အခန်း (၄၅-၄၆)
Vol. 5 Ch. 45-46
အခန်း (၄၅) - ရေကြီးရေလျှံမှုပြဿနာကို တစ်ရက်တည်းနဲ့ ဖြေရှင်းနိုင်ခဲ့ခြင်း
ရှောင်ရှန်းမှာ ထိုသံပြားအစုတ်များကို လေ့လာနေရန် အချိန်မရှိပေ။ သူ့ခေါင်းထဲတွင် ဤ”တော်ဝင် ငါးမွေးကန်” စီမံကိန်းကို မည်သည့်နည်းဖြင့် အမြန်ဆုံး ပျက်စီးအောင် လုပ်ရမည်ကိုသာ တွေးနေလေ၏။
ထိုမှသာလျှင် သူသည် ဤဒုက္ခတွင်းကနေ အမြန်ဆုံး လွတ်မြောက်နိုင်ပေတော့မည်။
“ဒါက ဘာကြီးလဲ၊ မည်းတူးနေတာပဲ၊ လေးလည်း လေးလိုက်တာ”
ရှောင်ရှန်းသည် လက်ထဲက သံပြားကို ချိန်ကြည့်ပြီးနောက် ရွံရှာသော မျက်နှာဖြင့် ဘေးနားရှိ မိန်းမစိုးလေး ရှောင်သယ့်ဇီ ထံသို့ ပစ်ပေးလိုက်သည်။
“ရှောင်သယ့်ဇီ၊ ဒါကို ယူသွားစမ်း၊ သံအပိုင်းအစအဖြစ် ရောင်းလို့ရမလား ကြည့်လိုက်ဦး၊ ရတဲ့ငွေနဲ့ ငါကိုယ်တော်အတွက် သကြားလုံးဝယ်ခဲ့ပေး”
ရှောင်သယ့်ဇီမှာ အရှိန်ဖြင့် ဖမ်းလိုက်ရသဖြင့် သံပြား၏ အလေးချိန်ကြောင့် ခန္ဓာကိုယ်တစ်ခုလုံး ယိုင်လဲလုနီးပါး ဖြစ်သွားပြီး ထို့နောက် မျက်နှာငယ်လေးဖြင့် ပြောရှာသည်။
“အရှင့်သား... ဒါကြီးက ကြည့်ရတာ တစ်မျိုးကြီးပဲ၊ ရောင်းလို့ရပါ့မလား”
“ရောင်းမရရင်လည်း လွှင့်ပစ်လိုက်! နေရာရှုပ်တယ်!”
ရှောင်ရှန်းက စိတ်မရှည်စွာဖြင့် လက်ယမ်းပြလိုက်သည်။
သူ့စိတ်ထဲမှာတော့ ဤကျုံးကို မည်သို့ ပျက်စီးအောင် လုပ်ပြီး ၊ ပြင်လို့မရတဲ့အထိ ပျက်စီးသွားခဲ့မည်ဆိုပါက ခမည်းတော်သည် ဒေါသတကြီးဖြင့် သူ့ကို အိမ်ရှေ့စံ ရာထူးမှ ဖြုတ်ပစ်ရန်သာ တွေးတောနေသည်။
ကျိန်းဝိန်တောက် အပါအဝင် ဆောက်လုပ်ရေး အရာရှိများမှာ ထိုသံပြားဆီမှ အကြည့်လွှဲလိုက်ကြပြီ ဖြစ်သည်။ သူတို့သည် ကျုံးဘေးတွင် တောင်ပုံရာပုံ ဖြစ်နေသော နုန်းမြေများနှင့် စွန့်ပစ်ပစ္စည်းများကို ကြည့်ရင်း မျက်နှာအမူအရာများမှာ မကောင်းလှပေ။
ရှောင်ရှန်း၏ “အလွဲလွဲအချော်ချော် ညွှန်ကြားမှု” ကြောင့် ထွက်လာသော ပစ္စည်းများမှာ အတော်လေး စုံလင်လှသည်။ သာမန်အမှိုက်များအပြင် အစိုးရပိုင် ဆောက်လုပ်ရေး ပစ္စည်းဟောင်းများ၊ ကျောက်တုံးကြီးများ၊ ကျိုးပဲ့နေသော လက်နက်များနှင့် ချပ်ဝတ်တန်ဆာ အပိုင်းအစများစွာ ပါဝင်နေသည်။
ထိုအရာများသည် နှစ်ပေါင်းများစွာ မြောင်းထဲတွင် ပိတ်ဆို့နေသဖြင့် ကျယ်ဝန်းသော ကျုံးမှာ ရေစီးဆင်းရန် အခက်အခဲရှိနေခဲ့ခြင်း ဖြစ်သည်။
“အမတ်ကြီး ကြည့်ပါဦး......”
