← Chapters

အခန်း (၂၁၇-၂၁၈)

Vol. 21 Ch. 217-218

အခန်း (၂၁၇-၂၁၈)

Vol. 21 Ch. 217-218

Chapter 217

~

အခန်း ၂၁၇ : အပြတ်အသတ် အောင်ပွဲနှင့် ပထမဧကရာဇ်ခေါင်းလောင်း

~

"​ဘုန်း .."

​အစွန်းရှစ်ဖက် နတ်မိစ္ဆာလှံပုဆိန်၏ တိုက်ခိုက်မှုမှာ လျင်မြန်လွန်းလှရုံမက မမျှော်လင့်ထားသော အချိန်တွင် ကျရောက်လာခြင်း ဖြစ်သည် ။

​အမ်မာတားရက်စ် တစ်ယောက် တုံ့ပြန်ရန် အချိန်မရခင်မှာပင် သူမ၏ ရင်ညွန့်မှာ ထိုကြီးမားလှသော လှံသွားဖြင့် တည့်တည့်မတ်မတ် အထိုးခံလိုက်ရသည် ။ ထို့နောက် စွပ် ကနဲ အသံနှင့်အတူ သူမ၏ သန်မာလှသော အရှင်သခင် ခန္ဓာကိုယ်မှာ စုတ်ပြဲသွားရတော့သည် ။ လှံသွားသည် ရင်ဘတ်မှနေ၍ အထက်သို့ ပင့်တင်ခွဲလိုက်ရာ သူမ၏ ဦးခေါင်းမှာ ချက်ချင်းပင် နှစ်ခြမ်းကွဲသွားပြီး လတ်ဆတ်သော ကိုယ်တွင်းအင်္ဂါများမှာ လွင့်ထွက်လာသည် ။

​သို့သော်လည်း နောက်တစ်စက္ကန့်တွင်မူ...

​စုတ်ပြတ်သတ်သွားသော အမ်မာတားရက်စ်၏ ခန္ဓာကိုယ်နှင့် ဖိတ်စင်သွားသော သွေးစက်များသည် ချက်ချင်းပင် ဝါကျင့်ကျင့်သဲများအဖြစ် ပြောင်းလဲသွားပြီး လေထဲတွင် လွင့်ပျံ့သွားတော့သည် ။ သူမသည် အခြားသော သဲစစ်သည်တစ်ဦး၏ ခန္ဓာကိုယ်မှတစ်ဆင့် တစ်ဖန် ပြန်လည်နိုးထလာပြန်သည် ။

​" ဟူး.. "

​အမ်မာတားရက်စ်သည် ပြင်းထန်စွာ အသက်ရှူနေရသော်လည်း ယခုတစ်ကြိမ်တွင်မူ သူမ၏ မျက်နှာ၌ ကြောက်ရွံ့မှုများ မရှိတော့ချေ ။ ထိုအစား သူမ၏ ဝှက်ဖဲကို ယုံကြည်မှုရှိစွာဖြင့် လှောင်ပြုံးပြုံးရင်း အော်လိုက်သည် ။

​" ဂူချန်... ငါ့ရဲ့ မဟာတာအိုလမ်းစဉ်နိယာမအရ ပတ်ဝန်းကျင်မှာ သဲတွေရှိနေသရွေ့ ငါ့ကို ဘယ်သူမှ သတ်လို့မရဘူး ။ မင်းက ငါ့ကိုသတ်ဖို့အတွက် ဆိုရင်အများကြီး ကြိုးစားရအုံးမယ်.. "

​သူမ၏ လမ်းစဉ်စွမ်းအားသည် သဲများကို ဟင်းလင်းပြင်မှပင် ဖန်တီးနိုင်စွမ်းရှိရုံသာမက ၊ နတ်ဘုရားမီးတောက်ဂိုဏ်း၏ ဌာနချုပ်သည်လည်း သဲကန္တာရအလယ်တွင် တည်ရှိနေခြင်းဖြစ်ရာ သူမအတွက် အကန့်အသတ်မရှိသော အရင်းအမြစ်များကို ရရှိနေသကဲ့သို့ ဖြစ်နေသည် ။ ထို့ကြောင့် သူမသည် အမှန်တကယ်ပင် သေရန် ခဲယဉ်းလှသော အခြေအနေ၌ ရှိနေသည် ။

​စောစောက ရန်သူ၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်ခဲ့သော ကြောက်ရွံ့မှုများသည် ယခုအခါ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည် ။ သူမအနေဖြင့် ဂူချန်နှင့် တိုက်ရိုက်ရင်ဆိုင်ရာတွင် တစ်ကွက်မျှပင် မခံနိုင်သော်လည်း သူသည် သူမကို သတ်နိုင်လိမ့်မည် မဟုတ်ချေ ။

​ဖုန်းပုကျိ နှင့် တခြားသူများသည်လည်း ထိုအခြေအနေကို ကြည့်ကာ ဝမ်းသာအားရ ဖြစ်သွားကြသည် ။ ဤအတိုင်းဆိုလျှင် ဥက္ကဋ္ဌ လျောင် နှင့် တခြားသူများ ရောက်လာသည်အထိ ဆွဲထားရန်မှာ ဖြစ်နိုင်ခြေ ရှိနေသည် ။ အထွတ်အထိပ်ပညာရှင် ၁၄ ဦး စုံစည်းမိသွားလျှင် ဤမိစ္ဆာကို သေချာပေါက် သုတ်သင်နိုင်မည်ဟု သူတို့ ယုံကြည်နေကြသည် ။

