်းသို့ ဝင်ရောက်လာသော နတ်ဘုရားမီးတောက်ဂိုဏ်းသားများမှာမူ မိမိတို့ အပေါင်းအသင်းများ သေဆုံးသွားသည်ကို ကြောက်ရွံ့ခြင်း မရှိပေ။ ထိုအစား သူတို့မှာ ပိုမို စိတ်လှုပ်ရှားကာ သွေးဆာနေကြပြီး သံကြိုးများကို စီး၍ ထပ်မံ ပြေးဝင်လာကြပြန်သည်။

​တိုက်ပွဲကြီးမှာ စတင်တော့မည် ဖြစ်သည်။ ပြင်းထန်လှသော သွေးအရှိန်အဝါများနှင့် မဟာမိတ်အဖွဲ့၏ ရောင်စုံ တာအိုစွမ်းအားများမှာ ရောယှက်နေပြီး နန်းတော်ကြီးတစ်ခုလုံးကို တုန်ခါနေစေသည်။

​ကျန့်ရှန်ရှူးမှလွဲ၍ ကျန်ရှိသူ ခြောက်ဦးမှာ အသေအလဲ တိုက်ခိုက်နေကြရသည်။ လက်ဖျားခါလောက်သော စွမ်းရည်ဖြင့် တိုက်ပွဲကို ထိန်းချုပ်ထားသည့် ကျန့်ရှန်ရှူးကို ကြည့်ကာ သူတို့အားလုံး အံ့ဩနေကြမိသည်။ အမြဲတမ်း ပေါ့ပေါ့ပါးပါး နေတတ်သော ကျန့်ရှန်ရှူးမှာ ဤမျှ ကြောက်စရာကောင်းသော ခွန်အားကို ပိုင်ဆိုင်ထားလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။

​ယခုမှပင် သူတို့ ကောင်းကောင်း နားလည်သွားတော့သည်။ အရှင်သခင်အဆင့်ခြင်း တူသော်လည်း ခွန်အားချင်းမှာ ကွာခြားချက် ကြီးမားလှပေသည်။

​" ဒီအတိုင်း ဆက်သွားနေလို့ မဖြစ်ဘူး။ အစီအရင်ကို အရင်ချိုးဖျက်ရမယ် "

လျောင်ချင်းဖုန်းက ရန်သူတစ်ဦးကို ရိုက်ထုတ်ရင်း အော်ပြောလိုက်သည်။

" ဒီအစီအရင်ရဲ့ အားနည်းချက်က အဲဒီ ကျောက်တိုင် ၃၆ တိုင်ပဲ။ အားလုံးပေါင်းပြီး အဲဒါတွေကို ဖျက်ဆီးကြရအောင် .."

​သို့သော် သူတို့အားလုံး ကျောက်တိုင်များကို တိုက်ခိုက်ရန် ပြင်လိုက်ချိန်တွင် အပြင်ဘက်မှ ဂိုဏ်းဝင်များမှာ လမ်းဘေးသို့ ဖယ်ပေးလိုက်ကြသည်။ ထို့နောက် မှောင်ရိပ်ထဲမှ လူရိပ်ငါးခုမှာ တဖြည်းဖြည်း ထွက်ပေါ်လာတော့သည်။

​လျောင်ချင်းဖုန်း၏ မျက်မှောင်များမှာ ကျုံ့သွားပြီး သူ၏ လှုပ်ရှားမှုများမှာ တောင့်တင်းသွားတော့သည်။ သူသည် မယုံနိုင်စွာဖြင့် အော်ဟစ်လိုက်သည်။

​" နတ်ဘုရားမီးတောက်ဂိုဏ်းရဲ့ အစောင့်အရှောက်ကြီးတွေလား "

​အခြားတစ်ဖက်တွင်မူ အမ်မာတားရက်စ် ဦးဆောင်သော အဖွဲ့မှာ မည်သည့် အစီအရင်နှင့်မျှ မတွေ့ကြုံရပေ။ ထိုအစား လူတစ်ယောက်နှင့် တွေ့ဆုံလိုက်ရသည်။

​အမ်မာတားရက်စ်နှင့် အဖွဲ့သည် သူတို့၏ လမ်းကို ပိတ်ဆို့ထားသော လူငယ်လေးကို မြင်လိုက်ရသည့်အခါ မယုံနိုင်စွာဖြင့် မေးလိုက်ကြသည်။

