← Chapters

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

အခန်း (၄၁) - အရှေ့နန်းဆောင်၏ “အဆောက်အအုံ ဖြိုဖျက်ရေးဌာန” ၏ အကြီးအကဲခေါင်းဆောင်

“မရဘူး၊ ဒီလိုအတိုင်း ဆက်လွှတ်ထားလို့ မဖြစ်တော့ဘူး”

ရှောင်ရှန်းသည် သူ၏ လှဲကုလားထိုင်ပေါ်မှ ဝုန်းခနဲ ထထိုင်လိုက်သည်။

ဤကဲ့သို့ “ကြက်ကန်းဆန်အိုးတိုးသည့် ကံဇာတာ” မှာ ဆက်တိုက် ဖြစ်ပေါ်နေမည်ဆိုပါက ၊ သူသည် ဤအရှေ့နန်းဆောင်မှာပင် ကာလနဂါးဘဝဖြင့် နန်းတော်ပလ္လင်ပေါ်သို့ အတင်းအဓမ္မ ပင့်တင်ခံရပေတော့မည်။

ထိုသို့သော နေ့ရက်များကို တွေးကြည့်ရုံနှင့် ရှောင်ရှန်းတစ်ယောက် တစ်ကိုယ်လုံး နေရခက်လာပြီး ၊ တစ်နေ့လုံး အိပ်ခွင့်မရတာထက်ပင် ဆိုးရွားပေသည်။

“ငါ ကိုယ်တိုင် တိုက်စစ်ဆင်မှ ဖြစ်တော့မယ်၊ ခမည်းတော်နဲ့ မှူးမတ်တွေအားလုံး ငါ့အပေါ် ကို လုံးဝ မျှော်လင့်ချက် ကုန်သွားအောင်၊ အရမ်းကို ရွံရှာသွားအောင် နည်းလမ်းတစ်ခု ရှာရမယ်”

ရှောင်ရှန်းသည် မေးစေ့လေး ပွတ်သပ်ရင်း စဉ်းစားခန်း ဝင်လိုက်ရာ၊ အမြဲတမ်း ပျင်းရိနေတတ်သော သူ၏ မျက်ဝန်းများသည် ယခုအခါ “ဉာဏ်အလင်းများ” ပွင့်လာသကဲ့သို့ လင်းလက်သွားလေ၏။

ဘယ်ဌာနက အမြတ်အစွန်း အများဆုံးလဲ၊ ဘယ်နေရာက လာဘ်စားမှု အများဆုံးလဲ၊ ပြီးတော့ ဘယ်နေရာက ပြဿနာ အကြီးအကျယ် ရှာလို့အကောင်းဆုံး နေရာလဲ ဟု တွက်ချက်ကြည့်လေရာ…

၎င်းမှာ “ဆောက်လုပ်ရေးဝန်ကြီးဌာန” မှလွဲ၍ အခြားနေရာမရှိပေ။

တံတားခင်းခြင်းနှင့်၊ လမ်းများ ဖောက်လုပ်ခြင်း၊ နန်းဆောင်များ ဆောက်လုပ်ခြင်း ...... ဘယ်အရာကမှ ငွေကုန်ကြေးကျ မနည်းသလို၊ လူပေါင်းစုံလည်း ပါဝင်ပတ်သက်နေသည်။

သူ ရှောင်ရှန်းသည် ထိုဆောက်လုပ်ရေး ဝန်ကြီးဌာနထဲသို့ ဝင်ရှုပ်လိုက်ရုံဖြင့် ကမ္ဘာပျက်မတတ် ရှုပ်ထွေးသွားမည်မှာ သေချာသည်။

လာဘ်စားမှုတွေ၊ အဆောက်အအုံ ပြိုကျတာတွေ၊ ပြည်သူတွေရဲ့ မကျေနပ်မှုတွေ….ဟားဟား ၊ ဒီအချက်တွေထဲက တစ်ခုလောက် ထဖြစ်လိုက်တာနဲ့ သူ့လို အိမ်ရှေ့စံက တာဝန်ရှိသူတစ်ဦး အနေနဲ့ ရာထူးအဖြုတ်ခံရတော့မယ် မဟုတ်လား…

“ဒါပဲ”

ရှောင်ရှန်းသည် ပေါင်ကို ပုတ်လိုက်ပြီး သူ့မျက်နှာမှာ “အကြံအောင်ပြီ” ဟူသော အပြုံးလေးတစ်ခု ရှိနေလေ၏။

