← Chapters

အခန်း (၂၂၁-၂၂၂)

Vol. 21 Ch. 221-222

အခန်း (၂၂၁-၂၂၂)

Vol. 21 Ch. 221-222

Chapter 221

~

အခန်း ၂၂၁ : နောက်တစ်ခါ ပုံပြင်ပြောရင် မြန်မြန်ပြော

~

​[ လက်ရှိ စေတနာရမှတ် ၂၁၃,၀၅၀ ]

[ ကမ္မအဆင့် အလယ်အလတ်အဆင့် ]

[ကံတရားလက်ဆောင်ထုတ်ကို ချက်ချင်းဖွင့်မလား ]

​" မဟုတ်ဘူး .."

​နားထဲသို့ ဝင်ရောက်လာသော အစောင့်အရှောက်များ၏ အသံလွှင့်ချက်များကို နားထောင်ရင်း ဂူချန်က လက်ဆောင်ထုတ်ကို ဖွင့်ရန် မလောသေးပေ ။ ထို့နောက်တွင်တော့ သူသည် ကြယ်တာရာပြိုလဲခြင်းကြောင့် ဖြစ်ပေါ်လာသော အပျက်အစီးများထဲမှ ဝှူးခနဲ အသံနှင့်အတူ ကောင်းကင်ယံသို့ ပျံတက်လိုက်ပြီး ကန္တာရဆီသို့ ဦးတည်လိုက်သည် ။

​ကြယ်တာရာပြိုလဲခြင်း၏ ဖျက်ဆီးနိုင်စွမ်းမှာ အမှန်တကယ်ပင် ကြီးမားလှပေသည် ။ အထူးကျောက်သလင်းများဖြင့် တည်ဆောက်ထားသော နတ်ဘုရားမီးတောက်ဂိုဏ်း နန်းတော်ကြီးမှာ တစ်စစီဖြစ်နေလေပြီ ။ အစီအရင်နှင့် ဟင်းလင်းပြင်များမှာလည်း ပျက်စီးသွားပြီး သဲများမှာ အတွင်းသို့ စီးဝင်လာတော့သည် ။ မကြာမီအချိန်အတွင်း ထိုနေရာတစ်ခုလုံးမှာ သဲများဖြင့် ဖုံးလွှမ်းသွားတော့မည် ဖြစ်သည် ။

​သို့သော် ဂူချန်၏ အာရုံမှာ ထိုအပျက်အစီးများထံတွင် မရှိဘဲ မိုင်ပေါင်းများစွာ ဝေးကွာသော တိုက်ပွဲမြေပြင်ဆီသို့သာ ရောက်ရှိနေသည် ။ အရှင်သခင်အဆင့် အဆုံးစွန်သို့ ရောက်ရှိထားပြီး ဖုတ်ကောင်မျိုးနွယ်၏ သန်မာသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် အစောင့်အရှောက် ငါးဦးမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ အဖွဲ့ဝင်ဖြစ်သူ ကျန့်ရှန်ရှုးနှင့် အကြိတ်အနယ် တိုက်ခိုက်နေကြသည် ။

​ဤသည်မှာ သူ၏ ခန့်မှန်းချက်ကို အနည်းငယ် ကျော်လွန်နေခဲ့သည် ။ ယခင်က အစီအရင်အတွင်း ပိတ်မိနေစဉ်တွင်လည်း ကျန့်ရှန်ရှူးကသာ ဟင်းလင်းပြင်ကို ဆုတ်ဖြဲ၍ လျောင်ချင်းဖုန်းတို့ကို လွတ်မြောက်အောင် ကူညီပေးခဲ့ခြင်း ဖြစ်သည် ။ ယခုလည်း သူသည် ထိုပြင်းထန်သော တိုက်ကွက်ဒဏ်ကို ခံနိုင်ရည်ရှိရုံသာမကဘဲ အစောင့်အရှောက် ငါးဦးကို တစ်ယောက်တည်းနှင့် ရင်ဆိုင်နေနိုင်ဆဲ ဖြစ်သည် ။

​ကျန့်ရှန်ရှူးသည် လက်များကို ဘောင်းဘီအိတ်ထဲ ထည့်ထားရင်းပင် သူ၏ ပတ်ဝန်းကျင်တွင် ဟင်းလင်းပြင် အက်ကွဲကြောင်းများစွာကို ဖန်တီးထားသည် ။ ထိုအက်ကွဲကြောင်းများမှတစ်ဆင့် ရွှေရောင်လက်နက်များကို ထုတ်သုံးကာ အစောင့်အရှောက်များ၏ မိစ္ဆာစွမ်းအင်များကို အလွယ်တကူ ချေမှုန်းနေသည် ။ ခဏတာမျှတော့ အစောင့်အရှောက် ငါးဦးစလုံးက သူ့ကို အသာစီး မရနိုင်ဘဲ ဖြစ်နေကြသည် ။

​" ဒါပေမဲ့ ကစားပွဲက ဒီမှာတင် ပြီးပြီ.. "

​ဂူချန်၏ မျက်နှာမှာ အေးစက်နေပြီး ခြေတစ်လှမ်းတည်းနှင့်ပင် တိုက်ပွဲမြေပြင်သို့ ရောက်ရှိသွားသည် ။ သူက လေထဲတွင် ဖမ်းဆုပ်လိုက်ရာ ဟင်းလင်းပြင်ကို ဆုတ်ဖြဲ၍ ကြီးမားလှသော လက်ဝါးပုံရိပ်ကြီးတစ်ခု ပေါ်ထွက်လာပြီး ကျန့်ရှန်ရှူးထံသို့ မယုံနိုင်ဖွယ် အရှိန်ဖြင့် ကျဆင်းလာတော့သည် ။

​ဂူချန်၏ လက်ထဲတွင်မူ သာမန်တိုက်ကွက်ပင်လျှင် ကမ္ဘာပျက်မတတ် စွမ်းအားကို ထုတ်ဖော်နိုင်သည် ။ စနစ်က အကောင်းဆုံး နည်းစနစ် များကိုသာ ပေးအပ်ထားပေသည်။

"​ဘုန်း... ဘုန်း... ဘုန်း..."

