← Chapters

အခန်း (၃၃၉-၃၄၀)

Vol. 34 Ch. 339-340

အခန်း (၃၃၉-၃၄၀)

Vol. 34 Ch. 339-340

အခန်း(၃၃၉) ငါက ဆေးပညာရှင်လေ။ အပြင်သွားတိုင်း မီးဖိုသယ်သွားတာ မထူးဆန်းပါဘူး

“ဘယ်လိုတောင် မောက်မာတာလဲ။ ငါ အဘိုးလိပ်က ရွှမ်ထျန်းတိုက်ကြီးမှာ နှစ်ပေါင်းများစွာ လှည့်လည်ခဲ့တာ။ ပါရမီရှင်တွေ၊ မဟာပဏ္ဍိတတွေနဲ့ သူတော်စင်တွေ အများကြီးကို မြင်ဖူးတယ်။ ဒါပေမဲ့ မင်းလို ခြေနံ့ထက်တောင် ပိုပြီး ပုပ်စော်နံတဲ့ စကားမျိုးပြောတဲ့ကောင်ကို ပထမဆုံး မြင်ဖူးတာပဲ။ ငါမင်းကို အရင်တိုက်ခိုက်ဖို့ အခွင့်အရေးတစ်ခုပေးမယ်”

လိပ်နက်၏ အသံသည် ရွံရှာမှုများနှင့် ပြည့်နှက်နေသည်မှာ သူသည် ပြိုင်ဘက်ကို မျက်စိထဲ လုံးဝ မထည့်ထားသည့်အလားပင်။

တိမ်တိုက်နီများထက်တွင် ကြက်သွေးရောင်မီးလျှံမြွေဟောက်သည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး မီးတောက်များ မှုတ်ထုတ်လိုက်၏။

လိပ်နက်သည် မီးတောက်များကို မခုခံပေ။ သူ ထိုအတိုင်းသာ ရပ်နေပြီး မီးတောက်များကို သူ့အား ဝါးမျိုခွင့် ပြုထားလိုက်သည်။

တစ်ခဏကြာပြီးနောက် သူ့ပုံရိပ်က ပျောက်ကွယ်သွား၏။

ထိုသည်ကို မြင်သော် ကြက်သွေးရောင်မီးလျှံမြွေဟောက်၏ မျက်လုံးထဲတွင် ဘဝင်ခိုက်ဟန်များ ပေါ်လာသည်။

သို့သော် နောက်တစ်ခဏတွင် လိပ်နက်၏ လှောင်ပြောင်နေသည့် အသံ ထွက်ပေါ်လာ၏။

“သက်တောင့်သက်သာ ရှိတယ်။ ငါ ဒီလိုလေး ဇိမ်မကျရတာ ကြာပြီ။ ထပ်ပြီး တိုက်ပါဦး”

ပတ်ဝန်းကျင်မှ ကျင့်ကြံသူများသည် ကြောင်အသွားကြသည်။ သူတို့က ရိုးအသည့် လူသစ်ကလေးများ မဟုတ်ပေ။ ကောင်းကင်မီးတောက်သည် မီးတောက်တိုက်ခိုက်မှုများကို ခုံခံနိုင်မှန်း သူတို့ ကောင်းကောင်းသိပါသည်။

သို့သော် ယခု ကောင်းကင်မီးတောက်က မခုခံသည့်အပြင် မီးတောက်ထဲတွင် ပျော်ရွှင်နေသည့်ဟန်ပင်။

ကြက်သွေးရောင်မီးလျှံမြွေဟောက် ကြောင်အသွားပြီး မီးတောက်များကို ရပ်တန့်လိုက်သည်။ တစ်ခဏအတွင်းမှာ လိပ်နက် ပြန်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်က ဒဏ်ရာ မရထားပေ။ ထိုအစား တက်ကြွလန်းဆန်းနေဟန်ပင်။

သူ မရှိသည့် လည်ပင်းကို အညောင်းအညာဆန့်ရင်း ရယ်မောလိုက်၏။ “မရှိတော့ဘူးလား။ ထပ်ပြီး မှုတ်စမ်းပါ။ ငါ့ကို အဆင့်နိမ့်မီးတောက်တွေ မှုတ်ပြီး ကိုယ့်ကိုယ်ကိုယ် အရှက်မခွဲနဲ့”

မောက်မာလိုက်လေခြင်း။

ယွင်လန်ဂိုဏ်းမှ တပည့်များနှင့် ဝမ်တောက်ကျောင်းတော်မှ တပည့်များသာ ထိုသူကို သိကြသည်။ သူတို့စိတ်ထဲ၌ သက်ပြင်းချလိုက်မိ၏။

ဌာနမှူးချူ လက်အောက်တွင် ရှိသော ကောင်းကင်မီးတောက်ဆိုသည့်အတိုင်း အရှိန်အဝါတစ်ခုတည်းပင် သာမန်သက်ရှိများ အတုခိုး၍ မရပေ။

ဤသည်မှာ တိုက်ရိုက်စိန်ခေါ်လိုက်ခြင်းပင်။ ယွင်ရှတောင်တန်းမှ နာမည်ကြီး နတ်ဆိုးစစ်သူကြီး၊ အနာဂတ်နတ်ဆိုးဘုရင် ကြက်သွေးရောင်မီးလျှံမြွေဟောက်သည် လှောင်ပြောင်ခံလိုက်ရတော့သည်။

ယွင်ရှတောင်ပေါ်မှ ကျင့်ကြံသူများပင် သူ့ကို တွေ့ရင်လမ်းဖယ်ပေးရသည်။ သို့သော် ယခု သာမန်မီးတောက်တစ်ခုမှ သူ့ကို သင်ခန်းစာပေးလာ၏။

ပုံမှန်အားဖြင့် ကောင်းကင်မီးတောက်များသည် သူ့အမြင်တွင် ကျင့်ကြံရေးပစ္စည်းတစ်ခုထက် မပိုပေ။

သူ ဤကဲ့သို့ စော်ကားမှုမျိုးကို သည်းမခံနိုင်သဖြင့် အော်ဟစ်လိုက်သည်။

“မင်းက ငါ့ကို ဖိအားပေးနေတာပဲ။ ကောင်းပြီ။ ဒီနေ့ ရန်ငြိုးဟောင်းရော အသစ်ရောကို တစ်ခါတည်း ဖြေရှင်းကြတာပေါ့”

