ကျုပ်လက်နဲ့ထိရုံနဲ့မင်းကွဲကြေသွားမယ်
Vol. 28 Ch. 391
အခန်း (၃၉၁) ကျုပ်လက်နဲ့ထိရုံနဲ့မင်းကွဲကြေသွားမယ်
ချင်းယွီ အပြင်သို့ ရောက်ရှိလာသည်။
ထိုအချိန် သူမ နားလည်လိုက်သည်မှာ တစ္ဆေကျင့်ကြံသူများက တစ္ဆေတံခါးကို ချိုးဖျက်ကာ လမ်းအတိုင်းလာနေကြပြီဆိုသည့် အချက်ဖြစ်သည်။
အစီအရင်များကလည်း အသက်ဝင်နေခဲ့ပြီး အထဲမှ နတ်မိစ္ဆာများက တစ္ဆေကျင့်ကြံသူများနှင့် တိုက်ခိုက်နေကြသည်။ သို့သော် တစ္ဆေကျင့်ကြံသူများက များပြားလွန်းလှပြီး အားနည်းသူလည်း တစ်ယောက်မှ မပါရှိပေ။
သူတို့၏အဆင့်များက အစစ်အမှန်အင်မော်တယ် သို့မဟုတ် လူသားအင်မော်တယ်အဆင့်များ ဖြစ်ကြသည်။ သူတို့သာ မန္တန်ပညာကို နားလည်ကြမည်ဆိုလျှင် ဤနေရာကို အစိတ်စိတ်အမွှာမွှာ ရိုက်ချိုးပစ်ကြပေလိမ့်မည်။
သို့သော် မန္တန်ပညာမရှိဘဲနှင့်တောင်မှ ဝင်ပေါက်ကို ရိုက်ချိုးပစ်လိုက်ကြပြီ ဖြစ်သည်။ သူတို့သာ ဒီအတိုင်းဆက်သွားမည်ဆိုလျှင် ဤနေရာက အနှေးနှင့်အမြန် ဖျက်စီးခံရမည် ဖြစ်သည်။
ထိုအချိန်…
ချင်းယွီ၏ မိုးကောင်းကင်အင်မော်တယ်အဆင့် အောင်မြင်ထားသည့် တန်ခိုးစွမ်းအားများက စတင်ပေါက်ကွဲထွက်လာသည်။
"ဘုန်း"
"ဘန်း"
တန်ခိုးစွမ်းအားနည်းပါးသူများမှာ ချက်ချင်းပင် မြေပြင်ထက်လဲကျသွားပြီး ပြန်ထမလာနိုင်ကြတော့ပေ။ အစစ်အမှန်အင်မော်တယ်အချို့သာလျှင် မချိမဆန့်ဖြင့် တောင့်ခံထားနိုင်ကြသည်။
အစစ်အမှန်အင်မော်တယ်နှင့် လူသားအင်မော်တယ် အောင်မြင်ထားသည့်အဆင့်သည်ပင် ခြားနားမှုက အတော်လေး ကြီးမားသည်။
မိုးကောင်းကင်အင်မော်တယ်တစ်ယောက်၏ တန်ခိုးစွမ်းအားက လူသားအင်မော်တယ် သို့မဟုတ် အစစ်အမှန်အင်မော်တယ်များ နှိုင်းယှဉ်နိုင်သည့်အရာ မဟုတ်ပေ။ သူတို့သည် လုံး၀ ခြားနားသည့် အဆင့်တွင် ရှိနေခဲ့သည်။
ကျန်းလန်က အနောက်ဘက်တွင်ရပ်ရင်း အရာအားလုံးကို ကြည့်နေခဲ့သည်။ ချင်းယွီတစ်ယောက်တည်းဖြင့်ပင် တစ္ဆေကျင့်ကြံသူအနည်းငယ်ကို သုတ်သင်ပစ်နိုင်ဟန် ရှိသည်။
ကျန်းလန်က တစ်လမ်းတည်းကို ဖိအားပေးဖြတ်သန်းသွားလာရန် အမိန့်မပေးပေ။ သူက တစ္ဆေကျင့်ကြံသူများကို လေးဘက်လေးတန်သို့ ပျံ့နှံ့တိုက်ခိုက်စေပြီး အရာအားလုံးကို ချိုးဖျက်စေလိုက်သည်။
ထိုနေရာတွင် အစီအရင်များ ရှိလျှင်တောင်မှ ပွင့်ထွက်ပျက်စိးသွားမည် ဖြစ်သည်။
တစ္ဆေကျင့်ကြံသူများက ထူးခြားသည့် ရလဒ်ကို ရရှိစေမည်ဟု သူ မျှော်လင့်မထားခဲ့ပေ။ ကျန်းလန်က နတ်မိစ္ဆာများကို နှောက်ယှက်လိုခြင်းသာဖြစ်ပြီး နောက်ကွယ်မှ အကောင်ကြီးကြီးကို ဖော်ထုတ်လိုခြင်းသာ ဖြစ်သည်။
