← Chapters

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

အခန်း (၄၃ ) - ကန်ထရိုက်တာ အိမ်ရှေ့စံ

ရှောင်ရှန်းသည် “မင်းတို့အားလုံးက တုံးလိုက်တာ” ဟူသော ပုံစံဖမ်းကာ ဟိုဟိုဒီဒီ လမ်းလျှောက်ရင်း သူ၏ အဓိပ္ပာယ်မဲ့သော ဆွေးနွေးမှုကြီးကို စတင်လေတော့၏။

“မင်းတို့ စဉ်းစားကြည့်စမ်း၊ ဒီကျုံးထဲက ရေတွေက နှစ်ပေါင်းများစွာ မလှုပ်မယှက်ဘဲ သေနေတဲ့ရေတွေ၊ နွေရာသီဆိုရင် ခြင်တွေတောင် ပေါသေးတယ်”

“ ဒါကို ငါးမွေးကန်အဖြစ် ပြောင်းလိုက်ရင် ရေတွေလည်း လှုပ်လှုပ်ရှားရှား ဖြစ်မယ် ၊ ငါးလေးတွေကလည်း ကူးခတ်နေတော့ ပတ်ဝန်းကျင်လည်း လှမယ် ဒါတင်မကသေးဘူး နန်းတွင်းမီးဖိုချောင်အတွက်လည်း လတ်ဆတ်တဲ့ ဟင်းတစ်ခွက် ရမယ်”

“ နောက်ပြီး ရံဖန်ရံခါ ငါးမျှားပြိုင်ပွဲတွေ ကျင်းပရင်လည်း ဘဏ္ဍာရေးအတွက် ဝင်ငွေရဦးမယ် ကြည့်စမ်း တစ်ချက်ခုတ် သုံးချက်ပြတ်ပဲ၊ ဘာလို့ မလုပ်ရမှာလဲ”

“လုံခြုံရေး ကိစ္စကတော့......”

ရှောင်ရှန်း၏ နှုတ်ခမ်းများသည် ကွေးညွှတ်သွားပြီး ၊ “မင်းတို့ကလည်း သေးသေးလေးကို အကြီးကြီး လုပ်နေကြတာပဲ” ဟူသော အမူအရာဖြင့်။

“အခု သာရှမင်းဆက်ကြီးက အေးချမ်းသာယာနေတာပဲ၊ ဘယ်သူက လာတိုက်မှာလဲ”

“တကယ်လို့ မျက်စိမရှိတဲ့ သူခိုးတွေ လာခဲ့ရင်တောင် ငါကိုယ်တော် မွေးထားတဲ့ ငါးတွေကို ‘လူသားစားငါး’ တွေဖြစ်အောင် လေ့ကျင့်ပေးထားမယ်၊ သူတို့က နန်းတော်ကို ကာကွယ်ပေးလိမ့်မယ်၊ ကြည့်စမ်း ဘယ်လောက်ကောင်းတုန်း”

“ဖူး—“

ထိုစကားကို ကြားလိုက်ရသည်နှင့် ၊ ကျိန်းဝိန်တောက်ခမျာ ရင်ထဲတွင် ဆို့တက်သွားပြီး သွေးအန်မတတ် ဖြစ်ခဲ့ရပြန်၏။

‘ လူသားစားငါးနဲ့ နန်းတော်ကို ကာကွယ်မယ်..