မြွေဟောက်က သူ့လျှာကို ပြူတစ်တစ် လုပ်လိုက်သည်။ ကောင်းကင်ပေါ်တွင် နတ်ဆိုးတိမ်တိုက်များ ပျောက်ကွယ်သွား၏။

ကျန့်တစ်ရာလောက် ရှည်လျားသော ကြက်သွေးနက်ရောင် ပုံစံကွက်များဖြင့် မြွေဟောက်တစ်ကောင်သည် ကောင်းကင်ယံ၌ ရစ်ခွေနေပြီး နေမင်းကိုပင် ပိတ်ဆို့သွားသည်။

ကြီးမားသည့် မြွေဟောက်ကြီး နောက်တွင် အရိပ်တစ်ခု ပေါ်လာ၏။ ထိုအရိပ်သည် ကျင့်ကြံသူများကို ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားစေသည်။

ယွင်လန်ဂိုဏ်းတဲစခန်းအတွင်း

အကြီးအကဲဖုန်း ထိုအရိပ်ကို မြင်သည့်အခါ တုန်ယင်သွား၏။ “ဒါ...ဒီကောင်က သာမန်ကြက်သွေးရောင်မီးလျှံမြွေဟောက်မဟုတ်ဘူး။ သူ့မှာ ထူးခြားတဲ့ သွေးမျိုးဆက်ရှိနေတယ်။ ဒီပုံရိပ်ကြောင့် ငါ ကြောက်ဖို့ကောင်းတဲ့ ဖြစ်တည်မှုတစ်ခုကို သတိရသွားတယ်”

သူ့ဘေးတွင် ယွင်ယဲ့ အလိုလို မေးလိုက်မိသည်။ “စီနီယာ ထန်မြွေကို ပြောတာလား”

“ဟုတ်တယ်။ ယွင်ရှတောင်တန်းတွေထဲမှာ နေထိုင်တဲ့ မီးလျှံတွေကို ထိန်းချုပ်နိုင်တဲ့ သူတော်စင်တစ်ပိုင်းအဆင့် မြွေ‌ကိုပြောတာ။ အခု ဒီကြက်သွေးရောင်မီးလျှံမြွေဟောက် မှုတ်ထုတ်လိုက်တဲ့ မီးတောက်တွေက ကောင်းကင်မီးတောက်အဆင့်ကို ရောက်သွားပြီ။ သာမန်ကြက်သွေးရောင်မီးလျှံမြွေဟောက်တွေက ဒီလို ခွန်အားမျိုး မရှိနိုင်သလို ဒီလောက်ထိ ပါရမီ မကြီးနိုင်ဘူး”

ထိုအခိုက် အကြီးအကဲဖုန်း လိပ်နက်အတွက် စိုးရိမ်သွားမိသည်။

“အိုး ဒါဆို မင်းက သန္ဓေပြောင်းပေါ့။ ဒီလောက်လေးကို မင်းက လေပေါ်တွေ မြှောက်ပြီး ဘဝင်မြှင့်နေတာပေါ့။ မင်း တစ်ယောက်တည်း ဒီမှာ ရှားပါးမျိုးစိတ် ဖြစ်နေတယ် ထင်လား”

လိပ်နက် အနည်းငယ်လေးပင် မကြောက်ရွံ့သွားဘဲ သူ့ကို ထပ်မံလှောင်ပြောင်လိုက်သည်။

ထို့ကြောင့် မီးလောင်ရာ လေပင့်လိုက်သည့်အလား ကြက်သွေးရောင်မီးလျှံမြွေဟောက်သည် ဒေါသကြောင့် မျက်လုံးများပင် နီရဲလာသည်။

“ငါ မင်းကို ညှာမနေတော့ဘူး။ ချက်ချင်းကို ဘဝကူးပေးမယ်”

သူ့နောက်မှ ထန်မြွေပုံရိပ်သည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး လိပ်နက်ကို ဝါးမျိုတော့မည့်အလား ကောင်းကင်မှ ဆင်းသက်လာ၏။

[T/N ထန်မြွေဆိုတာ မြွေပျံကို ပြောတာပါ။ ဒါပေမဲ့ အတောင်ပံပါလို့မဟုတ်ဘဲ ဒီတိုင်းကို ပျံသန်းနိုင်တဲ့ တရုတ်ဒဏ္ဍာရီလာ ရှေးဟောင်းသားရဲပါ]

၎င်း မြေပြင်ပေါ်သို့ မဆင်းသက်မီ မိုးမြေ အရောင် ပြောင်းလဲသွားသည်။

တိမ်တိုက်များသည် ကြက်သွေးရောင်ပြောင်းသွားပြီး သစ်ပင်များ ပြာကျကာ ရေနွေးငွေ့များ မြေပြင်ပေါ်မှ ထွက်ပေါ်လာ၏။

လီဒါဇင်ပေါင်းအကွာမှပင် ကျင့်ကြံသူများသည် ချွေးထွက်လာ၏။ ထိုချွေးသည် ထန်မြွေကို ကြောက်သည့်စိတ်မှလား အပူဓာတ်ကြောင့်လားဆိုသည်တော့ သူတို့ မသိပေ။

မီးလျှံဂူအတွင်းမှ ဖုန်းမူနှင့် မင်းသမီးချင်းဟယ်တို့ပင် အပူရှိန်ကို ခံစားမိသည်။

သူတို့ နတ်ဘုရားအာရုံကို ထုတ်လွှတ်ပြီး အပြင်ဘက်မှ အခြေအနေကို စစ်ဆေးလိုက်၏။

ထန်မြွေပုံရိပ် သုတ်ထိုးတော့မည့်အချိန် သူတို့နှလုံးသားများ ခုန်ပေါက်သွားသည်။

“မကောင်းတော့ဘူး။ စီနီယာလိပ်နက် အန္တာရယ်ရောက်နေပြီ”

မင်းသမီးချင်းဟယ် စိုးရိမ်စွာ ပြောလိုက်သည်။

ဖုန်းမူ ပြုံးလိုက်သည်။ “မစိုးရိမ်ပါနဲ့ စီနီယာအစ်မ၊ စီနီယာလိပ်နက်က သာမန်ကောင်းကင်မီးလျှံ မဟုတ်ပါဘူး။ ပြီးတော့ သူ ထုတ်မပြရသေးတဲ့ ဝှက်ဖဲတွေ ရှိပါသေးတယ်”

