ရွှေခန္ဓာမဟာစွမ်းအားဆေးလုံး
Vol. 28 Ch. 382
အခန်း (၃၈၂) ရွှေခန္ဓာမဟာစွမ်းအားဆေးလုံး
ရှောင်ယွိက...
"အချိန် (၁၀)နှစ်တောင် ကြာသွားခဲ့တယ် သိလား"
သူမစကားကိုကြားတော့ ကျန်းလန် ခေါင်းညိတ်လိုက်သည်။
သိပ်တော့ အချိန်ကြာမြင့်ခဲ့ခြင်း မရှိပေ။
ဤမျှလောက်သောအချိန်က သူ၏ ကျင့်ကြံခြင်းကို သက်ရောက်မှု မရှိပေ။သို့သော် ယခုတစ်ကြိမ် သူ ရရှိလိုက်သည့်အကျိုးအမြတ်က အလွန် သိသာထင်ရှားသည်။
ကျင့်ကြံခြင်းအဆင့်တက်ခြင်းနှင့်ပတ်သက်ပြီး အလွန်တရာ အကျိုးရှိခဲ့၏။
သို့ပေသိ တာ့လော်အင်မော်တယ် ဖြစ်လာရန်ကတော့ အလှမ်းဝေးနေသေးရာ လက်ရှိတွင် ထိုအကြောင်းများက စိတ်ပူစရာ မဟုတ်သေးပေ။
အရေးကြီးသည်မှာ အများအမြင်တွင် အင်မော်တယ်အဆင့် တက်ရောက်နိုင်ရန် ဖြစ်သည်။
သူ ခွန်လွန်တောင်သို့ ရောက်ရှိသည်မှာ နှစ်ပေါင်း (၅၄၀) ရှိပြီ ဖြစ်သည်။
နောက်ထပ် အနှစ် (၃၀)ခန့် တံခါးပိတ်ကျင့်ကြံပြီးလျှင် ပြင်ပလောကသို့ထွက်ခွာရပေတော့မည်။
အများအမြင်တွင် အင်မော်တယ်အဖြစ် အဆင့်တက်ရန် နီးကပ်နေပြီ ဖြစ်ပြီး အင်မော်တယ်ဖြစ်သည်နှင့် လုန်ယွိနှင့် လက်ထပ်ရတော့မည်။
ထိုအချိန်ရောက်လျှင် သူ၏ အစစ်အမှန်ကျင့်ကြံခြင်းက မိုးကောင်းကင်အင်မော်တယ် ၊ အောင်မြင်သည့်အဆင့် (သို့မဟုတ်) တာ့လော်အင်မော်တယ် ကနဦးအဆင့် ဖြစ်နေမည်လား မသေချာပေ။
ပုံမှန်ဆိုလျှင်တော့ မိုးကောင်းကင်အင်မမော်တယ် ၊ အောင်မြင်သည့်အဆင့်သို့ ရောက်ရှိနေပေလိမ့်မည်။
ခွန်လွန်တောင် အဓိကခန်းမဆောင်တွင် အလင်းတိုင် (၉)တိုင်တိတိ အပြည့်အ၀ ထွန်းညှိပြီးသွားလျှင် နှစ်ပေါင်း (၁၈၀) ပြည့်သွားမည် ဖြစ်သည်။
ယခုဆိုလျှင် အလင်းတိုင် (၅)တိုင် ထွန်းညှိပြီးဖြစ်ရာ ရှေ့ဆက်သွားရန် အချိန် (၇၅)နှစ် လိုသေးသည်။
ထို (၇၅)နှစ် ထည့်ပေါင်းလျှင် သူ ဂိုဏ်းထဲသို့ ရောက်ရှိသည်မှာ (၆၁၅)နှစ် ရှိပြီ ဖြစ်၏။
