အခန်း (၂၁၉-၂၂၀)
Vol. 21 Ch. 219-220
Chapter 219
~
အခန်း ၂၁၉ : စမ်းသပ်ကြည့်ရုံတင်ဖြစ်ပေမယ့် တကယ်ကြီး အောင်မြင်သွားလိမ့်မယ်လို့ မထင်ထားဘူး
~
" ချီးကျူးစကားအတွက် ကျေးဇူးတင်ပါတယ်ဗျာ .."
ဂူချန်က ခပ်ဖွဖွ ပြုံးလိုက်သည်။ သူ၏ ခရမ်းရောင် မျက်ဝန်းအစုံက ရှေ့မှ အမျိုးသမီးကို စူးစိုက်ကြည့်နေပြီး သူ၏ လေသံမှာ အမြဲတမ်းလိုပင် ယဉ်ကျေးသိမ်မွေ့လွန်းလှသည်။
" ခင်ဗျားကသာ လိမ္မာမယ်ဆိုရင် ဒီငါးယောက်ရဲ့ အသက်ကို ဆက်ပြီး ချန်ထားပေးလို့ ရနိုင်တာပေါ့ "
သူ၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် အနီးအနားရှိ သွေးအလိမ်းလိမ်းနှင့် အရှင်သခင်ငါးဦးထံမှ ဝက်သတ်သံကဲ့သို့ စူးရှသော အော်ဟစ်သံများ အချိန်ကိုက် ထွက်ပေါ်လာတော့သည်။
" ယုတ်မာတဲ့ကောင်... "
အမ်မာတားရက်စ်၏ အသက်ရှူသံများ ပြင်းထန်လာသည်။ သူမရှေ့မှ နတ်ဆိုးသဖွယ် လူငယ်ကို ကြည့်ရင်း သူမရင်ထဲရှိ သတ်ဖြတ်လိုစိတ်များမှာ ကောင်းကင်ယံသို့ပင် ထိုးတက်မတတ် ပြင်းထန်နေလေပြီ ။
မူလက သူမ၏ အဖွဲ့ဝင်ငါးဦး အဖမ်းခံရပြီး သေလုနီးပါး ဖြစ်နေသည်ကို မြင်ရသည့်အပြင် လျောင်ချင်းဖုန်း၏ သတင်းစကားကြောင့်ပါ သူမသည် နောက်ဆုတ်ရန် စဉ်းစားခဲ့ပြီးသား ဖြစ်သည်။ သို့သော် တစ်ဖက်လူက သူတို့ကို တိုက်ရိုက်မသတ်ဘဲ သူတို့၏ အသက်ကို အသုံးချကာ သူမကို ခြိမ်းခြောက်နေပြန်သည်။
ဤသူငါးဦးမှာ အရှင်သခင်အဆင့်၏ အထွတ်အထိပ် ပညာရှင်များ မဟုတ်ပါလော။ အချို့မှာ ဇီဝနည်းပညာဖြင့် အဆင့်တက်လာသူများ ဖြစ်သော်လည်း သူတို့သည် အလွန်ပင် တန်ဖိုးရှိလှသည်။ လက်ရှိတွင် ဇီဝနည်းပညာမှာ အပြည့်အဝ မဖွံ့ဖြိုးသေးသဖြင့် ပြုပြင်မွမ်းမံရန် သင့်တော်သူ အလွန်ရှားပါးလှရာ သိုင်းဘုရင် အဆင့်ရှိသူကို ပြုပြင်ရန်မှာ ပို၍ပင် ခက်ခဲလှသည်။
သူတို့ တစ်ယောက်ချင်းစီမှာ မဟာမိတ်အဖွဲ့၏ အမာခံ အုတ်မြစ်များ ဖြစ်ကြသည်။ သူမ မည်သို့ ရွေးချယ်ရမည်နည်း။
" ဆယ်စက္ကန့်.. "
အမ်မာတားရက်စ် တစ်ယောက် စိတ်ထဲတွင် ရုန်းကန်ဝေခွဲမရ ဖြစ်နေစဉ်မှာပင် လူငယ်လေး၏ ပါးစပ်မှ ထွက်ပေါ်လာသော အေးစက်သည့် အသံကြောင့် သူမ၏ အသားများ တုန်သွားရသည်။ ဂူချန်၏ စရိုက်အရ သူမ ဒူးထောက်လျှင်ပင် ထိုငါးဦးကို သူ လွှတ်ပေးလိမ့်မည် မဟုတ်သည်မှာ သေချာသလောက် ရှိသည်။
သို့သော် သူမ၏ သဲစစ်သည်တော် ပုံရိပ်ယောင် နည်းစနစ်ဖြင့်ဆိုလျှင် သူမသည် မည်သူမျှ မယှဉ်နိုင်သော အခြေအနေတွင် ရှိနေဆဲ ဖြစ်သည်။ ဤနည်းကို သုံး၍ သူမ အချိန်ဆွဲနိုင်သည်။ ထိုငါးဦးကို ကယ်မထုတ်နိုင်လျှင်ပင် လျောင်ချင်းဖုန်းနှင့် ဝူယုံတို့ ရောက်လာသည်အထိ ဆွဲထားနိုင်သည်။
ခုနကပင် သူမသည် လျောင်ချင်းဖုန်းထံသို့ ဤနေရာမှ အခြေအနေများကို သတင်းပို့ထားပြီး ဖြစ်သည်။ မထင်မှတ်ဘဲ သူသည်လည်း ဝိုင်းရံပိတ်ဆို့မှုမှ လွတ်မြောက်လာခဲ့ပြီး နတ်ဘုရားမီးတောက်ဂိုဏ်း၏ ဌာနချုပ် အပြင်ဘက်ရှိ ဝူယုံထံမှလည်း သတင်းကောင်း ရောက်ရှိလာသည်။
