အခန်း (၁-၂)
Vol. 1 Ch. 1-2
အခန်း(၁) မပစ်ကြပါနဲ့၊ ကျွန်တော် တာဝန်ထမ်းဆောင်ဖို့ သတင်းလာပို့တာပါ
ကျန်းချန်မြို့၊ နန့်ချန်ခရိုင် ပြည်သူ့လုံခြုံရေးဗျူရို။
စက်တင်ဘာလ၏ နေရောင်ခြည်က မီးတောက်အလား ပူပြင်းလှပြီး ကတ္တရာလမ်းမအား ဆီပွက်ပွက်ဆူသကဲ့သို့ ဖြစ်စေ၏။
ဝင်ပေါက်ရှိ အဆုတ်အဆန့်လုပ်ရသော ဂိတ်တံခါးမှာ တင်းကျပ်စွာ ပိတ်ထားသည်။ လုံခြုံရေးဂိတ်တဲလေးထဲတွင်တော့ အသက်ငါးဆယ်ကျော်အရွယ် အဘိုးကြီးဝမ်က ရေနွေးဓာတ်ဘူးကို ကိုင်ကာ ပန်ကာလေခံရင်း အိပ်ငိုက်နေပေ၏။
ဒေါက်၊ ဒေါက်၊ ဒေါက်…
တုံးတိတိ ခေါက်သံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာ၏။ ကျည်ကာမှန်ကို သံတူရွင်းဖြင့် ထုလိုက်သကဲ့သို့ပင်။
အဘိုးကြီးဝမ်မှာ လန့်နိုးသွားပြီး လက်ထဲမှ ရေနွေးဓာတ်ဘူးပင် လွတ်ကျလုမတတ် ဖြစ်သွားရသည်။
သူက အိပ်ချင်မူးတူးဖြစ်နေသော မျက်လုံးများကို ပွတ်သပ်လိုက်ပြီး စိတ်မရှည်စွာဖြင့် မော့ကြည့်လိုက်၏။
“ဘယ်သူလဲ... နေ့ခင်းကြောင်တောင်ကြီး...”
သူ့စကားပင် မဆုံးလိုက်ချေ။ အဘိုးကြီးဝမ်၏ လည်ချောင်းအား မမြင်ရသော လက်တစ်ဖက်ဖြင့် အပြင်းအထန် ညှစ်ထားခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ကျန်နေသည့် စကားလုံးများမှာ လည်ချောင်းထဲသို့ ပြန်ဝင်သွားရတော့သည်။
ပြတင်းပေါက်အပြင်ဘက်တွင် လူတစ်ယောက် ရပ်နေ၏။
တိတိကျကျပြောရလျှင် မျှော်စင်ကြီးတစ်ခုနှင့်ပင် တူနေပေသည်။
သူ၏ အရပ်အမောင်းမှာ ၁.၉ မီတာကျော်ရှိမည်မှာ သေချာလှ၏။ သူ၏ ပခုံးများက နံရံကြီးတစ်ခုလို ကျယ်ပြန့်နေပြီး အနက်ရောင်တီရှပ်ကိုယ်ကျပ်လေးမှာ သူ၏ ကြီးမားလှသော ကြွက်သားများကြောင့် ပေါက်ထွက်တော့မည့်အလား တင်းရင်းနေပေသည်။
သို့သော်လည်း ထိုအရာက အကြောက်မက်ဖွယ်အကောင်းဆုံးအပိုင်း မဟုတ်သေးချေ။
အကြောက်မက်ဖွယ်အကောင်းဆုံးမှာ ထိုမျက်နှာပင်ဖြစ်၏။
မျက်နှာထက်တွင် အသားစိုင်များက ဖုထစ်နေပြီး အသားအရေမှာ မည်းနက်နေသည်။ သူ၏ ဘယ်ဘက်မျက်ခုံးအထက်တွင် မျက်လုံးထောင့်အထိ ရှည်လျားစွာ သွယ်တန်းနေသည့် မှေးမှိန်သော အမာရွတ်တစ်ခု ရှိနေပေ၏။
ထိုမျက်လုံးများမှာ ကျဉ်းမြောင်းပြီး ကောက်ကျစ်ဟန်ရှိကာ မျက်ဆံအမည်းထက် မျက်ဖြူက ပိုများနေ၏။ ယခုအခိုက်အတန့်တွင် ထိုမျက်လုံးများက အဘိုးကြီးဝမ်အား မှန်ပြတင်းပေါက်မှတစ်ဆင့် စိုက်ကြည့်နေပြီး သူ၏ အကြည့်များထဲတွင် ကျောချမ်းဖွယ်ကောင်းသော ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်နေသည်။
အဘိုးကြီးဝမ်မှာ လုံခြုံရေးဝန်ထမ်းအဖြစ် ဘဝတစ်ဝက်ခန့် ဖြတ်သန်းခဲ့ပြီး လူပေါင်းများစွာကို မြင်တွေ့ခဲ့ဖူးသော်လည်း ဤမျှကြောက်မက်ဖွယ်ကောင်းသော လူမျိုးကို တစ်သက်လုံး တစ်ခါမျှ မမြင်ဖူးခဲ့ကြောင်း ကျိန်တွယ်ရဲပေသည်။
ဤသည်က ဘယ်လိုလုပ် လူတစ်ယောက် ဖြစ်နိုင်မည်နည်း။
ဤသည်က ငရဲပြည်မှ တက်လာခါစ အသက်ရှင်နေတဲ့ယာမတစ်ပါး ဖြစ်နေသည်မှာ ရှင်းလင်းလှ၏။
“တံခါးဖွင့်...”
အပြင်ဘက်မှလူက ပြောလိုက်၏ယ
သူ၏ အသံမှာ နိမ့်ရှိုင်းပြီး အက်ကွဲနေကာ သတ္တုချင်း ပွတ်တိုက်နေသည့် အသံမျိုး ဖြစ်နေ၏။ စကားလုံး နှစ်လုံးတည်း ဖြစ်သော်လည်း ငြင်းဆန်၍မရသော ဖိအားများ ပါဝင်နေပေသည်။
အဘိုးကြီးဝမ်မှာ တစ်ကိုယ်လုံး တုန်ယင်သွားပြီး ကျောပြင်တွင်လည်း ချွေးအေးများ ချက်ချင်း ပျံ့နှံ့သွားရ၏။
အဆင့်အေအဆင့်ရှိ ဝရမ်းပြေးစာရင်းများမှ မရေမတွက်နိုင်သော မျက်နှာများစွာက သူ၏ စိတ်ထဲတွင် ချက်ချင်း ဖြတ်ပြေးသွားသည်။
*လူသတ်ဝါသနာအိုးလား…*
*နိုင်ငံဖြတ်ကျော် မူးယစ်ရာဇာလား…*
*ဒါမဟုတ် ရဲစခန်းကို ကလဲ့စားချေဖို့ လာတဲ့ ဂိုဏ်းတစ်ခုက ထိပ်တန်းလူသတ်သမားလား…*
“မင်း... မင်း ဘာလုပ်ချင်လို့လဲ...”