ဆောက်လုပ်ရေးဌာနတွင် နှစ်ပေါင်းများစွာ လုပ်သက်ရှိသော အရာရှိအိုကြီး တစ်ဦးက တောင်လိုပုံနေသော အမှိုက်ပုံကြီးကို လက်ညှိုးထိုးရင်း ဖြူဖပ်ဖြူရော်မျက်နှာဖြင့် ပြောလိုက်သည်။
ရှောင်ရှန်းကတော့ ဤအရာများကို ဂရုမစိုက်ပေ။ သူသည် ကုလားထိုင်ပေါ်တွင် အေးအေးလူလူ ထိုင်ရင်း ၊ အလုပ်သမားများကို ဟိုညွှန်ဒီညွှန်နှင့် ကျပန်းညွှန်ကြားနေလေ၏။
“ဟိုဘက်၊ ဟုတ်တယ် မင်း..ပိုတူးစမ်း၊ ငါကိုယ်တော်ရဲ့ အလှမွှေးငါးတွေက နဂါးနန်းတော်မှာ နေမှာ၊ မြေကျင်းထဲမှာ နေမှာမဟုတ်ဘူး ကွ”
“မြန်မြန် ၊ အားလုံး ခတ်သွက်သွက် လုပ်စမ်း…မိုးမချုပ်ခင် ဒီအပိုင်းကို မပြီးရင် မင်းတို့ကို မြောင်းထဲပစ်ချပြီး ငါးစာကျွေးပစ်မယ်”
သူ့အမိန့်များမှာ စည်းကမ်းမရှိဘဲ စိတ်အလိုကျ ခိုင်းနေခြင်းသာ ဖြစ်သည်။ သို့သော်လည်း ထို “ကန်ထရိုက်တာ အိမ်ရှေ့စံ” ၏ “အလွဲလွဲအချော်ချော် ညွှန်ကြားမှု” အောက်တွင် နုန်းတူးခြင်း အလုပ်မှာ ထူးဆန်းစွာပင် “အလွန်လျှင်မြန်” နေခဲ့သည်။
အလုပ်သမားများမှာ သူ၏ အတင်းခိုင်းစေမှုကြောင့် ပျာယာခတ်နေကြပြီး၊ ဤမင်းသားသည် တစ်ခုခု အလိုမကျသည်နှင့် သူတို့ကို မြောင်းထဲ တကယ်ပစ်ချမည်ကို ကြောက်ရွံ့ကာ မနားတမ်း လုပ်နေကြသည်။
ရက်အနည်းငယ်အတွင်းမှာပင် ပိတ်ဆို့နေသော အဓိက ရေလမ်းကြောင်း အချို့မှာ “သန့်ရှင်း”သွားခဲ့လေသည်။
သို့သော်ငြား ၊ ထို “သန့်ရှင်းသွားခြင်း” မှာ ရေလမ်းကြောင်းကိုသာ ဆိုလိုခြင်း ဖြစ်သည်။ ကျုံးဘေးတစ်လျှောက်မှာမူ နုန်းမြေများက တောင်လိုပုံနေဆဲဖြစ်ပြီး ပုပ်စော်နံသော အနံ့အသက်များဖြင့် ပြည့်နှက်နေကာ အနည်းငယ် ကြည်လင်လာသော ရေများနှင့် ဆန့်ကျင်ဘက်ပင်။
ရှောင်ရှန်းသည် ကိုယ့် “လက်ရာ” ကို ကြည့်ရင်း ကျေနပ်နေလေ၏။
“ဟားးဟားး၊ နောက်ရက်အနည်းငယ်နေလို့ ဒီနုန်းမြေတွေ နေပူမိပြီး လေတိုက်လိုက်ရင်တော့ နန်းတော်တစ်ခုလုံး ဒီ ‘ရနံ့’ တွေ ပျံ့သွားမှာ သေချာတယ်”
