ပြင်ပလောကသို့
Vol. 28 Ch. 383
အခန်း (၃၈၃) ပြင်ပလောကသို့
သမာဓိနတ်ဘုရားမီးတောက်။
ကျန်းလန် ထိုမီးတောက်ပညာကို ကျင့်ကြံခဲ့သည်မှာ အလွန်ကြာပြီ ဖြစ်သည်။ ထိုပညာကို ကျွမ်းကျင်စေရန် အနည်းငယ်သာ အားထုတ်ခဲ့ရသည်။
ကျင့်ကြံသူတစ်ယောက် ရွှေခန္ဓာကျင့်စဉ် အောင်မြင်သွားပြီဆိုလျှင် သမာဓိမီးတောက်သည် နတ်ဘုရားမီးတောက်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထိုမီးတောက်က တာအိုမှ မွေးဖွားလာခြင်း ဖြစ်သဖြင့် သဘာဝအားဖြင့် အလွန်ထူးခြားသည်။
သမာဓိနတ်ဘုရားမီးတောက်ကို အဆင့် (၃)ဆင့် ခွဲခြားထား၏။
ပထမအဆင့်က လူသားအင်မော်တယ်နှင့်အောက်ပိုင်းအဆင့် ကျင့်ကြံသူများထုတ်လွှတ်သည့် မီးတောက်ဖြစ်သည်။
ဒုတိယအဆင့်က အစစ်အမှန်အင်မော်တယ်၏ အင်မော်တယ်ခန္ဓာမှ ထုတ်လွှတ်သည့် မီးတောက် ဖြစ်သည်။
အမြင့်ဆုံးအဆင့်မှာ မဟာတာအိုအားဖြင့် ရွှေခန္ဓာရရှိထားသူ ထုတ်လွှတ်သည့် မီးတောက် ဖြစ်သည်။
မီးတောက်ထုတ်လွှတ်ခြင်းသည် အချိန်တိုင်း တန်ခိုးစွမ်းအားများ ပြောင်းလဲနေတတ်သည်။
အချိန်အတန်ကြာနားထောင်ပြီးနောက် ဟောပြောမှု ပြီးဆုံးသွား၏။
ကျန်းလန်က သမာဓိနတ်ဘုရားမီးတောက်ပညာကို အတော်လေးကျွမ်းကျင်သည်။
သမာဓိနတ်ဘုရားမီးတောက်၏ တန်ခိုးစွမ်းအားက မဆိုးလှပေ။ သို့သော် နွားရိုင်းကိုးကောင်စွမ်းအားဖြင့် ယှဉ်လျှင်တော့ ရန်သူကို သတ်ဖြတ်ရန် အချိန်ကြာမည် ဖြစ်သည်။ သို့ဖြစ်ရာ မမျှော်မှန်းနိုင်သည့် အပြောင်းအလဲများစွာ ဖြစ်ပေါ်လာနိုင်သည်။
ကျန်းလန်က ရန်သူကို အချိန်များစွာ မပေးနိုင်ပေ။ ထိုအချက်က အန္တရယ်များလွန်းသည်။
ထို့ပြင် သမာဓိနတ်ဘုရားမီးတောက်က ရန်သူကိုသတ်ဖြတ်ရန် လုံလောက်အောင် ပြင်းထန်ခြင်း မရှိပေ။
ခဏအကြာတွင်....
ရင်ပြင်ထက်၌ စကားပြောရန် တပည့်များ စုရုံးလာကြသည်။ ပျက်သုဉ်းတစ်စပြင်လောကကြီးအကြောင်း ဆွေးနွေးကြတော့မည်ဖြစ်၏။
တပည့်တစ်ယောက်က...
"နဂါးမျိုးနွယ်တွေက ထူးဆန်းတယ်ကွ ၊ သူတို့ဘက်က ကျောက်စိမ်းရေကန်နတ်ဘုရားမ လက်ထပ်ပွဲကို အမြန်ဆုံးပြုလုပ်ဖို့ တိုက်တွန်းနေကြတယ်လို့ ကြားတယ်"
နောက်တပည့်တစ်ယောက်က...