ထိုအချိန်ရောက်လျှင် သူက မိုးကောင်းကင်အင်မော်တယ် ၊ အောင်မြင်သည့်အဆင့်သို့ ရောက်ရှိနေပြီး နောက်ထပ်နှစ်အနည်းငယ်အတွင်း တာ့လော်အင်မော်တယ် ဖြစ်လာပေမည်။
ကျင့်ကြံခြင်းတွင် အာရုံစိုက်နိုင်ရန်အတွက် မင်္ဂလာပွဲကို နောက်ထပ် နှစ်အနည်းငယ် ရွှေ့ဆိုင်းနိုင်လျှင် အဆင်ပြေနိုင်သည်။
သို့သော်…
ခွန်လွန်တောင်က လုန်ယွိကို အပြီးအပိုင်လိုချင်နေပြီဖြစ်လေရာ သူတို့ (၂)ယောက်ကို အမြန်ဆုံး လက်ထပ်စေချင်ပေလိမ့်မည်။
နဂါးမျိုးနွယ်များဘက်က မင်္ဂလာပွဲကို အချိန်ဆွဲချင်သည်ဆိုလျှင်တော့ အခွင့်အရေး ရှိနိုင်သည်။
နဂါးမျိုးနွယ်များဘက်ကပါ လက်ထပ်ပွဲကျင်းပရန် စိတ်အားထက်သန်နေလျှင်တော့ သူ့အတွက် ပြဿနာရှိမည်မှာ သေချာသည်။
ကျန်းလန်လန်က ရှောင်ယွိကို ကြည့်ရင်း...
"ဂိုဏ်းတူအစ်မ ၊ ဒီကို ဘယ်တုန်းက ရောက်နေတာလဲ"
"ဒီနှစ်တွေအတွင်း ကျွန်မ ဒီမှာ ကျင့်ကြံနေတာလေ ၊ ဆရာက ကျွန်မကို ဒီနေရာပို့ထားတာ"
ရှောင်ယွိက မေးဖျားလေးကို လက်ဖြင့်အသာပွတ်ရင်း ကျန်းလန်ကို ကြည့်လိုက်သည်။
"ဆရာဒေါ်လေးချန်ရှီက ထူးဆန်းတဲ့ငှက်တွေအများကြီးမွေးထားတာ သိလား ၊ သူတို့က ရှင့်ကိုယ်ပေါ်မှာနားဖို့ အမြဲကြိုးစားနေတာ ၊ ကျွန်မက မောင်းပေးနေရတယ်"
ကျန်းလန်က...
"ကိုယ်တော့ ဂိုဏ်းတူအစ်မကို ဒုက္ခပေးမိပြီ"
ရှောင်ယွိက တက်တက်ကြွကြွပုံစံလေးဖြင့်...
"ဟုတ်တာပေါ့ ၊ ဟုတ်တာပေါ့ ၊ ရှင် ကျွန်မကို သေချာပေါက် ဒုက္ခတွေပေးနေတာ"
ကျန်းလန်က ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး မည်သူ့ကိုမှ မတွေ့သဖြင့်...
"ဆရာဒေါ်လေးချန်ရှီရော"
သူ နိုးထလာပြီဖြစ်လေရာ ပြန်ရန်အချိန်တန်ပြီ ဖြစ်သည်။ ဆရာဒေါ်လေးချန်ရှီကို နှုတ်ဆက်စကား ဆိုရပေမည်။
ရှောင်ယွိက အနောက်ဘက်ရှိ ဝါးအိမ်လေးကို ညွှန်ပြရင်း...
"သူ ဝါးအိမ်လေးထဲမှာ ရှိတယ် ၊ ဂိုဏ်းတူမောင်လေးက သူနဲ့တွေ့ချင်လို့လား ၊ ကျွန်မ သတင်းပို့ပေးမယ်လေ"
ကျန်းလန်က...