​ကောင်းကင်ယံရှိ လေထုလွှာများမှာ ဖန်သားပြင်များ ကွဲအက်သွားသလိုပင် တဖြည်းဖြည်း ချေမှုန်းခံလိုက်ရသည် ။ ကောင်းကင်ယံမှာ မှောင်မိုက်သွားပြီး မိုင်ပေါင်းသောင်းချီသော နယ်ပယ်အတွင်း ရင်တုန်ဖွယ် ဖိအားများ လွှမ်းမိုးသွားသည် ။ အစောင့်အရှောက် ငါးဦးနှင့် တိုက်ခိုက်နေသော ကျန့်ရှန်ရှူးသည်လည်း ထိုထူးဆန်းမှုကို ချက်ချင်း သတိပြုမိသွားသည် ။

​" ဒါက ဘာလဲ .."

​ကျန့်ရှန်ရှူး၏ မျက်တောင်များမှာ ပြင်းထန်စွာ တုန်ခါသွားပြီး ရွှေရောင်အလင်းတန်းအသွင် ပြောင်းလဲကာ အဝေးသို့ ထွက်ပြေးရန် ကြိုးစားသည် ။ သို့သော် သူ မည်သည့်ဘက်သို့ ပြေးသည်ဖြစ်စေ တစ်ဖက်လူ၏ အရှိန်အဝါက သူ့ကို ပစ်မှတ်ထားထားသဖြင့် လွတ်မြောက်ရန် လုံးဝ မဖြစ်နိုင်တော့ပေ ။

​" ချီး... ပြေးလို့ မရဘူးပဲ.. "

" ဒါဆိုရင်လည်း တိုက်ရတာပေါ့.. "

​ရှောင်တိမ်း၍ မရနိုင်ကြောင်း သိလိုက်ရသည့်အခါ သူသည် ခြေလှမ်းကို ရပ်တန့်လိုက်ပြီး လက်ဟန်များကို မြန်ဆန်စွာ ပြုလုပ်ကာ ရှေးဟောင်း ဂါထာများကို ရွတ်ဆိုတော့သည် ။ သူ၏ ပတ်ဝန်းကျင်တွင် ရွှေရောင် ဟင်းလင်းပြင် အက်ကွဲကြောင်းကြီးတစ်ခု ပေါ်လာပြီး ပေရာပေါင်းများစွာအထိ ကျယ်ပြန့်သွားသည် ။

​" ဒါဆိုရင်လည်း... "

​ကျန့်ရှန်ရှူး၏ အရှိန်အဝါမှာလည်း အဆင့်များစွာ မြင့်တက်လာပြီး သူ၏ နုပျိုသော မျက်နှာတွင် ပြတ်သားသော အမူအရာ ပေါ်လာသည် ။ သူက လက်ကို ဆန့်ထုတ်၍ တစ်စုံတစ်ခုကို လှမ်းဖမ်းလိုက်ရင်း အော်ဟစ်လိုက်သည် ။

​" ဓား... လာစမ်း.. "

​"ဘုန်း.."

​ရွှေရောင် ဟင်းလင်းပြင်ထဲမှ ပြင်းထန်လှသော စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ဓားတစ်စင်း ထွက်ပေါ်လာသည် ။ ထိုဓား၏ ပုံစံမှာ အလွန်ထူးခြားပြီး ဆလင်ဒါပုံစံ အစိတ်အပိုင်း သုံးခုက အရှိန်အဟုန်ဖြင့် လည်ပတ်နေကာ အနီရောင် စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေသည် ။ ၎င်းမှာ ဧကရာဇ်လက်နက်ဖြစ်သော ပိုင်ရိဓား ပင် ဖြစ်သည် ။

​" ငါ့ရဲ့ ဒီတိုက်ကွက်ကို မြင်တွေ့ရတာက မင်းတို့ဘဝအတွက် ဂုဏ်ယူစရာပဲ .."

​ကျန့်ရှင်ရှုးက ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည် ။ သူက ဓားကို ဝှေ့ယမ်းလိုက်ရာ ပေရာပေါင်းများစွာ ရှည်လျားသော အနီရောင် စွမ်းအင်လှိုင်းကြီးမှာ ဂူချန်၏ လက်ဝါးပုံရိပ်ကြီးထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည် ။ ဧကရာဇ်လက်နက်နှင့် သူ၏ ဓားလမ်းစဉ် အခြေခံတို့ ပေါင်းစပ်လိုက်သည့်အခါ မည်သည့်အရာကိုမဆို ဖျက်ဆီးနိုင်သည်ဟု သူ ယုံကြည်ထားသည် ။

​ပေါက်ကွဲသံကြီးနှင့်အတူ စွမ်းအင်လှိုင်းနှစ်ခု ထိပ်တိုက်တွေ့ဆုံသွားပြီး ကောင်းကင်ယံမှာ လင်းထိန်သွားသည် ။ တိုက်ပွဲ၏ အရှိန်ကြောင့် ကန္တာရအတွင်းရှိ သဲများမှာ မုန်တိုင်းအသွင် လွင့်စင်လာပြီး ဟင်းလင်းပြင်အတွင်း လေဟာနယ်တစ်ခု ဖြစ်ပေါ်သွားခဲ့သည် ။

​" စိတ်ဝင်စားစရာပဲ .."