အဘိုးကြီးဝမ်၏ အသံက တုန်ယင်နေပြီး သူ၏ လက်တစ်ဖက်က စားပွဲအောက်ရှိ အနီရောင် အချက်ပေးခလုတ်ဆီသို့ တိတ်တဆိတ် လှမ်းသွား၏။
အပြင်ဘက်ရှိ တောင့်တင်းခိုင်မာသော လူကြီးမှာ မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
ထိုသို့မျက်မှောင်ကြုတ်လိုက်ခြင်းနှင့်အတူ သူ၏ မျက်နှာပေါ်ရှိ အသားစိုင်များက စုပုံသွားပြီး လူသတ်ချင်နေသည့် အငွေ့အသက်များက ပို၍ ပြင်းထန်လာတော့၏။
ချူးရှန့်ခမျာ အလွန်အကူအညီမဲ့နေသလို ခံစားလိုက်ရသည်။
တကယ်တော့ သူက တာဝန်လာထမ်းဆောင်ရန်သာ လာခဲ့ခြင်းဖြစ်သည်။
သူ ဤအပြိုင်ကမ္ဘာသို့ ရောက်ရှိနေခဲ့သည်မှာ သုံးရက်ရှိပြီဖြစ်၏။ မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များနှင့် ပေါင်းစပ်သွားပြီးနောက် သူက နိုင်ငံ့ဝန်ထမ်း စာမေးပွဲကို အောင်မြင်ထားကာ ကျန်းချန်မြို့၊ နန့်ချန်ခရိုင် ရာဇဝတ်မှုနှိမ်နင်းရေးတပ်ဖွဲ့တွင် တာဝန်ချထားခံရကြောင်းကို သူ သိရှိခဲ့ရသည်။
ဤသည်က ကောင်းမွန်သော ကိစ္စတစ်ခု ဖြစ်ပေသည်။
သို့သော်လည်း ဤခန္ဓာကိုယ်၏ ရုပ်ရည်သွင်ပြင်က တကယ့်ကို ထူးခြားလွန်းနေ၏။
သူ၏ ယခင်ဘဝက ချောမောသော လူငယ်လေးတစ်ယောက် ဖြစ်ခဲ့သော်လည်း ဤဘဝတွင်မူ လူသား တိုင်ရန်နိုဆောရပ်စ်တစ်ကောင်အဖြစ် တိုက်ရိုက် ပြောင်းလဲသွားခဲ့ရသည်။
စောစောက သူ ဘတ်စ်ကားစီးလာခဲ့စဉ်က မနက်ခင်း လူစည်ကားသော အချိန်ဖြစ်နေသော်လည်း သူ၏ ပတ်ဝန်းကျင် နှစ်မီတာအကွာအဝေးအတွင်း မည်သူမျှမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေခဲ့၏။
ထိုလိုင်းပေါ်တွင် သုံးနှစ်တိုင်တိုင် တစ်ခါမျှ အမှားအယွင်းမရှိခဲ့ဖူးသော အတွေ့အကြုံရင့် ခါးပိုက်နှိုက်အိုကြီးတစ်ယောက်ပင် သူ့ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် အလွန် ကြောက်လန့်သွားခဲ့ပြီး သူခိုးလာသည့် ပိုက်ဆံအိတ်ကို ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားစေကာ ဘတ်စ်ကားပေါ်မှ တုန်တုန်ယင်ယင်ဖြင့် စောစီးစွာ ဆင်းသွားခဲ့ရသည်။
“တံခါးဖွင့်လို့ ပြောနေတယ်လေ...”
ချူးရှန့်က သူ၏ လေသံကို အတတ်နိုင်ဆုံး နူးညံ့သွားစေရန် ကြိုးစားရင်း ပြောလိုက်၏။
“ကျွန်တော် လူတစ်ယောက်ကို လာရှာတာပါ...”
လူရှာတာ ဟုတ်လား။
အဘိုးကြီးဝမ်၏ နှလုံးသားမှာ တစ်ချက် ခုန်သွားရ၏။
*ဘယ်သူ့ကို ရှာတာလဲ*
*မင်းကို ဖမ်းခဲ့တဲ့ ရဲအရာရှိကို ကလဲ့စားချေဖို့ လာရှာတာလား*
*သူက ရဲစခန်းထဲ ဝင်စီးပြီး သတ်ဖြတ်မှုကြီး လုပ်တော့မှာပဲ*
*သိပ် မာနကြီးလွန်းတယ်…*
*သိပ် တရားဥပဒေမဲ့လွန်းတယ်…*
အဘိုးကြီးဝမ်က မှန်ပေါ်သို့ ဖိကပ်ထားသော ချူးရှန့်၏ ကြီးမားလှသည့် လက်ကြီးကို ကြည့်လိုက်သည်။ အဆစ်အမြစ်များက တုတ်ခိုင်နေပြီး သွေးကြောများက ထောင်ထနေကာ နောက်တစ်စက္ကန့်တွင် ကျည်ကာမှန်ကြီး ကွဲကြေသွားတော့မည်ဟု သူ ခံစားလိုက်ရ၏။
“မ... မလုပ်နဲ့နော်... ဘာမှ ရမ်းကားတဲ့အလုပ်တွေ မလုပ်နဲ့... ဒါ ပြည်သူ့လုံခြုံရေးဗျူရိုပဲ...”
ကြောက်စိတ်ကို ဟန်ဆောင်ဖုံးကွယ်ကာ အော်ဟစ်လိုက်ရင်း အဘိုးကြီးဝမ်က အချက်ပေးခလုတ်ကို အားကုန် ဖိချလိုက်တော့သည်။
“တီ… တီ…တီ…”
စူးရှသော အချက်ပေးသံကြီးက ဗျူရိုဝင်းတစ်ခုလုံးတွင် ချက်ချင်း ပဲ့တင်ထပ်သွားတော့၏။
ချူးရှန့်ခမျာ အံ့အားသင့်သွားရသည်။
သူ့ကိုယ်သူ ငုံ့ကြည့်လိုက်ပြီးနောက် အထဲမှ ထိတ်လန့်နေသော လုံခြုံရေးဦးလေးကြီးကို ကြည့်လိုက်၏။
ဤသည်က တကယ်ပဲ လိုအပ်လို့လား။
*ငါက နည်းနည်းလေး တောင့်တင်းနေရုံပါပဲ…အဆင့် ၁ တိုက်ခိုက်ရေး အချက်ပေးသံကြီး ဖွင့်ဖို့ တကယ်ပဲ လိုအပ်လို့လား*
“ဘာဖြစ်တာလဲ...”
“တရားခံ ဘယ်မှာလဲ...”
“မြန်မြန်... အားလုံး သတိထားကြ...”
အချိန်စက္ကန့်သုံးဆယ်ပင် မပြည့်လိုက်ချေ။ ဗျူရိုအဆောက်အအုံထဲမှ လူဒါဇင်ပေါင်းများစွာ ပြေးထွက်လာကြသည်။
သူတို့ကို ဦးဆောင်လာသူမှာ ရာဇဝတ်မှုနှိမ်နင်းရေးတပ်ဖွဲ့၏ ခေါင်းဆောင် လျိုကျန့်ကျွင်းဖြစ်ပြီး သူ၏ ခါးကြားမှ သေနတ်ကို ကိုင်ဆောင်ထားကာ လေးနက်သော မျက်နှာအမူအရာ ရှိနေ၏။
သူ၏ အနောက်တွင်တော့ အပြည့်အစုံ တပ်ဆင်ထားသော ရာဇဝတ်ရဲအရာရှိ ဒါဇင်ဝက်ခန့်ရှိနေပြီး အပြင်ဘက်မှ ယခုလေးတင် ပြန်ရောက်လာသည့် အထူးတပ်ဖွဲ့ဝင် နှစ်ဦးပင် အဓိကရုဏ်းနှိမ်နင်းရေး သေနတ်များကို ကိုင်ဆောင်ထားကြသည်။
သူတို့ရရှိခဲ့သော သတင်းမှာ အလွန် အန္တရာယ်ကြီးမားသည့် လူဆိုးတစ်ယောက်က ရဲစခန်းဂိတ်တံခါးကို လာရောက် တိုက်ခိုက်နေသည် ဟူ၍ ဖြစ်၏။
လူတိုင်း၏ အာရုံကြောများမှာ အမြင့်ဆုံးအထိ တင်းမာနေကြသည်။
ရဲစခန်းကို လာရောက် တိုက်ခိုက်ရဲသည်အထိ ဖြစ်နေသဖြင့် ဤသူက အကြမ်းတမ်းဆုံး ရာဇဝတ်ကောင်များထဲမှ အကြမ်းတမ်းဆုံး ရာဇဝတ်ကောင် ဖြစ်ရမည်မှာ သေချာလှပေသည်။
အားလုံးက ဂိတ်တံခါးဆီသို့ ပြေးသွားကြပြီး လုံခြုံရေးဂိတ်တဲအပြင်ဘက်တွင် ရပ်နေသော ချူးရှန့်ကို တစ်ချက်တည်းဖြင့် မြင်လိုက်ကြရ၏။
“ဟူး…”
လူတိုင်းက တစ်ပြိုင်နက်တည်း အေးစက်သော လေကို ရှူသွင်းလိုက်မိကြသည်။
သေနတ်ကို ကိုင်ထားသော လျိုကျန့်ကျွင်း၏ လက်ဖဝါးများမှာ ချွေးများဖြင့် ဖုံးလွှမ်းနေ၏။
ဤခန္ဓာကိုယ်၊ ဤရုပ်ရည်၊ ဤအငွေ့အသက်…
သူ ရာဇဝတ်မှုနှိမ်နင်းရေးတပ်ဖွဲ့တွင် အလုပ်လုပ်လာခဲ့သည်မှာ အနှစ်နှစ်ဆယ်ရှိပြီဖြစ်ပြီး ကြီးလေးသော ရာဇဝတ်ကောင် ရှစ်ရာ၊ တစ်ထောင်ထက်မနည်း ဖမ်းဆီးခဲ့ဖူးသည်။ သို့သော်လည်း လူငါးယောက်ကို သတ်ဖြတ်ခဲ့ဖူးသည့် သားသတ်သမားပင်လျှင် သူ၏ ရှေ့မှ လူနှင့် ယှဉ်လိုက်လျှင် နူးညံ့သွားသလို ရှိနေပေသည်။
ဤသည်က သေချာပေါက် ငါးကြီးတစ်ကောင်ပင်။
သူက နိုင်ငံတကာ ဝရမ်းပြေးစာရင်းထဲက ခက်ခဲကြမ်းတမ်းတဲ့ ဇာတ်ကောင်တစ်ကောင်တောင် ဖြစ်နိုင်ပေသည်။
“မလှုပ်နဲ့... လက်မြှောက်ထား...”
