← Chapters

အခန်း (၃၃၃-၃၃၄)

Vol. 34 Ch. 333-334

အခန်း (၃၃၃-၃၃၄)

Vol. 34 Ch. 333-334

အခန်း (၃၃၃) ဖုန်းမူ၏ တိုးတက်မှု

နံနက်စောစောအချိန်။

မြောင်တောင်၏ နောက်ဘက်ရှိ ဂူတစ်ခုအတွင်း

နတ်ဆိုးစွမ်းအင် များသည် ဂူအတွင်းမှနေ၍ တောင်ပေါ်ရှိ တပည့်အားလုံး အာရုံခံမိသည်အထိ ပြင်းထန်စွာ ဝဲလည်နေခဲ့၏။ သို့သော်လည်း မည်သူမျှ သွားရောက်စုံစမ်းခြင်း မရှိကြပေ။

လူတိုင်းက ချူဖုန်းကို ယုံကြည်ကြသလို ဂျူနီယာညီမလေးကျင်းကျင်းသည်လည်း အမှားအယွင်းလုပ်မည်မဟုတ်ဟု ယုံကြည်ထားကြသောကြောင့်ဖြစ်၏။

ဤအချိန်တွင် ကျင်းကျင်း၏ ခန္ဓာကိုယ်အတွင်းရှိ နတ်ဆိုးနှလုံးသားသည် အပြည့်အဝ နိုးထလာပြီး ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ရန်အတွက် တာအိုနှလုံးသားနှင့် တိုက်ခိုက်နေလေသည်။

နတ်ဆိုးချီ များသည် သူမ နှလုံးသားပတ်လည်ရှိ အလင်းတန်းများကို တဖြည်းဖြည်း ဝါးမြိုသွားရာ နောက်ဆုံးတွင် တာအိုပုံရိပ် တစ်ခုတည်းသာ ကျန်ရှိတော့သည်။

ထိုပုံရိပ်မှာ သူမ တာအိုကျမ်းစာမှ နှစ်ပေါင်းများစွာကြာအောင် နားလည်သဘောပေါက်ခဲ့သည့် မဟာတာအို စာလုံးတစ်ခုပင်။

နတ်ဆိုးချီက တာအိုအလင်းကို ဝါးမြိုနေစဉ်မှာပင် သူမ ဝိညာဉ်စွမ်းအားများသည်လည်း မရပ်မနား တိုးပွားလာနေ၏။ သူမသည် ကျင့်ကြံခြင်းအဆင့်၏ အတားအဆီးများကို တစ်ခုပြီးတစ်ခု လျင်မြန်စွာ ကျော်ဖြတ်ကာ ခန္ဓာကိုယ်အတွင်းရှိ သွေးကြောအားလုံးကို ပွင့်သွားစေပြီး တစ်ကိုယ်လုံးရှိ တာအိုအလင်းများအားလုံးကို သန့်စင်ပစ်လိုက်သကဲ့သို့ ဖြစ်နေသည်။

ဘုန်း

ကောင်းကင်သို့ ထိုးတက်သွားသော အရှိန်အဝါတစ်ခုနှင့်အတူ မြောင်တောင်ပေါ်ရှိ လူတိုင်းသည် ဂူအပြင်ဘက်သို့ စုရုံးရောက်ရှိလာကြသည်။

“ဒါ တာအိုတည်ဆောက်ခြင်အဆင့်ရဲ့ အရှိန်အဝါပဲ”

ရှောင်ချန်းက ရေရွတ်လိုက်သည်။

“ညီမလေး ကျင်းကျင်းက ရက်ပေါင်းတစ်ရာအတွင်းမှာတင် အခြေခံအုတ်မြစ်ကို တည်ဆောက်နိုင်ခဲ့တာပဲဟ”

ချောင်ရို့ချန် အားကျစွာ ပြောလိုက်သည်။

ပတ်ဝန်းကျင်ရှိ တပည့်များက စကားမဆိုကြသော်လည်း သူတို့ မျက်လုံးများထဲတွင် အားကျရိပ်များ ဖြတ်ပြေးသွားကြ၏။

ထိုစဉ်မှာပင် ချူဖုန်း၏ အသံသည် အဝေးမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“အဲဒီကောင်မလေး ကျင်းကျင်းကို အားကျနေဖို့ မလိုပါဘူး။ သူက ငါ့ဆီမှာ ဘာကျင့်စဉ်မှ မကျင့်ဘဲ တာအိုကျမ်းကိုပဲ နှစ်ပေါင်းများစွာ လေ့လာခဲ့တာ။ မင်းတို့ထဲက ဘယ်သူကကော အဲဒီလို တစ်ယောက်တည်း အထီးကျန်မှုကို အောင့်အည်းနိုင်လို့လဲ”

“ဆရာနဲ့ ဆရာကတော့်ကို ဂါရဝပြုပါတယ်”

တပည့်အားလုံး ချူဖုန်းနှင့် ပင်းယန်ကို တညီတညွတ်တည်း ဦးညွှတ်လိုက်ကြသည်။

ချူဖုန်း၏ စကားကို ကြားရသောအခါ သူတို့ စိတ်ထဲမှ အားကျစိတ်မှာများလည်း လွင့်ပြယ်သွားခဲ့၏။

သူတို့အားလုံးသည် ပါရမီရှင်များဖြစ်ကြပြီး လျှောက်လှမ်းသည့် လမ်းကြောင်းချင်းသာ ကွာခြားခြင်းဖြစ်သည်။ ဂျူနီယာညီမလေး ကျင်းကျင်း၏ အောင်မြင်မှုမှာလည်း နှစ်ပေါင်းများစွာ စုဆောင်းခဲ့သည့် ရလဒ်တစ်ခုဖြစ်နေ၏။

