← Chapters

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

အခန်း (၄၉) - သူရဲကောင်းမယ်တို့၏ ပထမဆုံး ထိပ်တိုက်တွေ့ဆုံမှု

ရှောင်ရှန်းသည် သင်းပျံ့သော မင်နံ့လေး ရနေသည့် စာရွက်လေးကို ကိုင်ထားရင်း ရေရွတ်လိုက်သည်။

“စူးဝမ်ချင် ဒီမိန်းမက လျှို့ဝှက်ချက်တွေ များလွန်းတယ်၊ ငါ့ကို ရှာတာ ဘာအရေးကြီးတဲ့ ကိစ္စများ ရှိလို့လဲ”

“အရှင့်သား၊ စူးမိန်းကလေးက အရှင့်ကို ကျွေ့ရှန်းအဆောင်မှာ ချိန်းတာ... ဒါထောင်ချောက်များလား”

ရှောင်သယ့်ဇီသည် အနားတိုးလာပြီး မျက်နှာငယ်လေးဖြင့် စိုးရိမ်တကြီး ပြောရှာသည်။ ကျွေ့ရှန်းအဆောင်လို နေရာမျိုးက လူစုံတက်စုံ နေရာမျိုးဖြစ်သဖြင့် အိမ်ရှေ့စံတစ်ယောက် သွားသင့်သည့် နေရာမဟုတ်ပေ။

ရှောင်ရှန်း၏ မျက်လုံးများမှာ လှစ်ခနဲ့

တောက်ပသွားသည်။

‘ အယ် ... ထောင်ချောက်ဆိုရင် ပိုကောင်းတာပေါ့ တစ်ခုခု အလွဲအချော်ဖြစ်လို့ သူ့ရဲ့ အိမ်ရှေ့စံ နာမည်ပျက်သွားရင် “အဖြုတ်ခံရဖို့” ပန်းတိုင်နဲ့ ပိုနီးစပ်သွားမှာပဲ …’

ထို့အပြင် သူသည် အိမ်ရှေ့စံ ရာထူးကို လက်ခံလိုက်ရသည့် နေ့ရက်မှစကာ နန်းပြင်က ကြက်ကင်အရသာကိုပင် မေ့လုနီးပါး ဖြစ်နေပြီပင်။

“သွားမယ် ရှောင်သယ့်ဇီ၊ ငါကိုယ်တော်အတွက် အဝတ်အစား လဲပေးစမ်း”

ရှောင်ရှန်းသည် ပေါင်ကို ဖြန်းခနဲ့ ပုတ်လိုက်ရင်း စိတ်အားထက်သန်စွာ ပြောလိုက်သည်။

“ငါကိုယ်တော် အအေးမိလို့ အရှေ့နန်းဆောင်မှာ အနားယူနေတယ်၊ ဘယ်သူမှ လာမနှောင့်ယှက်စေနဲ့လို့ပဲ ပြောလိုက်”

သူ့စိတ်ထဲမှာတော့ အကြီးအကျယ် တွက်ချက်နေလေ၏။

‘ နန်းပြင်ကို ခိုးထွက်မယ်၊ ကျွေ့ရှန်းအဆောင်မှာ သွားပြီး ပြဿနာရှာမယ်၊ ဘယ်လောက်တဲ့ ပြီးပြည့်စုံတဲ့ အစီအစဉ်လဲ’

မထင်မရှားသော ပိုးထည် အရပ်သားဝတ်စုံကို လဲလှယ်ဝတ်ဆင်လိုက်သောအခါ ၊ ရှောင်ရှန်းသည် ပျင်းရိသော‌ သူဌေးသားလေးတစ်ဦးအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။

အဝတ်အစား လဲထားသော ရှောင်သယ့်ဇီကို ခေါ်ဆောင်ကာ နှစ်ဦးသား အရှေ့နန်းဆောင်၏ ဘေးတံခါးမှနေ၍ တိတ်တဆိတ် ခိုးထွက်လာခဲ့ကြသည်။