လျိုကျန့်ကျွင်းက စူးရှစွာ အော်ဟစ်လိုက်ပြီး သူ၏ သေနတ်ပြောင်းဝကို ချူးရှန့်၏ နဖူးတည့်တည့်ဆီသို့ ချိန်ရွယ်ထားလိုက်၏။
ချောက်... ချောက်...။
သေနတ်ဒါဇင်ဝက်ခန့်က တစ်ပြိုင်နက်တည်း မောင်းတင်လိုက်ကြပြီး အမည်းရောင် သေနတ်ပြောင်းဝများ အားလုံးက ချူးရှန့်ဆီသို့ ချိန်ရွယ်လာကြသည်။
“လက်ကို ခေါင်းနောက်မှာထား... ဒူးထောက်စမ်း...”
“မလှုပ်နဲ့... မဟုတ်ရင် ငါတို့ပစ်ရလိမ့်မယ်...”
အော်ဟစ်သံများက နားကွဲမတတ် ဆူညံနေ၏။
အနီးအနားမှ ဖြတ်သွားဖြတ်လာ ပြည်သူများမှာ အကြမ်းဖက်တိုက်ခိုက်မှုနှင့် ကြုံတွေ့ရသည်ဟု ထင်မှတ်ကာ အော်ဟစ်ရင်း အရပ်မျက်နှာ အသီးသီးသို့ ထွက်ပြေးကုန်ကြသည်။
မုန်တိုင်း၏ ဗဟိုချက်တွင်တော့ ချူးရှန့်၏ နှလုံးသားမှာ လတ်တလော ပြိုလဲနေရပေပြီ။
သူက အမည်းရောင် သေနတ်ပြောင်းဝများကို ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်များက နှစ်ကြိမ်ခန့် မတုန်လှုပ်ဘဲ မနေနိုင်တော့ချေ။
ဤကြိုဆိုပွဲ အခမ်းအနားက နည်းနည်းလေး ကြီးကျယ်လွန်းမနေဘူးလား။
“အားလုံးပဲ... ဒါက နားလည်မှုလွဲတာပါ...”
ချူးရှန့်က ရှင်းပြရန် ပါးစပ်ဖွင့်လိုက်ပြီး ခြေတစ်လှမ်းဝက်ခန့် ရှေ့သို့ တိုးသွားမိသည်။
“မလှုပ်နဲ့...”
လူငယ် ရာဇဝတ်ရဲအရာရှိတစ်ဦးမှာ အလွန် စိတ်လှုပ်ရှားနေသဖြင့် သူ၏ လက်ချောင်းများက သေနတ်မောင်းတံကိုပင် ဆွဲလိုက်မိတော့မလို ဖြစ်နေ၏။
“နောက်ဆုတ်... ချက်ချင်း နောက်ဆုတ်စမ်း...”
အကယ်၍ ဤလူသန်ကြီးကသာ ရုတ်တရက် တိုက်ခိုက်လာပါက သူတို့အနည်းငယ်မှာ သူ့အနီးသို့ပင် ကပ်နိုင်မည်မဟုတ်ချေ။
လျိုကျန့်ကျွင်းက ချူးရှန့်၏ မျက်လုံးများထဲသို့ စိုက်ကြည့်ကာ အသံနက်ကြီးဖြင့် ပြောလိုက်သည်။
“မိတ်ဆွေ... မင်းက ဘယ်လမ်းကြောင်းပေါ်ကလဲ... နေ့ခင်းကြောင်တောင် ရဲစခန်းကို လာတိုက်ခိုက်တာ ငါတို့ကို အရမ်း အထင်သေးလွန်းမနေဘူးလား...”
ချူးရှန့်က သက်ပြင်းချလိုက်၏။
သူ၏ ဤမျက်နှာက ပြဿနာရှာပြန်ပြီဖြစ်ကြောင်း သူ သိလိုက်သည်။
သူက လက်နှစ်ဖက်ကို ဖြည်းညင်းစွာ မြှောက်လိုက်သည်။ အထင်အမြင်လွဲမှားမှု ဖြစ်စေမည်ကို စိုးရိမ်သဖြင့် သူ၏ လှုပ်ရှားမှုများက အလွန် နှေးကွေးနေပေ၏။
“အရာရှိတို့... ကျွန်တော်က တကယ် လူဆိုးမဟုတ်ပါဘူး...”
ချူးရှန့်က အတတ်နိုင်ဆုံး ကြင်နာဟန်ရှိသော အပြုံးတစ်ခုကို ညှစ်ထုတ်ပြလိုက်သည်။
သို့သော်လည်း လူတိုင်း၏ မျက်လုံးထဲတွင်တော့ ထိုအပြုံးက ငိုနေသည်ထက်ပင် ပိုအရုပ်ဆိုးနေပေသည်။
သူ၏ ပါးစပ်က ဖြူဖွေးသော သွားများပေါ်လာသည်အထိ တွန့်ကွေးသွားပြီး ထိုအရာက အသားစိုင်များ ဖုထစ်နေသည့် သူ၏ မျက်နှာ၊ အမာရွတ်တို့နှင့် ပေါင်းစပ်လိုက်သောအခါ သတ်ဖြတ်ခြင်းမပြုမီ ကြိုတင်ပျော်ရွှင်နေသည့် စိတ်ကျန်းမာရေးချို့တဲ့နေသော စိတ္တဇလူသတ်သမားတစ်ယောက်နှင့်ပင် တူနေတော့၏။
“ပါးစပ်ပိတ်ထား... ဘယ်သူက မင်းရဲ့ မိတ်ဆွေလဲ...”
လျိုကျန့်ကျွင်းမှာ ချွေးအေးများ ထွက်လာခဲ့သည်။
“ပြောစမ်း... မင်း အတိအကျ ဘာလုပ်ချင်တာလဲ...”
ချူးရှန့်မှာ အကူအညီမဲ့နေပြီး သူ၏ ရင်ဘတ်အိတ်ကပ်ကိုသာ လက်ညှိုးထိုးပြလိုက်နိုင်သည်။
“ကျွန်တော့် အိတ်ကပ်ထဲမှာ ပစ္စည်းတစ်ခုရှိတယ်။ အရင်ဆုံး ကြည့်ပေးလို့ ရမလား...”
လျိုကျန့်ကျွင်း၏ အကြည့်များက စူးရှသွား၏။
*ပစ္စည်းတစ်ခု ဟုတ်လား*
*ဗုံးခလုတ်လား…*
*ဒါမှမဟုတ် ဇီဝဓာတုလက်နက်လား…*
“ရှောင်ကျောက်... သွားပြီး သူ့ကို ရှာစမ်း... မင်းရဲ့ လုံခြုံရေးကိုလည်း သတိထားဦး...”
