အခန်း ၁၄၅
Vol. 15 Ch. 145
အခန်း(၁၄၅) ချင်ယွိပင်း၏ ရင်ကွဲနာကျမှု
ချူးရှန့်၏ မျက်ဝန်းများထဲမှ မှိန်ဖျော့သော ရွှေရောင်အလင်းတန်းသည် ဒီရေအလား လျင်မြန်စွာ ပြန်လည်ဆုတ်ခွာသွား၏။ သူက မျက်တောင်တစ်ချက်ခတ်လိုက်ရာ ထိုလူသားမဆန်သော အရှိန်အဝါနှင့် အာဏာစက်တို့သည် တစ်ခဏချင်းအတွင်း ပျောက်ကွယ်သွားတော့သည်။ ၎င်းအစား ခပ်လှမ်းလှမ်းရှိ အရာရာကို စိတ်ပျက်ငြီးငွေ့နေတတ်သည့် ရင်းနှီးနေကျ စိတ်တိုဒေါသထွက်ဖွယ် အမူအရာသာ ကျန်ရှိတော့၏။
"အင်း..."
သူက နှာခေါင်းထဲမှ တစ်ခွန်းတည်းသော စကားလုံးကို ညည်းတွားသံနှင့်အတူ ထုတ်ဖော်လိုက်သည်။
"ကျွန်တော် နည်းနည်းပန်းနေပြီ..."
*ပင်ပန်းနေပြီ ဟုတ်လား…*
ဝမ်ထျဲ့ကျွင်းက သူ့ကို ကြည့်ရင်း ရူးသွပ်မတတ် ခံစားလိုက်ရ၏။
*မင်းက အဲဒီလို ခံစားချက်မျိုးကို ပန်းနေတယ်လို့ ခေါ်တာလား... ပန်းနေတဲ့အချိန်မှာ မင်းမျက်လုံးတွေက အလင်းတောက်နိုင်လို့လား... ပြီးတော့ ဒေတာစီးကြောင်းတွေကိုတောင် ပြန်လည်စုစည်းနိုင်သေးတယ်ပေါ့…*
ဤကောင်လေးတွင် သူဖန်တီးခဲ့သော ပြဿနာများထက် ပိုမိုများပြားသည့် လျှို့ဝှက်ချက်များ ရှိနေသည်မှာ သေချာပေသည်။
ဝမ်ထျဲ့ကျွင်းက ထပ်မံမေးမြန်းရန် ပြင်လိုက်စဉ်မှာပင် ရုံးခန်းတံခါးသည် အပြင်ဘက်မှ ဝုန်း ကနဲ အသံနှင့်အတူ ရုတ်တရက် ပွင့်ဟသွား၏။ လူရိပ်နှစ်ခုသည် တစ်ဦးနောက်တစ်ဦး အပြေးအလွှား ဝင်ရောက်လာကြပြီး နှစ်ဦးစလုံးတွင် တူညီသော စိုးရိမ်ပူပန်မှု အငွေ့အသက်များ လွှမ်းခြုံနေကြသည်။
၎င်းတို့မှာ လင်းဝမ်ချင့်နှင့် ချင်ယွိပင်းတို့
ဖြစ်ကြ၏။ လင်းဝမ်ချင့်၏ မျက်ဝန်းများသည် နီမြန်းနေပြီး ငိုရှိုက်ထားကြောင်း ထင်ရှားနေကာ သူမ၏ လက်ထဲတွင် အဖြူရောင် အိမ်သုံးဆေးသေတ္တာငယ်တစ်ခုကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။
ချင်ယွိပင်းသည် သူမ၏ ထုံးစံအတိုင်း အေးစက်တည်ငြိမ်မှုကို ထိန်းသိမ်းထားသော်လည်း အနည်းငယ် တွန့်ကွေးနေသော မျက်ခုံးများနှင့် တင်းတင်းစေ့ထားသော နှုတ်ခမ်းများက သူမ၏ ရင်ထဲမှ မငြိမ်သက်မှုများကို သစ္စာဖောက်နေကြ၏။
ရုံးခန်းအတွင်းရှိ လေထုက တစ်ခဏချင်းအတွင်း သိမ်မွေ့နက်ရှိုင်းသွားတော့သည်။
ဝမ်ထျဲ့ကျွင်း : ဘယ်လိုလူမျိုးလဲ…
သူက လျှို့ဝှက်ချက်များကို သိမြင်နိုင်သော ဝါရင့်အဘိုးကြီးတစ်ဦး ဖြစ်ပေသည်။ သူက လင်းဝမ်ချင့်ကို တစ်ချက်ကြည့်ကာ ချင်ယွိပင်းကိုလည်း လှမ်းကြည့်လိုက်ပြီး နောက်ဆုံးတွင် သစ်သားတိုင်တစ်ခုကဲ့သို့ တောင့်တင်းနေသော မိမိ၏ ပြဿနာရှာဖွေသူဆီသို့ အကြည့်က ရောက်ရှိသွား၏။ သူ ရုတ်တရက် တုန်လှုပ်သွားသည်။ နတ်ဘုရားများ တိုက်ခိုက်ကြသောအခါ လူသားများ ဒုက္ခရောက်တတ်သည့် အဓိပ္ပာယ်ကို သူ ချက်ချင်း နားလည်လိုက်၏။ မဟုတ်သေးချေ... ဤသည်က နတ်ဘုရားမများ၏ တိုက်ပွဲဖြစ်သဖြင့် သူကဲ့သို့ အဖေဖြစ်သူက အမြန်ဆုံး လွတ်မြောက်ရန် လိုအပ်ပေသည်။
"အဟွတ်... အဟွတ်..."