"ကိုယ့်ကိစ္စက ပြီးသွားပြီလေ ၊ ပြန်တော့မှာဆိုတော့ ဆရာဒေါ်လေးကို နှုတ်ဆက်ရမယ်"
***
ခဏမျှကြာပြီးနောက် ကျန်းလန် ဝါးအိမ်လေးထဲမှ ပြန်ထွက်လာသည်။
"ဆရာဒေါ်လေး စိတ်ကြည်ပုံမပေါ်ဘူး"
ဆဋ္ဌမတောင်ထွတ်မှ မပြန်ခင် ကျန်းလန်က ရှောင်ယွိကို ပြောလိုက်သည်။
ဝါးအိမ်ထဲတွင် ဆရာဒေါ်လေးကို နှုတ်ဆက်စကားဆိုသည့်အခါ သူမကိုကြည့်ရသည်မှာ စိတ်တိုနေဟန် ရှိသည်။ တစ်စုံတစ်ခုကြောင့် စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ခံလိုက်ရဟန် ရှိ၏။
ရှောင်ယွိက ကျန်းလန် နံဘေးတွင် လမ်းလျှောက်ရင်း...
"ဟုတ်တယ် ၊ ဆရာဒေါ်လေးက ဆရာ့ကို မေးခွန်းတစ်ခုမေးပေးဖို့ ကျွန်မကို အကူအညီတောင်းတယ် ၊ ကျွန်မလည်း မေးပေးလိုက်တယ်လေ ၊ ဆရာပြန်ပြောတဲ့အဖြေကို သိရပြီးတဲ့နောက် ဆရာဒေါ်လေးအဲဒီလို ဖြစ်သွားတော့တာပဲ"
ကျန်းလန် : "……"
သူ့ကို အရင်က ဆရာဒေါ်လေးချန်ရှီပြောပြသည့် မေးခွန်းကို ရှောင်ယွိကို မေးမြန်းခိုင်းခြင်း ဖြစ်နိုင်သည်။
ကျန်းလန်က ဆရာဒေါ်လေးကျူးချင် ပြောလိုက်သည့် အဖြေစကားကို သိချင်မိသော်လည်း မမေးတော့ရန် ဆုံးဖြတ်လိုက်၏။
ထိုအကြောင်းများကို နားလည်သည်ဖြစ်စေ ၊ နားမလည်သည်ဖြစ်စေ သူ့အတွက် ကိစ္စမရှိပေ။
ကိစ္စရှိသည်က ဆဋ္ဌမတောင်ထွတ်သို့ ရောက်နေသည်မှာ ကြာပြီဖြစ်သည့်တိုင် စနစ်တွင် မှတ်ပုံမတင်ရသေးခြင်း ဖြစ်သည်။
ယခု ပြန်ရတော့မည် ဖြစ်လေရာ စနစ်မှတ်ပုံတင်ရပေမည်။
ပစ္စည်းကောင်းတစ်ခုခုတော့ ရရှိရန် မျှော်လင့်မိသည်။
ခဏမျှအကြာတွင် ရင်းနှီးသည့်အသံတစ်ခု ကြားလိုက်ရ၏။
[ဒင်!]