သူတို့ စကားပြောနေစဉ်မှာပင် ဂူအတွင်းမှ သွယ်လျသော ပုံရိပ်တစ်ခု ပျံထွက်လာသည်။

“ဆရာ၊ ဆရာကတော် ကျင်းကျင်း အခု ပျံသန်းနိုင်ပြီ”

ချန်ကျင်းကျင်းသည် လေထဲတွင် နှစ်ပတ်ခန့် ဝဲပျံပြီးမှ မြေပြင်သို့ ဆင်းသက်လိုက်သည်။

ထိုအခြင်းအရာကို မြင်သော် ချူဖုန်း ‌ဆူလိုက်၏။

“မိုက်မဲတဲ့ ကောင်မလေး မင်းက အရွယ်ရောက်တဲ့ မိန်းကလေး ဖြစ်နေပြီ။ ဘာလို့ ကလေးလို လုပ်နေသေးတာလဲ”

ထိုစကားကြောင့် ကျင်းကျင်းသည် ပင်းယန်၏ နောက်ကွယ်သို့ အလျှင်စလို ပုန်းလိုက်ပြီး သနားစဖွယ် အသံဖြင့် ပြောရှာသည်။

“ဆရာနဲ့ ဆရာကတော် ရှေ့မှာဆိုရင် ကျင်းကျင်းက အမြဲတမ်း ကလေးပဲ မဟုတ်ဘူးလား”

ပင်းယန် ချိုသာစွာ ရယ်မောလိုက်၏။ “ကျင်းကျင်း ပြောတာ မှန်တာပဲ၊ ဘာလို့ သူ့ကို ဆူနေတာလဲ”

ချူဖုန်း နှာခေါင်းရှုံ့လိုက်၏။

“မင်းကတော့ သူ့ကို အမြဲ အလိုလိုက်နေတာပဲ။ ကဲ... တော်ပြီ၊ ကျင်းကျင်းလည်း တာအိုတည်ဆောက်ခြင်းအဆင့်ကို ရောက်ပြီဆိုတော့ ငါတို့ ပြန်ပြီး အောင်ပွဲခံကြတာပေါ့”

ဤကောင်မလေးသည် ရက်ပေါင်းတစ်ရာအတွင်း အခြေခံအုတ်မြစ် တည်ဆောက်နိုင်ခဲ့ခြင်းကြောင့် ချူဖုန်းအတွက်လည်း ကျင့်ကြံခြင်းသက်တမ်းများနှင့်အတူ တာအိုအနှစ်သာရ နှစ်ခုကို ရရှိစေ၏။

“ဟုတ်ကဲ့ပါ”

တပည့်များ တညီတညွတ်တည်း ပြန်ထူးကြပြီး အားလုံးက ခြံဝင်းသို့ ပြန်လာခဲ့ကြသည်။

အောင်ပွဲခံစားသောက်ပွဲ အရှိန်တက်နေစဉ်မှာပင် ရှောင်ချန်း ပထမဆုံး ထရပ်လိုက်၏။

“ဆရာ၊ ဒီတောင်ပေါ်မှာ သုံးနှစ်ကြာ ကျင့်ကြံပြီးတဲ့နောက် တပည့်ကို အတွေ့အကြုံယူဖို့အတွက် တောင်အောက်ကို ဆင်းခွင့်ပြုပါ”

“ခွင့်ပြုတယ်”

ချူဖုန်း တုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူလိုက်၏။

ထို့နောက် ချောင်ရိုချန်၊ ဝမ်ပေါင်လဲ့၊ ယဲ့ပေ့ရွှမ်နှင့် ရွှီချိုက်ချန်တို့ကလည်း အသီးသီး ထရပ်ကြကာ အတွေ့အကြုံယူရန် တောင်အောက်ဆင်းလိုကြောင်း ပြောကြသည်။ ချူဖုန်းက သူတို့အားလုံးကို ခွင့်ပြုလိုက်၏။

နောက်တစ်နေ့တွင် မြောင်တောင်ပေါ်ရှိ တပည့်ထက်ဝက်ကျော်မှာ ထွက်ခွာသွားကြသည်။

ချူဖုန်းသည် ဤအခြေအနေကို ကျင့်သားရနေပြီ ဖြစ်၏။ သူ ငါးမျှားထွက်ရန် ပြင်ဆင်နေစဉ်မှာပင် ရင်းနှီးနေသော စက်ရုပ်ဆန်ဆန် အသံတစ်ခုက စိတ်ထဲတွင် မြည်လာခဲ့သည်။

“တပည့် ဖုန်းမူသည် ဝိညာဉ်မီးလျှံ ဆေးဖော်စပ်ခြင်းအတတ်ကို အထွတ်အထိပ်အဆင့်ထိ ကျင့်ကြံနိုင်ခဲ့သည်။ ပိုင်ရှင်ကို တာအိုအနှစ်သာရ သုံးခုဆုချီးမြှင့်လိုက်သည်”

သူ ချက်ချင်းပင် အစီအစဉ်ကို ပြောင်းလဲလိုက်ပြီး ဖုန်းမူ၏ ခြံဝင်းဆီသို့ ဦးတည်လိုက်၏။

ခြေတစ်လှမ်းအတွင်းမှာပင် ချူဖုန်း ထိုနေရာသို့ ရောက်ရှိသွားသည်။ သူ စကားမပြောရသေးမီမှာပင် အတွင်းမှ လိပ်နက်၏ အသံကို ကြားလိုက်ရသည်။

“ကလေး... မဆိုးဘူးပဲ၊ မင်းက ဒီဘိုးဘိုးရဲ့ ခုနစ်ပုံ ပုံရင် တစ်ပုံလောက်အဆင့်ကို ရောက်နေပြီ”

ချူဖုန်း မသိစိတ်ဖြင့် လွှတ်ခနဲ ပြောလိုက်သည်။

“ရှောင်ဟော့... ဘယ်သူ့ရှေ့မှာအဘိုးလို့ လျှောက်သုံးနှုန်းနေတာလဲ”

