အခန်း (၄၇-၄၈)
Vol. 5 Ch. 47-48
အခန်း (၄၇) - ရွှေငါးလေးက “စာပို့သမား” ဖြစ်နေတာလား
ရေဘေးပြဿနာမှာ မျှော်လင့်မထားဘဲ ပြေလည်သွားခဲ့သဖြင့် ရှောင်ရှန်းတစ်ယောက် “သူ့အလိုလို”အောင်မြင်မှုကြီး တစ်ခု ရရှိသွားခဲ့ပြန်၏။
ခမည်းတော်မှာ အတော်လေး ဝမ်းသာကျေနပ်နေပြီး၊ ဆုလာဘ်များမှာ အရှေ့နန်းဆောင်သို့ ဒီရေအလား စီးဝင်နေလေ၏။
“မဖြစ်ဘူး လုံးဝ မဖြစ်ဘူး”
ဤအတိုင်းသာ အောင်မြင်မှုများ ဆက်လက် ရရှိနေမည်ဆိုပါက ၊ သူသည် အိမ်ရှေ့စံ ရာထူးဖြင့် အရိုးထုတ်ရပေတော့မည်။
သူသည် ပေါင်ကို ဝုန်းခနဲ ပုတ်လိုက်ရာ ဘေးနားတွင် ငိုက်နေသော ရှောင်သယ့်ဇီမှာ လန့်နိုးသွားလေ၏။
“အရှင့်သား... အရှင့်သား ဘာဖြစ်လို့လဲ”
ရှောင်သယ့်ဇီသည် အိပ်ချင်မူးတူး မျက်လုံးများကို ပွတ်သပ်ရင်း သခင်ဖြစ်သူကို ကြောင်ကြည့်နေသည်။
“ငါကိုယ်တော် အကြံကောင်းတစ်ခု ရပြီ”
ရှောင်ရှန်း၏ မျက်ဝန်းများသည် တောက်ပသွားပြီး နှုတ်ခမ်းဖျားတွင် ညစ်တေတေ အပြုံးတစ်ခု ရှိနေလေ၏။
“ဒီကျုံးက ရေလမ်းကြောင်း ပွင့်သွားပြီဆိုမှတော့ ငါးမမွေးဘူးဆိုရင် နှမြောစရာကြီး မဟုတ်လား”
“ငါကိုယ်တော် ဆုံးဖြတ်လိုက်ပြီ၊ ဒီကျုံးကို ‘တော်ဝင် ငါးမွေးကန်’ အဖြစ် ပြောင်းမယ် ပြီးတော့ မွေးရင်လည်း အဖိုးတန်ဆုံး ငါးတွေကိုပဲ မွေးမယ် များနိုင်သမျှ များများ၊ နူးညံလေ ပိုကောင်းလေပဲ”
သူ့စိတ်ထဲမှာတော့ စပရှယ် တွက်ချက်နေလေ၏။
‘ အဖိုးတန်ငါးတွေဆိုတာ နူးညံ့တယ် မဟုတ်လား ရေအရည်အသွေး နည်းနည်းလေး ပျက်တာနဲ့တင် ဗိုက်မှောက်သေကုန်မှာပဲ၊ ပြုစုရတာလည်း လက်ဝင်တယ်’
‘အဲဒီအချိန်ကျမှ ငါးတွေ အုပ်စုလိုက် သေကုန်ရင် ငွေကုန်ကြေးကျ များရုံတင်မကဘဲ ခမည်းတော်နဲ့ အဘိုးကြီးတွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုကိုလည်း ခံရလိမ့်မယ်’
‘ ဒါက သူလိုချင်နေတဲ့ “ကိုယ့်သေတွင်းကို တူး”နိုင်မယ့် ရလဒ်ပဲမဟုတ်လား’
ဤသို့ဖြင့် အရှေ့နန်းဆောင်မှ မိန်းမစိုးများမှာ နေရာအနှံ့အပြားမှ အဖိုးတန် အလှမွေးငါးများကို လိုက်ရှာရင်း အလုပ်များနေကြသည်။