"ဟမ်... မင်းလည်း ဒီသတင်းကြားတယ်လား ၊ ကျုပ်လည်း ကြားတယ်ကွ ၊ ကျုပ်က ကျုပ်ကြားတဲ့သတင်း မှားတယ်ထင်နေတာ ၊ နဂါးမျိုးနွယ်တွေ နောက်ဆုံးတစ်ကြိမ် ခွန်လွန်တောင်ကို လာကတည်းက ဒီသတင်းကြားတာ"
"အစကတော့ သူတို့ပဲ မင်္ဂလာကိစ္စကို သဘောမတူသလိုလိုနဲ့ ၊ အခုကျ ရုတ်တရက်ကြီး ဘာလို့လောနေရတာလဲ"
"ဒါတော့ ကျုပ်လည်း ဘယ်သိမလဲ ၊ နှစ်တွေကြာလာတာနဲ့အမျှ အင်အားကြီးအုပ်စုတွေရဲ့ သဘောထားတွေကလည်း ထူးထူးခြားခြား ပြောင်းလဲလာတယ်လို့ ခံစားမိတယ်"
"တစ္ဆေတိုင်းပြည်နဲ့ နတ်မိစ္ဆာတွေလည်း အရင်ကနဲ့ မတူတော့ဘူး ၊ အရင်က တိုက်ခိုက်နေကြပေမယ့် အခုတော့ တစ္ဆေတိုင်းပြည်ဘက်က ဆက်မတိုက်ဘဲ ရပ်လိုက်ပြီတဲ့"
"အမှန်ပဲ ၊ တစ္ဆေတိုင်းပြည်က ထူးထူးခြားခြား နောက်ပြန်ဆုတ်သွားတာ ၊ သူတို့ဘာဖြစ်ချင်တာလဲ ဘယ်သူမှ မသိနိုင်ဘူး"
"နတ်မိစ္ဆာတွေကလည်း ပြောတော့ မိုးလားကဲလားနဲ့ တစ္ဆေတိုင်းပြည်က တကယ်တမ်းဆုတ်သွားတော့ လိုက်ပြီး မတိုက်ခိုက်ကြဘူး"
"ဟုတ်တယ် ၊ အခုဆိုရင် မြောက်ပိုင်းမှာ တိုက်ပွဲတွေ အဆုံးသတ်လုနီးပါး ဖြစ်နေပြီ"
"အလယ်ပိုင်းလွင်ပြင်ဒေသကတော့ နည်းနည်းထူးဆန်းတယ် ၊ နတ်လူသားမျိုးနွယ်တွေနဲ့ ဇာမဏီမျိုးနွယ်တွေက ဆက်ပြီးတိုက်နေသေးတယ်ဆိုပေမယ့် သူတို့ကို ကြည့်ရတာ နားလည်မှုတစ်ခုခု ယူထားကြသလိုပဲ"
"ဟုတ်တယ် ၊ ပြီးတော့ အခုဆိုရင် နတ်လူသားမျိုးနွယ်တွေနဲ့ ဇာမဏီမျိုးနွယ်တွေ အရင်ကလောက် ပြင်းပြင်းထန်ထန် မတိုက်ခိုက်ကြတော့ဘူး ၊ သူတို့ရပ်တည်ချက်တွေ ပြောင်းလဲသွားသလိုပဲ"
"ကျုပ်တော့ သူတို့တွေကို နားမလည်နိုင်ဘူး ၊ မှော်ဝိညာဉ်တောင်က မှော်ဆရာတွေနဲ့ မြေအောက်နတ်ဆိုးတွေလည်း တိုက်ခိုက်နေတုန်းပဲ မဟုတ်လား"
"အရှေ့ဘက်စွန့်ပစ်နယ်မြေကတော့ ဘာသတင်းမှ မကြားဘူးနော် ၊ ချီလင်မျိုးနွယ်တွေလည်း တိုက်ခိုက်နေကြသေးလား မသိဘူး"
"အရင်ကဆိုရင် သူတို့တွေအားလုံးတိုက်ခိုက်ဖို့ အရမ်းကိုတက်ကြွနေကြတာ ၊ အခု တိုက်ပွဲကို ရပ်လိုက်တဲ့သူတွေကို ကြည့်မယ်ဆိုရင် သူတို့က လိုချင်တာရသွားလို့ ဆက်မတိုက်တော့တဲ့ သဘောပဲ ၊ လိုချင်တာမရသေးတဲ့သူတွေက ဆက်တိုက်နေတာပဲ ဖြစ်ရမယ်"
"ဒါဆို သူတို့က ဘာအတွက် တိုက်ခိုက်နေကြတာလဲ"
အားလုံးက ပခုံးတွန့်လိုက်ကြသည်။
ဤသည်က သူတို့ကဲ့သို့သော ကျင့်ကြံသူများ သိရှိနိုင်သည့်အရာ မဟုတ်ပေ။ သူတို့အနေဖြင့် ခန့်မှန်းကြည့်ရန်ပင် မဖြစ်နိုင်ပေ။
"ဒါနဲ့ ကျောက်စိမ်းရေကန်နတ်ဘုရားမက နဝမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုနဲ့ လက်ထပ်တော့မှာလား"