​ဂူချန်က ရယ်မောလိုက်သည် ။ သူ၏ နဖူးအလယ်ရှိ ကောင်းကင်မျက်လုံး ပွင့်လာပြီး ရွှေရောင်နှင့် ခရမ်းရောင် လျှပ်စီးများ ရောယှက်နေသော အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်သည် ။ ထိုအလင်းတန်းမှာ ကျန့်ရှင်ရှုး၏ တိုက်ကွက်ကို အလွယ်တကူ ဖောက်ထွက်သွားပြီး သူ၏ ရှေ့သို့ ရောက်ရှိလာသည် ။ ကျန့်ရှန်ရှုးမှာ မည်သည့်အရာမှ မတုံ့ပြန်နိုင်မီမှာပင် ထိုအလင်းတန်းက သူ့ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည် ။

​" ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. "

​ကျန့်ရှန်ရှူး၏ မျက်ဝန်းများမှာ မယုံနိုင်သဖြင့် ပြူးကျယ် သွားသည် ။

'ဘယ်လိုနည်းစနစ်က ဒီလောက်အထိ မြန်ရတာလဲ ။ ဒီလူရဲ့ တိုက်ကွက်တွေက ဘာလို့ ဒီလောက်အထိ ထူးဆန်းနေရတာလဲ ..'

သူသည် ပိုင်ရိဓားကို ရှေ့တွင် ကာထားရင်း ရွှေရောင် ချပ်ဝတ်တန်ဆာကို ဖန်တီးရန် ကြိုးစားသော်လည်း ဂူချန်၏ အလင်းတန်းမှာ ဓားကို အလွယ်တကူ ဖောက်ထွက်သွားပြီး သူ၏ ရင်ဘတ်ကို တည့်တည့် မှန်သွားတော့သည် ။

​သွေးများမှာ ကောင်းကင်သို့ ပန်းထွက်သွားပြီး သူ၏ ခန္ဓာကိုယ်မှာလည်း လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည် ။ သူ၏ ရင်ဘတ် တစ်ဝက်ခန့်မှာ ပျောက်ကွယ်သွားပြီး သွေးများနှင့် ကလီစာ အစအနများမှာလည်း ဒဏ်ရာမှတစ်ဆင့် စီးကျလာသည် ။

​ကျန့်ရှန်ရှူးမှာ မြေပြင်ပေါ်တွင် လဲလျောင်းနေရင်း နာကျင်မှုကြောင့် အသက်ရှူရန်ပင် ခက်ခဲနေသည် ။ လျောင်ချင်းဖုန်းတို့ကဲ့သို့ပင် သူသည်လည်း မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိခဲ့သော်လည်း ဂူချန်၏ တိုက်ကွက်ရှေ့တွင်မူ ကလေးကစားစရာကဲ့သို့ ဖြစ်သွားခဲ့သည် ။ ဧကရာဇ်လက်နက်ပင်လျှင် အရုပ်တစ်ခုလို ဖျက်ဆီးခံလိုက်ရသည် ။

​" အဟွတ်... အဟွတ်... "

​ကျန့်ရှန်ရှူး၏ မျက်နှာမှာ စက္ကူကဲ့သို့ ဖြူလျော့နေသည် ။ သူသည် သွေးများကို အန်ထုတ်ရင်း ကောင်းကင်မှ ဆင်းသက်လာသော ပုံရိပ်ခြောက်ခုကို ကြည့်ကာ တွေးတောနေသည် ။ သူသည် လျောင်ချင်းဖုန်းတို့ကို အခွင့်အရေးပေးရန်အတွက် အစောင့်အရှောက်များကို တစ်ယောက်တည်းနှင့် တားဆီးခဲ့ခြင်း ဖြစ်သည် ။ ထိုသူများက ဂူချန်ကို အသေသတ်နိုင်လိမ့်မည်ဟု သူ မျှော်လင့်ခဲ့သော်လည်း ယခုတော့ သူ၏ မျှော်လင့်ချက်များ အားလုံး ပျက်စီးသွားခဲ့လေပြီ ။

​" ငါ... ငါ သေတော့မှာလား .."

​သူသည် မိမိကိုယ်ကိုယ် ပြန်မေးလိုက်သည် ။

​" မဟုတ်ဘူး... ငါ အခုထိ သေလို့ မဖြစ်သေးဘူး .."

" အခု မဟာမိတ်အဖွဲ့က လူတွေ အကုန်လုံး အသတ်ခံရပြီဆိုရင် အမ်မာတားရက်စ် တစ်ယောက်တည်းနဲ့ ဒီလူကို ဘယ်လိုမှ တားနိုင်မှာ မဟုတ်ဘူး "

" ဒါဆိုရင် လူသားမျိုးနွယ် တစ်ခုလုံးက ဒီမိစ္ဆာကောင်ရဲ့ လက်အောက်မှာ ဒုက္ခရောက်ကုန်ကြလိမ့်မယ် "

" ငါ အခုထိ လဲကျလို့ မဖြစ်သေးဘူး... ငါ့မှာ နောက်ဆုံး ဝှက်ဖဲ ရှိသေးတယ်.. "

​ကျန့်ရှင်ရှုး၏ မှေးမှိန်နေသော မျက်ဝန်းများမှာ ပြန်လည် တောက်ပလာပြီး ထူးခြားသော အရှိန်အဝါတစ်ခု ပေါ်ထွက်လာသည် ။ ဤသည်မှာ ဧကရာဇ်အဆင့်၏ အရှိန်အဝါ ဖြစ်သည် ။

​" ဒါက... ဧကရာဇ်အဆင့်ရဲ့ အရှိန်အဝါပဲ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. "

​အစောင့်အရှောက် နံပါတ် ၁ က ထိတ်လန့်တကြား အော်ဟစ်လိုက်သည် ။ အစောင့်အရှောက် နံပါတ် ၂ ကလည်း ကျန့်ရှန်ရှူးထံသို့ မိစ္ဆာစွမ်းအင်များကို ပစ်လွှတ်သော်လည်း ရွှေရောင် အလင်းတန်းများက အကုန်လုံးကို ကာကွယ်ထားသည် ။