အဖိုးတန်ငါးမှန်သမျှ ဈေးဘယ်လောက်ကြီးကြီး၊ မွေးရ ဘယ်လောက်ခက်ခက် အကုန်လုံးကို သိမ်းကျုံးဝယ်လာကြသည်။
မကြာခင်မှာပင် ရှားပါးငါးသားပေါက် အမြောက်အမြားကို မြို့တော်ထဲသို့ ဂရုတစိုက် သယ်ဆောင်လာကြပြီး၊ ကျယ်ဝန်းလှသော ကျုံးထဲသို့ “ဝေါ” ခနဲ သွန်ချလိုက်ကြသည်။
ဆောက်လုပ်ရေး အမတ်ကြီး ကျိန်းဝိန်တောက်ခမျာ ဤသတင်းကို ကြားပြီးနောက် သွေးအန်မတတ် ဖြစ်သွားရပြန်သည်။
‘ကျွန်တော်မျိုးရဲ့ အိမ်ရှေ့စံလေးရယ်… ရေဘေးပြဿနာကို ခုလေးတင် ဖြေရှင်းပေးပြီးတာလေ’
‘ ဘာလို့ ဒီကျုံးကို ထပ်ပြီး နှိပ်စက်နေရပြန်တာတုန်း ဒါတွေက ငွေဘယ်လောက်တောင် ကုန်လိုက်မလဲ…’
သို့သော် ဧကရာဇ်မင်းသည် တားဆီးခြင်း မရှိသည့်အပြင် “တော်ဝင်ဥယျာဉ်ကို ပြည့်စုံစေပြီး ပြည်သူတွေနဲ့အတူ ပျော်ရွှင်စေဖို့” ဟူသော စကားလုံးလှလှလေးဖြင့် “ငါးမွေးမြူရေး ရန်ပုံငွေ” ကို စေတနာအပြည့် ထုတ်ပေးလိုက်သေးသည်။
ရှောင်ရှန်းသည် ကြည်လင်သော ရေထဲတွင် ကူးခတ်နေသည့် အလှမွေးငါးပေါင်းစုံကို ကြည့်ရင်း စိတ်ထဲကနေ ကြိတ်ပြုံးနေလေ၏။
‘ ပြည်သူတွေနဲ့အတူ ပျော်ရွှင်ဖို့ ဟုတ်လား ဒီငါးတွေ အကုန်သေကုန်တဲ့အခါ မင်းတို့ ပျော်နိုင်သေးလား ကြည့်ကြသေးတာပေါ့’
သူ၏ “ကြီးကျယ်သော” စီမံကိန်းကြီးကို အရှိန်မြှင့်တင်ရန်အတွက် ရှောင်ရှန်းတစ်ယောက် ဦးနှောက်အခြောက်ခံကာ “ မကောင်းတဲ့အကြံ” တစ်ခုကို တွေးမိသွားပြန်သည်။
သူသည် ကျုံးဘေးရှိ ရှုခင်းအလှဆုံး နေရာအချို့တွင် လှပသော ငါးမျှားစင်များကို ဆောက်ခိုင်းလိုက်သည်။
ထို့နောက် “တော်ဝင် ငါးမျှားဥယျာဉ်” ဟု ဆိုင်းဘုတ်တပ်ကာ မြို့တစ်မြို့လုံးကို ကြေညာလိုက်သည်။
အိမ်ရှေ့စံမင်းသားသည် ပြည်သူများကို ငဲ့ညှာသောအားဖြင့် တော်ဝင်ငါးမွေးကန်ကို ဖွင့်လှစ်ပေးလိုက်ပြီ ဖြစ်ကြောင်း၊ မြို့သူမြို့သားများ အနေဖြင့် အခကြေးငွေပေးကာ ငါးမျှားနိုင်ကြောင်း၊ ရလာသောငါးများကို ကိုယ်တိုင် ပိုင်ဆိုင်နိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။