ဂူချန်၏ ဖခင်ဖြစ်သူ ဂူဝူချန်ကို ဖမ်းမိထားပြီ ဖြစ်သည်။ ကျားသည်ပင် မိမိ၏ သားသမီးကို ပြန်မစားဟု ဆိုကြသည် မဟုတ်ပါလော။ ဖခင်ဖြစ်သူနှင့် ခြိမ်းခြောက်လိုက်လျှင် သူ ကြောက်သွားလိမ့်မည်။
တစ်နည်းအားဖြင့်ဆိုသော် ယခုအချိန်တွင် သူမ အကျပ်ကိုင် ခံနေရသော်လည်း မကြာမီမှာပင် အခြေအနေက ပြောင်းပြန် ဖြစ်သွားတော့မည်။ မဟာမိတ်အဖွဲ့၏ ရန်သူကို ချေမှုန်းနိုင်ဖို့အတွက်ဆိုလျှင် သိက္ခာအနည်းငယ် အကျခံရခြင်းမှာ ဘာများ အရေးကြီးသနည်း။
အမ်မာတားရက်စ်သည် စိတ်ကို ဆုံးဖြတ်ချက် ချလိုက်ပြီး အသက်ကို ပြင်းပြင်းရှူကာ အနက်ရောင် ဝတ်စုံဝတ် လူငယ်လေးထံသို့ တဖြည်းဖြည်း လျှောက်သွားလိုက်သည်။
" ဂူချန်... မင်းပြောတာ တကယ်ပဲလား "
အမ်မာတားရက်စ်သည် လူငယ်လေး၏ ရှေ့တွင် ရပ်တန့်လိုက်ပြီး တည်ကြည်သော မျက်နှာထားဖြင့် သူ့ကို စိုက်ကြည့်နေသည်။ သူမ၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုစိတ်များ လက်ခနဲ ဖြစ်သွားသည်။ ဤမျှ ချောမောသော မျက်နှာအောက်တွင် ဤမျှ ရက်စက်သော နှလုံးသားမျိုး ပုန်းကွယ်နေလိမ့်မည်ဟု မည်သူမျှ မထင်ထားနိုင်ပေ။
" အခု မင်းမှာ ငါနဲ့ စျေးစစ်ပိုင်ခွင့် မရှိဘူး .."
ဂူချန်က သူ၏ လက်မောင်းကို အနည်းငယ် လှုပ်လိုက်သည်။ လူငါးဦးကို ဆုပ်ကိုင်ထားသော ဝိညာဉ်စွမ်းအင် လက်ဝါးကြီးပေါ်တွင် မသိမသာသော မိစ္ဆာအရှိန်အဝါများ ပေါ်ထွက်လာပြီး သူတို့၏ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်ကာ နှလုံးသွေးကြောများဆီသို့ လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။ ထို့နောက် သူက မျက်ခုံးတစ်ချက် ပင့်ပြကာ တစ်ဖက်လူကို မြန်မြန် ဒူးထောက်ရန် အချက်ပြလိုက်သည်။
" ... "
အမ်မာတားရက်စ်သည် လူငယ်လေးကို တစ်ချက် စိုက်ကြည့်လိုက်ပြီးနောက် သူမ၏ ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း နှိမ့်ချလိုက်သည်။ အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် နောက်ဆုံးတွင်မူ မြေပြင်ပေါ်သို့ "ဒုန်း" ခနဲ မြည်အောင် ဒူးထောက်ချလိုက်တော့သည်။
အရှင်သခင်အဆင့် ပညာရှင်တစ်ဦး၏ ထူးကဲလှသော ခန္ဓာကိုယ်နှင့် မြေပြင်ပေါ်ရှိ ကျောက်တုံးကျောက်ခဲများ ထိတွေ့လိုက်သည့် အသံမှာ သံချင်း ထိခိုက်လိုက်သကဲ့သို့ပင်။ သူမ ဒူးထောက်လိုက်စဉ်မှာပင် အမ်မာတားရက်စ်သည် ခေါင်းကို ငုံ့ထားကာ နှုတ်ခမ်းကို တင်းတင်းစေ့ထားမိသည်။ သူမ၏ ပါးပြင်များမှာလည်း အနည်းငယ် နီမြန်းနေသည်။
ဤသည်မှာ မဟာမိတ်အဖွဲ့နှင့် သူမ၏ အပေါင်းအသင်းများအတွက် ဖြစ်သည်ဟု သိထားသော်လည်း သိက္ခာကျသည်ဟူသော ခံစားချက်ကိုမူ သူမ မဖျောက်ပစ်နိုင်ပေ။ အရှင်သခင်အဆင့် ပညာရှင်တစ်ဦးအနေဖြင့် သူမ၏ မိဘများ သေဆုံးသွားကတည်းက မည်သူ့ရှေ့တွင်မျှ ဤကဲ့သို့ လက်အောက်ခံ ပုံစံမျိုးဖြင့် စကားမပြောခဲ့ဖူးပေ။ ဒူးထောက်ဖို့ဆိုသည်မှာ ဝေးစွ။
'ဒူးထောက်ရုံတင်ပဲ... ဒူးထောက်ရုံတင်ပဲ...'
