← Chapters

အခန်း (၇၇၃-၇၇၄)

Vol. 78 Ch. 773-774

အခန်း (၇၇၃-၇၇၄)

Vol. 78 Ch. 773-774

အခန်း (၇၇၃)

ရတနာ ဟုတ်လား...။

လီယန်ချူး မျက်မှောင်ကြုတ်လိုက်မိသည်။ ဤရေကန်ထဲတွင် မည်သည့်ရတနာ ရှိနိုင်မည်နည်း။ သူသည် သံစားသားရဲကို တစ်ချက်ကြည့်ကာ

"ရေကန်ထဲမှာ အလောင်းတွေဘာတွေ ရှိနေတာတော့ မဟုတ်ပါဘူးနော်" ဟု မေးလိုက်သည်။

အနောက်သို့ ခရီးသွားခြင်း ထဲတွင် စွန်းဝူခုန်းသည် ဝက်ဝံကြီးကို ရေတွင်းထဲမှ အလောင်းသွားဆယ်ရန် လှည့်စားခဲ့ဖူးပြီး ထိုစဉ်ကလည်း ရတနာရှိသည်ဟု အကြောင်းပြခဲ့ဖူးသည်။

သံစားသားရဲမှာ ကြောင်အမ်းသွားပြီး ခေါင်းကို အမြန်ခါယမ်းကာ

"မဟုတ်ရပါဘူး၊ ဘယ်က အလောင်း ရှိရမှာလဲ။ တာအိုဆရာကို မလိမ်ဝံ့ပါဘူး၊ ရတနာဆိုတာထက် တကယ်တော့ အဲဒါက အပိုင်းအစတစ်ခုပါပဲ။ တာအိုလမ်းစဉ်ရဲ့ အငွေ့အသက်တွေ ပါဝင်ပြီး အဲဒီအပိုင်းအစကို ကိုင်ထားရင် တိုက်ခိုက်မှုတွေကို ချေဖျက်နိုင်သလို ဘယ်လိုမန္တန်ကမှလည်း မထိခိုက်နိုင်ပါဘူး"

ဟု ရိုသေစွာ လျှောက်တင်လိုက်သည်။

"အပိုင်းအစ ဟုတ်လား...။ အဲဒီအပိုင်းအစကို ကိုင်ထားရုံနဲ့ တိုက်ခိုက်မှုတွေကို ချေဖျက်နိုင်တယ်လို့ မင်းပြောတာလား"

ဟု လီယန်ချူးက သံသယဖြင့် မေးသည်။

"ဟုတ်ပါတယ်" သံစားသားရဲက ခေါင်းညိတ်သည်။

"မင်းက ဘယ်လိုလုပ် ဒီလောက် သေချာနေတာလဲ"

သံစားသားရဲက လီယန်ချူးကို ကြည့်ကာ

"ဘယ်မှာ လိမ်ပါ့မလဲ၊ ဘာလို့လဲဆိုတော့... ကျွန်တော် အဲဒီအပိုင်းအစနဲ့ အထုခံခဲ့ရဖူးလို့ပါ"

".........." လီယန်ချူး ဆွံ့အသွားရသည်။

ဘေးနားရှိ ကျန်းလင်းကလည်း

"လီတာအိုဆရာ၊ ဒီသံစားသားရဲရဲ့ စကားကို အလွယ်တကူ မယုံပါနဲ့ဦး။ ရေကန်အေးရဲ့ အနက်ပိုင်းမှာ တစ်ခုခု အပြောင်းအလဲ ရှိနိုင်ပါတယ်"

ဟု တားမြစ်သည်။

ဝေ့ရှန်းကလည်း ကြားဖြတ်၍

"ဟုတ်တယ်၊ ဒီကောင်က ကြည့်ရတာ မျက်ခုံးထူထူ မျက်လုံးပြူးပြူးနဲ့ လူကောင်းပုံ မပေါက်ဘူး။ တာအိုဆရာ၊ သူ့လှည့်ကွက်ထဲ မဝင်ပါစေနဲ့"

ဟု ပြောလိုက်သည်။ ဝေ့ရှန်း စကားဆုံးသည်နှင့် လူအတော်များများ၏ အကြည့်များမှာ သူ့ထံသို့ ကျရောက်လာကြသည်။

လီယန်ချူးက ခေါင်းညိတ်ကာ

"မင်းတို့ ပြောတာလည်း ဟုတ်တာပဲ၊ ဒါဆိုရင်တော့ အောက်ကို ဆင်းမနေတော့ဘူး"

သူသည် လက်ထဲမှ ရေခွဲပုတီး ကို ထုတ်လိုက်သည်။

ဝုန်း

မြစိမ်းရောင် ရေကန်အေး၏ ရေပြင်မှာ ဘေးနှစ်ဖက်သို့ ကွဲထွက်သွားပြီး ရေကန်ခြေကို တိုက်ရိုက် မြင်တွေ့လိုက်ရသည်။ ရေကန်ရေမှာ အလွန်အမင်း အေးစက်လှသည်။ ရေကန်ခြေတွင် အမျိုးသမီး အလောင်းတစ်လောင်းမှာ တရားထိုင်နေသည့် ပုံစံဖြင့် ထိုင်နေသည်ကို တွေ့လိုက်ရသည်။

၎င်းမှာ အေးစက်တည်ငြိမ်သော တာအိုသီလရှင် တစ်ဦး ဖြစ်သည်။ အသက်ဓာတ် ကင်းမဲ့နေပြီဖြစ်ရာ ရုပ်အလောင်း သက်သက်သာ ဖြစ်သည်။

ဤအခြေအနေကြောင့် အားလုံး အံ့အားသင့်သွားကြရသည်။ သံစားသားရဲပင် ကြောင်အမ်းသွားသည်။

ရေကန်ခြေမှ အမျိုးသမီး အလောင်း ပေါ်လာသောအခါ လီယန်ချူးမှာ မှင်တက်သွားပြီးမှ သံစားသားရဲဘက်သို့ လှည့်ကြည့်ကာ

"မင်းက မျက်ခုံးထူထူ မျက်လုံးပြူးပြူးနဲ့ တကယ်ကို လူကောင်းမဟုတ်ပါလား"

".........." သံစားသားရဲမှာ ဘာပြောရမှန်း မသိတော့ပေ။

တစ်ခဏအတွင်း သံစားသားရဲမှာ မိမိကိုယ်ကိုယ် အဆုံးသတ်ပြီဟု ခံစားလိုက်ရသည်။ သူကိုယ်တိုင်လည်း ဘာဖြစ်သွားသည်ကို မသိချေ။ ရေကန်ခြေတွင် ရွှေရောင် အပိုင်းအစ ရှိနေရမည် ဖြစ်သော်လည်း ယခုမူ အမျိုးသမီး အလောင်းတစ်လောင်း ဖြစ်နေသည်။

သေချာ ကြည့်လိုက်သောအခါ ဤအမျိုးသမီးမှာ ယခင်က အစီရင်ကို လာရောက် ချထားခဲ့သည့် အမျိုးသမီး ဖြစ်နေကြောင်း သူ သတိထားမိလိုက်သည်။

"ကောင်းပြီ၊ အေးအေးဆေးဆေးပဲ လမ်းခွဲကြစို့ (သေဖို့ ပြင်ပေတော့)"

ဟု လီယန်ချူး ပြောလိုက်သောအခါ သံစားသားရဲမှာ တစ်ကိုယ်လုံး ရေခဲတိုက်ထဲ ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ထိုစဉ် သံစားသားရဲသည် ရေကန်ခြေမှ အမျိုးသမီး အလောင်းကို ကြည့်ကာ ထိတ်လန့်တကြား အော်ပြောလိုက်သည်။

"ဒါက ရုပ်အလောင်း အစစ်မဟုတ်ဘူး၊ ကိုယ်ပွားပဲ။ ကိုယ်ပွားကျင့်စဉ် ပဲ "

၎င်းသည် အလျင်စလို အော်ဟစ်နေတော့သည်။

၎င်း၏ ကိုယ်ပေါ်တွင် စင်ကြယ်သော အငွေ့အသက်များ ရှိနေသဖြင့် လူသတ်မှုများ ကျူးလွန်ထားခြင်း မရှိကြောင်း သိသာလှသည်။ လီယန်ချူးကလည်း ၎င်းကို ခြောက်လှန့်ရုံသာ ဖြစ်သည်။

နဂါးချည်တိုင်ဖြင့် အချုပ်ခံထားရသည့် သံစားသားရဲမှာ ထိုအလောင်း၏ ထူးခြားမှုကို မြင်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

'ဒါက သံစားသားရဲရဲ့ ပင်ကိုယ် စွမ်းရည်လား'

ဟု လီယန်ချူး တွေးလိုက်သည်။

သူ၏ မျက်လုံးများထဲတွင် မန္တန်အလင်းများ တောက်ပနေပြီး ဝိညာဉ်မျက်စိဖြင့် ကြည့်လိုက်သောအခါ ဤအရာမှာ အလောင်းအစစ် မဟုတ်ကြောင်း သိလိုက်ရသည်။

အချိုးအစား ပြေပြစ်လှပသော အမျိုးသမီး ပုံစံရှိသော်လည်း ၎င်းမှာ ဆံပင်တစ်ပင်မှ ပြောင်းလဲထားသည့် ကိုယ်ပွားတစ်ခုသာ ဖြစ်သည်။ ထိုဆံပင်မှာ ဆန်းကြယ်သော အပိုင်းအစပေါ်တွင် ကပ်တွယ်နေခြင်း ဖြစ်သည်။

ထိုအပိုင်းအစမှာ သူ၏ လက်ထဲရှိ အပိုင်းအစနှင့် ပုံစံတူပြီး မန္တန်သင်္ကေတများလည်း ကိုက်ညီနေသည်။ ၎င်းမှာ ထိုရတနာ၏ အပိုင်းအစတစ်ခု ဖြစ်ပေလိမ့်မည်။

အားလုံး အံ့သြသွားရသည်မှာ လီယန်ချူးသည် တစ်ချက်ကြည့်ပြီးနောက် ရေခွဲပုတီးဖြင့် ရေကန်ကို ပြန်စိလိုက်ခြင်းပင် ဖြစ်သည်။

"မင်းပြောတာတော့ အဲဒီရတနာက အစီရင်ရဲ့ ဗဟိုချက် ဆိုပဲ။ ငါ မေးမယ်... ဒီအစီရင်ကြီးက တကယ်တမ်း ဘာကို နှိမ်နင်းထားတာလဲ"

လော့ဟွန်းတောင်၏ အနက်ရှိုင်းဆုံး နေရာတွင်...