“အရှင်... ဒါ... ဒါက အဆင်ပြေပါ့မလား”
ရှောင်သယ့်ဇီသည် သတင်းကြား၍ ရောက်လာကြသော ပြည်သူများကို ကြည့်ပြီး စိုးရိမ်တကြီးဖြင့် မေးရှာသည်။
“ဒီငါးတွေက ရက်ပိုင်းအတွင်းမှာတင် အကုန် အမျှားခံရတော့မှာ မဟုတ်လား”
“အကုန် အမျှားခံရလေ ပိုကောင်းလေပဲ”
ရှောင်ရှန်းသည် သူ့ယပ်တောင်ကို ကျေနပ်အားရစွာ ဝှေ့ယမ်းလိုက်သည်။
“ငါးတွေ ကုန်သွားရင် ငါကိုယ်တော်ရဲ့ ‘ငါးမွေးကန်’ စီမံကိန်းက လုံးဝ ပျက်စီးသွားပြီလေ အဲ့အချိန်ကြရင် ခမည်းတော်က ငါ့ကို လုံးဝ စိတ်ပျက်သွားမှာ သေချာတယ် ဟားဟားဟား၊ ငါကိုယ်တော်က ပါရမီရှင်ပဲ”
အိမ်ရှေ့စံရာထူးမှ အဖြုတ်ခံရပြီး လောကကြီးထဲ လွတ်လွတ်လပ်လပ် သွားလာနေတော့မည့် သူ၏ လှပသော အနာဂတ်ကို မြင်ယောင်နေမိသည်။
သို့သော်လည်း လက်တွေ့ဘဝက မအေးအေးဝင်း စီစဉ်သလိုမဟုတ်။
“တော်ဝင် ငါးမျှားဥယျာဉ်” ဖွင့်လှစ်ပြီးသည်နှင့် မြို့တော်၏ အစည်ကားဆုံး အပန်းဖြေနေရာ အဖြစ် နာမည်ကြီးသွားခဲ့သည်။
သာမန်အချိန်တွင် မြင်ရခဲသော ရှားပါးငါးမျိုးစိတ်များကို ယခုအခါတွင် ကိုယ်တိုင် မျှားယူနိုင်သည်ဆိုသော ထူးခြားသည့် အတွေ့အကြုံက အထက်တန်းလွှာများနှင့် သူဌေးကြီးများကို ဆွဲဆောင်နိုင်ခဲ့သည်။
သာမန်ပြည်သူများပင်လျှင် ငွေအနည်းငယ် အကုန်ခံကာ ကံစမ်းရန် ရောက်လာကြသည်။ အကယ်၍ အဖိုးတန်ရွှေငါးတစ်ကောင်သာ ဖမ်းမိပြီး ပြန်ရောင်းနိုင်ခဲ့မည်ဆိုပါက ဝင်ငွေ မနည်းမနော ရရှိပေတော့မည်။
မကြာမီအချိန်ကာလအတွင်း၊ ကျုံးဘေးတစ်လျှောက် လူများဖြင့် ပြည့်နှက်နေကာ စည်ကားနေ၏။ ရယ်မောသံများမှာလည်း နေရာအနှံ့ ထွက်ပေါ်လျက်ရှိသည်။
ငါးမျှားဥယျာဉ်မှ ရရှိသော ဝင်ခွင့်ကြေးနှင့် ငါးမျှားတံ ငှားရမ်းခများမှာ အံ့ဩစရာကောင်းလောက်အောင် များပြားလှသဖြင့် ဧကရာဇ်မင်း၏ ကိုယ်ပိုင်ဘဏ္ဍာတိုက်ထဲသို့ စီးဝင်သွားလေရာ ၊ ဘဏ္ဍာထိန်း မိန်းမစိုးကြီးမှာ ပြုံးပြုံးကြီး ရှိနေလေ၏ ။