အမ်မာတားရက်စ်၏ တည်ငြိမ်နေသော မျက်ဝန်းများ၏ အနက်ရှိုင်းဆုံးနေရာတွင် အရှက်ရမှု အရိပ်အယောင်လေး ပေါ်ထွက်လာသည်။ သူမသည် သူမ၏ လက်ကိုတင်းတင်းဆုပ်ထားရင်း စိတ်ထဲမှ မိမိကိုယ်ကိုယ် အတင်းအကျပ် နှစ်သိမ့်နေရသည်။
လျောင်ချင်းဖုန်းနှင့် ဝူယုံတို့ ရောက်လာသည့်အခါတွင်မူ ဤယုတ်မာသော ကောင်ကို ဒူးထောက်စေရမည်။ မဟုတ်သေးဘူး... ဒူးထောက်ပြီး ဦးတိုက်ခိုင်းစေရမည်။ သူမ၏ ဖိနပ်ကိုပင် လျှာဖြင့် လျက်ခိုင်းရမည်။
[အိမ်ရှင်သည် အသက် ၄၆၃ နှစ်ရှိပြီဖြစ်သော အရှင်သခင်အဆင့်မှ အဘွားအိုတစ်ဦးနှင့် ကစားပွဲတစ်ခု ကစားနေကြောင်း၊ အဘွားအို၏ စိတ်ကျန်းမာရေးကို ဂရုစိုက်ပေးကာ သူမအား ငယ်စဉ်က မိဘများရှေ့တွင် ရှိနေသကဲ့သို့ ခံစားရအောင် ပြုလုပ်ပေးခဲ့ကြောင်း စနစ်က ထောက်လှမ်းမိပါသည်။ စေတနာရမှတ် +၇၈၀၀ ]
[ အိမ်ရှင်သည် အမ်မာတားရက်စ်၊ ရှုချင်းဟဲ၊ ပိုင်လီစုစု... စသည့် ငါးဦး၏ ချစ်ကြည်ရေးနှင့် သံယောဇဉ်ကို စမ်းသပ်ပေးနေကြောင်း စနစ်က ထောက်မ်းမိပါသည်။ စေတနာရမှတ် +၅၂၀၀ ]
[လက်ရှိ စေတနာရမှတ် - ၈၉၆၅၄]
'တကယ်ကြီး ရမှတ်တွေ ပေးတာပဲ။ နည်းနည်းနောနော မဟုတ်ဘူး..'
ဂူချန်၏ မျက်ဝန်းများမှာ ပြုံးရောင်သန်းသွားသည်။ သူသည် ကနဦးက စမ်းသပ်ကြည့်ရုံသာ ဖြစ်သော်လည်း တကယ်ကြီး အောင်မြင်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ အဆင့်မြင့်နေရာတွင် နေရသူများသည် ဤကဲ့သို့သော "ကစားပွဲငယ်လေးများ" ကြောင့် စိတ်အပြောင်းအလဲ တော်တော်ကြီး ဖြစ်သွားတတ်ကြပေသည် ။
ဂူချန်က ခပ်တိုးတိုး ရယ်မောလိုက်ပြီး အမ်မာတားရက်စ်၏ ရှေ့သို့ ချက်ချင်း ရောက်ရှိသွားသည်။ သူမ၏ ထိတ်လန့်နေသော မျက်လုံးများအောက်တွင် သူက သူမ၏ ပေါင်ပေါ်သို့ ခြေထောက်ဖြင့် နင်းလိုက်သည်။
" မင်း... ယုတ်မာတဲ့ကောင် "
အမ်မာတားရက်စ်၏ မျက်လုံးများမှာ မီးပွင့်မတတ် ဖြစ်သွားသော်လည်း လူငယ်လေးက ဝိညာဉ်စွမ်းအင် လက်ဝါးကြီးကို အနည်းငယ် ပို၍ ဆုပ်လိုက်သည့်အခါ သူမ၏ စကားလုံးများမှာ လည်ချောင်းဝတွင်ပင် ရပ်တန့်သွားရသည်။
" ပြောရေးဆိုခွင့်ရှိသူ အမ်မာ.."