​" ဂူချန်... မင်းက ဒီမှာ ဘာလုပ်နေတာလဲ.. "

Chapter 216

~

အခန်း ၂၁၆ : ဂူချန်... ငါ့ကို သတ်တော့မလို့ပဲ

~

​" မင်းတို့ ဘာလုပ်နေကြတာလဲ.. "

​ဂူချန်သည် အနက်ရောင် ကျောက်သလင်းတုံးကြီးတစ်ခုပေါ်တွင် ရပ်နေရင်း အထက်စီးမှနေ၍ အားလုံးကို ငုံ့ကြည့်နေသည်။ သူက လက်တစ်ဖက်ဖြင့် အစွန်းရှစ်ဖက်နတ်မိစ္ဆာလှံပုဆိန်ကို ဆင့်ခေါ်လိုက်ပြီး ခပ်ပြုံးပြုံးမျက်နှာဖြင့် လူအုပ်ကို ကြည့်ကာ ပြောလိုက်သည်။

​" မင်းတို့အားလုံးကို သေလမ်းပို့ပေးဖို့ လာတာပေါ့ .."

​အမ်မာတားရက်စ်က ထိတ်လန့်သွားပြီး သူတို့၏ အကြံအစည် မည်သည့်နေရာတွင် ပေါက်ကြားသွားသည်ကို မသိသော်လည်း ဘာမှမသိသလိုပင် ဆက်လက် ဟန်ဆောင်နေဆဲ ဖြစ်သည်။

​" ဂူချန်... ငါတို့ အတူတူပူးပေါင်းပြီး နတ်ဘုရားမီးတောက်ဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းကြမယ်လို့ ကြိုတင်သဘောတူထားကြတယ်မဟုတ်လား.. "

​" အခု မင်းလုပ်နေတာက ဘာသဘောလဲ.. "

​သူမသည် စကားပြောနေရင်း တစ်ဖက်မှလည်း အခြားသူခြောက်ဦးနှင့် စိတ်ချင်းဆက်သွယ်ကာ တိုက်ခိုက်ရန် ပြင်ဆင်နေသည်။ တစ်ချိန်တည်းမှာပင် လျောင်ချင်းဖုန်းတို့အဖွဲ့ထံသို့လည်း သူမတို့ဘက်တွင် အခြေအနေတစ်ခု ပေါ်ပေါက်နေကြောင်း အရေးပေါ် အကြောင်းကြားလိုက်သည်။

​" တော်ပြီ... မင်းတို့နဲ့ စကားအရှည်ကြီး ပြောမနေချင်တော့ဘူး .."

​အားလုံး၏ စူးစိုက်ကြည့်နေမှုအောက်တွင် ဂူချန်က ခပ်ဖွဖွ ရယ်မောလိုက်သည်။ သူ၏ ပုံရိပ်သည် ရပ်နေသည့်နေရာမှ ချက်ချင်း ပျောက်ကွယ်သွားပြီး အလင်းတန်းတစ်ခုအသွင်ဖြင့် ပြင်းထန်သော အရှိန်နှင့်အတူ ပြေးဝင်လာတော့သည်။

​" မြန်မြန်... သူ့ကို တားကြစမ်း။ လွတ်မသွားစေနဲ့.. "

​အမ်မာတားရက်စ်၏ မျက်ဝန်းများ ကျုံ့သွားသည်။ သူမသည် ခန္ဓာကိုယ်အတွင်းရှိ တာအိုစွမ်းအားများကို ချက်ချင်း အသက်သွင်းလိုက်ရာ ဝါကျင်ကျင် သဲများမှာ ကောင်းကင်သို့ လွင့်တက်သွားပြီး သဲဖြင့်ပြုလုပ်ထားသော စစ်သည်တော်များမှာ ပြေးဝင်လာသည့် လူငယ်ထံသို့ တိုးဝင်သွားကြသည်။

​တစ်ဖက်လူက သူတို့၏ အကြံကို မည်သို့သိသွားသည်ကို အရေးမစိုက်နိုင်တော့ပေ။ တိုက်ပွဲကို တည့်တည့်ပဲ စတင်လိုက်ရုံသာ ရှိတော့သည်။

