ဂိုဏ်းတူအစ်မကိုအကြင်နာပေးခြင်း
Vol. 28 Ch. 384
အခန်း (၃၈၄) ဂိုဏ်းတူအစ်မကိုအကြင်နာပေးခြင်း
"မင်းကိုကြည့်ရတာ အဆင်သင့်ဖြစ်နေပုံပဲ"
မော့ကျန်းသုန့်က ကျန်းလန်ကိုလှမ်းကြည့်ရင်း ဆိုသည်။
ရက်အနည်းငယ်အတွင်း ကျန်းလန်က ခရီးထွက်တော့မည် ဖြစ်လေရာ သူက မေးခွန်းအနည်းငယ်တော့ မေးမြန်းသင့်သည် မဟုတ်လား။
အင်မော်တယ်မဖြစ်ခင် ပြင်ပလောကသို့ ထွက်ခွာခြင်းက အရေးကြီးသလို အန္တရယ်လည်းများသည်။
ကျန်းလန်က ခေါင်းညိတ်ရင်း...
"ဟုတ်... အားလုံး ပြင်ဆင်ပြီးပါပြီ ဆရာ"
ကျန်းလန် အမှန်ပင် အရာများစွာကို ပြင်ဆင်ခဲ့ပြီး ဖြစ်သည်။ သူက မန္တန်ပညာကို သိသိသာသာတိုးတက်လာအောင် ကျင့်ကြံထားသည်။
ပြီးတော့ ဆေးလုံးအမျိုးမျိုး ၊ မှော်ဝင်ပစ္စည်းအမျိုးမျိုးနှင့် အင်းသင်္ကေတအမျိုးမျိုးတို့ကိုလည်း ပြင်ဆင်ထား၏။
အသက်အန္တရယ်ကျရောက်ခဲ့လျှင် ရှင်သန်နိုင်ရန် အရာအားလုံးကို ပြင်ဆင်ထားခဲ့သည်။
သူ့ကို အခြားသူများ ခိုးကြောင်ခိုးဝှက် စုံစမ်းကြည့်ရှုခြင်းမှ ကာကွယ်ရန် အစီအရင်များကိုလည်း ပြုလုပ်ထားသည်။ ဤနည်းအားဖြင့် သူ ခွန်လွန်တောင်မှ စိတ်အေးချမ်းသာစွာ ထွက်ခွာနိုင်မည် ဖြစ်သည်။
သူ ခွန်လွန်တောင်မှ ထွက်ခွာသွားသည်နှင့် အခြားသူများ သူ၏ လျှို့ဝှက်ချက်ကို မသိစေရန် သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို ထုတ်ဖော်အသုံးပြုရမည် ဖြစ်သည်။
ထို့နောက် လူသူကင်းမဲ့သည့် နေရာတစ်ခုသို့ သွားရောက်ရမည်။
နတ်လူသားမျိုးနွယ်များ၏ ပိုင်နက်ဖြစ်သော အလယ်ပိုင်းလွယ်ပြင်ဒေသကိုတော့ ဝေးဝေးရှောင်ရန် စီစဉ်ထား၏။
နတ်မိစ္ဆာများကျက်စားရာ မြောက်ပိုင်းသို့လည်း သွားရောက်မည် မဟုတ်ပေ။
သူသွားမည်ဆိုလျှင် တောင်ပိုင်းစွန့်ပစ်နယ်မြေသို့သွားရောက်နိုင်သည်။
သို့ရာတွင် အနောက်ဘက်စွန့်ပစ်နယ်မြေမှ မထွက်ခွာသရွေ့ ဘယ်နေရာသွားသွား သူ့အတွက် ပြဿနာမရှိပေ။
အနောက်ဘက်စွန့်ပစ်နယ်မြေဧရိယာအတွင်းဆိုလျှင် တောင်ဘက်သွားသွား ၊ မြောက်ဘက်သွားသွား အဆင်ပြေလေသည်။
မော့ကျန်းသုန့်က သတ္တုရောင်တောက်ပနေသည့် ပုလဲလုံးအရွယ်ခန့်ရှိသော ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။
"ဒါကို မင်းနဲ့အတူ ယူသွားပါ..."