ဝမ်ထျဲ့ကျွင်းက ချောင်းဟန့်လိုက်ပြီး အလွန်တောင့်တင်းသော အပြုံးတစ်ခုကို အတင်းအကျပ် ဖန်တီးလိုက်၏။
"အင်း... အောက်ထပ်မှာ ကိစ္စတစ်ခုခုရှိနေပုံပဲ... ငါ သွားရှင်းလိုက်ဦးမယ်..."
"မင်းတို့စကားပြောကြ... မင်းတို့စကားပြောကြ..."
ထိုသို့ပြောပြီးနောက် သူက မိမိ၏ အသက်အရွယ်နှင့် မလိုက်ဖက်အောင် သွက်လက်သော အမူအရာဖြင့် လစ်ထွက်သွားတော့သည်။ တံခါးမပိတ်မီ နောက်ဆုံးတစ်စက္ကန့်တွင် သူက အလွန်အလိုက်သိတတ်သော ပုံစံဖြင့် ချူးရှန့်ကို မျက်စိတစ်ချက် မှိတ်ပြလိုက်၏။ သူ၏ မျက်ဝန်းထဲမှ အဓိပ္ပာယ်မှာ အလွန်ရှုပ်ထွေးလှပေသည်။ ဒီကောင်လေး ကံကောင်းပါစေဟူသော ဂရုဏာသက်မှု၊ ငါ့ကို ဂုဏ်ယူစေစမ်းဟူသော အားပေးမှုနှင့် အနည်းငယ် လှောင်ပြောင်ချင်သော သဘောထားတို့ ပါဝင်နေ၏။
"ဝုန်း..."
တံခါးပိတ်သွားခဲ့သည်။ ရုံးခန်းတစ်ခုလုံးကမူ စစ်တလင်းဟု တင်စားနိုင်လောက်သည့် ထူးဆန်းသော တိတ်ဆိတ်မှုထဲသို့ ကျရောက်သွားတော့၏။ ချူးရှန့်သည် တံတားပေါ်မှ ခုန်ချခဲ့စဉ်ကထက်ပင် ပိုမို၍ နေရခက်မှုကို ခံစားလိုက်ရသည်။ သူက မြေပြင်ပေါ်တွင် အပေါက်တစ်ပေါက် ရှာဖွေကာ ပျောက်ကွယ်သွားချင်မိရုံသာ ရှိတော့၏။
"အရာရှိချူး..."
နောက်ဆုံးတွင် လင်းဝမ်ချင့်က တိတ်ဆိတ်မှုကို စတင်ဖြိုခွဲလိုက်သည်။ သူမက ချူးရှန့်အနီးသို့ ပြေးသွားကာ စာပွဲပေါ်သို့ ရှေးဦးသူနာပြုသေတ္တာကို ချလိုက်၏။
"ရှင်... ရှင် ထိခိုက်မိသေးလား... ကျွန်မ သတင်းထဲမှာ မြင်တယ်... သိပ်ကြောက်ဖို့ကောင်းတာပဲ..."