သို့မှသာ သူတို့၏ အားနည်းချက်ကို ရှာတွေ့နိုင်ပြီး သူတို့ကို ရှင်းပစ်နိုင်မည် ဖြစ်သည်။
ရွှေခန္ဓာအောင်မြင်ထားသည့် မိုးကောင်းကင်အင်မော်တယ်တစ်ယောက်ဆိုသည်က ရင်ဆိုင်ရန်အတွက် အဆင့်မြင့်မားလွန်းသည်။ မည်သူမှ အနားတွင် ရှိမနေလျှင် အကောင်းဆုံးပင် ဖြစ်သည်။
ထို့ကြောင့်…
ကျန်းလန်က ချင်းယွီကို အရင်ဆုံးရှင်းပစ်ရန် ဆုံးဖြတ်လိုက်သည်။
ချင်းယွီက လှည့်ကြည့်ကာ ပြုံးလိုက်သည်။
"ဒီ တစ္ဆေစစ်သည်တော်တွေကို လေးဘက်လေးတန်တိုက်ခိုက်ဖို့ တစ်စုံတစ်ယောက်က ထိန်းချုပ်စေခိုင်းနေတဲ့ပုံစံပဲ ၊ တစ္ဆေတိုင်းပြည်က လူတွေချည်းပဲဆိုရင် အဲဒီလောက် ဉာဏ်ကောင်းမှာ မဟုတ်ဘူး"
ချင်းယွီက ပတ်ဝန်းကျင်ကို အကဲခတ်ရင်းဆိုသည်။
"တစ်ယောက်ယောက်က တစ္ဆေတံခါးကို ရယူပြီး ဖွင့်လှစ်ခဲ့တာလား ၊ ပြီးတော့ အဲဒီလူက ရှေ့ထွက်မလာရဲဘူး ၊ ကြည့်ရတာ ရှင်က တန်ခိုးစွမ်းအား သိပ်မမြင့်မားဘူးထင်တယ် ၊ ဒီတော့ ရှင့်မှာ လုံလောက်တဲ့ တန်ခိုးစွမ်းအား မရှိဘူးဆိုရင် ထွက်သွားဖို့ အကြံပေးချင်တယ် ၊ ကျွန်မတို့ နတ်မိစ္ဆာတွေက ပြီးခဲ့တာတွေကို ပြီးခဲ့ပြီလို့ပဲ သတ်မှတ်လိုက်မယ်"
ချင်းယွီက ထိုသို့ ပြောသော်လည်း သူမက အပြည့်အ၀ သတိရှိနေဆဲ ဖြစ်သည်။ သူမ ရန်သူကို မတွေ့သေးကြောင်း နားလည်ထားသည်။
တစ်နည်းဆိုရသော် ရန်သူက ပျော့ညံ့သည်မဟုတ်ပေ။ ထိုသူက အန္တရယ်ပင်ရှိနိုင်ပြီး မည်သို့သောအစီအစဉ်များရှိကြောင်း သူမ မသိနိုင်ပေ။
သို့သော် သူမ သတိထားနေစဉ်မှာပင် ဘေးဘက်မှ တိုက်ခိုက်မှုတစ်ခု ရုတ်တရက် ခံစားလိုက်ရသည်။
မရဏအငွေ့အသက်တွေလား။
ဘာကြောင့် ဒီလောက်ထူရတာလဲ။
မဆိုင်းမတွပင် ချင်းယွီ ရှောင်တိမ်းလိုက်သည်။
"ကလန်"
မရဏလှံရှည်သည် မြေပြင်ထက် စိုက်ဝင်သွားသည်။
လှံရှည်မှ ထွက်ပေါ်နေသည့် မရဏအငွေ့အသက်များကြောင့် ချင်းယွီ အနည်းငယ် ထိတ်လန့်သွားသည်။ သို့သော် ရန်သူက ထွက်ပေါ်လာခြင်း မရှိသေးရာ သူမ တုံ့ဆိုင်းမနေရဲပေ။
တစ်ချိန်တည်းမှာပင် သူမနောက်မှ တန်ခိုးစွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။ ပြင်းထန်လှသည့် တိုက်ခိုက်မှုတစ်ခု ရောက်ရှိလာခြင်း ဖြစ်၏။
အသက်အန္တရာယ်နှင့် ရင်ဆိုင်ရသည့်အခါ တုံ့ဆိုင်းခြင်းမရှိဘဲ ချင်းယွီ၏နောက်ကျောတွင် အတောင်ပံတစ်စုံ ထွက်ပေါ်လာသည်။
"ဘုန်း"
"ဘန်း"