ဖုန်းမူနှင့် မင်းသမီးချင်းဟယ် မတုံ့ပြန်နိုင်ခင် သူတို့ လိပ်နက်သည် ပါးစပ်ဟပြီး အော်လိုက်သည်ကို တွေ့လိုက်ရ၏။ “သွားစမ်း”

လူတိုင်း ထိုလိပ်နက်၏ ပါးစပ်ထဲမှ နတ်ဘုရားဆေးမီးဖိုကြီး ပျံထွက်လာသည်ကို တွေ့သွားသည်။

ဆေးမီးဖို အဖုံးပွင့်သွားပြီး ထန်မြွေပုံရိပ်သည် ထိုအထဲသို့ ဝင်သွားသည်။

ဘုန်း

နားပင်းစေလောက်မည့် အသံကြီး ထွက်သွားပြီး မှိုပွင့်တိမ်တိုက်ကြီး ထွက်ပေါ်လာသည်။

ကျင့်ကြံသူများသည် မူးဝေသွားကြပြီး ခေါင်းများ ချာလပတ်ရမ်းသွား၏။ လိုဏ်ဂူအတွင်းမှ ဖုန်းမူနှင့် မင်းသမီးချင်းဟယ်ပင် သူတို့ အာရုံများကို ချိတ်ပိတ်လိုက်ရသည်။သို့တိုင်အောင် သူတို့ခန္ဓာကိုယ်များသည် ထိုအားအင်ကြောင့် ယိမ်းယိုင်သွားရ၏။

ပဲ့တင်သံများ ပျောက်ဆုံးသွားပြီးနောက် ကုန်းမြေပေါ်တွင် တိတ်ဆိတ်သွားသည်။

လူတိုင်းသည် လေထုထံမှ ဆေးမီးဖိုကြီးကို ကြည့်လာပြီး သူတို့ အကြည့်များထဲတွင် မနာလိုမှု၊ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေပြီး ထိုအထဲတွင် စိတ်ရှုပ်ထွေးမှုက အကြီးဆုံးပင်။

“ခင်ဗျားလက်ထဲမှာ ဘယ်လိုလုပ် ဒီလိုရတနာမျိုး ရှိနေတာလဲ”

ကြက်သွေးရောင်မီးလျှံမြွေဟောက် မယုံကြည်နိုင်မှုများဖြင့် ပြောလိုက်သည်။

အခြားသော ကျင့်ကြံသူများတွင်လည်း တူညီသည့် သံသယများ ရှိပါ၏။ မင်းသမီးချင်းဟယ်ပင် ဖုန်းမူကို သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။

လိပ်နက် စပ်ဖြီးဖြီး ပြုံးလိုက်သည်။ “ငါက ဆေးပညာရှင်လေ။ အပြင်သွားတိုင်း မီးဖိုသယ်သွားတာ မထူးဆန်းပါဘူး”

ဖုန်းမူမှ လွဲ၍ လူတိုင်း ကြောင်အကုန်သည်။ ထိုသည်မှာ သူတို့ကြားဖူးသည့် ယုတ္တိမတန်ဆုံး အရာပင်။

ဖုန်းမူ မယုံနိုင်ဖြစ်နေသည့် မင်းသမီးချင်းဟယ်ကို ပြုံးလိုက်၏။ “ဟုတ်တယ်။ စီနီယာ ပြောတာ မမှားဘူး။ ကျွန်တော်တောင် သူ့ဆီက သင်ထားတာ”

မင်းသမီးချင်းဟယ် “...”

သူမ ယနေ့တွင် ကြုံလိုက်ရသော ထူးဆန်းထွေလာများသည် သူမ တစ်ဘဝစာ ကြုံခဲ့ဖူးသည်ထက်ပင် များနေတော့သည်။ ထိတ်လန့်မှုကြောင့် သူမ မတည်ငြိမ်နိုင်ပေ။

သို့သော် အထိတ်လန့်ဆုံးသူမှာ ကြက်သွေးရောင်မီးလျှံမြွေဟောက်ပင်။ ကောင်းကင်မီးလျှံသည် သူ့အကြံအစည်များကို ဖျက်စီးသွားသည့်အပြင် ယခု နတ်ဘုရားအဆင့် ဆေးမီးဖိုတစ်လုံး ထုတ်လာ၏။

သာမန်ကောင်းကင်မီးလျှံတစ်ခုက မည်သို့ လုပ်နိုင်ပါမည်နည်း။

မြွေဟောက် စိတ်ရှုပ်နေသည့်အချိန် လိပ်နက် ထပ်ပြောလာ၏။ “ကောင်လေး မင်း ဝှက်ဖဲကို သုံးပြီးပြီလား။ အခု ငါ့အလှည့်ပဲ”

ထိုစကားလုံးများသည် မြွေဟောက်ကို ထိတ်လန့်သွားစေပြီး တိုက်ခိုက်ရန် စိတ်ဆန္ဒများကို ကုန်ဆုံးသွားစေသည်။

ခုနလေးတင် သူ့ဝှက်ဖဲများကို ထုတ်သုံးထားသဖြင့် ဝှက်ဖဲ မကျန်တော့ပေ။ ဆက်တိုက်နေပါက သေလမ်းရှာသလို ဖြစ်သွားပေလိမ့်မည်။

“တာအိုရောင်းရင် ကျုပ် ခုနပြောလိုက်တဲ့ စကားတွေက ကြမ်းသွားတယ်။ ကျေးဇူးပြုပြီး ဗွေမယူပါနဲ့။ ကျုပ် ထွက်သွားပေးပါ့မယ်”

“ဟက်”

လိပ်နက် နှာခေါင်းရှုပ်လိုက်သည်။

“မင်း လုပ်ချင်တာ လုပ်ပြီးမှ ထွက်ပြေးလို့ရမယ်ထင်နေလား။ ငါ့ကို လုပ်ချင်တိုင်းလုပ်လို့ ရတဲ့ အရုပ်များ ထင်နေလား။ မင်းက ငါ့ကို ခုနတုန်းက အချဉ်မှတ်နေတာမလား။ အချိုကွ။ အခုချက်ချင်း ငါ ‌ဆေးဖော်ဖို့ ကုန်ကြမ်းဖြစ်လာလိုက်စမ်း”

မီးဖို ထပ်ပွင့်လာပြီး ကြက်သွေးရောင်မီးလျှံမြွေဟောက်ထံသို့ နတ်ဘုရားအလင်းတန်းတစ်ခု ပြေးဝင်သွား၏။