​ဖုန့်ကျိုဟွမ်၏ ပြောပြချက်အရဆိုလျှင် ပြီးခဲ့သည့်အကြိမ်က ဂူချန်သည် အရှင်သခင်အဆင့် ကိုးယောက်ကို သတ်နိုင်ခဲ့သည်မှာ သူတို့ ဒဏ်ရာရနေသည့်အချိန်တွင် ချောင်းမြောင်းတိုက်ခိုက်ခဲ့ခြင်းကြောင့်သာ ဖြစ်သည်။ ယခုမူ သူမတို့ ခုနစ်ဦးစလုံးမှာ အင်အားအပြည့်ရှိနေပြီး အသင့်ပြင်ထားကြသဖြင့် မူလကိုးယောက်ထက်ပင် ပိုမိုသန်မာပေသည်။

​ဤမျှအင်အားဖြင့်ဆိုလျှင် ကျန်ရှိသည့် အရှင်သခင် ၁၄ ယောက် ရောက်လာသည်အထိ ဆွဲထားနိုင်ရုံနှင့် ဂူချန်ကို သတ်ရန်မှာ လက်တစ်ဖက်ကို မှောက်လိုက် လှန်လိုက်သကဲ့သို့ လွယ်ကူပေလိမ့်မည်။

​ထိုစကားကို ကြားလျှင် ဗိုလ်ချုပ်ကြီး ဖုန်းပုကျိကလည်း မြေပြင်ကို ပြင်းထန်စွာ နင်းလိုက်ရာ သူ၏ခန္ဓာကိုယ်မှာ လေထဲသို့ မြောက်တက်သွားသည်။ သူက ပါးစပ်ကို ဟ၍ လေကို မှုတ်ထုတ်လိုက်ရာ ပြင်းထန်သော ဟာရီကိန်းမုန်တိုင်းတစ်ခု ချက်ချင်း ဖြစ်ပေါ်လာသည်။ ထိုမုန်တိုင်းသည် အမ်မာတားရက်စ် ဆင့်ခေါ်ထားသော သဲများနှင့် ပေါင်းစပ်သွားပြီး ကြောက်မက်ဖွယ် အရှိန်အဝါရှိသည့် သဲမုန်တိုင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

​ကျန်ရှိသူ ငါးဦးကလည်း တာအိုစွမ်းအားများကို ထိန်းချုပ်ကာ လူငယ်လေးအား ဘက်ပေါင်းစုံမှ ဝိုင်းဝန်းတိုက်ခိုက်ကြသည်။ စုစည်းထားသော တာအိုစွမ်းအားများမှာ သမုဒ္ဒရာကြီးတစ်ခုကဲ့သို့ပင်။ ထိုစွမ်းအားများအကြားရှိ အစအနလေးတစ်ခုပင်လျှင် ဟင်းလင်းပြင်ကို ဆုတ်ဖြဲရန် လုံလောက်ပေသည်။

​အနက်ရောင် ဝတ်စုံဝတ် လူငယ်လေးမှာမူ ထိုကဲ့သို့ ပြင်းထန်လှသော စွမ်းအားများနှင့် အရှိန်အဝါများအောက်တွင် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သေးငယ်အားနည်းနေပုံရပြီး တစ်ခဏအတွင်းမှာပင် ချေမှုန်းခံရတော့မည့်အတိုင်းပင်။

​" ဂူချန်... မင်းလို မောက်မာတဲ့ အရူး၊ အရှက်မရှိတဲ့ လူယုတ်မာ။ ဗိုလ်ချုပ်ကြီးရဲ့ သားဖြစ်နေပြီးတော့ မင်းရဲ့ ကိုယ်ကျိုးအတွက် မဟာမိတ်အဖွဲ့ရဲ့ အရှင်သခင်တွေကို သတ်ဖို့ ကြံစည်ရုံတင်မက သတ္တဝါအားလုံးရဲ့ ကံတရားကိုပါ လုယူဖို့ ကြိုးစားနေတာလား။ ဒါက လုံးဝ ခွင့်မလွှတ်နိုင်တဲ့ အပြစ်ပဲ .."

​အမ်မာတားရက်စ်၏ အိုမင်းနေသော မျက်နှာတွင် အေးစက်မှုများ ပြည့်နှက်နေပြီး သူမ၏ အသံမှာ သတ်ဖြတ်လိုစိတ်များဖြင့် ပြတ်သားနေသည်။

​" ဒီနေ့တော့ မဟာမိတ်အဖွဲ့ရဲ့ အနာဂတ်အတွက် ငါတို့ မင်းကို ဒီမှာပဲ အဆုံးစီရင်ရလိမ့်မယ် .."