အခန်းထဲရှိ လိပ်ကလေးသည် ပြန်လည်ငြင်းခုံရန် ပြင်လိုက်သော်လည်း နောက်တစ်ခဏ၌ ချူဖုန်း၏ ရှေ့မှောက်သို့ အပြေးရောက်လာလေ၏။

“ဆရာ... ဘာလို့ ရုတ်တရက်ကြီး ရောက်လာတာလဲ ကျွန်တော်က လျှောက်ပြောနေတာပါ။ ဆရာ ကျွန်တော့်ကို အပြစ်မယူပါနဲ့နော်”

ချူဖုန်းက ထိုသတ္တဝါနှင့် အချိန်ကုန်ခံ ငြင်းမနေတော့ပေ။ သတိပေးသည့် အကြည့်တစ်ချက်ပေးကာ ဖုန်းမူ၏ ဆေးဖော်ဆောင်သို့ ဝင်သွားလိုက်သည်။

ဖုန်းမူက ဂူအတွင်းမှ အမြန်ထွက်လာပြီး ဦးညွှတ်နှုတ်ဆက်သည်။

“တပည့်က ဆရာ့ကို ဂါရဝပြုပါတယ်”

ချူဖုန်း ပြုံးလိုက်သည်။

“ဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး။ ရှောင်ဟော့ ပြောတာကို ကြည့်ရရင် မင်း ဝိညာဉ်မီးလျှံ ဆေးဖော်စပ်ခြင်းအတတ်ကို အဆုံးစွန်အထိ တတ်မြောက်သွားပြီ ထင်တယ်”

ဖုန်းမူ ခေါင်းညိတ်ပြလိုက်၏။

“ဒါက စီနီယာလိပ်နက်ရဲ့ လမ်းညွှန်မှုကြောင့်ပါ။ သူသာမရှိရင် တပည့် ဒီလောက်အထိ မြန်မြန်တိုးတက်မှာ မဟုတ်ဘူး”

“အလွန်အကျွံ နှိမ့်ချနေဖို့ မလိုပါဘူး။ မင်း တစ်ခုခု လိုအပ်တာရှိရင် ငါ့ကို ပြောပါ”

ချူဖုန်းသည် တပည့်အားလုံးကို တန်းတူဆက်ဆံသည်။ ဖုန်းမူသည် ပုံမှန်အားဖြင့် အေးအေးဆေးဆေး နေတတ်သော်လည်း ဝမ်တောက်ကျောင်းတော်ရှိ တပည့်ငယ်များကြားတွင် အလွန်လေးစားခြင်း ခံရသူဖြစ်နေ၏။

အကြောင်းရင်းမှာ ရိုးရှင်းပါသည်။ ဖုန်းမူ ရောင်းချသော ဆေးလုံးများသည် မြို့ထဲရှိ ဆေးလုံးများထက် ဈေးသက်သာသလို သူသည် တပည့်များအတွက် ဆေးလုံးများ အခမဲ့ ကူညီဖော်စပ်ပေးလေ့ ရှိသောကြောင့်ပင်။

“ဆရာ...”

ဖုန်းမူက ပြောသည်။

“တပည့်မှာ တောင်းဆိုစရာ တစ်ခုရှိပါတယ်”

“ပြောလေ”

ဖုန်းမူက တုံ့ဆိုင်းခြင်းမရှိဘဲ တိုက်ရိုက်ပင် ပြောလိုက်၏။

“တပည့်က မိတ်ဆွေတွေနဲ့အတူ ကောင်းကင်မီးလျှံရှာပုံတော်ထွက်ဖို့ရာ တောင်အောက်ဆင်းဖို့ ချိန်းထားပါတယ်။ စီနီယာ လိပ်နက်က ကောင်းကင်မီးလျှံစာရင်းဝင် ပုဂ္ဂိုလ်တစ်ဦး ဖြစ်တာကြောင့် သူ့ကို တပည့်နဲ့အတူ လိုက်ကူခွင့်ပေးဖို့ ဆရာ့ကိုတောင်းဆိုချင်လို့ပါ”

လိပ်နက်သည် ထိုကဲ့သို့ မြှောက်ပင့်စကားကို အလွန်နှစ်သက်၏။ ချူဖုန်းသာ ရှိမနေလျှင် သူ ဖုန်းမူ၏ ပုခုံးကို ပုတ်ကာ လက်မထောင်ပြမိလိမ့်မည်။

ချူဖုန်း၏ မျက်နှာတွင် စဉ်းစားဟန် ပေါ်လာခဲ့သော်လည်း မကြာမီပင် ဖုန်းမူမှာ ဘာကြောင့် လိပ်နက်ကို တောင်းလိုသည်ကို နားလည်သွား၏။

“ကောင်းပြီလေ။ လမ်းခရီးမှာ ဂရုစိုက်ကြဦး”

“ကျေးဇူးတင်ပါတယ် ဆရာ”

ချူဖုန်း၏ ခွင့်ပြုချက်ကြောင့် ဖုန်းမူ ဝမ်းသာအားရ ဖြစ်သွားသည်။

လိပ်နက်မှာမူ ပို၍ပင် ပျော်ရွှင်နေခဲ့ပြီး ၎င်း၏ မီးလျှံများမှာလည်း ဝုန်းခနဲ ထတောက်ကုန်၏။

ထိုအခြင်းအရာကို မြင်သော် ချူဖုန်း အနည်းငယ် စိတ်မရှည်သလို ပြောလိုက်သည်။ “ဒါဆို မင်းက ငါ့နောက် လိုက်ရတာကို မပျော်ဘူးပေါ့ ဟုတ်လား”

လိပ်နက် ချက်ချင်းပင် ငြိမ်ကျသွားပြီး ခေါင်းခါပြသည်။

“ဆရာ... ကျွန်တော့်ဂုဏ်သိက္ခာကို ဘာလို့ အပုပ်ချနေတာလဲ ကျွန်တော်က ဗဟုသုတ တိုးအောင် ကမ္ဘာပတ်ချင်ရုံပါ”

