← Chapters

အခန်း (၂၂၃-၂၂၄)

Vol. 21 Ch. 223-224

အခန်း (၂၂၃-၂၂၄)

Vol. 21 Ch. 223-224

Chapter 223

~

အခန်း ၂၂၃ : နောက်ဆုံးအဆင့် အဆုံးသတ်နည်းလမ်း... SSSR အဆင့် အန္တရာယ် ဆန်းစစ်ချက်...

~

​မဟာမိတ်အဖွဲ့ကြီး လေးခု၏ အလယ်ဗဟိုတွင် ထျန်းရှူးမြို့တော် တည်ရှိပြီး ထိုနေရာမှာ မဟာမိတ်အဖွဲ့ဝင်များအတွက်ပင် တားမြစ်နယ်မြေတစ်ခုအဖြစ် ကျော်ကြားလှသည်။

​ဤမြို့သည် သံမဏိနှင့် ဒေတာအချက်အလက်များဖြင့် တည်ဆောက်ထားသော ဘီလူးကြီးတစ်ကောင်နှင့် တူလှပြီး မြင့်မားလှသော အဆောက်အအုံများမှာ အေးစက်သော တောအုပ်တစ်ခုအလား ကောင်းကင်ယံသို့ ထိုးထွက်နေကြသည်။ မြင့်မားလှသော မြို့ရိုးများကို ဖျက်ဆီး၍မရနိုင်သော အထူးကြယ်တာရာ သတ္တုစပ်များဖြင့် သွန်းလုပ်ထားသည်။ မြို့ရိုးတစ်လျှောက်တွင် စွမ်းအားမြင့် စွမ်းအင်အမြောက်များက အချိန်ပြည့် စောင့်ကြည့်နေကြပြီး အန္တရာယ်အရိပ်အယောင် အနည်းငယ်တွေ့သည်နှင့် ကမ္ဘာပျက်မတတ် ပြင်းထန်သော ပစ်ခတ်မှုများကို ချက်ချင်း ပြုလုပ်နိုင်စွမ်း ရှိကြသည်။

​မြို့တော်၏ ပတ်ပတ်လည်တွင် သံမဏိနှင့် စက်ယန္တရားများ၏ တောအုပ်တစ်ခုရှိနေပြီး ပုံသဏ္ဍာန်မျိုးစုံရှိသော စက်ရုပ်ပေါင်းများစွာမှာ သူတို့၏ တာဝန်အသီးသီးကို ထမ်းဆောင်ရန်အတွက် သွားလာလှုပ်ရှားနေကြသည်။

​"ဘုန်း... ဘုန်း... ဘုန်း..."

​ဒဏ်ရာများဖြင့် သွေးချင်းချင်းနီနေသော ခန္ဓာကိုယ်တစ်ခုမှာ ကောင်းကင်ယံမှ ကျဆင်းလာပြီး သံမဏိတောအုပ်၏ အစွန်အဖျားသို့ ပြင်းထန်စွာ ကျရောက်သွားရာ ကမ္ဘာတုန်မတတ် အသံကြီး ထွက်ပေါ်လာသည်။

"​ကျွီ... ကျွီ..."

​ထိုအသံထွက်ပေါ်လာသည်နှင့် သံမဏိတောအုပ်အတွင်းရှိ စက်ရုပ်ပေါင်းများစွာမှာ သူတို့၏ လှုပ်ရှားမှုများကို ရပ်တန့်လိုက်ကြသည်။ မူလက အပြာရောင်အလင်းတန်းများ ထွက်ပေါ်နေသော သူတို့၏ မျက်လုံးများမှာလည်း အနီရောင်သို့ ချက်ချင်း ပြောင်းလဲသွားကြသည်။

​သံမဏိတောအုပ်တစ်ခုလုံး၏ ကာကွယ်ရေးစနစ်မှာ ချက်ချင်း အသက်ဝင်သွားပြီး နည်းပညာမြင့် ချပ်ဝတ်တန်ဆာများနှင့် လက်နက်များမှာ အတွင်းမှ ထွက်ပေါ်လာကာ ရန်သူကို အလိုအလျောက် ပစ်မှတ်ထားလိုက်ကြတော့သည်။

​မဟာမိတ်အဖွဲ့၏ စူပါတာမီနယ် ၏ အဓိက ခံတပ်ဖြစ်သည့်အတွက် ဤနေရာ၏ ကာကွယ်ရေးမှာ အမှန်တကယ်ပင် အလုံခြုံဆုံး ဖြစ်သည်။ မဟာမိတ်အဖွဲ့၏ အမြင့်ဆုံးခေါင်းဆောင် လေးဦးစလုံး သူတို့၏ အထွတ်အထိပ် အစွမ်းများဖြင့် ပူးပေါင်းတိုက်ခိုက်လျှင်ပင် ဤစူပါတာမီနယ်၏ ပိတ်ဆို့မှုကို ဖောက်ထွက်နိုင်ရန် ခဲယဉ်းလှပေသည်။