“ အဲဒီအချိန်ကျမှ ခမည်းတော်နဲ့ အဘိုးကြီးတွေ ဘယ်လိုအောင့်ခံမလဲ ကြည့်ကြသေးတာပေါ့”
ရှောင်ရှန်းသည် သူ၏ “အောင်မြင်မှုကြီး” ကို ထပ်မံချဲ့ထွင်ရန် ကြံစည်နေစဉ်မှာပင်၊ မိုးကောင်းကင်ကြီးကလည်း ဝိုင်းကူပေးချင်ပုံရသည်။
ခဏလေးအတွင်းမှာပင် ကြည်လင်ပြာလဲ့နေသော ကောင်းကင်ကြီးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် မည်းမှောင်လာပြီး၊ မိုးတိမ်များ ဝင်ရောက်လာကာ မြို့တော်တစ်ခုလုံးကို ဖုံးလွှမ်းသွားလေ၏။ မိုးပေါက်ကြီးများမှာ ကြိုတင်အသိပေးခြင်း မရှိဘဲ ဝုန်းခနဲ ကျလာကာ သည်းကြီးမည်းကြီး ရွာသွန်းလေတော့သည်။
“ ဂျိန်း!” ဟူသော မိုးခြိမ်းသံကြီးနှင့်အတူ မိုးများက သည်းထန်စွာ ရွာသွန်းနေလေ၏။
ဤမိုးသည် သုံးရက်သုံးညတိုင်တိုင် မနားတမ်း ရွာသွန်းနေသဖြင့် မြို့တော်အတွင်း ရေများ မြင့်တက်လာကာ လမ်းမများပေါ်တွင် ရေများဖြင့် လွှမ်းမိုးနေလေ၏။
ပြည်သူများမှာလည်း ပြတင်းပေါက်မှနေ၍ သည်းထန်သော မိုးကို ကြည့်ရင်း၊ အရင်နှစ်များကကဲ့သို့ “အိမ်ပြင်ထွက်ရင် ပင်လယ်ပြင်တွေ့ရမည့်” ဘေးဒုက္ခမျိုး ထပ်ဖြစ်မှာကို စိုးရိမ်နေကြသည်။
နန်းတော်တွင်လည်း မှူးမတ်များမှာ စိုးရိမ်ပူပန်နေကြသည်။ နေရာအနှံ့မှ ရေကြီးနေကြောင်း၊ အိမ်ခြေများ ပြိုကျနိုင်ကြောင်း တင်ပြချက်များ တစ်ခုပြီးတစ်ခု ရောက်ရှိလာသည်။
နဂါးပလ္လင်ပေါ်ရှိ ဧကရာဇ်မင်း ရှောင်ယွမ်မှာလည်း မျက်နှာတော် မကောင်းလှပေ။
မင်းသား(၃) ရှောင်းကျင်း မှာ ညီလာခံတွင် ရပ်နေရင်း ၊ သူ၏ နှုတ်ခမ်းဖျားတွင် လှောင်ပြုံးလေး တစ်ခု ရှိနေခဲ့သည်။
သူ၏ စိတ်ထဲတွင် ဤသို့ ရေရွတ်နေလေ၏။
“ရှောင်ရှန်း၊ ဒီတစ်ခါတော့ မင်း ဘယ်လိုရှင်းမလဲ ကြည့်ရသေးတာပေါ့၊ ကျုံးကို မင်း လျှောက်လုပ်ထားတာ … ဒီမိုးကြီးက မင်းရဲ့ ‘ငါးမွေးကန်’ ကို ‘ရေဘေးဒုက္ခ’ အဖြစ် ပြောင်းပေးလိုက်ပြီး ၊ မြို့တော်တစ်ခုလုံး ရေနစ်သွားရင် ခမည်းတော် မင်းကို ဘယ်လိုကာကွယ်မလဲ ကြည့်ရသေးတာပေါ့”