ချူဖုန်းက မျက်လုံးလှန်လိုက်၏။

“တော်စမ်းပါ၊ မင်း အကြောင်း ငါသိပါတယ်။ မှတ်ထားဦး။ အပြင်ရောက်ရင် ဖုန်းမူက အဓိကပဲ။ သူ့ကို ပြဿနာမပေးနဲ့၊ မဟုတ်ရင် ဘာဖြစ်မလဲဆိုတာ မင်းသိတယ်နော်”

“နားလည်ပါပြီ”

ဤအချိန်တွင် လိပ်နက်သည် အပြင်ထွက်ကစားရန်သာ စိတ်စောနေသဖြင့် အရာအားလုံးကို ခေါင်းညိတ်ကာထောက်ခံလိုက်၏။

တာအိုအနှစ်သာရသုံးခု ရရှိထားသဖြင့် ချူဖုန်း စိတ်လက်ပေါ့ပါးစွာ ထွက်ခွာသွားခဲ့သည်။

ချူဖုန်း ဝေးဝေးသို့ ရောက်သွားပြီဟု သေချာသောအခါ လိပ်နက်က အလျင်အမြန် တိုက်တွန်းလေတော့သည်။

“ရှောင်မူ... မြန်မြန် ထုပ်ပိုးတော့ ဒီညပဲ ထွက်ကြစို့”

“…”

၎င်း၏ စိတ်အားထက်သန်မှုကို မြင်သော် ဖုန်းမူ ရုတ်တရက် နောင်တရမိသွားသည်။ ထိုလိပ်ငတုံးကို ခေါ်သွားခြင်းမှာ အမှားတစ်ခုပင် ဖြစ်လာနိုင်သည်ဟု သူတွေးမိသွား၏။

သို့သော်လည်း သူ စိတ်ရှည်စွာ ပြောလိုက်သည်။

“စီနီယာလိပ်... တစ်ညတည်းကို ဘာဖြစ်လို့လဲ။ ပြီးတော့ မနက်ဖြန်ကျမှ လူကြီးသူမတွေကို သေသေချာချာ နှုတ်ဆက်ပြီး ထွက်ရမှာလေ”

“မင်းတို့ လူသားတွေကတော့ အလုပ်ရှုပ်တာပဲ”

လိပ်နက်က မကျေမနပ် ရေရွတ်လိုက်သည်။ ထို့နောက် အရှိန်အဝါကို ရုပ်သိမ်းကာ မီးအိမ်တစ်ခုအတွင်းသို့ ပျံဝင်သွားတော့၏။

နောက်တစ်နေ့ မွန်းတည့်ချိန်တွင် ဖုန်းမူသည် ချူဖုန်း၏ ဓားကျောက်စိမ်းကို လက်ခံရယူကာ အားလုံးကို နှုတ်ဆက်ပြီး ဝမ်တောက်ကျောင်းတော်၏ ရင်ပြင်သို့ ဦးတည်လိုက်သည်။

လိပ်နက်မှာမူ သူ့အိတ်ကပ်ထဲရှိ မီးအိမ်အတွင်း ပုန်းအောင်းနေပြီး၊ အပြင်ထွက်ကစားတာကို ဒီလို ပိတ်လှောင်ခံထားရတာက သိက္ခာကျစရာပဲဟု တတွတ်တွတ် မြည်တွန်တောက်တီးနေသည်။

ဖုန်းမူ ဆင်းသက်လိုက်သည်နှင့် စောင့်ဆိုင်းနေကြသော အခြားဌာနများမှ တပည့်များသည် သူ့ကို နှုတ်ဆက်ရန် ရှေ့သို့ တိုးလာကြ၏။

“စီနီယာအစ်ကိုဖုန်း”

ဖုန်းမူ အားလုံးကို ဝေ့ကြည့်လိုက်ရာ လူစုံနေပြီဖြစ်ကြောင်း တွေ့ရသည်။ သူက လက်သီးဆုပ်ကာ ဂါရဝပြုလိုက်၏။

“ညီအစ်ကိုတို့... စောင့်နေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အခုပဲ ထွက်ကြစို့”

မည်သူမျှ စိတ်မရှည်သည့် အရိပ်အယောင် မပြကြပေ။ အားလုံး တညီတညွတ်တည်း ပြန်ပြောကြသည်။

“ကိစ္စမရှိပါဘူး။ စီနီယာအစ်ကိုဖုန်းကို စောင့်ရတာက သင့်တော်ပါတယ်”

နှုတ်ဆက်စကား အနည်းငယ် ပြောကြားပြီးနောက် သူတို့အားလုံး တောင်တံခါးမှအတူတူ ထွက်ခွာသွားကြလေတော့သည်။

အခန်း (၃၃၄) လီဟော့ဂိုဏ်း

လီဟော့ဂိုဏ်းသည် ယွမ်ရှ တောင်တန်း၏ အနောက်တောင်ဘက်ရှိ တောင်ထိပ် အနည်းငယ်ပေါ်တွင် တည်ရှိသော ဂိုဏ်းငယ်လေးတစ်ခု ဖြစ်သည်။

၎င်း၏ ဂိုဏ်းချုပ်မှာ ကောင်းကင်ဇာစ်မြစ်အဆင့် ကျင့်ကြံသူလေးတစ်ယောက်သာ ဖြစ်သည်။ ဤမျှအဆင့်သာရှိသော ဂိုဏ်းတစ်ခုမှာ ရွှမ်ထျန်း တိုက်ကြီးအတွင်း၌ ပုရွက်ဆိတ်နှင့် မခြားနားပေ။