​သို့သော်လည်း မဟာမိတ်အဖွဲ့၏ အဆင့်မြင့်ဆုံး ခေါင်းဆောင်လေးဦးထဲတွင် တစ်ဦးအပါအဝင်ဖြစ်သော အမ်မာတားရက်စ် ၌မူ ပြင်ပစည်းဝိုင်းအတွင်းသို့ ဝင်ရောက်နိုင်သော လုပ်ပိုင်ခွင့်ရှိနေဆဲ ဖြစ်သည်။ သူမသည် မြေပြင်မှ အလျင်အမြန် ခုန်ထမြောက်လိုက်ပြီး မြို့ရိုးတံခါးဝသို့ ရောက်ရှိသွားကာ နံရံပေါ်ရှိ အီလက်ထရွန်နစ် မျက်နှာပြင်တွင် အလိုအလျောက် စစ်ဆေးမှုကို ခံယူလိုက်သည်။

​" သက်ရှိအရာဝတ္ထု ချဉ်းကပ်လာသည်ကို တွေ့ရှိရပါသည်... "

" မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနေပါသည်... "

" အမည် - အမ်မာတားရက်စ် "

" ရာထူး - အနောက်ပိုင်းမဟာမိတ်အဖွဲ့ ခေါင်းဆောင် "

" ကျင့်စဉ်အဆင့် - အရှင်သခင် အဆင့် ၉ "

" ... "

" စစ်ဆေးမှု အောင်မြင်ပါသည် ။ အဆင့် ၂ ကာကွယ်ရေးစနစ်ကို ပိတ်သိမ်းပါသည် ။ ပြင်ပစည်းဝိုင်း ဝင်ပေါက်ကို ဖွင့်လှစ်ပေးပါသည်... "

​"ကလစ်...."

​မြို့ရိုးပေါ်ရှိ အီလက်ထရွန်နစ် မျက်နှာပြင်မှာ တဖျတ်ဖျတ် လက်သွားပြီးနောက် ကြယ်တာရာသတ္တုစပ်များဖြင့် ပြုလုပ်ထားသော ကြီးမားလှသည့် တံခါးကြီးမှာ ဖြည်းညှင်းစွာ ပွင့်လာတော့သည်။ အမ်မာတားရက်စ်သည် တွန့်ဆုတ်မနေဘဲ ကိုယ်ယောင်ဖျောက်နည်းစနစ်ကို အသုံးပြုကာ အတွင်းသို့ အမြန်ပြေးဝင်သွားသည်။ သူမသည် မည်သည့်အဟန့်အတားမျှမရှိဘဲ ပြင်ပစည်းဝိုင်း၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိသွားရာ ထိုနေရာတွင် ကြီးမားလှသော စက်လုံးကြီးတစ်ခုကို တွေ့လိုက်ရသည်။

​ထိုစက်လုံးကြီး၏ အချင်းမှာ မီတာတစ်ထောင်ထက်မက ကျယ်ဝန်းပြီး မျက်နှာပြင်တစ်ခုလုံးကို ချောမွေ့သော သတ္တုစပ်ချပ်ဝတ်များဖြင့် အထပ်ထပ် ဖုံးအုပ်ထားသည်။ ချပ်ဝတ်တစ်ခုချင်းစီမှာ မှန်တစ်ချပ်ကဲ့သို့ ပတ်ဝန်းကျင်အလင်းတန်းများကို ပြန်ဟပ်နေပြီး မြေပြင်ပေါ်တွင် တွဲလောင်းကျနေသော ကြီးမားသည့် သတ္တုဂြိုဟ်ကြီးတစ်လုံးနှင့် တူလှသည်။ ၎င်း၏ အောက်ခြေတွင်မူ မြေအောက်လျှပ်စစ်စခန်းများနှင့် ဒေတာအချက်အလက်စင်တာများသို့ မြစ်ပွားသဖွယ် ဆက်သွယ်ထားသော ကြီးမားသည့် ပိုက်လိုင်းများနှင့် ကေဘယ်ကြိုးများစွာ ရှိနေသည်။

​၎င်းမှာ စူပါတာမီနယ်၏ ကိုယ်ပွားတစ်ခုဖြစ်သော ဂျက်စ် ပင် ဖြစ်သည်။

​ထိုစက်လုံးကြီးကို မြင်လိုက်ရသည့်အခါမှ အမ်မာတားရက်စ်၏ မျက်နှာမှာ စိုးရိမ်မှု အနည်းငယ် လျော့ကျသွားသော်လည်း သူမက စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။

​" ဂျက်စ်... ငါ နောက်ဆုံးအဆင့် အဆုံးသတ် နည်းလမ်းကို စတင်ချင်တယ် .."