ထိုအချိန်တွင် နန်းတော်၏ အခြားတစ်ဖက်ရှိ အခြေအနေများကို သိရှိသွားသဖြင့် ဂူချန်သည် ဆက်၍ ဟန်ဆောင်မနေတော့ဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။
" မင်းရဲ့ သဲစစ်သည်တော် ပုံရိပ်ယောင်တွေ အားလုံးကို ဖျက်ဆီးပစ်ပြီး ငါ့ကို မင်းရဲ့ ဝိညာဉ်ကို စစ်ဆေးခွင့်ပေးမယ်ဆိုရင် မင်းကို လွှတ်ပေးမယ်။ ဘယ်လိုလဲ.. "
သူပြောနေစဉ်မှာပင် သူထိန်းချုပ်ထားသော ဝိညာဉ်စွမ်းအင် လက်ဝါးကြီးက အနည်းငယ် လျော့သွားပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော လူတစ်ဦး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ထို့နောက် သူက လက်ကို ဝှေ့ယမ်းကာ ပတ်ဝန်းကျင်ရှိ ကောင်းကင်မြေကြီး စွမ်းအားများကို စုစည်းပေးလိုက်ရာ ထိုသူ၏ ခန္ဓာကိုယ်တစ်ဝက်ခန့်မှာ ပြန်လည် ကောင်းမွန်လာသော်လည်း သတိပြန်မလည် လာသေးပေ။
ဂူချန်က ထိုသူကို ဟင်းလင်းပြင်ထဲသို့ တွန်းပို့လိုက်ရာ အမ်မာတားရက်စ်၏ နောက်ဘက်သို့ ရောက်ရှိသွားသည်။ ထို့နောက် သူက သူမကို ယဉ်ကျေးစွာ ပြုံးပြလိုက်သည်။
" ဒါက ငါ့ရဲ့ စိတ်ရင်းပဲ။ ငါပြောတဲ့အတိုင်း လုပ်မယ်ဆိုရင် ဒီငါးယောက်စလုံးကို ပြန်ပေးမယ်လို့ ငါ အာမခံတယ်။ ဘယ်လိုလဲ... အသက်တစ်ချောင်းနဲ့ ငါးချောင်း လဲရတာ မင်းအတွက် တော်တော်မြတ်တာပဲ မဟုတ်လား .."
" ... "
အမ်မာတားရက်စ်က ရုတ်တရက် မော့ကြည့်လိုက်ပြီး ပြုံးဖြီးနေသော လူငယ်လေးကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
'နောက်ဆုံးတော့ သူ့ရဲ့ စိတ်ရင်းအမှန်ကို ထုတ်ပြလာပြီပေါ့။ သူက ဒီငါးယောက်ရဲ့ အသက်ကို အသုံးချပြီး ငါ့ကို ခြိမ်းခြောက်ပြီးမှ သတ်ချင်နေတာပဲ။ ဘယ်လောက်တောင် ကောက်ကျစ်ပြီး ယုတ်ညံ့တဲ့ကောင်လဲ..'
သူမက မခံမရပ်နိုင်ဖြစ်ကာ ပြောလိုက်သည်။
" မင်းလို ကောက်ကျစ်တဲ့ အကြံအစည်တွေနဲ့ ပြည့်နေတဲ့ စစ်သည်တော်တစ်ယောက်ရဲ့ တာအိုလမ်းစဉ်က ဒီမှာတင် လမ်းဆုံးပြီ .."
" အော် "
မထင်မှတ်ဘဲ တစ်ဖက်လူက ရှက်ရွံ့ခြင်း မရှိဘဲ သူမကို ပြုံးပြရုံသာ ပြုံးပြနေသည်။
" ဒါဆို... မင်းရဲ့ ရွေးချယ်မှုက ဘာလဲ "
" ငါ... "
အမ်မာတားရက်စ်က တုံ့ဆိုင်းနေမိသည်။ သူမ သူ့ကို ဆဲဆိုချင်သော်လည်း သူမကို အကျပ်ကိုင်ရန် တစ်ယောက်ယောက်ကို သူ တိုက်ရိုက်သတ်ပစ်မည်ကို စိုးရိမ်သဖြင့် ပြောမည့်စကားများကို ပြန်မျိုချလိုက်ရသည်။ သူမသည် မျက်မှောင်ကြုတ်ကာ တန်ပြန်မည့် နည်းလမ်းကို အမြန် တွေးတောနေသည်။
ရွေးချယ်ပိုင်ခွင့်ကို တစ်ဖက်လူလက်ထဲ သူမ ဘယ်လို ပုံအပ်နိုင်မည်နည်း။ သူမ၏ သဲစစ်သည်များကိုသာ ဖျက်ဆီးလိုက်ပြီး သူမ၏ နောက်ဆုတ်လမ်းကို ပိတ်လိုက်လျှင်၊ ထိုအခါမှ တစ်ဖက်လူက ကတိဖျက်လျှင် သူမ ဘာလုပ်နိုင်မည်နည်း။
" ဂူချန်... ဒါ ဘယ်သူလဲဆိုတာ ကြည့်လိုက်စမ်း .."