ငါးဖမ်းရသည်ကို စိတ်လှုပ်ရှားစွာဖြင့် ပြုံးရွှင်နေကြသည့် မျက်နှာများကို ကြည့်ရင်း၊ တစ်ဖန် အိမ်ရှေ့စံ၏ “ကရုဏာ” နှင့် “ပြည်သူများအပေါ် ငဲ့ညာမှု” စသော ချီးကျူးစကားများကို နားထောင်ရင်း ရှောင်ရှန်းတစ်ယောက် ဝမ်းနည်းပက်လက် ဖြစ်နေလေ၏။
“ဘာလို့လဲ ဘာလို့ ဒီလို ဖြစ်ရတာလဲ”
သူသည် စိတ်ထဲကနေ အော်ဟစ်သောင်းကြမ်းလိုက်သည်။
“ငါက မင်းတို့ကို ငါးတွေ အကုန်မျှားသွားပြီး ဒီနေရာကို ပျက်စီးအောင် လုပ်ခိုင်းတာလေ မင်းတို့က ဘာလို့ ငါ့အတွက် ငွေတွေ ရှာပေးနေကြတာတုန်း”
ဤသောက်ကျိုးနည်း “ကံတရားကြီး” သည် ခွာမရသည့် တစ္စေတစ်ကောင်လိုပင်။
မင်းသား( ၃)ရှောင်ကျင်း ၏ အိမ်တော်တွင် တိမ်မည်းများ အုံ့ဆိုင်းနေလေ၏။
“အသုံးမကျတဲ့ကောင်တွေ”
ရှောင်ကျင်းသည် အစီအရင်ခံစာကို မြေပြင်ပေါ်သို့ အရှိန်ဖြင့် ပစ်ပေါက်လိုက်ပြီး၊ သူ၏ ချောမောသော မျက်နှာမှာ မနာလိုမှုကြောင့် ကြည့်ရဆိုးနေ၏။
“ရှောင်ရှန်း ကျုံးကို ဖျက်ဆီးနေတာက ပြဿနာ အကြီးအကျယ် တက်လိမ့်မယ်လို့ ထင်ထားတာ၊ မထင်မှတ်ဘဲ ရေဘေးကို ဖြေရှင်းပေးသလို ဖြစ်သွားတယ်”
“ အခုလည်း ဒီ ‘တော်ဝင် ငါးမျှားဥယျာဉ်’ ဆိုတာကြီးနဲ့ နာမည်ရော ငွေရော ရနေပြီး ပြည်သူတွေရဲ့ ထောက်ခံမှုကိုပါ ရနေပြီ ခမည်းတော်ကလည်း သူ့ကို ပိုပိုပြီး အလိုလိုက်လာတယ်”
ဘေးနားမှ အကြံပေးက တုန်တုန်ယင်ယင်ဖြင့် အကြံပေးလိုက်သည်။
“အရှင့်သား စိတ်အေးအေးထားပါ၊ ကျွန်တော်မျိုး အမြင်အရတော့ ရှောင်ရှန်းက ကံကောင်းသွားတာပါ ဒီငါးမွေးတဲ့ ကိစ္စက ကြည့်ရတာတော့ ကောင်းပေမဲ့ အန္တရာယ်တွေ အများကြီး ရှိပါတယ် ၊ နည်းနည်းလောက် ဝင်ရှုပ်လိုက်ရုံနဲ့ သူ့နာမည်ကို ပျက်စီးအောင် လုပ်လို့ရပါတယ်”
အခန်း(၄၈)
ရှောင်းကျင်း၏ မျက်ဝန်းထဲတွင် ရက်စက်သော အရိပ်အယောင်တစ်ခု လှစ်ခနဲ့ ပြေးဖြတ်သွားသည်။
“အော် မင်းမှာ ဘာအကြံရှိလို့လဲ”
အကြံပေးက အသံကို နှိမ့်ကာ ပြောလိုက်သည်။