သူသည် ကျုံးတွင် ပြဿနာတက်သည်နှင့် လူအင်အားဖြင့် “ကယ်ဆယ်ရေး” လုပ်ကာ ပြဿနာအားလုံးကို ရှောင်ရှန်း၏ ခေါင်းပေါ် ပုံချရန် ကြံစည်ထားပြီး ဖြစ်သည်။
သို့သော်လည်း လူတိုင်းက မြို့တော်သည် ရေကြီးမှုနှင့် ကြုံတွေ့ရတော့မည်ဟု ထင်နေချိန်တွင် အံ့ဖွယ်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
အရင်နှစ်များက မိုးသည်းလျှင် မြို့၏ မြေနိမ့်ပိုင်းဒေသအတော်များများသည် ရေပြင်ကျယ်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သို့သော် ယခုတစ်ခါတွင် မိုးသည်းထန်နေသော်လည်း ထိုနေရာများတွင် ရေတတ်ခြင်းမရှိပေ။
မြို့တစ်ဝှမ်းရှိ ရေမျက်နှာပြင်များသည် မြင့်တတ်နေဆဲ ဖြစ်သော်လည်း အရင်နှစ်များကဲ့သို့ အထိန်းအကွပ်မရှိ တက်လာခြင်း မရှိဘဲ တည်ငြိမ်နေသည်။
မိုးခဏစဲချိန်တွင် အရာရှိများသည် ထိုဒေသများသို့ သွားရောက် စစ်ဆေးကြည့်ရာ၊ အရင်က ရေကြီးရမည့် မိုးရေများမှာ အိမ်ရှေ့စံမင်းသား၏ “လျှောက်မွှေ “ ထားသော ကျုံးအတွင်းသို့ စီးဝင်သွားပြီး၊ ထိုမှတစ်ဆင့် မြို့ပြင်ရှိ သုံဟွေ့မြစ်ထဲသို့ အရှိန်အဟုန်ဖြင့် စီးဆင်းသွားသည်ကို တွေ့ရှိလိုက်ရသည်။
အခန်း(၄၆)
ရှောင်ရှန်း၏ အတင်းအကျပ် စေခိုင်းမှုအောက်တွင် တူးဖော်ထားသော ရေလမ်းကြောင်းများသည် ယခုအခါတွင် ငတ်မွတ်နေသော နဂါးကြီးများကဲ့သို့ မြို့ထဲမှ မိုးရေများကို အငမ်းမရ ဝါးမြိုပစ်နေသကဲ့သို့ပင်။
ကျုံးဘေးရှိ တောင်လိုပုံနေသော နုန်းမြေများမှာလည်း ကြည့်ရဆိုးသော်လည်း၊ ၎င်းတို့က ရေတားတမံများသဖွယ် ရေများ ကမ်းပေါ်သို့ လျှံမတက်အောင် တားဆီးပေးထားလေ၏။
ထိုသတင်းသည် နန်းတော်သို့ ရောက်ရှိသွားသောအခါ မှူးမတ်များမှာ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြတော့သည်။
