← Chapters

အခန်း (၃၃၅-၃၃၆)

Vol. 34 Ch. 335-336

အခန်း (၃၃၅-၃၃၆)

Vol. 34 Ch. 335-336

အခန်း (၃၃၅) သောင်းကျန်းနေသော ဝိညာဉ်မီးလျှံများ

“ငါတို့ ယွင်လန်ဂိုဏ်းက မီးကို ထိန်းချုပ်တဲ့နေရာမှာ သိပ်ပြီး ကျွမ်းကျင်တာ မဟုတ်ဘူး။ ဒါကြောင့် ဝမ်တောက်ကျောင်းတော်ရဲ့ ပါရမီရှင်တွေပဲ အဖြေပေးပါဦး။း”

ယွင်လန်ဂိုဏ်းသားများအုပ်စုထဲမှ အကြီးအကဲဖုန်းသည် တမင်တကာပင်ဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ စကားပြောဆိုခွင့်ကို ဝမ်တောက်ကျောင်းတော်၏ တပည့်များထံသို့ လွှဲပြောင်းပေးလိုက်သည်။

ဝမ်တောက်ကျောင်းတော်၏ တပည့်များအားလုံးသည် ဖုန်းမူထံသို့ အကြည့်များ ပို့လိုက်ကြသည်။

ဖုန်းမူသည် လိပ်နက် ထံမှ ပေးပို့လာသော နတ်ဘုရားအာရုံဆက်သွယ်မှုကို တိတ်တဆိတ် နားထောင်လိုက်ပြီးနောက် ယုံကြည်မှုအပြည့်ရှိသော အပြုံးတစ်ခုကို ပြသလိုက်သည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ အမြင်အချို့ ရှိပါတယ်။ လူတိုင်း ထည့်သွင်းစဉ်းစားပေးနိုင်ပါတယ်”

ထိုစကားကို ကြားသောအခါ လူအုပ်ကြီးမှာ စိတ်ဝင်စားသွားကြပြီး ဤသူတော်စင်တစ်ပိုင်း တပည့်၏ အမြင်ကို ကြားသိရန် စပ်စုလိုသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

ဖုန်းမူ အေးအေးလူလူပင် ပြောလိုက်၏။

“ဝိညာဉ်မီးလျှံတွေ သောင်းကျန်းနေတာက မီးလျှံသွေးကြောထဲမှာ ကောင်းကင်မီးလျှံ တစ်ခု မွေးဖွားတော့မှာမို့လို့ပါ။ အဲဒီမီးလျှံက တခြား ဝိညာဉ်မီးလျှံတွေကို ရူးသွပ်စွာ ဝါးမြိုဖို့ စတင်နေပြီ”

“ဒီမီးလျှံတွေက အသိဉာဏ်နည်းနည်း ရှိကြပေမဲ့ သိပ်တော့ မများလှဘူး။ သူတို့က လီဟော့ဂိတ်တံခါးကို သူတို့ရဲ့ အိမ်လို့ ယုံကြည်ထားကြတယ်။ ဒါကြောင့်လည်း အဲဒီပတ်ဝန်းကျင်မှာပဲ လှည့်လည်သွားလာကြတာလေ။ ကောင်းကင်မီးလျှံ ထွက်လာတဲ့အခါမှာ သူတို့က သွေးကြောထဲကို ပြန်ဝင်ပြီး ဆက်လက်ကြီးထွားနိုင်မှာပါ”

“အလယ်အလတ်အဆင့် မီးလျှံသွေးကြောထဲမှာ ဘာကြောင့် ဒီလိုမီးလျှံမျိုး ဖြစ်တည်လာရတာလဲဆိုရင် အဲဒီအောက်မှာ ကြီးမားတဲ့ လျှို့ဝှက်ချက်တစ်ခု ဖုံးကွယ်နေတယ်လို့ ကျွန်တော် သံသယရှိပါတယ်”

သူ့စကားကြောင့် လူအုပ်ကြီး၏ မျက်လုံးများ တောက်ပသွားသော်လည်း စိတ်လှုပ်ရှားမှုကို လျင်မြန်စွာပင် ထိန်းချုပ်လိုက်ကြသည်။

နေရာတစ်ခုတွင် ကောင်းကင်နှင့်မြေကြီး ရတနာများ များပြားလေ ပို၍ အန္တရာယ်ရှိလေပင်။ ဤအမှန်တရားမှာ ရှေးယခင်ကတည်းက ပြောင်းလဲခြင်း မရှိခဲ့ပေ။

အကြီးအကဲဖုန်း မေးသည်။

“ပါရမီရှင်မူ... မင်းရဲ့အမြင်အရ ငါတို့ ဘယ်လိုရှေ့ဆက်သင့်လဲ”

“တစ်ဆင့်ချင်းစီ အဆင့်လိုက် တက်လှမ်းကြတာပေါ့။ အရင်ဆုံး အပြင်ဘက်က မီးလျှံတွေကို အနိုင်ယူမယ်။ ပြီးရင်တော့ တစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင်စွမ်းဆောင်ရည်အပေါ်ပဲ မူတည်ပါလိမ့်မယ်။ အားလုံးကော ဘယ်လိုသဘောရလဲ”