အိမ်ရှေ့စံမင်းသားရယ် ၊ တကယ်ကြီး ပြောနေတာလား’

‘ ဒါက ရူးတာတောင် ရိုးရိုးရူးတာ မဟုတ်ဘူး ၊ ဆရာကြီးအဆင့်ရောက်နေပြီ …သာရှမင်းဆက်ရဲ့ ကံကြမ္မာကို ကလေးကစားစရာလို လုပ်နေတာပဲ’

အမတ်ချုပ်ကြီး လင်းပေါ်ရုံမှာလည်း ဤသတင်းကို ကြားသည်နှင့် ချက်ချင်းပင် ညီလာခံတွင် ရှောင်ရှန်းကို “အဓိပ္ပာယ်မရှိသူ”၊ “အလွန်အမင်း ရူးသွပ်သူ” ဟု ရင်ထုမနာ ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်လေတော့၏။

ဤသည်မှာ “တိုင်းပြည်ပျက်မည့် နိမိတ်” ဟု ယူဆကာ သူသည် အမတ်ကြီးများစွာကို ဦးဆောင်၍ အိမ်ရှေ့စံကို ပြင်းထန်စွာ အပြစ်ပေးရန် နှင့် ဤရူးသွပ်သော အမိန့်ကို ပြန်လည်ရုပ်သိမ်းရန် တောင်းဆိုခဲ့သည်။

တစ်ခဏချင်းမှာပင် နန်းတော်တစ်ခုလုံး ရှောင်ရှန်း၏ “ကျုံးတွင် ငါးမွေးမည့်” စီမံကိန်းကြောင့် ဆူညံပွက်လော ရိုက်သွားလေတော့၏။

နဂါးပလ္လင်ပေါ်ရှိ ဧကရာဇ်မင်း ရှောင်ယွမ်သည် မှူးမတ်များ၏ ဒေါသတကြီး လျှောက်တင်သံများကို နားထောင်ရင်း၊ ဒေါသကြောင့် ရှုံ့မဲ့နေသော လင်းပေါ်ရုံ၏ မျက်နှာအိုကြီးကို ကြည့်နေသည်။

သူ၏ မျက်ဝန်းများမှာ ပုံမှန်ထက် ထူးခြားစွာ တည်ငြိမ်နေပြီး နှုတ်ခမ်းဖျားထက်တွင် အခြားသူများ သတိမထားမိနိုင်သော ထူးခြားသည့် အပြုံးတစ်ခု ရှိနေခဲ့သည်။

“အမတ်မင်းတို့ စိတ်အေးအေးထားကြပါ”

ရှောင်ယွမ်က လက်ကို မြှောက်ကာ တည်ငြိမ်သောအသံဖြင့် -

“အိမ်ရှေ့စံက ငယ်ရွယ်သေးတော့ အကြံသစ် ဉာဏ်သစ်တွေ ရှိတာက သဘာဝပါပဲ ၊ ငါကိုယ်တော် အမြင်အရတော့ သူ့ကို စမ်းခိုင်းကြည့်တာလည်း မဆိုးပါဘူး..လူငယ်ဆိုတာ အခက်အခဲနဲ့ မတွေ့ရင် ဘယ်လိုလုပ်ပြီး ကြီးပြင်းလာမှာလဲ”

“ကုန်ကျမယ့် ငွေကြေးကတော့......”

ဧကရာဇ်မင်း ရှောင်ယွမ်၏ စကားသံသည် ခဏရပ်တန့်သွားကာ “ဒီလို ဖြစ်မယ်ဆိုတာ ငါသိသားပဲ” ဟု တွေးနေသော ရှောင်ရှန်းကို ကြည့်ပြီး အေးအေးဆေးဆေးပင် မိန့်ကြားလိုက်သည်။

“ငါကိုယ်တော်ရဲ့ ကိုယ်ပိုင်ဘဏ္ဍာထဲကပဲ ထုတ်ပေးလိုက်မယ်၊ နိုင်ငံတော်ဘဏ္ဍာကို သုံးစရာမလိုဘူး”

“အယ်—“

ဧကရာဇ်မင်း၏ စကားများသည် နန်းတော်တစ်ခုလုံး ဟိုးဟိုးကျော်သွားလေတော့၏။

လင်းပေါ်ရုံမှာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်နေပြီး ၊ ရှောင်ရှန်းကို လက်ညှိုး တကောကော ထိုးရင်း အချိန်အတော်ကြာအောင် စကားပင်မပြောနိုင်ရှာပေ။