​မည်သည့် တုံ့ပြန်မှုမှ ပြန်မလာခဲ့ပေ။ ထင်မှတ်ထားသလို သွေးများ စဉ်ထွက်သွားခြင်းလည်း မရှိခဲ့ပေ။

​အနက်ရောင် ဝတ်စုံဝတ် လူငယ်လေးမှာ ထူထပ်လှသော သဲစစ်သည်တော်များ၏ ပိတ်ဆို့မှုကို အလွယ်တကူ ကျော်ဖြတ်သွားသည်။ သူကိုင်ဆောင်ထားသော အနက်ရောင်အငွေ့အသက်များ ဝန်းရံနေသည့် နတ်မိစ္ဆာလှံကို အသာအယာ ဝေ့ယမ်းလိုက်ရုံမျှဖြင့် ထောင်ပေါင်းများစွာသော သဲစစ်သည်တော်များမှာ ပျက်စီးသွားကြသည်။

​ထို့နောက် သူက လက်ကို ဝေ့လိုက်ရာ တာအိုစွမ်းအားများ ပါဝင်သည့် မုန်တိုင်းကြီးမှာ ချက်ချင်းပင် ပေါက်ကွဲသွားတော့သည်။

​နတ်မိစ္ဆာလှံပေါ်ရှိ မိစ္ဆာအမှတ်အသားခြောက်ခုစလုံး တစ်ပြိုင်နက် လင်းထိန်သွားသည်။ မိစ္ဆာခန္ဓာ နည်းစနစ်ကို အသက်သွင်းလိုက်ရာ အခြားသူငါးဦး၏ တာအိုဥပဒေသ တိုက်ခိုက်မှုများမှာ ချက်ချင်းပင် ပျက်ပြယ်သွားတော့သည်။

​သူ့ကို ထိမှန်သွားသော ပြင်းထန်သည့် တိုက်ကွက်များမှာ ငှက်မွှေးလေးများ လွင့်ကျလာသကဲ့သို့ပင် ထိခိုက်မှု မရှိပေ။

​ပြင်းထန်သော လေတိုက်သံများသာ ကျန်ရှိတော့ပြီး လူငယ်လေး၏ အနက်ရောင် ဝတ်ရုံမှာ တဖျတ်ဖျတ် မြည်နေတော့သည်။ သူ၏ အရှိန်မှာ အနည်းငယ်မျှ လျော့ကျမသွားဘဲ တစ်ချက် ခုန်လိုက်သည်နှင့် မူလနေရာမှ ပျောက်ကွယ်သွားပြန်သည်။

​နောက်တစ်စက္ကန့်တွင် သူသည် အမ်မာတားရက်စ်၏ ရှေ့တည့်တည့်တွင် ရုတ်တရက် ပေါ်လာတော့သည်။

​" ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. "

​အမ်မာတားရက်စ်၏ အရေးအကြောင်းများ ပြည့်နေသော မျက်နှာမှာ ချက်ချင်း ပျက်သွားပြီး သူမက ထိတ်လန့်တကြား အော်လိုက်သည်။

" မင်း... "

​စကားမဆုံးမီမှာပင် လေထဲတွင် အေးစက်သော အနက်ရောင် အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်။ လေးလံလှသော နတ်မိစ္ဆာလှံသည် သူမ၏ ဦးခေါင်းကို ဦးတည်၍ ဝှေ့ယမ်းလာသည်။

​ရွှပ်...

​အမ္မာတားရက်စ်၏ ခန္ဓာကိုယ်မှာ ချက်ချင်း ပေါက်ကွဲထွက်သွားသော်လည်း နောက်တစ်ခဏတွင် သူမသည် သဲများအဖြစ် ပြောင်းလဲကာ မြေပြင်ပေါ်သို့ ပြန့်ကျဲသွားသည်။

​ထိုအချိန်တွင် မီတာ ရာဂဏန်းခန့် အကွာအဝေးတွင် သဲစစ်သည်တော် တစ်ဦးမှာ ထူးဆန်းစွာ လှုပ်ရှားလာပြီး အမ်မာတားရက်စ်၏ ပုံစံသို့ ပြန်လည် ပြောင်းလဲသွားတော့သည်။