ဖုန်းမူ ထုတ်မပြောလိုက်သည့် အချက်တစ်ချက် ရှိသည်။ လိပ်နက်သည် မီးလျှံသွေးကြော၏ အနက်ရှိုင်းဆုံးနေရာမှ ထူးဆန်းသောအရာတစ်ခုကို အာရုံခံမိထားပြီး ၎င်းကိုယ်တိုင်ပင် သတိထားနေရခြင်းပင်။

သူ့ဆရာ ပေးအပ်ထားသည့် ဓားကျောက်စိမ်း သာ မရှိလျှင် သူ ဤစွန့်စားမှုကို ပြုလုပ်ဝံ့မည် မဟုတ်ပေ။

အခြားသူများကလည်း ဖုန်းမူ၏ အဆိုပြုချက်ကို ခေါင်းညိတ်သဘောတူလိုက်ကြသည်။

“မနက်ဖြန်ကျမှပဲ စထွက်ကြမလား။ အားလုံးက ခရီးဝေးနှင်လာရတာဆိုတော့ အခြေအနေက အကောင်းဆုံး မဟုတ်သေးဘူး”

ဖုန်းလင်းလုံက အကြံပြုသည်။

“ကောင်းပြီလေ”

ပြောပြီးနောက် ဖုန်းမူသည် ဝမ်တောက်ကျောင်းတော် တပည့်များကို ဦးဆောင်ကာ စခန်းချရန် ပြင်ဆင်လိုက်၏။

နေ့ဘက်တွင် သူတို့တွေ့ဆုံခဲ့ကြသည်မှာ ပတ်ဝန်းကျင်ရှိ အင်အားစုများ၏ မျက်စိအောက်မှ လွတ်ကင်းနိုင်ခြင်း မရှိခဲ့ပေ။

အင်အားကြီးနှစ်ခု ငြိမ်သက်နေသည်ကို မြင်သောအခါ အဖွဲ့ငယ်လေးများကလည်း အခြေအနေကို စောင့်ကြည့်ပြီး အခွင့်အရေးကို စောင့်ရန် ဆုံးဖြတ်လိုက်ကြသည်။

နောက်တစ်နေ့ မနက်။

ဖုန်းမူ နိုးလာသည်နှင့် တောင်ပေါ်မှ တိုက်ခတ်လာသော အပူလှိုင်းများကို ခံစားလိုက်ရ၏။ လင်တန်ဂိုဏ်းမှ အကြီးအကဲယွင်သည် အလောတကြီး ပြေးလာပြီး ပြောသည်။

“ပါရမီရှင်မူ... လီဟော့တံခါးက နောက်ထပ် အကူအညီတောင်းစာ ပို့လာပြန်ပြီ။ သူတို့ တောင့်မခံနိုင်တော့ဘူး။ အဆင့်မြင့်လူကြီးပိုင်းတွေကလွဲရင် ကျန်တဲ့တပည့်တွေ အားလုံး တောင်အောက်ကို ထွက်ပြေးကုန်ကြပြီ”

“နားလည်ပါပြီ။ အခုပဲ ကျွန်တော်တို့ ထွက်ကြမယ်”

ဖုန်းမူ မတွန့်ဆုတ်ဘဲ တိုက်ရိုက်ပင် ဆုံးဖြတ်ချက် ချလိုက်သည်။

အကြီးအကဲယွင် သက်ပြင်းချလိုက်၏။ “ကောင်းပြီ၊ တပည့်တွေကို သွားအကြောင်းကြားလိုက်ဦးမယ်”

ခဏအကြာတွင် ဖုန်းမူသည် လူအုပ်ကြီးကို ဦးဆောင်ကာ လီဟော့တံခါးဆီသို့ ပျံသန်းသွားလေသည်။

“ဝမ်တောက်ကျောင်းတော်နဲ့ ယွင်လန်ဂိုဏ်း လှုပ်ရှားပြီဟေ့”

“မြန်မြန်... လိုက်ဖို့ ပြင်ကြ”

“…”

ပတ်ဝန်းကျင်ရှိ အင်အားစုများလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြီး အင်အားကြီးဂိုဏ်းနှစ်ခုနောက်မှ လိုက်ပါကာ အကျိုးအမြတ်တစ်ခုခု ရလိုရငြား စီစဉ်နေကြသည်။ အခွင့်ကောင်းတစ်ခုခုသာ ရလိုက်ပါက သူတို့ကဲ့သို့ အဖွဲ့ငယ်လေးများအတွက် များစွာ အမြတ်ထွက်မည်ဖြစ်၏။

ဖုန်းမူတို့အဖွဲ့ လီဟော့တံခါးထဲသို့ မဝင်မီမှာပင် အောက်ခြေမှ တက်လာသော ပြင်းထန်သည့် အပူလှိုင်းများကို ခံစားနေရပြီဖြစ်သည်။

ယခုအခါတွင် လီဟော့ဂိတ်တံခါးသည် မီးပင်လယ်အတွင်း နစ်မြုပ်နေသော အပျက်အစီးပုံတစ်ခု ဖြစ်နေခဲ့၏။

တောက်လောင်နေသော တောင်တန်းများနှင့် မီးခိုးများ ဖုံးလွှမ်းနေသည့် မြေပြင်ကို ကြည့်ရင်း ကျင့်ကြံသူအများစုမှာ မိမိကိုယ်ကို ဝိညာဉ်စွမ်းအားများဖြင့် အလိုအလျောက် ကာကွယ်ထားကြရသည်။

