← Chapters

လက်မထပ်ချင်လို့ထွက်ပြေးသူ

Vol. 28 Ch. 385

လက်မထပ်ချင်လို့ထွက်ပြေးသူ

Vol. 28 Ch. 385

အခန်း (၃၈၅) လက်မထပ်ချင်လို့ထွက်ပြေးသူ

ရှောင်ယွိ ကျောက်စိမ်းရေကန်သို့ ပြန်ရောက်လာသည်။

ပြန်ရောက်သည်နှင့် သူမပုံစံက လုန်ယွိအသွင်ပြောင်းလဲသွားပြီး ရေကန်အနက်ရှိုင်းဆုံးနေရာတွင် ပုန်းအောင်းနေတော့သည်။

အတန်ကြာမှ သူမ၏စိတ်များ တည်ငြိမ်သွားပြီး တဖြည်းဖြည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

သူမမျက်ဝန်းများထဲတွင်တော့ ဖုံးကွယ်မရသည့် ရှက်ရွံံ့မှုလေးထင်ဟပ်လို့နေသည်။

"ဂိုဏ်းတူမောင်လေးက အရမ်းဆိုးတာပဲ"

ရေရွတ်ရင်း လုန်ယွိ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။

ထိုအခါ ရေကန်ထဲတွင် ပူစီဖောင်းများ ပလုံစီထလာလေသည်။

သူမ နှုတ်ခမ်းများကို အသာထိကိုင်ကြည့်ရင်း ကျန်းလန် အနမ်းပေးသည့်အကြောင်း စဉ်းစားမိသည့်အခါ တုန်လှုပ်ခြောက်ခြားသွားရပြန်သည်။

သို့ပေသိ…

ကျန်းလန် အကြင်နာပေးခြင်းကို သူမ သဘောမကျ မဖြစ်မိပေ။

သူမက အနမ်းကိုခံယူရန် ပြင်ဆင်မှုများပြုလုပ်မထားသည့်အတွက်ရုတ်တရက်ရင်ဆိုင်လိုက်ရသည့်အခါသူမ နှလုံးသားတစ်ခုလုံး တင်းကျပ်သွားရခြင်းပင်။

ခုတော့…

ဘယ်လောက်ရှက်စရာကောင်းလိုက်သလဲ။

ပုံမှန်အတိုင်း တည်ငြိမ်သွားတော့မှ လုန်ယွိ ကျောက်စိမ်းရေကန်ထဲမှ ထွက်လာခဲ့သည်။

သူမမျက်နှာ နီမြန်းနေခြင်းမရှိသည်မှာ သေချာစေရန် လက်ဖြင့်အသာ ထိကိုင်ကြည့်လိုက်သည်။

ထို့နောက် ခွန်လွန်တောင်တံခါးရှိရာအရပ်သို့ လှမ်းမျှော်ကြည့်လိုက်၏။

ယခုဆိုလျှင် ကျန်းလန် တောင်ပေါ်မှ ထွက်သွားလောက်ပေပြီ။ သူ ပြန်လာရန် နှစ်အနည်းငယ် ကြာဦးမည်ပင်။

ထိုအချိန်...

"ဂိုဏ်းတူအစ်မ"

လင်စီးယာ၏အသံ ဖြစ်၏။

လုန်ယွိက ချက်ချင်းပင် လမ်းဖွင့်ပေးလိုက်ပြီး သူမကို တောင်ထွတ်ဆီသို့ ဝင်ခွင့်ပြုလိုက်သည်။

ခဏအကြာတွင်...

ကျာက်စိမ်းရေကန်တည်ရှိရာ တောင်ထွတ်ဆီသို့ လင်စီးယာ ဓားကိုစီးနှင် ရောက်ရှိလာသည်။

လုန်ယွိကို တွေ့သည်နှင့် လင်စီးယာက စိတ်ရှုတ်ထွေးသွားဟန်ဖြင့်...

"ဂိုဏ်းတူအစ်မ ၊ အဆင်ပြေရဲ့လား"

သူမက လုန်ယွိကို အကဲခတ်ရင်း ဆက်ပြောသည်။

"ဂိုဏ်းတူအစ်မကိုကြည့်ရတာ တစ်ခုခု မှားနေသလို ခံစားရတယ်"

လုန်ယွိက ခေါင်းခါယမ်းရင်း...