​" မင်းတို့ ဘာကို ကြောက်နေကြတာလဲ... ငါတို့ ဂိုဏ်းချုပ်က မိစ္ဆာဧကရာဇ်ပဲ... သူက ဒီလူကို ကြောက်နေစရာ မလိုဘူး "

​အစောင့်အရှောက် နံပါတ် ၃ က ပြောလိုက်သော်လည်း သူမ၏ မျက်မှောင်ကြုတ်ထားမှုက စိုးရိမ်စိတ်ကို ဖော်ပြနေသည် ။ ဂူချန်မှာမူ ထိုအခြင်းအရာကို ကြိုတင် သိမြင်ထားသည့်အလား တည်ငြိမ်နေဆဲ ဖြစ်သည် ။ သူက နဖူးမှ ကောင်းကင်မျက်လုံးကို တစ်ကြိမ် ထပ်မံ အသက်သွင်းလိုက်ရာ ရွှေရောင်အလင်းတန်းမှာ ကျန့်ရှန်ရှူး၏ ခန္ဓာကိုယ်ပေါ်တွင် ပေါက်ကွဲသွားတော့သည် ။ ပေါက်ကွဲမှုကြောင့် ကျန့်ရှင်ရှု၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်း ပြတ်သွားပြီး မြေပြင်ပေါ်တွင် ခေါင်းတစ်ခုသာ ကျန်ရှိတော့သည် ။

​" ဟားဟားဟား... ဟားဟားဟားဟား "

​သွေးများမှာ ပါးစပ်မှ စီးကျနေသော်လည်း ကျန့်ရှန်ရှူးက ရုတ်တရက် ရယ်မောလိုက်သည် ။ သူ၏ မျက်ဝန်းများတွင်လည်း မျှော်လင့်ချက် အလင်းတန်းများ ရှိနေဆဲ ဖြစ်သည် ။

​" ဘာလို့ ရယ်နေတာလဲ... မင်းက ဘာလို့ ရယ်နေတာလဲ.. "

​အစောင့်အရှောက် နံပါတ် ၄ က ဆဲဆိုလိုက်သော်လည်း ကျန့်ရှန်ရှူးက အက်ကွဲသော အသံဖြင့် ပြန်ပြောလိုက်သည် ။

​" ကောင်းကင်ဘုံက ဘယ်တော့မှ လမ်းစအကုန် ပိတ်မထားဘူးဆိုတာ မင်းတို့ မကြားဖူးဘူးလား .."

" ငါ သွားချင်တဲ့ လမ်းက ငါ့ရဲ့ ခြေဖဝါးအောက်မှာ အမြဲတမ်း ရှိနေတယ်.. "

​တစ်ချိန်တည်းမှာပင် သူ၏ စိတ်ထဲတွင် ရဲရင့်သော အသံတစ်ခု ပေါ်လာသည် ။

​" ကျန့်ရှန်ရှူး... မင်း နောက်ဆုံးတော့ ဒဏ္ဍာရီ ဖြစ်လာဖို့ လျှို့ဝှက်ချက်ကို နားလည်သွားပြီပေါ့.. "

​ထိုအသံမှာ တစ်ခါက နာမည်ကျော်ခဲ့သော ဓားဧကရာဇ် ဂျင်ဖလက်ရှ်ရှီ ၏ အသံ ဖြစ်သည် ။ ကျန့်ရှန်ရှူးသည် သူ ငယ်စဉ်က တောထဲတွင် ကောက်ရခဲ့သော ဓားသေတ္တာမှာ ဓားဧကရာဇ်၏ အမွေအနှစ် ဖြစ်သည်ကို ယခုမှ နားလည်သွားသည် ။ ကျန့်ရှန်ရှူး၏ ခန္ဓာကိုယ်မှာလည်း ရွှေရောင် အလင်းတန်းများအောက်တွင် အံ့ဖွယ်နည်းဖြင့် ပြန်လည် တည်ဆောက်လာသည် ။

​ပျက်စီးသွားသော ပိုင်ရိဓားမှာလည်း ပြန်လည် စုစည်းသွားပြီး ကျန့်ရှန်ရှူး၏ အရှိန်အဝါမှာ ဧကရာဇ်တစ်ပိုင်း အဆင့်သို့ ရောက်ရှိသွားသည် ။ သူသည် ရှေ့မှ လူများကို သတ်ဖြတ်ရန် လက်ကို မြှောက်လိုက်သော်လည်း သူ၏ ရှေ့တွင် ဂူချန်က ရုတ်တရက် ပေါ်လာသည် ။

​ဂူချန်သည် သူ၏ အစွမ်းကုန် အခြေအနေကို အသက်သွင်းလိုက်ပြီး ကျန့်ရှန်ရှူး၏ ပတ်ဝန်းကျင်ရှိ ဓားအရှိန်အဝါများကို အလွယ်တကူ ဖျက်ဆီးကာ သူ၏ ခေါင်းကို ဖမ်းဆုပ်လိုက်သည် ။ အစောင့်အရှောက် ငါးဦးမှာ အံ့ဩခြင်းပေါင်း များစွာဖြင့် ကြည့်နေစဉ်မှာပင် ဂူချန်က ကျန့်ရှန်ရှူးး၏ ခေါင်းကို ချေမွပစ်လိုက်တော့သည် ။

​" နောက်တစ်ခါဆိုရင် ပုံပြင်ပြောတာ ကိုမြန်မြန်ပြောပါ.. "

​ဂူချန်က အေးစက်စွာ ပြောလိုက်ပြီး သူ၏ လက်ပေါ်မှ သွေးစများကို ခါထုတ်ကာ ထိုနေရာမှ ထွက်ခွာသွားတော့သည် ။

Chapter 222

~

အခန်း ၂၂၂ : ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ရောက်ရှိခြင်းနှင့် လမ်းစဉ်နှစ်ရပ်၏ မဟာသခင်

~

​နတ်ဘုရားမီးတောက်ဂိုဏ်း ဌာနချုပ်ရှိ အနက်ရောင်နန်းတော်အတွင်း...