သူတို့ ဂိုဏ်းအတွင်းသို့ ကြည့်လိုက်ရာ ဝိညာဉ်မီးလျှံအချို့သည် အရူးအမူး လှည့်လည်နေသည်ကို တွေ့လိုက်ရသည်။

ဖုန်းမူက ဆိုသည်။

“အကြီးအကဲယွင်... ခင်ဗျားတို့ လင်တန်ဂိုဏ်းက အရင်ဆုံး ဝိညာဉ်မီးလျှံ တစ်ခုကို နှိမ်နင်းလိုက်ပါ။ ကျန်တာတွေကိုတော့ တတ်နိုင်သလောက် ဖမ်းကြတာပေါ့”

အကြီးအကဲယွင်သည် ဤအရာမှာ ဖုန်းမူက သူ့ဂိုဏ်းကို အခွင့်အရေးပေးခြင်းဖြစ်ကြောင်း နားလည်လိုက်၏။ သူ ချက်ချင်းပင် လက်သီးဆုပ်ကာ ဂါရဝပြုလိုက်သည်။

“ဟုတ်ကဲ့ပါ”

ထို့နောက် ဖုန်းမူက ဖုန်းလင်းလုံနှင့် အခြားသူများဘက်သို့ လှည့်ကာ ပြောလိုက်သည်

“အားလုံးပဲ ဝမ်တောက်ကျောင်းတော်ရဲ့ ဦးဆောင်မှုနောက်ကို လိုက်ခဲ့ကြပါ”

“နားလည်ပါပြီ”

ဖုန်းလင်းလုံမှာတော့ ရှုပ်ထွေးနေသော မီးလျှံများကို စိတ်မဝင်စားပေ။ ဝိညာဉ်မီးလျှံများထဲတွင်ပင် အဆင့်အတန်း ကွာခြားချက် အလွန်ကြီးမားရာ အမြင့်ဆုံး ဝိညာဉ်မီးလျှံနှင့် အနိမ့်စား တစ်ခုမှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလေ၏။

လင်တန်ဂိုဏ်းမှ အကြီးအကဲယွင်မှာ ကောင်းကင်ဇာစ်မြစ်အဆင့်၏ နောက်ပိုင်းတွင်သာ ရှိသေးသော်လည်း မီးကျင့်စဉ်တွင် ကျွမ်းကျင်မှုကြောင့် ဝိညာဉ်မီးလျှံတစ်ခုကို အခက်အခဲမရှိဘဲ နှိမ်နင်းနိုင်ခဲ့သည်။

ဖုန်းမူတို့အဖွဲ့မှာမူ အပူလှိုင်း အပြင်းထန်ဆုံးဖြစ်သည့် လီဟော့ဂိတ်တံခါး၏ အနက်ရှိုင်းဆုံးနေရာသို့ တိုက်ရိုက် ပျံသန်းသွားကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် လူတိုင်း မီးတောင်ဝတစ်ခု၏ အပြင်ဘက်သို့ ရောက်ရှိသွားလေ၏။ သူတို့ ဆင်းသက်လိုက်သည်နှင့် ဝိညာဉ်မီးလျှံတစ်ခု ထိုးထွက်လာခဲ့သည်။

“အဆင့်မြင့် ဝိညာဉ်မီးလျှံပဲ”

ယွင်လန်ဂိုဏ်းမှ တပည့်တစ်ဦး ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။

ထိုစကားကို ကြားသောအခါ အကြီးအကဲဖုန်းသည် လက်မှ အလင်းတန်းတစ်ခု လွှတ်လိုက်ရာ ဆေးမီးဖို တစ်ခုမှာ သူ့လက်ဖဝါးပေါ်တွင် ပေါ်လာ၏။

“သိမ်းဆည်းစမ်း”

သူ့စကားအဆုံးတွင် ဆေးမီးဖို၏အဖုံးက ပွင့်သွားပြီး ပြင်းထန်သော စုပ်အားဖြင့် ဝိညာဉ်မီးလျှံကို မီးဖိုအတွင်းသို့ ဆွဲသွင်းလိုက်သည်။

“အကြီးအကဲရဲ့ နတ်ဘုရားသဖွယ် စွမ်းအင်ပါပဲ”

ယွင်လန်ဂိုဏ်းတပည့်များ ချက်ချင်းပင် ချီးကျူးအော်ဟစ်ကြတော့သည်။

အကြီးအကဲဖုန်းက နွေးထွေးစွာ ပြုံးလိုက်၏။ “ဒါက အသေးအဖွဲ လှည့်ကွက်လေးပါပဲ။ အောက်ဘက်မှာ အဆင့်မြင့်နဲ့ အလယ်အလတ် ဝိညာဉ်မီးလျှံတွေ အများကြီး ရှိနေဦးမှာပါ။ နောက်ပိုင်းကျရင် အင်အားစုပေါင်းပြီး မင်းတို့ တစ်ယောက်ချင်းစီ တစ်ခုစီရအောင် ကြိုးစားကြတာပေါ့”

“ဟုတ်ကဲ့”

ဖုန်းမူက စကားများများ မပြောပေ။ သူက မျက်ရိပ်ဖြင့်သာ အချက်ပြလိုက်သည်။

“သွားကြစို့။ အောက်မှာ ဖုံးကွယ်နေတဲ့ လျှို့ဝှက်ချက်ကို အတူတူ ဖော်ထုတ်ကြတာပေါ့”