အခြေအနေက အရေးကြီးနေစဉ်မှာပင် အထက်ကောင်းကင်ယံမှ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသည်။ အမ်မာတားရက်စ်၏ ရင်ထဲတွင် ဝမ်းသာအားရ ဖြစ်သွားပြီး အသံလာရာဘက်သို့ အမြန် လှည့်ကြည့်လိုက်သည်။
လျောင်ချင်းဖုန်း၊ ဝူယုံ၊ ဗိုလ်ချုပ်ကြီးရှုနှင့် အခြားသူများ ရောက်ရှိလာကြလေပြီ ။ သူတို့သည် ကျင့်ကြံခြင်း စွမ်းအားများ ပိတ်ဆို့ခံထားရသော အမျိုးသားတစ်ဦးကို ခေါ်ဆောင်လာကြသည်။ ထိုသူမှာ အခြားသူမဟုတ်... ဂူချန်၏ ဖခင်ဖြစ်သူ ဂူဝူချန်းပင် ။
Chater 220
~
အခန်း ၂၂၀ : မင်းတို့ ဂူဝူချန်းကို ဖမ်းတာက ငါဂူချန်နဲ့ ဘာဆိုင်လို့လဲ
~
" လာပြီ... နောက်ဆုံးတော့ သူတို့ ရောက်လာကြပြီ.. "
အမ်မာတားရက်စ်၏ မျက်ဝန်းများတွင် ပျော်ရွှင်မှုများ ပြည့်နှက်သွားသည်။ သူမ၏ ခန္ဓာကိုယ်သည် တစ်ခဏအတွင်း သဲများအဖြစ် ပြောင်းလဲသွားပြီး ဘေးနားရှိ လူကို ဆွဲမကာ လျောင်ချင်းဖုန်းတို့ ရှိရာဘက်သို့ အလျင်အမြန် ဆုတ်ခွာသွားတော့သည်။
" မင်း တော်တော်လေး ပင်ပန်းသွားပြီ.. "
လျောင်ချင်းဖုန်းက သူမကို လေးစားစွာ တစ်ချက်ကြည့်လိုက်ပြီးနောက် ဂူဝူချန်းကို ချက်ချင်း ဖမ်းဆုပ်လိုက်သည်။ သူသည် ရှေ့သို့ ခြေလှမ်းကျယ်ကျယ် လှမ်းလိုက်ပြီး ဂူချန်ကို စိုက်ကြည့်ကာ လေးနက်သော အသံဖြင့် ...
" ဂူချန်... သူတို့ကို အခုချက်ချင်း လွှတ်ပေးစမ်း။ မဟုတ်ရင် မင်းအဖေရဲ့ ခန္ဓာကိုယ်က အကောင်းအတိုင်း ကျန်တော့မှာ မဟုတ်ဘူးလို့ ငါ အာမခံတယ်.. "
သို့သော် ဂူချန်က သူတို့ကို ပြန်မဖြေဘဲ နှုတ်ခမ်းထောင့်ကို အနည်းငယ် ကွေးညွှတ်ကာ ပြုံးလိုက်သည်။
" နောက်ဆုံးတော့ အကုန်လုံး စုံသွားပြီပေါ့ .."
အနက်ရောင် နန်းတော်အတွင်းသို့ ဝင်ရောက်လာသော မဟာမိတ်အဖွဲ့ဝင်များထဲတွင် မျက်နှာသစ်အချို့ ပါဝင်နေပြီး အချို့မှာ ပျောက်ကွယ်နေသည်ကို သူ ကနဦးကတည်းက သတိပြုမိခဲ့သည်။ ကောင်းကင်လမ်းစဉ် မျက်ဆန်နှစ်ထပ်မျက်ဝန်းဖြင့် ကြိုတင်မြင်ခဲ့ရသော ပုံရိပ်များထဲတွင် ထိုလူ ၁၀ ယောက်၏ ရုပ်ရည်ကို သူ ရှင်းလင်းစွာ မြင်တွေ့ခဲ့ပြီးသား ဖြစ်သည်။
စစ်ပွဲကြီးတစ်ခုကို ဆင်နွှဲရန် ပြင်ဆင်ထားသည်ဖြစ်ရာ မဟာမိတ်အဖွဲ့၏ အရှင်သခင်အဆင့် ပညာရှင်များကို တစ်ခါတည်းနှင့် အမြစ်ပြတ် သုတ်သင်ပစ်ရန် သူ ဆုံးဖြတ်ထားသည်။ ကျန်ရှိနေသူများကို ဆွဲဆောင်နိုင်ရန်အတွက် သူ၏ ဖခင်ဖြစ်သူကို စတေးရန် သူ ဝန်မလေးခဲ့ပေ။
သနားစရာကောင်းသော လျောင်ချင်းဖုန်းမှာမူ ဂူဝူချန်းကို သုံး၍ သူ့ကို ခြိမ်းခြောက်နိုင်မည်ဟု ထင်မှတ်နေရှာသည်။ ဂူချန်၏ မျက်နှာပေါ်ရှိ အပြုံးမှာ ပိုမို၍ မိစ္ဆာဆန်လာပြီး သူ၏ ခန္ဓာကိုယ်အတွင်းမှ ပြင်းထန်လှသော စွမ်းအင်များမှာလည်း ဆူပွက်လာတော့သည်။
" ဂူချန်... မင်း ဘာကို ဆိုလိုတာလဲ "
တစ်ဖက်မှ လူငယ်မှာ ထိတ်လန့်သွားခြင်း မရှိရုံသာမကဘဲ အေးအေးဆေးဆေး ရယ်မောနေသည်ကို မြင်ရသည့်အခါ လျောင်ချင်းဖုန်း၏ စိတ်ထဲတွင် မကောင်းသော ခံစားချက်တစ်ခု ပေါ်ပေါက်လာသည်။
" သူတို့ကို မြန်မြန် လွှဲပေးစမ်း။ မဟုတ်ရင် မင်းအဖေအပေါ် ငါ အားနာနေမှာ မဟုတ်ဘူး.. "