​ယခုအခါ ထိုနေရာမှာ အပျက်အစီးများဖြင့် ပြည့်နှက်နေသော မြေပြင်တစ်ခု ဖြစ်သွားခဲ့ပြီး ဝါကျင့်ကျင့်သဲများက မြင်ကွင်းအတွင်းရှိ အရာအားလုံးကို ဖုံးလွှမ်းထားလေသည်။ သို့သော်လည်း မြေအောက် မီတာတစ်သောင်းအကွာတွင်ရှိသော နတ်ဘုရားမီးတောက်ဂိုဏ်း၏ ဘဏ္ဍာတိုက်မှာမူ မပျက်မစီးဘဲ နဂိုအတိုင်း ရှိနေဆဲပင် ။

​" တစ်.. နှစ်..သုံး.. လေး.. ငါး... မင်းတို့အားလုံး နတ်ဘုရားမီးတောက်ဂိုဏ်းရဲ့ အဖွဲ့ဝင်တွေအားလုံးကို ဆက်သွယ်လိုက်ကြ .. ငါ ဒီထဲက ပြန်ထွက်လာတဲ့အခါ ဂိုဏ်းတစ်ခုလုံး မဟာမိတ်အဖွဲ့ချုပ် ကို စစ်ချီမယ်.. "

​ဝူကျီမိစ္ဆာဧကရာဇ်၏ မှတ်ဉာဏ်များကို အသုံးချကာ ဂူချန်သည် ဘဏ္ဍာတိုက်တံခါးများကို အလွယ်တကူပင် ဖွင့်လိုက်လေသည်။ ထို့နောက် အစောင့်အရှောက်ငါးဦးကို ညွှန်ကြားချက်များ ပေးပြီးသည်နှင့် သူသည် အတွင်းသို့ တည့်တည့်မတ်မတ် လျှောက်လှမ်းဝင်သွားတော့သည်။

​ဤတိုက်ပွဲသည် သူ့အတွက် စေတနာရမှတ် အမြောက်အမြားကို ဆောင်ကြဉ်းပေးခဲ့သည်။ ထိုရမှတ်များသည် သူ၏ ကျင့်စဉ်အဆင့်ကို ဧကရာဇ်အဆင့် သို့ ရောက်သည်အထိ မမြှင့်တင်ပေးနိုင်သော်လည်း သူ၏ ခွန်အားကို နောက်ထပ်အဆင့်တစ်ခုသို့ မြှင့်တင်ရန်အတွက်မူ လုံလောက်ပေသည်။

​အနည်းဆုံးတော့ သူ၏ သန့်စင်ခြင်းလမ်းစဉ် နှင့် လှည့်စားမှုလမ်းစဉ် အဆင့်များကို အတိတ်တွင်လည်း မရှိခဲ့ဖူးသလို နောင်တွင်လည်း ရှိလာရန် ခဲယဉ်းသော အဆင့်တစ်ခုဖြစ်သည့်မဟာသခင် အဆင့်အထိ တွန်းတင်နိုင်မည် ဖြစ်သည်။

​သမိုင်းတစ်လျှောက်တွင် ဒဏ္ဍာရီလာ မဟာဧကရာဇ် ဆယ်ပါးသာလျှင် သူတို့၏ လမ်းစဉ်အဆင့်ကို မဟာသခင် အဆင့်အထိ မြှင့်တင်နိုင်ခဲ့ကြခြင်း ဖြစ်သည်။ သူတို့မှလွဲ၍ အခြားမည်သူမျှ မရှိခဲ့ချေ။ သို့သော် ယနေ့ပြီးနောက်တွင်မူ လူသားမျိုးနွယ်၏ သမိုင်းတွင် နောက်ထပ်တစ်ဦး ထပ်တိုးလာတော့မည် ဖြစ်သည်။

​ဘဏ္ဍာတိုက်အတွင်းသို့ ဝင်ရောက်ပြီးနောက် ဂူချန်သည် သူ၏ စိတ်အာရုံဖြင့် ဝေ့ဝဲကြည့်ရှုလိုက်ရာ သူအလိုရှိသော ကောင်းကင်နှင့်မြေကြီး ရတနာ ကို လျင်မြန်စွာ ရှာတွေ့သွားသည်။ ၎င်းမှာ အရှင်သခင် အဆင့်များ သို့မဟုတ် မဟာဧကရာဇ်များပင်လျှင် လိုချင်တပ်မက်ကြသည့် ထိပ်တန်းရတနာတစ်ပါး ဖြစ်သည်။

​၎င်းမှာ အရောင်အဆင်းမရှိဘဲ ကြည်လင်တောက်ပသည့် စင်ကြယ်သော အရည်တစ်စက် ဖြစ်သော်လည်း မျက်နှာပြင်မှ ကြယ်တာရာများ၏ စွမ်းအားကို ဆောင်ကြဉ်းထားသည့်အလား မှိန်ဖျော့သော အလင်းတန်းများ ထွက်ပေါ်နေသည်။ အဝေးမှ လှမ်းကြည့်ရုံမျှနှင့်ပင် လူကို လန်းဆန်းတက်ကြွစေပြီး ကျင့်ကြံသူ၏ စိတ်ဓာတ်ကို ကြည်လင်သွားစေနိုင်သည်။