သို့သော်လည်း ထိုကဲ့သို့သော ဂိုဏ်းငယ်လေးသည် မကြာသေးမီကပင် လီတစ်ထောင်ပတ်လည်အတွင်း အာရုံစိုက်မှု အခံရဆုံး နေရာတစ်ခု ဖြစ်လာခဲ့၏။

အင်အားစုကြီးငယ်မရွေး လီဟော့ဂိုဏ်း၏ အခြေအနေကို စောင့်ကြည့်ရန် စုရုံးရောက်ရှိနေကြသည်။

လီဟော့ဂိုဏ်းသည် အင်အားကြီးအဖွဲ့အစည်းတစ်ခု မဟုတ်သော်လည်း မီးထိန်းချုပ်ခြင်းအတတ်တွင် ထူးချွန်ကြ၏။ သို့သော်လည်း ထိုမီးထိန်းအတတ် ကျွမ်းကျင်သော ဂိုဏ်းတွင် မြေအောက်မီးလျှံသွေးကြော ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

ထိုအကျိုးဆက်ကြောင့် လီဟော့ဂိုဏ်းမှ တပည့်ထက်ဝက်ကျော်မှာ သေကြေပျက်စီးခဲ့ရပြီး၊ ကျင့်ကြံခြင်းလောကမှ မြေခွေးအိုကြီးများသည် ရုတ်ခြည်းပင် အနံ့ခံမိသွားကြ၏။

ထိုသွေးကြောအတွင်း၌ ရတနာတစ်ခုခု သို့မဟုတ် ကောင်းကင်မီးလျှံ တစ်ခုခု ရှိနေရမည်။ သို့မဟုတ်ပါက ဤမျှကြီးမားသော အပြောင်းအလဲမျိုး ဘယ်သောအခါမှ ဖြစ်လာမည်မဟုတ်ပေ။

လီဟော့ဂိုဏ်း၏ အနောက်မြောက်ဘက်တွင် လူပေါင်းဒါဇင်ခန့်မှာ ကောင်းကင်ယံမှ ဆင်းသက်လာကြသည်။ သူတို့ ရောက်ရှိလာသည်နှင့် ပတ်ဝန်းကျင်ရှိ တစ်ကိုယ်တော် ကျင့်ကြံသူများနှင့် အခြားအဖွဲ့အစည်းများမှာ ချက်ချင်းပင် လမ်းဖယ်ပေးလိုက်ကြရ၏။

လူအုပ်ထဲမှ တစ်ယောက်က အကျယ်ကြီး အော်ပြောလိုက်သည်။

“ငါကြားတာတော့ လီဟော့ဂိုဏ်းက လင်တန် ဂိုဏ်းရဲ့ လက်အောက်ခံဆိုပဲ။ ဒါကို ကိုင်တွယ်ဖို့အတွက် လင်တန်ဂိုဏ်းက ဝမ်တောက်ကျောင်းတော်က ပါရမီရှင်တွေကိုပါ ဖိတ်ခေါ်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ”

“တိုးတိုးနေစမ်း ဝမ်တောက်ကျောင်းတော် ပါရမီရှင်တွေက သူတို့ကွယ်ရာမှာ အတင်းပြောတာကို မကြိုက်ဘူးဟ”

“…”

ထိုအဖွဲ့ ဆင်းသက်လိုက်သောအခါ ထင်ပေါ်ကျော်ကြားသော လူငယ်တစ်ဦး ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်သည်။

မလှမ်းမကမ်းရှိ မီးတောက်မီးလျှံ တိမ်တိုက်များကို ကြည့်ရှုရင်း သူက အေးဆေးစွာ မေးလိုက်၏။

“စီနီယာယွင်... ဒါ လီဟော့ဂိုဏ်းလား”

စီီနီယာယွင်ဆိုသူသည် ရိုသေစွာ ပြန်ဖြေသည်။

“မှန်ပါတယ်။ ခရီးသွားချိန်နဲ့ တွက်မယ်ဆိုရင် ဒီပေါက်ကွဲမှု ဖြစ်နေတာ တစ်လကျော်ပြီ။ ဒါပေမဲ့ အခုထိ ဘယ်သူမှ ကောင်းကင်မီးလျှံရဲ့ တည်နေရာကို ရှာမတွေ့သေးဘူး”

ဖုန်းမူက ခေါင်းတစ်ချက် ငြိမ့်လိုက်ပြီး သူ့အိတ်ကပ်ထဲရှိ လိပ်နက် ထံသို့ စိတ်အာရုံဖြင့် ဆက်သွယ်လိုက်၏။

“စီနီယာ... ကောင်းကင်မီးလျှံရဲ့ လှုပ်ရှားမှုကို ခံစားမိလား”

ဤလမ်းခရီးတစ်လျှောက်တွင် လိပ်နက် ဖုန်းမူကို ပြောပြခဲ့သည်မှာ ကောင်းကင်မီးလျှံများသည် တစ်ခုနှင့်တစ်ခု ဆွဲဆောင်နိုင်သလို နှိမ်နင်းနိုင်စွမ်းလည်း ရှိကြ၏။ ၎င်း၏ စွမ်းအားဖြင့်ဆိုလျှင် လီတစ်ရာအတွင်းရှိ မည်သည့် ကောင်းကင်မီးလျှံကိုမဆို အာရုံခံနိုင်သည်။

လိပ်နက် စိတ်အာရုံဖြင့် ပြန်ဖြေသည်။

“ဒီမှာ ကောင်းကင်မီးလျှံ တစ်ခုရှိတာတော့ အမှန်ပဲ။ ဒါပေမဲ့ အပြည့်အဝဖြစ်တည်နေတဲ့ပုံမပေါ်သေးဘူး။ မီးလျှံသွေးကြောပေါက်ကွဲရတာက အဲဒီကောင်းကင်မီးလျှံက တခြား ဝိညာဉ်မီးလျှံတွေကို ဝါးမြိုနေလို့ပဲ၊ အဲဒါကြောင့် ဝိညာဉ်မီးလျှံတွေ သွေးကြောထဲကနေ ထွက်ပြေးနေကြတာ”

ထိုအခါ ဖုန်းမူက မသိစိတ်ဖြင့် မေးလိုက်သည်။

“စီနီယာ.. စီနီယာလည်း အရင်ကအဲဒီလိုပဲ လုပ်ခဲ့တာလား”

လိပ်နက် “.....”