ကျန်းလန်က သတ္တုပုလဲကိုကြည့်ရင်း အနည်းငယ်ထူးဆန်းသလို ခံစားရသည်။ သတ္တုပုလဲထက်တွင် အက်ကွဲကြောင်းအချို့ရှီနေ၏။
သူကြည့်နေစဉ်မှာပင် သတ္တုပုလဲမှ အလင်းတန်းများ လင်းလက်လာသည်။ ထို့နောက် အက်ကွဲကြောင်းများက ကြာပန်းတစ်ပွင့်၏ ပွင့်ဖတ်များပမာ ပွင့်အာလာသည်။
မော့ကျန်းသုန့်က...
"ဒါက မိုးကောင်းကင်စမ်းသပ်ခံရခြင်း ရွှေရောင်ကြာပန်းပဲ"
ထို့နောက် မော့ကျန်းသုန့်က လက်ကိုအသာဝှေ့ယမ်းလိုက်ရာ ရွှေရာင်ကြာပန်း၏ ပွင့်ဖတ်လွှာများ ပြန်လည်စုစည်းသွားပြီး ပုံမှန်အတိုင်း သတ္တုပုလဲအသွင် ဖြစ်သွားသည်။
"ဒီ ရွေရောင်ကြာပန်းက ခွန်လွန်ဘိုးဘေး ချန်ထားခဲ့တဲ့ပစ္စည်းပဲ ၊ တောင်ထွတ် (၉)ခုမှာ တစ်ခုစီ ရှိကြတယ် ၊ ကျုပ်ပိုင်ဆိုင်တဲ့ သတ္တုပုလဲကိုတော့ တစ်ကြိမ်အသုံးပြုခွင့်ရှိတယ်"
မော့ကျန်းသုန့်က ဆက်ပြောသည်။
"တကယ်လို့ မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို အချိန်စောရင်ဆိုင်ရပြီး ကျော်လွှားနိုင်စွမ်းလည်း မရှိတော့ဘူးဆိုရင် ဒီ ရွှေရောင်ကြာပန်းကို အသုံးပြုပါ ၊ အဲဒါက မိုးကောင်းကင်စမ်းသပ်ခံရတဲ့အချိန်မှာ မင်းကို အသက်ရှင်သန်စေပါလိမ့်မယ်"
မော့ကျန်းသုန့်က ရွှေရာင်ကြာပန်းကို ကျန်းလန်ထံံကမ်းပေးလိုက်၏။
"ကျေးဇူးအများကြီးတင်ပါတယ် ဆရာ"
ကျန်းလန်က သတ္တုပုလဲကို လက်ခံယူလိုက်သည်။ အချိန်တန်လျှင်တော့ ဆရာဖြစ်သူကို ပြန်ပေးရမည်ပင်။
ထိုအရာက တောင်သခင်များတွင်သာ ရှိသင့်သည့်ပစ္စည်းတစ်ခုဟု သူ ခံစားရသည်။
သူက တောင်သခင်နေရာကို ရရှိမည့် ဆက်ခံသူတပည့်တစ်ယောက် ဖြစ်သော်လည်း ယခုတစ်ကြိမ်တွင် ထိုရွှေရောင်ကြာပန်းကို ရယူထားရန် အချိန်မတန်သေးပေ။
တောင်သခင်များတွင်သာ ရှိသင့်သည့်ပစ္စည်းကို သူက အလျင်စလို ရယူမည် မဟုတ်ပေ။
အချိန်တန်၍ ဆရာဖြစ်သူအနားယူသည့်အခါ အရာအားလုံးကို သူ့ကို လွှဲအပ်မည်ပဲ ဖြစ်သည်။
မော့ကျန်းသုန့်က...
"ဒါဖြင့် သွားတော့ ၊ ကျောက်စိမ်းရေကန် နတ်ဘုရားမကိုလည်း နှုတ်ဆက်သွားဖို့ မမေ့နဲ့ဦးနော်"
ကျန်းလန်က ခေါင်းညိတ်သဘောတူလိုက်သည်။
သူ ပြန်ခါနီးတွင် ဆရာဖြစ်သူက တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် တားဆီးလိုက်ရင်း...