နောက်တစ်နေ့ နံနက်ခင်း ညီလာခံ။

မှူးမတ်အားလုံးသည် ဘေးတစ်ဖက်တစ်ချက်စီတွင် စီတန်းရပ်နေကြပြီး အခြေအနေမှာ တည်ငြိမ် လေးနက်လှသည်။ ဧကရာဇ်မင်း ရှောင်ယွမ်သည် နဂါးပလ္လင်ပေါ်တွင် ထိုင်နေပြီး မည်သူမျှ မခန့်လေးစား မလုပ်ဝံ့သော အရှိန်အဝါမျိုးကို ပြသနေလေ၏။

ပုံမှန်အားဖြင့် အိမ်ရှေ့စံမင်းသား ရှောင်ရှန်းသည် အမြဲတမ်း သမ်းဝေနေတတ်ပြီး စိတ်က တခြားရောက်နေတတ်သည်။

သို့သော် ယနေ့တွင်မူ သူသည် ပုံမှန်နှင့်မတူဘဲ အတော်လေး ထူးခြားနေသည်။

ညီလာခံ တဝက်ကျော်သွားပြီး ဌာနအသီးသီးမှ တင်ပြရမည့် အလှည့်သို့ ရောက်လာသောအခါ၊ ရှောင်ရှန်းသည် လူအုပ်ကြားထဲမှ အေးအေးလူလူ ရှေ့ထွက်လာကြသည်။

လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များကြားတွင် ၊ သူသည် ဦးညွှတ်ကာ ဂါရဝပြုလိုက်သည် ။

“ခမည်းတော်ကို လျှောက်တင်ပါတယ် သားတော်...... သားတော် ဒီရက်ပိုင်း အားနေတာနဲ့ တံတားခင်းတာ၊ လမ်းဖောက်တာ၊ အိမ်ဆောက်တာ၊ မြောင်းတူးတာတွေကို စိတ်ဝင်စားမှု အနည်းငယ်...... အဲ... အများကြီး စိတ်ဝင်စားမိပါတယ်”

ထိုစကားများ ထွက်လာသည်နှင့် ၊ နန်းတော်လုံးတစ်ခုလုံး အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်သွားသည်။

မှူးမတ်များမှာ မျက်လုံးများ ပြူးကျယ်လျက် တအံ့တဩဖြစ်နေကြသည်။

‘အိမ်ရှေ့စံမင်းသားက..ဆောက်လုပ်ရေး ဝန်ကြီးဌာနက အလုပ်တွေကို စိတ်ဝင်စားတယ် ဟုတ်လား’

‘နေက အနောက်ဘက်က ထွက်လာတာလား…’

ရှေ့ဆုံးတန်းတွင် ရပ်နေသော ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အမတ် ကျိန်းဝိန်တောက် မှာမူ ထိုစကားများကို ကြားသည်နှင့် ခြေထောက်များ ပျော့ခွေသွားကာ မြေပြင်ပေါ်သို့ လဲကျလုမတတ် ဖြစ်ခဲ့ရသည်။

သူ့ဦးနှောက်ထဲတွင် ခဏလောက် ဗလာကျင်းသွားပြီး ၊ ထို့နောက် စဉ်းစားခန်းဖွင့်ကာ ထိတ်လန့်နေတော့သည်။

“သွားပြီ၊ သွားပြီ…အိမ်ရှေ့စံက ငါ့ရဲ့ ဌာနကို လာပြီး နာမည်ယူချင်တာလား ဒါမှမဟုတ် ငါ့ကို မမြင်ချင်တော့လို့ ပြဿနာလာရှာတာလား”

ဆောက်လုပ်ရေး ဝန်ကြီးဌာနဆိုတာက ဘယ်လိုနေရာလဲ…လူတွေကို လိမ်လို့ရတဲ့ နေရာလား..မဟုတ်တာ…

ရေအောက်ခြေလို နက်ရှိုင်းကာ မှောင်မိုက်သော နေရာတစ်ခုသာပင်။ အိမ်ရှေ့စံဆိုသည့် ဗုဒ္ဓကိုယ်တော်ကြီးသာ ကြွမြန်းလာပါက ဌာနတစ်ခုလုံး ဇောက်ထိုးမိုးမျှော် ဖြစ်မည်မှာ သေချာသည်။

မတော်တဆ တစ်ခုခု စုံစမ်းမိသွားရင်......