နက်မှောင်သော အရိပ်တစ်ခုသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူ၏ ကိုယ်ပေါ်တွင် မရေမတွက်နိုင်သော ချည်မျှင်တန်းများ ဆက်သွယ်နေသည်။

သူသည် လော့ဟွန်းတောင်အတွင်းရှိ ထူးဆန်းသော တည်ရှိမှုတစ်ခု ဖြစ်ပြီး ထိုမျှင်တန်းများမှတစ်ဆင့် လူသားတို့၏ သွေးနှင့် ကြောက်ရွံ့မှုများကို ရယူနေခြင်း ဖြစ်သည်။

သူသည် ဝူလင်း ဖြစ်သည်။

ဝူနတ်ဘုရားက ဖန်တီးခဲ့သည့် ဝိညာဉ်များထဲမှ တစ်ခု ဖြစ်သည်။ အခြားသော ဝိညာဉ်များမှာ လူမသိသော နေရာများတွင် ရှိနေသော်လည်း သူကမူ လူ့လောကတွင် ကျန်ရစ်ခဲ့သည်။

အကြောင်းမှာ ယခင်က သူသည် တာအိုသီလရှင် တစ်ဦးနှင့် တွေ့ဆုံခဲ့ပြီး ထိုသီလရှင်က ဆန်းကြယ်သော အပိုင်းအစတစ်ခုကို အသုံးပြု၍ သူ့ကို ဤနေရာတွင် ပိတ်လှောင် နှိမ်နင်းခဲ့ခြင်း ဖြစ်သည်။

သူ့တွင် မပျက်စီးနိုင်သော ဂုဏ်သတ္တိ ရှိသော်လည်း တစ်ချိန်တည်းမှာပင် ထွက်ခွာသွား၍ မရချေ။ ထို့ကြောင့် နှစ်ပေါင်းများစွာအတွင်း လော့ဟွန်းတောင်တွင် အစီအစဉ်များစွာကို ဂရုတစိုက် ပြုလုပ်ခဲ့ပြီး ပတ်ဝန်းကျင်တွင် ဝိညာဉ်ဆိုးများကို ချထားကာ လူသားတို့၏ ကြောက်ရွံ့မှုကို စုပ်ယူနေခဲ့ခြင်း ဖြစ်သည်။ ယခု သူသည် မျက်လုံးဖွင့်ကာ ထိုကြောက်ရွံ့မှုများကို ခံစားကြည့်လိုက်သည်။

"နေလို့ ကောင်းလိုက်တာ... နည်းနည်းတော့ နည်းနေသေးပေမဲ့ လူတွေရဲ့ ကြောက်ရွံ့မှု အရသာက တကယ့်ကို ထူးကဲတာပဲ"

ဟု ထိုအရိပ်က သက်ပြင်းချရင်း ဆိုသည်။

ရုတ်တရက်...။ သူ၏ မျက်ဝန်းများ ပြောင်းလဲသွားသည်။ တောင်ကြား၏ အရှေ့တောင်ဘက်ရှိ ချည်မျှင်များ အားလုံး ပျောက်ကွယ်သွားသည်ကို သူ သတိထားမိလိုက်သည်။

သူသည် ဝိညာဉ်ဆိုးများကို စနစ်တကျ ဖြန့်ကြက်ထားပြီး မိမိကိုယ်ကို ဝန်းရံကာ ကာကွယ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုမူ အရှေ့တောင်ဘက်ရှိ မြှားတန်းများ အားလုံး မရှိတော့ပေ။

"ဘယ်သူ လုပ်တာလဲ"

ဝူလင်းသည် တစ်ခဏအတွင်း အမျက်ထွက်သွားသည်။ နှစ်ပေါင်းများစွာအတွင်း ခက်ခက်ခဲခဲ စုဆောင်းထားရသည့် စွမ်းအားများဖြင့် တည်ဆောက်ထားသော ဝိညာဉ်ဆိုးများ ဖြစ်သည်။

ယခုအခါ ကမ္ဘာကြီးတွင် အပြောင်းအလဲများ ဖြစ်ပေါ်လာသဖြင့် သူ၏ စွမ်းအားအချို့မှာ အပြင်သို့ ပေါက်ကြားနိုင်လာပြီး သူ၏ ရည်မှန်းချက်များကို စတင် အကောင်အထည်ဖော်ရန် အချိန်ကောင်း ဖြစ်နေသည်။ သို့သော် ယခုမူ သူ၏ ပြင်ဆင်မှု လေးပုံတစ်ပုံမှာ ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည်။

"ဟို သေနာ သံစားသားရဲ လုပ်တာလား"

ထိုအရိပ်မှာ မျက်မှောင်ကြုတ်လိုက်သော်လည်း ထိုအတွေးကို ချက်ချင်း ပြန်ဖျက်လိုက်သည်။ ထိုသံစားသားရဲမှာ ရေကန်အေး ဘေးတွင်သာ နေထိုင်ပြီး လှုပ်ရှားမှု နယ်ပယ် အလွန်ကျဉ်းမြောင်းသဖြင့် သူ ဖြစ်နိုင်ခြေ မရှိပေ။ သို့သော် သေချာစေရန်အတွက် သူကိုယ်တိုင် စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။

သူ၏ စိတ်အာရုံမှာ ချည်မျှင်တန်းများအတိုင်း ပျံ့နှံ့သွားပြီး လော့ဟွန်းတောင်အတွင်းရှိ ထူးဆန်းသော အငွေ့အသက်များကို ခံစားကြည့်လိုက်သည်။

လော့ဟွန်းတောင်ကို လူသားများက အသက်ဝင်၍ မရသော နယ်မြေအဖြစ် သတ်မှတ်ထားကြသဖြင့် ဤနေရာသို့ မည်သူမျှ မလာကြချေ။ ထို့ကြောင့် လော့ဟွန်းတောင်အတွင်းတွင် လူသားများ မရှိနိုင်...။

ရုတ်တရက်...

ဝူလင်းသည် ထူးခြားသော အငွေ့အသက် အချို့ကို ခံစားလိုက်ရသည်။ သူ၏ အမြင်အာရုံမှာ တစ်ခဏအတွင်း ရှင်းလင်းသွားပြီး လူတစ်စုကို တွေ့လိုက်ရသည်။

ချောမောသော တာအိုဆရာလေး တစ်ဦး၊ မျက်ခုံးထူထူနှင့် သူဌေးသားလေး တစ်ဦး၊ ခပ်အေးအေး အမျိုးသားကြီး တစ်ဦး၊ အရပ်ရှည်ရှည် အနက်ရောင်ဝတ် အမျိုးသမီး တစ်ဦးနှင့် ချောမောလှပသော မိန်းကလေးငယ် တစ်ဦး။

ထို့ပြင် အသိဟောင်းကြီး ဖြစ်သော သံစားသားရဲမှာ တိုင်တွင် အချုပ်ခံထားရပြီး ရွှေရောင်များ တောက်ပနေသည်ကို တွေ့လိုက်ရသည်။

သံစားသားရဲကို မြင်သောအခါ ထိုအရိပ်မှာ ဒေါသထွက်သွားသည်။ ဤကောင်မှာ ယင်ယန်စွမ်းအားကို ပိုင်ဆိုင်ထားသဖြင့် ရင်ဆိုင်ရ ခက်ခဲလှသည်။

သူသည် ထိုကောင်ကို သတ်ပစ်ချင်သော်လည်း အစီရင်၏ ဗဟိုချက်နှင့် နီးကပ်လွန်းသဖြင့် လက်မလှုပ်ဝံ့ခဲ့ပေ။ ယခုမူ သံစားသားရဲက တာအိုဆရာလေး တစ်ဦးရှေ့တွင် ရိုသေစွာ စကားပြောနေသည်ကို သူ မြင်တွေ့လိုက်ရသည်။ ဤနည်းလမ်းမှာ ပုံရိပ်ကိုသာ မြင်နိုင်ပြီး အသံကို မကြားနိုင်သဖြင့် သူတို့ ဘာပြောနေသည်ကိုမူ သူ မသိချေ။

"ဒီတာအိုဆရာလေး လုပ်တာများလား"

ဝူလင်းသည် ချက်ချင်းပင် ဆုံးဖြတ်လိုက်သည်။ အဓိကမှာ ထိုလူအုပ်စုထဲတွင် တိုက်ရည်ခိုက်ရည် ရှိနိုင်သူမှာ ဓားလွယ်ထားသည့် ဤတာအိုဆရာလေး တစ်ဦးတည်းသာ ရှိခြင်းကြောင့် ဖြစ်သည်။ ဝူလင်း၏ ဆုံးဖြတ်ချက်မှာ ရိုးရှင်းသော်လည်း အလွန်ပင် တိကျလှသည်။

အခြားတစ်ဖက်တွင်မူ လီယန်ချူးသည် သံစားသားရဲ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် မျက်မှောင်ကြုတ်လိုက်မိသည်။

ဝူလင်း ဟုတ်လား...

သေချာပေါက်ပင် ယခင်က လျူကျွင်း၏ ကံကြမ္မာကို ဝါးမြိုခဲ့သည့် အရာနှင့် အမျိုးအစားတူ ဖြစ်နေသည်။

ရုတ်တရက်...

လီယန်ချူးသည် မိမိကို တိတ်တဆိတ် စောင့်ကြည့်နေသည့် အကြည့်တစ်ခုကို ခံစားလိုက်ရသည်။

"မိုးကြိုးသန့်စင် ယန်စွမ်းအား၊ လောကရဲ့ တရားဥပဒေ ဘယ်က မိစ္ဆာက ငါ့ကို စောင့်ကြည့်ဝံ့တာလဲ "

သူ၏ အသံမှာ မိုးကြိုးပစ်သကဲ့သို့ ဟည်းထွက်သွားပြီး ကိုယ်ပေါ်မှ ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာကာ မိုးကြိုးနှင့် မီးတောက်များ ဝန်းရံသွားတော့သည်။

"အားးးးးးးးးး"

ဝူလင်းမှာ မိမိကိုယ်ကို မိုးကြိုးတွင်းထဲ ရောက်သွားသကဲ့သို့ ခံစားလိုက်ရပြီး အော်ဟစ်ကာ ရှေ့ရှိ ပုံရိပ်ယောင်မှာလည်း ပျောက်ကွယ်သွားတော့သည်။

"မိုးကြိုးမန္တန် ဟုတ်လား..."