သူမ၏ အသံက ရှိုက်ငိုသံကြောင့် ဝေဝါးနေပြီး မျက်ဝန်းထဲတွင် မျက်ရည်များ ဝိုင်းနေကာ ချူးရှန့်၏ လက်မောင်းကို စစ်ဆေးရန် လက်လှမ်းလိုက်သော်လည်း မထိရဲချေ။ ထိုသို့သော သတိကြီးစွာဖြင့် စိုးရိမ်ပူပန်နေသည့် အမူအရာ၊ ငိုတော့မည့်ဆဲဆဲ ပုံစံသည် နှလုံးသားကို ကြေကွဲစေနိုင်ပေသည်။
ချူးရှန့်က တောင့်တင်းသွား၏။ ဤသည်က သူ ရင်ဆိုင်ရအလှဆုံးနှင့် အခက်ခဲဆုံးအရာ ဖြစ်ပေသည်။
"ငါ အဆင်ပြေပါတယ်..."
သူက အံကိုကြိတ်ကာ စကားသုံးခွန်းကို အတင်းအကျပ် ထုတ်ဖော်လိုက်ပြီး ခန္ဓာကိုယ်ကိုလည်း ဗီဇအရ နောက်သို့ ဆုတ်လိုက်၏။ ဤလုပ်ရပ်က လင်းဝမ်ချင့်၏ မျက်ရည်များကို ချက်ချင်း ကျဆင်းလာစေတော့သည်။
"ရှင် ဒဏ်ရာရထားတာပဲ... ဒါတွေအားလုံးက ကျွန်မတိုါအပြစ်တွေပါ...ကျွန်မတို့ကြောင့်သာ မဟုတ်ရင်..."
သူမက စကားပြောရင်း ပိုမိုစိတ်လှုပ်ရှားလာကာ ရှေးဦးသူနာပြုသေတ္တာကို ဖွင့်ပြီး ဂွမ်းစများနှင့် ပိုးသတ်ဆေးများကို ရူးသွပ်မတတ် ရှာဖွေနေတော့သည်။ ချူးရှန့်မှာမူ တကယ့်ကို အကြပ်ရိုက်နေရ၏။
ထိုစဉ်မှာပင်…
အခြားလူရိပ်တစ်ခုက သူ၏ အခြားတစ်ဖက်သို့ တိတ်ဆိတ်စွာ ရွှေ့လျားလာခဲ့သည်။ ထိုနေရာတွင် ငိုကြွေးသံများ သို့မဟုတ် စိုးရိမ်တကြီး မေးမြန်းသံများ မရှိချေ။ ချင်ယွိပင်းသည် ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေရုံသာ ရှိသည်။ သူမက မိမိ၏ တန်ဖိုးကြီး အားမက်စ်အိတ်ထဲမှ သန့်ရှင်းသော အဖြူရောင် ပိုးပုဝါတစ်ထည်ကို ထုတ်လိုက်၏။
ထို့နောက် သူမက ခန္ဓာကိုယ်ကို အနည်းငယ် ငုံ့လိုက်သည်။ အေးမြပြီး နူးညံ့သော လက်ချောင်းထိပ်လေးများသည် သတိမမူမိနိုင်လောက်သော တုန်လှုပ်မှုနှင့်အတူ ပုဝါ၏ ထောင့်စွန်းတစ်ခုကို ညင်သာစွာ ဆုပ်ကိုင်ထား၏။ နူးညံ့ပြီး နှေးကွေးသော လှုပ်ရှားမှုများဖြင့် သူမက ချူးရှန့်၏ ပါးပြင်ပေါ်ရှိ ဖုန်မှုန့်များနှင့် ဆီကွက်များကို သုတ်သင်ပေးနေတော့သည်။
သူမက မိမိ၏ လှုပ်ရှားမှုအပေါ်တွင် အလွန်အာရုံစိုက်ထား၏။ ၎င်းသည် ပျောက်ဆုံးသွားပြီးမှ ပြန်လည်တွေ့ရှိခဲ့ရသော တန်ဖိုးဖြတ်မရသည့် ရတနာတစ်ခုကို အရောင်တင်နေသည့်အလား ရှိပေသည်။ ချူးရှန့်သည် သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော မှိန်ဖျော့ပြီး အေးမြသည့် ရနံ့ကို ရရှိနေကာ ၎င်းက ပုဝါပေါ်ရှိ တန်ဖိုးကြီးရေမွှေးရနံ့နှင့် ရောယှက်နေ၏။ သူက လုံးဝ တောင့်တင်းသွားရသည်။
လင်းဝမ်ချင့်၏ ဂရုစိုက်မှုက အပူလှိုင်းတစ်ခုကဲ့သို့ ဖြစ်ပါက ချင်ယွိပင်း၏ လုပ်ရပ်ကမူ နှလုံးသားကို ထိုးဖောက်သွားသည့် အရိပ်မဲ့ ရေခဲချွန်တစ်ခုကဲ့သို့ ရှိနေပေသည်။ ပြင်ပတွင် အေးစက်နေသော်လည်း အတွင်း၌မူ ပူလောင်လှ၏။ သူက ချင်ယွိပင်း၏ ထုံးစံအတိုင်း ထက်မြက်သော ဖီးနစ်မျက်ဝန်းများထဲတွင် ယခုအခါ ပြင်းထန်ပြီး အလျှော့မပေးသော ရင်ကွဲနာကျမှုများ ပြည့်နှက်နေသည်ကိုပင် မြင်တွေ့နေရသည်။
"သိပ်ရှုပ်တာပဲ..."