"မင်း ခရီးထွက်မယ့်အကြောင်း တခြားသူတွေကို လျှောက်မပြောဖို့ ကျောက်စိမ်းရေကန်နတ်ဘုရားမကို သတိပေးလိုက်ဦး"
မော့ကျန်းသုန့်က ဆိုသည်။
အဘယ့်ကြောင့် ဆရာဖြစ်သူ ထိုသို့မှာကြားရပါသနည်း။ ကျန်းလန် နားမလည်သော်လည်း ခေါင်းညိတ်သဘောတူလိုက်၏။
နဝမတောင်ထွတ်အစွန်းမှ ဆင်းလာပြီးနောက် ကျန်းလန် ဖြစ်နိုင်ခြေတစ်ခုကို စဉ်းစားမိသည်။
ဆရာဖြစ်သူက သူ့ကို ခရီးထွက်ခွင့်ပြုသည့်တိုင် အခြားသောတောင်သခင်များက သူ့ကို ခွင့်ပြုချင်မှ ပြုပေလိမ့်မည်။
သူက မိုးကောင်းကင်စမ်းသပ်ခံရခြင်း ရင်ဆိုင်ရန် နီးကပ်နေပြီဖြစ်သလို ကျာက်စိမ်းရေကန်နတ်ဘုရားမနှင့် လက်ထပ်ရမည့်သတို့သားလောင်းလည်း ဖြစ်သည်။
ယခုလိုအချိန်မျိုးတွင် ပြင်ပလောကသို့ ခရီးထွက်ခြင်းက ဉာဏ်ရှိသည့် ရွေးချယ်မှု မဟုတ်ပေ။
သူ့ကို ခရီးထွက်ခွင့်ပြုသည့် ဆရာဖြစ်သူသည်ပင် ဖိအားများစွာ ရင်ဆိုင်ရမည် ဖြစ်သည်။
"တခြားတောင်သခင်တွေသိသွားရင် ငါ သေချာပေါက် ခရီးထွက်ဖို့ ခက်ခဲသွားမယ်ထင်တယ်"
ကျန်းလန် အဖြေတစ်ခု ရလိုက်သည်။
ထို့နောက် သူ ခြံဝင်းဆီသို့ပြန်ကာ သန့်ရှင်းရေးလုပ်လိုက်ပြီး ရင်ပြင်ထက်မှ သစ်ရွက်များကိုလည်း လှည်းကျင်းလိုက်သည်။
မတော်တဆမှုများကို ကာကွယ်ရန် ရင်ပြင်ထက်မှ အစီအရင်များကို အသက်သွင်းလိုက်သည်။
ဆရာဖြစ်သူ တောင်ပေါ်တွင် ရှိနေသော်လည်း အသေးအဖွဲကိစ္စလေးများအတွက် အလုပ်မရှုတ်စေလိုပေ။
ငရဲတံခါးသည်လည်း မရဏအငွေ့အသက်များ ထပ်မံပေါက်ကွဲထွက်တော့မည် ဖြစ်လေရာ မရဏဂူအပြင်ဘက်ရှိ အစီအရင်များအားလုံးကိုလည်း အသက်သွင်းလိုက်သည်။
ဆရာဖြစ်သူနှင့် ရှောင်ယွိမှလွဲပြီး အခြားသူများ ဝင်ရောက်ရန် လွယ်ကူမည် မဟုတ်ပေ။
တစ်နေ့တာကုန်ဆုံးပြီးနောက် ကျန်းလန်နဝမတောင်ထွတ်တစ်ခုလုံးကို သန့်ရှင်းရေး ပြုလုပ်ပြီးစီးသွားသည်။
သို့မှသာ သူ ငြိမ်းချမ်းစွာ ခရီးထွက်နိုင်မည် ဖြစ်၏။
ထို့နောက် တစ်ညလုံး နဂါးသုတ်သင်ဓားဝိညာဉ်ကို ရှောင်ယွိအတွက် စုစည်းနေခဲ့သည်။
***
နောက်တစ်နေ့နံနက်။
သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို ဝိညာဉ်ဆေးရည်များလောင်းပေးပြီးနောက် ကျန်းလန် ဓားကိုစီးနှင်ကာ ကျောက်စိမ်းရေကန်သို့ ထွက်လာခဲ့သည်။
နှင်းများက ကျဆင်းနေဆဲဖြစ်လေရာ နေရာတိုင်းတွင် နှင်းဖြူများ ဖုံးလွှမ်းလျှက် ရှိ၏။
မကြာမီ ကျောက်စိမ်းရေကန် တည်ရှိရာ တောင်ထွတ်ဆီသို့ ကျန်းလန်ရောက်လာ၏။ သူက ရှောင်ယွိထွက်လာမည်ကို စောင့်နေခဲ့သည်။
ခဏအကြာတွင်...