ကျွေ့ရှန်းအဆောင်သည် မြို့တော်၏ အကြီးဆုံး စားသောက်ဆိုင်ပီပီ အမှန်တကယ်ပင် ခမ်းနားလှသည်။ ဆေးနီရောင် ခြယ်သထားသော သုံးထပ်ပါ အဆောက်အအုံကြီးသည် လက်ရာမြောက်သော ပန်းပုများဖြင့် အတော်လေး ကြည့်ကောင်းပေ၏။

ဆိုင်အောက်တွင် လူသူထူထပ်ကာ ရောင်းသူဝယ်သူ အော်ဟစ်သံများ၊ အရက်သောက်ရင်း အော်ဟစ်နေသံများ၊ တူရိယာသံများ ရောနှောနေကာ လောကီလူသားတို့၏ ဆူညံအုံကြွမှု အရသာကို အပြည့်အဝ ပေးစွမ်းနေသည်။

ရှောင်ရှန်းသည် ဤလွတ်လပ်သော လေထုကို အပြည့်အဝ ရှူရှိုက်လိုက်ရင်း တစ်ကိုယ်လုံး လန်းဆန်းသွားသလို ခံစားလိုက်ရသည်။ သူသည် ဒုတိယထပ်သို့ တန်းတက်သွားကာ မကြာမီ “ကောင်းကင်” အခန်းကို ရှာတွေ့သွားခဲ့သည်။

တံခါးကို တွန်းဖွင့်လိုက်သည်နှင့် သင်းပျံ့သော ဆေးနံ့လေးနှင့်အတူ သန့်ရှင်းစင်ကြယ်သော သစ်ခွပန်းရနံ့လေးက ဆီးကြိုနေလေ၏။

စူးဝမ်ချင်သည် အစိမ်းနုရောင် အင်္ကျီလေးကို ဝတ်ဆင်ကာ ပြတင်းပေါက်နားတွင် တည်ငြိမ်စွာ ရပ်နေသည်။

ပါးလွှာသော မျက်နှာဖုံးမှ တဆင့် သူမ၏ အေးစက်သော အရှိန်အဝါကို ခံစားမိနိုင်သည်။

“စူးမိန်းကလေး၊ မင်းရဲ့ ရွှေငါးစာပို့တဲ့ နည်းလမ်းက အတော်လေး ထူးခြားတာပဲ”

ရှောင်ရှန်းသည် ပေါ့ပေါ့ပါးပါးပင် အထဲသို့ ဝင်ရောက်လာကာ စားပွဲတွင် ထိုင်လိုက်ပြီး၊ ရေနွေးအိုးကို ယူ၍ မိမိဘာသာ ရေနွေးတစ်ခွက် ငှဲ့လိုက်သည်။

စူးဝမ်ချင်သည် လှည့်ကြည့်လာပြီး၊ သူမ၏ ကြည်လင်သော မျက်ဝန်းများသည် အတော်လေး တည်ငြိမ်လှပေသည်။

“အခြေအနေက အရေးကြီးနေလို့ ဒီနည်းလမ်းကို သုံးလိုက်ရတာပါ၊ အရှင့်သား... ကျွန်မ အရှင့်ကို ခေါ်လိုက်တာက သာရှမင်းဆက်ရဲ့ ကံကြမ္မာနဲ့ သက်ဆိုင်တဲ့ အရေးကြီးကိစ္စ ပြောစရာ ရှိလို့ပါ”

“ဖူး— အဟွတ် အဟွတ်”

ရှောင်ရှန်း တစ်ယောက် သောက်လက်စ လက်ဖက်ရည်ကို ပါးစပ်ထဲမှ ထွေးထုတ်လုမတတ် ဖြစ်သွားရသည် ။

“ တိုင်းပြည်ရဲ့ကံကြမ္မာတဲ့လား စူးမိန်းကလေး၊ ငါ့ကို မခြောက်စမ်းပါနဲ့။ ငါကိုယ်တော်က အသည်းငယ်တယ်၊ ဒီလောက်ကြီးတဲ့ တာဝန်ကို မထမ်းဆောင်နိုင်ဘူး”