​" ဟက်... "

​ထိုအခြေအနေကို ရင်ဆိုင်နေရသော်လည်း ဂူချန်သည် ခပ်ဖျော့ဖျော့သာ ပြုံးလိုက်သည် ။ သူ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသော အစွန်းရှစ်ဖက် နတ်မိစ္ဆာလှံရှည်မှနေ၍ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများ တစ်ဖန် ပြန်လည်ပေါက်ကွဲလာပြီး လှံပေါ်ရှိ မိစ္ဆာအမှတ်အသားများမှာ တစ်ခုပြီးတစ်ခု လင်းထိန်လာသည် ။

​အမှန်အတိုင်း ပြောရလျှင် ရန်သူသည် သူ၏ နတ်ဘုရားစွမ်းရည်ဖြစ်သော လိုက်လံခြင်းကိုပင် ရှောင်တိမ်းနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ ။ လိုက်လံခြင်းစွမ်းရည်သည် နောက်ဆက်တွဲ ထိခိုက်မှု မပေးနိုင်တော့ခြင်းမှာ လှံသွားသည် သူမ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည့် အခိုက်အတန့်တွင် သူမသည် ရုပ်ပိုင်းဆိုင်ရာ အစစ်အမှန်ဖြစ်နေခဲ့သောကြောင့်ပင် ။ သို့သော်လည်း သူမသည် နှလုံးကို အထိုးခံရသည့်တိုင် သူမ၏ လမ်းစဉ်နိယာမကို အသုံးပြုကာ တစ်မျိုးတစ်ဖုံ ပြန်လည်မွေးဖွားလာနိုင်ခြင်း ဖြစ်သည် ။

​မဟာမိတ်အဖွဲ့၏ ဥက္ကဋ္ဌ လေးဦးထဲမှ တစ်ဦးဖြစ်သည့်အတိုင်း သူမ၏ စွမ်းအားမှာ အမှန်ပင် လျှော့တွက်၍ မရပေ ။ ဤကဲ့သို့ ကောင်းကင်ဘုံကို ဆန့်ကျင်သော အသက်ကယ်စွမ်းရည်မျိုး ရှိနေသဖြင့် သူမသည် ကန္တာရဝဲဂယက်အတွင်းသို့ မဝင်ခင်ကပင် ပြင်ပ၌ သဲစစ်သည်များကို ဖန်တီးထားခဲ့ခြင်း ဖြစ်နိုင်သည် ။ သူမ၏ အခြေစိုက်စခန်း၌ပင် သဲစစ်သည်များကို ထားခဲ့နိုင်သေးသည် ။ ထို့ကြောင့် ဤနေရာရှိ သဲစစ်သည်အားလုံးကို ဖျက်ဆီးပစ်လျှင်ပင် သူမကို အပြီးသတ် သတ်နိုင်ရန်မှာ မသေချာချေ ။

​သို့သော်လည်း ဤအမျိုးသမီးကို လောလောဆယ် မကိုင်တွယ်နိုင်သေးခြင်းမှာ အခြားသူများကို မကိုင်တွယ်နိုင်ဟု မဆိုလိုပေ ။ ဂူချန်သည် ခေါင်းကို အနည်းငယ် မော့လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်များသည် ဖုန်းပုကျိနှင့် တခြားသူများအပေါ်သို့ ချက်ချင်း ဖုံးလွှမ်းသွားတော့သည် ။

​နောက်တစ်ခဏတွင်... ထိတ်လန့်တုန်လှုပ်နေသော လူအားလုံး၏ မျက်စိရှေ့မှောက်၌...

​ဂူချန်၏ ပုံရိပ်သည် ပြင်းထန်လှသော မုန်တိုင်းရေစီးကြောင်းကို အလွယ်တကူပင် ထိုးဖောက်ဖြတ်ကျော်သွားပြီး​ ပြိုက်ဘက်ကင်း အရှိန်အဝါဖြင့် ဖုန်းပုကျိ၏ ရှေ့မှောက်သို့ ရောက်ရှိလာသည် ။ သူ၏ ပြင်းထန်လှသော စွမ်းအားများသည် ထိုသူ၏ ပတ်ဝန်းကျင်၌ရှိသော လေလမ်းစဉ်နိယာမ ကို ချက်ချင်း ရိုက်ခွဲပစ်လိုက်ပြီး ကလေးကစားစရာတစ်ခုကဲ့သို့ပင် သူ၏ ကာကွယ်ရေး စစ်မှန်သောချီစွမ်းအင် များကို တိုက်ရိုက် ချေမှုန်းပစ်လိုက်သည် ။

​ဖုန်းပုကျိ၏ မျက်ဝန်းများမှာ ကျဉ်းမြောင်းသွားပြီး သူ၏ စိတ်ထဲ၌ အန္တရာယ်အချက်ပေးသံများ မြည်ဟီးလာသည် ။ သူသည် လောက၏ လေများကို ထိန်းချုပ်ရန် လက်များကို လှုပ်ရှားလိုက်ရာ လေဆင်နှာမောင်းတစ်ခု ချက်ချင်း ပေါ်ထွက်လာသော်လည်း ဂူချန်၏ သွယ်လျသော လက်ဝါးတစ်ချက်ဖြင့်ပင် အစိပ်စိပ်အမွှာမွှာ ဖြစ်သွားသည် ။