​နောက်ဆုံးအဆင့် နည်းလမ်း( Endgame Protocol) ဆိုသည်မှာ မဟာမိတ်အဖွဲ့ကြီးသည် ပျက်စီးတော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီး လူသားမျိုးနွယ်အနေဖြင့် ပြန်လည်တုံ့ပြန်နိုင်စွမ်း မရှိတော့သည့်အတွက် စူပါတာမီနယ်ထံမှ အကူအညီတောင်းခံခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ ၎င်းတွင် သိုလှောင်ထားသော ဇီဝနည်းပညာဆိုင်ရာ လက်နက်များကို ထုတ်လွှတ်ခြင်းနှင့် ထိန်းသိမ်းရေးခန်း များအတွင်း မြှုပ်နှံထားသော အတိတ်က သိုင်းပညာရှင်များကို နှိုးထစေခြင်းများ ပါဝင်သည်။

​လေထုထဲမှ အသံတုန်ခါမှုကို သိရှိသွားသည်နှင့် ထိုစက်လုံးကြီးမှာ အကြိမ်အနည်းငယ် လည်ပတ်သွားပြီး ၎င်း၏ အပေါက်ငယ်ကို အမျိုးသမီးထံသို့ တည့်တည့်ချိန်ကာ ခံစားချက်ကင်းမဲ့သော အသံဖြင့် ပြောလိုက်သည်။

​" စိတ်မကောင်းပါဘူး အမ်မာတားရက်စ် ။ ငါ မင်းကို မကူညီနိုင်ဘူး.. "

" ခေါင်းဆောင်လေးဦးစလုံးရဲ့ တစ်ပြိုင်နက်တည်း ကြေညာချက်မပါဘဲ ငါ ဒီပရိုတိုကောကို စတင်လို့ မရဘူး .."

​" ဂျက်စ်.. "

​အမ်မာတားရက်စ်သည် ဖန်နံရံကို ရိုက်ပုတ်လိုက်ပြီး သူမ၏ အိုမင်းနေသော မျက်နှာမှာ နီမြန်းကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

​" မြောက်ပိုင်းခေါင်းဆောင် ကျန့်ရှန်ရှူး ၊ အရှေ့ပိုင်းခေါင်းဆောင် ဝူယုံ နဲ့ တောင်ပိုင်းခေါင်းဆောင် လျောင်ချင်းဖုန်းတို့ အားလုံး တိုက်ပွဲမှာ ကျဆုံးသွားကြပြီ ။ ခေါင်းဆောင်အသစ်တွေ ပြန်ရွေးဖို့ အချိန်မရှိတော့ဘူး .."

" အချိန်တွေ ကုန်နေပြီ ။ တကယ်လို့သာ မပြင်ဆင်ထားဘူးဆိုရင် အဲဒီမိစ္ဆာခေါင်းဆောင်က နတ်ဘုရားမီးတောက်ဂိုဏ်းကို ဦးဆောင်ပြီး မဟာမိတ်အဖွဲ့ထဲ ဝင်လာတဲ့အခါ မင်းလည်း ပျက်စီးခြင်းကနေ လွတ်မှာ မဟုတ်ဘူး "

​"ဇတ်... ဇတ်..."

​ဂျက်စ်သည် အကြိမ်အနည်းငယ် ထပ်မံလည်ပတ်သွားပြီး လျှပ်စစ်စီးကြောင်းသံ သဲ့သဲ့နှင့်အတူ တုန်ခါမှုအသစ်များကို စတင်လိုက်သည်။

​" စောင့်ကြည့်ရေး ဒေတာအစီရင်ခံစာများကို ရှာဖွေနေပါသည်... "

" ဇီဝဖြစ်စဉ်များကို တွက်ချက်နေပါသည်... သက်ရှိနမူနာများကို ပြန်လည်သုံးသပ်နေပါသည်... "

" အန္တရာယ် ဆန်းစစ်ချက် - SSSR အဆင့် "

"​ချလောက်.."