"ကျုပ်ကြားတာတော့ နဝမတောင်ထွတ်က ဂိုဏ်းတူအစ်ကို အင်မော်တယ်ဖြစ်မှ လက်ထပ်မှာတဲ့ ၊ နဝမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုက သာမန်အရည်အချင်းပဲရှိတာဆိုတော့ သူ့အတွက် အင်မော်တယ် ဖြစ်လာဖို့ မလွယ်လောက်ဘူး"
"ဟိုတလောကပဲ ပြောနေကြတာ အဲဒီဂိုဏ်းတူအစ်ကိုက ပါရမီရှင်တွေနဲ့မခြား တော်တယ်ဆို ၊ အင်မော်တယ်ဖြစ်ဖို့ ခက်ခဲမယ်ဆိုတာ ဖြစ်နိုင်ပါ့မလား"
"အေးလေ ၊ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကပါရမီရှင်တွေနဲ့တန်းတူ မြင့်တက်နေတာပဲ မဟုတ်လား ၊ သူက ဆိုးတော့မဆိုးပါဘူး"
"ဒါကတော့ သူက နဝမတောင်ထွတ်က ရင်းမြစ်ပစ္စည်းတွေအားလုံး တစ်ယောက်တည်းအသုံးပြုပြီး ကျင့်ကြံနေတာကိုးကွ ၊ ကျင့်ကြံခြင်းအဆင့်တက်တာ မြန်မှာပေါ့"
"အမယ်... အဲဒီလိုသာဆိုရင် ကျုပ်တောင် မင်းကို ရင်းမြစ်တွေအကုန် ပေးလိုက်ချင်သေးတယ် ၊ အဲဒီဂိုဏ်းတူအစ်ကိုလို အဆင့်တက်မြန်မလား သိချင်လိုက်တာ ၊ အဲဒီဂိုဏ်းတူအစ်ကိုက မင်းထက်တော်တယ်ဆိုတာ ဝန်ခံလိုက်စမ်းပါ"
"ကျုပ်က ပြောပြတာပါ ၊ ဘာပဲဖြစ်ဖြစ် နဝမတောင်ထွတ်မှာ ဂိုဏ်းတူအစ်ကိုတစ်ယောက်ရှိတယ်ဆိုတာတောင် လူအများစုက သိကြတာမဟုတ်ဘူးလေ"
"……"
ကျန်းလန် ဆက်ပြီးနားမထောင်တော့ပေ။
ထိုသူများက သူနှင့် လုန်ယွိ၏ မင်္ဂလာပွဲအကြောင်း ဆက်ပြီးဆွေးနွေးနေကြသည်။
သူတို့ လက်ထပ်မင်္ဂလာပွဲအကြောင်းကို လူအတော်များများက စိတ်ဝင်စားနေကြပြီး သူ့အကြောင်းကိုလည်း လူအများက ပိုမိုသိရှိလာကြသည်။
ထို့ပြင် သူ့အကြောင်း မကောင်းသတင်းများကို ဖယ်ရှားပစ်ရန် ခွန်လွန်တောင်က ကြိုးစားနေဟန် ရှိ၏။
သို့ဖြစ်ရာ ကျန်းလန်ကို အခြားသူများ သေချာပေါက် သတိပြုမိမည်ပဲ ဖြစ်သည်။သို့ရာတွင် ထိုအရာများက သူ့အပေါ် များစွာသက်ရောက်မှုမရှိပေ။
အစီအရင်ပညာဆိုသည်က ပညာရပ်တစ်ခုမျှသာ ဖြစ်သည်။ တန်ခိုးစွမ်းအားမြင့်မားခြင်းကသာ ကျင့်ကြံသူတစ်ယောက်အတွက် အရာအားလုံး ဖြစ်သည်။
ကျန်းလန် အတွေးများကို ရပ်တန့်လိုက်ပြီး ပျက်သုဉ်းတစ်စပြင်လောကြီးအကြောင်း သတင်းများကို ပြန်လည်စဉ်းစားလိုက်သည်။
အဓိကစဉ်းစားမိသည်မှာ နဂါးမျိုးနွယ်များအကြောင်း ဖြစ်၏။
သူတို့ဘက်က လက်ထပ်ပွဲအတွက် တကယ်ပဲ အလျှင်လိုနေသည်လား။ ဤသည်က ပုံမှန်မဟုတ်ပေ။
"ကြည့်ရတာ သူတို့ဘက်က လှုပ်ရှားမှုတစ်ခုခု လုပ်ချင်တာ ဖြစ်ရမယ် ၊ သူတို့က အဋ္ဌမမင်းသားအတွက် တန်ဖိုးတွေအများကြီး မပေးနိုင်တော့ဘူးထင်တယ်"