​သူ၏ တာအိုခန္ဓာ စွမ်းအားများ စုစည်း၍ မပြီးခင်မှာပင် ထိုလက်ဝါးသည် မိုးကြိုးအလား ပြင်းထန်သော အရှိန်ဖြင့် ရောက်ရှိလာပြီး သူ၏ ခန့်ညားသော မျက်နှာပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်လာသည် ။ ဂူချန်၏ လက်ချောင်းငါးချောင်းမှာ သူ၏ အရေပြားနှင့် အသားစိုင်များအတွင်းသို့ အကြောနှင့် အရိုးများကို ချေမှုန်းတော့မည့်အလား နက်ရှိုင်းစွာ နစ်ဝင်သွားသည် ။

​" အားးးးးးးးးး "

​ဖုန်းပုကျိသည် နာကျင်စွာ အော်ဟစ်တော့သည် ။ သူ၏ မျက်နှာပေါ်သို့ ကျရောက်နေသော ကြီးမားလှသော ဖိအားများကို ခံစားရသဖြင့် သူသည် အနားရှိ အပေါင်းအဖော်များကို အမြန် အကူအညီတောင်းလိုက်သည် ။

​" ငါ့ကို ကယ်ကြပါဦး ..."

​ထိုစကားလုံးများ ပါးစပ်မှ ထွက်လာရုံသာ ရှိသေးသည် ။

​ဂူချန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး မည်သို့မျှ တွန့်ဆုတ်မနေဘဲ ထိုသူကို မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဆောင့်ချပစ်လိုက်သည် ။

​"ဘုန်း .."

​သွေးရောင်ပုံဆောင်ခဲများဖြင့် ပြုလုပ်ထားသော မြေပြင်ပေါ်၌ အဆုံးမရှိသော ကျင်းကြီးတစ်ခု ချက်ချင်း ပေါ်ပေါက်သွားသည် ။ သွေးစက်များနှင့် အော်ဟစ်သံများသည် ဟာလာဟင်းလင်းဖြစ်နေသော အနက်ရောင်နန်းတော်အတွင်း၌ ပဲ့တင်ထပ်သွားရာ လူတစ်ယောက်၏ ဦးရေပြားများ ထုံကျင်သွားစေပြီး ကျောရိုးထဲအထိ အေးစိမ့်သွားစေသည် ။

​ပုံဆောင်ခဲအစိပ်စိပ်အမွှာမွှာများ လွင့်စင်လာပြီး ကြောက်မက်ဖွယ်ကောင်းလှသော သွေးနှင့်အသားများမှာ ပျံ့နှံ့သွားတော့သည် ။ အတွင်းဘက်ရှိ မြင်ကွင်းမှာ ကြည့်ရက်စရာပင် မရှိတော့ချေ ။ အသက်ကယ်စွမ်းရည် မရှိသော ဖုန်းပုကျိမှာ ဂူချန်၏ ချေမှုန်းမှုအောက်တွင် ချက်ချင်းပင် ခန္ဓာကိုယ်ပျက်စီးကာ သေဆုံးသွားရရှာသည် ။

​[ အိမ်ရှင်သည် လူသားမျိုးနွယ် ၏ အရှင်သခင်အဆင့်ပညာရှင် ဖုန်းပုကျိအား သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ပြန်လည်ပုံဖော်ရန် ပထမအဆင့်တွင် အပြည့်အဝ ကူညီပေးခဲ့သည်ဟု စနစ်က တွေ့ရှိရပါသည် ။ စေတနာရမှတ် + ၆,၅၀၀ ]

​မိမိတို့အဖွဲ့၏ ဒုတိယမြောက် အသန်မာဆုံးလူသည် မျက်စိရှေ့တင် သေဆုံးသွားသည်ကို မြင်လိုက်ရသည့်အခါ ကျန်ရှိနေသော မဟာမိတ်အဖွဲ့ဝင် ငါးဦးမှာ ထိတ်လန့်တုန်လှုပ်ပြီး နှလုံးရပ်မတတ် ခံစားလိုက်ရသည် ။ အရှင်သခင် နောက်ဆုံးအဆင့် ပညာရှင်တစ်ဦးမှာ ဤကဲ့သို့ လက်ဝါးတစ်ချက်တည်းနှင့် အရိုက်သတ်ခံလိုက်ရသည်လော ။ ဤသည်မှာ မည်သည့် သံသယမျှ မရှိသော ပြတ်ပြတ်သားသား ရှုံးနိမ့်မှုပင် ဖြစ်သည် ။

​အကယ်၍ အမ်မာတားရက်စ်တွင်သာ ထူးခြားသော လမ်းစဉ်ခန္ဓာ မရှိခဲ့ပါက သူမသည်လည်း ပထမတစ်ကွက်တည်းနှင့်ပင် အသတ်ခံရမည်မှာ သေချာလှသည် ။ သူတို့၏ ကိုယ်ပိုင်အစွမ်းမှာ ဖုန်းပုကျိကိုပင် မမီကြရာ ၊ ဤတိုက်ခိုက်မှုကို မည်သို့မျှ တားဆီးနိုင်မည် မဟုတ်ချေ ။

​ထိုငါးဦးစလုံးသည် ခုခံလိုစိတ်များ လုံးဝ ပျောက်ကွယ်သွားကြသည် ။ တစ်ကိုယ်လုံး တုန်ယင်နေကြပြီး စိတ်ထဲတွင် ဘာမှမရှိတော့ဘဲ ၊ သူတို့၏ စစ်မှန်သောစွမ်းအင်များကို အကုန်ထုတ်ကာ စွန့်ခွာပြီး ထွက်ပြေးရန်သာ ပြင်ဆင်ကြတော့သည် ။ ဂူချန်ကို ပိတ်ဆို့သတ်ဖြတ်ရန် အစီအစဉ်မှာ ဘေးချိတ်ထားလိုက်ရလေပြီ။ အသက်ရှင်ရန်သာ အရေးကြီးတော့သည် ။