နောက်ဆုံးတွင် သူ၏ ဝတ်ရုံလက်စကို ခါယမ်းလိုက်ရင်း ။

“ အရှင်မင်းကြီး၊ အရှင်က... အရှင်က အိမ်ရှေ့စံရဲ့ ရူးသွပ်မှုကို အလိုလိုက်နေတာပဲ ၊ ကျွန်တော်မျိုး...... ကျွန်တော်မျိုး အသုံးမကျတာ၊ ကွယ်လွန်သူ ဧကရာဇ်မင်းကို မျက်နှာမပြရဲတော့ပါဘူး”

ရှောင်ရှန်း၏ စိတ်ထဲမှာတော့ အတိုင်းမသိ ပျော်ရွှင်နေလေ၏။

“အောင်ပြီ ကွ ၊ ခမည်းတော်က လုံးဝ လက်လျှော့လိုက်ပြီ…သူ့ကိုယ်ပိုင်ဘဏ္ဍာထဲက ငွေတွေတောင် ထုတ်ပေးတယ်ဆိုတော့ ငါ့ကို စိတ်ကြိုက် လျှောက်မွှေပြီး အိမ်ရှေ့စံရာထူးကနေ မြန်မြန်ပြုတ်အောင် လုပ်ခိုင်းတာပဲ”

“ဟားဟားဟား၊ ငါ့ရဲ့ နွေဦးကာလ ရောက်တော့မယ်”

သူသည် ဝမ်းသာအားရ အော်ဟစ်လိုက်ချင်သော်လည်း စိတ်ကို အတင်းထိန်းချုပ်ကာ အမြန်ပင် ဦးညွှတ် ဂါရဝပြုလိုက်သည် ။

“ခမည်းတော်ရဲ့ ယုံကြည်မှုအတွက် ကျေးဇူးတင်ပါတယ် ၊ သားတော်...... သားတော် ငါးတွေကို သေချာပေါက် ဂရုစိုက်ပါ့မယ်”

“သာရှမင်းဆက်ကြီးတော့ ပျက်တော့မှာပဲ” ဟူသော စိတ်ပျက်အားလျော့နေသည့် မှူးမတ်အရာရှိများ၏ အကြည့်များကြားတွင် ရှောင်ရှန်း၏ “တော်ဝင် ငါးမွေးကန်” စီမံကိန်းကြီးသည် အတင်းအဓမ္မ စတင်ခဲ့ချေပြီ။

နောက်တစ်နေ့တွင် အိမ်ရှေ့စံမင်းသား ရှောင်ရှန်းသည် အရှေ့နန်းဆောင်မှ အစောင့်အကြပ်များနှင့်အတူ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ “ငှားရမ်း” ထားသော စိုးရိမ်ပူပန်နေပုံရသည့် လက်သမားများကို ခေါ်ဆောင်ကာ နန်းတော်ကျုံးဘေးသို့ ခမ်းခမ်းနားနား ချီတက်လေတော့၏။

အလံများ တလူလူလွင့်လျက် ၊ ဗုံသံစည်သံများ မရှိသော်လည်း… အစီအစဉ်ကတော့ မသေးပေ။

ရှောင်ရှန်းသည် ကုလားထိုင်တစ်လုံးတွင် ထိုင်ကာ ထီးတစ်လက် ဆောင်းလျက်၊ ယပ်တောင်လေး တခတ်ခတ်၊ မြက်ပင်တစ်ပင်ကို ပါးစပ်ထဲထည့်ထားရင်း “ကန်ထရိုက်တာ” သမားတစ်ယောက်၏ ပုံစံအတိုင်း နုန်းမြေများ ဖယ်ရှားရေးကို ကိုယ်တိုင် “ကြီးကြပ်” လေတော့၏။

“ဟေ့ ဟိုဘက်ကလူ၊ နည်းနည်း ပိုတူးစမ်း…ငါကိုယ်တော် မွေးမှာက အလှမွှေးငါး၊ ငါးရှဉ့် မဟုတ်ဘူးကွ ”

