← Chapters

အခန်း (၃၃၇-၃၃၈)

Vol. 34 Ch. 337-338

အခန်း (၃၃၇-၃၃၈)

Vol. 34 Ch. 337-338

အခန်း (၃၃၇) မမျှော်လင့်ထားသော ကံကောင်းမူ

“ဒါဆို ဒီထူးဆန်းတဲ့ မီးလျှံက နောက်မှ ရောက်လာတဲ့ အကောင်ပေါ့”

လိပ်နက် ရွှင်မြူးသော အပြုံးဖြင့် ပြောလိုက်သည်။

ဖုန်းမူနှင့် မင်းသမီးချင်းဟယ်တို့ ထိုထူးဆန်းသော မီးလျှံကို ကြည့်လိုက်ကြ၏။ ယင်းမီးလျှံ၏ အောက်ခြေမှ အားနည်းသော မီးဝိညာဉ်စွမ်းအင်များသည် ဂူအနက်ပိုင်းဆီသို့တ‌ဖြေးဖြေး ကျဆင်းနေသည်။

ထိုမီးလျှံသည် ချော်ရည်များ၏ ဝိညာဉ်စွမ်းအင်ကို ဖြတ်တောက်ပြီး အောက်ဘက်သို့ မရောက်ရှိနိုင်ရန် တားဆီးထားခြင်း ဖြစ်ပုံရ၏။

ဖုန်းမူ သူ့နတ်ဘုရားအာရုံကို မှောင်မည်းနေသော ဂူနက်ထဲသို့ အလိုလို ဖြန့်ကြက်လိုက်သည်။

မကြာမီမှာပင် သူ့အကြည့်သည် မှိန်ဖျော့ဖျော့နှင့် လင်းလက်နေသော အလင်းရောင်တစ်ခုထံသို့ ရောက်ရှိသွား၏။

“ကြည့်ပါဦး၊ ဟိုမှာ အလင်းရောင်တစ်ခု ရှိနေတယ်”

မင်းသမီးချင်းဟယ်နှင့် လိပ်နက်တို့ သူညွှန်ပြရာဘက်သို့ ကြည့်လိုက်ကြသည်။ မှောင်မိုက်နေသော နေရာ၌ အနီရောင်အလင်းတန်းတစ်ခု တစ်ချက်တစ်ချက် မှိတ်တုတ်မှိတ်တုတ် လင်းလက်နေ၏။

“စောစောက ငါ့ကို သတိထားစရာလိုတယ်လို့ ခံစားရအောင် လုပ်ခဲ့တဲ့အရာက အဲဒီအနီရောင် အလင်းတန်းထဲမှာ ရှိနေတာပဲ”

လိပ်နက်က ပထမဆုံး စကားဆိုသည်။

ကျန်ရှိသူနှစ်ဦးမှာမူ ထိုစကားကြောင့် မျက်မှောင်ကြုတ်သွားကြ၏။

ဖုန်းမူ “စီနီယာ ခင်ဗျားကိုတောင် သတိထားမိအောင် လုပ်နိုင်တယ်ဆိုတော့ အောက်မှာရှိနေတာက နီဗားနားရှင်သန်ခြင်းအဆင့်သတ္တဝါတစ်ကောင်များလား”

လိပ်နက် ခေါင်းခါပြလိုက်သည်။

“အဲဒါတော့ မဟုတ်လောက်ဘူး။ မီးဓာတ်ချင်း တူနေလို့ ဖိနှိပ်ခံရတာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဖြစ်နိုင်ခြေရှိတာတွေအတွက် ကြိုတင်ပြင်ဆင်ထားတာ အကောင်းဆုံးပဲ”

“ကောင်းပါပြီ”

ဖုန်းမူက ပြန်ဖြေလိုက်ပြီး သိုလှောင်လက်စွပ်ထဲမှ ဓားကျောက်စိမ်း တစ်ခုကို ထုတ်ယူလိုက်သည်။

မင်းသမီးချင်းဟယ်နှင့် အကြည့်ချင်းဖလှယ်လိုက်ပြီးနောက် သူတို့နှစ်ဦး အနီရောင်အလင်းတန်း ထွက်ပေါ်ရာဆီသို့ အတူတူ ပျံသန်းသွားကြသည်။

ခဏချင်းမှာပင် ထိုအလင်းတန်း လင်းလက်နေသော နေရာသို့ ရောက်ရှိသွား၏။ အနီးကပ်ကြည့်လိုက်မိသောအခါ သူတို့နှစ်ဦးစလုံး အသက်ရှူမှားသွားကြတော့သည်။

အစီအရင် တစ်ခုအတွင်း၌ ဥတစ်လုံးမှာ ပေါက်ဖွားရန် အားယူနေသည်။

သို့သော်လည်း အထက်မှ ထူးဆန်းသော မီးလျှံက မီးတောင်၏ မီးဝိညာဉ်စွမ်းအင်ကို ဖြတ်တောက်ထားသောကြောင့် ဥပေါက်ဖွားမည့် အစီအရင်၏ အလင်းရောင်မှာ အားနည်းနေပုံရသည်။

“ဒါက အနည်းဆုံးတော့ နတ်ဘုရားသားရဲဥပဲ”

လိပ်နက် လေးနက်စွာ ပြောလိုက်သည်။

“ဒါဆိုရင် ဒီနေ့ ကျွန်တော်တို့ မမျှော်လင့်ထားတဲ့ ကံကောင်းမှုတစ်ခုကို ရှာတွေ့ခဲ့ပြီပေါ့”

ဖုန်းမူ၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာ၏။ ထူးဆန်းသော မီးလျှံတစ်ခု ရရှိရုံနှင့်ပင် အကျိုးအမြတ် လုံလောက်ပြီဟု သူထင်မှတ်ထားသော်လည်း ဤနေရာ၌ နတ်ဘုရားသားရဲဥကိုပါ တွေ့ရလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