ထိုကောင်လေးပြောသည်မှာ မမှားသော်လည်း တစ်မျိုးကြီး ဖြစ်နေသလို ခံစားနေရ၏။

သူတို့နှစ်ဦး ဆက်သွယ်နေစဉ်မှာပင် မလှမ်းမကမ်း၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

“ကြည့်စမ်း အဲဒါ ယွင်လန်ဂိုဏ်းက တပည့်တွေပဲ”

“ဟင်... နတ်သမီးချင်းဟယ်ပါ ရောက်လာတာပဲ”

“…”

လိပ်နက်ကို စနောက်တော့မည့် ဖုန်းမူသည် နတ်သမီး ချင်းဟယ်ဟူသော အမည်ကို ကြားသည်နှင့် မျက်နှာမှာ ရုတ်ခြည်း တောက်ပသွားလေ၏။

ဖုန်းမူ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို မြင်သောအခါ ယွင်ယဲ့ စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။

“စီနီယာအစ်ကိုဖုန်း၊ တစ်ခုခု သတိထားမိလို့လား”

ဖုန်းမူက ပြုံးလိုက်သည်။

“စီနီယာအစ်ကိုယွင် အသိတစ်ယောက် ရောက်လာလို့ပါ။ သွားပြီး နှုတ်ဆက်လိုက်ဦးမယ်”

ဝါစဉ်အရဆိုလျှင် ဖုန်းမူက ယွင်ယဲ့ကို စီနီယာဟု ခေါ်ရမည် ဖြစ်သော်လည်း ဝမ်တောက်ကျောင်းတော်သည် စွမ်းအားကိုသာ အလေးထားသဖြင့် ဖုန်းမူ၏ နောက်သို့လိုက်ရန် ဆုံးဖြတ်ထားသော ယွင်ယဲ့က ဖုန်းမူကိုသာ စီနီယာဟု အတင်းအကျပ် ခေါ်ဆိုနေခြင်း ဖြစ်သည်။

နှစ်ဦးသားမှာ တစ်ဦးကိုတစ်ဦး နားချ၍မရသဖြင့် အပြန်အလှန်သာ စီနီယာဟု ခေါ်နေကြရ၏။

“အို”

ယွင်ယဲ့၏ မျက်နှာတွင် ဝမ်းသာရိပ်များ ယှက်သန်းသွားသည်။

“ဒါဆို မဟာမိတ်တွေ တိုးလာတာပေါ့။ ဒီကောင်းကင်မီးလျှံက ဘယ်လိုပုံစံမျိုးနဲ့ ပေါ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်တော့ ကူညီမဲ့သူ များလေ ပိုသေချာလေပေါ့”

လီဟော့ဂိုဏ်း၏ ကံကြမ္မာနှင့် ပတ်သက်၍ သူ လုံးဝ ဂရုမစိုက်ပေ။ လီဟော့ဂိုဏ်းမှာ သူနှင့် ဘာမှမဆိုင်သဖြင့် သူတို့အတွက်နှင့် သူ၏ အသက်ကို အန္တရာယ်ဖြစ်စေမည် မဟုတ်ပေ။ အလွန်ဆုံးမှ ကောင်းကင်မီးလျှံကို မနှိမ်နင်းမီ တပည့်အချို့ကို ကယ်တင်ပေးရုံသာ ရှိမည်။

သူရဲကောင်းဆန်ခြင်းမှာ ချီးကျူးစရာ ဖြစ်သော်လည်း ထိုသို့လုပ်ရန်အတွက် ခွန်အားရှိမှသာဖြစ်နိုင်၏။

ယွင်ယဲ့သည် သူကိုယ်တိုင်မှာ ပါရမီထူးသူ မဟုတ်ဘဲ ဝမ်တောက်ကျောင်းတော်မှ သာမန် ဆေးဖော်စပ်သူ တစ်ဦးမျှသာ ဖြစ်သည်ကို သိရှိထား၏။

သူတို့နှင့်အတူ လိုက်ပါလာသော လင်တန်ဂိုဏ်းမှ ကျင့်ကြံသူများမှာလည်း မကန့်ကွက်ကြပေ။

အကြောင်းမှာ ယွင်ယဲ့သည် ရာစုနှစ်များစွာအတွင်း ဝမ်တောက်ကျောင်းတော်၏ အတွင်းစည်းတပည့်အဖြစ် ဝင်ခွင့်ရခဲ့သော သူတို့ဂိုဏ်း၏ တစ်ဦးတည်းသော တပည့်ဖြစ်သောကြောင့်ပင်။ သူသည် အနာဂတ် ဂိုဏ်းချုပ်ဖြစ်၏။ သူ့ကို ဆန့်ကျင်ခြင်းမှာ သူတို့သခင်အသစ်ကို ဆန့်ကျင်ခြင်းပင်။

ထို့ထက်ပိုသည်မှာ ယွင်ယဲ့သည် သူတောင်စင်တစ်ပိုင်းချူ၏ တပည့်ဖြစ်သူ ဖုန်းမူ၏ စောင့်ရှောက်မှုအောက်တွင် ရှိနေခြင်းပင်။

“ကောင်းပြီလေ”

ဖုန်းမူက ငြင်းဆန်ခြင်း မပြုပေ။ သူသည် ဆေးဖော်စပ်ခြင်းပညာတွင်သာ အချိန်ကုန်လေ့ရှိသော်လည်း လူမှုဆက်ဆံရေးကို ကောင်းစွာ နားလည်သူဖြစ်၏။