“မဟုတ်ဘူး”

မြွေဟောက် ထွက်ပြေးရန် ကြိုးစားသော်လည်း နောက်ကျသွားပြီဖြစ်သည်။ နတ်ဘုရားအလင်းတန်းက သူ့ကို ထိမှန်သွားသည့်အခါ သူ့ခန္ဓာကိုယ်သည် ထိန်းမနိုင်သိမ်းမရ တုန်ယင်လာတော့၏။

ကျန်းတစ်ရာနီးပါးလောက် ရှိသော သူ့ကိုယ်ထည်ကြီး အဆတစ်ရာကျော် သေးငယ်သွားပြီး လက်မအနည်းငယ် ရှိသည့် မြွေတစ်ကောင်အရွယ်သာ ကျန်တော့သည်။ ထို့နောက် ဆေးမီးဖိုထဲသို့ အကူအညီမဲ့စွာ ဆွဲခံလိုက်ရ၏။

သူ ရုန်းကန်ကြည့်သော်လည်း ဆွဲငင်အားကို မခုခံနိုင်ပေ။

သူ မည်သို့ ရုန်းကန်ကြည့်ပါစေ ရလဒ်က မပြောင်းပေ။

လိပ်နက် ရယ်မောလိုက်၏။ “မင်း ခွန်အားကို အလဟသ မဖြစ်စေနဲ့။ ဒီနတ်ဘုရားမီးဖိုက ငါ့ဆရာပေးထားတာ။ နတ်ဘုရားအဆင့် ပန်းတောင် သန့်စင်လို့ရတယ်။ မင်းလို မြွေသေးသေးလေက ဘာလုပ်လို့ရမှာလဲ”

“ကျုပ်ကို မသတ်ပါနဲ့။ ကျုပ်ကို သတ်ရင် ကျုပ်တို့မျိုးနွယ်စုဘိုးဘေးက ခင်ဗျားကို အလွတ်ပေးမှာ မဟုတ်ဘူး”

ကြက်သွေးရောင်မီးလျှံမြွေနဂါးသည် မျှော်လင့်ချက်မဲ့သွားသည့်အတွက် နောက်ခံဖြင့် ခြိမ်းခြောက်ရုံသာ တတ်နိုင်တော့၏။

သို့သော် လိပ်နက်မျက်လုံးများ ပို၍သာ အေးစက်လာသည်။ “မင်းက သေမင်းတံခါးဝ ရောက်နေတာတောင် ငါ့ကို ခြိမ်းခြောက်ရဲသေးတယ်ပေါ့။ မင်းဘိုးဘေးကို ခေါ်လို့ရရင် ခေါ်လေ။ မဟုတ်ရင် ငါသန့်စင်ပစ်မှာကို နာနာခံခံလေး စောင့်နေ”

နတ်ဘုရားအလင်းတန်းသည် မြွေဟောက်ကို မီးဖိုထဲသို့ ဆွဲသွင်းသွားတော့သည်။

ဘုန်း။

မီးဖိုအဖုံး ပြန်ပိတ်သွား၏။

လိပ်နက် မီးဖိုးပတ်လည်တွင် ပျော်ရွှင်စွာ ဝှိုက်နေလိုက်သည်။ ထို့နောက် ကောင်းကင်မီးတောက်တစ်ခုကို မှုတ်ထုတ်လိုက်၏။ ထိုတစ်ခဏ၌ အတွင်းမှ ပဲ့တင်သံများ ထွက်ပေါ်လာ၏။

လိပ်နက် မျက်လုံးများ ပျော်ရွှင်မှုကြောင့် တောက်ပသွား၏။

“လိပ်နက်လေး စိတ်မပူနဲ့။ ငါ့ဆေးပညာက သာမန်ဆေးဆရာတွေ မယှဉ်နိုင်ဘူး။ ငါ မင်းကို မြန်မြန် မသေခိုင်းပါဘူး။ အချိန်ယူပြီး လွတ်လမ်းကို စဉ်းစားချေ”

ပတ်ဝန်းကျင်မှ ကျင့်ကြံသူများသည် အသက်ပြင်းပြင်း ရှူသည်။ သူတို့ လိပ်နက်ကို ကြောက်ရွံ့ရိုသေမှုများဖြင့် ကြည့်လာကြသည်။

‘ကောင်းကင်ကို ကျေးဇူးတင်ပါတယ်။ ငါတို့တွေ အစောပိုင်းက မစော်ကားမိတာ။ မဟုတ်ရင် လူသားဆေးလုံးအဖြစ် သန့်စင်ခံနေရလောက်ပြီ’

အခန်း (၃၄၀) စိတ်ဆန္ဒတစ်ခုတည်းဖြင့် သူတော်စင်တစ်ပိုင်းကို နှိမ်နင်းခြင်း

ဖြောက်... ဖြောက်...

လိပ်နက် မှုတ်ထုတ်လိုက်သော မီးလျှံများမှာ တဖြောက်ဖြောက် မြည်နေသည်။ လီဟော့ဂိုဏ်း၏ အထက် ကောင်းကင်ယံ၌ သေမတတ် တိတ်ဆိတ်နေ၍ ထိုအသံတိုင်းမှာ အလွန်ပင် ပီပြင်စွာကြားနေရ၏။

ကျင့်ကြံသူများသည် လူစုမခွဲကြသေးပေ။ နောက်ထပ် ဘာဖြစ်လာဦးမလဲဆိုသည်ကို သိချင်စိတ်ဖြင့် မျက်တောင်မခတ် စောင့်ကြည့်နေကြသည်။

ယခုအချိန်တွင် လိပ်နက်ကို ကြားဖြတ်နှောင့်ယှက်ဝံ့သူ တစ်ဦးမျှ မရှိချေ။ နောက်တစ်ခဏတွင် သူ မည်မျှ တုန်လှုပ်ဖွယ်ကောင်းသော လုပ်ရပ်မျိုး ထပ်လုပ်ဦးမည်ကို မည်သူမျှ ခန့်မှန်း၍ မရနိုင်ကြပေ။

တစ်ဖက်တွင်လည်း မီးတောင်အတွင်း၌ မင်းသမီးချင်းဟယ်သည် နတ်ဘုရားသားရဲဥကို ချော်ရည်များထဲသို့ ထည့်လိုက်ပြီး ၎င်း အပူရှိန်ဖြင့် အကောင်ပေါက်လာရန် ပြုစုပျိုးထောင်နေခဲ့သည်။