ဆောက်လုပ်ရေး အမတ်ကြီး ကျိန်းဝိန်တောက် မှာမူ ဝမ်းသာလွန်းသဖြင့် မျက်ရည်များပင် စီးကျလာလေ၏။ သူကိုယ်တိုင် ကျုံးဘေးသို့ သွားရောက်ကာ အခြေအနေကို စစ်ဆေးခဲ့ပြီး၊ အောက်ဘက်သို့ အရှိန်အဟုန်ဖြင့် စီးဆင်းသွားသော ရေများကို ကြည့်ရင်း အရှေ့နန်းဆောင်ဘက်သို့ လှည့်၍ ဦးညွှတ် ဂါရဝပြုလေတော့သည်။
“အိမ်ရှေ့စံမင်းသားက...... တကယ့်ကို နတ်ဘုရားပါပဲ”
သာ့ရှမင်းဆက်ကို ဆယ်စုနှစ်ပေါင်းများစွာ ဒုက္ခပေးခဲ့ပြီး ဧကရာဇ်မင်းနှင့် မှူးမတ် အဆက်ဆက် မည်သို့မျှ မဖြေရှင်းနိုင်ခဲ့သော ရေဘေးပြဿနာကြီးသည် အိမ်ရှေ့စံမင်းသား၏ ရယ်စရာကောင်းလှသော “ငါးမွေးကန်” စီမံကိန်းကြောင့် ပြေလည်သွားခဲ့လေသလော။
ဤသည်မှာ အတော်လေးကို...... မယုံနိုင်စရာပင်။
မိုးစဲ၍ နေပြန်ထွက်လာချိန်တွင် နံနက်ခင်း နေရောင်ခြည်က မှောင်မိုက်မှုများကို ဖြိုခွငိးပစ်လိုက်သည်။
ချန်ချင်းနန်းဆောင်တွင် အခြေအနေမှာ အရင်နေ့များနှင့် မတူ ကွဲပြားနေလေ၏။ မှူးမတ်များ၏ ရှုပ်ထွေးသော အကြည့်များက ရှေ့ဆုံးတွင် ရပ်နေသော အိမ်ရှေ့စံမင်းသား ရှောင်ရှန်း အပေါ်သို့ စုပြုံကျရောက်နေလေ၏။
ယင်း၌ အံ့ဩမှု၊ ရိုသေမှု၊ ထို့အပြင် ဖော်ပြမတတ်သော...... လေးစားမှုများ ပါဝင်နေသည်။
ဧကရာဇ်မင်း ရှောင်ယွမ်သည် အလွန်ဝမ်းမြောက်နေကာ ကျယ်လောင်စွာ ကြေညာလိုက်သည်။
“အိမ်ရှေ့စံ ရှောင်ရှန်းဟာ ပုံမှန်မဟုတ်တဲ့ နည်းလမ်းတွေကို သုံးတတ်ပေမယ့် ဒါပေမဲ့ ဒီလို ထူးခြားတဲ့ အတွေးအခေါ်ကြောင့် ဆယ်စုနှစ်ပေါင်းများစွာ မဖြေရှင်းနိုင်ခဲ့တဲ့ ရေဘေးဒုက္ခကို ဖြေရှင်းပေးနိုင်ခဲ့တယ်”
“ ဒါဟာ ကြီးမားတဲ့ အောင်မြင်မှုကြီးပဲ၊ ရွှေစင် တစ်ထောင်၊ ပိုးထည် အလိပ် တစ်ရာနဲ့ ကျောက်စိမ်း ရုယီ တစ်စုံ ဆုချစေ”
ထို့နောက် ဆောက်လုပ်ရေးဌာနမှ ကူညီခဲ့သော အရာရှိများကိုလည်း ဆုလာဘ်များ ပေးသနားခဲ့သည်။
အမတ်ချုပ်ကြီး လင်းပေါ်ရုံမှာ ရှေ့ဆုံးတွင် ရပ်နေရင်း မျက်နှာအိုကြီးမှာ နီရဲနေကာ၊ သူ၏ မုတ်ဆိတ်မွေးများမှာလည်း ဒေါသကြောင့် မဟုတ်ဘဲ စိတ်လှုပ်ရှားမှုကြောင့် တဆက်ဆက် တုန်နေလေ၏။