ကျိန်းဝိန်တောက်၏ နဖူးမှ ချွေးများ တတောက်တောက် စီးကျလာပြီး၊ ကျောဘက်မှ ဝတ်စုံမှာလည်း ချွေးများဖြင့် စိုရွှဲနေလေ၏။

ရှောင်ရှန်းနှင့် မလှမ်းမကမ်းတွင် ရပ်နေသော မင်းသား(၃) ရှောင်ကျင်းမှာလည်း အစပိုင်းတွင် အံ့ဩသွားသော်လည်း၊ မျက်ဝန်းထဲတွင် မြင်တွေ့ဖို့ရန် ခက်ခဲသော ဝမ်းသာနေသည့် အရိပ်အယောင်တစ်ခု လှစ်ခနဲ့ ပြေးဖြတ်သွားသည်။

“ရှောင်ရှန်း၊ မင်းက ငါ့အတွက်တော့ ‘ကံကောင်းခြင်းကြယ်’ ပါပဲလား”

ရှောင်ကျင်းသည် စိတ်ထဲကနေ လှောင်ပြုံး ပြုံးလိုက်သည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ အလုပ်ကိစ္စများမှာ အလွန် ရှုပ်ထွေးလှသလို နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသော အရာများလည်း ရှိနေသည်။ ဘာမှမသိနားမလည်သည့် အိမ်ရှေ့စံမင်းသား ရှောင်ရှန်းသာ ဤကိစ္စထဲတွင် ပါဝင်ပတ်သတ်မည် ဆိုပါက ၊ သုံးရက်အတွင်း ပြဿနာ အကြီးအကျယ် တက်မည်မှာ သေချာသည်။

ထိုအချိန်တွင် သူသည် ဘေးကနေ နည်းနည်းလောက် မီးလောင်ရာ လေပင့်လိုက်ရုံဖြင့် ရှောင်ရှန်း၏ အမှားကို ထောက်ပြနိုင်ပေတော့မည်။

‘အဲ့အချိန်ကြရင် ဒီကောင် အိမ်ရှေ့စံအဖြစ် ဆက်ပြီး ရှိနေဦးမလားဆိုတာ ကြည့်ရသေးတာပေါ့…’

နဂါးပလ္လင်ပေါ်ရှိ ဧကရာဇ် ရှောင်ယွမ်၏ နက်နဲသော မျက်ဝန်းများက ရှောင်ရှန်းပေါ်သို့ ကျရောက်နေသည်။

သူ့သား ဘယ်လိုလူလဲဆိုတာ သူ ကိုယ်တိုင် အသိဆုံးလေ…

‘ဆောက်လုပ်ရေးလုပ်ငန်းတွေကို စိတ်ဝင်စားတယ် ဟုတ်လား …. ဝက်တွေ သစ်ပင်တက်တာကမှ ဖြစ်နိုင်ဦးမယ် ‘

သို့သော်လည်း.....

ဧကရာဇ် ရှောင်ယွမ်၏ နှုတ်ခမ်းဖျားထက်တွင် သိမ်မွေ့သော အပြုံးတစ်ခု ရှိနေကာ သူသည် ဖြည်းဖြည်းချင်း မိန့်ကြားလိုက်သည်။

“အော် ….ရှန်းအာဘက်က ဒီလို စိတ်ဆန္ဒ ရှိတာကလည်း ရှားပါးတဲ့ ကိစ္စပဲ၊ မင်းက ဆောက်လုပ်ရေး လုပ်ငန်းတွေကို စိတ်ဝင်စားတယ်ဆိုမှတော့ ငါကိုယ်တော် ခွင့်ပြုလိုက်မယ်”

သူသည် ခဏရပ်ပြီး ဆက်ပြောလိုက်သည်။

“ငါ့အမြင်အရတော့ အရှေ့နန်းဆောင်မှာ ‘ဆောက်လုပ်ရေး‌ ဌာန’’ တစ်ခုကို အရင်ဖွင့်ပြီး မင်းကို အစမ်းလေ့ကျင့်ခိုင်းတာ ပိုကောင်းမယ်”

“ အလုပ်သဘောတွေကို အရင် လေ့လာပေါ့၊ ကျိန်း အမတ်ကြီး၊ မင်းရော ဘယ်လိုထင်လဲ”

ဆောက်လုပ်ရေး အမတ်ကြီး ကျိန်းဝိန်တောက်ခမျာ လိပ်ပြာလွင့်မတတ် ကြောက်လန့်တကြားနှင့် အမြန်ပင် ဒူးထောက်ကာ ‌ပြန်ဖြေလိုက်သည်။