​မကြာမီမှာပင် ဂျက်စ်သည် ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားပြီး အသံတုန်ခါမှုနှင့်အတူ အမိန့်အသစ်တစ်ခု ထွက်ပေါ်လာသည်။

​" ဒေတာအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာချက်အရ မင်းပြောတဲ့စကားဟာ ကိုးဆယ်ရာခိုင်နှုန်းကျော် မှန်ကန်နေတယ်လို့ ယူဆရတဲ့အတွက် စစ်ဆေးမှု အောင်မြင်ပါသည် "

" နောက်ဆုံးအဆင့် ပရိုတိုကော ကို စတင်ပါသည် ။ မဟာမိတ်အဖွဲ့ရဲ့ နောက်ဆုံးကျန်ရှိတဲ့ ခေါင်းဆောင်အနေနဲ့ မင်းမှာ ဇီဝလက်နက်တွေနဲ့ ထိန်းသိမ်းရေးခန်းထဲက သူရဲကောင်းတွေ ဘယ်လောက်ထုတ်မယ်ဆိုတာကို ဆုံးဖြတ်ပိုင်ခွင့် ရှိပါတယ် "

" ဒီအခြေအနေရဲ့ အန္တရာယ်ဆန်းစစ်ချက်ဟာ အလွန်မြင့်မားနေတဲ့အတွက် နတ်ဘုရားလက်နက်ဖြစ်တဲ့ ကောင်းကင်ပိတ်လှောင်မျှော်စင် ကို အသုံးပြုပိုင်ခွင့် တစ်စိတ်တစ်ပိုင်းကိုလည်း မင်းကို ပေးအပ်ပါတယ် "

​" ကောင်းကင်ပိတ်လှောင်မျှော်စင်ကို အသုံးပြုပိုင်ခွင့် ဟုတ်လား "

​ထိုစကားကို ကြားလိုက်ရသည့်အခါ အမ်မာတားရက်စ်၏ နှလုံးသားမှာ တုန်လှုပ်သွားပြီး သူမ၏ မျက်နှာမှာ အံ့ဩသွားသည့် အမူအရာ ပေါ်လာသည်။ နတ်ဘုရားလက်နက်ကို အသုံးပြုပိုင်ခွင့်အထိ ပေးအပ်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ဤသည်မှာ စူပါတာမီနယ်က ရရှိထားသော အချက်အလက်အနည်းငယ်အပေါ် အခြေခံ၍ တွက်ချက်ထားသည့် ရလဒ်သာ ရှိသေးသည်။

​ဂူချန်ကို သွားရောက်နှိမ်နင်းခဲ့သော အရှင်သခင်များထဲတွင် သူမတစ်ဦးတည်းသာ ကျန်ရစ်ခဲ့သော်လည်း သူတို့သည် ထိုသူ၏ စစ်မှန်သော စွမ်းအားကိုပင် ထုတ်ဖော်အောင် မလုပ်နိုင်ခဲ့ကြသည်ကို သတိပြုရမည် ဖြစ်သည်။

​မဟာမိတ်အဖွဲ့သည် ယခုအကြိမ်တွင် တကယ့်ကို ကြီးမားလှသော အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ အမ်မာတားရက်စ်သည် လေးလံသော စိတ်နှလုံးဖြင့် ဇီဝနည်းပညာ သိုလှောင်ခန်းဆီသို့ အမြန်လျှောက်လှမ်းသွားတော့သည်။

​တစ်ချိန်တည်းမှာပင် မဟာမိတ်အဖွဲ့ကြီး လေးခု၏ မြို့တော်များမှတစ်ဆင့် လူသားမဟာမိတ် နယ်မြေအားလုံးသို့ သတင်းတစ်ခုမှာ အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားခဲ့သည်။ ထိုသတင်းတွင် စာတစ်ကြောင်းတည်းသာ ပါဝင်သည်။

​" စစ်သေနာပတိချုပ် ဂူဝူချန်း၏သား ဂူချန်သည် မဟာမိတ်အဖွဲ့ကို သစ္စာဖောက်ပြီး နတ်ဘုရားမီးတောက်ဂိုဏ်းနှင့် ပူးပေါင်းကာ မဟာမိတ်အဖွဲ့၏ အရှင်သခင် အများအပြားကို သတ်ဖြတ်ခဲ့သည် ။ ယခုအခါ နတ်ဘုရားမီးတောက်ဂိုဏ်းကို ပူးပေါင်းတွန်းလှန်ရန်အတွက် မဟာမိတ်နယ်မြေအသီးသီးမှ ပညာရှင်များကို စုစည်းရန် အမိန့်ထုတ်လိုက်သည်.."