“မင်းလည်း မြန်မြန်လုပ်စမ်း၊ နှေးနေရင် ငါကိုယ်တော် ငါးမျှားဖို့ နောက်ကျရင် မင်းကိုပဲ အပြစ်ရှာမှာနော်”

သူ၏ ကြီးကြပ်မှုမှာ “အရည်အသွေးထက် အရှိန်ကိုသာ ဦးစားပေး” ခြင်းသာ ဖြစ်သည်။ အလုပ်သမားများမှာ သူ၏ အတင်း စေခိုင်းမှုအောက်တွင် ညည်းညူနေကြပြီး၊ မြောင်းထဲတွင် နှစ်ပေါင်းများစွာ စုပုံနေသော နုန်းမြေများကို ကမ်းပေါ်သို့ ပစ်တင်ကာ စုပုံလေတော့သည်။

အခန်း(၄၄)

တစ်ခဏချင်းမှာပင် ကျုံးဘေးတစ်လျှောက် ရွှံ့နွံများဖြင့် ရှုပ်ပွနေပြီး ၊ ပုပ်စော်နံသော နုန်းနံ့များက နွေရာသီ၏ အပူဒဏ်နှင့် ပေါင်းစပ်သွားလေရာ လူတိုင်းကို မူးဝေသွားစေသည်။

လမ်းသွားလမ်းလာ နန်းတွင်းသူ၊ မိန်းမစိုးများမှာ နှာခေါင်းပိတ်ကာ အမြန်ပြေးကြရပြီး၊ ဤအိမ်ရှေ့စံသည် ‘တကယ့် ပြဿနာကောင်’ဟု စိတ်ထဲကနေ ကျိန်ဆဲသွားကြလေ၏။

မင်းသား(၃) ရှောင်ကျင်း၏ အိမ်တော်တွင် အကြံပေးသည် ရှောင်ရှန်း၏ ကျုံးဘေးမှ “စွမ်းဆောင်ချက်” များကို တစ်ခုမကျန် တင်ပြနေသည်။

“အရှင့်သား ဒီရှောင်ရှန်းက အတော်လေးကို ရူးသွပ်နေတာပဲ၊ သူက နုန်းမြေတွေကို စည်းကမ်းမရှိ ပုံခိုင်းထားလို့ ကျုံးဘေးမှာ အနံ့အသက်တွေ ဆိုးရွားပြီး လူတိုင်း စိတ်ပျက်နေကြတယ်”

“ ကျွန်တော်မျိုး အထင်အရတော့ သုံးရက်အတွင်းမှာ ပြည်သူတွေရဲ့ မကျေနပ်မှုတွေ နှိုးဆွမိပြီး၊ ရောဂါဘယတွေတောင် ဖြစ်လာနိုင်ပါတယ်”

အကြံပေးက အထင်သေးစွာ ပြောဆိုလိုက်သည်။

ရှောင်ကျင်း၏ နှုတ်ခမ်းတွင် အေးစက်သော အပြုံးတစ်ခု လှစ်ဟသွားလေ၏။

“ကောင်းပြီ ဆက်ပြီး စောင့်ကြည့်ထား၊ ငါကိုယ်တော် ကြည့်ချင်သေးတယ်၊ သူ ဘာတွေ ဆက်ရှုပ်ဦးမလဲဆိုတာ…”

“ အခြေအနေတွေ ထိန်းမရ ဖြစ်လာတဲ့အခါ ခမည်းတော်လည်း သူ့ကို ကာကွယ်ပေးနိုင်မှာ မဟုတ်တော့ဘူး”

ရှောင်ရှန်းသည် ကျုံးကို လုံးဝဖျက်ဆီးလိုက်သည်နှင့် သူသည် ချက်ချင်းပင် အပြစ်တင် လျှောက်ထားကာ သူ့ကို အရှေ့နန်းဆောင်ကနေ လုံးဝ မောင်းထုတ်ပစ်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။

ကျုံးဘေးတွင်မူ ၊ ရှောင်ရှန်းတစ်ယောက် သမ်းဝေလိုက်ပြီး နုန်းမြေများကို ဖြည်းဖြည်းချင်း တူးနေသော အလုပ်သမားများကို ကြည့်ရင်း ပျင်းရိနေသည်။

“တကယ်ကို ပျင်းစရာကောင်းလိုက်တာ......”