သူ တစ်ယောက်တည်း သွားမည်ဆိုလျှင် ဝမ်တောက်ကျောင်းတော်အတွင်း သူ့အရှိန်အဝါမှာ နည်းပါးသယောင် ထင်ရပေလိမ့်မည်။ ယွင်လန်ဂိုဏ်းမှ တပည့်များက နှုတ်မှ မပြောသော်လည်း စီနီယာအစ်မချင်းဟယ်၏ ရွေးချယ်မှုမှာ မှားယွင်းလေသလားဟု စိတ်ထဲမှ ထင်မှတ်သွားကြမည် ဖြစ်၏။

ထို့ကြောင့် ထိုအုပ်စုမှာ ယွင်လန်ဂိုဏ်း ဆင်းသက်ရာ နေရာသို့ အင်နှင့်အားနှင့် ချီတက်သွားကြလေသည်။

လမ်းတစ်လျှောက်တွင် အနီးအနားရှိ ကျင့်ကြံသူများမှာ ချက်ချင်းပင် ဖယ်ရှားပေးလိုက်ကြရ၏။

ဝမ်တောက်ကျောင်းတော်မှ ပါရမီရှင်များ၏ ရည်ရွယ်ချက်ကို မသိသောလည်း မည်သူမှ မစော်ကားဝံ့ကြပေ။ စံနမူနာပြ အနှိပ်စက်ခံရလျှင် ဘေးဒုက္ခနှင့် တွေ့မည်သာ ဖြစ်သည်။

ယွင်လန်ဂိုဏ်းမှတပည့်များ ဆင်းသက်လိုက်သည်နှင့် သူတို့နတ်ဘုရားအာရုံများကို လီဟော့ဂိုဏ်းအတွင်းသို့ စေလွှတ်ကာ စမ်းသပ်လိုက်ကြသည်။

လီဟော့ဂိုဏ်းမှ ထွက်ပေါ်လာသော ပြင်းထန်သည့် မီးစွမ်းအင်များကြောင့် လူအများ၏ မျက်နှာမှာ တောက်ပသွားသော်လည်း အချို့မှာ အနည်းငယ် မျက်မှောင်ကြုတ်သွားကြသည်။

“အဲဒီမှာ ရပ်လိုက်စမ်း”

ကင်းစောင့်နေသော ယွင်လန်ဂိုဏ်း တပည့်က တစ်စုံတစ်ဦး ချဉ်းကပ်လာသည်ကို အာရုံခံမိပြီး သတိပေးအော်ဟစ်လိုက်သည်။

ချက်ချင်းပင် ယွင်လန်ဂိုဏ်းသားများ၏ နတ်ဘုရားအာရုံများမှာ လီဟော့ဂိုဏ်းအတွင်းမှ ပြန်လည် ဆုတ်ခွာသွားကြ၏။

‌၎င်းကို မြင်လိုက်ရသော ပတ်ဝန်းကျင်က ကျင့်ကြံသူတို့ဟာ တူညီသည့် အတွေးတစ်ခုကို တွေးလိုက်ကြသည်။

“ဝမ်တောက်ကျောင်းတော်က ယွင်လန်ဂိုဏ်းကို ပြဿနာရှာဖို့ ကြံနေတာလား”

ထိုသို့ သံသယများ မကြီးထွားမီမှာပင် ဖုန်းမူက ရှေ့သို့ တစ်လှမ်းတိုးကာ လှမ်းခေါ်လိုက်သည်။

“စီနီယာအစ်မလင်းလုံ”

သူ့စကားကြောင့် ဖုန်းလင်းလုံ၏ မျက်နှာပေါ်ရှိ အေးစက်စက် အမူအရာမှာ ချက်ချင်းပင် အရည်ပျော်သွားပြီး ဝမ်းသာရိပ်များ အစားထိုးဝင်ရောက်လာ၏။ သူမက ခေါ်သံကြားရာသို့ လှည့်ကြည့်လိုက်ရာ မျက်လုံးများမှာ တောက်ပသွားသည်။

“မောင်လေးမူ”

ဤခေါ်ဝေါ်သံကို ကြားလိုက်ရသော ယွင်လန်ဂိုဏ်း တပည့်များမှာ အမည်တစ်ခုကို ချက်ချင်းပင် တွေးမိလိုက်ကြသည်။

“ဖုန်းမူ”

“ကျွန်တော်ပါပဲ”

ဖုန်းမူသည် အခြားသူများကို ထားရစ်ခဲ့ကာ ဖုန်းလင်းလုံရှိရာသို့ တိုက်ရိုက် လျှောက်သွားလိုက်သည်။

“မင်း တော်တော်ပြောင်းလဲသွားတာပဲ”

ဖုန်းလင်းလုံသည် မတွန့်ဆုတ်ဘဲ ရှေ့သို့ လျင်မြန်စွာ ရောက်ရှိလာ၏။ သူမ ရှေ့မှ ချောမောခန့်ညားသော လူငယ်ကို ကြည့်ရင်း စိတ်ထဲတွင် ခံစားချက်များဖြင့် ပြည့်နှက်သွားသည်။

ဖုန်းမူသည် တစ်နေ့တွင် ကမ္ဘာကို တုန်လှုပ်စေမည့်သူ ဖြစ်လာမည်ကို သူမ အမြဲသိခဲ့သော်လည်း နှစ်အနည်းငယ်အတွင်းမှာပင် ဤမျှအထိ ပြောင်းလဲသွားလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ အခြား ယွင်လန်ဂိုဏ်းသားများ မပြောနှင့် သူမကိုယ်တိုင်ပင် မှတ်မိရန် ခဲယဉ်းလှ၏။

“စီနီယာအစ်မကတော့ အရင်လို လှပနေတုန်းပါပဲ”