လိပ်နက် ခပ်အေးအေးပင် ပြောသည်။

“ဒါက ငါတို့အတွက် ကောင်းချီးတစ်ခု မဟုတ်နိုင်ဘူး။ ဒီဥက အစွမ်းထက်တဲ့ တစ်စုံတစ်ယောက်ရဲ့ ပစ်မှတ်ထားတာကို ခံနေရတာ ကြာပြီ။ အဲဒီလိုမဟုတ်ရင် ဘာလို့ ဒီနေရာမှာ ထူးဆန်းတဲ့ မီးလျှံတစ်ခုကို ထားပြီး မီးကြောနှစ်ခုလုံးရဲ့ အားကို စုပ်ယူခိုင်းထားရမှာလဲ။ တစ်အချက်က ဒီဥပေါက်ဖွားမဲ့ အစီအရင်ကို ဖျက်ဆီးဖို့၊ နှစ်အချက်က မီးလျှံနဲ့ သားရဲဥ နှစ်ခုလုံးကို သိမ်းပိုက်ဖို့ပဲ”

ကျန်နှစ်ဦးမှာလည်း ဉာဏ်ရည်ထက်မြက်သူများ ဖြစ်ကြသည်။ ထိုစကားကို ကြားသည်နှင့် သူတို့ စိတ်ထဲ၌ အဖြစ်အပျက်အားလုံးကို ဆက်စပ်မိသွားကြလေ၏။

နတ်ဘုရားသားရဲ၏ မိဘများက မီးလျှံသွေးကြောနှစ်ခုမှ စွမ်းအင်ကို အသုံးပြု၍ ဥပေါက်ရန် ဤအစီအရင်ကို ချထားခဲ့ခြင်းဖြစ်သည်။ သို့သော် မကောင်းသော ရည်ရွယ်ချက်ရှိသူတစ်ဦးက သိရှိသွားပြီး ဤအကြံအစည်များကို လုပ်ဆောင်ခဲ့ပုံရ၏။

ရောက်လာမှတော့ လက်ဗလာနှင့် ပြန်သွားကြမည် မဟုတ်ပေ။ ယခု မေးခွန်းထုတ်စရာမှာ သားရဲဥကို အရင်ယူမလား။ ထူးဆန်းသော မီးလျှံကို အရင်ယူမလား ဆိုသည်ပင်။

ဖုန်းမူ အလောမကြီးဘဲ အစီအရင်ကို ပတ်ကြည့်လိုက်သည်။ သူ အစီအရင်ပညာကို သင်ယူထားခြင်း မရှိသော်လည်း သောင်းပြောင်းပညာရပ်ဌာနတွင် နေထိုင်ခဲ့သည့် နှစ်များအတွင်း အခြေခံအချို့နှင့် ရင်းနှီးနေပြီဖြစ်၏။ ထိုအစီအရင်၏ အရှိန်အဝါကို ကြည့်ရုံနှင့်ပင်သူက အစွမ်းကို သိနိုင်သည်။

“တစ်လမပြည့်ခင်မှာ ဒီအစီအရင်က သူ့ဘာသာသူ ပြိုလဲသွားလိမ့်မယ်။ ကျွန်တော့်အမြင်အရတော့ ကျွန်တော်တို့ စောင့်သင့်တယ်”

“ပြဿနာမရှိဘူး”

လိပ်နက်သည် ဖုန်းမူကို ကာကွယ်ရန် အဓိကလာခဲ့ခြင်းဖြစ်ရာ ထိုကောင်လေးက ဆုံးဖြတ်ချက်ချပြီးပြီဆိုမှတော့ သူ ကြားဝင်စွက်ဖက်မည် မဟုတ်ပေ။

မင်းသမီးချင်းဟယ်က ဆိုသည်။

“ကျွန်မအကြောင်းကြား စာတစ်ခု ပို့လိုက်မယ်။ အကြီးအကဲတွေ ဝိညာဉ်မီးလျှံကို သိမ်းဆည်းလို့ပြီးတာနဲ့ ဒီကိစ္စတွေထဲမှာ မပတ်သက်မိအောင် လီဟော့ဂိုဏ်း ကနေ ခဏလောက် ထွက်သွားခိုင်းလိုက်မယ်”

“ကောင်းပြီ”

ဖုန်းမူ ပြန်ဖြေလိုက်ပြီးနောက် တရားထိုင်ရန် နေရာတစ်ခုရွေးကာ တင်ပလ္လင်ခွေ ထိုင်လိုက်၏။

အကြီးအကဲဖုန်းထံသို့ သတင်းပို့ပြီးနောက် မင်းသမီးချင်းဟယ်သည်လည်း ဖုန်းမူ၏ ဘေးတွင် ထိုင်လိုက်သည်။

မီးတောင်အတွင်း၌ အကြီးအကဲဖုန်းသည် သူ့အိတ်ကပ်ထဲမှ သတင်းပို့စာလွှာမှာ တုန်ခါလာသည်ကို ခံစားလိုက်ရသည်။ သူ ယင်းကို ထုတ်ယူကာ မင်းသမီးချင်းဟယ်၏ သတင်းစကားကို ဖတ်ပြီးနောက် ပတ်ဝန်းကျင်ကို ကြည့်ကာ ပြောလိုက်သည်။

“အားလုံးပဲ… သခင်လေးမူနဲ့ မင်းသမီးချင်းဟယ်တို့မှာ လုပ်စရာကိစ္စတွေ ရှိနေသေးတယ်။ ငါတို့ ဒီဝိညာဉ်မီးလျှံကို သိမ်းဆည်းပြီးတာနဲ့ ဒီကနေ ဆုတ်ခွာကြမယ်”

“ဟုတ်လား”