​"နောက် မဆုတ်ကြနဲ့ .. "

​သူတို့၏ လှုပ်ရှားမှုများကို မြင်လိုက်ရသောအခါ အမ်မာတားရက်စ်သည် စိုးရိမ်တကြီး အော်ဟစ်လိုက်သည် ။ အကယ်၍ ဂူချန်သာ ဤနေရာမှ ထွက်သွားချင်လျှင် သူမတစ်ဦးတည်းအနေဖြင့် တားနိုင်မည် မဟုတ်ချေ ။ ထိုသို့ဆိုလျှင် သူတို့ ယခင်က လုပ်ဆောင်ခဲ့သမျှ အရာအားလုံး အလဟဿ ဖြစ်သွားပေလိမည် ။ ထို့အပြင် ပူးပေါင်းဆောင်ရွက်မှု ပျက်စီးသွားသည်နှင့် သူတို့သည် ဂူချန်၏ တိုက်ခိုက်မှုကို ပို၍ပင် မခုခံနိုင်တော့ဘဲ ပိုမိုလျင်မြန်စွာ သေဆုံးကြရပေလိမည် ။

​သို့သော် ထိုငါးဦး၏ မျက်နှာပေါ်တွင်မူ ဖုံးကွယ်၍မရသော ထိတ်လန့်မှုများ ရှိနေပြီး သူတို့၌ ဆက်လက်တိုက်ခိုက်ရန် ဆန္ဒမရှိကြတော့ချေ ။ သူမ၌ အသက်ရှင်ရန် နည်းလမ်းရှိသော်လည်း သူတို့၌ မရှိ။ ဖုန်းပုကျိကဲ့သို့ အသားစိုင်များအဖြစ် အချေမှုန်းခံရန် ဤနေရာတွင် ဆက်နေကြရမည်လော ။

​ဤအချိန်တွင် အမ်မာတားရက်စ်သည်လည်း အလွန်ပင် စိုးရိမ်နေပြီး ဘာကိုမျှ စဉ်းစားမနေတော့ချေ ။ သူမသည် လက်ကို ဝှေ့ယမ်းလိုက်ရာ အလင်းတစ်ချက်နှင့်အတူ ကြီးမားလှသော ရှေးဟောင်းခေါင်းလောင်းကြီးတစ်ခု ထွက်ပေါ်လာပြီး ဟင်းလင်းပြင်၌ တည်ငြိမ်စွာ ချိတ်ဆွဲလျက် ရှိနေသည် ။

​ထိုရှေးဟောင်းခေါင်းလောင်းကြီး ပေါ်လာသည်နှင့် တစ်ပြိုင်နက် ခံ့ညားထည်ဝါသော ခေါင်းလောင်းသံကြီးမှာ လောကတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားပြီး ထိတ်လန့်နေသော လူငါးဦး၏ စိတ်ဓာတ်ကို ချက်ချင်းပင် တည်ငြိမ်သွားစေသည် ။ တစ်ချိန်တည်းမှာပင် ပြင်းထန်လှသော အသံလှိုင်းကြီးများမှာ ထွက်ပေါ်လာရာ ၊ မထင်မှတ်ဘဲ ဂူချန်၏ ရှေ့သို့ တိုးဝင်နေသော ပုံရိပ်မှာလည်း ထိုအရှိန်ကြောင့် နောက်သို့ ပြန်လည် လွင့်ထွက်သွားရသည် ။

​ဧကရာဇ်လက်နက် —ပထမ ဧကရာဇ်ခေါင်းလောင်း

​၎င်း၏ မြင့်မြတ်သောအရှိန်အဝါသည် စစ်သည်တို့၏ စိတ်ဓာတ်ကို တည်ငြိမ်စေပြီး ၊ ၎င်း၏ အသံသည် အရာအားလုံးကို ချေမှုန်းနိုင်စွမ်းရှိသည် ။

​အမ်မာတားရက်စ်သည် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများကို ပထမ ဧကရာဇ်ခေါင်းလောင်းအတွင်းသို့ အတင်းအကျပ် သွန်းလောင်းလိုက်သည် ။ အသံလှိုင်းများမှာ ပိုမိုထူထပ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည် ။ ဖုန်းပုကျိသာ မြန်မြန်ဆန်ဆန် သေဆုံးမသွားဘဲ စစ်သည်တို့၏ စိတ်ဓာတ်သာ ပျက်စီးမသွားခဲ့ပါက သူမသည် ဤခေါင်းလောင်းကို ဝှက်ဖဲအဖြစ်သာ ထားရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည် ။ သို့သော်လည်း ဤဂူချန်မှာ ထင်ထားသည်ထက် ပိုမိုသန်မာနေသည် မဟုတ်ပါလော ။

​" သွားကြ .. မြန်မြန် .. သူ့ကို အချိန်ဆွဲထားကြစမ်း .. "

​အမ်မာတားရက်စ်သည် ခေါင်းလောင်းကို အစွမ်းကုန် တွန်းအားပေးရင်း ၊ ထိတ်လန့်နေသော လူငါးဦးကို အော်ဟစ်ညွှန်ကြားလိုက်သည် ။ ထို့နောက် သူမ၏ ဆက်သွယ်ရေး တာအိုလက်နက်ကို ကြည့်လိုက်သည် ။ လျောင်ချင်းဖုန်းနှင့် တခြားသူများဆီမှ မည်သည့်တုံ့ပြန်မှုမျှ မရသေးသည်ကို မြင်ရသောအခါ သူမသည် စိတ်ထဲမှ ကျိန်ဆဲမိတော့သည် ။

​' လျောင်ချင်းဖုန်း တစ်ယောက် တစ်ခုခုများ ဖြစ်နေပြီလား ..'