​၎င်းမှာ ရှေးဦးနတ်ရေစင် ပင် ဖြစ်သည်။

​၎င်းသည် ကျင့်ကြံသူများ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ဆေးကြောပေးနိုင်ခြင်း၊ ဝိညာဉ်ကို သန့်စင်ပေးခြင်း၊ နားလည်သဘောပေါက်နိုင်စွမ်းကို မြှင့်တင်ပေးခြင်း၊ လမ်းစဉ်၏ မူလစွမ်းအားကို တိုးမြှင့်ပေးခြင်းနှင့် ကျင့်စဉ်အဆင့်ကို ကျော်ဖြတ်စေနိုင်ရုံသာမက သက်တမ်းကိုပင် တိုးစေနိုင်သည့် အစွမ်းရှိသည်။ အရေးကြီးဆုံးအချက်မှာ ၎င်းသည် ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းရာတွင် အဟန့်အတားဖြစ်စေသည့် စိတ်မိစ္ဆာများကို ကြိုတင်ဖယ်ရှားပေးနိုင်သော အကောင်းဆုံး ဝိညာဉ်ဆေးတစ်မျိုး ဖြစ်ခြင်းပင် ဖြစ်သည်။

​ဤရေစင်သည် ကမ္ဘာဦးအစကပင် ကောင်းကင်နှင့်မြေကြီး၏ အစင်ကြယ်ဆုံး စွမ်းအင်များမှ ဖြစ်တည်လာခြင်း ဖြစ်ပြီး မှန်းဆ၍မရနိုင်သော လမ်းစဉ်မူလစွမ်းအားများ ပါဝင်နေသည်။ ၎င်းကို ဒဏ္ဍာရီလာ လျှို့ဝှက်နယ်မြေများတွင်သာ တွေ့ရှိနိုင်လေ့ရှိသည်။ နတ်ဘုရားမီးတောက်ဂိုဏ်း၏ ဘဏ္ဍာတိုက်ထဲရှိ ဤရေစင်တစ်စက်မှာ ဤကမ္ဘာပေါ်ရှိ နောက်ဆုံးကျန်ရစ်သော ရေစင်တစ်စက်လည်း ဖြစ်နိုင်ပေသည်။

​ထိုစဉ်က ဝူကျီမိစ္ဆာဧကရာဇ်သည် ဤရေစင်တစ်စက်ကို ရရှိရန်အတွက် အသက်အန္တရာယ်ကို ရင်းနှီးခဲ့ရခြင်း ဖြစ်သည်။

​" ဝူကျီ... အို ဝူကျီ... မင်းကတော့ ငါ့ကို တကယ်ပဲ ပျော်ရွှင်အောင် လုပ်ပေးနိုင်တာပဲ.. "

​ဂူချန်သည် မူလအစနတ်ရေစင်ကို တွန့်ဆုတ်ခြင်းမရှိဘဲ ဖမ်းဆုပ်လိုက်ကာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ ချက်ချင်းပင် သန့်စင်ထည့်သွင်းလိုက်လေသည်။

​နောက်တစ်ခဏတွင်...

​အေးမြသော စွမ်းအင်တစ်ခုသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ စီးဝင်သွားပြီးနောက် တဖြည်းဖြည်းနှင့် နွေးထွေးသော စွမ်းအားတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူသည် ကမ္ဘာဦးအစ ဖန်ဆင်းရှင်၏ ရင်ခွင်ထဲတွင် ရောက်ရှိနေသည့်အလား ခံစားလိုက်ရသည်။ သူ၏ စိတ်ထဲတွင်လည်း မကြုံစဖူးသော ကြည်လင်မှုမျိုး ပေါ်ပေါက်လာပြီး မည်သည့်အရာကမျှ သူ့ကို တုန်လှုပ်အောင် မလုပ်နိုင်တော့သည့် တည်ငြိမ်အေးချမ်းသော အခြေအနေသို့ ရောက်ရှိသွားသည်။

​ဂူချန်သည် စနစ်ကို ခေါ်ယူလိုက်ပြီး ရမှတ်များကို စတင်အသုံးချလိုက်တော့သည်။

​[ ဒင် ]

[ ကျင့်စဉ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများ ပြုလုပ်နေပါသည်... ]

[ သင်သည် အဆင့်မြင့် ကောင်းကင်နှင့်မြေကြီး ရတနာ ဖြစ်သော ရှေးဦးနတ်ရေစင်ကို သုံးစွဲထားသည်ဟု စနစ်က တွေ့ရှိရပါသည် ။ သင့်ခန္ဓာကိုယ်အတွင်းရှိ လမ်းစဉ်မူလစွမ်းအားများမှာ လှိုင်းတံပိုးများကဲ့သို့ မြင့်တက်နေပြီး လမ်းစဉ်ကြီးကို နားလည်နိုင်စွမ်းမှာလည်း သိသိသာသာ တိုးတက်လာပါသည် ။ ]

[ သင့်စိတ်မိစ္ဆာများ ကွယ်ပျောက်သွားပြီ ဖြစ်ပြီး ၊ နားလည်နိုင်စွမ်း မြင့်တက်လာကာ လမ်းစဉ်ပိုင်းဆိုင်ရာ သိမြင်မှုများ နက်ရှိုင်းလာပါသည် ။ ကျင့်စဉ်တိုးတက်မှု အရှိန်မှာ ၅၀၀ ရာခိုင်နှုန်းအထိ မြင့်တက်သွားပါသည် ]

​" အဆင့် ၉ ရတနာဆေးရဲ့ အာနိသင်ကတော့ တကယ့်ကို ကြောက်စရာကောင်းတာပဲ.. "

​ဂူချန်သည် စိတ်ထဲမှ ချီးကျူးမိသွားသည်။ ကျင့်စဉ်အရှိန် ငါးဆ တိုးတက်သွားသည်ကို သူ ယခုမှပင် မြင်ဖူးခြင်း ဖြစ်သည်။ သူ၏ ပုံရိပ်ယောင်နယ်မြေမှ ရရှိထားသော အရှိန်နှင့် ပေါင်းစပ်လိုက်လျှင် သူ၏ စေတနာရမှတ် အသုံးစရိတ်ကို သိသိသာသာ လျှော့ချနိုင်မည် ဖြစ်သည်။