ဝူလင်း စိတ်ထဲတွင် အလွန်အံ့သြသွားရသည်။

ဤဘက်တွင်မူ လီယန်ချူး၏ ရုတ်တရက် ပေါက်ကွဲမှုကြောင့် အားလုံး လန့်သွားကြသည်။ အထူးသဖြင့် သရဲမ ကျောက်ရှောင်မန်မှာ ဝိညာဉ်ပင် ပျောက်ကွယ်လုနီးပါး ဖြစ်သွားကာ ပုံရိပ်မှာ မှိန်ဖျော့သွားခဲ့သည်။

သူမသည် အရေးကြီးချိန်တွင် ဆီစိမ်စက္ကူထီးထဲသို့ အမြန်ဝင်လိုက်သဖြင့်လည်းကောင်း၊ လီယန်ချူး၏ ပစ်မှတ်မှာ သူမ မဟုတ်သဖြင့်လည်းကောင်း သီသီလေး လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ မဟုတ်ပါက လီယန်ချူး၏ အငွေ့အသက်ဖြင့်တင် သူမ သေဆုံးသွားနိုင်ပေသည်။

"ဝူလင်းဆိုတဲ့ အဲဒီသောက်ကောင် တိတ်တဆိတ် စောင့်ကြည့်နေတာ သေချာတယ်"

ဟု သံစားသားရဲက ပြောသည်။

"အဲဒီ ဝူလင်း ဘယ်မှာ ရှိလဲ သိလား"

ဟု လီယန်ချူးက မေးသည်။

ဤလော့ဟွန်းတောင်တွင် ရှေးဟောင်း တားမြစ်ချက်များ ရှိနေသည်။ ၎င်းမှာ ထိုတာအိုသီလရှင် ချထားခဲ့သည့် အစီရင် ဖြစ်ပေလိမ့်မည်။ ထိုသီလရှင်သည် ဝူလင်းကို ပိတ်လှောင်ထားစဉ် သူ၏ စိတ်အာရုံ အပြင်သို့ ပျံ့နှံ့မှုကိုလည်း ကန့်သတ်ထားခဲ့သည်။

ဆက်လက် ရှာဖွေလျှင် ဝူလင်းကို တွေ့နိုင်သော်လည်း အချိန်ကုန်မည် စိုးသဖြင့် လီယန်ချူးက သံစားသားရဲကို တိုက်ရိုက် မေးလိုက်ခြင်း ဖြစ်သည်။ သံစားသားရဲမှာလည်း လီယန်ချူး၏ မျှော်လင့်ချက်ကို မပျက်စေဘဲ မျက်လုံးများ တောက်ပလာကာ

"သိပါတယ် တာအိုဆရာ၊ ကျွန်တော့်နောက် လိုက်ခဲ့ပါ"

သံစားသားရဲသည် ဝူလင်း၏ တည်နေရာကို ခံစားနိုင်သည်။ အားလုံးမှာ ဤအစီရင်ထဲတွင် အတူတူ ပိတ်လှောင်ခံထားရသူများ မဟုတ်ပါလား။

အမှန်တကယ် ပြောရလျှင် သံစားသားရဲ၏ လှုပ်ရှားမှု နယ်ပယ်မှာ ဝူလင်းထက် ပို၍ ကျယ်ဝန်းလှသည်။ ဝူလင်းမှာ သူ၏ ပတ်ဝန်းကျင် အနည်းငယ်အတွင်းသာ လှုပ်ရှားနိုင်သည်။

လီယန်ချူးက နဂါးချည်တိုင်ကို သိမ်းလိုက်သောအခါ သံစားသားရဲမှာ လီယန်ချူး၏ ရှေ့တွင် ချက်ချင်း ဝပ်တွားပေးလိုက်သည်။

"တာအိုဆရာ၊ ကျွန်တော့်အပေါ် စီးလိုက်ပါ"

လီယန်ချူးက ငြင်းဆန်မနေဘဲ ရှစ်ခွင်မှန်ကို ကျန်ခဲ့သူများအတွက် ထားရစ်ခဲ့သည်။

"သူတို့ကို စောင့်ရှောက်ထားလိုက်"

ရှစ်ခွင်မှန်တွင် ကိုယ်ပိုင် တိုက်ခိုက်ရေး အသိစိတ် ရှိသည်။ လီယန်ချူး စကားပြောပြီးနောက် သံစားသားရဲပေါ်သို့ တက်စီးကာ မီးခိုးအလား မြန်ဆန်စွာ ထွက်ခွာသွားတော့သည်။

ကျန်ရစ်ခဲ့သူများထဲတွင် တိုက်ရည်ခိုက်ရည် အမြင့်ဆုံးဖြစ်သည့် ကျန်းလင်းမှာ အရေးကြီးသော တာဝန်ကို ပေးအပ်ခံရသကဲ့သို့ ခံစားလိုက်ရပြီး ခိုင်မာစွာ ခေါင်းညိတ်ကာ

"ကျွန်မ စောင့်ရှောက်ထားပါ့မယ်" ဟု ကတိပေးသည်။

ရှစ်ခွင်မှန်မှာ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီးနောက် ကျန်းလင်း၏ ရင်ခွင်ထဲသို့ အသာအယာ တိုးဝင်ကာ အလင်းများ မှိန်သွားပြီး ငြိမ်သက်သွားတော့သည်။

လော့ဟွန်းတောင်အတွင်း...

ဝူလင်းမှာ အမြန်ပြန်လည် သက်သာလာခဲ့သည်။ ဝူနတ်ဘုရား ဖန်တီးခဲ့သည့် ဤဝိညာဉ်များမှာ ဝါးမြိုသည့် နည်းလမ်းခြင်း မတူသော်လည်း တူညီသောအချက်မှာ 'မပျက်စီးနိုင်ခြင်း' ပင် ဖြစ်သည်။ သူတို့ကို ဖျက်ဆီးနိုင်သည့် စွမ်းအား မရှိချေ။ မဟုတ်ပါက သူတို့၏ လုပ်ရပ်များကြောင့် သေခဲ့သည်မှာ ကြာလှပြီ ဖြစ်သည်။

"တာအိုဂိုဏ်းက လူတွေ နောက်တစ်ခါပဲ "

ဟု ဝူလင်းက ဒေါသတကြီး ဆိုသည်။

ယခင်က သူသည် ဤနေရာတွင် ဘုရင်တစ်ဆူကဲ့သို့ နေထိုင်ကာ ဘာသာရေး တည်ထောင်၍ လူသားတို့၏ ဆုတောင်းမှုများကို စားသုံးခဲ့သည်။

သို့သော် တာအိုသီလရှင် တစ်ဦး၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရပြီး သူ၏ ဘာသာရေးမှာ ပျက်စီးကာ သူကိုယ်တိုင်လည်း ဤနေရာတွင် နှိမ်နင်းခံခဲ့ရသည်။

ယခုအခါ ဝူလင်း ပြန်နိုးလာသောအခါ ကမ္ဘာကြီးမှာ အပြောင်းအလဲများ ဖြစ်နေသည်ကို သတိထားမိလိုက်သည်။ လော့ဟွန်းတောင်မှ မထွက်ရသေးသဖြင့် ဘာတွေ ထူးခြားနေသည်ကို မသိသော်လည်း ယခင်က ကမ္ဘာနှင့် ယခု ကမ္ဘာမှာ ကွဲပြားနေသည်ကို သူ ခံစားမိသည်။

ထို့ပြင် ပိတ်လှောင်ခံထားရစဉ်အတွင်း သူ၏ မှတ်ဉာဏ်များမှာလည်း ဗလာ ဖြစ်နေခဲ့သည်။ ဤအချက်မှာ ဝူနတ်ဘုရား၏ လက်ရာဖြစ်သော ဝူလင်းအတွက် အလွန် ထူးဆန်းနေသည်။ ထို့ကြောင့် ဝူလင်းမှာ အပြင်လောကကြီးသို့ ထွက်ရန် ပို၍ ဆန္ဒပြင်းပြနေခဲ့သည်။

"တာအိုဆရာလေး... ငါ့ရဲ့ စွမ်းအားတွေ ပြန်ရလာရင် မင်းကို ဒီမှာတင် သတ်ပစ်မယ် "

ဟု ဝူလင်းက အေးစက်စွာ ပြောလိုက်သည်။

"မင်းက ဘယ်သူ့ကို သတ်မလို့လဲ"

တည်ငြိမ်အေးချမ်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ သို့သော် ဝူလင်း၏ နားထဲတွင်မူ ထိုအသံမှာ မိုးကြိုးသံကဲ့သို့ ဖြစ်နေသည်။ သူ ချက်ချင်း လှည့်ကြည့်လိုက်သောအခါ သံစားသားရဲကို စီးနင်းလာသည့် တာအိုဆရာလေးမှာ မိမိ၏ ရှေ့တည့်တည့်တွင် ရောက်နေသည်ကို တွေ့လိုက်ရသည်။

သူပဲ

ဝူလင်းသည် လီယန်ချူးအောက်မှ သံစားသားရဲကို ကြည့်ကာ မျက်လုံးပြူးသွားပြီး

"မိုက်မဲလိုက်တာ မင်းက ဒီတာအိုဆရာကို ဒီအထိ ခေါ်လာတာလား"

"မဟုတ်သေးဘူး... မင်းက ဘယ်လိုလုပ် မြစိမ်းရောင် ရေကန်အေးကနေ ထွက်လာနိုင်တာလဲ"

ထိုအရိပ်မှာ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

သံစားသားရဲက ရယ်မောကာ

"အဘိုးကြီး... မင်းက ငါ့ကို ဘယ်လို စကားပြောနေတာလဲ"

ဝူလင်း - ".........."