လျိုကျန့်ကျွင်းက အမိန့်ပေးလိုက်သည်။
သွက်လက်သော ရာဇဝတ်ရဲအရာရှိတစ်ဦးက ချူးရှန့်၏ အနောက်ဘက်သို့ သတိထားကာ လှည့်ပတ်သွားလိုက်ပြီး သူ၏ သေနတ်ပြောင်းဝကို ချူးရှန့်၏ ခါးအောက်ပိုင်းသို့ ဖိကပ်ထားကာ အခြားလက်တစ်ဖက်က ချူးရှန့်၏ အိတ်ကပ်ထဲသို့ တုန်ယင်စွာ နှိုက်လိုက်၏။
လူတိုင်း၏ နှလုံးသားများမှာ လည်ချောင်းဝအထိ ရောက်နေကြသည်။
ရှောင်ကျောက်က မာကျောသော စာအုပ်ငယ်လေးတစ်ခုကို စမ်းမိသွား၏။
သူက အလျင်အမြန် ဆွဲထုတ်လိုက်ပြီး နောက်သို့ ခြေအနည်းငယ် ဆုတ်လိုက်သည်။
လျိုကျန့်ကျွင်းက သေချာကြည့်လိုက်၏။
၎င်းက တောက်ပသော အနီရောင် ရုံးသုံးတံဆိပ်တုံး ရိုက်နှိပ်ထားသည့် အပြာရောင် သတင်းပို့လက်မှတ်တစ်ခု ဖြစ်နေသည်။
အသစ်စက်စက် ရဲလက်မှတ်တစ်ခုလည်း ပါဝင်နေ၏။
ဓာတ်ပုံထဲမှ လူမှာ သူတို့ရှေ့ရှိ ကြောက်မက်ဖွယ်ကောင်းသော လူသန်ကြီးမှလွဲ၍ အခြားသူ မဟုတ်ချေ။
အမည် - ချူးရှန့်။
ရာထူး - အလုပ်သင်အရာရှိ၊ ရာဇဝတ်မှုနှိမ်နင်းရေးတပ်ဖွဲ့၊ နန့်ချန်ခရိုင် ပြည်သူ့လုံခြုံရေးဗျူရို၊ ကျန်းချန်မြို့။
လေထုကား ရုတ်တရက် တိတ်ဆိတ်သွား၏။
သေလုမတတ် တိတ်ဆိတ်မှုမျိုး ဖြစ်သည်။
သစ်ပင်ပေါ်မှ ပုစဉ်းရင်ကွဲများသာ ပင်ပန်းမှုမရှိဘဲ အော်မြည်နေကြပေသည်။
လျိုကျန့်ကျွင်းမှာ သူ၏ လက်ထဲရှိ သက်သေခံကတ်ပြားများကို ကြည့်လိုက်၊ သေနတ်ဒါဇင်ဝက်ခန့်ဖြင့် ချိန်ရွယ်ခံထားရသော ချူးရှန့်ကို ကြည့်လိုက်ဖြင့် မျက်လုံးများ ပြူးကျယ်သွားရ၏။
သူက မျက်လုံးများကို ပွတ်သပ်ကာ ထပ်ကြည့်လိုက်သည်။
မှန်ပေသည်။
ရုံးသုံးတံဆိပ်တုံးက အစစ်ဖြစ်ပြီး စာကလည်း အစစ်ဖြစ်၏။
*ဒီကောင်က ငါတို့လူပဲလား…*
“မင်းက... အလုပ်သင်အသစ်လား...”
လျိုကျန့်ကျွင်း၏ အသံက အနည်းငယ် တုန်ယင်နေ၏။
ချူးရှန့်က အကူအညီမဲ့စွာ ခေါင်းညိတ်လိုက်ပြီး သူ၏ လက်များကို ချလိုက်သည်။
“ခေါင်းဆောင်ကို သတင်းပို့ပါတယ်... ကျန်းချန် ရဲတက္ကသိုလ် အပတ်စဉ် ၄၈ က ချူးရှန့် တာဝန်လာထမ်းဆောင်တာပါ...”
သူ၏ အသံက ကျယ်လောင်ပြီး ခွန်အားများ ပြည့်ဝနေ၏။
သို့သော်လည်း ဤအသံက ဤမြင်ကွင်းနှင့် ပေါင်းစပ်လိုက်သောအခါ မည်သို့ပင် ကြည့်စေကာမူ လုံးဝ သဟဇာတမဖြစ်သကဲ့သို့ ထင်ရပေသည်။
ရာဇဝတ်ရဲအရာရှိများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ သေနတ်ပြောင်းဝများကို တစ်ယောက်ပြီးတစ်ယောက် အောက်ချလိုက်ကြကာ သူတို့၏ မျက်နှာအမူအရာများမှာလည်း အမျိုးမျိုး ပြောင်းလဲနေကြသည်။
လုံခြုံရေး အဘိုးကြီးဝမ်မှာ သူ၏ ကုလားထိုင်ပေါ်သို့ တိုက်ရိုက် ပြိုလဲကျသွားပြီး သူ၏ လက်က ထိုအချက်ပေးခလုတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲ ဖြစ်၏။
*ဒါ... ဒါက ရဲအရာရှိလား*
ဤသို့သော ပုံစံမျိုးဖြင့်ဆိုလျှင် နောက်နောင် အမှုတွေ ကိုင်တွယ်ဖို့ အပြင်ထွက်တဲ့အခါ လူတွေကို ဖမ်းမှာလား၊ ဒါမှမဟုတ် ခြောက်လှန့်မှာလား။
ထိုစဉ် ချူးရှန့်၏ စိတ်ထဲတွင် အေးစက်သော စက်သံတစ်ခု ထွက်ပေါ်လာ၏။
[ဒင်... ပိုင်ရှင်က စခန်းတစ်ခွင်လုံးကို အောင်မြင်စွာ ခြိမ်းခြောက်နိုင်ခဲ့ပြီး ကြီးမားတဲ့ နားလည်မှုလွဲမှားခြင်းကို ဖြစ်ပေါ်စေခဲ့တာကို ထောက်လှမ်းမိပါတယ်။ ရက်စက်တဲ့ ရဲတပ်ဖွဲ့ ခြိမ်းခြောက်နိုင်စွမ်းစနစ်ကို စတင်နေပါပြီ...]
[စနစ် စတင်ခြင်း အောင်မြင်ပါသည်။]
[အစပြုသူ လက်ဆောင်ထုပ်ကို လက်ခံရရှိပါသည်။ ပြစ်မှုမြင်ကွင်းကြည့်မျက်မှန် (အခြေခံအဆင့်)၊ ခန္ဓာကိုယ်ကြံ့ခိုင်မှု မြှင့်တင်ရေးအရည် x1။]
[လက်ရှိ ခြိမ်းခြောက်နိုင်စွမ်းတန်ဖိုး - ၅၀၀ (ရဲစခန်းတစ်ခုလုံး၏ အကြောက်တရားမှ)]
ချူးရှန့်မှာ ဝမ်းသာလုံးဆို့သွားရသည်။
*စနစ်...နောက်ကျတာက မလာတာထက်တော့ ပိုကောင်းသေးတာပေါ့…*
ပြီးတော့ ဤစနစ်နာမည်က... ရက်စက်တဲ့ ရဲတပ်ဖွဲ့ ခြိမ်းခြောက်နိုင်စွမ်းတဲ့လား။
ယခုမှစ၍ သူ၏ ဤမျက်နှာက အကြီးမားဆုံးသော အားသာချက်တစ်ခု ဖြစ်လာတော့မည်ပုံပင်။
လျိုကျန့်ကျွင်းက အနေရခက်သော လေထုကို ပြေလျော့စေရန် ချောင်းဟန့်လိုက်ပြီး အားလုံးကို နောက်ဆုတ်ရန် လက်ဝှေ့ယမ်းပြလိုက်၏။
သူက ချူးရှန့်အနီးသို့ လျှောက်သွားကာ အထက်အောက် အကဲခတ်ကြည့်လိုက်ပြီး နောက်ဆုံးတွင် ဂရက်နိုက်ကျောက်တုံးကဲ့သို့ မာကျောနေသော ချူးရှန့်၏ လက်မောင်းကို ပုတ်လိုက်သည်။
“ကောင်းပြီ ကောင်လေး... မင်းပုံစံက... တော်တော်လေး ထူးခြားတာပဲ...”