​နတ်ဘုရားမီးတောက်ဂိုဏ်းမှ အစောင့်အရှောက် ငါးဦးစလုံး ယခုအချိန်အထိ ပေါ်မလာသေးသည်ကို စဉ်းစားမိသောအခါ အမ်မာတားရက်စ်သည် ရုတ်တရက် ထိတ်လန့်သွားသည် ။ ထိုသို့ ဖြစ်နိုင်ခြေ ရှိနေသည် မဟုတ်ပါလော ။ မဟုတ်လျှင် သူမဆီသို့ ဘာကြောင့် သတင်းမရောက်လာသနည်း ။ သူမ၏ ဆက်သွယ်ရေးလက်နက်မှာ မိုင်ပေါင်းထောင်ချီ ဝေးနေပါစေ ၊ အစီအရင်များ ပိတ်ဆို့ထားပါစေ ၊ မည်သည့်နှောင့်နှေးမှုမျှ မရှိဘဲ ဆက်သွယ်နိုင်သည် မဟုတ်ပါလော ။

"​ဒင်း..ဒေါင် .."

​ရုတ်တရက်ဆိုသလို ဆက်သွယ်ရေးလက်နက်မှ သတင်းတစ်ခု ရောက်လာသည် ။

​" အမြန်ထွက်ပြေးတော့ .."

​ထိုအသံမှာ အလွန်စိုးရိမ်တကြီး ဖြစ်နေပြီး ပြောနေသူမှာ အလွန်ပင် အကျပ်အတည်းဖြစ်နေသည့်အလား... ။ အမ်မာတားရက်စ်၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး သူမ၏ မျက်ဝန်းများ၌ ထိတ်လန့်မှုများ ပေါ်ပေါက်လာသည် ။ အမှန်ပင် တစ်ခုခု ဖြစ်နေလေပြီ ။

"​ဘုန်း .."

​သူမ အံ့ဩတုန်လှုပ်မှုမှ မလွတ်မြောက်ခင်မှာပင် ကောင်းကင်ယံမှ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး နန်းတော်တစ်ခုလုံး၌ ပဲ့တင်ထပ်သွားသည် ။ သူမ မော့ကြည့်လိုက်သောအခါ ဖိအားပေးခံထားရသော ဂူချန်သည် ပထမဧကရာဇ်ခေါင်းလောင်း၏ အနားသို့ မည်သို့မည်ပုံ ရောက်ရှိသွားသည်ကို မသိလိုက်ရချေ ။ သူ၏ လက်ထဲ၌ မိစ္ဆာချီစွမ်းအင် များ ပြည့်နှက်နေသော လှံရှည်သည် ခေါင်းလောင်းပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည် ။

​တိုက်ခိုက်မှု တစ်ချက်တည်းနှင့်ပင် သူသည် ခေါင်းလောင်းကြီးကို ရိုက်ခွဲပစ်လိုက်သည် ။ ဤသည်မှာ မည်သို့ ဖြစ်နိုင်မည်နည်း ။ ဤအရာမှာ ဧကရာဇ်လက်နက် တစ်ပါး ဖြစ်သည် မဟုတ်ပါလော ။

​လူအားလုံး၏ အလွန်အမင်း ထိတ်လန့်နေသော အကြည့်များအောက်တွင် ၊ အနက်ရောင်ဝတ်စုံနှင့် လူငယ်လေးသည် ခပ်ဖွဖွ ရယ်မောလိုက်ပြီးနောက် ထိုနေရာမှ တစ်ဖန် ပြန်လည်ကွယ်ပျောက်သွားပြန်သည် ။

​ထို့နောက်တွင်မူ... သူ၏ ပုံရိပ်သည် သူတို့၏ ရှေ့မှောက်သို့ ချက်ချင်းပင် ရောက်ရှိလာတော့သည် ။

Chapter 218

~

အခန်း ၂၁၈ : သူတို့ကို မသေစေချင်ရင် အခုချက်ချင်းလာပြီး ဒူးထောက်စမ်း

~

​" ပြေးကြတော့.. "

​ဧကရာဇ်လက်နက် ပျက်စီးသွားသည်ကို ကိုယ်တိုင်မြင်တွေ့လိုက်ရပြီးနောက် အမ်မာတားရက်စ်သည် သူမ၏ စိတ်ကို အတင်းအကျပ် တည်ငြိမ်အောင် ထိန်းချုပ်ရင်း ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သူမ၏ လေသံမှာ တည်ငြိမ်မှု မရှိတော့ဘဲ ကြောက်ရွံ့တုန်လှုပ်မှုနှင့် ဇဝေဇဝါဖြစ်မှုတို့ ရောပြွမ်းနေသည်။