ခုနက လီယန်ချူးက ရေခွဲပုတီးဖြင့် ရေကန်အေးကို ခွဲလိုက်စဉ် ထိုသီလရှင်၏ ကိုယ်ပွား ပေါ်လာချိန်၌ သံစားသားရဲ ကိုယ်ပေါ်မှ တားမြစ်ချက်များမှာ ပျောက်ကွယ်သွားခဲ့သည်။ ၎င်းသည် လော့ဟွန်းတောင်အတွင်း လွတ်လပ်စွာ သွားလာနိုင်ကြောင်း ခံစားလိုက်ရရာ မိမိ၏ အချိန်ကောင်း ရောက်ပြီဟု သိလိုက်ခြင်း ဖြစ်သည်။

လီယန်ချူးသည် ထိုအရိပ်မည်းကို စိုက်ကြည့်လိုက်သည်။ အရိပ်မည်းက အေးစက်စွာ ရယ်မောကာ

"မင်းက ဘယ်သူ့ကို သတ်မလို့လဲလို့ မေးတယ်လား။ ငါ သတ်မှာက မင်းလို အသေခံမယ့် တာအိုဆရာလေးကိုပဲ "

စကားဆုံးသည်နှင့် ပတ်ဝန်းကျင်ရှိ အငွေ့အသက်များမှာ ရူးသွပ်စွာ ပေါက်ကွဲထွက်လာပြီး လီယန်ချူးဆီသို့ ထိုင်စန်တောင်ကြီးကဲ့သို့ ဖိနှိပ်လာခဲ့သည်။

၎င်းမှာ လီယန်ချူးနှင့် သူ၏ ဝိညာဉ်ကိုပါ အမှုန့်ကြိတ်ရန် ကြိုးစားခြင်း ဖြစ်သည်။

"တုန်လှုပ်သွားစမ်း လူသား မင်းရဲ့ ကြောက်ရွံ့မှုတွေနဲ့ ရုပ်ပျက်ဆင်းပျက် အမူအရာတွေကို ငါ့ကို ပြစမ်း "

ဟု ဝူလင်းက အော်သည်။

သို့သော် လီယန်ချူးမှာ ဘာမှ မခံစားရချေ။ တောင်ကို ထမ်းသော စွမ်းအား အကြောင်းကို မသိသေးပုံရသည်။ သူသည် လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ ပြင်းထန်လှသော အငွေ့အသက်များက ပတ်ဝန်းကျင်ရှိ ဖိအားများကို တစ်ခဏအတွင်း ရိုက်ခွဲပစ်လိုက်ပြီး အားလုံး ပျောက်ကွယ်သွားတော့သည်။

".........." ထိုအရိပ်မည်းမှာ ဆွံ့အသွားသည်။

လီယန်ချူးက လက်ချောင်းကို အသာတောက်လိုက်ရာ သုံးရောင်ခြယ် မီးတောက် တစ်ခု ပျံသန်းသွားသည်။ ၎င်းမှာ စင်ကြယ်သော ယန်မီးတောက် ဖြစ်သဖြင့် မိစ္ဆာများကို သတ်ဖြတ်ရန် အထူးသင့်လျော်လှသည်။ ထိုအရိပ်မည်းမှာ ပြန်လည် ခုခံနိုင်စွမ်း မရှိဘဲ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

လီယန်ချူးက အကဲခတ်လိုက်ရာ ဤအရိပ်မည်းမှာ ယခင်က သူ တွေ့ခဲ့ဖူးသော ဝူလင်းထက် အနည်းငယ် ပို၍ အစွမ်းထက်သော်လည်း ယခု သူ၏ စွမ်းအားမှာ ယခင်ထက် အဆပေါင်းများစွာ သာလွန်နေပြီ ဖြစ်ရာ ဖိအားမရှိဘဲ ခြေမှုန်းနိုင်ခဲ့ခြင်း ဖြစ်သည်။

သံစားသားရဲမှာ မှင်တက်သွားပြီးနောက် မျက်လုံးများထဲတွင် ဝမ်းသာမှုများ ပေါ်လာသည်။ မိမိ ကျောပေါ်ရှိ ဤတာအိုဆရာလေးမှာ ဤမျှ အစွမ်းထက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဝူလင်းကို အလွယ်တကူ သတ်ဖြတ်နိုင်သည်လား...။

သံစားသားရဲမှာ တစ်ကိုယ်လုံး တုန်ယင်သွားပြီး စာအုပ်ထဲတွင် ဖတ်ဖူးသည့် 'ကောင်းမွန်သော ငှက်သည် သစ်ပင်ကောင်းကို ရွေးနားသကဲ့သို့၊ ကောင်းမွန်သော နောက်လိုက်သည် သခင်ကောင်းကို ရွေးချယ်ရမည်' ဆိုသည့် စကားကို သတိရလိုက်သည်။ ယခုမူ သူ၏ ဘဝအတွက် အရေးကြီးသော လမ်းခွသို့ ရောက်နေပြီ ဖြစ်သည်။

သံစားသားရဲမှာ နှိမ်နင်းခြင်း မခံရမီက လူသားတို့၏ ယဉ်ကျေးမှုကို အလွန်အားကျခဲ့ပြီး စာအုပ်များစွာ ဖတ်ဖူးသဖြင့် မိမိ၏ သခင်ကောင်း ရောက်လာပြီဟု သိလိုက်ခြင်း ဖြစ်သည်။

"မတုန်နဲ့လေ "

လီယန်ချူး မျက်မှောင်ကြုတ်လိုက်သည်။ ဤသံစားသားရဲက ဘာလို့ ဒီလောက် ကြောက်နေရတာလဲ။

ထိုအရိပ်မည်းမှာ ချက်ချင်းပင် ပြန်လည် အသက်ဝင်လာပြီး လီယန်ချူးကို ကြည့်ကာ

"မင်းရဲ့ အားထုတ်မှုတွေက အလကားပါပဲ။ တာအိုဆရာလေး... မင်း ငါ့ကို သတ်လို့မရဘူး။ ငါက ဒီလောက် အလွယ်တကူ အသတ်ခံရမယ်ဆိုရင် ဟိုမိန်းမက ငါ့ကို ဒီလောက် အပင်ပန်းခံပြီး နှိမ်နင်းထားမှာ မဟုတ်ဘူး"

လီယန်ချူးက ပြုံးလိုက်ကာ

"တစ်ခါတလေကျတော့လည်း သက်တမ်းရင့်လေလေ ပိုပြီး တိုက်နိုင်လေလေ မဟုတ်ပါဘူး"

ဟု တည်ငြိမ်စွာ ပြောလိုက်သည်။ သို့သော် ထိုစကားမှာ မည်သူမဆို ကြားလျှင် ရဲရင့်ပြတ်သားမှု အပြည့် ရှိနေသည်။

အရိပ်မည်းမှာ သူ့ကို ကြည့်ရင်း စိုးရိမ်စိတ်များ စတင် ပေါ်ပေါက်လာသည်။ လီယန်ချူးက စင်ကြယ်သော ဖန်ပုလင်း ကို ထုတ်လိုက်ရာ ရွှေရောင်အလင်းများ တောက်ပကာ အေးချမ်းသော အငွေ့အသက်များ ထွက်ပေါ်လာသည်။ ယခင်ကလည်း ဝူလင်းကို ဤရတနာဖြင့်ပင် ဖမ်းခဲ့ဖူးသည် မဟုတ်ပါလား။

ရှူး

ထိုအရိပ်မည်းမှာ တစ်ခဏအတွင်း ပျောက်ကွယ်သွားပြီး ဖန်ပုလင်းအတွင်းသို့ ဖမ်းဆီးခံလိုက်ရတော့သည်။ လုံးဝ ခုခံနိုင်စွမ်း မရှိခဲ့ချေ။ ပုလင်းထဲတွင် အမျိုးမျိုးသော တားမြစ်ချက်များ၏ တိုက်ခိုက်မှုကို ခံနေရစဉ် သူသည် ရင်းနှီးနေသော အသိစိတ်တစ်ခုကို ခံစားလိုက်ရသည်။

"အစ်ကို... အစ်ကိုက ကျွန်တော့်ကို လာကယ်တာလား"

ဟု ပုလင်းထဲရှိ အခြားသော အရိပ်မည်းက ဝမ်းသာအားရ မေးလိုက်သည်။

အသစ်ဝင်လာသော အရိပ်မည်းမှာ တစ်ဖက်လူကို သေချာကြည့်ပြီးနောက် မျက်နှာပျက်သွားကာ အားငယ်စွာဖြင့်

"အစ်ကိုက မင်းကို အဖော်လုပ်ပေးဖို့ လာတာပါ"

".........."

အခြားတစ်ဖက်တွင်မူ ဝူလင်းကို အလွယ်တကူ နှိမ်နင်းပြီးနောက် လီယန်ချူးမှာ စဉ်းစားခန်း ဝင်နေသည်။

'ဒီဝိညာဉ်တွေက သီးခြားစီ တည်ရှိနေတဲ့ အရာတွေ မဟုတ်ဘူး ထင်တယ်'။

သူ၏ စိတ်ထဲတွင် အတွေးများစွာ ပေါ်လာသည်။ ဤဝိညာဉ်များကို ဝူနတ်ဘုရားက ဖန်တီးခဲ့ခြင်း ဖြစ်ရာ ဝူနတ်ဘုရားသည် အစီအစဉ်တစ်ခုခု ရှိနေပေလိမ့်မည်။ ၎င်းတို့မှာ ဝူနတ်ဘုရား၏ ကိုယ်ပွားများ ဖြစ်နေနိုင်သလား။ နဂါးပုတီး ခုနစ်လုံးကို စုဆောင်းသကဲ့သို့ ထိုဝိညာဉ်များ အားလုံးကို စုစည်းလိုက်လျှင် ဝူနတ်ဘုရား ပြန်လည် ရှင်သန်လာမည်လား...။

"ဒါနဲ့တင် ပြီးသွားပြီလား"

သံစားသားရဲ၏ အံ့သြသံကြောင့် လီယန်ချူး အတွေးစပြတ်သွားသည်။

"အင်း... အသေးအမွှားလေးပါ" ဟု သူက အေးဆေးစွာ ပြန်ပြောသည်။

ထိုစကားကြောင့် သံစားသားရဲ၏ မျက်လုံးထဲတွင် လီယန်ချူး၏ ပုံရိပ်မှာ အလွန်ပင် မြင့်မြတ်သွားတော့သည်။ လီယန်ချူးက စိတ်အာရုံဖြင့် စစ်ဆေးကြည့်ရာ ဝူလင်းမှာ အလွန် ဆင်းရဲလွန်းလှသဖြင့် ဘာမှ ချန်မထားခဲ့ကြောင်း တွေ့လိုက်ရသည်။ ထို့နောက် သူသည် သံစားသားရဲကို စီးကာ ဝေ့သားအဖရှိရာသို့ ပြန်လာခဲ့သည်။

သူသည် ဝိညာဉ်မျက်စိဖြင့် စစ်ဆေးကြည့်လိုက်ရာ ဝေ့ရှန်း၏ ကိုယ်ပေါ်ရှိ ဖျောက်ဖျက်၍ မရသော သွေးနီရောင် အမှတ်အသားမှာ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

"ဒီလောက် မြန်မြန်ကြီးလား။ လီတာအိုဆရာ... ရှာမတွေ့ခဲ့လို့လားဟင်"

ဟု ကျန်းလင်းက လာမေးသည်။

လီယန်ချူးက ခေါင်းခါပြကာ

"ဖမ်းလာခဲ့ပြီ" ဟု ပြောလိုက်သည်။

ကျန်းလင်း - ".........."