"ဘာမှ မဖြစ်ပါဘူး"

လင်စီးယာက...

"ဒါနဲ့ စကားမစပ် ၊ ဂိုဏ်းတူအစ်မက ဂိုဏ်းတူမောင်လေးကို ပွေ့ဖက်ထားရင် သူက ဘာမှမတုံ့ပြန်ဘူးဆိုရင် တစ်ခုခု အလုပ်ဖြစ်တာမျိုး လုပ်လို့ရမယ်ထင်တယ်"

သူမ နောက်တစ်ခု သိရှိလာပြန်ပြီထင်သည်။

လုန်ယွိက...

"ငါ ဘာလုပ်ရမလဲ"

သူမက ချစ်သူသမီးရည်စားများကြးမှ ဆက်ဆံရေးကို အနည်းငယ်သာ သိရှိသည်။ သိရှိသမျှမှာလည်း လင်စီးယာ သင်ပေးထားသည်များ ဖြစ်၏။

ထိုအရာများက တစ်ခါတစ်ရံအလုပ်ဖြစ်သည်။

သူမ ကျန်းလန်ကို ပွေ့ဖက်လိုက်တိုင်း ကျန်းလန်က ရယ်မောခြင်းမရှိသည့်တိုင် ပျော်ရွှင်နေသည်ကို သူမ ခံစားမိသည်။

လင်စီးယာက စိတ်အားထက်သန်စွာဖြင့်...

"ဒီနေ့ လမ်းမှာမြင်ကွင်းတစ်ခု တွေ့ခဲ့ရတယ် သိလား ၊ အဲဒါ ဂိုဏ်းတူအစ်မနဲ့ သင့်တော်မယ့် ပညာတစ်ခု ရလာတယ်"

လင်စီးယာက အင်မော်တယ်အဖြစ်အဆင့်တက်ရန် အလွန်နီးစပ်နေပြီ ဖြစ်သည်။ နောက်ထပ်နှစ်အနည်းငယ်ဆိုလျှင် သူမ အင်မော်တယ် ဖြစ်လာပေတော့မည်။

လုန်ယွိက စိတ်ဝင်တစားဖြင့်...

"ဘာများလဲ..."

လင်စီးယာ၏မျက်နှာအမူအရာကိုတွေ့သည်နှင့် သူမ မြင်တွေ့ခဲ့သည့်အရာမှာ ပုံမှန်မဟုတ်ကြောင်း လုန်ယွိ ခန့်မှန်းမိသည်။

လင်စီးယာက...

"ဒီလိုလေ... ကျွန်မ ဒီနေ့အပြင်သွားတော့ ဂိုဏ်းတူမောင်လေးတစ်ယောက်နဲ့ ဂိုဏ်းတူညီမလေးတစ်ယောက် စုံတွဲကိုတွေ့ခဲ့တယ်"

လင်စီးယာက လုန်ယွိကို ကြည့်ပြီး ဆက်ပြောသည်။

"အဲဒီ ဂိုဏ်းတူမောင်လေးကလေ ဂိုဏ်းတူညီမလေးကို မျက်လုံးမှိတ်ခိုင်းလိုက်တယ် ၊ ပြီးတော့ ဘာဆက်ဖြစ်လဲ သိလား ၊ အဲဒီ ဂိုဏ်းတူမောင်လေးက ဂိုဏ်းတူညီမလေးကို နမ်းလိုက်တယ် သိလား ၊ အဲဒီမြင်ကွင်းလည်းမြင်ရော ကျွန်မတော့ လန့်သွားတာပဲ ၊ ဂိုဏ်းတူအစ်မလည်း အဲဒါမျိုးလေးတွေ အတုယူသင့်တယ် ၊ နောက်ပိုင်းကျရင်... ဟမ်... ဂိုဏ်းတူအစ်မမျက်နှာက ဘာဖြစ်တာလဲ”