ယွမ်ယဲ့က သူ့ကို သံသယဖြင့် ကြည့်လိုက်သည်။

အကြီးအကဲဖုန်း စိတ်မဆိုးဘဲ စာကို မြှောက်ပြကာ ပြုံး၍ ပြော၏။

“ဒါက သတင်းပို့စာလွှာပဲ။ ငါက သတင်းမှားကို ဘယ်လိုလုပ်ပြောရဲမှာလဲ”

ယွမ်ယဲ့သည် စာကို ယူကာ အတွင်းမှ အသံကို နားထောင်ပြီးနောက် အကြီးအကဲဖုန်းထံသို့ ပြန်ပေးလိုက်သည်။

“ကျွန်တော် အတွေးလွန်သွားတာပါ၊ တောင်းပန်ပါတယ်”

အကြီးအကဲဖုန်းကတော့ ပြုံးနေသည့် မျက်နှာဖြင့်ပြောလိုက်၏။

“ကိစ္စမရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သခင်လေးမူသာ တစ်ခုခုဖြစ်ရင် ကျွန်တော်တို့ထဲက ဘယ်သူမှ တာဝန်ယူနိုင်မှာ မဟုတ်ဘူး။ နည်းနည်းပါးပါး သတိထားတာက သဘာဝပါပဲ”

သုံးရက်ကြာပြီးနောက် အားလုံး ရိတ်သိမ်းမှုအသီးသီးနှင့်အတူ မီးတောင်ထဲမှ ထွက်ခွာခဲ့ကြသည်။

သို့သော်လည်း လီဟော့ဂိုဏ်းအတွင်း၌ အဖွဲ့အစည်းအမျိုးမျိုးသည် ပြင်းထန်သော ပဋိပက္ခများအတွင်း ပိတ်မိနေဆဲပင်။

ယွမ်ယဲ့သည် လင်တန်ဂိုဏ်းမှ ကျန်ရှိသူများနှင့်အတူ လီဟော့ဂိုဏ်းတပည့်များကို စုစည်း၍ တောင်ပေါ်မှ ဆင်းလာခဲ့သည်။

လင်တန်ဂိုဏ်း အကြီးအကဲသည် အရေးပါသော ပုဂ္ဂိုလ်နှစ်ဦး ပါမလာသည်ကို မြင်သောအခါ သံသယဖြင့် မေးလိုက်၏။ “ယဲ့အာ… သခင်လေးမူကော ဘယ်မှာလဲ”

“စီနီယာအစ်ကိုကြီးက လုပ်စရာတွေ ရှိသေးလို့ မီးတောင်ထဲမှာ ကျန်ခဲ့တယ်။ ကျွန်တော်လည်း သူတို့ကို စောင့်ဖို့ ဒီမှာပဲ နေခဲ့မယ်။ ခင်ဗျားတို့ ပြန်ဖို့ လောနေရင် အရင်သွားနှင့်လို့ ရပါတယ်”

“မလောပါဘူး၊ မလောပါဘူး။ ဒီလို ကြုံတောင့်ကြုံခဲ အပြင်ထွက်လာတဲ့အချိန်မှာ ပါရမီရှင်တစ်ယောက်ရဲ့ အရှိန်အဝါကို မမြင်ဖူးဘဲ ဘယ်လိုလုပ် ပြန်မလဲ”

အကြီးအကဲယွမ် ရွှင်မြူးစွာ ပြုံး၍ ပြောလိုက်၏။

ယွမ်ယဲ့သည် ဘာမှ ထပ်မပြောတော့သလို ဘာမှလည်း ထပ်မတွေးတော့ပေ။ ယခုတစ်ကြိမ်တွင် အကြီးအကဲဖုန်း၏ အကူအညီဖြင့် သူ ထိပ်တန်းအဆင့် ဝိညာဉ်မီးလျှံတစ်ခုကို ရရှိခဲ့သည်။ သူ့ရိတ်သိမ်းမှုမှာ ပြည့်လျှံနေပြီဖြစ်ရာ အခြားအရာများကို စိတ်မဝင်စားတော့ပေ။

နောက်ထပ် ရက်အနည်းငယ် ကြာပြီးနောက်။

လီဟော့ဂိုဏ်းအတွင်းရှိ ကျင့်ကြံသူများသည် နောက်ဆုံးတွင် သတ်ဖြတ်ခြင်းများကို ရပ်တန့်လိုက်ကြ၏။

တစ်စုံတစ်ခု ရရှိပြီးသော အဖွဲ့အစည်းများမှာ ထွက်ခွာရန် ပြင်ဆင်နေကြသော်လည်း ဝမ်တောက်ကျောင်းတော်နှင့် ယွင်လန်ဂိုဏ်းတို့မှာ သူတို့ ယခင်စခန်းချနေရာများ၌ပင် ရှိနေဆဲဖြစ်သည်ကို မြင်လိုက်ရသည်။

မျက်စိလျင်သူများက ယင်းကို သတိပြုမိလိုက်ကြပြီး လီဟော့ဂိုဏ်း၏ ကိစ္စရပ်မှာ ပြီးဆုံးရန် ဝေးကွာနေသေးကြောင်း ကောက်ချက်ချလိုက်ကြ၏။

စပ်စုလိုသော အခွင့်အရေးသမားများသည် ပေါ်ထွက်လာနိုင်သေးသည့် ရတနာများကို ရယူရန် မျှော်လင့်ချက်ဖြင့် အနီးအနားတွင် ပြန်လည်စောင့်ဆိုင်းရန် ရွေးချယ်ခဲ့ကြသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် လဝက်မှာ ကုန်ဆုံးသွားလေ၏။

ဂူအတွင်း၌ ဖုန်းမူ လဝက်တစ်ခုလုံး မျက်စိတစ်ချက်မှ မဖွင့်ဘဲ တိတ်ဆိတ်စွာ တရားထိုင်နေခဲ့သည်။