အပြေးအလွှားထွက်လာသည့် ရှောင်ယွိကိုတွေ့လိုက်ရသည်။
"ဂိုဏ်းတူမောင်လေး ၊ နှင်းတွေကြည့်ဖို့ လာခေါ်တာလား"
ရှောင်ယွိက ချင်းချင်းပင် ကျန်းလန်၏ဓားပေါ်သို့ တက်ရပ်လိုက်၏။ သူမကို ကြည့်ရသည်မှာ ပျော်ရွှင်နေဟန်ပင်။
ပျော်ရွှင်ရသည့် အကြောင်းရင်းက တခြားမဟုတ်ပေ။ ကျန်းလန်ကို တွေ့ရသောကြောင့် ဖြစ်သည်။
"ဘာလဲ ၊ ဂိုဏ်းတူအစ်မက နှင်းရုပ်တွေ လုပ်ချင်လို့လား"
ကျန်းလန်က မေးသည်။
ထို့နောက် ဓားပျံကို အောက်သို့ အသာနှိမ့်ဆင်းလိုက်သည်။
အောက်ဖက်တွင် မြစ်ငယ်တစ်စင်းနှင့် တောအုပ်လေးတစ်အုပ် ရှိလေသည်။ ကျောက်စိမ်းရေကန်နှင့် နီးသည့်အတွက် ဤနေရာသို့ မည်သူမှ မလာရဲကြပေ။
မြေပြင်ထက်ဆင်းသက်ပြီးသည်နှင့် ကျန်းလန်က ရှောင်ယွိထံမှ သစ်သားဓားလေးကို တောင်းယူလိုက်သည်။
ရှောင်ယွိက သစ်သားဓားလေးကို လှမ်းပေးလိုက်ရင်း...
"ဂိုဏ်းတူမောင်လေး ခရီးထွက်တော့မလို့လား"
ကျန်းလန် ပြင်ပလောကသို့ ထွက်ခွာမည်ကို သူမ သိရှိထားသည်။
ထို့ပြင် ခရီးထွက်မည်ဖြစ်သောကြောင့် သူမ၏သစ်သားဓားလေးကို ဓားဝိညာဉ် ထည့်သွင်းပေးရန် တောင်းယူခြင်း မဟုတ်ပါလား။
ကျန်းလန်က သစ်သားဓားလေးကို ယူလိုက်ရင်း...
"အင်း... ဒီနေ့ခရီးထွက်တော့မှာ"
"ဒါဆို ကျွန်မရဲ့ဓားကို ဂိုဏ်းတူမောင်လေးအတွက် ပေးလိုက်မယ်"
ရှောင်ယွိက ဓားတစ်လက် ထုတ်ယူလိုက်သည်။ သူမ၏ ဆောင်းဝိညာဉ်ဓားပင် ဖြစ်၏။
ယခင်တစ်ခေါက် ကျန်းလန် ခရီးရှည်ထွက်စဉ်ကလည်း ထိုဓားကို သူမ ငှားယမ်းခဲ့သည်ပင်။ ထုံးစံအတိုင်း ယခုလည်း ကျန်းလန်ကို ပေးလိုက်ဦးမည် ဖြစ်သည်။
ကျန်းလန်က ကြည်ပြာရောင်တောက်ပပြီး အေးစက်နေသည့် ဆောင်းဝိညာဉ်ဓားကိုယူကာ သိမ်းဆည်းလိုက်သည်။
ထို့နောက် နဂါးသုတ်သင်ဓားဝိညာဉ်ကို သစ်သားဓားလေးအတွင်းသို့ ထည့်သွင်းရန် ဟန်ပြင်လိုက်သည်။
ညကတည်းက ဓားဝိညာဉ်စုစည်းထားလေရာ လုပ်ငန်းစဉ်က အလွန်လျှင်မြန်သည်။ ထို့ပြင် ယခုတစ်ကြိမ်ဓားဝိညာဉ်က ပို၍လည်းတာရှည်ခံမည် ဖြစ်သည်။
ရှောင်ယွိက...
"ဂိုဏ်းတူမောင်လေး ၊ ဘယ်တော့ပြန်လာမှာလဲ"
ကျန်းလန်က...