[စနစ်မှတ်ပုံတင်ခြင်း အောင်မြင်ပါတယ် ၊ မဟာတာအိုမှပေးအပ်တဲ့လက်ဆောင်ကို ရရှိတဲ့အတွက် စနစ်ပိုင်ရှင်ကို ဂုဏ်ပြုပါတယ် ၊ ရွှေခန္ဓာမဟာစွမ်းအားဆေးလုံးကို ရရှိပါတယ်]
[ရွှေခန္ဓာမဟာစွမ်းအားဆေးလုံး : တာအိုမှဖြစ်တည်လာသည့် ရွှေဆေးလုံးဖြစ်တယ် ၊ စားသုံးမည်ဆိုလျှင် အချိန်တိုအတွင်း ရွှေခန္ဓာအောင်မြင်သည့်အဆင့်သို့ ရောက်ရှိလိမ့်မယ် ၊ အစစ်အမှန်အင်မော်တယ်အထက် ကျင့်ကြံသူများသာ စားသုံးနိုင်ပါတယ်]
ရွှေခန္ဓာမဟာစွမ်းအားဆေးလုံးတဲ့...။
ထိုဆေးလုံးက ခါတိုင်း ကျန်းလန် စနစ်မှရရှိနေကျဖြစ်သော ရွှေခန္ဓာဆေးလုံးနှင့် ဆင်တူသည်။
သို့သော် အကျိုးသက်ရောက်မှကတော့ အလွန်ကွာခြား၏။
ရွှေခန္ဓာဆေးလုံးကတော့ သွေးထဲမှချီစွမ်းအားများကို အားကောင်းလာစေပြီး ရွှေခန္ဓာမဟာစွမ်းအားဆေးလုံးကတော့ ရုပ်ခန္ဓာကို အားကောင်းလာစေမည် ဖြစ်သည်။
အချိန်အတိုင်းအတာတစ်ခုအထိ ပြီးပြည့်စုံသော ရွှေခန္ဓာကို ရရှိစေမည် ဖြစ်သည်။
သူက ရွှေခန္ဓာရရှိရန်အတွက် ရှည်လျားသည့်လမ်းကို လျှောက်လှမ်းရဦးမည် ဖြစ်သော်လည်း အောင်မြင်သွားလျှင်တော့
အလွန်အမင်း တန်ခိုးစွမ်းအား မြင့်မားလာမည် ဖြစ်သည်။
သို့သော် ဆေးအာနိသင်ကုန်ဆုံးသွားလျှင်တော့ မည်သို့ဖြစ်မည် မသိပေ။
ထို့ကြောင့် အရေးပေါ်အခြေအနေတွင် အသုံးပြုရန် ဆေးလုံးကို သိမ်းဆည်းထားလိုက်၏။ ပြင်ပလောကသို့ထွက်ခွာသည့်အချိန်တွင် လိုအပ်ကောင်းလိုအပ်ပေမည်။
"ဂိုဏ်းတူအစ်မ ၊ ကိုယ် အင်မော်တယ် ဖြစ်လာတော့မယ် သိလား"
နဝမတောင်ထွတ်သို့အပြန်လမ်းတွင် ကျန်းလန်ကဆိုသည်။
ရှောင်ယွိက လက်နှစ်ဖက်ကို နောက်ပစ်ရင်း...
"အချိန်တော့ ယူရဦးမယ် မဟုတ်လား ၊ ဆရာပြောတာတော့ ကျင့်စဉ်လမ်းကိုလျှောက်လှမ်းရာမှာ တစ်ကြိမ်ကို ခြေတစ်လှမ်းပဲ လှမ်းသင့်တယ်တဲ့ ၊ ဂိုဏ်းတူမောင်လေးအနေနဲ့ လောစရာမလိုပါဘူးလေ"
သူမပုံစံက အကြီးတစ်ယောက်က အငယ်တစ်ယောက်ကို ဆုံးမစကားပြောနေသည့်နှယ်ပင်။
ကျန်းလန်က ခေါင်းညိတ်ရင်း...
"ဟုတ်..."