တစ်ဖက်တွင် လိပ်နက်သည် အစီအရင်ကို စောစောစီးစီး ဖျက်ဆီးနိုင်မလားဆိုသည်ကို တစ်ခါတစ်ရံ စမ်းသပ်ကြည့်နေ၏။

“ငါ လုပ်နိုင်ပြီ၊ အောင်မြင်ပြီဟေ့”

လိပ်နက်၏ ဝမ်းသာအားရ အော်သံသည် ဂူအတွင်း၌ ဟိန်းထွက်သွားသည်။

ဖုန်းမူနှင့် မင်းသမီးချင်းဟယ်တို့ တစ်ပြိုင်နက်တည်း မျက်လုံးဖွင့်လိုက်ကြပြီး သူ့ဆီသို့ လှမ်းကြည့်လိုက်ကြသည်။

“စီနီယာလိပ်… ဘာကို အောင်မြင်တာလဲ”

လိပ်နက် သွားဖြဲပြကာ ဆို၏။

“ငါ ဒီအစီအရင်ထဲမှာ ရှိသမျှ စွမ်းအင် အကြွင်းအကျန်အားလုံးကို နောက်ဆုံးတော့ စုပ်ယူနိုင်ခဲ့ပြီ။ အခု အသာလေး တစ်ချက်ပုတ်လိုက်ရုံနဲ့ ဒါကို အပိုင်းပိုင်းဖြစ်အောင် ခွဲပစ်နိုင်ပြီ။”

ဖုန်းမူ “ဒါဆို ဘာကို စောင့်နေတာလဲ စီနီယာ”

လိပ်နက်က တဟားဟား ရယ်မောလိုက်သည်။ “ဘာဖြစ်ရမှာလဲ၊ မင်းတို့ကို ငါ့အစွမ်းလေး နည်းနည်း ကြွားချင်လို့ပေါ့”

“ဒါဆိုရင်တော့ ဂျူနီယာက ဘေးကနေပြီး စီနီယာရဲ့ စွမ်းဆောင်ရည်ကို စောင့်ကြည့်ရမှာပေါ့”

ဖုန်းမူက ပြုံး၍ ပြန်ဖြေလေ၏။ ယခုဆိုလျှင် သူတို့ ဤကဲ့သို့ အပြန်အလှန် စကားပြောဆိုသည့် ပုံစံကို ကျင့်သားရနေပေသည်။

လိပ်နက်က သူ့ပါးစပ်ကို ဖြည်းဖြည်းချင်းဟကာ ကာကွယ်ရေးအစီအရင်ဘက်သို့ ဦးတည်၍ ရှူသွင်းလိုက်သည်။ ချက်ချင်းဆိုသလိုပင် အစီအရင် မျက်နှာပြင်ပေါ်တွင် အက်ကြောင်းများစွာ ဖြစ်ပေါ်လာပြီး ဒိုင်းခနဲ အသံနှင့်အတူ အပိုင်းပိုင်း အက်ကွဲသွားတော့သည်။

နတ်ဘုရားသားရဲဥမှာ ထိုနေရာ၌ပင် တိတ်ဆိတ်စွာ ရှိနေဆဲပင်။

“အားလုံး ပြီးသွားပြီ။ ရှောင်မူ… ဒီသားရဲဥက အခု မင်းအတွက်ပဲ”

ဤသို့ပြောပြီးနောက် လိပ်နက်သည် ဘေးသို့ ဖယ်ပေးလိုက်၏။

အခန်း (၃၃၈) ရုတ်တရက် အပြောင်းအလဲ

“ကျေးဇူးတင်ပါတယ် စီနီယာလိပ်”

ဖုန်းမူ လိပ်နက် ကို လက်သီးဆုပ်၍ ဂါရဝပြုပြီး နတ်ဘုရားသားရဲဥရှိရာသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။

ထိုဥသည် ငါးပေကျော် မြင့်မားပြီး လူကြီးတစ်ယောက် လက်နှစ်ဖက်ဖြင့် ဝိုင်းပတ်ဖက်ထားနိုင်သည့် အရွယ်အစားရှိနေ၏။ ဖုန်းမူမှာ ဥခွံပေါ်သို့ လက်တင်လိုက်သောအခါ အတွင်းမှ တိုးထွက်နေသော အပူရှိန်ကို ခံစားလိုက်ရသည်။ ထို့နောက် သူ ဥကို မကာ မင်းသမီးချင်းဟယ် ဘေးသို့ သယ်ဆောင်သွားလိုက်၏။

“စီနီယာအစ်မ… ဒီသားရဲဥကို အစ်မဆီမှာပဲ အပ်ပါရစေ”

မင်းသမီး၏ ပထမဆုံး တုံ့ပြန်မှုမှာ အလိုလို ငြင်းပယ်မိခြင်းပင်။

“မဖြစ်ဘူး။ ဒီလောက် အဖိုးတန်တဲ့ လက်ဆောင်ကို ငါ အလကား မယူနိုင်ပါဘူး”

ထိုသူနှစ်ဦးကို စောင့်ကြည့်နေသော လိပ်နက်သည် ဖုန်းမူကို ကြည့်ကာ စိတ်ထဲမှ ခနဲ့လိုက်မိသည်။ ‘ဒီကောင်လေးက ဘာလို့ ဒီလောက်တောင် ထုံပေပေနိုင်ရတာလဲ’

‘သောင်းပြောင်းပညာရပ်ဌာနထဲက မျိုးဆက်တွေဆိုရင် မိန်းမလှလေးတွေရဲ့ စိတ်ကို ဘယ်လိုသိမ်းပိုက်ရမလဲ ဆိုတာ သိကြတာချည်းပဲ။ ဒီကောင်လေးကတော့ လက်ဆောင်တစ်ခုတောင် နည်းလမ်းတကျ မပေးတတ်ဘူး’