သူစိတ်ထဲမှာတော့ ဤသို့ တွေးနေလေ၏။

‘ ဒီမိန်းမက ငါ့ကို ဒုက္ခတစ်ခုခု ထပ်ပေးဦးမလို့လား ‘

စူးဝမ်ချင်က ရှောင်ရှန်း၏ နောက်ပြောင်မှုကို ဂရုမစိုက်ဘဲ ဆက်ပြောလေသည်။

“အရှင့်သား၊ လွန်ခဲ့တဲ့ ရက်ပိုင်းက ကျုံးအောက်ခြေကနေ တူးမိတဲ့ သံပြားတွေကို မှတ်မိသေးလား”

“သံပြား” ရှောင်ရှန်းက ခေါင်းကို ကုတ်ရင်း စဉ်းစားဟန် ပြုလိုက်သည်။

“ဪ... မည်းတူးနေတဲ့ သံပြားတွေကို ပြောတာလား ဘာဖြစ်လို့လဲ အဲဒါကြီးက ရတနာများ ဖြစ်နေလို့လား”

“အဲဒီ သံပြားတွေက ပျောက်ကွယ်နေတာ ကြာပြီဖြစ်တဲ့ ‘နဂါးချုပ် အစီအရင်’ နဲ့ သက်ဆိုင်နေနိုင်တယ်”

စူးဝမ်ချင်က အသံကို နှိမ့်လိုက်သည်။

“ဒီအစီအရင်က ကျွန်မတို့ သာရှမင်းဆက်ရဲ့ နဂါးသွေးကြော လုံခြုံရေးနဲ့ ပတ်သက်နေတာ”

“နဂါးသွေးကြော..”

ရှောင်ရှန်း တစ်ယောက် ထိုစကားလုံးကို ကြားလိုက်ရုံနှင့် ခေါင်းမူးလာလေတော့၏။

ဒါတွေက ဘာတွေလဲ၊ ကိုယ့်ဟာကိုယ်တောင် အိမ်ရှေ့စံရာထူး အဖြုတ်မခံရလို့ ဦးကိုက်နေပါတယ်ဆို…ဘယ်လိုဖြစ်ပြီး နတ်ဝိဇ္ဇာ အကြောင်းတွေ လာပြောနေတာတုန်း..

သူက ပျင်းရိစွာ သမ်းဝေလိုက်ရင်း လက်ခါပြလိုက်သည်။

“စူးမိန်းကလေး၊ မင်း တစ်ခုခု မှားဖတ်ထားတာလား ဘာနဂါးချုပ်အစီအရင်လဲ ၊ ဘာနဂါးသွေးကြောလဲ၊ နားထောင်ရတာ အရမ်း စိတ်ကူးယဉ်ဆန်လွန်းတယ်”

“နောက်ပြီးတော့ အဲဒီ သံပြားအစုတ်တွေကို ငါ ရှောင်သယ့်ဇီကို ပေးလိုက်တာ ကြာလှပြီ၊ အခုဆိုရင် သံရည်ကျိုပြီး ပြည်သူတွေရဲ့ အိမ်က ဒယ်အိုးတွေ ဖြစ်ကုန်ပြီလား မသိဘူး”

“ဘာ”

စူးဝမ်ချင်၏ အသံမှာ ရုတ်တရက် မြင့်တက်သွားကာ တည်ငြိမ်မှုများ ပျောက်ကွယ်ပြီး စိုးရိမ်စိတ်များ ဝင်ရောက်လာသည်။

“အိမ်ရှေ့စံမင်းသား အရှင် ဘယ်လိုလုပ် ဒီလောက် ပေါ့ပေါ့တန်တန် လုပ်နိုင်ရတာလဲ ဒါက သာမန်ကိစ္စ မဟုတ်ဘူး”

“အဲဒီ သံပြားတွေ လူယုတ်မာတွေလက်ထဲ ရောက်သွားလို့ မဖြစ်ဘူး မဟုတ်ရင် နဂါးသွေးကြော ထိခိုက်ပြီး တိုင်းပြည်ရဲ့ အခြေခံ အုတ်မြစ်တောင် တုန်လှုပ်သွားနိုင်တယ်၊ ရလဒ်က မတွေးဝံ့စရာပဲ”