“ကောင်းပြီ”

ဖုန်းမူ၏ ဦးဆောင်မှုဖြင့် အဖွဲ့သားများ မီးတောင်အတွင်းသို့ ဝင်ရောက်သွားကြ၏။

အတွင်းသို့ ခြေချလိုက်သည်နှင့် မြင်တွေ့ရသော မြင်ကွင်းကြောင့် သူတို့အားလုံးမှာ အံ့အားသင့်သွားကြသည်။

တောင်ပေါ်ရှိ မီးလျှံသွေးကြောမှာ ပျောက်ကွယ်သွားပြီး ချော်ရည်များအဖြစ် ပြောင်းလဲသွား၏။ ချော်ရည်ပင်လယ်အတွင်း၌ ရေတွက်၍မရနိုင်သော မီးလျှံဝိညာဉ်များ တိုက်ခိုက်နေကြသည်။

အချင်းချင်း ဝါးမြိုပြီးနောက် အချို့သော မီးလျှံဝိညာဉ်များသည် ပိုမိုကြီးမားသော ပုံစံများ ဖြစ်လာကြပြီး အချို့မှာမူ ဝိညာဉ်မီးလျှံများအဖြစ် ပြောင်းလဲသွားလေ၏။

“သွေးကြောတစ်ခုလုံးကို ချော်ရည်ဖြစ်အောင် အရည်ပျော်စေခဲ့တာလား။ ဒီနေရာမှာ ဘယ်လိုမျိုး တည်ရှိမှုက မွေးဖွားလာမှာလဲ”

ဖုန်းလင်းလုံသည် မြင်ကွင်းကို ကြည့်ကာ အံ့ဩတုန်လှုပ်စွာ တိုးတိုးလေး ရေရွတ်လိုက်သည်။

သူမအနားတွင် ရပ်နေသော ဖုန်းမူက ပြောသည်။

“ဒီသွေးကြောက အလယ်အလတ်အဆင့် မဟုတ်တာတော့ သေချာတယ်။ အဆင့်မြင့် မီးလျှံသွေးကြောတစ်ခုရဲ့ အရှိန်အဝါကို ကျွန်တော် ခံစားမိနေတယ်။ လီဟော့တံခါးက ကျင့်ကြံသူတွေက အရင်က အလယ်အလတ်အဆင့် မီးလျှံသွေးကြောကိုပဲ တွေ့ခဲ့ပုံရတယ်”

သူ့စကားကြောင့် လူတိုင်း မသိစိတ်ဖြင့် အသက်ကို ပြင်းပြင်းရှူလိုက်ကြ၏။ လီဟော့တံခါးတွင် ဝိညာဉ်မီးလျှံများစွာ ပေါ်လာသည်မှာ မဆန်းတော့ပေ။ ၎င်းမှာ မီးကြောနှစ်ခု ပေါင်းစပ်အရည်ပျော်သွားသည့် ရလဒ်ပင် ဖြစ်သည်။

“စီနီယာဖုန်း၊ တကယ်လို့ အဲဒီလိုဆိုရင် ကျွန်တော်တို့ ချော်ရည်ရဲ့ အနက်ရှိုင်းဆုံးနေရာအထိ ဝင်ကြမှာလား”

ယွင်ယဲ့ မသိစိတ်ဖြင့် မေးလိုက်သည်။

သူသည် စစ်မှန်ကံကြမ္မာအဆင့်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း ဆေးဖော်စပ်သူတစ်ဦးအနေဖြင့် ချော်ရည်ပင်လယ်အတွင်း ကြာကြာခံနိုင်မည် မဟုတ်ဟု စိုးရိမ်နေမိသည်။

ဖန်းမူက ပြုံးလိုက်ပြီး

“ဒါက အသေးအဖွဲပါ။ ခဏနေရင် စီနီယာအစ်မ လင်းလုံနဲ့ ကျွန်တော် အဲဒီ ထူးကဲအဆင့် ဝိညာဉ်မီးလျှံတွေကို မောင်းထုတ်ပေးမယ်။ ခင်ဗျားတို့ ဘယ်အဆင့် မီးလျှံကို ဖမ်းမိမလဲဆိုတာကတော့ ကိုယ့်အရည်အချင်းအပေါ်ပဲ မူတည်ပါလိမ့်မယ်”

ယွင်ယဲ့၏ မျက်နှာမှာ ဝမ်းသာအားရ ဖြစ်သွားသည်။

“စီနီယာဖုန်းက တကယ့်ကို ရက်ရောတာပဲ”

ပတ်ဝန်းကျင်ရှိ တပည့်များကလည်း တညီတညွတ်တည်း အော်ဟစ်ကြသည်။ “စီနီယာဖုန်းက တကယ့်ကို ရက်ရောတာပဲ”

အကြီးအကဲဖုန်းကပင် ဝင်ပြောသည်။ “ပါရမီရှင်မူ... ဒီအဘိုးကြီးက ဒီမှာ စောင့်ကြပ်နေမှာမို့လို့ ဝမ်တောက်ကျောင်းတော်က ပါရမီရှင်တွေ ဘာမှမဖြစ်စေရဘူးလို့ ငါ အာမခံပါတယ်”