Chapter 224

~

အခန်း ၂၂၄ : x အဆင့် ပါရမီ.. ခန္ဓာနန်းတော်

~

​နတ်ဘုရားမီးတောက်ဂိုဏ်း ဌာနချုပ်အတွင်း၌ တစ်စုံတစ်ယောက်သည် ကျင့်စဉ်ကို ကြိုးပမ်းအားထုတ်နေဆဲ ဖြစ်သည် ။

​" ကံတရားလက်ဆောင်ထုတ်ကို ထုတ်ယူမယ်.. "

​ဂူချန်က တိုးတိုးလေး ရေရွတ်လိုက်သောအခါ လင်းလက်တောက်ပနေသော စနစ်မျက်နှာပြင်သည် တစ်ဖန် ပြန်လည်ပေါ်ထွက်လာသည် ။

​[ ဒင် ]

[အိမ်ရှင်အတွက် ကံတရားလက်ဆောင်ထုတ်ကို ဖွင့်လှစ်နေပါသည်... ]

[ဂုဏ်ယူပါသည် ။ သင်သည် X အဆင့်ရှိ အထူးခန္ဓာကိုယ်ပါရမီ ဖြစ်သော ခန္ဓာနန်းတော် ကို ရရှိပါသည် ]

​[စွမ်းရည် ၁ - ခန္ဓာကိုယ်ကို အပြည့်စုံဆုံးသော လမ်းကြောင်းအတိုင်း အလိုအလျောက် ပြောင်းလဲတိုးတက်စေသည် ။ ခွန်အား ၊ အရှိန် ၊ ခံနိုင်ရည် နှင့် ပြန်လည်ကုသနိုင်စွမ်းတို့အပြင် အဆိပ် ၊ ရောဂါ နှင့် အိုမင်းရင့်ရော်မှုတို့ကို ခုခံနိုင်စွမ်းမှာလည်း အထွတ်အထိပ်သို့ ရောက်ရှိမည် ဖြစ်သည် ။ ခန္ဓာကိုယ်သည် ချို့ယွင်းချက်ကင်းမဲ့နေမည်ဖြစ်ပြီး အချိန်၏ တိုက်စားမှုကိုပင် လျစ်လျူရှုကာ အသန်မာဆုံး အခြေအနေ၌ ထာဝရ တည်ရှိနေမည် ဖြစ်သည် ]

​[ စွမ်းရည် ၂ - မိမိ၏ ပုံသဏ္ဍာန်ကို စိတ်အလိုရှိတိုင်း ပြောင်းလဲနိုင်သည် ။ အရွယ်အစား အကြီးအသေး ၊ ရုပ်ရည် သို့မဟုတ် ကျားမ ခွဲခြားမှုကို ပြောင်းလဲနိုင်ရုံသာမက ခန္ဓာကိုယ်၏ တည်ဆောက်ပုံကိုပင် ပြောင်းလဲနိုင်သည် ။ လက်မောင်းကို ထက်မြက်သော ဓားသွားအဖြစ် လည်းကောင်း ၊ အရေပြားကို ဖျက်ဆီး၍မရသော ချပ်ဝတ်အဖြစ် လည်းကောင်း ၊ သေစေနိုင်သော တိုက်ခိုက်မှုများကို ရှောင်ရှားရန် ခန္ဓာကိုယ်ကို အရည်အဖြစ် လည်းကောင်း ချက်ချင်း ပြောင်းလဲနိုင်သည် ]

​[စွမ်းရည် ၃ - အသားနှင့် သွေးကို ဝါးမြို၍ အဆုံးမဲ့ ပြောင်းလဲတိုးတက်နိုင်သည် ]

​" ... "

​ဂူချန်၏ မျက်ဝန်းများသည် အနည်းငယ် ဝိုင်းစက်သွားသည် ။ သူ အံ့ဩ၍ မဆုံးခင်မှာပင် နောက်ထပ် အချက်ပေးချက်တစ်ခု ထွက်ပေါ်လာပြန်သည် ။

​[ အိမ်ရှင်၏ ခန္ဓာကိုယ်သည် ဒုတိယမြောက် ကန့်သတ်ချက်ကို ကျော်ဖြတ်ထားသည်ကို တွေ့ရှိရပါသည် ။ ခန္ဓာနန်းတော် နှင့် ပေါင်းစပ်အသွင်ပြောင်းခြင်းကို ပြုလုပ်နေပါသည်... ]

[ ဘိဘိဘိ.. ]

[ ပြင်ဆင်မှု ပြီးဆုံးပါပြီ ။ ခန္ဓာကိုယ် အခြေအနေအသစ်ကို ပြင်ဆင်ပြီးပါပြီ ]

​[ ပထမအဆင့် အသွင်ပြောင်းခြင်း - ပြီးပြည့်စုံသော မိစ္ဆာ ]

[ဒုတိယအဆင့် အသွင်ပြောင်းခြင်း - ပျက်သုဉ်းခြင်း၏ ဆင်းသက်ခြင်း ]

​"ဘုန်း ..ဘုန်း .. ဘုန်း .. "

​ရုတ်တရက်ဆိုသလို မြေပြင်ပေါ်၌ တင်ပျင်ခွေ ထိုင်နေသော ဂူချန်သည် သူ၏ အရေပြားများ စုတ်ပြဲသွားသကဲ့သို့ ခံစားလိုက်ရသည် ။ ထို့နောက် သူ၏ ခန္ဓာကိုယ်သည် ရူးသွပ်စွာ ဖောင်းကားလာပြီး တွန့်လိမ်သွားကာ အရေပြားအောက်၌ နက်မှောင်သော သွေးကြောများသည် ထင်ထင်ရှားရှား ပေါ်ထွက်လာသည် ။

​"ဒုတ် .. ဒုတ် .."