လျိုကျန့်ကျွင်းမှာ အချိန်အတော်ကြာအောင် စဉ်းစားပြီးမှ သူ့ကို ဖော်ပြရန် ထူးခြားသည်ဟူသော စကားလုံးကိုသာ အသုံးပြုနိုင်ခဲ့၏။
“ကောင်းပြီလေ... နားလည်မှုလွဲတာဆိုတော့လည်း အထဲဝင်ခဲ့ပါဦး...”
လျိုကျန့်ကျွင်းက လှည့်ကာ အထဲသို့ ဝင်သွားသော်လည်း သူ၏ စိတ်ထဲတွင်မူ ရေရွတ်နေမိသည်။
အကယ်၍ ဤကောင်လေးသာ ရဲဝတ်စုံဝတ်ပြီး စစ်ဆေးမေးမြန်းခန်းထဲတွင် ထိုင်နေပါက တရားခံမှာ သူ စကားမပြောရသေးခင်မှာပင် ဘောင်းဘီထဲ သေးထွက်သွားလောက်ပေသည်။
ဤကောင်လေးက စစ်ဆေးမေးမြန်းဖို့အတွက်ကို မွေးဖွားလာတာပဲ။
ချူးရှန့်က လျိုကျန့်ကျွင်းနောက်မှနေ၍ ရဲစခန်း ဧည့်ခန်းဆီသို့ လိုက်သွား၏။
လမ်းတစ်လျှောက်တွင် ဖြတ်သွားဖြတ်လာ ရဲအရာရှိများနှင့် စာရေးစာချီများအားလုံးမှာ လမ်းလျှောက်နေရင်း အလိုအလျောက် နံရံကို ကပ်သွားကြပြီး သူတို့၏ မျက်လုံးများထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်နေကြသည်။
“ဒါက ဘယ်သူလဲ... ငါတို့ဗျူရိုက ဖမ်းလာတဲ့ ငါးကြီးတစ်ကောင်လား...”
“ရှူး... တိုးတိုးလုပ်စမ်းပါ... ခေါင်းဆောင်လျိုကိုယ်တိုင် သူ့ကို ခေါ်လာတာ မမြင်ဘူးလား... သူက အဓိကရာဇဝတ်ကောင်ကြီး ဖြစ်လောက်တယ်...”
“သိပ်ကြောက်ဖို့ကောင်းတာပဲ... သူ့ကို ကြည့်ရုံနဲ့တင် ငါ့ခြေထောက်တွေ အားပျော့သွားသလိုပဲ...”
သူ့ပတ်ဝန်းကျင်မှ တိုးတိုးတိတ်တိတ် ပြောဆိုသံများကို ကြားလိုက်ရသော်လည်း ချူးရှန့်က မျက်နှာသေဖြင့်သာ နေလိုက်၏။ သို့သော်လည်း သူက တိတ်တဆိတ် ပျော်ရွှင်နေမိသည်။
စနစ်မျက်နှာပြင်ပေါ်တွင် ခြိမ်းခြောက်နိုင်စွမ်းတန်ဖိုးများက အဆက်မပြတ် တက်လာနေပေသည်။
[ခြိမ်းခြောက်နိုင်စွမ်းတန်ဖိုး +၁၀]
[ခြိမ်းခြောက်နိုင်စွမ်းတန်ဖိုး +၅]
[ခြိမ်းခြောက်နိုင်စွမ်းတန်ဖိုး +၂၀]
…
သူက လူတွေကို ကြောက်လန့်အောင် လုပ်နိုင်သရွေ့ သူ ပိုသန်မာလာနိုင်ပုံရ၏။
ချူးရှန့်က သူ၏ မေးစေ့ကို ပွတ်သပ်လိုက်၏။
“ကြင်နာတတ်သော” ရဲအရာရှိတစ်ဦး ဖြစ်လာခြင်းကလည်း အနာဂတ်အတွက် တော်တော်လေး ကောင်းမွန်မည့်ပုံပင်။
အခန်း(၂) ဝန်မခံဘူးလား..၊ လုံးဝမဖြစ်နိုင်ဘူး
ရာဇဝတ်မှုနှိမ်နင်းရေးတပ်ဖွဲ့၏ ရုံးခန်းဧရိယာအတွင်း၌။
လေထုကား အနည်းငယ် မွန်းကျပ်နေ၏။
လျိုကျန့်ကျွင်းက သူ၏ ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး လက်ချောင်းများကြား၌ စီးကရက်တစ်လိပ် ညှပ်ထားကာ မျက်မှောင်ကို တင်းကျပ်စွာ ကုတ်ထားသည်။
“ဘတ္ထရီခိုးနေကျ ဝမ်လောင်ဆိုတဲ့ကောင် ဝန်မခံသေးဘူးလား...”
ဒုကပ္ပတိန် ကျန်းချန်က ခေါင်းခါယမ်းလိုက်ပြီး သူ၏ လက်ထဲမှ ဖိုင်တွဲကို စားပွဲပေါ်သို့ ပစ်ချလိုက်၏။
“အဲ့ကောင်က တကယ့်မြေခွေးအိုကြီးပဲ... သူက အထဲကို ငါးကြိမ် ခြောက်ကြိမ်လောက် ရောက်ဖူးတော့ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်က အလွန်မြင့်မားတယ်... စောင့်ကြည့်ကင်မရာကနေ သူရဲ့ ကျောပြင်ကို ဖမ်းမိထားပေမဲ့ သူက ဝန်မခံဘဲ သူ့ရဲ့ အမြွှာညီအစ်ကိုလို့ အတင်းငြင်းနေတယ်... ပြဿနာက သူ့မှာ အမြွှာညီအစ်ကိုဆိုတာ လုံးဝ မရှိတာပဲ... သူက ၂၄ နာရီပြည့်လို့ သူ့ကို ပြန်လွှတ်ပေးရမယ့်အချိန်အထိ ရည်ရွယ်ချက်ရှိရှိနဲ့ လူပါးဝနေတာ...”
“ဝန်ခံချက်မရှိဘဲနဲ့ အပြစ်ပေးလို့ ရတယ်ဆိုပေမဲ့ နောက်ဆက်တွဲ သက်သေအထောက်အထား ရှာဖွေရတာက သိပ်ကို ဒုက္ခများတယ်... ပြီးတော့ ဒီကောင့်ဆီမှာ တခြားအမှုဟောင်းတွေလည်း သေချာပေါက် ရှိနေဦးမှာ... သူ့ပါးစပ်ကို အတင်းမဟခိုင်းနိုင်ရင် တော်တော် နှမြောစရာကောင်းလိမ့်မယ်...”