သို့သော်လည်း ဖုန်းမူသည် သူမ ငြင်းပယ်မှုကြောင့် စိတ်ပျက်သွားခြင်း မရှိပေ။ သူ ပြုံးလျက် ဆိုလိုက်၏။

“စီနီယာအစ်မ… ကျွန်တော်တို့ကြားမှာ ဒီလိုမျိုး အားနာနေဖို့ လိုသေးလို့လား”

ထိုစကားကြောင့် မင်းသမီးချင်းဟယ်၏ ပါးပြင်နှစ်ဖက်မှာ သိသိသာသာ နီမြန်းသွားတော့လေသည်။ ကံကောင်းထောက်မစွာ မှောင်မည်းနေသော ဂူအတွင်း၌ သူမ အမူအရာကို မည်သူမျှ သတိမပြုမိကြပေ။

“ဒါပေမဲ့…”

ဖုန်းမူသည် သားရဲဥကို သူမရှေ့တွင် အလေးအနက် ချထားပေးလိုက်၏။ “ဒါမှမဟုတ် စီနီယာအစ်မက ဂျူနီယာပေးတဲ့ လက်ဆောင်ကို အထင်သေးနေတာလား”

“မဟုတ်ပါဘူး”

မင်းသမီးချင်းဟယ်သည် သူ့အပေါ်တွင် မေတ္တာရှိပြီးသား ဖြစ်သည်။ ဖုန်းမူက ဤမျှ တိုက်ရိုက်ဆန် ပြောလာလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် ပြင်ဆင်ချိန်မရဘဲ ဖြစ်သွားရခြင်းသာ။

“ဒါဆိုရင်လည်း ကျွန်မ လက်ခံပါ့မယ်။ ကျေးဇူးတင်ပါတယ် ဂျူနီယာမောင်လေးဖုန်း”

ဤသို့ပြောကာ သူမ နတ်ဘုရားသားရဲဥကို ယူလိုက်သည်။ စောစောက သူမ ငြင်းပယ်ခဲ့ခြင်းမှာ သိက္ခာကို ငဲ့ကွက်၍သာ။

“စီနီယာလိပ်နက်… နောက်ပြီးတော့ အဲဒီထူးဆန်းတဲ့ မီးလျှံကို ဖမ်းနိုင်ဖို့ ကျွန်တော့်ကို ကူညီပေးပါဦး”

ဖုန်းမူ လိပ်နက်ဘက်သို့ လှည့်ကာပြောလိုက်သည်။

“ကိစ္စမရှိဘူး။ လွန်ခဲ့တဲ့ ရက်တွေအတွင်း ငါ လေ့လာမိသလောက်ဆိုရင်တော့ ဒီမီးလျှံက ဉာဏ်ရည်မနိုးထသေးဘူး။ ကြည့်ရတာ ခုမှ ပုံသဏ္ဌာန်ပေါ်လာကာစ ဖြစ်ရမယ်။ မီးအဆီအနှစ်တွေကို ဝါးမျိုဖို့ဆိုတဲ့ ဗီဇအတိုင်းပဲ လှုပ်ရှားနေတာ”

လိပ်နက် စကားကို ခေတ္တရပ်လိုက်သည်။

“ဒါပေမဲ့ မင်းကို ငါမေးချင်တာ မင်းရဲ့ ထိပ်တန်းအဆင့် ဝိညာဉ်မီးလျှံကို ဒီမီးလျှံနဲ့ ဝါးမျိုခိုင်းမှာလား။ ဒါမှမဟုတ် တစ်ခုလုံးကိုပဲ အစားထိုးလိုက်မှာလား”

ဖုန်းမူ၏ အမူအရာမှာ တွေးတောနေဟန် ပေါ်လာခဲ့သည်။ သူသည် ဝိညာဥ်မီးလျှံလေး နှင့်အတူ နှစ်ပေါင်းများစွာ ရှင်သန်လာခဲ့ပြီး ၎င်းကို သူငယ်ချင်းတစ်ယောက်ကဲ့သို့ မှတ်ယူထားခဲ့ရာ အဘယ်သို့ အလွယ်တကူ စွန့်ပစ်နိုင်ပါမည်နည်း။

သူ ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်သည်။ “စီနီယာ ကျွန်တော်ဝိညာဉ်မီးလျှံလေးကိုပဲ ဒီအရာကို ဝါးမျိုခိုင်းချင်ပါတယ်”

ထိုအခါ လိပ်နက်၏ နှုတ်ခမ်းဖျားတွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။ “ငါ မင်းကို အထင်မမှားခဲ့ဘူးပဲ။ တကယ့်ကို သစ္စာရှိတဲ့ လူတစ်ယောက်ပဲ။ ဒါပေမဲ့ ဒီလိုရွေးချယ်လိုက်ရင် အသစ်ရလာမဲ့ မီးလျှံက အဆင့်နိမ့်ကနေ ပြန်စရလိမ့်မယ်။ အဲဒါကို ပြုစုပျိုးထောင်ဖို့ အရင်းအမြစ်တွေ အများကြီး သုံးရလိမ့်မယ်နော်”

ဖုန်းမူ ပခုံးတွန့်ပြလိုက်၏။

“စီနီယာ မေ့နေပြီလား…ဝမ်တောက်ကျောင်းတော်မှာ အပေါဆုံးအရာက အရင်းအမြစ်တွေပဲလေ”

“မင်းပြောတာ မှန်တယ်။ ဒါဆို စကြရအောင်”

သူ ထူးဆန်းသော မီးလျှံဆီသို့ ပျံသန်းသွားခဲ့သည်။ ချော်ရည်ကျောက်မီးလျှံ သူချဉ်းကပ်လာသည်ကို ခံစားမိသည်နှင့် ထွက်ပြေးရန် ကြိုးစားလေတော့၏။