ယခုလေးပင် ကျန်းလန် သူမကို ဘာလုပ်သွားကြောင်း သတိရမိပြီး လုန်ယွိ ရှက်သွေးဖြာနေမိခြင်းပင်။

“ဟမ်... ဘာမှမဖြစ်ပါဘူး ၊ ငါ အဆင်ပြေပါတယ်”

***

ခွန်လွန်တောင်ခြေ ၊ သေရည်ဆိုင်။

ကျန်းလန် အဋ္ဌမမင်းသားကို ဝင်ရောက်နှုတ်ဆက်လိုက်၏။

မဟုတ်ပါက လုန်မန် နဝမတောင်ထွတ်ရောက်လာပြီး သူ့ကို ရှာမတွေ့ပါက ခွန်လွန်တောင်တစ်ခွင် လျှောက်မေးနေမည်ဆိုလျှင် သူ ခရီးထွက်သွားကြေင်း မောင်းတီးကြော်ငြာသည်ထက် စိုးသွားပေမည်။

သေရည်ဆိုင်ကတော့ ပုံမှန်အတိုင်း လူသူကင်းရှင်းလျှက်ပင်။

သေရည်ဆိုင်ထဲရောက်သည်နှင့် ကောင်တာတွင် အဋ္ဌမမင်းသားတစ်ယောက်သာ ရှိနေကြောင်း တွေ့လိုက်ရသည်။

"အဋ္ဌမမင်းသား တစ်ယောက်တည်းလား"

ကျန်းလန်က နှုတ်ဆက်တော့ လုန်မန်က မည်သို့မှ မတတ်နိုင်ဟန်ဖြင့်...

"ယောက်ဖ ၊ အကောင်းစားသေရည်လိုချင်ရင်တော့ ရနိုင်မှာ မဟုတ်ဘူး ၊ ကောင်လေးနဲ့အဘိုး ဒီနေ့ပဲအလယ်ပိုင်လွင်ပြင်က ဇာမဏီမျိုးနွယ်တွေဆီကို ခရီးထွက်ကြတော့မလို့တဲ့"

ထို့နောက် သူက ဆက်ပြောသည်။

"ဒီတစ်ခေါက် ခရီးထါက်တာ သူတို့ ပြန်မလာကြတော့ဘူးဆိုရင်တော့ ဒီသေရည်ဆိုင်ကို ကျုပ်အပိုင်ရပြီဗျ"

ကျန်းလန်က...

"သူတို့ ခရီးထွက်သွားကြပြီလား"

ကောင်ငယ်လေးက ဇာမဏီမျိုးနွယ်များနေထိုင်သည့် အလယ်ပိုင်းသို့ သွားရောက်လိုခဲ့သည်။

ဆိုင်ရှင်အဘိုးကလည်း မြေးဖြစ်သူနှင့်အတူ လိုက်ပါသွားရမည်ပင်။

သေရည်ဆိုင်ရှင်အဘိုးအို၏တန်ခိုးစွမ်းအားက တောင်သခင်များထက် နိမ့်ပါးခြင်းမရှိသလို တန်ခိုးစွမ်းအားကလည်း အခြားသူများထက် ပိုမိုသန်မာသည်။

အဘိုးအို၏ နာမ်ဝိညာဉ်ရောင်ပြန်ပညာအကြောင်းကို ကျန်းလန်က နက်ရှိုင်းစွာ နားလည်လေသည်။

သို့သော် မိမိ တန်ခိုးစွမ်းအားမြင့်မားခြင်းက အခြားသူများကို အားနည်းသည်ဟု မဆိုသာပေ။

ထို့ကြောင့် ရန်သူက မည်သူဖြစ်ပါစေ သူကတော့ သတိတစ်ချက် ပေါ့လျော့မည် မဟုတ်ပေ။

ရန်သူတိုင်းကို ကြောက်မက်ဖွယ်ရာကောင်းသူများအဖြစ် သဘောထားပြီး နည်းနည်းလေးပင် လျှော့တွက်၍ မဖြစ်ပေ။

လုန်မန်က...

"နေ့လည်လောက်မှ သွားကြမယ်ထင်တယ် ၊ အခု ကောင်လေးက သန့်ရှင်းရေးလုပ်နေတယ် ၊ ဆိုင်ရှင်အဘိုးက အပြင်ခဏထွက်သွားတယ် ၊ ဒါနဲ့ ယောက်ဖ..."