“အရှင်မင်းကြီး အမျှော်အမြင် ကြီးမားလှပါတယ်၊ ကျွန်တော်မျိုး...... အမိန့်အတိုင်း နာခံပါ့မယ်၊ အိမ်ရှေ့စံမင်းသားကို အစွမ်းကုန် ကူညီပေးပါ့မယ်”

အခန်း(၄၂ )

‘သူ့ကို အိမ်ရှေ့စံကို ကူညီခိုင်းတာလား…ဒါမှမဟုတ် အိမ်ရှေ့စံ လုပ်သမျှ ပြဿနာတွေကို သူ့ခေါင်းပေါ် ပုံချခိုင်းနေတာ မဟုတ်လား..’

ကျိန်းဝိန်တောက်မှာ ငိုချင်သော်လည်း မျက်ရည်မထွက်နိုင် ဖြစ်နေရှာသည်။

ရှောင်ရှန်းကတော့ ထိုစကားကို ကြားသည်နှင့် အတိုင်းမသိ ပျော်ရွှင်သွားသည်။

“အောင်ပြီ အောင်ပြီ၊ ခမည်းတော်က ငါ့ကို တကယ်ပဲ မျှော်လင့်ချက် ကုန်သွားပြီပဲ”

“ ဒီ ‘ဆောက်လုပ်ရေးဌာန’’ ဆိုတာ ကလေးဆော့ဖို့ ပေးထားတဲ့ အရုပ်လိုပဲ ၊ ငါလုပ်ချင်တာ လုပ်ဆိုပြီး ခွင့်ပြုထားတာ မဟုတ်လား ဟားဟားဟား၊ ရာထူးကနေ ပြုတ်ဖို့ မဝေးတော့ဘူး ကွ”

သူသည် ရင်ထဲက ပျော်ရွှင်မှုကို အတင်းဖိနှိပ်ကာ “ ကြောက်ရွံ့တုန်လှုပ်ပြီး ကျေးဇူးတင်ပါသည်”ဟူသော ပုံစံဖြင့် ဦးညွှတ်လိုက်သည်။

“ခမည်းတော်ရဲ့ ကျေးဇူးတော်ကို သားတော် မမေ့ပါဘူး၊ ခမည်းတော်ရဲ့ မျှော်လင့်ချက်တွေကို သားတော် မပျက်ကွက်စေရဘူး”

“ငါ့ကို အမြန်ဆုံး မောင်းထုတ်ချင်နေတဲ့” ခမည်းတော်ရဲ့ မျှော်လင့်ချက်တွေကို သူ မပျက်ကွက်စေရဘူး စိတ်ချလိုက် ..

ညီလာခံ ပြီးသွားသည်နှင့် ရှောင်ရှန်းသည် ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ “အကြံပေး” ရာထူးကို ချက်ချင်း ရယူလက်ခံခဲ့သည်။

အမတ်ကြီး ကျိန်းဝိန်တောက် မှာ ရှောင်ရှန်း၏ လက်ထဲသို့ ကြီးကြပ်ရေးမှူး ရာထူး မထည့်ဝံ့သဖြင့် အကြံပေးရာထူးဖြင့်သာ ခန့်အပ်လိုက်သည်။

ကြီးကြပ်ရေးမှူး ရာထူးရရှိပြီးနောက် အမိန့်များကို စိတ်ကြိုက်ထုတ်ကာ မိမိ၏ဌာနတစ်ခုလုံး ချက်ချင်း ဖျက်သိမ်းခံရမည်ကို စိုးရိမ်မိသည်။

“အကြံပေး” ဆိုသည့် အမည်ခံ ရာထူးကို ပေးလိုက်ခြင်းက အိမ်ရှေ့စံ၏ မျက်နှာကိုလည်း ထောက်ထားရာရောက်သလို သူ၏ အာဏာကိုလည်း အနည်းငယ် ထိန်းချုပ်ထားနိုင်လိမ့်မည်ဟု သူ ယူဆသည်။

ရှောင်ရှန်းကတော့ ထိုအရာကို ဂရုမစိုက်ပေ။ သူ့အတွက် အဓိက အရေးကြီးဆုံးအရာမှာ သူသည် ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခွင့်ရရန် နှင့် အကြီးအကျယ် ဝင်နှောက်ရန်သာ ဖြစ်သည်။