သို့သော် လိပ်နက်၏ အဆင့်နှင့် စွမ်းအားမှာ ၎င်းထက် များစွာသာလွန်သည်။ လိပ်နက် သူ၏ မျက်စိအောက်မှနေ၍ ဤအကောင်ငယ်လေးကို လွတ်မြောက်ခွင့် ပေးမည်မဟုတ်ပေ။

ထိုသို့ဖြစ်ခဲ့လျှင် သူ့အတွက် အလွန်အရှက်ရစရာ ဖြစ်ပေလိမ့်မည်။

လက်ဖက်ရည်တစ်ခွက်သောက်စာ အချိန်အတွင်းမှာပင် သူ ချော်ရည်ကျောက်မီးလျှံကို ခြေထောက်ဖြင့် ဖိနင်းထားလိုက်သည်။ ၎င်းသည် မည်မျှပင် ရုန်းကန်သော်လည်း လုံးဝ မလှုပ်နိုင်တော့ပေ။

“ကောင်လေး… မင်းရဲ့ မီးလျှံလေးကို ထုတ်လိုက်တော့။ သူ့ကို အရေခွံအသစ် လဲပေးရအောင်”

“ဟုတ်ကဲ့”

ဖုန်းမူ သိုလှောင်လက်စွပ်ထဲမှ အိတ်ကို ထုတ်ယူလိုက်ရာ ခဏအကြာတွင် မီးလျှံလေး ထွက်ပေါ်လာသည်။

လွန်ခဲ့သော ရက်များအတွင်း သန့်စင်ပြုပြင်ခဲ့ခြင်းကြောင့် ၎င်းသည် အဆင့်တက်သွားပြီး ထိပ်တန်းအဆင့် ဝိညာဉ်မီးလျှံတစ်ခု ဖြစ်နေပြီဖြစ်သည်။

သို့သော်လည်း ချော်ရည်ကျောက်မီးလျှံ နှင့် ရင်ဆိုင်ရသောအခါ မီးလျှံလေးသည် ဗီဇအရ နောက်သို့ တွန့်ဆုတ်သွား၏။

လိပ်နက် ယင်းကို မြင်သောအခါ အော်ဟစ်လိုက်သည်။

“ဒီလောက်လေးကို နောက်ဆုတ်နေတာလား။ ငါ ဒီမှာရှိနေတာကို ဘာကြောက်စရာ ရှိလို့လဲ”

မီးလျှံလေးသည် လိပ်နက်ကို ရင်တွင်း နက်နက်ရှိုင်းရှိုင်းထဲကပင် ရိုသေကြောက်ရွံ့နေခြင်း ဖြစ်သည်။ ထို့ကြောင့် ချက်ချင်းပင် မလှုပ်မယှက် ရပ်တန့်သွားပြီး သူ့ကိုသာ စိုက်ကြည့်နေတော့၏။

နောက်တစ်ခဏတွင် လိပ်နက် ပါးစပ်ကို ဟကာ ချော်ရည်ကျောက်မီးလျှံကို အားရပါးရ ကိုက်ချလိုက်သည်။

မီးပွားများ တဖျတ်ဖျတ် ထွက်ပေါ်လာပြီး ၎င်းသည် လွတ်မြောက်ရန် အသည်းအသန် ရုန်းကန်နေ၏။

သို့သော် လိပ်နက် အခွင့်အရေး မပေးပေ။ နောက်တစ်ခါ ထပ်ကိုက်လိုက်ပြန်ရာ ချော်ရည်ကျောက်မီးလျှံမှာ မူလအရွယ်အစား၏ ထက်ဝက်ခန့်သာ ကျန်ရစ်တော့သည်။

ဂေ့

သူ ကျေနပ်အားရစွာ လေတစ်ချက် တက်လိုက်ပြီး ဖုန်းမူကို ကြည့်လိုက်သည်။

“ကောင်လေး ဒီကနေစပြီး မီးလျှံလေးကို ဆက်ဝါးခိုင်းလိုက်တော့။ မှတ်ထား… ဖြည်းဖြည်းချင်း တစ်စစီ ဝါးမျိုရမှာနော်”

“သွားတော့ မီးလျှံလေး ဒါ မင်းရဲ့ ကံကြမ္မာကို ပြောင်းလဲဖို့ အခွင့်အရေးပဲ”

ဖုန်းမူက သူ့အဖော်မီးလျှံလေးကို ပြောလိုက်သည်။

သခင်၏ အလိုကို သိရှိသွားသဖြင့် မီးလျှံလေးမှာ သူ၏ ဗီဇကြောက်စိတ်ကို တဖြည်းဖြည်းချင်း ကျော်လွှားကာ ချော်ရည်ကျောက်မီးလျှံဆီသို့ လွင့်မျောသွား၏။

သူတို့နှစ်ဦး ထိတွေ့မိသည်နှင့် ၎င်း၏ ကိုယ်ပိုင်မီးလျှံများအား ဆွဲထုတ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

သို့သော် ထိုအချိန်တွင် လိပ်နက်က ခြေထောက်ဖြင့် အားစိုက်နင်းလိုက်ရာ ချော်ရည်ကျောက်မီးလျှံ၏ အစိတ်အပိုင်းအချို့မှာ ကြေမွသွားသည်။

မီးလျှံလေးသည် လေထဲတွင် လွင့်စင်နေသော မီးအဆီအနှစ် အပိုင်းအစများကို အမြန်ပင် ဖမ်းယူဝါးမျိုလိုက်၏။

ချော်ရည်ကျောက်မီးလျှံ၏ အပိုင်းအစများကို တစ်စစီ ဝါးမျိုလိုက်သည်နှင့် သူ့တစ်ကိုယ်လုံးသည် ထိုမီးလျှံ၏ ပုံသဏ္ဌာန်သို့ တဖြည်းဖြည်း ပြောင်းလဲလာတော့သည်။