အဋ္ဌမမင်းသားက ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်လိုက်ရင်း...

"ဟိုနာမည်လေ... အဲဒီနာမည်ကို ဘာအတွက် သုံးလို့ရသေးလဲ"

လုန်မန်က လက်သီးနတ်ဘုရားအမည်ကို ရည်ညွှန်းမေးမြန်းခြင်း ဖြစ်သည်။

အလယ်ပိုင်းလွင်ပြင်ဒေသက အန္တရယ်များလေသည်။

အဋ္ဌမမင်းသားက ကောင်ငယ်လေး အသက်အန္တရယ်ကာကွယ်နိုင်ရန် အတွက်  လက်သီးနတ်ဘုရားနာမည်အသုံးပြုရန် ပြောလိုက်ချင်ပုံရသည်။

ကျန်းလန်က...

"ရတယ် ၊ မင်း သူ့ကို ကြိုးစားကြည့်ခိုင်းလို့ရတယ်"

ခဏကြာပြီးနောက် ကျန်းလန် သေရည်ဆိုင်ထဲမှ ထွက်လာခဲ့သည်။

အဋ္ဌမမင်းသားကို အကြောင်းကြားပြီးပြီဖြစ်လေရာ သူ့အတွက် ပြဿနာ မရှိတော့ပေ။

ကျန်းလန် တောင်ခြေတွင် ကြာကြာမနေဝံ့ဘဲ ဓားကိုစီးနှင်ကာ အမြန်ထွက်လာခဲ့သည်။

သူက သူ့နောက်လိုက်လာမည့် သူလျှိုများကို ကြောက်ရွံံ့ခြင်း မဟုတ်ပေ။ သူ ခရီးထွက်သွားသည်ကို တောင်သခင်များ ရိပ်မိသွားမည်ကို စိုးရိမ်ခြင်း ဖြစ်သည်။

သူက အများအမြင်တွင် မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ရင်ဆိုင်ရတော့မည် ဖြစ်လေရာ သူ တစ်ခုခု ဖြစ်လျှင် နဝမတော်ငထွတ်၏ပြဿနာမဟုတ်ဘဲ ခွန်လွန်တောင်တစ်ခုလုံး၏ ပြဿနာ ဖြစ်သွားပေမည်။

ထို့ကြောင့် တောင်သခင်များက သူ့ကိုမည်သည့်နည်းနှင့်မှ ခရီးထွက်ခွင့်ပြုမည် မဟုတ်ပေ။

သို့သော် သူ ဓားကို စီးနှင်ထွက်ခွာခြင်း မပြုမီ အနောက်ဘက်မှ တစ်စုံတစ်ယောက်က သူ့ကို ကြည့်နေကြောင်း ခံစားလိုက်ရသည်။

သို့ရာတွင် အန္တရယ်ပြုလိုသည့် ရည်ရွယ်ချက်တော့ မရှိပေ။

ကျန်းလန် လှည့်ကြည့်လိုက်တော့ ဂိုဏ်းတူအစ်ကိုပေဖန်းကို တွေ့လိုက်ရ၏။

ခွန်လွန်တောင်က သူ့အကြောင်း သိရှိသွားသောကြောင့် သူ့ကို တားဆီးရန် ပေဖန်းကို လွှတ်လိုက်သည်လား။

သို့သော် ပေဖန်းက သူ့ကို ခေါင်းညိတ်နှုတ်ဆက်ပြီး ဆက်လက်ထွက်ခွာသွားသည်။ ဖြတ်သွားဖြတ်လာ တိုက်ဆိုင်ခြင်း ဖြစ်နိုင်၏။

ထိုအခါမှ ကျန်းလန် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ပြီး ခွန်လွန်တောင်ခြေမှ ထွက်ခွာသွားတော့သည်။

သူက အနောက်ဘက်သို့ ဦးတည်ထွက်ခွာလာခဲ့သည်။

အရပ် (၄)မျက်နှာတွင် အလယ်ပိုင်းလွင်ပြင်ဒေသက အန္တရယ်အများဆုံး ဖြစ်သည်။ ပြီးလျှင်တော့ မြောက်ပိုင်းဒေသဖြစ်၏။