သူသည် ပလ္လင်ပေါ်မှ ပြုံးနေသော ဧကရာဇ်မင်းကို တစ်လှည့်၊ “ငါက ဘယ်သူလဲ၊ ငါ ဘယ်ရောက်နေတာလဲ၊ ဘာတွေဖြစ်ကုန်တာလဲ” ဆိုသည့် မျက်နှာပေးနှင့် ရှောင်ရှန်းကို တစ်လှည့် ကြည့်နေတော့သည်။
‘ဒါ... ဒါမျိုးလည်း ဖြစ်နိုင်တာပဲလား၊ ကျုံးကို ငါးမွေးကန် ပြောင်းလိုက်တာက ရေဘေးကို ဖြေရှင်းပေးနိုင်တယ်တဲ့လား’
‘ ဒီကောင်လေးက...... တကယ်ပဲ ကောင်းကင်ဘုံက ပေးတဲ့ ကံကောင်းခြင်းကြယ်လား၊ ငါ...... ငါများ လူမှားကြည့်မိတာလား’
လင်းပေါ်ရုံ၏ စိတ်ထဲတွင် လှိုင်းထန်နေတော့သည်။ ရှောင်ရှန်းအပေါ် ယခင်က ထားရှိခဲ့သော မကျေနပ်မှုများမှာ ယခု ဖြစ်ရပ်ကြောင့် အကုန်အစင် ပျောက်ကွယ်သွားခဲ့ပြီပင်။
ရှောင်ရှန်းခမျာ တောက်ပသော ဧကရာဇ် အမိန့်တော်နှင့် ဆုလာဘ် စာရင်းများကို ကြည့်ရင်း၊ မျက်စိထဲတွင် မှောင်အတိ ကျသွားကာ သွေးအန်မတတ် ခံစားလိုက်ရသည်။
“ငါ... ငါ တမင်လုပ်တာ မဟုတ်ဘူးလေ”
သူ၏ စိတ်ထဲတွင် ရူးမတတ် အော်ဟစ်နေလေ၏။
“ငါက မြောင်းကို ဖျက်ဆီးမလို့ လုပ်တာလေ၊ ငါးတွေ အကုန် ထွက်ပြေးသွားအောင်၊ လမ်းတွေ ရေနစ်သွားအောင် လုပ်ပြီး ခမည်းတော် ငါ့ကို စိတ်ပျက်သွားအောင် လုပ်တာလေ၊ ဘယ်လို...... ဘယ်လိုလုပ် ထပ်ပြီး အကျိုးဆောင်မှုကြီး ဖြစ်သွားပြန်တာတုန်း”
ဒီသောက်ကျိုးနည်း “ငပျင်းကံတရား” ကတော့လေ လူကို သေအောင် သတ်နေတာပဲ…
အိမ်ရှေ့စံ ရာထူးမှ အဖြုတ်ခံရမည့် စီမံကိန်းကြီးသည် နောက်တစ်လှမ်း ဝေးကွာသွားပြန်သည် ။ ရှောင်ရှန်းတစ်ယောက်
ငိုချင်သော်လည်း မျက်ရည်မထွက်နိုင် ဖြစ်နေပြန်သည်။
အရှေ့နန်းဆောင်မှ “မျှော်လင့်မထားသော ဝမ်းမြောက်မှု” နှင့် ရှောင်ရှန်း၏ “ဝမ်းနည်းပူဆွေးမှု” တို့နှင့် ဆန့်ကျင်ဘက်ဖြစ်သည်မှာ မင်းသား(၃) အိမ်တော်ရှိ အုံ့မှိုင်းသော အခြေအနေပင်။
“အသုံးမကျတဲ့ကောင်တွေ အကုန်လုံး အသုံးမကျတဲ့ကောင်တွေ”