သူမမှာ ဒေါသထွက်လွန်းသဖြင့် ရင်ဘတ်ပင် နိမ့်ချည်မြင့်ချည် ဖြစ်နေလေ၏။

အခန်း (၅၀)

ရှောင်ရှန်းကတော့ နှုတ်ခမ်းမဲ့လိုက်ရင်း စိတ်ထဲကနေ ဤသို့ တွေးနေလေ၏။

‘ တိုင်းပြည် အုတ်မြစ် တုန်လှုပ်လေ ပိုကောင်းလေပဲ သာရှမင်းဆက်ကြီး မနက်ဖြန်တောင် ပျက်စီးသွားရင် ဘယ်လောက်ကောင်းမလဲ အဲ့လိုသာ‌ဆို သူလည်း လွတ်လွတ်လပ်လပ် နေရတော့မှာလေ’

အခန်းထဲတွင် အခြေအနေ တင်းမာနေစဉ်မှာပင် ဘေးခန်းမှ ဆူညံသံများနှင့်အတူ မိန်းကလေးတစ်ဦး၏ အော်ဟစ်သံများ ထွက်ပေါ်လာသည်။

“နေ့ခင်းကြောင်တောင်ကြီး မင်းတို့ ဘာလုပ်ချင်တာလဲ”

ရဲရင့်ပြတ်သားသော မိန်းကလေးတစ်ဦး၏ အော်ဟစ်သံ ထွက်ပေါ်လာသည်။

“မိန်းကလေး၊ ငါတို့နောက်ကို အသာတကြည် လိုက်ခဲ့ ၊ ဒါဆို မင်း ကောင်းကောင်းမွန်မွန် နေရလိမ့်မယ် အတင်းအဓမ္မ မလုပ်ခိုင်းစမ်းနဲ့”

လူရမ်းကားတစ်ဦး၏ အသံကလည်း ထွက်ပေါ်လာသည်။

ထို့နောက် စားပွဲကုလားထိုင်များ တိုက်မိသံနှင့်အတူ ဓားချင်း ထိခိုက်သံများ ထွက်ပေါ်လာတော့သည်။

တိုက်ခိုက်သံများကြောင့် ရှောင်ရှန်းနှင့် စူးဝမ်ချင်တို့လည်း သတိပြုမိသွားသည်။

ရှောင်ရှန်းကတော့ မျက်မှောင်ကြုတ်နေလေ၏။

ပြဿနာ နည်းလေ ကောင်းလေ ဆိုသည့်စကားအတိုင်း ၊ တခြားသူ၏ ကိစ္စများကို သူ ဝင်မပါလိုပေ။ သို့သော် စူးဝမ်ချင်၏ မျက်နှာဖုံးအောက်တွင် စိုးရိမ်သော အရိပ်အယောင်များ ရှိနေပြီး သူမသည် နားစွင့်နေကာ ခပ်တိုးတိုး ပြောလိုက်သည်။

“တစ်စုံတစ်ယောက်က မိန်းကလေးတစ်ယောက်ကို အတင်းအဓမ္မ ခေါ်သွားဖို့ ကြိုးစားနေပုံရတယ်”

ဘေးခန်းမှ တိုက်ခိုက်သံများက ပို၍ ပြင်းထန်လာကာ၊ အကူအညီပေးနေသော မိန်းကလေး၏ အော်ဟစ်သံများမှာလည်း မောဟိုက်သံများအဖြစ် ပြောင်းလဲလာခဲ့ချေပြီ။

“ဒီမိန်းမက တော်တော် ဇွဲကောင်းတာပဲ ညီအစ်ကိုတို့၊ အကုန်လုံး ဝိုင်းတိုက်ကြစမ်း သူ့ကို ဖမ်းလိုက်”