ထို့နောက် စကားထပ်မပြောတော့ပေ။
တကယ်တော့ သူက နောက်တစ်ကြိမ်စိန်ခေါ်ပွဲတွင် ရှောင်ယွိအနေဖြင့် သူ့ကို အနိုင်ယူနိုင်မည်မဟုတ်ကြောင်း သတိပေးလိုခြင်း ဖြစ်၏။
ထိုအချိန်ရောက်လျှင် သူတို့ (၂)ယောက်လုံး လူသားအင်မော်တယ်အဆင့် ရောက်နေကြမည် ဖြစ်သည်။
***
နောက်တစ်နေ့နံနက်။
ရှောင်ယွိက ကျန်းလန်ထံမှ သစ်သားဓားလေးကိုယူပြီး ကျောက်စိမ်းရေကန်သို့ ပြန်ရန်ဟန်ပြင်လိုက်သည်။
သို့သော် သူမက တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ကျန်းလန်ရှိရာသို့ လျှောက်လာပြီး ခေါင်းလေးကို ကျန်းလန်ရင်ခွင်ထဲတိုးဝင်ကာ သူ့ကို ပွေ့ဖက်လိုက်သည်။
သစ်သားဓားက သူ့နောက်ကျောကို ထိနေကြောင်း ကျန်းလန် သတိပြုလိုက်မိသည်။
ယခုလိုပွေ့ဖက်သည့်အချိန်မျိုးတွင် သစ်သားဓားသာ သူ့လက်ထဲရှိနေပါက ရှောင်ယွိ၏ခါးသိမ်သိမ်လေးကို ဖြတ်တောက်ပစ်လိုက်မည်ဟု စဉ်းစားမိသည်။
ရှောင်ယွိက...
"ဂိုဏ်းတူမောင်လေး ၊ ကျွန်မကို တုတ်ထိုးသကြားလုံးတွေ ဝယ်ပေးဦးနော် ၊ တရားမျှတမှုရှိဖို့ စည်းကမ်းတွေကို မမေ့ပါနဲ့"
ပြောပြီးသည်နှင့် ရှောင်ယွိက နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ပြီး ဓားကိုစီးနှင်ကာ ထွက်ခွာသွားလေတာ့သည်။
ကျန်းလန်ပေးထားသည့် ဖိနပ်ကို သူမ ဝတ်ဆင်ထားဆဲ ဖြစ်သည်။
ထိုဖိနပ်ကိုမြင်တော့ ရှောင်ယွိထံမှ အကြွေးရစရာရှိသေးကြောင်း ကျန်းလန် သတိရလိုက်သည်။ သို့သော် ယခုအချိန်ထိ သူ မည်သည့်အရာကိုမှ မတောင်းဆိုရသေးပေ။
မျှမျှတတတွေးမည်ဆိုလျှင် တကယ်တမ်း အရှုံးပေါ်ရသူက ကျန်းလန် ဖြစ်၏။
တုတ်ထိုးသကြားလုံးဝယ်ယူရန်အတွက် သူ့မှာ တောင်ပေါ်ကလည်းဆင်းရသလို ပိုက်ဆံလည်းကုန်ရသည်။
ရှောင်ယွိဆိုသည့်ကောင်မလေးက သူ့ကို တစ်ချက်မျှသာ ပွေ့ဖက်ခြင်းဖြစ်သည်။ ဘာမှ အပန်းမကြီးပေ။
မျှတခြင်းမရှိသည့်တိုင် ကျန်းလန်က ငြင်းဆိုခဲ့ခြင်း မရှိပေ။
တွေးရင်းဖြင့် ကျန်းလန် နဝမတောင်ထွတ်အစွန်းသို့ ထွက်ခွာလာသည်။
ဆဋ္ဌမတေင်ထွတ်မှ အကျိုးအမြတ်တစ်စုံတစ်ရာ ရရှိခဲ့သည်ဖြစ်ရာ ဆရာဖြစ်သူကို သတင်းပို့ရမည် ဖြစ်၏။
နဝမတောင်ထွတ်အစွန်းရောက်သည်နှင့် မော့ကျန်းသုန့်က ကျန်းလန်ကို ကြည့်လိုက်ပြီး မေးခွန်းထုတ်သည်။
"အခြေအနေ ဘယ်လိုလဲ"
ကျန်းလန်က...