ဤလော့ဟွန်းတောင်ရှိ မိစ္ဆာမှာ မည်မျှ ခက်ခဲလှသနည်းဆိုလျှင် ယခင်က ကိုယ်ပွားကျင့်စဉ်ကိုပင် တတ်မြောက်ထားသည့် ပညာရှင်ကြီး တစ်ဦးကပင် ရတနာနှင့် သံစားသားရဲကို အစီရင်ပြုလုပ်၍ ပိတ်လှောင်ထားခဲ့ရခြင်း ဖြစ်သည်။

သိသာလှသည်မှာ ထိုမိစ္ဆာမှာ ဖျက်ဆီး၍ မရသော တည်ရှိမှု ဖြစ်သည်။ သို့သော် လီတာအိုဆရာမှာ ခဏလေးအတွင်း ပြန်ရောက်လာပြီး ဘာတိုက်ပွဲသံမှလည်း မကြားရဘဲ ထိုမိစ္ဆာကို ဖမ်းလာခဲ့သည်လား။ ဘာလို့ ဒီလောက်တောင် လွယ်ကူနေရတာလဲ။

သူတို့အားလုံး၏ မျက်နှာတွင် အံ့အားသင့်သော အရိပ်အယောင်များ ပေါ်လာသည်။ လီယန်ချူးက ရေခွဲပုတီးကို ထုတ်၍ ရေကန်အေးကို ထပ်မံ ခွဲလိုက်ပြန်သည်။ ရေကန်ခြေတွင် ထိုတာအိုသီလရှင်မှာ ထိုင်နေဆဲပင် ဖြစ်သော်လည်း သူမ၏ ပုံရိပ်မှာ တဖြည်းဖြည်း မှိန်ဖျော့သွားကာ လီယန်ချူးကို ဦးညွှတ်ပြလိုက်ပုံရသည်။

သူ သွားယူစရာ မလိုဘဲ ထိုဆန်းကြယ်သော အပိုင်းအစမှာ လီယန်ချူး၏ လက်ထဲသို့ အလိုအလျောက် ပျံသန်းရောက်ရှိလာခဲ့သည်။

ကိုင်လိုက်သောအခါ လီယန်ချူး၏ လက်ထဲရှိ အခြားအပိုင်းအစနှင့် အတူတူပင် ဖြစ်သည်။ လီယန်ချူးက ထိုအပိုင်းအစကို သေသေချာချာ သိမ်းဆည်းလိုက်သည်။

ယခင်က ထိုအပိုင်းအစကို ရခဲ့သော ဖုန်းရွှေဆရာကြီးမှာ သူ၏ တိုက်ခိုက်မှုများကို ရှောင်လွှဲနိုင်ခဲ့သည်။ ယခု သူကိုယ်တိုင် အပိုင်းအစ နှစ်ခု ရရှိထားပြီ ဖြစ်ရာ မည်သည့် အပြောင်းအလဲများ ဖြစ်လာမည်ကို သူ စိတ်ဝင်စားမိသည်။

သံစားသားရဲက

"ဒီနေရာက အစီရင်တွေ အားနည်းလာတာကို ကျွန်တော် ခံစားနေရတယ်။ မကြာခင် ပျောက်ကွယ်သွားတော့မယ် ထင်တယ်"

ဟု ပြောသည်။

လီယန်ချူးက တစ်ခုခုကို သတိရကာ

"မင်းက တခြား မိစ္ဆာတွေ ရှိတာကို ခံစားနိုင်လား"

ဟု မေးလိုက်သည်။

သံစားသားရဲက ခေါင်းညိတ်ကာ

"အစီရင်ထဲမှာဆိုရင် ခံစားနိုင်ပါတယ်။ သူတို့ဆီမှာ ဟိုသောက်ကောင်ရဲ့ ရွံစရာကောင်းတဲ့ အနံ့အသက်တွေ ရှိနေကြတယ်" ဟု ဆိုသည်။

လီယန်ချူးသည် သံစားသားရဲကို ကြည့်သည့် အကြည့်မှာ နူးညံ့သွားပြီး

"ကောင်းပြီ... ငါ့ကို ခေါ်သွားစမ်း"

သံစားသားရဲမှာ အလွန်စိတ်လှုပ်ရှားသွားပြီး မိမိ၏ မြှောက်ပင့်မှုမှာ အောင်မြင်သွားပြီဟု တွေးကာ ပျော်ရွှင်စွာ ရယ်မောလိုက်သည်။ လီယန်ချူးသည် သံစားသားရဲကို စီး၍ လော့ဟွန်းတောင်အတွင်း ပျံသန်းနေသည်။ သံစားသားရဲ၏ အရှိန်မှာ အလွန်မြန်လှသလို လီယန်ချူး၏ လက်ချက်မှာလည်း ပြတ်သားလှသည်။

နာရီဝက်ခန့်အတွင်း လော့ဟွန်းတောင် တစ်ခုလုံးရှိ မိစ္ဆာများကို အကုန်သတ်ဖြတ်လိုက်ရာ ကုသိုလ်မှတ် သုံးသောင်းနှစ်ထောင် ရရှိလိုက်သည်။

ထိုမိစ္ဆာများမှာ အမျိုးမျိုးအဖုံဖုံ ရှိကြပြီး အချို့မှာ သရဲအဆင့်ကို ကျော်လွန်ကာ ထူးခြားသော ဝိညာဉ်ပုံစံများ ဖြစ်နေကြသည်။ ဥပမာအားဖြင့် လူမျက်နှာများ၊ လူဦးခေါင်းများ၊ သို့မဟုတ် အမှောင်ထဲတွင် ပုန်းနေသည့် နှလုံးစားသရဲများ ဖြစ်ကြသည်။

၎င်းတို့မှာ ဝူလင်း၏ စွမ်းအားအပေါ် အခြေခံထားသဖြင့် သာမန် တာအိုမန္တန်များကို ခုခံနိုင်ကြသည်။ သို့သော် ဝူလင်းကို လီယန်ချူးက ဖမ်းဆီးလိုက်ပြီ ဖြစ်ရာ ထိုအရာများမှာ အခြေခံ ပျောက်ဆုံးသွားပြီး လီယန်ချူး၏ လက်ချက်ဖြင့် တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားကြတော့သည်။

နဝယိုမြက် များကိုလည်း ယူဆောင်ခဲ့ကြသည်။ ထိုမြက်များမှာ အဆိပ်ဖြေဆေး ဖော်စပ်ရုံမှလွဲ၍ ထူးခြားသော စွမ်းအား တိုးမြှင့်မှု မရှိသဖြင့် သံစားသားရဲကလည်း အလွန်ပင် သဘောထားကြီးစွာ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

အားလုံးမှာ ဝမ်းသာအားရ ဖြစ်နေကြပြီး ကျန်းလင်းကလည်း နဝယိုမြက်များကို ယူဆောင်ကာ ကျင်းရွှေမြို့သို့ သွားရန် ပြင်လိုက်သည်။ လီယန်ချူး၏ အကြည့်မှာ ဝေ့ရှန်း၏ ရင်ခွင်ထဲရှိ ဆီစိမ်စက္ကူထီးပေါ်သို့ ရုတ်တရက် ကျရောက်သွားသည်။

"ဝေ့ဦးလေး... နေသာကြီးကို ဘာလို့ ထီးတစ်လက် ဆွဲထားတာလဲ"

ဝေ့ရှန်းမှာ ကြောင်သွားပြီး မိမိ ရင်ခွင်ထဲမှ ထီးကို ငုံ့ကြည့်ကာ

"အေးလေ... ငါ ဘာလို့ ထီးဆွဲထားတာလဲ"

လီယန်ချူးက ပြုံးလိုက်ပြီး ဘာမှ မပြောတော့ပေ။ အားလုံး အပြင်သို့ ဆက်လက် ထွက်လာကြသည်။ သံစားသားရဲမှာလည်း လီယန်ချူး၏ ဘေးမှ တိတ်တဆိတ် လိုက်ပါလာသည်။

ဤမျှ အစွမ်းထက်သော ခိုလှုံရာကြီးကို ဖက်တွယ်ထားလျှင် မည်သူ့ကို သွားဖက်တွယ်ရမည်နည်း။ လော့ဟွန်းတောင်ရှိ မိစ္ဆာများ အားလုံး သေဆုံးသွားပြီ ဖြစ်ရာ ဤနေရာ၏ ပတ်ဝန်းကျင်မှာ အေးစက်နေဆဲ ဖြစ်သော်လည်း အလွန်ပင် ဘေးကင်းသွားပြီ ဖြစ်သည်။

လမ်းခွဲမည့် နေရာသို့ ရောက်သောအခါ ကျန်းလင်းက လက်အုပ်ချီကာ

"လီတာအိုဆရာ... ကျွန်မတို့ ဒီမှာပဲ လမ်းခွဲကြရအောင်။ ကျွန်မ နဝယိုမြက်ကို ကျင်းရွှေမြို့ကို အမြန်ပို့ပြီး ရွာသားတွေရဲ့ ရောဂါကို ကုပေးရဦးမယ်"

"ကောင်းပြီ... လမ်းမှာ သတိထားပါဦး" ဟု လီယန်ချူးက ယဉ်ကျေးစွာ ပြန်ပြောသည်။

ကျန်းလင်းက ဝေ့ရှန်းကို တစ်ချက်ကြည့်ကာ စဉ်းစားပြီးမှ ပြောလိုက်သည်။

"ဝေ့ဦးလေး... လူနဲ့ သရဲက လမ်းကြောင်းချင်း မတူဘူး။ ဒီသရဲမကို ဘေးနားမှာ ထားမထားသင့်ဘူး၊ ဒါက ဦးလေးရဲ့ ယန်စွမ်းအားကို ဆုတ်ယုတ်စေလိမ့်မယ်"

ဝေ့ရှန်းမှာ ကြောင်သွားပြီး

"ဘာသရဲမလဲ"

ကျန်းလင်းက အသာအယာ ပြောလိုက်သည်။

"ဒီဆီစိမ်စက္ကူထီးထဲမှာ ပုန်းနေတဲ့ သရဲမလေ၊ နာမည်က ကျောက်ရှောင်မန် မဟုတ်လား"

လီယန်ချူးသည် ချက်ချင်း လှည့်ကြည့်လိုက်ပြီး အကြည့်များ အေးစက်သွားတော့သည်။

"မင်း ဘာပြောလိုက်တာလဲ"

ကျန်းလင်းမှာ လန့်သွားပြီး

"ဘာဖြစ်လို့လဲဟင်"

"သရဲမ ကျောက်ရှောင်မန် ဟုတ်လား...။ ဘယ်က သရဲမလဲ"

လီယန်ချူး၏ မျက်မှောင်မှာ အလွန်တရာ ကျုံ့သွားတော့သည်။ သူ၏ ဉာဏ်အလင်းထဲတွင် ပုံရိပ်အချို့မှာ ဝေဝါးသွားသကဲ့သို့ ခံစားလိုက်ရသည်။