​ဤသည်က ဧကရာဇ်လက်နက် တစ်ခုဖြစ်သည်။

​နှစ်ပေါင်း တစ်သောင်းကျော် ကာလအတွင်း လူသားမဟာမိတ်အဖွဲ့တစ်ခုလုံးတွင် ဧကရာဇ်လက်နက် ခြောက်ခုသာ စုဆောင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုလက်နက်များသည် မရေမတွက်နိုင်သော တိုက်ပွဲများနှင့် အခက်အခဲများကို အထိအခိုက်မရှိ ကျော်ဖြတ်နိုင်ခဲ့ကြသည်။ ၎င်းတို့၏ တန်ဖိုးနှင့် စွမ်းအားမှာ ပြောနေရန်ပင် မလိုတော့ပေ။ သို့သော် ထိုကဲ့သို့သော ရတနာကို တစ်ဖက်လူက ရေသောက်သကဲ့သို့ အလွယ်တကူ ဖျက်ဆီးပစ်လိုက်ခြင်းမှာ လုံးဝ ယုတ္တိမရှိသော အလုပ်ပင်။

​" ဒါက ဖြစ်နိုင်ပါ့မလား "

​အမ်မာတားရက်စ်၏ မျက်ဝန်းများမှာ တုန်ရီနေပြီး သူမသည် ဂူချန်ကိုင်ဆောင်ထားသော ကောင်းကင်သို့ ထိုးတက်နေသည့် မိစ္ဆာအရှိန်အဝါများ ရှိသည့် လှံပုဆိန်ကြီးကို ကြည့်ကာ သံသယနှင့် ထိတ်လန့်မှုများ ပြည့်နှက်နေတော့သည်။ ဤလှံ၏ အရည်အသွေးမှာ ဧကရာဇ်လက်နက်ထက်ပင် သာလွန်နေသလားဟု သူမ တွေးမိသည်။ သို့သော် ထိုသို့ တွေးတောနေရန် အချိန်မရှိပေ။

​သူက အရှင်သခင် ငါးဦးကို တိုက်ခိုက်ရန် ပြင်လိုက်သည်ကို မြင်သောအခါ သူမသည် ဝါကျင်ကျင် သဲများကို ချက်ချင်းပင် လှိုင်းလုံးကြီးများကဲ့သို့ ထုတ်လွှတ်လိုက်သည်။ သို့သော် ဂူချန်က လက်ကို တစ်ချက် ဝှေ့လိုက်ရုံဖြင့် ထိုသဲလှိုင်းများမှာ ပေါက်ကွဲထွက်သွားတော့သည်။

​

​ဂူချန်၏ မျက်နှာတွင် မည်သည့် ခံစားချက်မှ မရှိဘဲ သူက လက်ဝါးကို ရှေ့သို့ တွန်းထုတ်လိုက်သည်။

​"ဂျိမ်း.."

​နန်းတော်ကြီး၏ အထက် ဟင်းလင်းပြင်မှာ ဆုတ်ဖြဲခံလိုက်ရသကဲ့သို့ အက်ကြောင်းကြီးတစ်ခု ဖြစ်ပေါ်သွားသည်။ ကြီးမားလှသော တိမ်တိုက်များမှာ စုဝေးလာကြပြီး ကောင်းကင်နှင့် မြေကြီး၏ အရှိန်အဝါများကို ပိတ်ဆို့နိုင်သော ကြီးမားလှသည့် လက်ဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။ ၎င်း ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကောင်းကင်တစ်ခုလုံးမှာ မှောင်မည်းသွားပြီး ကောင်းကင်ယံမှ ဆင်းသက်လာသော ထိုလက်ဝါးကြီးမှာ ကမ္ဘာမြေကို လွှမ်းခြုံတော့မည့်အတိုင်းပင်။

​အဆင့်၈ တာအိုနည်းစနစ် - မဟာ ဟင်းလင်းပြင် ပိတ်ဆို့လက်ဝါး ...

​အလှမ်းဝေးနေသော်လည်း အရှင်သခင် ငါးဦးမှာ သူတို့၏ အရှိန်အဝါများ ပိတ်ဆို့ခံလိုက်ရသည်ကို ခံစားလိုက်ရသည်။ သူတို့ မည်သည့်နေရာသို့ ထွက်ပြေးစေကာမူ ဤလက်ဝါးအောက်မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

​

​အရှင်သခင် ငါးဦးသည် ဤတိုက်ကွက်ကို မရှောင်နိုင်မှန်း သိသည့်အခါ သူတို့၏ တာအိုခန္ဓာများကို အတင်းအကျပ် ထုတ်ဖော်လိုက်ကြသည်။ ကြီးမားလှသော တာအိုခန္ဓာပုံရိပ်ကြီးများမှာ လေထဲတွင် ဝင့်ကြွားစွာ ရပ်နေကြသော်လည်း အနီးကပ်ကြည့်လျှင်မူ သူတို့၏ လက်ဖျားများမှာ တုန်ရီနေပြီး မျက်နှာများမှာ ဖြူလျော့ကာ မထိန်းချုပ်နိုင်သော ထိတ်လန့်မှုများ မျက်ဝန်းထဲတွင် ပြည့်နှက်နေသည်ကို တွေ့ရမည် ဖြစ်သည်။

​'ဒါက ဘယ်လို စွမ်းအားမျိုးလဲ..'