သူသည် ဗလုံးဗထွေး ပြောရင်း မြောင်းထဲမှ ဆယ်ယူလာသော အရာများကို ကြည့်လိုက်သည်။

မည်းညစ်နေသော နုန်းမြေများအပြင်၊ ရံဖန်ရံခါတွင် ဟောင်းနွမ်းနေသော အိုးခြမ်းပဲ့များ၊ သံချေးတက်နေသော သံထည်များ၊ ထို့အပြင် ဆွေးမြေ့နေသော သစ်သားများကိုပင် မြင်နေရသည်။

“ဟေ့ မင်းတို့”

ရှောင်ရှန်းက မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်ပြီး “ဉာဏ်အလင်း” တစ်ခု ရရှိသွားသကဲ့သို့…

“သေသေချာချာ တူးစမ်း၊ ဒီကျုံးအောက်မှာ ရှေးခေတ်က ရတနာတွေ မြှုပ်နေနိုင်တယ်…တကယ်လို့ ရွှေတုံးတွေ၊ ကျောက်စိမ်းတွေ တူးမိရင် ငါကိုယ်တော် အကြီးအကျယ် ဆုချမယ်”

သူသည် ပျင်းလွန်းသဖြင့် ပါးစပ်ထဲရှိရာ လျှောက်ပြောလိုက်ခြင်းသာ ဖြစ်သည်။

သို့သော် အလုပ်သမားများမှာ “အကြီးအကျယ် ဆုချမည်” ဆိုသော စကားကို ကြားသည်နှင့် မျက်လုံးများ တောက်ပသွားကြသည်။

မည်သူက ချမ်းသာချင်စိတ် မရှိဘဲ နေမည်နည်း။

ထို့ကြောင့် ရှောင်ရှန်း၏ “ထက်မြက်လှသော” ညွှန်ကြားမှုအောက်တွင် အလုပ်သမားများ၏ နုန်းမြေတူးသည့် “တက်ကြွမှု” မှာ အဆမတန် မြင့်တက်သွားပြီး၊ မြောင်းအောက်ခြေကို ပြောင်းပြန်လှန်မတတ် ကြိုးစားတူးကြတော့သည်။

ဤသို့ အားသွန်ခွန်စိုက် လုပ်လိုက်သောအခါ ရလဒ်မှာ ချက်ချင်းပင် ထွက်ပေါ်လာတော့၏။

မြောင်းအောက်ခြေမှ တူးဖော်ရရှိသည့် အရာတ္ထုများမှာ ပိုပို၍ များပြားလာသည်။

အစပိုင်းတွင် ကွဲအက်နေသော ပန်းကန်လုံး အပိုင်းအစများ၊ စွန့်ပစ်ထားသော အဝတ်အစားများကဲ့သို့ သာမန် အမှိုက်များသာ ဖြစ်သည်။

သို့သော် တဖြည်းဖြည်းနှင့် ထွက်လာသောအရာများမှာ “ထူးခြား” လာသည်။

စွန့်ပစ်ထားသော ဆောက်လုပ်ရေး ပစ္စည်းများ၊ ကျိုးပဲ့နေသော ကျောက်တုံးကြီးများ၊ အုတ်ခဲများ၊ ထို့အပြင် အစိုးရတံဆိပ် ခတ်နှိပ်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် စွန့်ပစ်ထားသော လက်နက်ချပ်ဝတ်တန်ဆာ အပိုင်းအစများကိုပင် တွေ့လာရသည်။