“အရှင့်သား အဲဒီ အဖိုးတန်ငါးတွေက အရမ်း နူးညံ့တယ် ကျွန်တော်တို့ လူလွှတ်ပြီး အဲဒီကျုံးထဲကို အရောင်အနံ့ မရှိတဲ့ အဆိပ်ပြင်းတွေ ခိုးခတ်လိုက်ရင်... အဲဒီအချိန်ကျရင် တစ်ကျုံးလုံး ငါးသေတွေနဲ့ ပြည့်ပြီး အနံ့အသက်တွေ ဆိုးရွားသွားပါလိမ့်မယ်”
“ဧကရာဇ်မင်းလည်း ဒေါသထွက်ပြီး ပြည်သူတွေကလည်း ကျိန်ဆဲကြရင် ရှောင်ရှန်း တစ်ယောက် ဘယ်လိုရှင်းမလဲ ကြည့်ရသေးတာပေါ့”
“ကောင်းတယ် အကြံကောင်းပဲ”
ရှောင်ကျင်း၏ မျက်နှာတွင် ရက်စက်သော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။
“ဒီကိစ္စကို မင်းပဲ တာဝန်ယူလုပ်လိုက် သတိထားနော်၊ ဘာအထောက်အထားမှ မကျန်စေနဲ့”
မှောင်မိုက်သော ညတစ်ညတွင် လူရိပ်တစ်ခုသည် အိုးတစ်လုံးကို ကိုင်ကာ ကျုံးဘေးသို့ တိတ်တဆိတ် ရောက်လာခဲ့သည်။ မိုးလေး အနည်းငယ် ရွာထားသဖြင့် ကျုံးဘေးလမ်းမှာ အနည်းငယ် ချော်ကျိနေသည်။
ထိုလူရိပ်သည် သတိထားကာ အိုးအဖုံးကို ဖွင့်ပြီး အထဲမှ အဆိပ်များကို မြစ်ထဲသို့ လောင်းထည့်ရန် ပြင်လိုက်သည်။
ထိုစဉ်မှာပင် ထူးခြားသော ကိစ္စတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ခြေချော်သွားခြင်းလား သို့မဟုတ် အလွန်စိတ်လှုပ်ရှားနေခြင်းကြောင့်လား မသိ။ သူ့ခန္ဓာကိုယ်သည် ယိုင်ထိုးသွားပြီး လက်ထဲက အိုးမှာလည်း လွင့်ထွက်သွားတော့သည်။
“ဝုန်း—“
အိုးသည် လေထဲတွင် ဝဲသွားကာ အထဲမှ အဆိပ်ရည် အများစုမှာ ထိုလူ၏ ခေါင်းပေါ်နှင့် မျက်နှာပေါ်သို့ ကွက်တိ ကျလာခဲ့သည်။
“အား—“
ထိုလူသည် ပြင်းပြင်းထန်ထန် အော်ဟစ်လိုက်သည်။ သူ့မျက်နှာနှင့် လက်ပေါ်တွင် ပူလောင်သော နာကျင်မှုကို ခံစားလိုက်ရပြီး ၊ ပါးစပ်မှ အမြှုပ်များ ထွက်လျက် မြေပြင်ပေါ်တွင် တွန့်လိမ်ကာ လဲကျသွားတော့သည်။
“ဘယ်သူလဲ”
အနီးအနားတွင် ကင်းလှည့်နေသော စစ်သည်များသည် အသံကြားသည်နှင့် ချက်ချင်း ပြေးလာကြသည်။
မြေပြင်ပေါ်မှ လူ၏ အခြေအနေ နှင့် ဘေးက အိုးကို မြင်လိုက်ရုံနှင့် သူတို့သည် အလျင်အမြန်ပင် သဘောပေါက်သွားကြသည်။
“မြန်မြန် သူ့ကို ဖမ်းလိုက် အဆိပ်ခတ်တဲ့ လုပ်ကြံသတ်ဖြတ်သူ ဖြစ်နိုင်တယ်”