ဘေးမှ သံစားသားရဲက ကြားဖြတ်ပြောလိုက်သည်။

"ခုနက မိန်းကလေးလေ...။ တာအိုဆရာ အစွမ်းပြတုန်းက သူမက ထီးထဲကို ပြေးဝင်သွားတာလေ"

လီယန်ချူးနှင့် ဝေ့သားအဖတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

သူတို့၏ မှတ်ဉာဏ်ထဲတွင် ထိုသရဲမ ကျောက်ရှောင်မန်နှင့် ပတ်သက်၍ ဘာမှ မရှိတော့ချေ...။

အခန်း (၇၇၄) ဝိညာဉ်ကို ပြုစုပျိုးထောင်ခြင်း၊ ဤမိန်းကလေးသည် မြက်နှင့် ရေစက်ရှိပေသည်၊ တောင်ထဲဝယ် နှစ်ပေါင်းများစွာ

လီယန်ချူး၏ မျက်ခုံးများမှာ အလွန်အမင်း ကျုံ့သွားတော့သည်။

ကံကြမ္မာကို ဖုံးကွယ်ခြင်း

ဆိုလိုသည်မှာ သူသည် ခုနကလေးတင်ကပင် သရဲမ ကျောက်ရှောင်မန် ရှိနေခြင်းကို မေ့လျော့သွားခဲ့ခြင်း ဖြစ်သည်။ အတိအကျဆိုရလျှင် ယခင်က ကောင်းပုရွာ တွင် ဖြစ်ပျက်ခဲ့သည့် အခြေအနေမျိုးနှင့် တစ်ထပ်တည်းပင်။

လီယန်ချူး စိတ်အာရုံကို တစ်ချက် လှုပ်ရှားလိုက်ရာ သူ၏ ဝိညာဉ် ထဲမှ စိမ်းပြာရောင် အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာသည်။

စိတ်ကြည်လင် ကျောက်စိမ်းပြား

ထို့နောက် ခရမ်းရွှေရောင် စွမ်းအားနှင့် မီးနတ်ဘုရားဂါထာတော် တို့ တစ်ပြိုင်နက်တည်း ဟုန်းဟုန်းတောက် ပေါက်ကွဲထွက်လာတော့သည်။ ခဏချင်းအတွင်းမှာပင် ဝိညာဉ်အတွင်းရှိ မြူမှုံများမှာ ရိုက်ခွဲခြင်း ခံလိုက်ရပြီး ဝေဝါးနေသော မှတ်ဉာဏ်အပိုင်းအစများ ပြန်လည် ထင်ဟပ်လာကာ ကံကြမ္မာဖုံးကွယ်သည့် မန္တန်မှာ ပျက်ပြယ်သွားတော့သည်။

ယခုအခါ သူ၏ ယန်ဝိညာဉ် မှာ အလွန်အမင်း အစွမ်းထက်ကာ ခိုင်မာလှပြီ ဖြစ်သည်။ သုံးရောင်ခြယ်မီးတောက် ကိုလည်း လေ့ကျင့်အောင်မြင်ထားပြီး စိတ်၊ ဝိညာဉ်၊ ခန္ဓာ သုံးပါး တစ်သားတည်း ဖြစ်နေပြီ ဖြစ်ရာ ကျန်းလင်း၏ သတိပေးချက် မရှိလျှင်ပင် ခဏအကြာတွင် သူကိုယ်တိုင် ထိုတားမြစ်ချက်ကို ချိုးဖျက်နိုင်မည် ဖြစ်သည်။

ကုသိုလ်မှတ် တစ်သိန်းတန် ရတနာနှင့် နတ်ဘုရားတို့၏ အသိအမှတ်ပြုခြင်းခံထားရသည့် မီးနတ်ဘု ရားဂါထာတော်ဆိုသည်မှာ မည်သူမဆို ပိုင်ဆိုင်နိုင်သည့် အရာမျိုး မဟုတ်ပေ။

"ကျောက်ရှောင်မန်..."

လီယန်ချူး၏ မျက်လုံးများထဲတွင် စဉ်းစားတွေးတောသည့် အရိပ်အယောင်များ ပေါ်လာသည်။

"လီတာအိုဆရာ... ဒီကျန်းမိန်းကလေး ဘာတွေ ပြောနေတာလဲ"

ဝေ့ရှန်းမှာ ကြောင်အမ်းအမ်းဖြင့် မေးလိုက်သည်။ လီယန်ချူးက ခပ်ပြုံးပြုံးဖြင့် သူ၏ စိတ်အာရုံကို ဖြန့်ကြက်လိုက်ရာ အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသဖြင့် ဆီစိမ်စက္ကူထီးကို လက်ချောင်းဖြင့် အသာအယာ တောက်လိုက်သည်။

မန္တန်စွမ်းအား အချို့ ထည့်သွင်းလိုက်သောအခါ ဆီစိမ်စက္ကူထီးထဲမှ အမျိုးသမီး တစ်ဦး ဖြည်းညှင်းစွာ လွင့်ပျံထွက်လာသည်။ သူမ၏ မျက်နှာမှာ စင်ကြယ်သန့်ရှင်းပြီး ချစ်စဖွယ် ကောင်းလှသော်လည်း ပုံရိပ်မှာ ဝေဝါးကာ ပွင့်လင်းမြင်သာလုနီးပါး ဖြစ်နေသည်။

ဝေ့သားအဖမှာ ထိတ်လန့်သွားပြီး နောက်သို့ တစ်လှမ်းဆုတ်ကာ အော်လိုက်ကြသည်။

"သရဲ... သရဲမရှိနေတာပဲ"

ဤအမူအရာကြောင့် ကျန်းလင်း၏ မျက်မှောင်များ ပို၍ ကျုံ့သွားရသည်။

"ရှင်တို့က ဒီအထဲမှာ သရဲရှိနေတာကို အစောကြီးကတည်းက သိနေတာ မဟုတ်ဘူးလား"

အခြေအနေမှာ တစ်ခုခု မှားယွင်းနေကြောင်း ကျန်းလင်း ခံစားလိုက်ရသည်။ လီယန်ချူးက ပုံရိပ် မှိန်ဖျော့နေသော ကျောက်ရှောင်မန်ကို ကြည့်ကာ စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ ဤမိန်းကလေးမှာလည်း ကံကြမ္မာဖုံးကွယ်ခြင်းနှင့်အတူ ပျောက်ကွယ်သွားပြီဟု ထင်ထားခဲ့သော်လည်း ဆီစိမ်စက္ကူထီးထဲတွင် ကျန်ရှိနေဆဲ ဖြစ်သည်။

သူမ၏ ဝေဝါးနေသော အခြေအနေကို ကြည့်ပြီး လီယန်ချူး နားလည်သွားသည်။ ခုနက သူ၏ ဝိညာဉ်စွမ်းအား ပေါက်ကွဲထွက်စဉ်က သူမ၏ ဝိညာဉ်မှာ ထိခိုက်သွားခြင်း ဖြစ်ပေလိမ့်မည်။

သူ၏ သိုလှောင်အိတ် ထဲတွင် ဝိညာဉ်ကို ပြုစုပျိုးထောင်ပေးနိုင်သည့် ရတနာများ ရှိရာ လီယန်ချူးသည် ကျောက်ဖြူပုလင်းငယ် တစ်လုံးကို ထုတ်၍ ကျောက်ရှောင်မန်ထံ ကမ်းပေးလိုက်သည်။

"ဒါကို သောက်လိုက်ပါ"

ဟု လီယန်ချူးက တည်ငြိမ်စွာ ဆိုသည်။

သူ့တွင် မိစ္ဆာနှင့် ဝိညာဉ်များကို စေခိုင်းနိုင်သည့် နတ်စေခိုင်းခြင်း စွမ်းအား ရှိသဖြင့် ကျောက်ရှောင်မန်ကဲ့သို့ သရဲမလေးကို အလွယ်တကူ စေခိုင်းနိုင်သည်။ ဝိညာဉ် ထိခိုက်ထားသဖြင့် မှင်တက်နေသော ကျောက်ရှောင်မန်မှာ လီယန်ချူး၏ စကားကို နာခံစွာဖြင့် ပုလင်းကို ယူကာ အမော့တွင် မော့သောက်လိုက်သည်။

လှုပ်ရှားမှုမှာ အနည်းငယ် စက်ရုပ်ဆန်သော်လည်း ပုလင်းထဲမှ ဆေးရည်များမှာ သူမ၏ လည်ချောင်းထဲသို့ တဂွတ်ဂွတ်နှင့် စီးဝင်သွားတော့သည်။ ထိုဆေးရည်များ စီးဝင်သွားသည်နှင့်အမျှ ကျောက်ရှောင်မန်၏ ဝိညာဉ်ပုံရိပ်မှာ ပြန်လည် ထင်ရှား ခိုင်မာလာသည်။

ကျန်းလင်း၏ မျက်ဝန်းများ ပြောင်းလဲသွားရသည်။ ဝိညာဉ်ကို ပြုစုပျိုးထောင်ပေးသည့် ဤကဲ့သို့ တန်ဖိုးကြီး ရတနာမျိုးကို လီတာအိုဆရာက သာမန် သရဲမလေး တစ်ဦးအတွက် အလွယ်တကူ ထုတ်ပေးလိုက်ခြင်းမှာ အလွန်ပင် ရက်ရောလွန်းလှသည်။

ကျောက်ရှောင်မန် ဆေးရည်သောက်ပြီးသောအခါ နှုတ်ခမ်းထောင့်မှ နို့နှစ်ရောင် အရည်အချို့ စီးကျလာသည်။ သူမ၏ မျက်လုံးများ ပြန်လည် အသက်ဝင်လာပြီး ဆေးရည်၏ စွမ်းအားကြောင့် လျှာလေးဖြင့် လိုက်လံ သပ်ကြည့်လိုက်မိသည်။

"ကျွန်မ... ကျွန်မ ဘာဖြစ်သွားတာလဲ"

ကျောက်ရှောင်မန်က ထိတ်လန့်တကြား မေးသည်။

"ဘာမှမဖြစ်ဘူး၊ ခုနက ဝိညာဉ် နည်းနည်း ထိသွားတာ"

လီယန်ချူးက တည်ငြိမ်စွာ ပြန်ပြောသည်။

ကျောက်ရှောင်မန် မှတ်မိသွားပြီး လီယန်ချူးကို ကြည့်ကာ တုန်တုန်ရင်ရင်ဖြင့် ပြောရှာသည်။

"လီတာအိုဆရာ၊ ခုနက တာအိုဆရာ့ကိုယ်ပေါ်က မိုးကြိုးအရှိန်အဝါက တကယ် ကြောက်ဖို့ ကောင်းတာပဲ၊ ကျွန်မဖြင့် ဝိညာဉ် လွင့်ထွက်သွားတော့မလို့"