လျိုကျန့်ကျွင်းက စီးကရက်ကို တစ်ချက် ဖွာရှိုက်လိုက်ပြီး သူ၏ အကြည့်များက ရုံးခန်းထဲရှိ လူအားလုံးကို ဝေ့ဝဲကြည့်လိုက်၏။
လူတိုင်းက သူတို့၏ ကိုယ်ပိုင်အမှုများနှင့် အလုပ်များနေကြပြီး စစ်ဆေးမေးမြန်းခြင်း ကျွမ်းကျင်သူ အဘိုးကြီးလီကလည်း ယနေ့ သွားဆရာဝန်နှင့် ပြသရန် ခွင့်ယူထားခဲ့သည်။
ထိုစဉ် လျိုကျန့်ကျွင်း၏ အကြည့်များက ထောင့်တစ်နေရာတွင် နေရာရှင်းလင်းနေသော ချူးရှန့်အပေါ်သို့ ကျရောက်သွား၏။
ချူးရှန့်က ရဲဝတ်စုံကို ခုလေးတင် လက်ခံရရှိပြီး လဲလှယ်ဝတ်ဆင်ထားခြင်းဖြစ်သည်။
မည်သို့ ပြောရမည်နည်း။
အရပ်ဝတ်ဖြင့် ချူးရှန့်က မြေအောက်လောကမှ လူမိုက်တစ်ယောက်နှင့် တူနေလျှင်။
ရဲဝတ်စုံဝတ်ထားသော ချူးရှန့်မှာမူ ဘဏ်ဓားပြတိုက်ရန် ရဲဝတ်စုံကို ယူဝတ်ထားသည့် မာဖီးယားဂိုဏ်းခေါင်းဆောင်တစ်ဦးနှင့် တူနေတော့၏။
မှိုင်းရင့်ရင့် အပြာရောင်ရဲဝတ်စုံမှာ သူ၏ ကြွက်သားများကြောင့် တင်းကျပ်နေပြီး ကော်လာမှ ကြယ်သီးများက အချိန်မရွေး ပြုတ်ထွက်သွားတော့မည့်ပုံ ပေါက်နေသည်။
အထူးသဖြင့် ရဲဦးထုပ်ကို သူ၏ ခေါင်းပေါ်တွင် ဖိဆောင်းထားသောအခါ အရိပ်က သူ၏ မျက်နှာတစ်ဝက်ကို ဖုံးကွယ်သွားပြီး ရက်စက်ကြမ်းကြုတ်သည့် အလင်းတန်းများ လင်းလက်နေသော မျက်လုံးတစ်စုံနှင့် ဝေဝါးဝါး ထင်းထွက်နေသော အမာရွတ်ကိုသာ မြင်ရလေသည်။
ရဲတင်းသော အကြံတစ်ခုက လျိုကျန့်ကျွင်း၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်လာ၏။
“ချူးရှန့်...”
“ရှိပါတယ်...”
ချူးရှန့်က ချက်ချင်းပင် သူ၏ အဝတ်စကို ချထားလိုက်ပြီး မတ်တတ်ရပ်လိုက်သည်။
ထိုဟိန်းဟောက်သံက အလွန်ကျယ်လောင်လွန်းလှသဖြင့် အနီးတွင် ရေသောက်နေသော အမျိုးသမီးအရာရှိ ရှောင်လျိုမှာ လန့်သွားပြီး လက်တွန့်သွားကာ ကီးဘုတ်ပေါ်သို့ ရေများ ဖိတ်စင်ကုန်တော့၏။
“ငါနဲ့အတူ စစ်ဆေးမေးမြန်းခန်းကို လိုက်ခဲ့...”
လျိုကျန့်ကျွင်းက စီးကရက်ကို ငြိမ်းသတ်လိုက်ပြီး မတ်တတ်ရပ်လိုက်၏။
“ဟုတ်ကဲ့ပါ ကပ္ပတိန်...”
ချူးရှန့်၏ ရင်ထဲတွင် လှုပ်ရှားသွားသည်။
အလုပ်တစ်ခုလား။
ဤအရာက ခြိမ်းခြောက်နိုင်စွမ်းတန်ဖိုးများ ရရှိရန်အတွက် အလွန်ကောင်းမွန်သော အခွင့်အရေးတစ်ခုပင် ဖြစ်တော့၏။
စစ်ဆေးမေးမြန်းခန်း အတွင်း၌။
ဝမ်လောင်က ခြေချိတ်ထိုင်နေပြီး သူ၏ မျက်နှာချင်းဆိုင်ရှိ လူငယ်ရဲအရာရှိနှစ်ဦးကို လူမိုက်တစ်ယောက်ကဲ့သို့သော အမူအရာဖြင့် ကြည့်နေသည်။
“အရာရှိ... ကျွန်တော် အကြိမ်ရှစ်ရာလောက် ပြောပြီးပြီလေ... အဲဒီနေ့က ကျွန်တော်အိမ်မှာ အိပ်နေတာ... အဲဒီလူက တကယ် ကျွန်တော် မဟုတ်ပါဘူးဆို... အတိတ်က ကျွန်တော် အမှားလုပ်ခဲ့ဖူးတာနဲ့ အခု အညစ်အကြေးခွက်မှန်သမျှ ကျွန်တော့်ခေါင်းပေါ် အကုန် ပုံချလို့ မရဘူးလေ... ဥပဒေအတိုင်းပဲ သွားကြရအောင်...”
လူငယ်အရာရှိနှစ်ဦးမှာ ဒေါသကြောင့် မျက်နှာများ ပြာနှမ်းနေကြသော်လည်း အကူအညီမဲ့နေကြ၏။
ဤကဲ့သို့ ပြောင်ချော်ချော် နိုင်လှသူကို ကိုင်တွယ်ရသည်က အခက်ခဲဆုံးပင် ဖြစ်သည်။
ထိုစဉ် စစ်ဆေးမေးမြန်းခန်း၏ လေးလံသော သံတံခါးကြီး ပွင့်သွား၏။
ကျွီ…
အသံက အနည်းငယ် စူးရှနေသည်။
ဝမ်လောင်က စိတ်မရှည်စွာဖြင့် ခေါင်းလှည့်ကြည့်လိုက်၏။
“နောက်တစ်ဖွဲ့ပြောင်းပြီး လာစစ်ဦးမလို့လား... ကျွန်တော် ပြောလိုက်မယ် အလကားပဲ... ကျွန်တော်...”
သူ၏အသံက ရုတ်တရက် ရပ်တန့်သွားသည်။
အဘယ်ကြောင့်ဆိုသော် အထဲသို့ ဝင်လာသူကို သူ မြင်လိုက်ရသောကြောင့်ပင်။
ပထမဆုံးအနေဖြင့် ဧရာမ သားရေဖိနပ်အနက်ရောင်ကြီးတစ်ဖက်က ဝင်လာပြီး ၎င်း၏နောက်တွင် တောင်တန်းကြီးတစ်လုံးနှင့်တူသော မည်းမှောင်နေသည့် ပုံရိပ်ကြီးတစ်ခုက ကျယ်ဝန်းခြင်းမရှိလှသော စစ်ဆေးမေးမြန်းခန်းထဲသို့ တိုးဝင်လာ၏။
ထိုကြီးမားလှသော ခန္ဓာကိုယ်ကြီးကြောင့် အလင်းရောင်များ ပိတ်ဆို့သွားကာ ဝမ်လောင်ကို တိုက်ရိုက် လွှမ်းခြုံသွားသည့် ကြီးမားသော အရိပ်ကြီးတစ်ခု ကျရောက်သွားသည်။
ချူးရှန့်က အမူအရာကင်းမဲ့စွာဖြင့် အခန်းထဲသို့ ဝင်လာပြီး သူ၏ အေးစက်သော အကြည့်များက ဝမ်လောင်အပေါ်သို့ ဖြတ်ပြေးသွား၏။
ထိုတစ်ချက်ကြည့်လိုက်ရုံမျှဖြင့်။
သွေးဆာနေသော သားရဲကြီးတစ်ကောင်၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသကဲ့သို့ ဝမ်လောင် ခံစားလိုက်ရပြီး သူ၏ တစ်ကိုယ်လုံးရှိ ကြက်သီးမွေးညင်းများ ချက်ချင်း ထောင်းထောင်းထသွားတော့သည်။
“သူက... သူက ရဲလား...”
“ဒီကောင်က ငါ့ကို နှုတ်ပိတ်ဖို့ ရောက်လာတာမလား...”