တစ်ခဏချင်းမှာပင် ထိုကံဆိုးလှသော အဆိပ်ခတ်သမားမှာ အရှေ့နန်းဆောင်သို့ အဖမ်းခံလိုက်ရ၏။
စစ်ဆေးမေးမြန်းမှုမှာလည်း ချောချောမွေ့မွေ့ဖြင့် ပြီးဆုံးသွားခဲ့သည်။ ထိုလူမှာ ကိုယ့်အဆိပ်နှင့်ကိုယ် ပြန်အမှုပတ်နေသဖြင့် နှိပ်စက်စရာပင် မလိုဘဲ နောက်ကွယ်က ခိုင်းစေသူမှာ မင်းသား(၃) ရှောင်ကျင်း ဖြစ်ကြောင်း ငိုယိုကာ ဝန်ခံလေတော့သည်။
ထိုသတင်းသည် နန်းတော်သို့ ရောက်ရှိသွားသောအခါ ဧကရာဇ်မင်း ရှောင်ယွမ်သည် အလွန်အမင်း အမျက်ထွက်သွားသည်။
သူသည် သားတော်များ အချင်းချင်း အားပြိုင်နေသည်ကို သိသော်လည်း ဝင်မရှုပ်ဘဲ လျစ်လျူရှုထားခဲ့သည်။ သို့သော် ရှောင်ကျင်းသည် ယခုတစ်ခါတွင် ရှောင်ရှန်း၏ “တော်ဝင် ငါးမွေးကန်” ကို ယုတ်မာသော နည်းလမ်းဖြင့် ဖျက်ဆီးရန် ကြံစည်ခဲ့ခြင်းက သူ၏ သည်းခံနိုင်စွမ်းကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
“ အသုံးမကျတဲ့ကောင်”
ဧကရာဇ်မင်း ရှောင်ယွမ်သည် လက်ထဲက စာလွှာကို ဒေါသတကြီးဖြင့် ပစ်ချလိုက်ကာ၊ မင်းသား(၃) ရှောင်းကျင်းအား ကိုယ်ကျင့်တရား ပျက်ပြားမှု၊ စိတ်သဘောထား သေးသိမ်မှုတို့ဖြင့် ပြင်းထန်စွာ ပြစ်တင်ကာ၊ သုံးလတိုင်တိုင် အိမ်တွင်းအကျဉ်းချပြီး ရိက္ခာများ လျှော့ချရန် အမိန့်ချခဲ့သည်။
ရှောင်ရှန်းသည် ဤသတင်းကို ကြားပြီးနောက် သက်ပြင်းရှည်ကြီး ချလိုက်ပြီး လောကကြီးကို စိတ်ကုန်နေသည့် ပုံစံဖြင့် ညည်းညူနေလေ၏။
“ဟူး…”
“ငါးတွေ သေဖို့က ဒီလောက်တောင် ခက်ခဲတာလား”
ရှောင်သယ့်ဇီမှာ ဘေးကနေ ရယ်ချင်စိတ်ကို အတင်းအောင့်ထားရင်း တွေးလိုက်သည်။
“အရှင့်သားရယ်၊ အရှင်ကတော့ တကယ်ကို ကံထူးရှင်ပဲ တခြားသူတွေက အောင်မြင်ဖို့ နည်းမျိုးစုံ သုံးကြပေမဲ့၊ အရှင်ကတော့ ကျရှုံးဖို့ နည်းမျိုးစုံ သုံးနေတာတောင် တစ်ခါထက်တစ်ခါ ပိုပြီး ‘အောင်မြင်’ နေတော့တာပဲ”
ထိုနေ့ နေ့လယ်ပိုင်းတွင် ရှောင်ရှန်းသည် ကျုံးဘေးရှိ မိုးမခပင်အောက်တွင် လှဲကုလားထိုင်ဖြင့် တမှေးအိပ်နေသည်။