လီယန်ချူးက ဝေ့သားအဖကို ညွှန်ပြကာ မေးလိုက်သည်။

"သူတို့ကိုရော မင်း မှတ်မိသေးလား"

ကျောက်ရှောင်မန် ကြောင်သွားပြီး ခေါင်းညိတ်ပြသည်။

"မှတ်မိတာပေါ့၊ ဘာလို့ မမှတ်မိဘဲ နေမှာလဲ။ ဒါ ဝေ့ဦးလေးနဲ့ ဝေ့လေး မဟုတ်လား"

ဝေ့လျန်မှာ အံ့သြသွားသော်လည်း သူ၏ ဦးနှောက်ထဲတွင် ဤအမျိုးသမီးမှာ ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရသည်။ ဝေ့ရှန်းကမူ မျက်မှောင်ကြုတ်ကာ

"ဝေ့လေး အဲဒီနာမည်က ဘာလို့ နန်းတွင်းထဲက အခေါ်အဝေါ်နဲ့ တူနေရတာလဲ"

ကျန်းလင်းက ကြားဖြတ်မေးလိုက်သည်။

"လီတာအိုဆရာ၊ ဒါက တကယ်တမ်း ဘာဖြစ်တာလဲ"

"ကံကြမ္မာကို ဖုံးကွယ်လိုက်တာပဲ၊ တစ်စုံတစ်ယောက်က ကြီးမားတဲ့ မန္တန်စွမ်းအားနဲ့ ဒီမိန်းကလေးရဲ့ တည်ရှိမှုကို ဖျောက်ဖျက်လိုက်တာ။ ဒါကြောင့် သူမနဲ့ ထိတွေ့ခဲ့ဖူးတဲ့သူတွေကပါ သူမကို မေ့ကုန်ကြတာပဲ"

ဟု လီယန်ချူးက အေးဆေးစွာ ရှင်းပြသည်။

"ဘာ..." ကျန်းလင်း အံ့သြတုန်လှုပ်သွားသည်။ လူတစ်ယောက်၏ တည်ရှိမှုကို ဖျောက်ဖျက်နိုင်သည်ဟူသော အချက်ကို သူမ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။

"ဒါဆို ကျွန်မကရော ဘာလို့ မမေ့တာလဲ"

"မင်းက သူမနဲ့ ထိတွေ့တဲ့ အချိန်တိုတောင်းလို့ ဖြစ်လိမ့်မယ်။ ဒီမန္တန်က အချိန်အကန့်အသတ် ရှိတယ်။ နောက်ထပ် အချိန်တစ်ခု ကြာသွားရင်တော့ မင်းလည်း သူမကို မေ့သွားလိမ့်မယ်"

ဟု လီယန်ချူးက ဆိုသည်။

ကျန်းလင်း ခေါင်းညိတ်လိုက်သော်လည်း အံ့သြမှုမှာ မပြယ်သေးပေ။

"သူမက ကျင့်စဉ်စွမ်းအားလည်း မရှိသလောက်ပါပဲ၊ ဘယ်သူကများ ဒီလောက်အထိ အပင်ပန်းခံပြီး သူမရဲ့ တည်ရှိမှုကို ဖျောက်ဖျက်မှာလဲ"

လီယန်ချူးက ဘာမှ ထပ်မပြောဘဲ ပြုံးနေလိုက်သည်။ သူကိုယ်တိုင်လည်း အဖြေကို အတိအကျ မသိသေးပေ။ ကျောက်ရှောင်မန်သည် 'ကောင်းပုရွာ' ကဲ့သို့ပင် ကံကြမ္မာဖုံးကွယ်ခြင်း ခံထားရသူ ဖြစ်ရာ တစ်ခုခုတော့ ပတ်သက်နေပေလိမ့်မည်။

မိနစ်အနည်းငယ် ကြာပြီးနောက် ကျောက်ရှောင်မန်ကို စိုက်ကြည့်နေကြသည့် ဝေ့သားအဖမှာလည်း သူမကို ပြန်လည် မှတ်မိလာကြသည်။ ဝေ့လျန်မှာ အသက်ပြင်းပြင်း ရှူလိုက်မိသော်လည်း တစ်ကိုယ်လုံး အေးစိမ့်သွားရသည်။ ဘေးနားတွင် လူတစ်ယောက် ရှိနေပါလျက် မျက်တောင်တစ်ချက် ခတ်လိုက်ရုံဖြင့် ထိုလူ ရှိခဲ့ဖူးကြောင်းကိုပင် မေ့လျော့သွားရသည်မှာ အလွန်ပင် ထိတ်လန့်စရာ ကောင်းလှသည်။

လီယန်ချူးသည် အမှောင်ဖုံးကွယ်ခြင်းအတတ်ကို အသုံးပြု၍ အရင်းအမြစ်ကို ရှာဖွေရန် ကြိုးစားကြည့်သော်လည်း မအောင်မြင်ပေ။

"ကျောက်ရှောင်မန်... ကျောက်ကရွာ က ဘယ်မှာလဲဆိုတာ မင်း မှတ်မိသေးလား"

ဟု လီယန်ချူးက မေးလိုက်သည်။

ကျောက်ရှောင်မန်က ခေါင်းညိတ်ကာ ဘယ်ကွေ့၊ ညာကွေ့၊ တောင်ဘက်၊ မြောက်ဘက်ဟု တစ်ပတ်ကြီး ပတ်ပြောနေသဖြင့် လီယန်ချူးပင် နားဝေတိမ်တောင် ဖြစ်သွားရသည်။

"တော်တော် ရှုပ်ထွေးတာပဲ၊ မင်း မှတ်မိနေတာကိုပဲ ချီးကျူးရမယ်"

"ကောင်းပြီ၊ ခဏနေရင် ကျောက်ကရွာကို တစ်ခေါက် သွားကြည့်ကြမယ်"

ဟု လီယန်ချူးက ဆုံးဖြတ်လိုက်သည်။

သူသည် ကျန်းလင်းဘက်သို့ လှည့်ကာ နှုတ်ဆက်ရန် ပြင်လိုက်သော်လည်း ကျန်းလင်း၏ မျက်နှာမှာ ထူးဆန်းနေသည်။

"ဘာဖြစ်လို့လဲ ကျန်းမိန်းကလေး"

"ကျောက်ရှောင်မန် ပြောတဲ့ ကျောက်ကရွာက ကျင်းရွှေမြို့ အနီးအနားမှာပဲ ရှိတာပါ"

လီယန်ချူး အံ့သြသွားသည်။ ဤမျှ တိုက်ဆိုင်လှသည်လား။

"ဒါဆိုရင် ငါတို့ လမ်းအတူတူ သွားလို့ ရတာပေါ့၊ ဒါပေမဲ့ ငါ ဝေ့ဦးလေးတို့ သားအဖကို အရင် ပြန်ပို့ပေးရဦးမယ်"

ကျန်းလင်း၏ မျက်ဝန်းထဲတွင် စိတ်ပျက်ရိပ်ကလေး တစ်ခု ဖြတ်ပြေးသွားသော်လည်း အပြုံးဖြင့် ပြန်ပြောသည်။

"ဒါဆိုရင်တော့ ကျွန်မ ကျင်းရွှေမြို့ကို အရင် သွားနှင့်ပါ့မယ်"

သူမသည် နဝယိုမြက်ကို မြို့သားများအတွက် အမြန်ယူသွားချင်နေခြင်း ဖြစ်သည်။ လီယန်ချူးကလည်း ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

ကျန်းလင်းက အားလုံးကို နှုတ်ဆက်ပြီးနောက် ထူးခြားသော ကိုယ်ယောင်ဖျောက် ကျင့်စဉ်တစ်ခုကို သုံး၍ ထွက်ခွာသွားသည်။ လီယန်ချူးက သူမ၏ ကျောပြင်ကို ကြည့်ကာ တစ်ချက် မှင်တက်သွားသည်။

"မြက်ပေါ်ပျံ "

ကျန်းလင်း၏ ကိုယ်ပေါ်တွင် မန္တန်အရှိန်အဝါများ မတွေ့ရဘဲ သာမန် ပေါ့ပါးသည့် ကျင့်စဉ်မျိုးဖြင့် မြက်ဖျားများကို နင်းကာ ပျံသန်းသွားခြင်း ဖြစ်သည်။ သို့သော် လီယန်ချူး သတိထားမိသည်မှာ သူမသည် မြက်ပင်တစ်ပင်ကို ထိတွေ့လိုက်တိုင်း အရှိန်မှာ ပို၍ မြန်ဆန်လာခြင်း ဖြစ်သည်။

"ဒီမိန်းကလေးက မြက်ပင်တွေနဲ့ ရေစက်ရှိတာပဲ"

ဟု လီယန်ချူးက ရေရွတ်လိုက်သည်။

သူ ဝေ့သားအဖနှင့်အတူ ပြန်ရန် ပြင်စဉ်တွင် လေပြင်းတစ်ချက် ဝှေ့လာပြီး သံစားသားရဲမှာ လီယန်ချူး၏ ရှေ့သို့ ရောက်လာကာ

"တာအိုဆရာ... ကျွန်တော့်ကို စီးပါဦး"

လီယန်ချူးက မျက်မှောင်ကြုတ်လိုက်ကာ

"မလိုပါဘူး၊ မင်း ဒီမှာပဲ ဆက်ပြီး ကျင့်ကြံနေပါ" ဟု ပြောလိုက်သည်။

သံစားသားရဲမှာ မျက်ရည်များ ဝဲလာကာ

"တာအိုဆရာ... ကျွန်တော့်ကို အလိုမရှိတော့ဘူးလား"

ဤစကားကို ကြားသော ဝေ့လျန်မှာ မျက်နှာကြီး ပျက်သွားရသည်။ လူတစ်ယောက်နှင့် ဝက်ဝံကြီးတစ်ကောင်၏ စကားပြောခန်းမှာ တစ်မျိုးကြီး ဖြစ်နေသည် မဟုတ်ပါလား။

သံစားသားရဲမှာ ယခုကဲ့သို့ အစွမ်းထက်သော ပုဂ္ဂိုလ်မျိုးနှင့် တွေ့ခိုက်တွင် လက်မလွှတ်ချင်ပေ။

"တာအိုဆရာ... ကျွန်တော့်ကို ဘေးနားမှာ ထားပေးပါ။ စီးဖို့အတွက် ဖြစ်ဖြစ်၊ လက်ဖက်ရည် တည်ဖို့အတွက် ဖြစ်ဖြစ် ခိုင်းလို့ ရပါတယ်"