တောင်ပိုင်းစွန့်ပစ်နယ်မြေကိုတော့ ကျန်းလန် သေသေချာချာ မသိရှိပေ။

ထို့ကြောင့် သူက တစ္ဆေတိုင်းပြည်တည်ရှိရာ အနောက်ဘက်သို့သာ ထွက်ခွာလာခဲ့သည်။

တစ္ဆေတိုင်းပြည်က ခွန်လွန်တောင်အနောက်ဘက်တွင်ရှိသည်။

နတ်ဘုရားရာထူး ရရှိသွားပြီးနောက်ပိုင်း တစ္ဆေတိုင်းပြည်က လွယ်လွယ်နှင့် အပြင်မထွက်တော့ဘဲ ငြိမ်သက်လျှက် ရှိသည်။

ကျန်းလန်က အနောက်ဘက်သို့ သွားသည်ဆိုသော်လည်း တစ္ဆေတိုင်းပြည်အနားထိတော့ သွားရောက်မည် မဟုတ်ပေ။ သို့ဖြစ်ရာ သူ့အတွက် အန္တရယ်မရှိနိုင်ပေ။

တစ္ဆေတိုင်းပြည်အနားသို့ သွားမည်ဆိုလျှင်တော့…

သို့သော် နေရာဒေသသည်လည်း ဝေးကွာလွန်းသည်ဖြစ်ရာ ကျန်းလန်အနေဖြင့် အချိန်တိုအတွင်း တစ္ဆေတိုင်းပြည်သို့ ရောက်အောင်သွားရန် မဖြစ်နိုင်ပေ။

ထို့ပြင် အနောက်ဘက်သို့သွားတိုင်းလည်း တစ္ဆေတိုင်းပြည်သို့ရောက်မည်ဟု မဆိုလိုပေ။ တစ္ဆေတိုင်းပြည်တည်ရှိရာအရပ် အတိအကျသို့ မသွားမချင်း အနောက်ဘက်စွန့်ပစ်နယ်မြေအစွန်းထိ သွားသည့်တိုင် တစ္ဆေတိုင်းပြည် တည်ရှိရာသို့ ရောက်မည် မဟုတ်ပေ။

ခွန်လွန်တောင်နှင့်ဝေးကွာသွားသည်နှင့် ကျန်းလန်က သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို ထုတ်ဖော်လိုက်ပြီး ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းတန်ခိုးစွမ်းအားကို အသုံးပြုလိုက်သည်။

သူ အဖြေရှာရန်လိုအပ်နေသည့် အချို့သောကိစ္စများလည်း ရှိနေသေးသည်။

သူက အခြားသောနတ်ဘုရားရာထူး ရရှိထားသူများကဲ့သို့ နယ်မြေကန့်သတ်ခံထားရခြင်း ရှိလေသလားဆိုသည့် အချက်ဖြစ်သည်။

ဧကရာဇ်ရှီးဟယ်သည် ခွန်လွန်တောင်တွင် ပိတ်မိနေသလို ဧကရာဇ်ယိုတုသည်လည်း တစ္ဆေတိုင်းပြည်တွင် ပိတ်မိနေသည်။

အခြားသူများသည်လည်း အတူတူပင်။

သို့သော် သူကတော့ ထိုသို့မခံစားရပေ။ ထို့ကြောင့် အတည်ပြုရန် လိုအပ်သည်။

***

ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်။

"ဂိုဏ်းတူအစ်ကို ၊ ဒါ ဒုတိယအကြိမ်နော်"

ထောင့်တစ်ထောင့်တွင် ထိုင်နေသည့် မော့ကျန်းသုန့်ကို မြောင်ယွဲ့က လေးနက်သောအမူအရာဖြင့် လှမ်းကြည့်ကာ ပြောလိုက်သည်။

ကျိုးကျုန်းထျန်းက သေရည်တစ်ငုံသောက်လိုက်ရင်း...