တိုက်ခိုက်သံအရ အကူအညီပေးရန်လာသော မိန်းကလေးမှာ အရေးနိမ့်နေပုံရသည်။ ရှောင်ရှန်းက စူးဝမ်ချင်ကို ဝင်မပါရန် တားဖို့ ဟန်ပြင်လိုက်စဉ်မှာပင် ဘေးခန်းမှ အာမေဋိတ်သံ ထွက်ပေါ်လာသည်။

“ဟို... ဟိုဘက်ခန်းက စူးသမားတော် မဟုတ်လား”

ဆက်လက်၍ အသံသေးသေးနှင့် လူတစ်ယောက်က -

“ခေါင်းဆောင် သူမက နန်းတွင်းထဲက အကြီးအကဲတွေကို ကုသပေးနေတဲ့ စူးသမားတော်နဲ့ တူတယ် နတ်သမီးလို လှတယ်လို့ ကြားဖူးတယ်၊ သူမတို့ အကုန်လုံးကို ဖမ်းပြီး မင်းသား(၃) ဆီ ဆက်သလိုက်ရင် မကောင်းဘူးလား”

“အကြံကောင်းပဲ စူးသမားတော်က ရှားပါး ဧည့်သည်ပဲ ဟားဟားဟား”

“ဒုန်း” ဟူသော အသံကြီးနှင့်အတူ ဘေးခန်းတံခါးမှာ ဝုန်းခနဲ ပွင့်သွားသည်။

“မကောင်းတော့ဘူး”

စူးဝမ်ချင်မှာ မျက်နှာ ပျက်သွားသည်။ စကားပင် မဆုံးသေးမီ ရှောင်ရှန်းတို့ အခန်းတံခါးကိုလည်း တစ်စုံတစ်ယောက်က ကန်ဖွင့်လိုက်သည်။

ရုပ်ဆိုးဆိုးနှင့် လူရမ်းကား အချို့သည် ဓားများကို ကိုင်ဆောင်ကာ ရုပ်ပျက်ဆင်းပျက် ဝင်လာကြပြီး၊ စူးဝမ်ချင်၏ လှပသော ကိုယ်လုံးလေးကို ကြည့်ကာ အလိုရမ္မက်များဖြင့် ပြည့်နှက်နေလေ၏။

“စူးသမားတော်... ပြီးတော့ ဒီမိန်းကလေးလေး၊ ငါတို့နောက်ကို လိုက်ခဲ့ကြစမ်း”

မျက်လုံးတစ်ဖက်သာ ရှိသော ခေါင်းဆောင်ဖြစ်သူက ပြောလိုက်သည်။

သူတို့နောက်တွင် တင်းကျပ်သော အဝတ်အစားကို ဝတ်ဆင်ထားသည့် အမျိုးသမီးငယ်တစ်ယောက်သည် ပါးစပ်ဖျားတွင် သွေးစလေးများ ရှိနေသော်လည်း ၊ မျက်ဝန်းများက စိန်ခေါ်မှုများဖြင့် ပြည့်နှက်နေသည်။

အမျိုးသားနှစ်ယောက်က သူမကို ဘေးတစ်ဖက်တစ်ချက်တွင် ပိတ်ဆို့ထားသည်။ သူမသည် ဒဏ်ရာအချို့ ရထားပုံရကာ ခုနက ဝင်ရောက်ကူညီပေးသူ မိန်းကလေး ယဲ့လင်ရွှမ်း ပင် ဖြစ်သည်။

“သူ့ကို လွှတ်လိုက်” စူးဝမ်ချင်က ရှေ့သို့ တစ်လှမ်းတိုးကာ အေးစက်စွာ ပြောလိုက်သည်။

“အို... စူးသမားတော်က သူရဲကောင်း လုပ်ချင်တာလား”