ဝမ်လောင်က မြေအောက်လောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီး ခက်ထန်ကြမ်းတမ်းသူ အများအပြားကို မြင်ဖူးခဲ့သော်လည်း သူ၏ ရှေ့မှောက်ရှိ အမျိုးသားနှင့် ယှဉ်လိုက်ပါက ထိုခက်ထန်ကြမ်းတမ်းသူဆိုသူများမှာ သူငယ်တန်းကလေးများကဲ့သို့ပင် ဖြစ်နေတော့၏။
ကြမ်းကြုတ်သည့် အသားစိုင်များဖြင့် ပြည့်နှက်နေသော ထိုမျက်နှာ၊ ကြောက်မက်ဖွယ်ကောင်းသော ထိုအမာရွတ်နှင့် သေလူတစ်ယောက်ကို စိုက်ကြည့်နေသကဲ့သို့သော ထိုမျက်လုံးများ။
လျိုကျန့်ကျွင်းက သူ၏နောက်မှ လိုက်ဝင်လာပြီး ထောင့်ရှိ ကုလားထိုင်တစ်လုံးကို လက်ညှိုးထိုးပြလိုက်သည်။
“ချူးရှန့်... အဲဒီမှာထိုင်ပြီး လေ့လာကြည့်... စစ်ဆေးမေးမြန်းရေး နည်းစနစ်တချို့ကို သင်ယူပေါ့...”
“ဟုတ်ကဲ့ပါ...”
ချူးရှန့်က ခေါင်းညိတ်လိုက်ပြီး ဝမ်လောင်နှင့် မနီးမဝေးတွင် ထိုင်လိုက်၏။
မူလက ကြံ့ခိုင်လှသော ထိုသံကုလားထိုင်မှာ သူ ထိုင်ချလိုက်သည်နှင့် တစ်ပြိုင်နက် နာကျင်စွာဖြင့် ကျွီဟူသော အသံတစ်ခု ထွက်ပေါ်လာပြီး အချိန်မရွေး ပြုတ်ထွက်သွားတော့မည့်ပုံ
ပေါက်သွားသည်။
ချူးရှန့်က စကားတစ်ခွန်းမျှ မပြောပေ။ သူက လက်ပိုက်လျက် တိတ်ဆိတ်စွာ ထိုင်နေပြီး သူ၏ အကြည့်များကို ဝမ်လောင်အပေါ်၌သာ တင်းကျပ်စွာ သော့ခတ်ထားလိုက်၏။
သူက စနစ်မှ ပေးအပ်ထားသော ပြစ်မှုမြင်ကွင်းကြည့်မျက်မှန်ကို အသက်သွင်းလိုက်သည်။
ချူးရှန့်၏ မြင်ကွင်းထဲတွင် မီးခိုးရောင်သန်းနေသော အနက်ရောင် မြူခိုးတစ်အုပ်က ဝမ်လောင်၏ ခေါင်းပေါ်၌ ဝဲပျံနေ၏။ ၎င်းမှာ သူ၏ အပြစ်တန်ဖိုးများ ပေါ်လွင်ထင်ရှားလာခြင်းပင်ဖြစ်သည်။
ထို့အပြင် မြူခိုးများထဲတွင် ဝေဝါးသော သွေးနီရောင် အရိပ်အယောင်တစ်ခုလည်း ပါဝင်နေသည်။
ဤအရာက ဤလူ၏ လက်များ မသန့်ရှင်းကြောင်းကို ဆိုလိုနေ၏။ ဘတ္ထရီခိုးရုံမျှ သာမန်ကိစ္စလေး မဟုတ်သည်မှာ သေချာလှပေသည်။
ချူးရှန့်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ဝမ်လောင်၏ ဝိညာဉ်ကို ထွင်းဖောက်ကြည့်ချင်နေသည့်အလား သူ၏ အကြည့်များက ပို၍ စူးရှလာ၏။
ဝမ်လောင်မှာ ပြိုလဲတော့မည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။
သူက ချူးရှန့်ကို မကြည့်ရဲသော်လည်း သူ၏ မျက်လုံးထောင့်မှ ခိုးကြည့်ခြင်းကိုတော့ မထိန်းချုပ်နိုင်ခဲ့ချေ။
သူ ခိုးကြည့်လိုက်တိုင်း ထိုကြောက်မက်ဖွယ်ကောင်းသော လူရိုင်းကြီးက သူ၏ လည်ပင်းကို အာရုံစိုက်ကြည့်နေပြီး အမြန်ဆုံး သေစေရန်အတွက် ဓားဖြင့် မည်သည့်နေရာကို ထိုးရမည်နည်းဟု လေ့လာနေသကဲ့သို့ ဖြစ်နေသည်ကို သူ တွေ့လိုက်ရ၏။
ထိုအကြည့်က အလွန်ပွင့်လင်းလွန်းလှသည်။
အလွန်ရက်စက်လွန်းလှသည်။
ဝမ်လောင်၏ စိတ်ထဲတွင် ရဲဆိုးတစ်ယောက်က ဥပဒေမဲ့ နှိပ်စက်ညှဉ်းပန်းနေသည့် ပုံရိပ်ပေါင်း သောင်းနှင့်ချီ၍ ပေါ်လာတော့၏။
စာအုပ်အပေါ်မှနေ၍ ရင်ဘတ်ကို တူဖြင့် ထုခြင်း၊ ခွေးများနှင့်အတူ အမှောင်ခန်းထဲတွင် ပိတ်လှောင်ခံရခြင်း……။
“အ... အရာရှိ...”
ဝမ်လောင်၏ အသံက စတင် တုန်ယင်လာပြီး ချိတ်ထားသော သူ၏ ခြေထောက်များ ပြုတ်ကျသွားကာ အလိုအလျောက် ပူးကပ်သွားပြီး သူ၏ လက်ဝါးများတွင်လည်း ချွေးစေးများ ရွှဲနစ်နေ၏။
“ကျွန်တော် ရေသောက်ချင်တယ်...”
မူလက စစ်ဆေးမေးမြန်းခြင်းကို တာဝန်ယူထားသော လူငယ်အရာရှိက စကားပြောရန် ပြင်လိုက်စဉ် ချူးရှန့်က လှုပ်ရှားလိုက်သည်။
သူက မတ်တတ်ရပ်လိုက်ပြီး ရေသန့်စက်ဆီသို့ လျှောက်သွား၏။
သူက ရေနွေးတစ်ခွက်ကို ငှဲ့လိုက်သည်။
ထို့နောက် လေးလံသော ခြေလှမ်းများဖြင့် ဝမ်လောင်ထံသို့ တစ်လှမ်းချင်း ချဉ်းကပ်လာ၏။
ဒေါက်... ဒေါက်... ဒေါက်…
ခြေသံများက ဝမ်လောင်၏ နှလုံးသားပေါ်သို့ တိုက်ရိုက် နင်းချနေသကဲ့သို့ အသံထွက်နေသည်။
ချူးရှန့်က စစ်ဆေးမေးမြန်းရေး ကုလားထိုင်ဆီသို့ လျှောက်သွားပြီး ဝမ်လောင်ကို အပေါ်စီးမှ ငုံ့ကြည့်ကာ စက္ကူခွက်ကို ဖြည်းညင်းစွာ ကမ်းပေးလိုက်၏။
“သောက်...”
စကားတစ်ခွန်းတည်းသာ။
အသံက ဩရှရှနှင့် နက်ရှိုင်းနေ၏။
ဝမ်လောင်က အသားမာတက်နေသော ထိုလက်ကြီးကို ကြည့်လိုက်ပြီးနောက် အငွေ့တထောင်းထောင်း ထနေသော ရေခွက်ကို ကြည့်လိုက်၏။
“ဒါက ရေလား...”
“ဒါက ဆာလဖျူရစ်အက်စစ် ဒါမှမဟုတ် အဆိပ်တော့ မဟုတ်ဘူးမလား...”
“ကျွန်... ကျွန်တော် ရေမဆာတော့ဘူး... ကျွန်တော် မသောက်တော့ဘူး...”