ဆောက်လုပ်ရေး အမတ်ကြီး ကျိန်းဝိန်တောက်မှာ ထိုသတင်းကြား၍ ရောက်ရှိလာချိန်တွင် ၊ ကမ်းပါးပေါ်ရှိ အမှိုက်ပုံကြီးကို ကြည့်ပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့နေသည်။

အထူးသဖြင့် အစိုးရပိုင် စွန့်ပစ်ပစ္စည်းများကို မြင်လိုက်ရသဖြင့် သူ့ခမျာ ထိတ်လန့်တကြား ဖြစ်နေရှာသည်။

“ဒါ... ဒါတွေက ဘာလို့ ဒီမှာ ရှိနေရတာလဲ”

ကျိန်းဝိန်တောက်မှာ သံချေးတက်နေသော လှံအကျိုးအပဲ့ အမှိုက်ပုံကြီးကို လက်ညှိုးထိုးရင်း အသံများပင် တုန်ယင်နေသည်။

ဘေးနားရှိ အတွေ့အကြုံရှိသော အရာရှိကြီး တစ်ဦးက အနီးကပ် ကြည့်ရှုပြီးနောက် လေးနက်သော မျက်နှာထားဖြင့် ဆိုလိုက်သည်။

“အမတ်ကြီး ဒီစွန့်ပစ်ပစ္စည်းတွေက မြောင်းထဲမှာ နှစ်ပေါင်းများစွာ စုပုံနေတာ ဒါကြောင့်ပဲ မြို့တော်မှာ မိုးရွာတိုင်း ရေမဆင်းနိုင်ဘဲ ရေကြီးတာ၊ ပြီးတော့ ဒါကလည်း ကျုံးရေတွေ ညစ်ပတ်နေရတဲ့ အဓိက အကြောင်းရင်း တစ်ခု ဖြစ်နေတာပဲ”

ထိုစကားများ ထွက်လာသည်နှင့် ဘေးနားရှိ အရာရှိများမှာ ကြောင်အမ်းသွားကြသည်။

အိမ်ရှေ့စံမင်းသားသည် အားတိုင်းယားတိုင်း လျှောက်လုပ်နေသည်ဟု ထင်မှတ်ခဲ့သော်လည်း၊ သို့သော် ဤသည်က မြို့တော်ကို နှစ်ပေါင်းများစွာ ဒုက္ခပေးနေသော ပြဿနာကြီးတစ်ခု၏ အဖြေကို ဖော်ထုတ်ပေးလိုက်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားပေ။

ရှောင်ရှန်းကမူ ဘေးကနေ နားထောင်ရင်း စိတ်ထဲကနေ ရေရွတ်နေလေ၏။

“အယ် မဟုတ်ဘူးလေ၊ ဒီလိုလည်း အလုပမဖြစ်သွားတာလား ..ငါက တကယ် ဖျက်ဆီးမလို့ လုပ်တာလေ”

သူ၏ “ ငပျင်းတစ်ယောက် ကံဇာတာ” သည် အတော်လေးကို ကြောက်စရာ ကောင်းလွန်းနေချေပြီ။

လူတိုင်း ဝိုင်းဝန်း ဆွေးနွေးနေကြစဉ်မှာပင်၊ မြောင်းထဲတွင် နုန်းတူးနေသော အလုပ်သမား တစ်ဦးက ရုတ်တရက် အော်ဟစ်လိုက်သည်။

“အရာရှိမင်းတို့ ၊ အိမ်ရှေ့စံမင်းသား.. တွေ့ပြီ ၊ ခပ်မာမာ အရာတစ်ခုကို တူးမိပြီ”

လူတိုင်း လှမ်းကြည့်လိုက်ရာ၊ ထိုအလုပ်သမား၏ ခြေရင်း၊ နုန်းမြေများကြားထဲတွင် မည်းမှောင်နေသော သတ္တုအနားစတစ်ခု ထွက်ပေါ်နေသည်ကို တွေ့လိုက်ရသည်။