​ဂူချန်သည် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး စနစ်၏ ဖော်ပြချက်ကို ဆက်ကြည့်လိုက်သည်။

​[ကျင့်စဉ် စတင်ပါပြီ ]

[ သင်၏ ကြောက်မက်ဖွယ်ကောင်းသော နားလည်နိုင်စွမ်းနှင့် လှည့်စားမှုလမ်းစဉ်တွင် ရှိသော ပါရမီတို့၏ အထောက်အပံ့ဖြင့် သင်သည် ကောင်းကင်နှင့်မြေကြီး၏ ပုံရိပ်ယောင်များကို လျင်မြန်စွာ နားလည်သွားပါသည် ။ သင်သည် အတုနှင့်အစစ်ကြားတွင် အုပ်စိုးသူ ဖြစ်လာပါပြီ ]

[ ဂုဏ်ယူပါသည် သင်၏ လှည့်စားမှုလမ်းစဉ် အဆင့်မှာ မဟာသခင် အဆင့်သို့ ရောက်ရှိသွားပါပြီ ]

[ပါရမီအဆင့်မြှင့်တင်ခြင်း - အတုအစစ်ပြောင်းလဲခြင်း မှ အတုအစစ်နေရာရွှေ့ပြောင်းခြင်း သို့ ပြောင်းလဲသွားပါသည် ။ ]

[အတုအစစ်နေရာရွှေ့ပြောင်းခြင်း - အစစ်အမှန်အရာဝတ္ထုများကို ရိပ်ယောင်အဖြစ် ပြောင်းလဲနိုင်သလို ၊ ရိပ်ယောင်များကိုလည်း အစစ်အမှန်အဖြစ် ပြောင်းလဲနိုင်ပါသည် ။ တိုက်ပွဲအတွင်း ရန်သူ၏ တိုက်ခိုက်မှုကို ရိပ်ယောင်အဖြစ် ပြောင်းလဲပစ်နိုင်သလို ၊ သင်၏ ရိပ်ယောင်တိုက်ကွက်များကိုလည်း အစစ်အမှန်အဖြစ် ပြောင်းလဲနိုင်ပါသည် ။ ]

[ဘေးထွက်ဆိုးကျိုး - ရုပ်ပိုင်းဆိုင်ရာ ခွန်အား အမြောက်အမြား ကုန်ဆုံးစေပါသည် ။ ]

[ နတ်ဘုရားစွမ်းရည်အသစ် - နှုတ်ထွက်အမိန့်တော် ]

[နှုတ်ထွက်အမိန့်တော် - သင်ပြောလိုက်သော စကားလုံးတိုင်းသည် ပုံရိပ်ယောင်မှ အစစ်အမှန်အဖြစ် ပြောင်းလဲသွားစေမည် ဖြစ်သော်လည်း ၎င်းအတွက် လမ်းစဉ်မူလစွမ်းအားများကို ကုန်ဆုံးစေမည် ဖြစ်သည် ။ ]

​စနစ်၏ ဖော်ပြချက်များ ပျောက်ကွယ်သွားသည်နှင့်အမျှ ဂူချန်၏ ခန္ဓာကိုယ်မှာ ထူးဆန်းစွာ တွန့်လိမ်သွားပြီး အစစ်နှင့်အတုကြားတွင် တည်ရှိနေသည့်အလား ဖြစ်သွားသည်။ သူက လက်ကို လှမ်းဆန့်လိုက်ရုံမျှနှင့်ပင် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်နှင့် အရာဝတ္ထုများမှာ ပုံပျက်သွားပြီး ဘာမှမရှိသော အခြေအနေသို့ ရောက်ရှိသွားတော့သည်။

​" ငါ့ကိုယ်ငါ ရိပ်ယောင်အဖြစ် ပြောင်းလဲနိုင်ရုံတင်မကဘဲ တခြားသူတွေကိုပါ ပြောင်းလဲပစ်နိုင်တာပဲ "

​ဂူချန်သည် ခဏမျှ အံ့ဩသွားပြီးနောက် သူ၏ အသက်ရှူသံများ မြန်လာကာ နတ်ဘုရားစွမ်းရည်အသစ်ကို ကြည့်လိုက်သည်။

​" နှုတ်ထွက်အမိန့်တော် .."

​ဒဏ္ဍာရီထဲတွင်သာ ရှိသော ထိုစွမ်းရည်ကို သူ ပိုင်ဆိုင်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဂူချန်သည် စမ်းသပ်လိုစိတ်ဖြင့် ရေရွတ်လိုက်သည်။

​" ငါ အခု ဧကရာဇ် ဖြစ်လာပြီ .. "

​ဘုန်း..

​သူ၏ ခန္ဓာကိုယ်အတွင်းရှိ လှည့်စားမှုလမ်းစဉ် မူလစွမ်းအားများမှာ ရူးသွပ်မတတ် ကုန်ဆုံးသွားပြီး အဆင့် ၈ နှင့် အဆင့် ၉ ကြားရှိ အတားအဆီးမှာ ပြင်းထန်စွာ တုန်ခါသွားသည်။ သို့သော်လည်း လမ်းစဉ်မူလစွမ်းအားများ ကုန်ဆုံးသွားသည့်တိုင်အောင် ထိုမမြင်ရသော အတားအဆီးမှာမူ ကျိုးပျက်မသွားခဲ့ပေ။