"ပြီးတော့ ရှောင်ယွိကလည်း အခုဆိုရင် နဂါးမျိုးနွယ်တွေအတွက် ဘာတန်ဖိုးမှ မရှိတော့ဘူး ၊ လက်ထပ်ပြီးတာနဲ့ သူတို့ဘက်က ဘာအကျိုးအမြတ်ရမလဲဆိုတာ ကြည့်ကြတော့မှာပဲ ၊ ကြည့်ရတာ အဋ္ဌမမင်းသားကို ပြန်ခေါ်ဖို့အတွက် ငါတို့ လက်ထပ်ပွဲကို လောနေတာ ဖြစ်ရမယ်"
ကျန်းလန်လည်း အသေးစိတ်ကိုတော့ အတိအကျ မသိရှိပေ။ သို့သော် သူလည်း မင်္ဂလာပွဲအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားရန် လိုအပ်သည်။
ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခုလုံးရှိ အင်အားကြီးအုပ်စုများနှင့် ပတ်သက်၍ကတော့…
လက်ရှိတွင် နတ်ဘုရားရာထူး ရရှိသွားသူများက ပြန်လည်အင်အားပြည့်ဝလာကြသည်။
သူတို့လိုချင်သည့်အရာကို ရရှိပြီးဖြစ်သဖြင့် ဆက်လက်တိုက်ခိုက်ခြင်းလည်း မပြုကြတော့ပေ။
ယခုဆိုလျှင် ဇာမဏီမျိုးနွယ်များနှင့် နတ်လူသားမျိုးနွယ်များသည်လည်း တစ်စုံတစ်ခု ရရှိထားလောက်ပြီ ဖြစ်သည်။
"ဒီနှစ်အနည်းငယ်အတွင်း တိုက်ပွဲတွေ နိဂုံးချုပ်တော့မယ် ထင်တယ်"
ကျန်းလန် တွေးလိုက်သည်။
ထို့နောက် အခြားနေရာများသို့ လှည့်ပတ်သွားလာလိုက်သည်။
တစ်ခါတစ်ရံ သတင်းအချက်အလက်များက မှားယွင်းတတ်သည်ဖြစ်လေရာ သူ ရရှိထားသည့် သတင်းများကို အပြန်ပြန်အလှန်လှန် စစ်ဆေးပြီးမှ ယုံကြည်ရန်လိုအပ်သည်။
ထို့နောက် ကျန်းလန် နဝမတောင်ထွတ်သို့ ပြန်လာခဲ့၏။ တံခါးပိတ်ကျင့်ကြံရဦးမည် မဟုတ်ပါလား။
တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာလျှင် ပြင်ပလောကသို့ ခရီးထွက်ရမည် ဖြစ်သည်။
ထိုအချိန်ရောက်လျှင် မည်သူများ နတ်ဘုရားရာထူး ထပ်မံရရှိဦးမည်လဲဟု သိချင်မိသည်။
နတ်လူသားမျိုးနွယ်များ နတ်ဘုရားရာထူး မရရှိစေရန် သူ မျှော်လင့်မိသည်။ သူတို့လိုချင်သည့်အရာ ရရှိသွားပါက ကျန်းလန်ဘက်သို့ လှည့်လာကြမည် ဖြစ်၏။
ဤနှစ်များတစ်လျှောက် ဧကရာဇ်ရှီးဟယ်ကတော့ အသံမထွက် ငြိမ်သက်လျှက် ရှိသည်။ ဤသည်က သူ့အတွက်တော့ ကောင်းမွန်သည်ပင်။
ညနေပိုင်းတွင်တော့ ကျန်းလန် နဝမတောင်ထွတ်သို့ ပြန်ရောက်လာသည်။
လုပ်စရာရှိသည့်အလုပ်များ ပြုလုပ်ပြီးနောက် သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို မရဏဂူထဲသို့ ယူဆောင်လာခဲ့သည်။
ထိုအရာလေးများအပေါ်သို့ သက်တံတိမ်တိုက်တန်ခိုးစွမ်းအား အသုံးပြုမပေးရသည်မှာ ကြာပြီ ဖြစ်သည်။
ဆရာဖြစ်သူက သူ့အတွက် နှစ်တစ်ထောင်သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားကို အသုံးပြုပေးခဲ့သည်။ သူကလည်း နှစ်ပေါင်း (၁၀၀၀)ကြာလျှင် ဆရာဖြစ်သူကို နှစ်တစ်ထောင်သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအား ပြန်လည်ပေးအပ်မည်ဟု ဆုံးဖြတ်ထားခဲ့၏။