မျက်လုံးတစ်ဖက်လပ် ခေါင်းဆောင်က

လှောင်ရယ်လိုက်ရင်း စူးဝမ်ချင်ကို ဖမ်းရန် အချက်ပြလိုက်သည်။

ရှောင်ရှန်းခမျာ ခေါင်းကိုက်နေလေ၏။

‘ သေစမ်း... ဘယ်လိုဖြစ်ပြီး ပြဿနာတွေက ထပ်ရောက်လာပြန်တာလဲ ‘

သူ အမုန်းဆုံးအရာမှာ ယခုလို တိုက်ခိုက်သတ်ဖြတ်ခြင်း ဖြစ်သည်။

ထိုလူယုတ်မာ၏ ညစ်ပတ်သော လက်က စူးဝမ်ချင်ကို ထိတော့မည့်အချိန်မှာပင် ။

ရှောင်ရှန်းသည် ဘာစိတ်ကူးပေါက်သည်မသိ၊ သို့မဟုတ် “မင်းသား(၃) ဆီ ဆက်သမယ်” ဆိုသော စကားက သူ့ကို ဆွပေးလိုက်သလို ဖြစ်သွားလေသလား မသိနိုင်သော်လည်း၊ သူသည် စူးဝမ်ချင် ရှေ့သို့ ပိတ်ရပ်လိုက်ကာ ဆိုလိုက်သည်။

“ဟေ့ ဟေ့ ဆက်မတိုးနဲ့နော် ငါ သတိပေးလိုက်မယ်၊ ငါက သိုင်းမတတ်ဘူး ငါ့ကို တစ်ခုခုဖြစ်အောင် လုပ်ရင် မင်းတို့ လျော်နိုင်မှာ မဟုတ်ဘူး”

သူ၏ အဆင့်အတန်းဖြင့် တစ်ဖက်လူကို ခြိမ်းခြောက်ရန် ကြိုးစားလိုက်သည်။

သို့သော်လည်း သူ အလန့်တကြားနှင့် ဘာကို နင်းမိလိုက်သလဲ မသိ ၊ ခန္ဓာကိုယ် ဟန်ချက်ပျက်ကာ “ဝုန်း” ခနဲ လဲကျသွားတော့သည်။

မူက စူးဝမ်ချင်ကို ဖမ်းဆီးရန် ဟန်ပြင်နေသည့် မျက်လုံးတစ်ဖက်လပ် ခေါင်းဆောင်မှာ တစ်ခုခုနှင့် ခလုပ်တိုက်မိပြီး ဟန်ချက်ပျက်သွားကာ “ဒုန်း” ဆိုသည့် အသံနှင့်အတူ မှောက်လျက်သား လဲကျသွားကာ ရှေ့သွားတစ်ချောင်းပင် ကျိုးထွက်သွားလေ၏။

“အိုင်းယိုး...”

ရှောင်ရှန်းကိုယ်တိုင်လည်း ဖင်ထိုင်လျက်သား၊ လဲကျသွားကာ နာကျင်နေသော်လည်း၊ သို့သော် ထိုလူယုတ်မာ၏ ပုံစံကို ကြည့်ရင်း ကြောင်တောင်တောင် ဖြစ်နေရှာသည်။

ဒါ... ဒါမျိုးလည်း ဖြစ်နိုင်တာပဲလား

ယဲ့လင်ရွှမ်း သည် လူရမ်းကား နှစ်ယောက်၏ ဝိုင်းထားခြင်းကို ခံနေရစဉ် ၊ ဤအခြေအနေကို မြင်လိုက်ရသဖြင့် မျက်ဝန်းများက လျှပ်တပြတ် တောက်ပသွားသည် ။

သူမသည် ဤအခွင့်အရေးကို လက်လွတ်မခံဘဲ လက်ထဲက ဓားကို လျင်မြန်စွာ ဝှေ့ယမ်းလိုက်ပြီး ဘေးနားက လူနှစ်ယောက်ကို နောက်‌ပြန်ဆုတ်သွားစေသည်။

စူးဝမ်ချင်သည်လည်း သာမန် မိန်းကလေး မဟုတ်ပေ၊ ရှောင်ရှန်း၏ “အမှတ်မထင်” ဖန်တီးပေးလိုက်သော အခွင့်အရေးကို မြင်သည်နှင့် ၊ သူမ၏ လက်ချောင်းများကြားမှ မြင်တွေ့ရန်ခက်ခဲသော ငွေအပ်လေးများကို ပစ်လွှတ်လိုက်ရာ၊ ရန်သူများ၏ လက်ကောက်ဝတ် အကြောများကို တိတိကျကျ ထိမှန်သွားခဲ့သည်။