ရှောင်ရှန်း တစ်ယောက် အိပ်မောကျနေပြီး သွားရည်များပင် ကျနေစဉ် ၊ ထူးခြားသော ကိစ္စတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“ဝုန်း”
ရွှေရောင် ငါးကြီးတစ်ကောင်သည် ရေထဲမှ ဝုန်းခနဲ ခုန်တက်လာသည်။ ပို၍ အံ့ဩစရာ ကောင်းသည်မှာ ထိုငါး၏ ပါးစပ်တွင် ဆီစိမ်ထားသော အဝတ်ဖြင့် သေသေချာချာ ထုပ်ထားသည့် အထုပ်လေး တစ်ထုပ် ပါလာခြင်းပင်။
ရွှေငါးကြီးသည် ထိုအထုပ်လေးကို ရှောင်ရှန်း၏ ဗိုက်ပေါ်သို့ တိတိကျကျ ပစ်ချလိုက်ပြီးနောက် “ဗြုန်း” ဆိုသည့် အသံနှင့်အတူ ရေထဲသို့ ပြန်ဆင်းကာ အမြီးခါလျက် အမြန်ပင် ကူးခတ်သွားလေ၏။
“အားလားလား”
ရှောင်ရှန်းသည် ရုတ်တရက် အတိုက်ခိုက်ခံလိုက်ရသဖြင့် လန့်နိုးသွားကာ ဝုန်းခနဲ ထထိုင်လိုက်သည်။ အိပ်ချင်စိတ်များလည်း ဘယ်ရောက်သွားမှန်း မသိတော့ချေ။
သူသည် ထိခိုက်သွားသော ဗိုက်ကို ပွတ်ရင်း ငုံ့ကြည့်လိုက်ရာ၊ လက်ဝါးခန့်ရှိပြီး ရေစိုခံအဝတ်ဖြင့် သေသေချာချာ ထုပ်ပိုးထားသော အထုပ်လေးတစ်ထုပ်ကို ရှိနေသည်ကို တွေ့လိုက်ရသည်။
“ဒါ ဘာကြီးလဲ”
ရှောင်ရှန်းမှာ ကြောင်အမ်းအမ်း ဖြစ်သွားကာ ကျုံးထဲသို့ လှမ်းကြည့်လိုက်သော်လည်း ရေလှိုင်းလေးအချို့ကိုသာ တွေ့ရတော့သည်။
“ဒါ... ငါးမိစ္ဆာလား”
ရှောင်ရှန်း၏ ခေါင်းထဲတွင် ထူးဆန်းသော အတွေးတစ်ခု ဝင်လာသော်လည်း ချက်ချင်းပင် ခေါင်းခါလိုက်ကာ သူ အိပ်မက်မက်နေသည်ဟုသာ ထင်လိုက်သည်။
သူသည် ထိုအထုပ်လေးကို ယူကာ သေသေချာချာ ဖြည်ကြည့်လိုက်ရာ အထဲတွင် ခေါက်ထားသော စာရွက်လေးတစ်ရွက် ရှိနေသည်။
ထိုစာရွက်ပေါ်တွင် လှပသော လက်ရေးဖြင့်
“ကျွေ့ရှန်းအဆောင်ရဲ့ ကောင်းကင်အခန်းကို အမြန်လာခဲ့ပါ၊ အရေးကြီးတဲ့ ကိစ္စ ပြောစရာရှိလို့ပါ” ဟု ရေးသားထားသည်။
စာအဆုံးတွင် လက်မှတ်ထိုးထားသည်မှာ — ဝမ်ချင် ။
“စူးဝမ်ချင်”
ရှောင်ရှန်း မျက်ခုံးပင့်လိုက်သည်။
‘ စူးဝမ်ချင်က ငါ့ကို ဘာလို့ လာရှာတာလဲ ၊ ခမည်းတော်ရဲ့ ရောဂါက ပြန်ထလာတာလား နေပါဦး ၊ ဒီငါးက စာတောင် ပို့တတ်တာလား’