အချိန်များ ကုန်ဆုံးသွား၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် သုံးရက်နှင့် သုံးည ကုန်လွန်သွားခဲ့သည်။

ချော်ရည်များထဲရှိ မီးအဆီအနှစ်အားလုံးမှာ ဥထဲသို့ စုပ်ယူခြင်း ခံလိုက်ရသည်။

ဥအတွင်းရှိ သတ္တဝါငယ်လေး နိုးထလာပြီး အခွံကို ဖောက်ထွက်ရန် အသင့်ဖြစ်နေပြီကို မင်းသမီးချင်းဟယ် ရှင်းရှင်းလင်းလင်း ခံစားလိုက်ရ၏။

အခြားတစ်ဖက်တွင် ဖုန်းမူ၏ ဝိညာဉ်မီးလျှံလေးမှာ ကောင်းကင်မီးလျှံကို ဝါးမြိုခြင်း ပြီးဆုံးသွားခဲ့ပြီး နောက်ဆုံးတွင် ချော်ရည်ကျောက်မီးလျှံ၏ ပုံသဏ္ဌာန်သို့ ကူးပြောင်းသွားလေသည်။

“လင်းလုံ... အခြေအနေ ဘယ်လိုလဲ” ဖုန်းမူ မေးလိုက်သည်။

“နောက်ထပ် ခဏလေးပဲ လိုတော့တယ်။ မီးလျှံသွေးကြောနှစ်ခုရဲ့ အဆီအနှစ်တွေကို တခြား ကောင်းကင်မီးလျှံတွေနဲ့ ဝိညာဉ်မီးလျှံတွေက တစ်စိတ်တစ်ပိုင်း သုံးစွဲထားလို့ ဒီပေါက်စလေးက မပေါက်သေးတာ။ တာ့ယွမ် ကို ပြန်ရောက်ရင် အဲ့ဒီက သွေးကြောတစ်ခုကို ငှားပြီး ဒီလုပ်ငန်းစဉ်ကို အဆုံးသတ်လိုက်မယ်”

“ကောင်းပြီ။ ဒါဆိုလည်း အထုပ်အပိုးပြင်ပြီး ထွက်ဖို့ ပြင်ကြစို့”

မင်းသမီးချင်းဟယ် ခေါင်းညိတ်လိုက်သည်။

“အင်း”

လီဟော့ဂိုဏ်း အပြင်ဘက်တွင်မူ လွန်ခဲ့သော သုံးရက်လုံးလုံး ကျင့်ကြံသူများသည် ဆေးမီးဖိုကြီးထံမှ အကြည့်မခွာဘဲ မျက်တောင်ပင် မခတ်ဝံ့ကြချေ။

သူတို့ အသိချင်ဆုံးအရာမှာ မည်သို့သော ဆေးလုံးမျိုး ထွက်လာမလဲ ဆိုသည်ပင်။

စိတ်မရှည်နိုင်ဖြစ်လာကြချိန်မှာပင် ဂူအတွင်းမှ လူရိပ်နှစ်ခု ပျံထွက်လာ၏။ သူတို့မှာ ဖုန်းမူနှင့် မင်းသမီးချင်းဟယ်တို့ ဖြစ်ကြသည်။

သူတို့၏ ရုတ်တရက် ပေါ်ထွက်လာမှုကြောင့် လူအုပ်ကြီးမှာ အံ့အားသင့်သွားကြ၏။

ဤလီဟော့ဂိုဏ်း အရေးအခင်း၏ တကယ့်ဇာတ်လိုက်မှာ ဖုန်းမူ ဖြစ်သင့်သော်လည်း လိပ်နက်၏ တောက်ပမှုက စင်မြင့်ကို လွှမ်းမိုးထားသဖြင့် ဝမ်တောက်ကျောင်းတော်၏ ပါရမီရှင်ကို လူများ မေ့လျော့နေခဲ့ကြသည်။

“စီနီယာ”

ဖုန်းမူက လိပ်နက်ကို လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည်။

“အင်း”

လိပ်နက် ခေါင်းညိတ်ပြသည်။

“နောက် နာရီအနည်းငယ်အတွင်းမှာ ဒီဆေးလုံးက ပြီးစီးတော့မယ်။ မင်းတို့နှစ်ယောက် အရင် တောင်အောက်ဆင်းနှင့်ကြ”

ဆေးမီးဖိုအတွင်း၌ ကြက်သွေးရောင် မီးလျှံမြွေကြီး၏ ခန္ဓာကိုယ်မှာ ပြာဖြစ်သွားသည်မှာ ကြာပြီဖြစ်သည်။ သူ့ဝိညာဉ်သာ ရုန်းကန်နေသေးသော်လည်း ထိုဝိညာဉ်ပင် တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်လာသည်။

“ကောင်းပါပြီ”

ဖုန်းမူ ပြောပြီးနောက် မင်းသမီးချင်းဟယ်နှင့်အတူ ဝမ်တောက်ကျောင်းတော်နှင့် ယွင်လန်ဂိုဏ်းတို့ စခန်းချရာသို့ ထွက်ခွာသွားကြသည်။

သူတို့ မြေပြင်သို့ ဆင်းသက်လိုက်သည်နှင့် အကြီးအကဲ ဖုန်းနှင့် ယွင်ယဲ့တို့ အပြေးအလွှား ရောက်လာကြ၏။

“ဒဏ်ရာ မရကြဘူးမလား”

သူတို့ ပြိုင်တူ မေးလိုက်ကြသည်။

“အဆင်ပြေပါတယ်”

ဖုန်းမူက ပြုံးလျက် ပြန်ဖြေလိုက်သည်။

အကြီးအကဲ ဖုန်းသည် စိတ်သက်သာရာရစွာဖြင့် မုတ်ဆိတ်ကို သပ်လိုက်သည်။

“ကောင်းတယ်၊ ကောင်းတယ်”

“စီနီယာလိပ် ဆေးဖော်စပ် ပြီးရင် ကျွန်တော်တို့လည်း ထွက်လို့ရပါပြီ”

ဖုန်းမူက ထပ်လောင်း ပြောလိုက်သည်။

“အမှန်ပဲ”

အကြီးအကဲဖုန်း သက်ပြင်းချလိုက်၏။

“သခင်လေးမူ... ဌာနမှူးချူရဲ့ တပည့်ပီသပါပေတယ်။ ဒီလို ကောင်းကင်မီးလျှံ ကျွမ်းကျင်သူတစ်ဦးက အဖော်အဖြစ် ရှိနေတာက တကယ်ကို အံ့ဩစရာပါပဲ”