"မင်း အဲဒီကိစ္စကို ဘယ်လိုမှ သည်းမခံနိုင်ဖြစ်နေရင် ကျုပ်တို့ ကျန်းလန်ကို ပြန်ခေါ်လိုက်ကြမလား"

လျိုကျင်းက...

"ပြန်ခေါ်ရအောင် ကျန်းလန်ဘယ်အရပ်ထွက်သွားတယ်ဆိုတာတောင် မင်းသိလို့လား"

ကျူးချင်က...

"ဘယ်လိုမှ မသိနိုင်တော့ဘူး ၊ ကျန်းလန်က မိုးကောင်းကင်လျှို့ဝှက်ချက် အစီအရင်နဲ့ အရာအားလုံးဖုံးကွယ်ပြီး ခြေရာဖျောက်သွားတာလေ"

မြောင်ယွဲ့က...

"ဂိုဏ်းတူအစ်မချန်ရှီတောင်မှ ကျန်းလန်ရဲ့ မိုးကောင်းကင်လျှို့ဝျက်ချက် ဖုံးကါယ်ထားတဲ့အစီအရင်ကို ချီးကျူးရသေးတာ ၊ ကျွန်မတို့က သူ ဘယ်ရောက်နေလဲဆိုတာ ဘယ်လိုလုပ် ခန့်မှန်းနိုင်မျာလဲ"

ခဏနားပြီးမှ သူမက ဆက်ပြောသည်။

"ပြောရမည်ဆိုရင် ဒီကလေးက သူလုပ်သမျှကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တတ်တယ် ၊ သူ့ရဲ့ ပင်ကိုယ်စရိုက်အရဆိုရင် အခုလိုအချိန်မျိုးမှာ အရေးမကြီးဘဲ ပြင်ပလောကို ထွက်သွားမှာ မဟုတ်ဘူး"

"သူ့မှာသာ ရွေးချယ်ခွင့်ရှိရင် နဝမတောင်ထွတ်က တစ်ဖဝါးမှတောင် ခွာမှာမဟုတ်ဘူး ၊ အခု သူက မင်္ဂလာပွဲမတိုင်ခင် ခရီးထွက်သွားတယ်ဆိုတော့…"

မြောင်ယွဲ့က ကျူးချင်ကိုကြည့်ပြီး ရုတ်တရက် ရယ်မောလိုက်သည်။

"ဂိုဏ်းတူအစ်မရဲ့စကားက ဘာအဓိပ္ပါယ်လဲ"

ကျူးချင်က ချက်ချင်းပင် မတ်တတ်ထရပ်ပြီး မေးလိုက်သည်။

"ဂိုဏ်းတူအစ်မ ၊ ကျန်းလန်က လက်မထပ်ချင်လို့ ထွက်ပြေးသွားတယ်လို့ ပြောနေတာလား"

ရုတ်တရက် မေးလိုက်သည့် ကျူးချင်၏စကားကြောင့် လူတိုင်း ထိတ်လန့်သွားရသည်။

ငြိမ်နေသည့် မော့ကျန်းသုန့်သည်ပင် ခေါင်းမော့ကြည့်လိုက်၏။

သို့သော် တပည့်ဖြစ်သူ ထိုသို့ပြုလုပ်မည်ဟု သူ မယုံကြည်ပေ။

မြောင်ယွဲ့က...

"ဘယ်ကလာ ၊ ဂိုဏ်းတူအစ်ကို မော့ကျန်းသုန့်ကို လန့်သွားစေချင်လို့ တမင်သက်သက် ပြောလိုက်တာ ၊ ဒါမှ နောက်တစ်ခါ ကျန်းလန် ခရီးထွက်မယ်ဆိုရင် ကျွန်မတို့နဲ့ တိုင်ပင်မှာပေါ့လေ"

ထိုအခါမှ အားလုံး သက်ပြင်းချလိုက်ကြသည်။

ကျူးချင်က...

"လက်မထပ်ချင်လို့ ထွက်ပြေးသွားတာ မဟုတ်ဘူးဆိုရင် ဒီလိုအချိန်မျိုးမှ ကျန်းလန်က ဘာလို့ ခရီးထွက်သွားရတာလဲ"

All Chapters