​မျက်စိတစ်ဆုံးပင် မမြင်နိုင်သော ဤမျှ ကြီးမားသည့် လက်ဝါးကြီးမှာ လူသားတစ်ဦး အသုံးပြုနိုင်သည့် နည်းစနစ်မှ ဟုတ်ပါ၏လော။ သူက ဤမျှ ပြင်းထန်လှသော တာအိုစွမ်းအားနှင့် ကောင်းကင်မြေကြီး အရှိန်အဝါများကို မည်သည့်နေရာမှ ရရှိလာသနည်း။

​အမ်မာတားရက်စ်၏ မျက်လုံးများတွင်လည်း ထိတ်လန့်မှုများ ပြည့်နှက်နေသည်။ သူမ၏ နောက်ကွယ်မှ အဆုံးမရှိသော သဲများ ထွက်ပေါ်လာပြီး အရှင်သခင် ငါးဦး၏ ရှေ့တွင် မီတာ တစ်ရာခန့် ထူထဲသော သဲတံတိုင်းကြီးတစ်ခုကို အလျင်အမြန် တည်ဆောက်လိုက်သည်။

​သေဘေးနှင့် ရင်ဆိုင်နေရသဖြင့် ထိုငါးဦး၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများမှာလည်း ပေါက်ကွဲထွက်လာတော့သည်။ မီတာ တစ်ရာခန့် မြင့်သော သူတို့၏ တာအိုခန္ဓာကြီးများမှာလည်း အရွယ်အစား ပိုမို ကြီးမားလာသည်။

​" မဟာမိတ်အဖွဲ့အတွက်.. "

​အနက်ရောင် ဝတ်စုံဝတ် အမျိုးသားက သူ၏ မိုးကြိုးခန္ဓာ၏ လက်ဝါးနှစ်ဖက်ကို ရိုက်လိုက်ရာ မရေမတွက်နိုင်သော မိုးကြိုးနဂါးများ ထွက်ပေါ်လာပြီး သဲတံတိုင်းကြီးကို ပိုမိုခိုင်မာအောင် ဝန်းရံလိုက်ကြသည်။

​" မဟာမိတ်အဖွဲ့အတွက် .."

" မဟာမိတ်အဖွဲ့အတွက်.. "

​ကောင်းကင်တစ်ခုလုံးတွင် မီးတောက်များ၊ နတ်ဘုရားရေများ ပြည့်နှက်သွားပြီး တာအိုစွမ်းအား အမျိုးမျိုး၏ ကူညီမှုဖြင့် သဲတံတိုင်းကြီးမှာ နတ်ဘုရားအလင်းများ ထွက်ပေါ်လာကာ ဖျက်ဆီး၍ မရနိုင်သော အရှိန်အဝါမျိုး ပေါ်ပေါက်လာတော့သည်။

​"ဂျိမ်း.."

​ခဏအတွင်းမှာပင် ကြီးမားသော လက်ဝါးကြီးမှာ သဲတံတိုင်းကြီးကို ရိုက်ချလိုက်သည်။ ပြင်းထန်လှသော လေလှိုင်းများမှာ နန်းတော်ကြီးတစ်ခုလုံးကို လွှမ်းမိုးသွားပြီး မီတာ တစ်ထောင်ခန့် မြင့်သော မုန်တိုင်းများ တရစပ် ဖြစ်ပေါ်လာတော့သည်။ သာမန် ကျောက်တံတိုင်းများနှင့် ကျောက်သလင်းများမှာ ထိုပြင်းထန်လှသော စွမ်းအားနှစ်ခုကြားတွင် တစ်ခဏအတွင်းမှာပင် အမှုန့်ဖြစ်သွားရရှာသည်။

​" အား... ငါတို့ ရှုံးလို့ မဖြစ်ဘူး .."

​အမ်မာတားရက်စ်နှင့် အခြားသူများမှာ အံကြိတ်ကာ တာအိုစွမ်းအားများကို သဲတံတိုင်းကြီးအတွင်းသို့ ဆက်တိုက် ထည့်သွင်းနေကြသည်။ သို့သော် သူတို့ အစွမ်းကုန် ကြိုးစားသော်လည်း သဲတံတိုင်းကြီးမှာ မျက်စိရှေ့တွင်ပင် တဖြည်းဖြည်း ပျက်စီးလာတော့သည်။

​ဂူချန်မှာမူ လက်ဝါးကြီး၏ အထက်တွင် ရပ်နေရင်း အောက်ခြေမှ လူခြောက်ဦးကို အေးစက်စွာ ငုံ့ကြည့်ကာ ခြေလှမ်းတစ်ချက် အသာနင်းလိုက်သည်။

"​ဘုန်း.."

​အခြေအနေမှာ တစ်ခဏအတွင်း ပြောင်းလဲသွားသည်။ ဂူချန်သည် လက်ဝါးကြီးပေါ်မှနေ၍ မီတာ တစ်ရာခန့် ထူသော တံတိုင်းကြီးကို အရှိန်အဟုန်ဖြင့် ချေမှုန်းပစ်လိုက်သည်။ ထိုအခိုက်အတန့်တွင် အမ်မာတားရက်စ်နှင့် ကျန်ငါးဦးမှာ သူတို့ ငယ်စဉ်က လူကြီးများ၏ ဆူပူကြိမ်းမောင်းမှုကို ခံရစဉ်ကကဲ့သို့ အားကိုးရာမဲ့သော ခံစားချက်မျိုးကို ပြန်လည် ခံစားလိုက်ရသည်။

​ဖော်ပြ၍ မရနိုင်သော အားကိုးရာမဲ့မှုမျိုး။ သူတို့ အစွမ်းကုန် ကြိုးစားလျှင်ပင် တစ်ဖက်လူကို မယှဉ်နိုင်ပေ။