ဖုန်းမူ နှိမ့်ချစွာ ပြောလိုက်သည်။

“စီနီယာလိပ်က ကျွန်တော့်ရဲ့ သူငယ်ချင်းပါ။ သူရှိနေလို့သာ ကံကောင်းတာ။ မဟုတ်ရင် အခြေအနေတွေက ဒီလောက် ချောမွေ့မှာ မဟုတ်ဘူး”

သူတို့ စကားပြောနေစဉ်မှာပင် ဆေးမီးဖိုအတွင်းမှ ဒေါသတကြီး ဟိန်းဟောက်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

“ယုတ်မာတဲ့ ကောင်းကင်မီးလျှံ ငါ သေရရင်တောင် မင်းကိုပါ ငရဲကို ဆွဲခေါ်သွားမယ်”

“….”

လိပ်နက်မှာ ဇဝေဇဝါဖြစ်သွားပြီး ပျက်စီးလုနီးပါးဖြစ်နေသော ကြက်သွေးရောင်မီးလျှံမြွေကြီး၏ ဝိညာဉ်ကို သူ့နတ်ဘုရားအာရုံဖြင့် စစ်ဆေးလိုက်၏။

“ဒါဆိုလည်း ပြီးတာပဲလေ”

သူ အေးအေးဆေးဆေး ပြောလိုက်သည်။

“မင်းရဲ့ ဆန္ဒကို ငါ ဖြည့်ဆည်းပေးပါ့မယ်”

သူသည် ဆေးမီးဖိုအောက်သို့ ပျံဝင်သွားလိုက်၏။ တစ်ခဏချင်းမှာပင် ဆေးမီးဖို၏ အပူရှိန်မှာ ပြင်းထန်စွာ မြင့်တက်လာခဲ့သည်။

“အားးးးး”

စူးရှသော အော်ဟစ်သံတစ်သံ ပဲ့တင်ထပ်သွား၏။ ထို့နောက် ဆေးမီးဖိုအဖုံး ပွင့်ထွက်သွားလေသည်။

အလင်းတန်းနှစ်ခုမှာ လွင့်စင်ထွက်လာ၏။

လိပ်နက်၏ အာရုံက ထိုအရာများကို ချက်ချင်း ဖမ်းဆွဲလိုက်သည်။ တစ်ခုမှာ ဆေးလုံးဖြစ်ပြီး နောက်တစ်ခုမှာ မီးလျှံပုံဆောင်ခဲ ဖြစ်သည်။

သူက မဆိုင်းမတွပင် ထိုပုံဆောင်ခဲကို တစ်လုပ်တည်း မျိုချလိုက်ပြီး ဆေးလုံးကို ဆေးမီးဖိုထဲသို့ ပြန်ထည့်ကာ ဆေးဖိုကြီး တစ်ခုလုံးကိုပါ မျိုချလိုက်လေသည်။

အရာအားလုံး ပြီးဆုံးသွားပြီဟု လူတိုင်း ထင်မှတ်နေစဉ်မှာပင် ယွင်ရှတောင်တန်း၏ နက်ရှိုင်းသောအရပ်မှ နားကွဲမတတ် ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာလေ၏။

“ငါ့မြေးကို ဘယ်သူ သတ်လိုက်တာလဲ”

အော်ဟစ်သံ တစ်ချက်တည်းနှင့်ပင် လီဟော့ဂိုဏ်း ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် ထိုဖိအားကို မခံနိုင်ဘဲ ဒူးထောက်ကျကုန်ကြသည်။

ထိုအသံတွင် အမြင့်မြတ်ဆုံးသော စွမ်းအားများ ပါဝင်နေခဲ့၏။ လိပ်နက်ပင်လျှင် လန့်ဖျပ်ကာ တုန်လှုပ်သွားရသည်။

ရှိရှိသမျှသော လူများထဲတွင် ဖုန်းမူ၊ မင်းသမီးချင်းဟယ်၊ အကြီးအကဲဖုန်းနှင့် လက်တစ်ဆုပ်စာမျှသော လူများသာ မတ်တပ်ရပ်နိုင်ကြသည်။

“ဒါ... ဒါက သူတော်စင်တစ်ပိုင်းတစ်ယောက်ရဲ့ အရှိန်အဝါပဲ”

အကြီးအကဲဖုန်း တိုးတိုးလေး ရေရွတ်လိုက်သည်။

သူ့စကားမဆုံးမီမှာပင် ကောင်းကင်ယံသည် အက်ကွဲသွားပြီး ဧရာမ မီးရောင်တောက်နေသော မြွေရိပ်ကြီးတစ်ခု ပေါ်လာတော့၏။

ထို့နောက် တောင်တစ်လုံးခန့်ရှိသော မြွေအမြီးကြီးသည် လိပ်နက်ဆီသို့ ဝှေ့ယမ်းဆင်းသက်လာသည်။

မြေပြင်သို့ မထိရသေးမီမှာပင် ၎င်း၏ ဖိအားက လူတိုင်းကို မျှော်လင့်ချက်မဲ့သွားစေ၏။

လိပ်နက်သည် ချူဖုန်း အနားတွင် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သော်လည်း ထိုမြွေအမြီးကြီးကို မြင်လိုက်ရချိန်တွင် သူ့စိတ်ထဲ၌ အတွေးတစ်ခုသာ ပေါ်လာခဲ့သည်။

‘ငါတော့ သေပြီဟ’

အလိုအလျှောက်ပင် သူ့ပါးစပ်မှ စကားလုံးများ ထွက်ကျလာသည်။ “ဆရာ... ကယ်ပါဦး”

ထို ရှင်ခြင်းနှင့် သေခြင်းကြား အခိုက်အတန့်တွင် သူ့အတွင်းရှိ ဝိညာဉ်အမှတ်အသားမှာ တောက်ပလာပြီး မိုင်ပေါင်းသောင်းချီ အကွာအဝေးကို ဖြတ်ကျော်လျက် ချူဖုန်းကို အချက်ပေးလိုက်လေ၏။

ဝမ်တောက်ကျောင်းတော်အတွင်း၌ ချူဖုန်းသည် ပိုင်ကျင်းနှင့် ချန်ကျင်းကျင်းတို့ကို ကျင့်ကြံခြင်းအကြောင်း သင်ကြားပေးနေစဉ် လိပ်နက်၏ အကူအညီတောင်းသံကို ရုတ်တရက် ကြားလိုက်ရသည်။