ထိုအချိန်မှာပင် ကောင်းကင်ယံမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ကျဆင်းလာပြီး လီဟော့ဂိုဏ်း၏ ပတ်ဝန်းကျင် မိုင်တစ်ရာအတွင်းရှိ အရာအားလုံးကို လွှမ်းခြုံသွားလေတော့သည်။

နီရဲတောက်ပနေသော နတ်ဆိုးတိမ်တိုက်တစ်ခု ကောင်းကင်ယံကို သွေးရောင်ဆိုးလိုက်၏။

ဂိုဏ်းအတွင်း ပတ်ဝန်းကျင်တွင် စခန်းချနေသော အဖွဲ့အစည်းအားလုံးမှာ ယွင်လန်ဂိုဏ်းနှင့် ဝမ်တောက်ကျောင်းတော်တို့၏ စခန်းများဆီသို့ စုရုံးရောက်ရှိလာကြသည်။

ဤမျှ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးကြီးနှင့် ရင်ဆိုင်ရလျှင် ဦးတည်ချက်မရှိ ထွက်ပြေးခြင်းမှာ မိမိတို့၏အိမ်နှင့် ဝေးရာအရပ်၌ အသက်ပျောက်ရုံသာ ရှိပေလိမ့်မည်။ အစွမ်းထက်သော အကာအကွယ်တစ်ခုကို ရှာဖွေနိုင်မှသာ အသက်ရှင်သန်နိုင်မည့် အခွင့်အရေး အနည်းငယ် ရှိနိုင်လေ၏။

ဂိုဏ်းနှစ်ခု၏ စခန်းအတွင်း၌ အကြီးအကဲဖုန်းသည် ခေါင်းကိုမော့ကာ မျက်မှောင်ကြုတ်လိုက်မိသည်။ သူ တိုးတိုးလေး ရေရွတ်လိုက်၏။

“နတ်ဆိုးစွမ်းအင်တွေက အရမ်းထူထပ်တာပဲ။ တာအိုပေါင်းစည်းခြင်းအဆင့်ရှိတဲ့ နတ်ဆိုးစစ်သူကြီး တစ်ယောက်က လီဟော့ဂိုဏ်းနားမှာ ဘယ်လိုဖြစ်ပြီး ပေါ်လာရတာလဲ”

လီဟော့ဂိုဏ်းချုပ် မျက်နှာပျက်သွားပြီး အမြန်ပင် ခေါင်းခါပြသည်။

“စီနီယာ… ကျွန်တော်မျိုးတို့ဂိုဏ်းနားမှာ ဒီလို နတ်ဆိုးစစ်သူကြီးရှိနေတာကို တကယ်မသိခဲ့ပါဘူး။ သိခဲ့ရင် ကျွန်တော်တို့ဂိုဏ်းကို ပြောင်းရွှေ့တာ ကြာပါပြီ”

“အင်း”

အကြီးအကဲဖုန်း ခပ်အေးအေးပင် ပြန်ဖြေလိုက်သော်လည်း စိတ်ထဲတွင်မူ မီးတောင်အတွင်းရှိ လူနှစ်ဦးအတွက် စိုးရိမ်ပူပန်နေမိ၏။

ဂူအတွင်း၌မူ လိပ်နက်သည် ထိုနတ်ဆိုးအရှိန်အဝါကို ချက်ချင်းခံစားမိလိုက်သည်။ သူ ခြေထောက်အောက်ရှိ ချော်ရည်ကျောက်မီးလျှံကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။

“ပြဿနာတော့ ရောက်လာပြီ။ မီးလျှံဝိညာဉ်က အသက်ငွေငွေ့လေးပဲ ကျန်တော့တာ။ ငါ အပြင်ထွက်ပြီး အဲဒီအကောင်ကို အရင်သွားတွေ့လိုက်ဦးမယ်”

ဖုန်းမူ အသာအယာ ခေါင်းငြိမ့်၏။ “ဂရုစိုက်ပါ စီနီယာ”

“စိတ်မပူပါနဲ့။ အဲဒီလောက်ကြီးလည်း ကြောက်စရာမကောင်းပါဘူး”

လိပ်နက်မှာ ဘာမှ ထပ်မပြောတော့ဘဲ ဂူဝဆီသို့ ပျံသန်းသွားခဲ့၏။ သူ အပြင်သို့ မရောက်မီမှာပင် လီဟော့ဂိုဏ်း၏ ကောင်းကင်ထက်၌ ဟိန်းထွက်နေသော အသံကြီးတစ်ခု ပေါ်ထွက်လာသည်။

“ဘယ်လို သောက်ကျိုးနည်းကောင်က ငါ့ရဲ့ အစီအစဉ်ကို ဖျက်ဆီးပစ်လိုက်တာလဲ”

ထိုအသံကြီးနှင့်အတူ နတ်ဆိုးတိမ်တိုက်ထဲမှ ကြီးမားလှသော မြွေခေါင်းကြီးတစ်လုံးမှာ ထွက်ပေါ်လာသည်။

ထိုအရာမှာ အနီနှင့် အနက်ရောင် အစင်းကြားများရှိသော မြွေကြီးတစ်ကောင် ဖြစ်၏။ သူ့မျက်လုံးများမှာ အေးစက်စက် အကြည့်များဖြင့် တောက်ပနေခဲ့သည်။

မြွေကြီး၏အကြည့်ကျရောက်ရာ နေရာတိုင်းရှိ ကျင့်ကြံသူများမှာ ထိတ်လန့်တကြား တုန်လှုပ်ကုန်ကြသည်။

“ကြက်သွေးရောင်မီးလျှံမြွေဟောက်၊ ယွင်ရှ တောင်တန်းက အဲဒီနတ်ဆိုးကြီးက လီဟော့ဂိုဏ်းလို ဂိုဏ်းငယ်လေးနဲ့ ဘယ်လိုပတ်သက်နေတာလဲ”