“ကောင်းပါပြီ”

ဖုန်းမူက ခေါင်းညိတ်လိုက်ပြီး အိတ်ကပ်ထဲမှ မီးအိမ်တစ်ခုကို ထုတ်ယူလိုက်သည်။

သူအနားမှ ဖုန်းလင်းလုံဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“စီနီယာအစ်မ ချင်းဟယ်၊ သွားကြစို့”

အခန်း (၃၃၆) ချော်ရည်ကျောက်မီးလျှံ

“အင်း”

နတ်မိမယ်ချင်းဟယ် ခေါင်းအသာငြိမ့်ပြလိုက်ပြီးနောက် ဖုန်းမူနှင့်အတူ ချော်ရည်ပူများဆီသို့ ယှဉ်တွဲပျံသန်းသွားလေ၏။

ကျန်ရှိနေသူများကတော့ ဝိညာဉ်မီးလျှံများကို ချက်ချင်းဖမ်းယူရန် မကြိုးစားကြသေးပေ။ ထိုသူနှစ်ဦး ချော်ရည်ပူများထဲသို့ မည်သို့ဝင်ရောက်သွားမည်ကိုသာ အကဲခတ်နေကြသည်။

သူတို့ ချဉ်းကပ်သွားသည်နှင့် ဖုန်းမူ၏လက်ထဲမှ မီးအိမ်သည် အလင်းတန်းတစ်ခု ထုတ်လွှတ်လိုက်ပြီး သူတို့နှစ်ဦးလုံးကို လွှမ်းခြုံ၍ကာကွယ်လိုက်၏။

ထိုအလင်းတန်း ကျရောက်ရာနေရာတိုင်း၌ ချော်ရည်ပူများက ဘေးသို့ဖယ်ပေးသွားကြပြီး၊ ယင်းအတွင်းရှိ ဝိညာဉ်မီးလျှံများမှာလည်း သဘာဝရန်သူနှင့် တွေ့လိုက်ရသကဲ့သို့ ထိတ်လန့်တကြား ထွက်ပြေးကြလေသည်။

‘တကယ့် ရတနာပဲ’

စောင့်ကြည့်နေသော ကျင့်ကြံသူများ၏ ရင်ထဲတွင် ဤသို့သာ တွေးလိုက်မိကြသည်။ သို့သော် မည်သူမျှ လောဘစိတ်မမွေးဝံ့ကြပေ။

ရွှမ်ထျန်းတိုက်ကြီး တစ်ခုလုံးတွင် အာဏာရှိသော ဂိုဏ်းအသီးသီးသည် သူတော်စင်တစ်ပိုင်းချူက သူ့တိုက်ရိုက်တပည့်တိုင်းကို ဓားကျောက်စိမ်း တစ်ခုစီ ပေးထားသည်အား သိထားကြ၏။

ယင်းကျောက်စိမ်းများထဲတွင် သူတော်စင်တစ်ပိုင်းချူကိုယ်တိုင်၏ ဓားချီပါဝင်သည်။

သူတော်စင်တစ်ပိုင်းချူ ဆိုသည်မှာ မည်သို့သော ပုဂ္ဂိုလ်မျိုးနည်း။ သူသည် သူတော်စင်အဆင့်အောက်တွင် ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်တစ်ဦး မဟုတ်ပါလော။

သူ ကျင့်ကြံခြင်းလောကထဲတွင် သွားလာလှုပ်ရှားခြင်း မရှိသော်လည်း သူ့အမည်မှာ လူတိုင်း၏နှလုံးသားထဲတွင် နက်ရှိုင်းစွာ စွဲထင်နေ၏။

မင်းသမီးချင်းဟယ်ပင် သူမအနားရှိ ဖုန်းမူကို စပ်စုလိုသော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်မိသည်။

ထိုအချိန်တွင် ဖုန်းမူမှာလိပ်နက်နှင့် စိတ်ချင်းဆက်သွယ်၍ စကားပြောနေ၏။ “စီနီယာလိပ်… ကောင်းကင်ရမီးလျှံစာရင်းထဲမှာ ပါတဲ့သူဆိုတဲ့အတိုင်းပဲ။ ဒီဝိညာဉ်မီးလျှံတွေက ခင်ဗျားကို သဘာဝရန်သူလို ကြောက်နေကြတာပဲ”

လိပ်နက် ပြန်ဖြေသည်။

“ငါ့ကို လာမြှောက်ပင့်မနေနဲ့ ကောင်လေး။ မင်းရဲ့ အဆင့်မြင့်ဝိညာဉ်မီးလျှံကို အမြန်ထုတ်ပြီး အဆင့်နိမ့်မီးလျှံတွေကို ဝါးမျိုခိုင်းလိုက်တော့။ သူ မနိုင်တဲ့ကောင်နဲ့တွေ့မှ ငါဝင်ကူမယ်”

ထိုစကားကိုကြားသော် ဖုန်းမူသည် သူ့ဝိညာဉ်မီးလျှံကို ချက်ချင်းလွှတ်လိုက်တော့၏။ နှစ်ရှည်လများ ပြုစုပျိုးထောင်လာခဲ့သဖြင့် ၎င်းသည် အဆင့်နိမ့်မှ အဆင့်မြင့်သို့ ကူးပြောင်းသွားခဲ့ပြီး အလယ်အလတ်အဆင့် မီးလျှံများကို ဖမ်းယူရန်မှာ မခဲယဉ်းတော့ပေ။