ရှောင်ကျင်းသည် လက်ထဲက လက်ဖက်ရည်ခွက်ကို မြေပြင်ပေါ်သို့ အရှိန်ဖြင့် ပစ်ပေါက်လိုက်ရာ တန်ဖိုးကြီး ကြွေခွက်မှာ ကွဲကြေသွားလေ၏။
သူသည် ရှောင်ရှန်း၏ ငါးမွေးစီမံကိန်းကြီးကို အခွင့်ကောင်းယူကာ ဆောက်လုပ်ရေး အသုံးစရိတ်ထဲမှ ခိုးယူ အမြတ်ထုတ်ပြီး ရှောင်ရှန်းကို အမှုဆင်ရန် ကြံစည်ခဲ့သည်။
သို့သော် ခမည်းတော်က သူ၏ ကိုယ်ပိုင်ဘဏ္ဍာထဲမှ ငွေထုတ်ပေးလိုက်သဖြင့် သူ့လူများ ဝင်ရှုပ်ခွင့် မရလိုက်ပေ။
ထို့အပြင် ဆောက်လုပ်ရေးဌာနတွင် ထည့်သွငိးထားသော သူ၏ လူများမှာလည်း အလုပ်နှောင့်နှေးအောင် လုပ်ရန် ကြံစည်ခဲ့သော်လည်း၊ ရှောင်ရှန်း၏ “အလွဲလွဲအချော်ချော် ညွှန်ကြားမှု” နှင့် “အတင်းအကျပ် ခိုင်းစေမှု” တို့ကြောင့် ပြဿနာတက်ခဲ့ရသည်။
ယင်းအစား ရှောင်ရှန်း၏ “အလုပ်မကြိုးစားသူ” ဟု အမည်တပ်ခံရကာ ဆောက်လုပ်ရေးဌာန၏ အပြစ်ပေးခြင်းကို ခံလိုက်ရလေ၏။
“ရှောင်ရှန်း၊ ငါ မင်းနဲ့ လုံးဝ မပြီးသေးဘူး”
သူသည် အံကြိတ်ကာ မျက်ဝန်းထဲတွင် အမုန်းတရားများဖြင့် ပြည့်နှက်နေခဲ့သည်။
ယခုအချိန်တွင် အရှေ့နန်းဆောင်၌ ရှောင်ရှန်းသည် ရှောင်သယ့်ဇီ ကောက်ယူလာသော အမှိုက်ပုံထဲမှ သံပြားများကို ကြည့်ရင်း စိတ်ညစ်နေသည်။ ရေဘေးပြဿနာ ပြေလည်သွားသဖြင့် ထိုကျုံးထဲမှ တူးမိသောအရာများကို အရာရှိအချို့က “မင်္ဂလာနိမိတ်” ဟု ယူဆကြကာ သူ့ကို လွယ်လွယ်နှင့် လွှင့်ပစ်ခွင့် မပေးကြတော့ပေ။
“ဒီအစုတ်တွေက ဘာများ အသုံးဝင်မှာလဲ”
ရှောင်ရှန်းသည် သံပြားတစ်ခုကို ယူ၍ နေရောင်အောက်တွင် ကြည့်လိုက်ရာ၊ အပေါ်က စာလုံးများမှာ ထူးခြားဆန်းကြယ်သော ပုံစံဖြင့် ရှိနေဆဲပင်။
သူသည် စိတ်ပျက်စွာဖြင့် သံပြားကို စားပွဲပေါ် ပစ်ချလိုက်သည် ။
“ထားလိုက်တော့၊ ငါကိုယ်တော် နောက်တစ်ဆင့် ‘တော်ဝင် ငါးမွေးကန်’ ကို ဘယ်လိုမျိုး လုံးဝ ပျက်စီးသွားအောင် လုပ်ရမလဲဆိုတာပဲ စဉ်းစားတော့မယ်”