“ဒုက္ခပဲ။ ငါတို့လည်း ဒီကပ်ဘေးထဲ ပါသွားတော့မှာလား”

“…”

လူအများအပြား ထိတ်လန့်တကြား တီးတိုးပြောဆိုနေကြစဉ်မှာပင် မီးတောင်အတွင်းမှ မခန့်လေးစား ပြောဆိုလိုက်သော အသံတစ်သံ ထွက်ပေါ်လာသည်။

“ဘယ်ဂျောင်က မြွေငတုံးလဲ။ ငါ့ရှေ့မှာ လာပြီး ဆရာကြီးလုပ်နေတာ”

ထိုစကားနှင့်အတူ မီးတိုင်ကြီးတစ်ခု ထွက်ပေါ်လာပြီး လီဟော့ဂိတ်တံခါး၏ ကောင်းကင်ယံတစ်ခုလုံးကို နီရဲသွားစေသည်။

ထိုမီးတောက်များ၏ ဖိအားမှာ ကြက်သွေးရောင်မီးလျှံမြွေဟောက်ထက် မနိမ့်ကြောင်း အားလုံး ခံစားသိရှိလိုက်ရ၏။

“မီးတောင်ထဲမှာ နောက်ထပ် ပညာရှင်တစ်ယောက် ပုန်းနေသေးတာလား”

“အရင်က ဒီလိုပုဂ္ဂိုလ်မျိုးကို ငါတို့ ဘာလို့မတွေ့ခဲ့တာလဲ”

“…”

ထွက်ပြေးရန် ပြင်နေသော ကျင့်ကြံသူများသည် ခြေလှမ်းများရပ်တန့်သွားကြပြီး ဝမ်တောက်ကျောင်းတော်မှ ကျွမ်းကျင်သူ၏ အစွမ်းကို မြင်တွေ့လိုစိတ်ဖြင့် စောင့်ကြည့်နေကြသည်။

လင်တန်ဂိုဏ်းနှင့် ယွင်လန်ဂိုဏ်းမှ တပည့်များအားလုံး ယွမ်ယဲ့ကို ကြည့်လာကြ၏။

မည်သူမျှ မမေးသော်လည်း သူတို့အကြည့်များမှာ အဖြေကို တောင်းဆိုနေကြသည်။ ယွမ်ယဲ့ သက်ပြင်းချကာ ခေါင်းခါပြလိုက်သည်။

“စီနီယာဖုန်းမူဘေးက အဲဒီလူက ဘယ်သူလဲဆိုတာ ကျွန်တော်လည်း မသိဘူး။ စီနီယာဖုန်းမူမှာ အစောင့်အရှောက် ပါမလာဘူးလို့ ထင်ထားတာ။ ဒါပေမဲ့ ဌာနမှူးချူက တိတ်တဆိတ် စီစဉ်ပေးထားတာလည်း ဖြစ်နိုင်ပါတယ်”

ဌာနမှူးချူ၏ အမည်ကို ကြားသည်နှင့် လူတိုင်းက ထိုကိစ္စကို လက်လျှော့လိုက်ပြီး လီဟော့ဂိုဏ်း၏ကောင်းကင်ယံဆီသို့သာ ပြန်လည်အာရုံစိုက်လိုက်ကြသည်။

ထိုနေရာရှိ ကောင်းကင်ထက်၌ လိပ်ပုံသဏ္ဌာန်ရှိသော ထူးဆန်းသည့် မီးလျှံတစ်ခု ပေါ်ထွက်လာခဲ့သည်။

“ဒါ… ဒါ ကောင်းကင်မီးလျှံတစ်ခုက ပုံသဏ္ဌာန် ဖြစ် ပလာတာပဲ”

လင်တန်ဂိုဏ်းမှ အကြီးအကဲယွမ် အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။

အကြီးအကဲဖုန်း ထပ်လောင်းပြောကြားလေ၏။

“ပုံသဏ္ဌာန်ပေါ်ရုံတင် မကဘူး။ အသွင်ပြောင်းလဲဖို့ လက်တစ်ကမ်းပဲ လိုတော့တာ။ ဌာနမှူးချူလို ပြိုင်ဘက်ကင်းတဲ့ ပုဂ္ဂိုလ်မျိုးပဲ ဒီလိုမီးလျှံမျိုးကို ပြုစုပျိုးထောင်နိုင်မှာ”

“မှန်တာပေါ့”

အကြီးအကဲယွမ်က အသာအယာ ခေါင်းငြိမ့်ရင်း ဌာနမှူးချူအပေါ် ပိုမိုရိုသေလေးစားစိတ်များ ဖြစ်ပေါ်လာခဲ့သည်။

လီဟော့ဂိုဏ်း၏ ကောင်းကင်ထက်တွင် ကြက်သွေးရောင်မီးလျှံမြွေဟောက်သည် ထိုမီးလျှံကို ကြည့်ကာ ခဏတာ ဆွံ့အသွားလေ၏။

အစီအစဉ်ကို ဖျက်ဆီးလိုက်သူမှာ လူသား၊ နတ်ဆိုး သို့မဟုတ် မိစ္ဆာကျင့်ကြံသူ တစ်ယောက်ယောက် ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ယခုကဲ့သို့ သြူထက် မနိမ့်သော အဆင့်ရှိသည့် ကောင်းကင်မီးလျှံတစ်ခု ဖြစ်နေလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။

“ဟမ့်”

ကြက်သွေးရောင်မီးလျှံမြွေဟောက် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

“မင်းက ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ ငါ့ရဲ့ ဒေါသကို ဖြေဖျောက်ဖို့အတွက် မင်းကို သတ်ပစ်မယ်”

All Chapters