လက်သီးတစ်ချက်ရောက်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူမ၏ အတောင်ပံများ ကျိုးကျေသွားခဲ့သည်။ တောင်ပံတစ်ခုလုံးမှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသည်။
ချင်းယွီ၏ ခန္ဓာကိုယ်ထဲတွင် ပြင်းထန်သည့် နာကျင်မှုကို ခံစားလိုကရသည်။ အချိန်တိုအတွင်းမှာပင် သူမက တန်ပြန်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။
သူမလက်များဆီမှ တန်ခိုးစွမ်းအားများ ထွက်ပေါ်လာသည်။
သူမက ကျန်းလန်၏ လက်သီးဝင်ရောက်လာရာဆီသို့ လက်ဝါးရိုက်ချက်ဖြင့် ရင်ဆိုင်လိုက်သည်။
"ဘုန်း"
"ဘန်း"
ကျန်းလန် ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားသည်။ ချင်းယွီ၏ လက်ချောင်းများကတော့ တွန့်လိမ်ပြီး ကျိုးကျသွေားသလို သူမသည်လည်း နောက်သို့ လွင့်စင်ထွက်သွားသည်။
ကျန်းလန်က ချင်းယွီကို အေးစက်စွာ ကြည့်နေသည်။ သူမက အလွန်တန်ခိုးစွမ်းအားမြင့်မားသည်။
အလစ်ချောင်းတိုက်ခိုက်သည့်တိုင် သူမကို တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်ခြင်း မရှိခဲ့ပေ။
"မင်း ငါတို့နတ်မိစ္ဆာတွေနဲ့ နားလည်မှုလွဲနေတာထင်တယ် ၊ ဒါဆိုရင်တော့ ရှင်းလင်းသွားရင် ငါတို့တွေ မိတ်ဆွေဖြစ်နိုင်ပါတယ်"
ချင်းယွီက ပြင်းထန်သည့်နာကျင်မှုကို အောင့်ခံရင်း ကျန်းလန်ကိုကြည့်ကာ ပြောလိုက်သည်။
တစ်ဖက်လူက အလွန်တရာ စွမ်းအားမြင့်မားလှသည် မဟုတ်လား။ ထိုမျှ တန်ခိုးစွမ်းအားမြင့်မားသည့်တိုင် အဘယ့်ကြောင့် အလစ်ချောင်းတိုက်ခိုက်နေရပါသနည်း ။
တစ္ဆေကျင့်ကြံသူများလည်း အများအပြားပင် ရှိသေးသည်။ ဤသူက အလွန် သတိရှိသူတစ်ဦးဖြစ်သည်။
ဤသူက သူတို့နှင့် အဘယ့်ကြောင့် လာရောက်ပတ်သက်နေရပါသနည်း။ သူမ နားမလည်နိုင်ခဲ့သလို အကြောင်းပြချက်လည်း မရှိခဲ့ပေ။
လူသားတစ်ဦးသည် ထိုကြောက်မက်ဖွယ်ကောင်းသော မရဏအငွေ့အသက်များကို ဆုပ်ကိုင်ကာ တစ္ဆေတိုင်းပြည်၏ တစ္ဆေတံခါးကိုဖွင့်နိုင်ခဲ့သည်။ ဤလူတွင် ထူးခြားသော နောက်ခံရှိရမည်။
ကျန်းလန်က သူမကိုကြည့်လိုက်ရင်း…
"နားလည်မှုလွဲတာ မရှိပါဘူး ၊ ကျုပ် မင်းတို့အားလုံးကို သတ်ပစ်ချင်တယ် ၊ မင်းလည်း ကျုပ်အကြောင်း နည်းနည်းတော့ သိထားတယ်မဟုတ်လား ၊ ဒါပေမဲ့ ကျုပ်နဲ့ပတ်သက်တဲ့ မင်းရဲ့အတွေးတွေက အသုံးမကျဘူး ၊ ကျုပ် အတွက်တော့ မင်းတို့အားလုံးကို သတ်ပစ်နိုင်တယ်"
ချင်းယွီက ဖေးယွမ်ကို ဆက်သွယ်ရန် ကြိုးစားလိုက်ရင်း…
"လူသား ရှင်က တကယ့်ကို မောက်မာတာပဲ ၊ တကယ်ပဲ ကျွန်မတို့ နတ်မိစ္ဆာတွေကို ရှင့်မျက်လုံးထဲ မထားဘူးလား"