​နှလုံးခုန်သံ တစ်ချက်စီတိုင်း၌ ပတ်ဝန်းကျင်ရှိ သဲပြင်သည် တုန်ခါနေပြီး လေထုထဲ၌ တစ်စုံတစ်ခုသော လှိုင်းများသည် ပဲ့တင်ထပ်နေသကဲ့သို့ ဖြစ်နေသည် ။ အနီးအနား၌ရှိ နတ်ဘုရားမီးတောက်ဂိုဏ်းဝင်များသည်လည်း ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကြီးတစ်ခု ချဉ်းကပ်လာသကဲ့သို့ ခံစားလိုက်ရပြီး သဲပုံပေါ်ရှိ အမျိုးသားဆီသို့ တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ဦးညွတ်လိုက်ကြတော့သည် ။

​ခန္ဓာကိုယ်၏ လှုပ်ရှားမှု အနည်းငယ်မျှမှ ထွက်ပေါ်လာသော အရှိန်အဝါသည်ပင် တစ်ကမ္ဘာလုံးကို သက်ရောက်မှု ရှိနေသကဲ့သို့ပင် ဖြစ်သည် ။

​" ဂိုဏ်းချုပ်ရဲ့ အစွမ်းက အံ့မခန်းပဲ .. "

​ယုံကြည်ချက် ပြင်းထန်သော ဂိုဏ်းသားများသည် ဝမ်းသာအားရ ဖြစ်နေကြပြီး ဂူချန်၏ ပုံရိပ်သည် သူတို့မျက်လုံးထဲ၌ တဖြည်းဖြည်း ကြီးမားထည်ဝါလာသကဲ့သို့ ခံစားနေကြရသည် ။

​ဂူချန်သည် ရုတ်တရက် ရရှိလာသော ပြင်းထန်လှသည့် ရုပ်ပိုင်းဆိုင်ရာ ခွန်အားများကြောင့် သူ၏ လက်များကို ဟန်ချက်ညီအောင် လှုပ်ရှားကြည့်နေသည် ။ မတော်တဆ နတ်ဘုရားမီးတောက်ဂိုဏ်း၏ အပျက်အစီးတစ်ခုကို ထိမိလိုက်သောအခါ ထိုအရာသည် မျက်စိဖြင့် မမြင်နိုင်သော အမှုန့်များအဖြစ် ချက်ချင်း ကြေမွသွားသည် ။

"​ဟူး ..."

​ခဏမျှ လှုပ်ရှားကြည့်ပြီး ဤပုံစံသစ်နှင့် အသားကျသွားသောအခါ ဂူချန်သည် သူ၏ နဂိုမူလ အရပ်အမြင့် ၁.၈၉ မီတာသို့ ပြန်လည် ရောက်ရှိသွားသည် ။ ပုံမှန်အခြေအနေ၌မူ သူသည် ခေတ်သစ်၏ နူးညံ့သိမ်မွေ့သော လူငယ်တစ်ဦးကဲ့သို့ပင် ဖြစ်သည် ။

​" နှမြောစရာပဲ ၊ ငါ့ကို ပျက်သုဉ်းခြင်း၏ ဆင်းသက်ခြင်း ပုံစံအထိ အသုံးပြုအောင် လုပ်နိုင်မယ့်သူ ရှိမှာမဟုတ်ဘူး ထင်တယ်.. "

​ဂူချန်က ရယ်မောရင်း ခေါင်းခါလိုက်ပြီး မတ်တပ်ရပ်ကာ အပြင်သို့ လျှောက်လာသောအခါ သတင်းလာပို့သော အစောင့်အရှောက် နံပါတ် ၃ အား တွေ့လိုက်ရသည် ။

​" ဘယ်လိုလဲ ၊ နတ်ဘုရားမီးတောက်ဂိုဏ်းဝင်တွေ စုစည်းတာ ဘယ်အခြေအနေရှိလဲ.. "