သူ ရာထူးလက်ခံပြီး ပထမဆုံး လုပ်သည့် အလုပ်မှာ ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ အရာရှိအားလုံးကို ဌာန၏ ခန်းမဆောင်ထဲသို့ ဆင့်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။

သူ့ရှေ့တွင် တုန်လှုပ်ချောက်ချားပြီး ကြောက်ရွံ့နေသော အရာရှိများကို ကြည့် ရှောင်ရှန်းသည် ချောင်းတစ်ချက် ဟန့်လိုက်ကာ “အလုပ်တွေ အကြီးအကျယ် လုပ်တော့မည့်” ဒီဇိုင်းဖြင့် ကျယ်လောင်စွာ ကြေညာလေတော့၏။

“အားလုံးပဲ၊ ငါကိုယ်တော်က အမိန့်အရ ဆောက်လုပ်ရေး လုပ်ငန်းတွေကို ကူညီပေးဖို့ လာတာဆိုတော့ ကြီးမားတဲ့ တာဝန်ဝတ္တရားတွေ ရှိတယ်”

“ တိုင်းပြည်နဲ့ ပြည်သူတွေအတွက် ပိုပြီး ကောင်းအောင် လုပ်ပေးနိုင်ဖို့အတွက်၊ အရှေ့နန်းဆောင်ရဲ့ ‘ဆောက်လုပ်ရေးဌာန’’ အောက်မှာ အထူး ဌာနခွဲတစ်ခု ထပ်တိုးဖို့ ငါကိုယ်တော် ဆုံးဖြတ်လိုက်တယ်”

“ အဲဒါကတော့ ‘အရှေ့နန်းဆောင် တော်ဝင် အဆောက်အအုံ ဖြိုဖျက်ရေးဌာနပဲ”

“ငါကိုယ်တော် ကိုယ်တိုင် အဲဒီဌာနရဲ့ အကြီးအကဲခေါင်းဆောင်အဖြစ် တာဝန်ယူမယ်”

“ဖူး—“

အောက်က အရာရှိအချို့မှာ စိတ်ပိုင်းဆိုင်ရာ အားနည်းမှုကြောင့် သွေးအန်မတတ် ဖြစ်ခဲ့ရသည်။

အရှေ့နန်းဆောင် တော်ဝင် အဆောက်အအုံ ဖြိုဖျက်ရေးဌာန ဟုတ်လား၊ ဒါ လူကထွက်တဲ့ စကားလား…

အရာရှိများမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ အိမ်ရှေ့စံမင်းသား တစ်ယောက် ဘာတွေကြံစည်နေသည်ကို နားမလည်နိုင် ဖြစ်နေကြသည်။

ဖြိုဖျက်မယ် ၊ ဘယ်‌နေရာကို ဖြိုဖျက်မှာတုန်း…

ရှောင်ရှန်းသည် လူတိုင်း၏ ကြောင်တောင်တောင် ဖြစ်နေသော မျက်နှာများကို ကြည့်ပြီး စိတ်ထဲတွင် အတော်လေး ကျေနပ်နေသည်။

သူ လိုချင်တာ ဒါပဲလေ…

သူသည် မြို့တော်၏ တည်နေရာပြ မြေပုံကြီးရှေ့သို့ ဂုဏ်ယူစွာ လျှောက်သွားလိုက်ပြီး၊ ကလောင်တံ တစ်ချောင်းကို ကောက်ယူကာ တစ်ချက်ကလေးမှ လှည့်မကြည့်ဘဲ နန်းတော်ကို ဝန်းရံထားသည့် ကျယ်ဝန်းလှသော ကျုံးနေရာကို ဝိုင်းပြလေ၏။

“ငါကိုယ်တော်ရဲ့ ပထမဆုံး စီမံကိန်းကို ရွေးပြီးပြီ”

ရှောင်ရှန်းသည် ကလောင်တံကို စားပွဲပေါ်သို့ ပစ်ချလိုက်ပြီး ပြတ်သားသော လေသံဖြင့် ပြောလိုက်သည်။

“ဒီနေရာပဲ ၊ နန်းတော်ရဲ့ ကျုံး”