ရှေးဟောင်း သားရဲကြီး တစ်ကောင်ဖြစ်သည့် မိမိကိုယ်ကိုယ် အပူတပြင်း ရောင်းချနေခြင်း ဖြစ်သည်။ လီယန်ချူးက ခေါင်းခါကာ အမှန်အတိုင်း ပြောလိုက်သည်။

"မင်းက အားနည်းလွန်းတယ်"

".........." သံစားသားရဲမှာ ဆွံ့အသွားရသည်။

"တာအိုဆရာ... ဒါက ကျွန်တော့်ရဲ့ အစစ်အမှန် စွမ်းအား မဟုတ်ပါဘူး။ ကျွန်တော်က တတိယအဆင့် ကျင့်စဉ်ရှင် မိစ္ဆာဘုရင် တစ်ပါးပါ၊ ဒါပေမဲ့ အနှိမ်နင်းခံထားရလို့ပါ။ နောက်ဆို ပြန်ကောင်းလာမှာမို့လို့ ထပ်ပြီး စဉ်းစားပေးပါဦး"

လီယန်ချူးက တစ်ချက် ကြည့်လိုက်သော်လည်း

"မလိုပါဘူး၊ ငါက တစ်ကိုယ်တည်း သွားရလာရတာ ပိုကြိုက်တယ်"

ဟု ပြတ်ပြတ်သားသား ငြင်းလိုက်သည်။

သံစားသားရဲမှာ လက်မလျှော့ဘဲ ထပ်ပြောပြန်သည်။

"တာအိုဆရာ... ကျွန်တော့်မှာ ရတနာ ရှာဖွေနိုင်တဲ့ ပင်ကိုယ်စွမ်းရည် ရှိပါတယ်။ ကျွန်တော့်ကို ခေါ်သွားရင် ရတနာတွေကို ခံစားသိနိုင်ပါတယ်"

လီယန်ချူး ခေါင်းခါလိုက်ပြန်သည်။ သူ၏ ဒိုချန်ပုတီး အစွမ်းကို သတိရလိုက်ခြင်း ဖြစ်သည်။

"ဒီမှာပဲ ကောင်းကောင်း ကျင့်ကြံပါ၊ မကောင်းတာတွေ မလုပ်နဲ့။ ငါတို့ ဒီမှာပဲ လမ်းခွဲကြစို့"

စကားဆုံးသည်နှင့် လီယန်ချူးက ဝေ့သားအဖနှင့် ကျောက်ရှောင်မန်ကို ခေါ်၍ ထွက်ခွာရန် ပြင်သည်။

"ဝေ့ဦးလေး... လမ်းခရီး မြန်အောင် ကျွန်တော် ကောင်းကင်ကနေ ခေါ်သွားမယ်"

ဝေ့လျန်၏ မျက်လုံးများ ပြူးထွက်သွားသည်။

"ကောင်းကင်ကနေ ဟုတ်လား"

ကျောက်ရှောင်မန်ကမူ သူမကို မမေးသဖြင့် နှုတ်ခမ်းလေး စူနေရှာသည်။ လီယန်ချူးက ပြုံးကာ မှော်လွန်းပျံ ကို ထုတ်လိုက်သည်။ ထိုလွန်းပျံမှာ လှေငယ်တစ်စင်း အရွယ်အစား ပြောင်းလဲသွားပြီး အားလုံး တက်လိုက်သောအခါ အလင်းတန်းတစ်ခုအလား ကောင်းကင်ယံသို့ ပျံတက် ပျောက်ကွယ်သွားတော့သည်။

သံစားသားရဲမှာ ငိုချင်စိတ် ပေါက်သွားရသည်။ သူကဲ့သို့ အဖိုးတန် ရှေးဟောင်းသားရဲ တစ်ကောင်ကို လူတိုင်းက စီးချင်လှသော်လည်း ယနေ့တွင်မူ သုံးကြိမ်တိုင်တိုင် ငြင်းပယ်ခြင်း ခံလိုက်ရသည်။

"ခိုလှုံရာကြီး တစ်ခုကို ရှာရတာ ဒီလောက်တောင် ခက်ရသလား"

ဟု သံစားသားရဲက ညည်းတွားလိုက်သည်။ ထို့နောက် သူ၏ စိတ်ကူးများ ပြောင်းလဲသွားပြီး ကျန်းလင်း ထွက်ခွာသွားရာ လမ်းဘက်သို့ လေအဟုန်ဖြင့် ပြေးထွက်သွားတော့သည်။

'လီတာအိုဆရာက ကျောက်ကရွာကို သွားမယ်လို့ ပြောတယ်၊ ငါ ကျောက်ကရွာမှာ ကြိုစောင့်နေမယ်။ အတင်းကပ်မှ ဖြစ်မယ်' ဟု သံစားသားရဲက ဆုံးဖြတ်ချက် ချလိုက်သည်။

လီယန်ချူးသည် ကောင်းကင်ယံတွင် ခဏ ပျံသန်းပြီးမှ သူတို့၏ မြင်းလှည်းကြီး ကျန်ခဲ့သည်ကို သတိရကာ မြေပြင်သို့ ပြန်ဆင်းလိုက်သည်။ ဝေ့သားအဖမှာ လွန်းပျံပေါ်မှ ဆင်းလာသောအခါ မျက်နှာများ ဖြူလျော့ကာ အန်ကြတော့သည်။ သာမန်လူသားများအတွက် ဤမျှ မြန်ဆန်သော အရှိန်မှာ ရင်တုန်စရာ ကောင်းလှသည်။

ကျောက်ရှောင်မန်ကမူ လွန်းပျံပေါ် တက်ကတည်းက ဆီစိမ်စက္ကူထီးထဲ ဝင်နေသဖြင့် ဘာမှ မဖြစ်ပေ။

"ရောက်ပြီလား" ဝေ့လျန်က မေးသည်။

"မရောက်သေးဘူး၊ မြင်းလှည်းကို သွားယူတာ။ မြင်းလှည်းနဲ့ပဲ ဆက်သွားကြမယ်"

လီယန်ချူးက လက်ဝှေ့ယမ်းလိုက်ရာ မြင်းလှည်းအောက်တွင် တိမ်တိုက်များ ပေါ်လာပြီး ကောင်းကင်ယံသို့ ပျံတက်သွားပြန်သည်။ ဤတစ်ကြိမ်တွင်မူ ဝေ့လျန်မှာ တိမ်ပင်လယ်ကြီးကို ကြည့်ကာ

"ဝါး... တကယ်ကို အံ့သြဖို့ ကောင်းလိုက်တာ"

ဟု အော်လိုက်မိသည်။

ဝေ့ရှန်းက သူ၏ သားကို တစ်ချက်ကြည့်ကာ "ရိုင်းစိုင်းလိုက်တာ" ဟု ဆူသော်လည်း သူကိုယ်တိုင် အပြင်ဘက်ကို ကြည့်လိုက်သောအခါ

"ဝါး... တကယ်ကို အံ့သြဖို့ ကောင်းလိုက်တာ" ဟု အတူတူပင် အော်လိုက်မိတော့သည်။

သူတို့သည် ကျန်းနန်မြို့ပြင်ရှိ လမ်းမကြီးသို့ ရောက်သောအခါ လီယန်ချူးက လမ်းခွဲရန် ပြင်လိုက်သည်။ ဝေ့ရှန်းက ကျေးဇူးတင်စကား ဆိုရင်း ငွေစက္ကူ တစ်ရွက်ကို ကမ်းပေးလိုက်သည်။

"လီတာအိုဆရာ... ဒါက လမ်းခရီးမှာ စားဖို့သောက်ဖို့ပါ။ နောက်ဆိုရင် ချန်နင်မြို့ကို လာလည်ပါဦး"

လီယန်ချူးက တစ်ချက် ကြည့်လိုက်ရာ 'ငါးသောင်း' တန် ငွေစက္ကူ ဖြစ်နေသည်။ ဝေ့မိသားစုမှာ တကယ်ပင် ချမ်းသာလှသည်။ သူသည် ငွေစက္ကူကို သိမ်းဆည်းကာ ကျောက်ရှောင်မန်နှင့်အတူ ကောင်းကင်သို့ ပျံတက် ထွက်ခွာလာခဲ့သည်။

မကြာမီမှာပင် ကျောက်ရှောင်မန် ပြောပြသည့် 'ကျောက်ကရွာ' သို့ ရောက်ရှိလာခဲ့သည်။ သို့သော် မြင်တွေ့လိုက်ရသည်မှာ လူသူကင်းမဲ့နေသော အပျက်အစီးများ ဖြစ်ပြီး ခြောက်ကပ်လှသည်။

"ဒါက ကျောက်ကရွာလား"

"ဟုတ်ပါတယ် တာအိုဆရာ၊ ကျွန်မ အိမ်ကို လွမ်းတိုင်း ဒီကို ပြန်ပြန်လာခဲ့တာပါ"

"ဒီရွာက ဘယ်လိုဖြစ်ပြီး ပျက်စီးသွားတာလဲ"

"ကျွန်မလည်း သေချာ မသိပါဘူး။ ကျွန်မ တောင်ပေါ်မှာ ဆေးမြစ်ရှာရင်း ချောက်ထဲပြုတ်ကျ သေဆုံးခဲ့တာပါ။ ဝိညာဉ်အဖြစ်နဲ့ လွင့်ပါးနေခဲ့ပြီး နောက်ပိုင်းမှ အသိပြန်ဝင်လာတာ။ အသိပြန်ဝင်လို့ ရွာကို ပြန်လာချိန်မှာတော့ အနှစ်နှစ်ဆယ် ကြာသွားပြီဖြစ်ပြီး ရွာကလည်း ဒီလို ပျက်စီးနေပါပြီ"

ဟု ကျောက်ရှောင်မန်က ရှင်းပြသည်။

"မင်းက ဘယ်နှစ်မှာ မွေးတာလဲ"

"ရွှမ်းဟွာ လေးနှစ်မှာပါ"

လီယန်ချူး စိတ်ထဲတွင် တွက်ချက်ကြည့်လိုက်ရာ ရွှမ်းဟွာလေးနှစ်မှ ယခုအထိ ဆိုလျှင် ၂၇ နှစ် ရှိပြီ ဖြစ်သည်။

"ဆိုလိုတာက မင်း အသိပြန်ဝင်လာပြီးနောက်မှာလည်း ဒီတောင်ထဲမှာ ၇ နှစ်လောက် ကျင်လည်နေခဲ့တာပေါ့"

"ဟုတ်ပါတယ် တာအိုဆရာ"

ကျောက်ရှောင်မန်က ခေါင်းညိတ်ပြလိုက်လေသည်။

All Chapters