"မောက်မာတယ် ဟုတ်လား"
ကျန်းလန်က ချင်းယွီရှေ့တွင် ချင်းချင်းပေါ်လာပြီး သူ၏ ကြီးမားသည့်လက်ကြီးက ဆင်းသက်လာသည်။ ချင်းယွီ၏မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး ချက်ချင်း ရှောင်တိမ်းလိုက်သည်။
သို့သော် သူမ၏ပခုံးကို ကျန်းလန်၏ ထိုးနှက်ချက်က ထိမှန်သွားသည်။
"ဘန်း"
ချင်းယွီ၏ ပခုံးတစ်ခုလုံး ကြေမွသွားသည်။
"ကြည့်စမ်း ၊ ကျုပ် မင်းကို နည်းနည်းလေး ထိလိုက်တာတောင် မင်းက တစ်စစီ ဖြစ်သွားယ် ၊ ဒါပေမဲ့ မင်းက လက်နဲ့တောက်ရင်တောင် ကျုပ်သေသွားမယ်လို့ တွေးနေသေးတယ် ၊ ဘယ်သူက ပိုပြီးမောက်မာလဲ တွေးကြည့်လေ“
ပြောပြီးသည်နှင့် ကျန်းလန်က ထပ်မံလှုပ်ရှားလိုက်သည်။
ကျန်းလန်၏စကားကို ကြားသည့်အခါ ချင်းယွီ တစ်ခဏမျှ မှင်တက်သွားသည်။
ဤသည်က ကျန်းလန်ကို အခွင့်အရေး ရသွားစေသည်။ သို့သော် ချင်းယွီက တိုက်ခိုက်ရန် ပြင်ဆင်ပြီးပြီ ဖြစ်၏။
ကျန်ရှိနေသေးသည့် လက်တစ်ဖက်ဖြင့် သူမက ကျန်းလန်ကို ရိုက်ထုတ်လိုက်သည်။
ချင်းယွီက သူမ၏ ရွှေခန္ဓာတန်ခိုးစွမ်းအားများကို လက်ချောင်းများထဲတွင် စုစည်းလိုက်ကြောင်း ကျန်းလန် ခံစားလိုက်ရသည်။ ထို့ကြောင့် သူမ၏ လက်ဝါးရိုက်ချက်က အလွန်အစွမ်းထက်သည်။
သို့သော် ကျန်းလန်၏ နွားကိုးကောင်စွမ်းအားကလည်း အန္တရယ်ကိုးသွယ်စွမ်းအားအဖြစ်သို့ ပြောင်းလဲသွားသည်။ ဘေးအန္တရယ်ကပ်ဆိုးကြီး၏ အငွေ့အသက်များ ဆင်းလာပြီး ချင်းယွီ၏ တန်ခိုးစွမ်းအားနှင့် တိုက်မိသွားသည်။
"ဘုန်း"
ပြင်းထန်သောစွမ်းအားသည် လမ်းကြောင်းတစ်ခုလုံးရှိ အရာအားလုံးကို ဖြိုခွဲခဲ့ပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ပြိုပျက်သွားစေခဲ့သည်။
"ခရက်"
ချင်ယွီ၏လက်ချောင်းများ တွန့်လိမ်ပြီး ကွဲကြေသွားသည်။
"ဘန်း"
ထို့နောက် သူမ၏ လက်ချောင်းများသည် သွေးမှုံများအဖြစ် ပြောင်းလဲသွားသည်။ တစ်ချိန်တည်းမှာပင် ကျန်းလန်၏ လက်သီးက လေထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
"ဘန်း"
ချင်းယွီ၏ ခန္ဓာကိုယ်တစ်ဝက်က လက်သီးတစ်ချက်ဖြင့် ကွဲထွက်သွားသည်။ သွေးမှုံများ လေထဲ ပျံ့ကျဲသွားသည်။
"မင်းက... ခွန်လွန်ကလား"
သူမ မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။
ကျန်းလန်က သူမအနားရောက်လာပြီး ခြေထောက်ကို မြှောက်လိုက်သည်။
"အံ့သြစရာမရှိသလို ခန့်မှန်းနေစရာလည်း မလိုဘူး ၊ ကျုပ်က မင်း စောစောက ပြောနေတဲ့သူပဲ"
"ဘန်း"