ပြောပြောဆိုဆိုနှင့်ပင် လျောင်ချင်းဖုန်းသည် ဂူဝူချန်း၏ လည်ပင်းကို တင်းကျပ်စွာ ညှစ်လိုက်သည်။ ပြင်းထန်လှသော အားကြောင့် ဂူဝူချန်မှာ အသက်ရှူရန် ခက်ခဲသွားပြီး အလိုအလျောက် ရုန်းကန်နေတော့သည်။
ထိုသို့ဖြစ်နေသည့်တိုင် ဂူချန်၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခြင်း မရှိပေ။ သူက လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ အရှင်သခင်အဆင့်၏ အဆုံးစွန်၌ ရှိနေသော ပုံရိပ်ယောင်ကိုယ်ပွား ကိုးခု တစ်ပြိုင်နက် ပေါ်ထွက်လာတော့သည်။
အရှင်သခင် ကိုးဦး၏ ပြင်းထန်လှသော အရှိန်အဝါမှာ သမုဒ္ဒရာလှိုင်းလုံးကြီးများကဲ့သို့ပင်။ ၎င်းမှာ ကောင်းကင်ဘုံ ကိုးထပ်မှ စီးဆင်းလာသော ရေတံခွန်ကြီးအလား လွှမ်းမိုးသွားပြီး မည်သူမျှ မယှဉ်နိုင်သော အဟုန်ဖြင့် ပျံ့နှံ့သွားတော့သည်။ သွေးဆာနေသော သားရဲကြီးတစ်ကောင်က ပါးစပ်ကို ဟ၍ ဟိန်းဟောက်လိုက်သကဲ့သို့ပင် ရှိနေသူအားလုံးကို တုန်လှုပ်သွားစေသည်။
လျောင်ချင်းဖုန်း၊ ဝူယုံ၊ အမ်မာတားရက်စ်နှင့် အခြားသူများအားလုံးမှာ တစ်ခါမျှ မခံစားဖူးသော ဖိအားနှင့် ထိတ်လန့်မှုကို ခံစားလိုက်ရသည်။
'ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အားလုံးက အရှင်သခင်အဆင့်အထွတ်အထိပ် တွေချည်းပဲလား..'
သူတို့အားလုံး၏ မျက်ဝန်းများတွင် အံ့ဩထိတ်လန့်မှုများ ပြည့်နှက်နေသည်။ သူတို့သည် ပုံရိပ်ယောင်ကိုယ်ပွားများကို မြင်ဖူးကြသော်လည်း အရှင်သခင်အဆင့်အထွတ်အထိပ် ရှိသော ကိုယ်ပွားများကိုမူ တစ်ခါမျှ မတွေ့ဖူးကြပေ။ တစ်ခါက ကမ္ဘာကျော်ခဲ့သော ပုံရိပ်ယောင်လမ်းစဉ် ဧကရာဇ် ကောင်းကင်ဝိညာဉ်ဧကရာဇ် ပင်လျှင် အရှင်သခင် အလယ်အလတ်အဆင့် ကိုယ်ပွားများကိုသာ ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်သည်။
ကြက်သီးထဖွယ် အတွေးတစ်ခုမှာ အားလုံး၏ ရင်ထဲတွင် ပေါက်ကွဲသွားသည်။ တစ်ဖက်လူ၏ မူလခန္ဓာကိုယ် ခွန်အားမှာ အရှင်သခင်အဆင့်၏ အတိုင်းအတာကို များစွာ ကျော်လွန်သွားပြီလော။
ထိုကိုယ်ပွားများ ပေါ်လာသည်နှင့် တစ်ပြိုင်နက် အလင်းတန်းများအသွင်ဖြင့် လျောင်ချင်းဖုန်းတို့အဖွဲ့ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြသည်။ တစ်ချိန်တည်းမှာပင် ဂူချန်သည် အရှင်သခင်ငါးဦး၏ နှလုံးသွေးကြောများအတွင်းသို့ ကြိုတင်ထည့်သွင်းထားသော မိစ္ဆာအရှိန်အဝါများကို အသက်သွင်းလိုက်သည်။ ထိုငါးဦး၏ နှလုံးသားများမှာ ချက်ချင်းပင် ပေါက်ကွဲသွားပြီး သွေးများ နေရာအနှံ့ စဉ်ထွက်သွားကာ သူတို့၏ အသက်ဓာတ်မှာလည်း တစ်ခဏအတွင်း ချုပ်ငြိမ်းသွားတော့သည်။
သူသည် လေထဲတွင် မြင့်မားစွာ ရပ်နေရင်း အနက်ရောင်ဝတ်ရုံမှာ တဖျတ်ဖျတ် မြည်နေသည်။ သူ၏ ခရမ်းရင့်ရောင် မျက်ဝန်းများမှ အေးစက်လှသော သတ်ဖြတ်လိုစိတ်များကို ထုတ်ဖော်ရင်း ပြောလိုက်သည်။
" မင်းတို့ ဂူဝူချန်းကို ဖမ်းတာက ငါဂူချန်နဲ့ ဘာဆိုင်လို့လဲ.. "
ပြောပြီးသည်နှင့် သူသည် လက်နှစ်ဖက်ကို ဝှေ့ယမ်းကာ နောက်ဆက်တွဲရလဒ်များကို ဂရုမစိုက်တော့ဘဲ သူ၏ နောက်ဆုံးလက်နက်ကို ထုတ်သုံးလိုက်တော့သည်။
"ဝုန်း.."