သူ လုပ်လက်စများကို ရပ်တန့်ကာ မျက်လုံးများကို မှိတ်လိုက်ပြီး လိပ်နက်ထံတွင် ထားရှိခဲ့သော နတ်ဘုရားတံဆိပ်ကို စတင်အာရုံခံလိုက်၏။

ထိုတံဆိပ်မှတစ်ဆင့် ချူဖုန်းသည် ပြင်းထန်သော မီးလျှံများ ဝန်းရံနေသည့် ဧရာမ မြွေအမြီးကြီးသည် လိပ်နက်၏ အထက် လက်မအနည်းငယ်အကွာသို့ ဆင်းသက်လာနေသည်ကို မြင်လိုက်ရသည်။

သူ မဆိုင်းမတွပင် နတ်ဘုရားအာရုံကို ထိုတံဆိပ်အတွင်းသို့ ထည့်သွင်းလိုက်ပြီး စကားတစ်ခွန်းကို ဟစ်ကြွေးလိုက်သည်။

“နှိမ်နင်းစမ်း”

ထိုစကားလုံးသည် တံဆိပ်မှတစ်ဆင့် ပျံ့နှံ့သွား‌လေ၏။ လိပ်နက်ကလည်း အလိုအလျောက်ပင် အော်ဟစ်လိုက်မိသည်။

“နှိမ်နင်းစမ်း”

ထိုစကားလုံးက သူ့နှုတ်ခမ်းမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ဧရာမ နှိမ်နင်းခြင်းဟူသော စာလုံးကြီးတစ်ခု ကောင်းကင်ယံတွင် ပေါ်လာတော့သည်။

တောင်များ၊ မြစ်များကို ချေဖျက်နိုင်စွမ်းရှိသော ထိုမြွေအမြီးကြီး၏ တိုက်ခိုက်မှုကို ၎င်းစာလုံးက အားစိုက်စရာမလိုဘဲ တားဆီးလိုက်သည်။

ထိုခဏ၌ လီဟော့ဂိုဏ်းအပေါ် လွှမ်းမိုးထားသော အသက်ရှူကျပ်ဖွယ် အရှိန်အဝါများမှာ အစအနပင် မကျန် ပျောက်ကွယ်သွားလေ၏။

ဟူး... ဟူး... ဟူး...

အသက်ဘေးမှ လွတ်မြောက်လာသော ကျင့်ကြံသူများသည် လေကို အငမ်းမရ ရှူသွင်းလိုက်ကြပြီး သူတို့ဝတ်ရုံများမှာလည်း ချွေးများဖြင့် စိုရွှဲနေကြသည်။

မကြာမီမှာပင် လူအုပ်ကြီးထဲမှ အံ့ဩတုန်လှုပ်သံများ ထွက်ပေါ်လာသည်။

“ထန်မြွေပဲ ငါ တကယ်ပဲ မဟာပဏ္ဍိတကို ယွင်ရှတောင်တန်း အစွန်အဖျားမှာ မြင်လိုက်ရတာလား”

“ပြီးတော့ ခုနက... အဲ့ဒါ ဘယ်သူ့အသံလဲ မဟာပဏ္ဍိတထန်မြွေရဲ့ တိုက်ခိုက်မှုကို တားဆီးနိုင်တာ”

“…”

လူများမှာ ဖုန်းမူဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

“အဲ့ဒါ ဆရာပဲ။ ဆရာ့အသံ”

ဖုန်းမူ၏ ရင်ထဲတွင် တင်းကျပ်သွားသည်။ သူ့ဆရာ တိုက်ခိုက်သည်ကို ယခင်က မြင်ဖူးသော်လည်း မိုင်ပေါင်း သောင်းချီအကွာအဝေးမှနေ၍ ချူဖုန်းမှာ ဝင်ရောက်စွက်ဖက်နိုင်လိမ့်မည်ဟု သူ တစ်ခါမျှ မတွေးခဲ့ဖူးချေ။

“ဘယ်သူ လုပ်ရဲတာလဲ”

ထန်မြွေသည် သူ့အမြီးကို ပြန်ရုပ်လိုက်ပြီး ဧရာမ ခန္ဓာကိုယ်ကြီးမှာ ကောင်းကင်ယံ၌ လူးလွန့်နေခဲ့သည်။

ထို့နောက် ကြီးမားလှသော ခေါင်းကြီးမှာ ပေါ်ထွက်လာ၏။

ဤတည်ရှိမှုနှင့် နှိုင်းယှဉ်လျှင် ကြက်သွေးရောင်မီးလျှံမြွေကြီးမှာ မွေးကင်းစ မြွေငယ်လေးမျှသာ ရှိပေလိမ့်မည်။

လိပိနက်၏ နဖူးမှ အလင်းတန်းများ ထွက်ပေါ်လာပြီး သူ့ခေါင်းအထက်တွင် ပုံရိပ်တစ်ခု ပေါ်လာသည်။

ကျင့်ကြံသူအားလုံးမှာ ငေးကြည့်နေကြသည်။ ထို တောက်ပသော ပုံရိပ်မှာ အခြားသူမဟုတ်ပေ။ ချူဖုန်းပင်။

ထိုပုံရိပ်ယောင်မှာ လက်သီးဆုပ်လျက် ခပ်ဖွဖွ ပြုံးလိုက်သည်။

“ဝမ်တောက်ကျောင်းတော်က ချူဖုန်းပဲ”

ထိုစကားကြောင့် လူအုပ်ကြားတွင်သာမက ထန်မြွေ၏ မျက်လုံးများထဲတွင်ပင် တုန်လှုပ်မှုများ ဖြစ်ပေါ်သွားသည်။

အရှေ့ပင်လယ်ကို ချူဖုန်း တုန်လှုပ်စေခဲ့သည့် သတင်းမှာ သူတို့မှတ်ဉာဏ်ထဲတွင် လတ်ဆတ်နေဆဲပင်။

ထို့ပြင် ဤသည်မှာ သူ့စိတ်အာရုံ ပုံရိပ်ယောင်မျှသာ ဖြစ်သော်လည်း မည်သူမျှ သူ့ကို အထင်မသေးဝံ့ကြချေ။

“ဌာနမှူးချူ”