"ဒီတစ်ခေါက် နှစ်နည်းနည်းလောက်တော့ ကြာလိမ့်မယ်"
စကားပြောရင်း သူတို့ (၂)ယောက် ကြီးမားသည့် သစ်ပင်ကြီးတစ်ပင်အောက်သို့ လမ်းလျှောက်လာခဲ့ကြသည်။ ထိုနေရာတွင် ဆီးနှင်းများ ဖုံးလွှမ်းနေခြင်းမရှိဘဲ မြက်ပင်လေးများက မြက်ခင်းသဖွယ်ပေါက်ရောက်လျှက် ရှိ၏။
ကျန်းလန်နှင့် ရှောင်ယွိ မြက်ခင်းပြင်ထက်ထိုင်ရင်း စကားစမြည်ပြောဆိုကြသည်။
“ဂိုဏ်းတူမောင်လေး ၊ ကျွန်မနဲ့ စကားပြောနေရင်း တခြားနေရာကြည့်နေတာ မယဉ်ကျေးဘူးနော်“
ရှောင်ယွိက ကျန်းလန်ကို လက်ညှိုးထိုးရင် အပြစ်တင်လိုက်သည်။
ထိုအချိန် ကျန်းလန်သည်လည်း သစ်သားဓားလေးအတွင်းသို့ နဂါးသုတ်သင်ဓားဝိညာဉ်ကို ထည့်သွင်းပြီးစီးသွားပြီ ဖြစ်၏။
ကျန်းလန်က ဓားလေးကို ရှောင်ယွိထံကမ်းပေးလိုက်ပြီး မတ်တတ်ထရပ်လိုက်သည်။
ရှောင်ယွိက...
"အခု သွားတော့မလို့လား"
ကျန်းလန်က ခေါင်းညိတ်အဖြေပေးလိုက်သည်။
"အပြန်ကျရင် တုတ်ထိုးသကြားလုံးဝယ်လာဖို့ မမေ့နဲ့နော်"
ရှောင်ယွိက သစ်သားဓားကို သိမ်းဆည်းလိုက်ပြီး သူမ၏အပေးအယူအတိုင်း ကျန်းလန်ကို ပွေ့ဖက်ရန်ဟန်ပြင်လိုက်သည်။
သို့သော် ကျန်းလန်က စကားဖြတ်ပြောလိုက်၏။
"ဂိုဏ်းတူအစ်မ ၊ ကိုယ့်ဖိနပ်ကိုယူသွားတာ မှတ်မိသေးတယ်မလား ၊ အဲဒီအတွက် ဘာမှ ပြန်မပေးရသေးဘူးနော်"
ရှောင်ယွိက သူမ ခြေထာက်တွင် စီးထားသည့် ဖိနပ်ကို ငုံ့ကြည့်လိုက်သည်။ ထိုဖိနပ်က သူမ သဘောအကျဆုံးဖိနပ်ဖြစ်၏။
"အင်း... မှတ်မိပါတယ် ၊ ဂိုဏ်းတူမေင်လေး ဘာပြန်လိုချင်လဲ စဉ်းစားပြီးပြီလား"
ကျန်းလန်က ခေါင်းညိတ်ရင်း...