“အား ငါ့လက်”

“အားမရှိတော့ဘူး”

လူရမ်းကား အချို့မှာ လက်ကောက်ဝတ်များ ထုံကျင်သွားကာ လက်ထဲက လက်နက်များမှာလည်း “ချွင်” ခနဲ မြေပြင်ပေါ်သို့ အကုန် ပြုတ်ကျသွားလေ၏။

ယဲ့လင်ရွှမ်း ၏ ပြင်းထန်သော ဓားချက်များနှင့် စူးဝမ်ချင်၏ လျင်မြန်သော “လက်လှုပ်ရှားမှု” တို့ ပေါင်းစပ်လိုက်သောအခါ တစ်ခဏအတွင်းမှာပင် ထိုလူရမ်းကားများမှာ အော်ဟစ်ငိုကြွေးကာ ကျွေ့ရှန်းအဆောင်ထဲမှ အသားကုန် ပြေးထွက်သွားလေတော့၏။

“ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မိန်းကလေး”

ယဲ့လင်ရွှမ်း က သူမ၏ ဓားကို ပြန်သိမ်းကာ စူးဝမ်ချင်ကို ဂါရဝပြုလိုက်ပြီးနောက်၊ မြေပြင်ပေါ်တွင် ဖင်ထိုင်လျက်သား ကြောင်ကြည့်နေဆဲဖြစ်သော ရှောင်ရှန်း ထံသို့ အကြည့်လွှဲလိုက်သည်။

သူမသည် ဝတ်စားဆင်ယင်မှု ခမ်းနားပြီး ရုပ်ရည်ချောမောသော်လည်း ၊ ကြောင်တောင်တောင်ရုပ် ဖြစ်နေသော လူငယ်လေးကို တစ်ချက် ကြည့်လိုက်သည်။

စူးဝမ်ချင်သည် ရှောင်ရှန်း နားသို့ လျှောက်လာပြီး တိုးတိုးလေး မေးလိုက်သည်။

“အရှင့်သား၊ ဘာဖြစ်သွားသေးလဲ”

“အရှင့်သား”

ထိုခေါ်သံကို ကြားလိုက်ရချိန်တွင် ယဲ့လင်ရွှမ်းမှာ မျက်ခုံးတစ်ချက် ပင့်သွားသည်။

မြို့တော်အတွင်း စူးသမားတော်မှ “အရှင့်သား” ဟု ခေါ်ဆိုနိုင်သော လူငယ်လေးမှာ အရှေ့နန်းဆောင်မှ ‘ ဘဝကို ငပျင်းတစ်ယောက်လို နေထိုင်ခြင်း’ ကြောင့် နာမည်ကြီးနေသော အိမ်ရှေ့စံ ရှောင်ရှန်း ကလွဲ၍ မည်သူရှိမည်နည်း။

ကျုံးကို ဖျက်လိုဖျက်‌ဆီးလုပ်ရာမှ ရေဘေးကို မတော်တဆ ဖြေရှင်းပေးနိုင်ခဲ့ပြီး၊ လတ်တလော “တော်ဝင် ငါးမျှားဥယျာဉ်” ကို ဖန်တီးခဲ့သည့် အိမ်ရှေ့စံပင်လော။

ဖုန်များ ပေကျံလျက် ဖင်ကို ပွတ်ရင်း “ငါ ဘယ်သူလဲ၊ ငါ ဘယ်ရောက်နေတာလဲ” ဆိုသည့် မျက်နှာပေးနှင့် ဖြစ်နေသည့် အမျိုးသားကို ကြည့်ရင်း ၊ ယဲ့လင်ရွှမ်း ၏ ရင်ထဲတွင် ဖော်ပြမတတ်သော ထူးဆန်းသည့် ခံစားချက်တစ်ခု ဖြစ်ပေါ်လာလေ၏။

All Chapters