ထန်မြွေ အသံဩဩဖြင့် ပြောလိုက်သည်။ သူ့သံမှာ တည်ငြိမ်အောင် ကြိုးစားနေသော်လည်း သတိထားနေရသည့် အရိပ်အယောင်များ ပါဝင်နေခဲ့၏။

“ငါက ဝမ်တောက်ကျောင်းတော်နဲ့ရော၊ မင်းနဲ့ရော ဘာရန်ငြိုးမှ မရှိပါဘူး။ ဘာလို့ မင်းရဲ့ လက်အောက်ငယ်သားက ငါ့ရဲ့ မျိုးဆက်ကို သတ်ရတာလဲ”

ချူဖုန်း မရယ်မောပေ။ သူသည် မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းရှိသူ ဖြစ်သဖြင့် အမှန်တကယ် စိတ်လှုပ်ရှားစရာ မရှိလျှင် တည်ငြိမ်မှုကို ပျက်ပြားစေမည် မဟုတ်ပေ။

“မိတ်ဆွေ... ငါတို့နှစ်ယောက်လုံးက ရွှမ်ထျန်းတိုက်ကြီးမှာ နာမည်ကျော်တွေပါပဲ။ ရှင်သန်ခြင်း နိယာမကို မင်း နားလည်မှာပါ။ အားနည်းတဲ့သူက အားသန်တဲ့သူရဲ့ သားကောင် ဖြစ်ရတာပဲ။ မင်းရဲ့ မြေးဟာ ငါ့ ဝိညာဉ်မီးလျှံရဲ့ နှိမ်နင်းခြင်းကို ခံလိုက်ရတာက သူ့ရဲ့ စွမ်းရည် မပြည့်ဝလို့ပဲ။ မင်းက အသုံးမကျတဲ့ မျိုးဆက်သစ်တစ်ယောက်အတွက်နဲ့ ငါ့ရဲ့ နတ်ဘုရားတံဆိပ်ကို ဖျက်ဆီးမလို့လား”

“…”

ထန်မြွေမှာ တိတ်ဆိတ်သွားသည်။ ကြက်သွေးရောင်မီးလျှံမြွေကြီးမှာ သူအချစ်ဆုံး မျိုးဆက် ဖြစ်သော်လည်း ၎င်းအတွက်နှင့် သူတော်စင်တစ်ပိုင်း တစ်ယောက်၏ တံဆိပ်ကို ဖျက်ဆီးပစ်ရန်မှာ မိုက်မဲရာ ကျပေလိမ့်မည်။

ထိုသို့ ပြုလုပ်ခြင်းသည် ချူဖုန်း၏ မျက်နှာကို လူအများရှေ့တွင် ဖြတ်ရိုက်လိုက်သလို ဖြစ်ပေလိမ့်မည်။ ချူဖုန်း၏ စိတ်နေစိတ်ထားနှင့်ဆိုလျှင် ၎င်းသည် အဆုံးမရှိသော ရန်ငြိုးရန်စကို ဆိုလိုခြင်းပင်။

“မိတ်ဆွေ... ငါ အစောက ရိုင်းပြမိသွားတယ်။ မင်း ပြောတာ မှန်ပါတယ်။ မျိုးဆက်သစ်တွေက သူတို့ရဲ့ ကိုယ်ပိုင် ကံကြမ္မာအပေါ်မှာပဲ မူတည်ရမှာပဲ။ ငါ သူတို့ကို ထာဝရ မကာကွယ်ပေးနိုင်ဘူး။ ငါ သွားတော့မယ်”

ထိုသို့ ပြောပြီးနောက် ထ‌န်မြွေသည် လှည့်ထွက်သွားပြီး ကောင်းကင်ယံသို့ ပျောက်ကွယ်သွားလေ၏။

ချူဖုန်း၏ ပုံရိပ်ယောင်မှာလည်း လိပ်နက်၏ စိတ်ထဲသို့ ပြန်လည် ဝင်ရောက်သွားပြီး နတ်ဘုရားတံဆိပ်အတွင်း၌ ငြိမ်သက်စွာ ပြန်လည် ကိန်းဝပ်သွားသည်။

ဝမ်တောက်ကျောင်းတော်၌

ချူဖုန်း ရုတ်တရက် မျက်လုံးမှိတ်သွားခြင်းကြောင့် မိန်းကလေးငယ် နှစ်ဦး ဇဝေဇဝါ ဖြစ်နေကြ၏။

သူတို့သည် ချူဖုန်းကို မနှောင့်ယှက်ဝံ့ဘဲ လိမ္မာယဉ်ကျေးစွာ ရပ်စောင့်နေကြသည်။

ချူဖုန်း မျက်လုံး ပြန်ဖွင့်လိုက်သောအခါ ပိုင်ကျင့်က အလျင်အမြန် မေးလိုက်လေ၏။

“ဆရာ... ဘာလို့ ရုတ်တရက်ကြီး မျက်လုံးမှိတ်သွားတာလဲ”

ချူဖုန်းက ရယ်မောလိုက်သည်။

“ခုနက ဆရာ ယွင်ရှတောင်တန်းကို သွားပြီးတော့ မဟာပဏ္ဍိတ တစ်ပါးကို သေးငယ်တဲ့ နိယာမတစ်ခုအကြောင်း သွားရှင်းပြနေတာပါ။း”

ချန်ကျင်းကျင်း : “.....”

ပိုင်ကျင်း : “.....”

သူတို့ဇဝေဇဝါ ဖြစ်နေသော မျက်နှာလေးများကို မြင်သော် ချူဖုန်း ပြုံးလိုက်သည်။

“ဘာမှ မဟုတ်ပါဘူး။ နောက် ရက်အနည်းငယ်ကြာရင် မင်းတို့ နားလည်လာမှာပါ။”

“မဟုတ်ဘူး ဆရာ၊ အခု ပြောပြပါ”

ပိုင်ကျင်း သူမအမြီးလေးကို လှုပ်ယမ်းကာ ကလေးဆန်စွာ ပူဆာလိုက်၏။

ချန်ကျင်းကျင်းကလည်း စပ်စုလိုသော မျက်လုံးများဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ချူဖုန်း၏ နှုတ်ခမ်းများမှာ အထက်သို့ ကွေးညွှတ်သွားလေ၏။

“ကောင်းပြီလေ။ ဒါဆို ဆရာက ခုနက ဘာတွေ ဖြစ်ခဲ့လဲဆိုတာ ပြောပြမယ်…”

All Chapters