"အင်း... စဉ်းစားပြီးပြီ"
သူက ဆက်ပြောသည်။
"ဂိုဏ်းတူအစ်မ မျက်လုံးမှိတ်ထားနော်"
"အာ... မျက်လုံးမှိတ်ရပြန်ပြီလား"
ရှောင်ယွိက နှုတ်ခမ်းစူလိုက်ရင်း သူမနဖူးကို လက်ဖြင့်အုပ်ထားလိုက်သည်။
အရင်တစ်ခေါက်ကလို ကျန်းလန် သူမနဖူးအားလက်ဖြင့်တောက်မည်ကို စိုးရိမ်သောကြောင့်ပင်။
သို့သော် မျက်လုံးမှိတ်ထားသည့်ရှောင်ယွိသည် ကျန်းလန် သူမရှေ့သို့ ခန္ဓာကိုယ်အနည်းငယ် ကိုင်းလိုက်သည်ကို သတိပြုလိုက်မိ၏။
ထို့နောက် နူးညံ့သည့်အထိအတွေ့တစ်ခုက သူမနှုတ်ခမ်းများကို လာရောက်ထိကပ်သည်ကို ခံစားလိုက်ရသည်။
ရုတ်တရက် ရှောင်ယွိ ထိတ်လန့်သွားပြီးမျက်လုံးများကို ချက်ချင်းဖွင့်ကြည့်လိုက်သည်။
သူမ တွေ့မြင်လိုက်ရသည်က ကျန်းလန်၏ နှုတ်ခမ်းများက သူမ၏နှုတ်ခမ်းများဖြင့် ထိကပ်နေခြင်းပင်။
ချက်ချင်းပင် ရှောင်ယွိ၏မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။
ထို့နောက် သူမမျက်နှာထက်တွင် နဂါးအကြေးခွံများထွက်ပေါ်လာပြီး ဦးခေါင်းထက်တွင်လည်း နဂါးဦးချိုများ ပေါ်လာသည်။
သူမ၏လက်များသည်လည်း နဂါးတစ်ဝက်အသွင်သို့ ကူးပြောင်းသွား၏။
နဂါးအသွင် လုံးလုံးကူးပြောင်းမသွားခင် သူမ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။
ပြီးနောက် နဂါးတစ်ဝက်အသွင် ကူးပြေင်းသွားသည်ကို မည်သို့မှ မတတ်နိုင်စွာ တစ်ချက်ကြည့်လိုက်ပြီး ဓားကိုစီးနှင်ကာ ကျောက်စိမ်းရေကန်ရှိရာသို့ ချက်ချင်းထွက်ခွာသွားလေတော့သည်။
"ကျွန်မပြန်တော့မယ် ၊ ရှင် ခရီးကပြန်လာရင် ကျွန်မကို အကြောင်းကြားဖို့ မမေ့နဲ့နော်"
ရှေင်ယွိ၏စကားသံထွက်ပေါ်လာသည်။ သူမအသံများက တုန်ယင်လို့နေသည်။
မကြာမီ ကျောက်စိမ်းရေကန်တည်ရှိရာအရပ်သို့ ဦးတည်ကာ သူမ ပျောက်ကွယ်သွားတော့သည်။
ကျန်းလန်ကတော့ ရှောင်ယွိပျောက်ကွယ်သွားသည်အထိ ငေးကြည့်ကျန်ရစ်ခဲ့သည်။
သူက အကြင်နာအနမ်းခြွေလိုက်ရုံမျှဖြင့် အဘယ့်ကြောင့် သူမက နဂါးတစ်ဝက်အသွင် ပြောင်းလဲသွားရပါသနည်း။
လက်ထပ်ပြီးလျှင် မည်သို့ရှိပါမည်နည်း။ အလွန်တရာ အန္တရယ် ရှိမည့်ပုံစံပင်။
ဒီပုံစံဖြင့်ဆိုလျှင် လက်ထပ်ပြီးလျှင်နေထိုင်ရန် အိမ်ကို ခိုင်ခန့်အောင် ပြန်လည်ပြုပြင်မှဖြစ်မည်ဟု ဆုံးဖြတ်လိုက်သည်။
"သြော်... ဆရာမှာတဲ့စကားကိုတောင် ပြောဖို့မေ့သွားတယ်"
ဆရာဖြစ်သူက သူ ခရီးထွက်မည့်ကိစ္စ အခြားသူများကို မပြောရန် ရှောင်ယွိကို မှာကြးခိုင်းသည်ကို ကျန်းလန် မေ့လျော့သွားခဲ့သည်။
နောက်ဆုံးတော့ ကျန်းလန် ခေါင်းတစ်ချက်ခါယမ်းရင်း ထွက်ခွာလာခဲ့သည်။
လမ်းတွင် ကျန်းလန်က သူ့မျက်နှာကို လက်ဖြင့်အသာပွတ်လိုက်ရင်း...
"မျက်နှာတောင်ပူသွားတယ်"
ရှောင်ယွိက နဂါးတစ်ဝက်အသွင်ပြောင်းလဲသွားသည့်တိုင် ချောမောလှပနေဆဲ ဖြစ်သည်။
သူမ၏ ပါးပြင်နှင့်လည်ပင်းထက်ရှိ အနီရောင် အမာရွတ်ထွက်ပေါ်လာသည်ကိုလည်း ကျန်းလန် တွေ့မြင်ခဲ့ရသည်။
ထို့နောက် ကျန်းလန် အတွေးများကို ရပ်တန့်လိုက်ပြီး ခွန်လွန်တောင်မှ ထွက်ခွာလာခဲ့လေတာ့၏။