သူ သိုလှောင်လက်စွပ်ထဲမှ မီးတောက်သိမ်းအိတ်ကို ထုတ်ယူ၍ မီးလျှံကို ဆင့်ခေါ်လိုက်သည်။

ယင်းမီးလျှံသည် အဆင့်မြင့်လာရုံသာမက ဉာဏ်ရည်မှာလည်း သာမန်မီးလျှံများထက် များစွာသာလွန်နေပြီး ဖုန်းမူ၏ အလိုကိုပင် နားလည်နေပြီဖြစ်သည်။

သူ့အမိန့်ပေးလိုက်သည်နှင့် မီးလျှံသည် လိုဏ်ဂူထဲသို့ တိုးဝင်သွားပြီး အိပ်စက်ရာမှ အသစ်တဖန် နိုးထလာကြသော အရိုင်းဝိညာဉ်မီးလျှံများကို အုပ်မိုးလိုက်လေသည်။

၎င်းသည် သိုးအုပ်ထဲသို့ ဝံပုလွေတစ်ကောင် ဝင်လာသကဲ့သို့ပင်။ သို့သော် ဤဝံပုလွေ၏ နောက်ကွယ်တွင် ကျားတစ်ကောင်က အကာအကွယ်ပေးနေခြင်းဖြစ်သည်။

ချော်ရည်ပူထဲရှိ မီးလျှံများသည် အရပ်မျက်နှာအသီးသီးသို့ ထွက်ပြေးကြရတော့လေ၏။ အဆင့်မြင့်မီးလျှံများပင် မတွန်းလှန်ဝံ့ဘဲ လူစုခွဲပြေးကြကုန်သည်။

ကံဆိုးလှသော ထိပ်တန်းအဆင့် ဝိညာဉ်မီးလျှံတစ်ခုမှာ ပြန်လည်ခုခံရန် ကြိုးစားသဖြင့် လိပ်နက်၏ ကိုက်ခဲခြင်းကို ခံလိုက်ရသည်။

မင်းသမီးချင်းဟယ်သည် ဆီမီးအိမ်ထဲ၌ လိပ်ပုံသဏ္ဌာန် ကောင်းကင်မီးလျှံတစ်ခု ရုတ်တရက် ပေါ်လာသည်ကို မြင်သောအခါ ခဏတာ မှင်တက်သွား၏။

“ဂျူနီယာမောင်လေးမူ… ဒါက…”

ဖုန်းမူ ပြုံး၍ ပြောသည်။

“ဒါက ကျွန်တော့်ရဲ့ စီနီယာလိပ်နက်ပါ။ ကျွန်တော့်ဆရာရဲ့ ကောင်းကင်မီးလျှံပေါ့။ ဒီနေရာမှာ ကောင်းကင်မီးလျှံတစ်ခုရှိမှန်း သိလို့ သူ့ကိုပါ ခေါ်လာတာ။ စီနီယာအစ်မက အဲဒီထိပ်တန်းအဆင့်မီးလျှံကို လိုချင်ရင် ကျွန်တော့်အစ်ကိုကြီးက ကူညီပေးပါလိမ့်မယ်”

မင်းသမီးချင်းဟယ်သည် မျက်တောင်တဖျပ်ဖျပ်ခတ်ရင်း လိပ်နက်ကို စူးစမ်းကြည့်လိုက်သည်။

“စီနီယာ ကျွန်မ ရနိုင်မလားဟင်”

“တစ်ခုပဲနော်”

လိပ်နက်သည် ဖုန်းမူက ဤမိန်းကလေးအပေါ် မည်သို့သဘောထားသည်ကို သိရှိထားပြီးဖြစ်ရာ သူ့ဂျူနီယာညီလေးကို ကူညီရန် သဘောတူလိုက်သည်။

“ကျေးဇူးတင်ပါတယ် စီနီယာလိပ်”

မင်းသမီးချင်းဟယ် ထိပ်တန်းအဆင့် ဝိညာဉ်မီးလျှံတစ်ခုကို ညွှန်ပြလိုက်၏။

“အဲဒီတစ်ခုပါ”

လိပ်နက်က ခေါင်းအသာငြိမ့်ပြပြီး ပါးစပ်ကို ဟလိုက်သည်။ ပြင်းထန်သော မီးလေပွေတစ်ခုက ထိုမီးလျှံကို စုပ်ယူလိုက်ပြီးနောက် သူ စတင်၍ ဆက်သွယ်ကာစကားပြောတော့သည်။

“ကောင်လေး… မင်း သေချင်လို့လား”

ထိပ်တန်းအဆင့် ဝိညာဉ်မီးလျှံ “စီနီယာ… ကျွန်တော့်ကို အသက်ချမ်းသာပေးပါ။ ကျွန်တော့်ကို အသက်ရှင်ခွင့်ပေးမယ်ဆိုရင် ခိုင်းတာမှန်သမျှ လုပ်ပါ့မယ်”

ကလေးငယ်တစ်ဦးကဲ့သို့ အသံကို ကြားလိုက်ရသဖြင့် လိပ်နက်၏ ပါးစပ်ဖျားတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