စကားသံနှင့်အတူ ကျန်းလန်က ချင်းယွီ၏ခန္ဓာကိုယ်ကို တက်နင်းလိုက်သည်။
ချင်းယွီတစ်ကိုယ်လုံး ကြေမွသွားပြီး အဆုံးမရှိသော သွေးမှုံသွေးမွှားများအဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက်မှာတော့ သူမ အသတ်ခံရလိုက်ပြီဖြစ်ကြောင်း နားလည်သွားပေလိမ့်မည်။
ယခု ရှင်းပစ်ရန် မိုးကောင်းကင်အင်မော်တယ် တစ်ယောက်သာလျှင် ကျန်တော့သည်။
ကျန်းလန်က ကျောက်ဂူအတွင်းပိုင်းဆီသို့ လှမ်းကြည့်လိုက်ပြီး ခြေလှမ်းလှမ်းလုက်သည်။ တစ္ဆေကျင့်ကြံသူများက သူ့အတွက် လမ်းဖွင့်ပေးထားပြီးဖြစ်၏။
ယခုအချိန်ထိ ပတ်ဝန်းကျင်တွင် တန်ခိုးစွမ်းအားမြင့်မားသည့် အခြားသောအငွေ့အသက်များ မတွေ့ရသေးပေ။
သို့သော် သူ သိပ်ပြီးအချိန်မဖြုန်းဝံ့ပေ။
ဖေးယွမ်ကိုသတ်ဖြတ်ပြီးလျှင် ဤနေရာကို ဖျက်ဆီးပြီးနောက် ခွန်လွန်တောင်သို့ အမြန်ပြန်ရပေမည်။ နတ်မိစ္ဆာများက ဤကိစ္စကို ငြိမ်ခံနေမည် မဟုတ်ပေ။
သူ တစ္ဆေတံခါး ဖွင့်လိုက်ခြင်းက နတ်မိစ္ဆာများနှင့် တစ္ဆေတိုင်းပြည် ရန်တိုက်ပေးသလို ဖြစ်သွားသော်လည်း သူ စိတ်မဝင်စားပေ။
သို့သော် တစ္ဆေတိုင်းပြည်က တစ္ဆေတံခါးကိုဖွင့်သူမှာ လက်သီးနတ်ဘုရားဖြစ်ကြောင်း ဖော်ကောင်လုပ်လိုက်လျှင်တော့ သူ့အတွက် အတော်လေး အန္တရယ်များပေလိမ့်မည်။
ထို့ကြောင့် တတ်နိုင်သမျှ မြန်မြန်ပြန်ခြင်းက အကောင်းဆုံးပင်။
လောလောဆယ်တွင်တော့ မရေမတွက်နိုင်သော တစ္ဆေကျင့်ကြံသူများသည် ကျောက်ဂူကို ဝိုင်းထားပြီး အတွင်းနှင့် အပြင်မှ တိုက်ခိုက်နေကြသည်။
ကျန်းလန် ကျောက်ဂူအနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိလာခဲ့သည်။ ဖေးယွမ် အထဲမှာ ရှိနေကြောင်း သူသိသည်။
ဖေးယွမ်က ရေတွင်းအလယ်တွင် ရှိနေဟန်တူသည်။
"မင်းရဲ့တန်ခိုးစွမ်းအားက မဆိုးဘူးပဲ ၊ မင်းတကယ်ပဲ ချင်းယွီကိုသတ်ခဲ့တာလား"
ဖေးယွမ်က ကျန်းလန်ကို တည်ငြိမ်စွာ ကြည့်နေရင်း…
"ဒါပေမဲ့ ဒီအစီအရင်က ပျက်စီးဖို့မလွယ်ဘူး ၊ မင်း စမ်းကြည့်ချင်လား"
ဤအစီအရင်က ဖေးယွမ်အတွက် အတန်ကြာ အချိန်ဆွဲပေးနိုင်မည် ဖြစ်သည်။
ကျန်းလန်က ဘာမှပြန်မပြောဘဲ သူ့လက်ကို အစီအရင်ပေါ်မှာ တင်ထားလိုက်တယ်။
ထို့နောက် အစီအရင်ကတောက်ပလာသည်။ တစ်ချိန်တည်းမှာပဲ ကျန်းလန်လက်ထဲတွင် ကျောက်စိမ်းတုံးတစ်တုံး ပေါ်လာတယ်။
ထိုအရာက အစီအရင်နှင့်အတူ စတင်ပဲ့တင်ထပ်လာသည်။ မကြာမီ အစီအရင်တံခါးပွင့်သွားသည်။
ကျန်းလန်က စကားမပြောခင် ခြေတစ်လှမ်းတိုးလိုက်တယ်။
"အစီအရင်ပျက်စီးသွားပြီ"