​ဂူချန်က တည်ငြိမ်စွာ မေးလိုက်သည် ။

​" ဂိုဏ်းချုပ်ကို တင်ပြပါတယ် ၊ ကျွန်မတို့ မဟာမိတ်အဖွဲ့ကြီး လေးခုဆီကို သတင်းစကား ပို့ထားပြီးပါပြီ ။ နှစ်ပေါင်းတစ်ထောင်ကြာ ပုန်းအောင်းနေခဲ့ရတဲ့ ကျွန်မတို့ ဂိုဏ်းသားများအားလုံး တုံ့ပြန်လာကြပါတယ် ။ လူဦးရေ ငါးသန်းလောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်.... "

​နံပါတ် ၃ က ခေါင်းငုံ့၍ ရိုသေစွာ ပြန်လည်ဖြေကြားသည် ။

​" ကောင်းပြီ.. "

​ဂူချန်က ခေါင်းညိတ်လိုက်ပြီး အနက်ရောင်နန်းတော်အပြင်ဘက်သို့ ထွက်လာကာ ပြတ်သားစွာ အမိန့်ပေးလိုက်သည် ။

​" အဲဒါဆိုရင်တော့ အများကြီး စဉ်းစားမနေနဲ့တော့ ။ ဂိုဏ်းသားအားလုံးကို စုစည်းပြီး မဟာမိတ်အဖွဲ့လေးခုရဲ့ အလယ်ဗဟိုမှာရှိတဲ့ ထျန်းရှူးမြို့တော်ကို အခုချက်ချင်း ချီတက်ကြမယ် .. "

​ပြောပြောဆိုဆိုဖြင့် သူသည် လက်အင်္ကျီကို ဝှေ့ယမ်းလိုက်ရာ သူ၏ ပုံရိပ်သည် ထိုနေရာမှ ချက်ချင်း ကွယ်ပျောက်သွားတော့သည် ။ သူသည် လျောင်ချင်းဖုန်း အပါအဝင် မဟာမိတ်ခေါင်းဆောင် သုံးဦး၏ ဝိညာဉ်များဆီမှ စူပါတာမီနယ်နှင့် ကောင်းကင်ပိတ်လှောင်မျှော်စင်တို့၏ တည်နေရာကို သိရှိထားပြီးသား ဖြစ်သည် ။

​ဂိုဏ်းချုပ်၏ စကားကို ကြားလိုက်ရသောအခါ နံပါတ် ၃ နှင့် တခြားသူများသည် ရင်ထဲ၌ မီးတောက်များတဟုန်းဟုန်းတောက်လောင်လာကာ တိုက်ပွဲဝင်စိတ်များတက်ကြွသွားကြပြီး စွမ်းအားများကို အသုံးပြုကာ အားလုံးဆီသို့ သတင်းစကား ပါးလိုက်ကြတော့သည် ။

​" အခုချက်ချင်း .. မဟာမိတ်အဖွဲ့ကို တိုက်ခိုက်ကြ .. "

​အနောက်ပိုင်းမဟာမိတ်အဖွဲ့ ၊ သဲမြို့တော် ။

​နေသာ၍ သာယာလှပသောနေ့တစ်နေ့ ဖြစ်နေသော်လည်း လေထုမှာမူ အလွန်ပင် လေးလံနေသည် ။ မဟာမိတ်အဖွဲ့ချုပ်ဆီမှ သတင်းစကားကို ကြားရသောအခါ လူအများစုက ကောလာဟလဟု ထင်ခဲ့ကြသော်လည်း စောင့်ကြည့်ရေးကောင်စီဝင်များနှင့် ကျောင်းအုပ်ကြီးများ ကောင်စီရုံးသို့ အပြေးအလွှား သွားနေကြသည်ကို မြင်ရသောအခါ၌မူ တကယ်ပင် တစ်ခုခုဖြစ်နေပြီဆိုသည်ကို သိလိုက်ကြသည် ။

​" မင်း ကြားပြီးပြီလား ၊ ငါတို့ အနောက်ပိုင်းမဟာမိတ် ခေါင်းဆောင်ကလွဲရင် ကျန်တဲ့ ခေါင်းဆောင် သုံးယောက်လုံး သေကုန်ပြီတဲ့ ။ အဲဒီ နတ်ဘုရားမီးတောက်ဂိုဏ်းက လူက သတ်လိုက်တာတဲ့ "

​" ဘာ ..ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ၊ ခေါင်းဆောင်တွေဆိုတာ လူသားတွေထဲမှာ အသန်မာဆုံး အရှင်သခင် အဆင့် တွေလေ ၊ ဘယ်လိုလုပ် ဒီလောက် လွယ်လွယ်နဲ့ သေမှာလဲ.. "