“ဒါ မင်းပြောတဲ့စကားနော်။ နောင်တမရနဲ့”

ထိပ်တန်းအဆင့် ဝိညာဉ်မီးလျှံ “ဘယ်တော့မှ နောင်တမရပါဘူး”

လိပ်နက် “ဒါဆို အဲဒီမိန်းကလေးကို မင်းရဲ့သခင်အဖြစ် အသိအမှတ်ပြုလိုက်။”

“ဟုတ်ကဲ့”

ထိုမီးလျှံသည် အစွမ်းထက်သူများကို ဦးညွှတ်ရမည်ဟူသော အခြေခံသဘောတရားကို နားမလည်သော်လည်း ယခုတွင် ရွေးချယ်စရာ လုံးဝမရှိတော့ပေ။

လိပ်နက်၏ လမ်းညွှန်မှုဖြင့် ထိုထိပ်တန်းအဆင့်မီးလျှံသည် မင်းသမီးချင်းဟယ်ထံသို့ ဖြည်းညှင်းစွာ ပျံသန်းသွားပြီး မိခင်ကို တွယ်ကပ်နေသော ကလေးငယ်တစ်ဦးကဲ့သို့ သူမကို ဝန်းရံလှည့်ပတ်နေတော့သည်။

‘ဒီလောက်တောင် လွယ်တာလား’

မင်းသမီးချင်းဟယ် သူမဘေးတွင် မနားတမ်း ဝဲပျံနေသော ထိပ်တန်းအဆင့် ဝိညာဉ်မီးလျှံကို ကြည့်ရင်း အိပ်မက်မက်နေသကဲ့သို့ ခံစားလိုက်ရ၏။

သူမ ဝိညာဉ်မီးလျှံများကို ဖမ်းယူရပုံအကြောင်း သက်ကြီးပိုင်းများ ပြောပြသည်ကို ကြားဖူးခဲ့သော်လည်း ဤမျှ လွယ်ကူလိမ့်မည်ဟု တစ်ခါမျှ မတွေးခဲ့မိပေ။

ခဏအကြာတွင် သူမနှင့် ထိုမီးလျှံတို့အကြား၌ စာချုပ်တစ်ခု ချုပ်လိုက်နိုင်၏။

လိပ်နက်သည် ရှေ့သို့ ဆက်လက်တိုးဝင်သွားပြီး တစ်ရက်မပြည့်မီမှာပင် ဖုန်းမူ၏ ဝိညာဉ်မီးလျှံမှာ အရောင်မှိန်လာသည်။

၎င်းကိုမြင်သော် ဖုန်းမူသည် သူ့မီးလျှံမှာ အဆင့်တက်တော့မည်ကို ချက်ချင်းနားလည်လိုက်၏။

သူ တွေဝေမနေဘဲ မီးလျှံကို မီးသလင်းကျောက် တစ်လုံး ကျွေးလိုက်ပြီးနောက် အိတ်ထဲသို့ ပြန်လည်သိမ်းဆည်းလိုက်သည်။

ထိုဖြစ်ရပ်ကို မြင်တွေ့လိုက်ရသော ပတ်ဝန်းကျင်မှ အားနည်းနေသည့် ဝိညာဉ်မီးလျှံများမှာ ချော်ရည်ပူများ၏ အစွန်အဖျားများဆီသို့ အလန့်တကြား ထွက်ပြေးသွားကြ၏။

အပြင်ဘက်တွင်မူ အကြီးအကဲဖုန်းနှင့် ကျန်သူများ စောင့်ဆိုင်းနေခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်သည်။ အဆင့်မြင့်နှင့် ထိပ်တန်းအဆင့် မီးလျှံများ ပြေးထွက်လာသည်ကို မြင်သောအခါ သူတို့သည် အလယ်အလတ်အဆင့် မီးလျှံများကို လျစ်လျူရှု၍ ချက်ချင်းတိုက်ခိုက်ဖမ်းယူကြတော့သည်။

အမှန်စင်စစ်မှာ သူတို့သည် အဝအပြဲ စားသောက်ပြီးပြီဖြစ်ရာ အပြင်ဘက်ရှိ လူများအတွက် အကြွင်းအကျန်အချို့ ချန်ထားပေးခဲ့ခြင်းသာဖြစ်၏။

မီးတောင်ဝတွင် အဖွဲ့အစည်းအမျိုးမျိုး စုရုံးရောက်ရှိနေကြသည်။ အတွင်းထဲရှိ အရေးပါသော ပုဂ္ဂိုလ်များကို ပြစ်မှားမိမည်စိုး၍ မည်သူမျှ မဆင်မခြင် ဝင်ရောက်ခြင်း မပြုကြပေ။

“ထွက်လာပြီ ဝိညာဉ်မီးလျှံတွေ ထွက်လာပြီ”

မီးလျှံတစ်ခု ပေါ်လာသည်နှင့် မရေမတွက်နိုင်သော မျက်လုံးများက ယင်းဆီသို့ ရောက်သွားကြ၏။

စိတ်မရှည်သော ကျင့်ကြံသူအချို့မှာမူ လုယူရန် ရှေ့သို့ ပြေးထွက်လာကြသည်။

လင်တန်ဂိုဏ်းမှ ကျင့်ကြံသူများသာလျှင် တည်ငြိမ်စွာ စောင့်ကြည့်နေကြသည်။ အခြားသူများ တောင်ပေါ်သို့ မတက်လာချိန် သူတို့သည် မီးလျှံသုံးခုကို သိမ်းဆည်းခဲ့သောကြောင့်ပင်။