​သူမသည် အသက်ကို ပြင်းပြင်းရှူနေရပြီး သေဘေးမှ လွတ်မြောက်လာသည့် ထိတ်လန့်မှုကြောင့် မျက်နှာမှာ ဖြူလျော့နေကာ အသံများမှာလည်း တုန်ရီနေသည်။

​" ဂူချန်... မင်း ငါ့ကို သတ်တော့မလို့ပဲ.. "

​တစ်ဖက်လူ၏ ခွန်အားမှာ သူမနှင့် ဗိုလ်ချုပ်ကြီး ဖုန်းပုကျိတို့၏ ပူးပေါင်းတိုက်ကွက်ကိုပင် အလွယ်တကူ ချိုးဖျက်နိုင်လိမ့်မည်ဟု သူမ လုံးဝ မထင်ထားခဲ့ပေ။ အခြားသူ ငါးဦး၏ တိုက်ခိုက်မှုများကို လျစ်လျူရှုနိုင်သည့် မည်သို့သော တာအိုနည်းစနစ်မျိုးကို သူ ကျင့်ကြံထားသနည်း ဆိုသည်ကိုလည်း သူမ မသိပေ။

​ထို့အပြင် သူ၏ အရှိန်မှာလည်း အလွန်ပင် လျင်မြန်လှသည်။ သူမ၏ တာအိုနည်းစနစ်တွင် အစွမ်းထက်လှသော အသက်ကယ်စွမ်းရည် မပါဝင်ခဲ့ပါက ပထမဆုံး ထိပ်တိုက်ရင်ဆိုင်မှုမှာပင် သူမ အသတ်ခံရနိုင်ပေသည်။

ဖုန့်ကျိုဟွမ် ပြောခဲ့သည့်အတိုင်း သူသည် တစ်ယောက်တည်းနှင့် မဟာမိတ်အဖွဲ့၏ အရှင်သခင် ကိုးယောက်ကို သတ်နိုင်ခဲ့သည်မှာ အံ့သြစရာ မရှိတော့ပေ။ သူသည် တကယ်ကို ကြောက်စရာကောင်းလှသည်။

​ထိုသို့ အချိန်ပိုင်းအတွင်းမှာပင် ဗိုလ်ချုပ်ကြီး ဖုန်းပုကျိက ဒေါသတကြီးဖြင့် ဟာရီကိန်းမုန်တိုင်းကို ထပ်မံ ဖန်တီးလိုက်ရာ ဂူချန်ကို အရပ်မျက်နှာ ကိုးခုမှ ဝန်းရံထားသည့် ကြီးမားသော မုန်တိုင်း ကိုးခု ဖြစ်ပေါ်လာသည်။

​ကျန်ရှိသူ ငါးဦးကလည်း သူတို့၏ အစွမ်းထက် တိုက်ကွက်များကို တစ်ခုပြီးတစ်ခု ထုတ်သုံးကာ ဒုတိယအကြိမ် ထိုးစစ်ကို ဆင်နွှဲကြပြန်သည်။

​" မိုးကြိုးအရှိန်အဝါ .."

" လီဟော့ နဂါးပျံ အကာအကွယ်.. "

" လရောင်... သူ့ကို ချေမှုန်းစမ်း .."

" အတ္တလန်တစ် ဓားစွမ်းအင် .."

​ငါးယောက်စလုံးက တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။ ကြောက်မက်ဖွယ် တာအိုစွမ်းအားများမှာ ဒီရေလို ထွက်ပေါ်လာပြီး လူငယ်လေးအား သာမန်မျက်စိဖြင့် မမြင်နိုင်သော အရှိန်ဖြင့် ဝန်းရံလိုက်ကြပြန်သည်။

​ဤတစ်ကြိမ်တွင် သူတို့၏ ရည်ရွယ်ချက်မှာ အပြတ်သတ်ရန် မဟုတ်ဘဲ သူ့ကို ပိတ်မိထားရန်သာ ဖြစ်သည်။ သူတို့၏ တိုက်ပွဲ အတွေ့အကြုံအရ တစ်ဖက်လူသည် သာမန် တာအိုဥပဒေသ တိုက်ခိုက်မှုများကို လျစ်လျူရှုနိုင်သည်ကို သိရှိသွားကြသဖြင့် လျောင်ချင်းဖုန်းတို့ ရောက်လာသည်အထိ သူ့ကို ဆွဲထားရန် ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်သည်။