​ပြင်းထန်သော လေတိုက်သံများနှင့်အတူ ဟင်းလင်းပြင်များမှာ အပိုင်းပိုင်း ပြတ်သွားပြီး အနက်ရှိုင်းဆုံး လဟာပြင်များ ပေါ်ထွက်လာသည်။ လက်ဝါးကြီးကို စီးနင်းထားသော ဂူချန်သည် အောက်ခြေမှ လူခြောက်ဦးကို လွှမ်းမိုးလိုက်ရာ ပြင်းထန်သော ဖျက်ဆီးခြင်း စွမ်းအားများမှာ မြင်သမျှ အရာအားလုံးကို ချက်ချင်းပင် ချေမှုန်းပစ်လိုက်တော့သည်။

​သူ၏ ကျင့်ကြံခြင်း အခြေခံမှာ သာမန်လူများ မခန့်မှန်းနိုင်သော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ လျောင်ချင်းဖုန်းကဲ့သို့ ရာစုနှစ်တစ်ခုလုံးကို စိုးမိုးခဲ့သည့် ပါရမီရှင်ပင်လျှင် သူနှင့်ယှဉ်လျှင် ဆယ်ပုံတစ်ပုံမျှပင် မရှိပေ။ သူတို့၏ အသေအလဲ တိုက်ခိုက်မှုမှာ သူ၏ အမြင်တွင်မူ သေခါနီး ပိုးကောင်လေးများ၏ အချည်းနှီး ရုန်းကန်မှုမျှသာ။

​"ဝုန်း.."

​တစ်ကမ္ဘာလုံး တုန်ခါသွားပြီး ထိုခြောက်ဦး၏ ခုခံမှုမှာ တစ်ခဏအတွင်းမှာပင် အစစအရာရာ ပြိုကွဲသွားတော့သည်။ အမ်မာတားရက်စ်သည် သူမကိုယ်သူမ အခြားသော သဲစစ်သည်တစ်ဦးထံသို့ အတင်းအကျပ် ပြောင်းလဲလိုက်ရပြန်သည်။

​သို့သော် ကျန်သည့် ငါးဦးမှာမူ ထိုမျှ မကံကောင်းကြပေ။ ပြင်းထန်လှသော အရှိန်အဝါက သူတို့၏ ခန္ဓာကိုယ်များကို ရိုက်ခတ်လိုက်ရာ မျက်လုံးများ ပြူးထွက်လာပြီး ကိုယ်တွင်းအင်္ဂါများ ပျက်စီးကာ သွေးများမှာ နေရာအနှံ့မှ ထွက်ပေါ်လာတော့သည်။

​[အိမ်ရှင်သည် မိမိတို့ဘာသာ အေးဆေးစွာ ကျင့်ကြံနေသော နတ်ဘုရားမီးတောက်ဂိုဏ်းဝင်များကို နှောင့်ယှက်သည့် သူခိုးများကို သင်ခန်းစာ ပေးခဲ့သည့်အတွက် စေတနာရမှတ် +၁၀၀၀၀ ရရှိပါသည် ]

​သို့သော် ဂူချန်သည် သူတို့ကို တိုက်ရိုက် မသတ်ခဲ့ပေ။ သူ၏ မျက်ဝန်းထဲမှ ခရမ်းရောင်အလင်းတန်း တစ်ချက် လက်သွားပြီးနောက် ထိုငါးဦး၏ သေလုမြောပါး ဒဏ်ရာများကို တည်ငြိမ်သွားစေကာ အသက်ကို အတင်းအကျပ် ဆွဲထားပေးလိုက်သည်။ သူက လက်ကို ဆုပ်လိုက်ရာ လေထဲတွင် ဝိညာဉ်စွမ်းအင် လက်ဝါးကြီးတစ်ခု ပေါ်လာပြီး ထိုငါးဦး၏ ခန္ဓာကိုယ်များကို စုစည်းကာ လေထဲတွင် ချိတ်ဆွဲထားလိုက်သည်။

​သူတို့၏ ခန္ဓာကိုယ်များမှ သွေးများမှာ မြေပြင်ပေါ်သို့ တစ်စက်ချင်း ကျနေပြီး မြင်ရသူတိုင်း၏ ကြက်သီးမွေးညင်း ထစရာ ကောင်းလှသည်။ ကြည့်ရသည်မှာ ပုပ်သိုးနေသော အသားတုံး ငါးတုံးကို ချည်နှောင်ထားသကဲ့သို့ပင်။

​" ပြောရေးဆိုခွင့်ရှိသူ အမ်မာ.."

​ဂူချန်က ထိုငါးဦးကို မထီမဲ့မြင် ကြည့်လိုက်ပြီးနောက် နောက်သို့ ဆုတ်ခွာနေသော အမ်မာတားရက်စ်ထံသို့ အေးဆေးစွာ ခြေလှမ်းလှမ်းရင်း ပြောလိုက်သည်။

​" သူတို့ကို မသေစေချင်ရင် မင်း အခုချက်ချင်း ဒီကိုလာပြီး ဒူးထောက်စမ်း.. "

​သူက လက်ဝါးကို အနည်းငယ် ဆုပ်လိုက်သည့်အခါ အရှင်သခင် ငါးဦး၏ ပါးစပ်မှ နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။ အမ်မာတားရက်စ်မှာ ထိတ်လန့်သွားပြီး သူမက အံကို ကြိတ်ကာ တစ်လုံးချင်း ပြောလိုက်သည်။

​" ဂူချန်... မင်းက တကယ်ကို တိရစ္ဆာန်ထက် ယုတ်ညံ့တဲ့ကောင်ပဲ.. "

All Chapters