နတ်မိစ္ဆာလှံပုဆိန် ပေါ်ရှိ တတိယမြောက် မိစ္ဆာအမှတ်အသားမှာ လင်းလက်လာပြီး ပတ်ဝန်းကျင်ရှိ ကောင်းကင်မြေကြီး ဝိညာဉ်စွမ်းအင်များကို တစ်ခဏအတွင်း စုပ်ယူပစ်လိုက်သည်။ သာမန်ထက် အဆပေါင်းများစွာ ကြီးမားလှသော ဂူချန်၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအင် ထက်ဝက်ခန့်မှာလည်း တစ်ခဏအတွင်း ကုန်ဆုံးသွားတော့သည်။
လှံရိုးပေါ်တွင် ကြယ်တာရာများကဲ့သို့ စာတန်းများ လင်းထိန်လာပြီး လှံသွား၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာလည်း လိမ်ရှုံ့သွားရာ အချိန်များပင် ရပ်တန့်သွားသကဲ့သို့ ခံစားရသည်။ နန်းတော်အတွင်းရှိ သက်ရှိမှန်သမျှမှာ ရင်တုန်ပန်းတုန်ဖြစ်ဖွယ် ဖျက်ဆီးခြင်း အရှိန်အဝါကို ခံစားလိုက်ရသည်။ ဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာမှ လာသော ကြောက်ရွံ့မှုပင် ဖြစ်သည်။
" ဒါက ဘာနည်းစနစ်လဲ "
အမ်မာတားရက်စ်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
သူမ နားမလည်နိုင်သည်မှာ သူ၏ ဖခင်မှာ သူမတို့လက်ထဲတွင် ရှိနေပါလျက်နှင့် သူသည် အဘယ်ကြောင့် အနည်းငယ်မျှ တုံ့ဆိုင်းခြင်း မရှိရသနည်း။
" ဒီအရှိန်အဝါက... "
လျောင်ချင်းဖုန်း၏ မျက်နှာမှာ သွေးမရှိသကဲ့သို့ ဖြူလျော့နေသည်။ တစ်ဖက်လူက ဤတိုက်ကွက်ကို ထုတ်သုံးလိုက်သည်နှင့် ဤနေရာတွင် ရှိနေသူအားလုံး သေဆုံးရမည်ကို သူ ခံစားမိနေသည်။
" သူ့ကို မြန်မြန်တားကြစမ်း။ ဒီတိုက်ကွက်ကို အသုံးမပြုနိုင်အောင် လုပ်ကြ "
အမြဲတမ်း တည်ငြိမ်လှသော ဝူယုံပင်လျှင် ဤအခိုက်အတန့်တွင် ထိတ်လန့်တကြား အော်ဟစ်ကာ သူ၏ တာအိုစွမ်းအားများကို အစွမ်းကုန် ထုတ်သုံး၍ တားဆီးရန် ကြိုးစားတော့သည်။
သို့သော် ဂူချန်၏ ကိုယ်ပွားက သူ့ကို ပိတ်ဆို့ထားပြီး ပြင်းထန်လှသော ခွန်အားဖြင့် သူ့ကို နောက်သို့ ရိုက်ထုတ်လိုက်သည်။ သူသည် တစ်ဖက်လူ၏ နတ်မိစ္ဆာလှံမှ ထွက်ပေါ်လာသော ဖျက်ဆီးခြင်း အရှိန်အဝါများက လူတိုင်းကို ပစ်မှတ်ထားကာ ဖုံးလွှမ်းသွားသည်ကိုသာ ငေးကြည့်နေရတော့သည်။
"ဂျိမ်း..."