အလုပ်သမား အချို့က ဝိုင်းဝန်း တူးဖော်လိုက်ကြရာ၊ မကြာမီမှာပင် ပုပ်စော်နံသော နုန်းမြေများကြားမှ မည်းနက်နေသည့် တစ်ပေခန့်ရှိသော သံသေတ္တာကြီးတစ်လုံးကို ဆွဲထုတ်နိုင်ခဲ့ကြသည်။

“ဖွင့်လိုက်၊ မြန်မြန် ဖွင့်ကြည့်စမ်း”

ရှောင်ရှန်းလည်း စိတ်ဝင်စားသွားကာ အနားသို့ တိုးကပ်သွားသည်။

ထိုသံသေတ္တာမှာ ရေအောက်တွင် နှစ်ပေါင်းမည်မျှ ရှိနေမှန်း မသိသဖြင့် သံချေးများ တက်နေကာ သော့ခလောက်မှာလည်း ပျက်စီးနေပြီ ဖြစ်သည်။ အလုပ်သမား တစ်ဦးက သံတူရွင်းဖြင့် အတင်း တွန်းဖွင့်လိုက်ရာ...

“ဂျွတ်—“

ကြည်လင်ပြတ်သားသော အသံတစ်ချက်နှင့်အတူ သေတ္တာအဖုံး ပွင့်သွားတော့သည်။

အားလုံး၏ အကြည့်မှာ သေတ္တာထဲသို့ စုပြုံ ကျရောက်သွားသည်။

သေတ္တာထဲတွင် ရွှေငွေ ရတနာများလည်း မရှိသလို ကျောက်စိမ်း ရှေးဟောင်း ပစ္စည်းများလည်း မရှိပေ။

သေတ္တာထဲတွင် လက်ဝါးခန့်ရှိသော၊ အထူ တစ်လက်မခွဲခန့်ရှိသည့် သံပြား အချို့သာ ရှိသည်။

ထိုသံပြားများမှာ မည်းနက်နေပြီး ကိုင်လိုက်လျှင် အလွန် အေးစက်လှသည်။ အထူးခြားဆုံးမှာ သံပြားတစ်ခုစီပေါ်တွင် ရှေးဟောင်း အတတ်ဖြင့် ထွင်းထုထားသော လှုပ်လှုပ်ရှားရှား ဖြစ်နေသည့်၊ ဖားလောင်းလေးများနှင့် တူသလို တစ်ဖန် မြွေနဂါးများနှင့်လည်း တူသော ထူးဆန်းသည့် မှော်အက္ခရာစာလုံးများပင် ဖြစ်သည်။

ထိုစာလုံးများသည် မဖော်ပြနိုင်သော ရှေးဟောင်း အငွေ့အသက်နှင့် လျို့ဝှက်ဆန်းကြယ်မှုများကို ထုတ်လွှတ်နေသကဲ့သို့ ရှိရာ၊ တစ်ချက်ကြည့်လိုက်ရုံဖြင့် ရင်ထဲတွင် အကြောင်းရင်းမရှိဘဲ တင်းကျပ်သွားစေသည်။

“ဒါ... ဒါတွေက ဘာတွေလဲ”

ရှောင်ရှန်းသည် သံပြားတစ်ခုကို ယူ၍ ဟိုလှန်ဒီလှန် ကြည့်သော်လည်း ဘာမှန်း မသိပေ။

အမတ်ကြီး ကျိန်းဝိန်တောက် နှင့် အခြားသူများလည်း ဝိုင်းကြည့်ကြသော်လည်း ဘာမှန်း မသိကြဘဲ၊ ထိုအရာများတွင် ထူးခြားသော လျှို့ဝှက်ချက် တစ်ခုခု ရှိနေသည်ဟုသာ ခံစားနေရတော့သည်။

All Chapters