ချူးရှန့်က သတိမဲ့စွာ ညည်းတွားလိုက်၏။ သူက မိမိမျက်နှာပေါ်ရှိ ညစ်ပတ်မှုများကို ရည်ညွှန်းခြင်းလော သို့မဟုတ် ယခုလက်ရှိ အခြေအနေကို ရည်ညွှန်းခြင်းလော ဆိုသည်ကိုမူ မသေချာချေ။
မျက်နှာကို သန့်ရှင်းအောင် သုတ်ပေးပြီးနောက် ချင်ယွိပင်းက ပုဝါကို သိမ်းဆည်းလိုက်ပြီး သူမ၏ အကြည့်က စားပွဲပေါ်ရှိ အသစ်စက်စက် ပရင့်ထုတ်ထားသော ပြေစာတစ်ခုဆီသို့ ကျရောက်သွားသည်။ ၎င်းက ဝမ်ထျဲ့ကျွင်း ချန်ထားခဲ့သော အပိုလို အီးဗွီအို၏ ပဏာမ ပျက်စီးမှု တန်ဖိုးဖြတ်ချက် အစီရင်ခံစာ ဖြစ်၏။ နောက်ကွယ်ရှိ ရှည်လျားလှသော သုညဂဏန်းတွဲများသည် မည်သည့် အခြေခံလူတန်းစားကိုမဆို နေရာ၌ပင် မူးလဲသွားစေရန် လုံလောက်ပေသည်။
ချူးရှန့်သည်လည်း ဤကိစ္စကြောင့် ခေါင်းခဲနေရ၏။ ဤအစီရင်ခံစာကို သူ မည်သို့ရေးရမည်နည်း။ သူ့ကိုယ်သူ ရောင်းချလျှင်ပင် ထိုငွေကို လျော်နိုင်မည် မဟုတ်ချေ။
ချင်ယွိပင်းက ချူးရှန့်၏ တင်းကျပ်စွာ တွန့်ကွေးနေသော မျက်ခုံးများကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူမက သွယ်လျသော လက်ချောင်းနှစ်ချောင်းကို ဆန့်ထုတ်ကာ ယူရိုသန်းပေါင်းများစွာ တန်ကြေးရှိသော ထိုပြေစာကို ညင်သာစွာ ကောက်ယူလိုက်၏။ ချူးရှန့်နှင့် လင်းဝမ်ချင့်တို့၏ အံ့အားသင့်ဖွယ် အကြည့်များအောက်တွင်...