​" မယုံလို့ မရဘူး ၊ ဒါက တရားဝင် ထုတ်ပြန်ချက်ပဲ .. အခု မဟာမိတ်အဖွဲ့က စစ်သားတွေအကုန် လိုက်စုနေတယ် ။ ငါ့အထင်တော့ နတ်ဘုရားမီးတောက်ဂိုဏ်းက ငါတို့ကို လာတိုက်တော့မယ် ထင်တယ်.. "

​ဤအချိန်၌ လမ်းဆုံတစ်ခုတွင် လျှောက်လှမ်းနေသော ဖုန့်ကျိုဟွမ် သည် လမ်းသွားလမ်းလာများ၏ စကားကို နားထောင်ရင်း ရင်ထဲ၌ သက်ပြင်းချမိသည် ။

​" နောက်ဆုံးတော့ ရှုံးနိမ့်သွားတာပဲလား.. "

" မဟာမိတ်အဖွဲ့က တကယ်ပဲ ပျက်စီးဖို့ ကံပါလာတာလား "

​သူမ၏ အတွင်းကမ္ဘာထဲရှိ အချိန်ဂူ လေးကို ကြည့်လိုက်သောအခါ အရှိန်အဝါများသည် ခြောက်ကပ်နေဆဲပင် ဖြစ်သည် ။ အနည်းဆုံး ဆယ်ရက် ၊ တစ်လခန့် ကြာမှသာ ပြန်လည်ကောင်းမွန်မည့် ပုံစံမျိုး ဖြစ်နေသည် ။ အချိန်မြစ်ထဲသို့ ပြန်လည်ဝင်ရောက်ရန်မှာ ဝေလာဝေးပါပေ ။

​"ဝူး... ဝူး... ဝူး..."

​ရုတ်တရက်ဆိုသလို သူမ၏ နားထဲ၌ ထူးဆန်းသော အတောင်ပံခတ်သံတစ်ခု ကြားလိုက်ရသည် ။ ဖုန့်ကျိုဟွမ်က လှည့်ကြည့်လိုက်သော်လည်း သူမ၏ ပတ်ဝန်းကျင်၌မူ သာမန်လူများမှလွဲ၍ ထူးခြားသောအရာ မရှိချေ ။

​" ငါ စိတ်ချောက်ချားနေတာလား "

" မဟုတ်ဘူး ၊ အဲဒါ မဖြစ်နိုင်ဘူး "

​အဆင့် ၆ နတ်ဘုရားတက်လှမ်းခြင်းအဆင့် ပညာရှင်တစ်ဦးအနေဖြင့် သူမသည် အကြားမှားရန် မရှိချေ ။ တစ်စုံတစ်ခုကို သတိရသွားပြီး သူမ၏ အတွင်းကမ္ဘာကို ပြန်လည်ကြည့်လိုက်သောအခါ အံ့ဩစရာကောင်းစွာပင် စောစောက သေလုမျောပါး ဖြစ်နေသော ပုစဉ်းရင်ကွဲ(အချိန်ဂူ)လေးသည် ယခုအခါ တစ်ကိုယ်လုံး လင်းထိန်နေပြီး အသက်ဓာတ်များ ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည် ။

​" ဒါ... ဒါ ဘယ်လိုဖြစ်တာလဲ "

​သူမ၏ ရင်ထဲ၌မူ မသိစိတ်က ကြောက်ရွံ့မှုတစ်ခု ပေါ်ပေါက်လာသည် ။ တစ်စုံတစ်ယောက်က ဤနောက်ကွယ်မှနေ၍ အရာအားလုံးကို ကြိုးကိုင်နေခြင်းလော ။ ဘယ်သူလဲ ။

​သူမသည် စိုးရိမ်တကြီးဖြင့် ဤအကြောင်းကို သူမ၏ အဖွားဖြစ်သူ အမ်မာတားရက်စ်နှင့် ဆွေးနွေးရန် စောင့်ကြည့်ရေးကောင်စီသို့ အမြန်သွားလိုက်သည် ။

​တစ်ချိန်တည်းမှာပင်... သဲမြို့တော်၏ ကောင်းကင်ယံ၌ ရွှေရောင်အနားကွပ်ထားသော အနက်ရောင် ဝတ်စုံဝတ်ဆင်ထားသည့် လူငယ်တစ်ဦး ပေါ်ပေါက်လာသည် ။ သူသည် အောက်ရှိ လူအများကို ငုံ့ကြည့်ရင်း စိတ်ထဲမှ ရေရွတ်လိုက်သည် ။

​' ဒါက သဲမြို့တော်ပေါ့ '

'အဲဒီ ပြန်လည်မွေးဖွားလာတဲ့သူ ရှိတဲ့နေရာလား '

All Chapters