သူတို့အတွက် ဤလီဟော့ဂိုဏ်း ခရီးစဉ်သည် အောင်မြင်မှု အပြည့်အဝ ရရှိခဲ့ပြီဖြစ်ရာ ယခုမူ အကြွင်းအကျန်များ ရနိုင်မလားဟုသာ စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။

အကယ်၍ လူမိုက်အချို့က လာရောက်ရန်စပါကလည်း သူတို့၏ စွမ်းအားကို ပြသရန် ဝန်လေးကြမည်မဟုတ်ပေ။

ချော်ရည်ပူများ အတွင်း၌။

ဖုန်းမူတို့အဖွဲ့သည် အဟန့်အတားမရှိ ရှေ့သို့တိုးသွားနိုင်ခဲ့ပြီး ပထမအလွှာကို ဖြတ်ကျော်ကာ ဒုတိယအလွှာသို့ ရောက်ရှိသွား၏။

လိပ်နက်၏ အရှိန်အဝါဖြင့် အကာအကွယ်ပေးထားသော်လည်း ဖုန်းမူနှင့် မင်းသမီးချင်းဟယ်တို့မှာ ဤနေရာရှိ အပူရှိန်သည် ခုနကထက် များစွာပိုမိုပြင်းထန်ကြောင်း ခံစားနေရ၏။

ဝိညာဉ်မီးလျှံများ နေရာအနှံ့ရှိနေသော ပထမအလွှာနှင့်မတူဘဲ ဤအလွှာတွင် ကောင်းကင်မီးလျှံများ၏ အရိပ်အယောင်ပင် မတွေ့ရပေ။

ကြားနေရသော တစ်ခုတည်းသော အသံမှာ ချော်ရည်မြစ်ကြီးမှ စီးဆင်းနေသည့်အသံများသာ။

အချိန်အတန်ကြာ သွားလာပြီးနောက် အပူချိန်မှာ တဖြည်းဖြည်း လျော့နည်းလာသည်ကို ဖုန်းမူ သတိပြုမိလိုက်၏။

“ဒီချော်ရည်တွေ… တစ်ခုခုက အဲ့ထဲမှာရှိတဲ့ မီးအဆီအနှစ်တွေကို စုပ်ယူနေတာပဲ”

လိပ်နက် တိုးတိုးလေး ပြောသည်။ “မတူညီတဲ့ အရှိန်အဝါ နှစ်ခုကို ငါခံစားနေရတယ်။ အဲဒီထဲက တစ်ခုက ငါ့ကို စိတ်မသက်မသာ ဖြစ်စေတယ်ဟ”

ဖုန်းမူ၏ မျက်လုံးထဲတွင် အံ့အားသင့်ရိပ်များ ဖြတ်ပြေးသွား၏။ သူက တိုးတိုးလေး မေးလိုက်သည်။

“စီနီယာလိပ်… ခင်ဗျားက တာအိုပေါင်းစည်းခြင်းအဆင့်မှာ ရှိနေတာလေ”

လိပ်နက်က ပြန်ဖြေသည်။

“အောက်မှာ ဘာပဲရှိရှိ၊ ငါတို့ သတိထားပြီး သွားရမယ်”

“သဘောတူပါတယ်”

ဖုန်းမူသည် သူ့နတ်ဘုရားအာရုံကို လွှတ်လိုက်ပြီး ဖုန်းလင်းလုံမှာလည်း သတိကြီးစွာဖြင့် သူမ ဓားကို အိမ်မှ ထုတ်လိုက်၏။

နာရီအနည်းငယ် ကြာပြီးနောက် အဖွဲ့သည် ထိုချော်ရည်အလွှာကို နောက်ဆုံးတွင် ဖြတ်ကျော်နိုင်ခဲ့သည်။

သူတို့မျက်စိရှေ့တွင် အနီရောင်ရင့်ရင့် မီးလျှံတစ်ခုသည် လေထဲ၌ တွဲလောင်းကျနေပြီး ချော်ရည်ပင်လယ်ထဲမှ မီးဓာတ်အဆီအနှစ်များကို အဆက်မပြတ် စုပ်ယူနေသည်ကို မြင်လိုက်ရသည်။

“ဒါ ချောက်ရည်ကျောက်မီးလျှံပဲ”

ဖုန်းမူက မသိစိတ်ဖြင့် ပြောလိုက်မိသည်။

ဆေးဖော်စပ်သူတစ်ဦးအနေဖြင့် သူသည် ကောင်းကင်မီးလျှံများအကြောင်းကို အသေအချာ လေ့လာထားသူဖြစ်ရာ တစ်ချက်ကြည့်ရုံဖြင့် မှတ်မိလိုက်ခြင်း ဖြစ်၏။

လိပ်နက်မှာ ထိုမီးလျှံ ပတ်ပတ်လည်တွင် လှည့်ပတ်နေသော ဝိညာဉ်စွမ်းအားများကို စိုက်ကြည့်နေပြီး တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရ၏။ မကြာမီမှာပင် သူ အရေးကြီးသော အချက်တစ်ခုကို ရှာတွေ့သွားသည်။

All Chapters