"အခုဆိုရင် အောင်မြင်မှုရဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ပိုပြီး ယုံကြည်မှု ရှိလာပြီ"
သူက ရိုးရိုးသားသားပင် ဖြေလိုက်သည်။
သူ အင်မော်တယ်ဖြစ်လာရသည့် အကြောင်းရင်းမှ ဆရာဖြစ်သူကြောင့် ဖြစ်၏။ ဆရာဖြစ်သူပေးအပ်သည့် နှစ်တစ်ထောင်သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားကြောင့်သာ သူ အင်မော်တယ်အဆင့်သို့ အလွယ်တကူ တက်လှမ်းနိုင်ခဲ့ခြင်းပင်။
မော့ကျန်းသုန့်က...
“မင်း တံခါးပိတ်ကျင့်ကြံခြင်း ဆက်လုပ်ဦးမှာလား”
ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း...
"ဟုတ်ကဲ့ ၊ ပြီးတော့ ဒီတစ်ခေါက် တံခါးပိတ်ကျင့်ကြံခြင်းက ထွက်လာရင် ပြင်ပလောကကို သွားချင်ပါတယ်"
ကျန်းလန်၏တောင်းဆိုမှုကို မော့ကျန်းသုန့်က ငြင်းဆိုခြင်း မရှိပေ။
မော့ကျန်းသုန့်က...
"အင်မော်တယ်မဖြစ်ခင် ပြင်ပလောကကို သွားမလို့ မဟုတ်လား ၊ ဘယ်ကိုသွားဖို့ ဆုံးဖြတ်ထားလဲ"
ခရီးထွက်မည့်ကိစ္စကို လွန်ခဲ့သည့်အချိန်များကတည်းက သူ့ကို ပြောပြထားပြီး ဖြစ်သည်။
ကျန်းလန်အတွက် ပြင်ပလောကသို့ ခရီးထွက်သည်က ရှားပါးကိစ္စဖြစ်လေရာ သူ၏စိတ်အားထက်သန်မှုကို ပျက်ပြားစေရန် မသင့်တော်ပေ။
ကျန်းလန်က...
"ကျွန်တော်က ဟိုဟိုဒီဒီ လျှောက်ကြည့်ချင်တာပါ ၊ ဘယ်ကိုသွားရမလဲဆိုတာတော့ မစဉ်းစားရသေးပါဘူး"
သူ တကယ်လည်း မည်သည့်နေရာသွားမည်ကို အစီအစဉ်မဆွဲရသေးပေ။
အဓိကအချက်ကတော့ ခွန်လွန်တောင်မှ ထွက်ခွာပြီး တစ်ယောက်တည်းကျင့်ကြံနိုင်မည့် နေရာတစ်ခု ရှာဖွေရမည် ဖြစ်သည်။
ထိုနေရာတွင် အချိန်အတိုင်းအတာတစ်ခုအထိ နေထိုင်ကျင့်ကြံပြီးနောက် ခွန်လွန်တောင်သို့ ပြန်လာရပေမည်။
သို့ဆိုလျှင် သူ့အတွက် လုံလောက်ပြီ ဖြစ်၏။
***
ဆရာဖြစ်သူက သူ ခရီးထွက်မည့်ကိစ္စကို သဘောတူလိုက်သည်။ ခရီးထွက်မည့်အချိန်ရောက်လျှင် လာရောက်အကြောင်းကြားရန် မှာကြးလိုက်၏။
သို့ဖြစ်ရာ ပြင်ပလောကသို့ ထွက်ခွာရန် စိတ်ပူပန်စရာ မလိုတော့ပေ။
အမှန်တော့ သူက အင်မော်တယ်အဖြစ် အဆင့်တက်ရတော့မည် ဖြစ်ရာ ခွန်လွန်တောင်မှ ထွက်ခွာသွားရန် မသင့်တော်ပေ။
