"ရက်ရောလွန်းတဲ့ဆရာကြီး" (ယဲ့ချိုး) ဇာတ်သိမ်းသွားတော့ ရင်ထဲဟာတာတာဖြစ်တာနဲ့ အနားယူဖို့မတွေးတော့ဘဲ အသစ်ထပ်ရေးဖို့ကြံလိုက်တယ်။ ရှန်းရှတွေပဲ ရေးနေရတာ သုံးလေးအုပ်ဖြစ်ကုန်တာနဲ့ မတူတဲ့ အရသာလေးခံချင်လို့ မြို့ပြ၊ ဟာသ လေးဘက် လှည့်လိုက်မယ်ကြံတော့ ဒီစာအုပ်လေးကို သွားတွေ့လိုက်ပါတယ်။ ဇာတ်လမ်းကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ။ ချူးရှန်ဆိုတဲ့လူတစ်ယောက် အပြိုင်ကမ္ဘာတစ်ခုကို ကူးပြောင်းသွားပြီး မကြာသေးမီက ခန့်အပ်ခံရတဲ့ အလုပ်သင် ရာဇဝတ်မှုဌာနရဲအရာရှိတစ်ယောက် ဖြစ်လာတယ်ပေါ့နော်။ အဲ့တာက အဓိကမဟုတ်သေးဘူး အဓိကက သူ့ရဲ့တမူထူးခြားတဲ့ ပြိုင်ဘက်ကင်း ရုပ်သွင်ပဲ။ သူက အရပ် ၁.၉ မီတာမြင့်ပြီး မျက်နှာကလည်း အဆီအခဲတွေချည်းပဲရှိတဲ့သူ။ ဓားသွားလို ထက်ရှမျက်လုံးတွေနဲ့ ခွေးတစ်ကောင်တောင် သူ့ကို ကြည့်လိုက်ရင် အမြီးကုန်ပြီး ထွက်ပြေးနိုင်တဲ့ရုပ်ရည်မျိုး။ ကူးပြောင်းသူတို့ရဲ့ ထုံးစံအတိုင်း ရက်စက်တဲ့ ရဲတပ်ဖွဲ့ ခြိမ်းခြောက်နိုင်စွမ်းစနစ်နဲ့ ချည်နှောင်မိပြီး ရာဇဝတ်သားတွေတင်သာမကဘူး ကလေးကအစ ခွေးကအဆုံး သူ ခြိမ်းခြောက်တာခံရတဲ့ ချူးရှန့်။ အလုပ်စဝင်တဲ့ ပထမဆုံးနေ့မှာ သူဟာ ရထားဘူတာကို ချောင်းမြောင်းနေတုန်း နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဂိုဏ်းခေါင်းဆောင်တစ်ယောက်အနေနဲ့ အထူးရဲတွေက သူ့ကို မှားယွင်းစွာ စွပ်စွဲပြီး မြေပြင်ပေါ်မှာ ဒူးထောက် လက်မြှောက်ခိုင်းတာခံရတဲ့ ချူးရှန့်။ ရာဇဝတ်သားကို စစ်ဆေးမေးမြန်းနေစဉ်အတွင်း သူက စားပွဲကို လက်သီးဖြင့် ထုလိုက်ရုံနဲ့ ကွင်းဆက်လူသတ်သမားက ကြောက်လန့်တကြားဖြစ်ပြီး ဆီးတောင်စိုရွှဲသွားပြီ "အရာရှိ၊ ကျွန်တော့်ကို မသတ်ပါနဲ့! ကျွန်တော် အားလုံးကို ဝန်ခံပါ့မယ်! ကျွန်တော် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ပဲ လိုချင်ပါတယ်"လို့ အော်ဟစ်တောင်းပန်တာခံရတဲ့ ချူးရှန့်။ ရာဇဝတ်သား အေ "ကျွန်တော် ဘတ္ထရီတစ်လုံးပဲ ခိုးချင်ခဲ့တာ။ သူလာတာကို မြင်တော့ ကျွန်တော့်ကို နှစ်ခါပြန်စွပ်စွဲတော့မယ်လို့ ထင်ခဲ့တာနဲ့ သူမဖမ်းခင် ရဲစခန်းကို ပြေးသွားပြီး အဖမ်းခံလိုက်တယ်" လို့ အပြောခံရတဲ့ ချူးရှန့်။ သူ့ကိုမြင်ရင် ကလေးလူကြီး အကုန်ကြောက်လန့်ပြီး ငိုကြတဲ့ ချူးရှန့်။ ချူးရှန်း: "ကျွန်တော် ထပ်ပြောပါရစေ၊ ကျွန်တော်က ရဲအရာရှိတစ်ယောက်ပါ၊ အစိုးရဝန်ထမ်းတစ်ယောက်ပါ၊ ပြီးတော့ အရမ်းကြင်နာတတ်ပါတယ်။"