ကောင်းကင်ယံမှာ ရုတ်တရက် ဆုတ်ဖြဲခံလိုက်ရပြီး အဆုံးမဲ့သော လေဟာပြင်ကြီး ပေါ်ထွက်လာသည်။ ကြယ်တာရာပေါင်းများစွာ၏ အလင်းတန်းများမှာ ကောင်းကင်မှ စီးကျလာပြီး လှံသွားပေါ်တွင် စုစည်းသွားတော့သည်။
ဂူချန်က လှံကို အသာအယာ ဝှေ့ယမ်းလိုက်ရာ ကောင်းကင်မှ ကြီးမားလှသော ကြယ်တာရာပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာပြီး မီးလျှံတန်းကြီးနှင့်အတူ မြေပြင်ပေါ်သို့ ကမ္ဘာပျက်မတတ် အရှိန်အဟုန်ဖြင့် ကျဆင်းလာတော့သည်။ ထိုကြယ်တာရာ ဖြတ်သန်းသွားသော နေရာတိုင်းတွင် ဟင်းလင်းပြင်များ အက်ကွဲကုန်ပြီး ကမ္ဘာမြေမှာ တုန်ခါသွားကာ ဥပဒေသများပင်လျှင် တစ်စစီ ချေမှုန်းခြင်း ခံလိုက်ရသည်။
[နတ်ဘုရားစွမ်းရည် - ကောင်းကင်ဆုတ်ဖြဲ ကြယ်တာရာပြိုလဲခြင်း ]
ဤသည်က ကြယ်တာရာ စွမ်းအားများကို အသုံးချကာ မည်သည့်ခုခံမှုကိုမျှ ဂရုမစိုက်ဘဲ ပစ်မှတ်၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို တိုက်ရိုက် ချေမှုန်းခြင်း ဖြစ်သည်။ ထိပ်တန်း အကာအကွယ်ပစ္စည်းများ ရှိနေလျှင်ပင် ဤကြယ်တာရာ ကျဆင်းလာသည်နှင့် တစ်ပြိုင်နက် အမှုန့်ဖြစ်သွားရမည် ဖြစ်ကာ ဝိညာဉ်ပါ ချုပ်ငြိမ်းသွားရမည် ဖြစ်သည်။
စွမ်းအင်ကုန်ဆုံးမှု များပြားလှသော်လည်း ရရှိလာသည့် သတ်ဖြတ်နိုင်စွမ်းမှာမူ အနှိုင်းမဲ့လှပေသည်။
'အကုန်လုံး ပြီးဆုံးသွားပြီ..'
လူတိုင်း၏ ရင်ထဲတွင် အသက်ရှူရပ်မတတ် တုန်လှုပ်သွားကြသည်။ သူတို့ ထွက်ပြေးချင်သော်လည်း ဂူချန်၏ ကိုယ်ပွားများက ပိတ်ဆို့ထားသဖြင့် လွတ်မြောက်ရန် အခွင့်အရေး မရှိပေ။ သူတို့သည် မိမိတို့၏ ပုံရိပ်များကို လွှမ်းမိုးသွားသော ထိုကြီးမားလှသည့် ကြယ်တာရာကြီး ကျဆင်းလာသည်ကိုသာ ငေးကြည့်နေရတော့သည်။
"ဝုန်း..."
ကြယ်တာရာမှာ မြေပြင်ပေါ်သို့ ကျရောက်သွားသည်နှင့် တစ်ပြိုင်နက် ကမ္ဘာမြေကြီးမှာ စက္ကူကဲ့သို့ပင် ပျော့ပျောင်းသွားပြီး မိုင် ၁၀၀ ခန့် ကျယ်ဝန်းသော ကျင်းကြီးတစ်ခုအဖြစ် ပြိုကျသွားတော့သည်။ မြေအောက် သွေးကြောများ အက်ကွဲကုန်ကာ ချော်ရည်များ ပန်းထွက်လာပြီး ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော လေလှိုင်းများမှာ နေရာအနှံ့သို့ ပြန့်နှံ့သွားတော့သည်။
ဟင်းလင်းပြင်အတွင်း၌ ဥပဒေသ အစအနပေါင်းများစွာ လွင့်ပျံနေပြီး သက်ရှိတို့၏ နောက်ဆုံး ရုန်းကန်မှုကို သက်သေပြနေကြသည်။
ဂူချန်သည် ကောင်းကင်ယံတွင် ရပ်နေရင်း ဤကြီးကျယ်လှသော ပေါက်ကွဲမှုကြီးကို အေးဆေးစွာ ကြည့်ရှုနေသည်။ တစ်ချိန်တည်းမှာပင် သူ၏ နားထဲတွင် သာယာလှသော စနစ်၏ အသံကို နားထောင်နေတော့သည်။
[ အိမ်ရှင်သည် လျောင်ချင်းဖုန်းကို ကူညီပေးခဲ့ကြောင်း စနစ်က ထောက်လှမ်းမိပါသည်... ]
[ အိမ်ရှင်သည် ဝူယုံကို ကူညီပေးခဲ့ကြောင်း စနစ်က ထောက်လှမ်းမိပါသည်... ]
[အိမ်ရှင်သည် အတူတကွ တိုက်ပွဲဝင်ခဲ့သော အပေါင်းအသင်းများကို "တစ်နေ့တည်း မမွေးခဲ့သော်လည်း တစ်နေ့တည်း အတူသေမည်" ဟူသော ရည်မှန်းချက်ကို အကောင်အထည်ဖော်ပေးခဲ့ပါသဖြင့် စေတနာရမှတ် +၈၈၈,၈၈ ရရှိပါသည် ]
[ ဂုဏ်ယူပါသည် အိမ်ရှင်၊ သင်၏ ကမ္မအဆင့် တိုးတက်သွားပါပြီ ]