​သို့သော်လည်း ဤသည်က ဂူချန်အား မဟာဧကရာဇ်တစ်ပါး၏ စွမ်းအားကို အနည်းငယ် သိမြင်သွားစေခဲ့ပြီး ကျန့်ရှန်ရှူး ရောက်ရှိခဲ့သော ဧကရာဇ်တစ်ပိုင်း အဆင့်သို့ ရောက်ရှိသွားစေခဲ့သည်။

​ဂူချန်သည် သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။ သူ၏ အရှိန်အဝါမှာ အမြင့်ဆုံးသို့ ရောက်ရှိနေပြီး ဒဏ္ဍာရီလာ ဧကရာဇ်နယ်ပယ်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။ သူ ရပ်နေပုံမှာပင် နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားထည်ဝါနေလေသည်။

​သူသည် ခေါင်းကို ခါယမ်းကာ ရယ်မောလိုက်သည်။ သူ၏ လက်ရှိခွန်အားမှာ မည်သည့်အဆင့်သို့ ရောက်နေသည်ကို မသိနိုင်တော့ချေ။ မဟာဧကရာဇ်စစ်စစ်တစ်ပါး ပေါ်လာလျှင်ပင် သူက ရိုက်သတ်နိုင်လောက်သည့် အခြေအနေတွင် ရှိနေသည်။

​ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက် သူသည် နောက်ဆုံးတွင် ဘာကိုမျှ စိုးရိမ်စရာမလိုဘဲ သူလုပ်ချင်ရာကို လုပ်နိုင်သည့် အဆင့်သို့ ရောက်ရှိလာခဲ့လေပြီ ။ သို့သော်လည်း ဤသည်မှာ မလုံလောက်သေး။ သူ၏ ပန်းတိုင်မှာ လူသားများကြားတွင် ပြိုင်ဘက်ကင်းရန် မဟုတ်ခဲ့ဖူးပေ။

​တစ်ခါက သူ၏ မိဘများနှင့် ချစ်ခင်ရသူများသည် အုပ်စိုးသူလူတန်းစားများ၏ ရက်စက်စွာ အနိုင်ကျင့်ခြင်းကို ခံခဲ့ရဖူးသည်။ အရာရှိများက စစ်ပွဲကို စတင်ပြီး ၊ သူဌေးများက လက်နက်များ ထောက်ပံ့ပေးကာ ၊ သာမန်လူတန်းစားများကမူ သူတို့၏ သားသမီးများကို စစ်မြေပြင်သို့ ပို့ဆောင်ပေးခဲ့ကြရသည်။

​ထိုအုပ်စိုးသူလူတန်းစားများတင်မကဘဲ အမှားအမှန်ကို မခွဲခြားနိုင်သော လူပြိန်းများမှာလည်း ခွင့်မလွှတ်နိုင်စရာပင် ဖြစ်သည်။ စစ်မှန်သော သင်ခန်းစာများကို သွေးနှင့် မီးတောက်များကြားတွင်သာ နက်နက်ရှိုင်းရှိုင်း မှတ်သားနိုင်ကြမည် ဖြစ်သည်။

​အခွင့်အရေးရလျှင် သူသည် အဆုံးမရှိသော စကြာဝဠာကို ဖြတ်ကျော်ကာ သူ၏ မူလကမ္ဘာသို့ ပြန်သွားပြီး ကမ္ဘာသစ်တစ်ခုကို ဖန်တီးလိုသေးသည်။ လက်ရှိကမ္ဘာအတွက်မူ...

​သူ့မျက်လုံးထဲတွင် ဤကမ္ဘာမှာ ဂိမ်းလောကတစ်ခုနှင့် မခြားနားပေ။ သူသ စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး စနစ်ကို ဆက်ကြည့်လိုက်သည်။

​[စေတနာရမှတ် ၁၃,၆၅၈ ကို သုံးစွဲပြီး သင်သည် သန့်စင်ခြင်းလမ်းစဉ် ဖြင့် ကြယ်တာရာများကို သွန်းလုပ်ကာ ကမ္ဘာကြီးကို ပုံဖော်နိုင်စွမ်း ရှိလာပါပြီ ။ သင်သည် ကောင်းကင်နှင့်မြေကြီး ဖိုကြီး ကို ဖန်တီးနိုင်ပြီ ဖြစ်ပြီး မည်သည့်အရာဝတ္ထုကိုမဆို မူလစွမ်းအင်အဖြစ် ပြောင်းလဲနိုင်ကာ ရန်သူ၏ နတ်ဘုရားစွမ်းရည်များကိုပင် သင်၏ ကျင့်စဉ်အဖြစ် ပြောင်းလဲပစ်နိုင်ပါသည် ။ ]

[ ဂုဏ်ယူပါသည် သင်၏ သန့်စင်ခြင်းလမ်းစဉ်မှာ မဟာသခင် အဆင့်သို့ ရောက်ရှိသွားပါပြီ ]

[နတ်ဘုရားစွမ်းရည်အသစ် - ကောင်းကင်နှင့်မြေကြီး ဖိုကြီး ]

[ ကောင်းကင်နှင့်မြေကြီး ဖိုကြီး - ဤနယ်မြေကို အသက်သွင်းလိုက်လျှင် ရန်သူ၏ ခွန်အားမှာ ၃၀ ရာခိုင်နှုန်းထက်မက လျော့ကျသွားမည် ဖြစ်ပြီး ထိုနယ်မြေအတွင်းမှ လွတ်မြောက်နိုင်မည် မဟုတ်ချေ ။ ထိုဖိုအတွင်းရှိ နိယာမများကို သင်ကသာ ထိန်းချုပ်ထားမည် ဖြစ်သည် ။ ]

[လက်ကျန် စေတနာရမှတ် ၂၃၇,၇၄၇ ]

[သင်၌ မဖွင့်ရသေးသော ကံတရားလက်ဆောင်ထုတ် တစ်ခု ရှိနေပါသည် ။ ၎င်းကို ဖွင့်လိုပါသလား ။ ]

All Chapters