ဝမ်လောင်က ထိတ်လန့်တကြား နောက်သို့ ဆုတ်သွားသဖြင့် စစ်ဆေးမေးမြန်းရေး ကုလားထိုင်မှာ အသံကျယ်လောင်စွာ မြည်ဟည်းသွားတော့၏။
ချူးရှန့်က မျက်မှောင်ကြုတ်လိုက်သည်။
ဤကောင်က ဘာဖြစ်နေသနည်း။
ရေသောက်ချင်သည်မှာ သူ မဟုတ်ပါလား။
မကျေမနပ်ဖြစ်သွားသဖြင့် စစ်ဆေးမေးမြန်းရေး ကုလားထိုင်တွင် တပ်ဆင်ထားသော စားပွဲငယ်လေးပေါ်သို့ သူက ရေခွက်ကို အားကုန်ဆောင့်ချလိုက်၏။
ဘန်း…
ကျယ်လောင်သော အသံကြီးတစ်သံထွက်ပေါ်လာ၏။
ကျိုးပဲ့လွယ်သော ပလတ်စတစ်ခွက်လေးမှာ ချက်ချင်း ကြေမွသွားပြီး ပူလောင်နေသော ရေနွေးများ ပန်းထွက်လာသည်။
ချူးရှန့်က မသိစိတ်အလျောက် သူ၏ လက်ကို ခါရမ်းလိုက်ပြီး “ဟူး” ဟူသော အသံတစ်ခု ထွက်ပေါ်လာကာ သူ၏ မျက်နှာအမူအရာမှာ နာကျင်မှုကြောင့် အနည်းငယ် ရှုံ့မဲ့သွား၏။
သို့သော် ဝမ်လောင်၏ မျက်လုံးထဲတွင်မူ ဤအရာက ဗြောင်ကျကျ ခြိမ်းခြောက်နေခြင်းပင် ဖြစ်တော့သည်။
ဤအရာက သတိပေးချက်တစ်ခုဖြစ်၏။ အကယ်၍ မင်း လိမ္မာအောင် မနေဘူးဆိုရင် နောက်ထပ် ပေါက်ကွဲထွက်သွားမှာက မင်းရဲ့ ခေါင်းပဲ။
ထိုရှုံ့မဲ့နေသော အမူအရာက ရှင်းလင်းစွာ ဆိုနေ၏။ ငါ့ရဲ့ သည်းခံနိုင်စွမ်းက အကန့်အသတ်ရှိတယ်... ကိုယ်ထိလက်ရောက် ကျူးလွန်အောင် ငါ့ကို လာမလုပ်နဲ့...။
သူ၏ စိတ်ပိုင်းဆိုင်ရာ ကာကွယ်ရေးမျဉ်းမှာ ဤအခိုက်အတန့်တွင် လုံးဝ ပြိုကျသွားတော့သည်။
“ဝါး...”
ဝမ်လောင်က ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်ငိုယိုလိုက်ပြီး မျက်ရည်များနှင့် နှပ်ချေးများက သူ၏ မျက်နှာပေါ်တွင် ချက်ချင်း ဖုံးလွှမ်းသွား၏။
“ကျွန်တော့်ကို မသတ်ပါနဲ့... ကျွန်တော့်ကို မသတ်ပါနဲ့... ကျွန်တော် ဝန်ခံပါ့မယ်... ကျွန်တော် အကုန်လုံး ဝန်ခံပါ့မယ်...”
“ကျွန်တော် အပြစ်ရှိပါတယ်... ကျွန်တော် ဘတ္ထရီတွေ မခိုးခဲ့သင့်ဘူး... အန်တီကျန်းရဲ့ ခွေးကိုလည်း ခွေးသားစားသောက်ဆိုင်ကို မရောင်းခဲ့သင့်ဘူး...”
“ပြီးတော့... ပြီးတော့ လွန်ခဲ့တဲ့ သုံးနှစ်က အနောက်ဘက်မြို့မှာဖြစ်ခဲ့တဲ့ ဖောက်ထွင်းမှု... အဲဒါလည်း ကျွန်တော် လုပ်ခဲ့တာပါ... ဒါပေမဲ့ ကျွန်တော် ဘယ်သူ့ကိုမှ မသတ်ခဲ့ပါဘူး... ကျွန်တော် သူ့ကို သတိလစ်အောင်ပဲ ရိုက်ခဲ့တာပါ...”
“ကျွန်တော် တောင်းပန်ပါတယ်... သူ့ကို ခေါ်သွားပေးပါ... ကျွန်တော် ထောင်ထဲပဲ သွားချင်တယ်... ကျွန်တော့်ကို အမြန်ဆုံး ထောင်ထဲပို့ပေးပါ... ကျွန်တော် ထောင်ထဲပဲ သွားချင်တယ်... အဲဒီမှာကမှ လုံခြုံသေးတယ်...”
စစ်ဆေးမေးမြန်းခန်းထဲတွင် သေမတတ် တိတ်ဆိတ်မှုကြီး ကျရောက်သွား၏။
လူငယ်အရာရှိနှစ်ဦးမှာ ပါးစပ်အဟောင်းသား ဖြစ်နေကြပြီး သူတို့၏ ဘောပင်များလည်း ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
လျိုကျန့်ကျွင်းက တစ်ဖက်သတ်မြင်ရသော မှန်ချပ်နောက်တွင် မတ်တတ်ရပ်နေပြီး သူ၏ စီးကရက်တိုက လက်ချောင်းများကို လောင်ကျွမ်းသွားသည်ကိုပင် လုံးဝ သတိမထားမိခဲ့ချေ။
ဤနည်းလမ်းကလည်း အလုပ်ဖြစ်သည်လား။
မေးခွန်းတစ်ခွန်းမျှ မမေးခဲ့ရသလို ရေတစ်ငုံမျှလည်း မသောက်ခဲ့ရပေ။ ထို့ပြင် သူ့ကို လက်တစ်ချောင်းမျှပင် မထိခဲ့ရချေ။
ထိုနေရာတွင် မတ်တတ်ရပ်နေရုံမျှဖြင့် ဤမြေခွေးအိုကြီးက အရာအားလုံးကို ဖွင့်ဟဝန်ခံလိုက်သည်လား။
လွန်ခဲ့သောသုံးနှစ်က အမှုဟောင်းကိုပင် သူ ဝန်ခံလိုက်သေးသည်မဟုတ်ပါလား။
ဤအရာက လူသား အမှန်တရားစစ်ဆေးစက်တစ်ခု၊ လမ်းလျှောက်နေသော အမှန်တရားဆေးရည် တစ်ခွက်သာဖြစ်တော့၏။
【ဒင်... တရားခံထံမှ အလွန်အမင်း ကြောက်ရွံ့မှုကို ထောက်လှမ်းတွေ့ရှိပါသည်... ခြိမ်းခြောက်နိုင်စွမ်းတန်ဖိုး +၂၀၀...】
【ဒင်... ကြန့်ကြာနေသော လုယက်မှုတစ်ခုကို ဖြေရှင်းရာတွင် ကူညီပေးသည့်အတွက် ဆုကြေး... တရားမျှတမှုအမှတ် ၅၀၀...】
【လက်ရှိ ခြိမ်းခြောက်နိုင်စွမ်းတန်ဖိုး... ၇၅၀...】
ချူးရှန့်က ရှိုက်ကြီးတငင် ငိုကြွေးနေသော ဝမ်လောင်ကို နားမလည်နိုင်သည့် အမူအရာဖြင့် ကြည့်လိုက်၏။
သူက စိုစွတ်နေသော သူ၏ လက်ကို ကြည့်လိုက်ပြီးနောက် အနီးနားရှိ ဆွံ့အလျက်ရှိနေသော သူ၏ လုပ်ဖော်ကိုင်ဖက်များကို ကြည့်လိုက်သည်။
“အမ်း… ကပ္ပတိန်... ကျွန်တော်က သူ့ကို ရေတစ်ခွက် တိုက်ချင်ရုံသက်သက်ပါလို့ ပြောရင် ခင်ဗျား ယုံမလား...”
လျိုကျန့်ကျွင်းက တံခါးကို တွန်းဖွင့်၍ ဝင်လာပြီး ရှုပ်ထွေးသော အမူအရာဖြင့် ချူးရှန့်ကို ကြည့်လိုက်၏။
“ချူးရှန့်...”
“ကပ္ပတိန်...”
“နောင်တခါ ခုလိုခေါင်းမာတဲ့ကောင်တွေကို စစ်ဆေးမေးမြန်းတဲ့အခါ မင်း စကားပြောစရာ မလိုဘူး... ထိုင်ခုံတစ်လုံးဆွဲပြီး အထဲမှာ ဝင်ထိုင်ကြည့်နေလိုက်...”
“အဲ့တာကို... အထူးစွမ်းရည်တစ်ခုလို့ပဲ သတ်မှတ်လိုက်ပါတော့…”