ကံကောင်းသည်မှာ ဆရာဖြစ်သူက သူ့ကို သိပ်ပြီးမေးခွန်းမထုတ်ခြင်းပင် ဖြစ်သည်။
ဆရာဖြစ်သူက ခရီးထွက်ခွင့်ပေးသဖြင့် သူက ထွက်ခွာသည်ဖြစ်လေရာ အခြားသူများအနေဖြင့် ဘာမှပြောသာမည် မဟုတ်ပေ။
သို့သော် သူ ခရီးထွက်သွားကြောင်း သူလျှိုများသိရှိသွားပါက ခွန်လွန်တောင်က သူ့ကို လျှို့ဝှက်တာဝန်တစ်ခုခုများ ပေးအပ်လိုက်သည်လားဟု တွေးကောင်းတွေးတောနိုင်သည်။
သို့ပေသိ မည်သည့်သူလျှိုမှ သူ့ကို စောင့်ကြည့်နေရဲမည် မဟုတ်ပေ။ စောင့်ကြည့်မည်ဆိုဦးတော့ အဘယ့်ကြောင့် သူ ခရီးထွက်သွားသည်ကို အတည်ပြုနိုင်မည် မဟုတ်ပေ။
ယခု ကျန်းလန်သည် အရင်ကနှင့် မတူတော့ပေ။ သူက မရှိမှုအာကာသ ၊ နောက်ဆုံးအဆင့်ရောက်ပြီဖြစ်လေရာ သာမန်လူတစ်ယောက် မဟုတ်တော့ပေ။
သူ ခရီးထွက်သွားခြင်းနှင့် ခရီးမှ ပြန်လာခြင်းကို မည်သူမှ သတိမထားမိအောင် သူက ပြုလုပ်နိုင်စွမ်း ရှိလေသည်။
တွေးရင်း ကျန်းလန် နဝမတောင်ထွတ်မှ ဆင်းလာခဲ့သည်။
နှစ်ပေါင်းများစွာ ကုန်လွန်ခဲ့ပြီ ဖြစ်သည်။
တစ္ဆေတိုင်းပြည် နတ်ဘုရားရာထူးတစ်ခု ရရှိခဲ့သည်မှာလည်း အချိန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ယခု ကျန်းလန်အနေဖြင့် ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် ဖြစ်ပေါ်နေသည့် အပြောင်းအလဲများကို သွားရောက်နားထောင်ရန် အချိန်တန်ပေပြီ။
တာအိုတရားဟောပြောသည့် ရင်ပြင်ဆီသို့ ကျန်းလန် ရောက်ရှိလာသည်။
စင်မြင့်ထက်တွင် အကြီးအကဲတစ်ယောက်က ကျင့်စဉ်တစ်ခုအကြောင်း သင်ပြပေးနေ၏။
"သမာဓိနတ်ဘုရားမီးတောက်ကို ထိပ်ဆုံးအဆင့် ၊ အလယ်ဆင့်နဲ့ အောက်ပိုင်းအဆင့်ဆိုပြီး ခွဲခြားထားတယ် ၊ ထိပ်ဆုံးအဆင့်ကိုတော့ မီးတောက်ဘုရင် ၊အလယ်ဆင့်ကိုတော့ မြင့်မြတ်မီးတောက်နဲ့ အောက်ပိုင်းအဆင့်ကိုတော့ သာမန်မီးတောက်လို့ ခွဲခြားထားတယ်"
"မတူညီတဲ့ချီစွမ်းအား (၃)မျိုးကို သိပ်သည်းပေါင်းစပ်ပြီး လူတစ်ယောက်ရဲ့ အမြုတေနဲ့ တန်ခိုးစွမ်းအားကို ပေါင်းစပ်ပြီး မီးတောက်တစ်ခုလောင်ကျွမ်း ထွက်ပေါ်လာစေတယ်"
"အဲဒီလို ထွက်ပေါ်လာတဲ့မီးတောက်ကို သမာဓိမီးတောက်လို့ ခေါ်သလို သမာဓိနတ်ဘုရားမီးတောက်လို့လည်းခေါ်တယ်"