မရဏဂူထဲသို့ ရောက်သည်နှင့် ကျန်းလန် မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်တော့ဘဲ စတင်ကျင့်ကြံလေတော့သည
***
အချိန်ကြာလာသည်နှင့်အမျှ မရဏဂူရှေ့တွင် သစ်ရွက်ကြွေများ များပြားလာသည်။ ရွက်ကြွေများက လေအဝှေ့တွင် လွင့်ပျံလျှက် ရှိသည်။
နွေဦးကို ဖြတ်ကျော်ကာ မိုးရာသီတွင် မိုးများ ရွာသွန်းခဲ့သည်။ မကြာမီ နှင်းများကျဆင်းလာပြီး သစ်ပင်များ ညှိုးလျော်လာပြန်သည်။
ငရဲတံခါးမှ မရဏအငွေ့အသက်များသည်လည်း ပိုမိုထူထပ်လာပြီး နောက်ထပ်ပေါက်ကွဲထွက်မည့်အချိန်ကာလ နီးကပ်လာပြန်လေပြီ။
ဆောင်းရာသီရောက်ပြီဖြစ်သောကြောင့် နှင်းများထူထပ်စွာ ကျဆင်းနေ၏။
သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို ယူဆောင်ပြီး ကျန်းလန် မရဏဂူထဲမှ ထွက်လာခဲ့သည်။
ထို့နောက် ကောင်းကင်ထက်မှ တိမ်ဖြူများကို တစ်ချက်မော့ကြည့်လိုက်ပြီး ခြံဝင်းဆီသို့ လမ်းလျှောက်လာခဲ့သည်။
ယခုဆိုလျှင် သူ ဂိုဏ်းထဲရောက်သည်မှာ နှစ်ပေါင်း (၅၇၀) ပြည့်ပြီ ဖြစ်သည်။
သူက အနှစ် (၃၀) လုံးလုံး ကျင့်ကြံခြင်း ၊ စာအုပ်ဖတ်ခြင်းများဖြင့် အချိန်ကုန်ဆုံးနေခဲ့သည်။ ရှေ့လျှောက် တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက် ဖြစ်ချင်မိသည်။
သူ့အနေဖြင့် မိုးကောင်းကင်အင်မော်တယ် ၊ အောင်မြင်သည့်အဆင့်ရောက်ရှိရန် နှစ်အနည်းငယ် လိုဦးမည် ဖြစ်သည်။
ပြင်ပလောကသို့ ထွက်ခွာသည့်အချိန်တွင်မဟာတာအိုကို ပြီးပြည့်စုံအောင် ကျင့်ကြံရန် လိုအပ်သည်။ သို့ဆိုလျှင် ကျင့်ကြံခြင်းအဆင့်တက်ရန် အထောက်အကူပြုနိုင်ပေမည်။
ပြင်ပလောကသို့ ထွက်ခွာရန်က နှောင့်နှေးနေ၍ မဖြစ်ပေ။ အချိန်ဆွဲနေပါက ကြီးမားသည့် ပြဿနာ ဖြစ်လာနိုင်သည်။
ထို့ပြင် မဟာတာအို နောက်ဆုံးအဆင့် ပြီးပြည့်စုံသည်အထိ နားလည်သွားလျှင် ကျန်းလန်၏ ကိုယ်ပိုင်တာအိုလမ်းစဉ်ကို မိုးနဲ့မြေက အသိအမှန်ပြုမည်ဖြစ်သည်။ ထိုအချိန် ခွန်လွန်တောင်တွင်ရှီနေပါက အလုပ်ဖြစ်မည် မဟုတ်ပေ။
ထိုအဆင့်ကို ကျော်ဖြတ်ပြီးလျှင် သူ့အနေဖြင့် တာ့လော်အင်မော်တယ် ဖြစ်လာရန် အလှမ်းမဝေးတော့ပေ။
နဝမတောင်ထွတ်အစွန်း။
"မင်း ပြင်ပလောကို ခရီးထွက်တော့မလား"
ကျန်းလန် ရောက်လာသည်ကို တွေ့သည်နှင့် မော့ကျန်းသုန့်က မေးလိုက်ခြင်း ဖြစ်၏။
ကျန်းလန်က ဆရာဖြစ်သူကို ဦးညွှတ်လိုက်ရင်း...
"ဟုတ်ကဲ့ ဆရာ ၊ နောက် (၂)ရက်လောက်နေရင် ကျွန်တော် ခရီးထွက်တော့မယ်"