​လူ ၁၄ ယောက်နှင့် တစ်ယောက် ဝိုင်းတိုက်လျှင်တောင် သူ့ကို မသတ်နိုင်ဘူးဆိုတာကို သူတို့ လုံးဝ မယုံကြည်နိုင်ပေ။

​မုန်တိုင်းကဲ့သို့ ပြင်းထန်သော ထိုးစစ်များမှာ ဂူချန်ထံသို့ ရောက်ရှိလာသော်လည်း သူက အနည်းငယ်မျှ စိုးရိမ်ပုံမရပေ။ သူ၏ မျက်လုံးများမှာ အဝေးမှ အမ်မာတားရက်စ်ထံသို့သာ စိုက်ကြည့်နေပြီး သတ်ဖြတ်လိုစိတ်များကိုလည်း ဖုံးကွယ်ထားခြင်း မရှိပေ။

​အားလုံး၏ ထိတ်လန့်တကြား ကြည့်နေမှုအောက်တွင် ဂူချန်၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ဝေဝါးသွားပြီး အခြားသော ဟင်းလင်းပြင်တစ်ခုအတွင်းသို့ ဝင်ရောက်သွားသကဲ့သို့ တစ်ခါတစ်ရံ ကြည်လင်လိုက် တစ်ခါတစ်ရံ ဝေဝါးလိုက် ဖြစ်နေသည်။

​မရေမတွက်နိုင်သော တာအိုစွမ်းအားများမှာ သူ၏ ခန္ဓာကိုယ်ထံသို့ တိုးဝင်သွားကြသော်လည်း ဘာမှမရှိသည့်အတိုင်း ဖြတ်သန်းသွားကာ သူ၏ နောက်ကွယ်တွင်သာ ကြီးမားသော ကျင်းကြီးတစ်ခု ဖြစ်ပေါ်သွားတော့သည်။

​ကံကောင်းသည်ဟု ထင်မှတ်နေသော အမ်မာတားရက်စ်မှာ ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူမ၏ မျက်နှာတွင် ထိတ်လန့်မှုများ ပြန်လည် ပေါ်ပေါက်လာပြန်သည်။

​" ဒါ ဘာနည်းစနစ်လဲ .."

​ဂူချန်၏ အကြည့်ကို ခံစားလိုက်ရသည့်အခါ သူမ၏ ခန္ဓာကိုယ်မှာ တုန်ရီလာတော့သည်။ သူမသည် လက်ကို အမြန်မြှောက်ကာ တာအိုစွမ်းအားများကို ထပ်မံ အသက်သွင်းပြီး သဲစစ်သည်တော် ထောင်ပေါင်းများစွာကို အလျင်အမြန် ဖန်တီးလိုက်သည်။

​သဲစစ်သည်တော်များ များပြားနေသရွေ့ တစ်ဖက်လူက သူမကို သတ်နိုင်မည် မဟုတ်ဘဲ အချိန်ဆွဲထားနိုင်လိမ့်မည်ဟု သူမ ယူဆထားသည်။ အရှင်သခင်အဆင့်သို့ ရောက်ရှိပြီးကတည်းက သူမသည် သားရဲအရှင်သခင်များ၏ ဝိုင်းရံမှုကိုပင် ဤနည်းစနစ်ဖြင့် အကြိမ်ကြိမ် လွတ်မြောက်ခဲ့ဖူးသည်။

​'ဂူချန် တစ်ယောက်တည်းကတော့ ငါ့ကို သတ်နိုင်မှာ မဟုတ်ဘူး..'

"​ဘုန်း.."

​သူမက လက်ကွက်များ ဖော်ဆောင်ကာ သဲစစ်သည်တော်များကို ဖန်တီးနေစဉ်မှာပင် သူမ၏ ရှေ့ရှိ ဟင်းလင်းပြင်မှာ ရုတ်တရက် ဆုတ်ဖြဲခံလိုက်ရသည်။ ပြင်းထန်သော မိစ္ဆာအရှိန်အဝါများ ထွက်ပေါ်နေသည့် လှံ တစ်လက်မှာ ဟင်းလင်းပြင်အတွင်းမှ ထိုးထွက်လာပြီး သူမ၏ ရင်ဘတ်ဆီသို့ ပြင်းထန်စွာ တိုးဝင်လာတော့သည်။

​[နတ်ဘုရားစွမ်းရည် - လိုက်လံသတ်ဖြတ်ခြင်း..]

All Chapters