“ငါကိုယ်တော် ဆုံးဖြတ်လိုက်ပြီ၊ ဒီနန်းတော် ကျုံးကို အကုန်လုံး မြေဖို့ပစ်မယ် ၊ အော်... မဟုတ်ဘူး၊ အဲဒီနေရာကို ရှုခင်းကြည့်ဖို့၊ ငါးမျှားဖို့နဲ့ ကစားဖို့အတွက်— ‘တော်ဝင် အထူး ငါးမွေးကန်’ အဖြစ် ပြောင်းလဲပစ်မယ်”

“အမ်—“

ထိုစကားများ ထွက်လာသည်နှင့် တစ်ဌာနလုံး ပွက်လောရိုက်သွားလေတော့၏။

ဆောက်လုပ်ရေး အမတ်ကြီး ကျိန်းဝိန်တောက်ခမျာ ကမ္ဘာကြီး ချာချာလည်သွားသလို ခံစားလိုက်ရပြီး လဲကျလုမတတ် ဖြစ်သွားသဖြင့်၊ ဘေးက လက်ထောက်က အမြန် ဆွဲကူထားရသည်။

“အိမ်ရှေ့စံ... အိမ်ရှေ့စံမင်းသား လုံးဝ မဖြစ်နိုင်ပါဘူး”

ကျိန်းဝိန်တောက်၏ အသံမှာ တုန်ယင်နေပြီး မျက်နှာအိုကြီးမှာလည်း စက္ကူလိုပင် ဖြူဖပ်နေလေ၏ ။

“ဒီကျုံးဆိုတာက နန်းတော်ကို ကာကွယ်ပေးထားတဲ့ ပထမဆုံး အကာအကွယ်ပါ မြို့တော်ရဲ့ လုံခြုံရေးအတွက် အရမ်း အရေးကြီးတာမို့ ငါးမွေးကန်အဖြစ် ပြောင်းဖို့... လုံးဝ လုံးဝ မဖြစ်နိုင်ပါဘူး!”

အခြား အရာရှိများလည်း သတိဝင်လာကြကာ ကြောက်လန့်တကြားဖြင့် ဝိုင်းဝန်း တားဆီးလေတော့၏။

“ဟုတ်ပါတယ် အရှင့်သား၊ ဒါက လုံးဝမှ မဖြစ်သင့်ပါဘူး”

“ကျုံးဆိုတာ ရှေးအစဉ်အလာအရ ရှိလာတာမို့ လျှောက်ပြင်လို့ မဖြစ်ပါဘူး”

“အရှင့်သား ပြန်စဉ်းစားပေးပါ၊ ဒါက တိုင်းပြည်ရဲ့ အုတ်မြစ်နဲ့ သက်ဆိုင်တာမို့ ကလေးကစားသလို လုပ်လို့ မရပါဘူး”

“ကျွန်တော်မျိုးလည်း ကန့်ကွက်ပါတယ်၊ အရှင့်သား အမိန့်ကို ပြန်ရုပ်သိမ်းပေးပါ”

လူတိုင်း၏ စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ ရှိသည်။

ဒီအိမ်ရှေ့စံမင်းသား ရူးသွားပြီလား…ကျုံးကို ငါးမွေးကန်အဖြစ် ပြောင်းမယ် ဟုတ်လား

ပုံမှန်အချိန်တွင် ဩဇာအာဏာ ရှိလှသော ဆောက်လုပ်ရေး အရာရှိများမှာ ယခုအခါတွင် ကမ္ဘာပျက်တော့မည့်အတိုင်း ဖြစ်နေလေ၏။

ဤအိမ်ရှေ့စံမင်းသားကြီးမှာ ပုံမှန်အားဖြင့် ငြိမ်နေတတ်သော်လည်း ၊ တစ်ခါထလုပ်လိုက်သည်နှင့် တစ်လောကလုံး တုန်လှုပ်အောင် လုပ်ပြနိုင်သည်။

သူ၏ ပထမဆုံး လက်စွမ်းပြမှုကြီးမှာ နန်းတော်၏ “လုံခြုံရေးတံခါး” ကို ဖျက်ဆီးဖို့ ကြံစည်နေခြင်းပင်။

ရှောင်ရှန်းသည် လူတိုင်း၏ ကြောက်လန့်နေသော ပုံစံများနှင့် တားဆီးသံများကို နားထောင်ရင်း စိတ်ထဲတွင် အတော်လေး နေလို့ထိုင်လို့ကောင်းနေသည်။

‘ ဟုတ်တယ်၊ ဒီလိုမျိုး ဖြစ်နေရမှာ …ပိုပြီး ရူးသွပ်ပြလေလေ ပိုကောင်းလေပဲ’

All Chapters