ဖုန်းမူ ချီးကျူးစကား ဆိုလိုက်သည်။

ထိုစကားကို ကြားသောအခါ ဖုန်းလင်းလုံ၏ မျက်နှာမှာ အကြောင်းပြချက်မရှိဘဲ နီမြန်းသွားသည်။ သူမ ခြေဖျားကိုသာ ငုံ့ကြည့်နေပြီး လက်များကလည်း ဂါဝန်အနားသတ်ကို ဆုပ်နယ်နေမိသည်။

“မောင်လေး... မင်း ဘယ်တုန်းက ဒီလောက် စကားတတ်သွားတာလဲ”

“……”

ဖုန်းမူ ကြောင်အသွားသည်။

‘ငါ ဘာများ မှားပြောမိလို့လဲဟ’

‘ငါ့ရဲ့ စီနီယာအချို့ သူတို့ အဖော်တွေကို ဒီလိုမျိုး ချော့မော့ပြောတာ မြင်ဖူးပါတယ်။ ငါပြောတော့ကျမှ ဘာလို့ ကွာခြားနေရတာလဲ’

‘စီနီယာအစ်မ လင်းလုံက မကြိုက်လို့လား’

“ခိခိ...”

ဖုန်းမူ အူကြောင်ကြောင်ဖြင့် ရပ်နေသည်ကို မြင်သောအခါ ဖုန်းလင်းလုံ မအောင့်နိုင်ဘဲ အကျယ်ကြီး ရယ်မောမိတော့သည်။

ထိုမြင်ကွင်းကြောင့် ဂိုဏ်းသုံးဂိုဏ်းလုံးမှ တပည့်များမှာ မျက်လုံးအပြူးသားဖြင့် ငေးကြည့်နေကြရ၏။

ပတ်ဝန်းကျင်ရှိ အင်အားစုများမှာမူ ပို၍ပင် အံ့အားသင့်နေခဲ့ကြ၏။ အချို့မှာ သူတို့မျက်လုံးများကို ကွယ်ထားကြပြီး သူတို့အမူအရာမှာ ငါတို့ ဒါမျိုးကို ကြည့်ခွင့်ရှိလို့လားဟု မေးနေသလိုပင်။

“မောင်လေး... မင်းလည်း လီဟော့ဂိုဏ်း ကိစ္စအတွက် ရောက်လာတာလား”

ရယ်မောလိုက်ပြီးနောက် ဖုန်းလင်းလုံ၏ ရှက်သွေးဖြာမှုမှာ အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားတော့သည်။

“ဟုတ်တယ်။ ကံကြမ္မာက ဖန်တီးပေးလိုက်တာဆိုတော့ လီဟော့ဂိုဏ်းကို ကျွန်တော်တို့ အတူတူ စူးစမ်းကြရင် မကောင်းဘူးလား”

ဖုန်းမူက ဖိတ်ခေါ်လိုက်သည်။

“ကောင်းတာပေါ့”

ဖုန်းလင်းလုံက မတွန့်ဆုတ်ဘဲ သဘောတူလိုက်၏။

သူမ အဖြေကြောင့် ဖုန်းမူ စိတ်ထဲတွင် ဝမ်းသာအားရ ဖြစ်သွားသည်။ သူသည် သူမကို တပည့်ညီအစ်ကိုများနှင့် မိတ်ဆက်ပေးရန် ပြင်လိုက်စဉ်မှာပင် လိပ်နက်၏ အသံမှာ သူ၏ စိတ်ထဲတွင် မြည်ဟည်းလာ၏။

“သနားစရာကောင်းတဲ့ ရှောင်မူ... မိန်းမတစ်ယောက်ရဲ့ လက်ခုပ်ထဲမှာ ကစားခံနေရတာပဲ”

‘…..’

ဖုန်းမူ နားမလည်နိုင်ဖြစ်သွားပြီး သူ မသိစိတ်ဖြင့် ပြန်မေးလိုက်သည်။

“စီနီယာ... လက်ခုပ်ထဲကရေဆိုတဲ့ စကားပုံကို မှန်မှန်ကန်ကန် သုံးမိတယ်ဆိုတာ သေချာရဲ့လား”

လိပ်နက် “…”

မကြာမီ ထိုအုပ်စု သုံးစုမှာ စုစည်းမိသွားကြပြီး အသုံးဝင်သော သတင်းအချက်အလက်များကို အပြန်အလှန် ဖလှယ်ကြလေတော့သည်။

လင်တန်ဂိုဏ်းမှ အကြီးအကဲယွင်က ပြောသည်။

“မိတ်ဆွေတို့... လွန်ခဲ့တဲ့ ဆယ်ရက်ကျော်က ငါတို့ လင်တန်ဂိုဏ်းဟာ လီဟော့ဂိုဏ်းဆီက သတင်းရခဲ့ပါတယ်။ ဒီမီးပေါက်ကွဲမှုဟာ အလယ်အလတ်အဆင့် မီးလျှံသွေးကြောတစ်ခုကြောင့် ဖြစ်တာပါ။ အဲဒီအချိန်မှာ သူတို့က ဂိုဏ်းအတွင်းမှာ ဝိညာဉ်မီးလျှံ အချို့ သောင်းကျန်းနေတယ်လို့ သတင်းပို့ခဲ့တယ်။ လီဟော့ဂိုဏ်းက ကျင့်ကြံသူတွေက အဲဒါတွေကို မောင်းထုတ်ဖို့နဲ့ ထိန်းချုပ်ဖို့ ကြိုးစားခဲ့ကြပေမဲ့ မအောင်မြင်ခဲ့ဘူး။ ဒါနဲ့ ပတ်သက်ပြီး မင်းတို့ ဘယ်လိုယူဆချက်တွေ ရှိကြလဲ”

သူ့စကားအဆုံးတွင် အင်အားကြီး ဂိုဏ်းသုံးဂိုဏ်းမှ တပည့်များမှာ တိတ်ဆိတ်သွားကြ၏။

All Chapters