ဖြိကနဲ အသံနှင့်အတူ သူမက ၎င်းကို နှစ်ပိုင်းခွဲပစ်လိုက်သည်။ ထို့နောက် ထပ်မံ၍ အပိုင်းပိုင်း ဖြတ်တောက်ပစ်လိုက်၏။ နောက်ဆုံးတွင် ၎င်းက စက္ကူစုတ်ပုံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး သူမက ဘေးနားရှိ အမှိုက်ပုံးထဲသို့ ပေါ့ပေါ့ပါးပါးပင် ပစ်ထည့်လိုက်တော့သည်။
ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက်မှ သူမက ခေါင်းကို ထပ်မံမော့လိုက်ပြီး ချူးရှန့်ကို ကြည့်၏။ ရေခဲတောင်ကိုပင် အရည်ပျော်စေနိုင်သော နူးညံ့သည့် အပြုံးတစ်ခုသည် ထိုအေးစက်လှပသော မျက်နှာထက်တွင် ပထမဆုံးအကြိမ်အဖြစ် ပေါ်ပေါက်လာခဲ့သည်။
သူမက ငြင်းပယ်ရန်မဖြစ်နိုင်သော ပြတ်သားမှုနှင့် နက်ရှိုင်းသော နူးညံ့မှုတို့ ရောယှက်နေသည့် အသံဖြင့် တိုးညင်းစွာ ပြောလိုက်၏။
"လူတိုင်း အဆင်ပြေရင် ရပါပြီ..."
"ကားတွေက သုံးစွဲရမယ့် ပစ္စည်းတွေပဲ၊ ပျက်စီးသွားရင် အသစ်လဲလိုက်ရုံပေါ့..."
"ရှင် သဘောကျတယ်ဆိုရင် မနက်ဖြန်ကျရင် ကျွန်မ ရှင့်အတွက် အရောင်မတူတာ ဆယ်စီး ထပ်ဝယ်ပေးမယ်၊ ရှင် အလှည့်ကျမောင်းပြီး ပျော်ပျော်ပါးပါး ကစားပေါ့..."
ရုံးခန်းတစ်ခုလုံး သုဿန်တစပြင်အလား တိတ်ဆိတ်သွားခဲ့သည်။
ဂွမ်းစကို ကိုင်ထားသော လင်းဝမ်ချင့်၏ လက်က လေထဲတွင် တောင့်တင်းသွား၏။ သူမက ချင်ယွိပင်းကို အံ့သြတကြီး ကြည့်လိုက်ပြီးနောက် အမှိုက်ပုံးထဲရှိ တန်ဖိုးဖြတ်မရတဲ့ စက္ကူစုတ်ပုံကို လှမ်းကြည့်ကာ ပါးစပ်အနည်းငယ် ဟရုံမှတစ်ပါး စကားတစ်ခွန်းမျှ မဆိုနိုင်တော့ချေ။
ချူးရှန့်သည်လည်း မိမိ၏ စီပီယူမှာ လုံးဝကို လောင်ကျွမ်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူက လင်းဝမ်ချင့်၏ မျက်ရည်များနှင့် စိုးရိမ်မှုများ ပြည့်နှက်နေသော မျက်ဝန်းများကို ကြည့်လိုက်၏။ ထို့နောက် ချင်ယွိပင်း၏ အာဏာစက်ရှိပြီး ပိုင်ဆိုင်လိုစိတ် ပြင်းပြသော်လည်း သိမ်းထုပ်ထားသော နူးညံ့မှုများရှိသည့် ဖီးနစ်မျက်ဝန်းများကို လှမ်းကြည့်လိုက်သည်။ သူက မိမိကိုယ်ကို မီးတောက်တစ်ခုနှင့် ရေခဲတုံးတစ်ခုကြားတွင် အညှပ်ခံထားရသကဲ့သို့ ခံစားလိုက်ရ၏။ လွန်ကဲလှသော ကမ္ဘာနှစ်ခု ဖြစ်ပေသည်။
သူက အသက်ကို ပြင်းထန်စွာ ရှူသွိုက်လိုက်ပြီး မိမိအကျွမ်းကျင်ဆုံးနှင့် တစ်ခုတည်းသော နည်းဗျူဟာကို ပြတ်သားစွာ အသုံးပြုလိုက်တော့သည်။
နည်းဗျူဟာမြောက် တိတ်ဆိတ်ခြင်းဖြစ်၏။
သူ၏ အကြည့်က နှေးကွေးစွာ အောက်သို့ ရွှေ့လျားသွားပြီး စားပွဲပေါ်ရှိ လက်ရေးဖြင့် ဖြည့်စွက်ရမည့် အမှုဖြစ်စဉ် အစီရင်ခံစာအလွတ်ပေါ်သို့ ကျရောက်သွားသည်။ ချူးရှန့်က ဖြည့်စွက်ရန် လိုအပ်သော ကွက်လပ်များကို စိုက်ကြည့်နေမိပြီး မျက်ခုံးများမှာ ယင်ကောင်တစ်ကောင်ကိုပင် ညှပ်ထားနိုင်လောက်အောင် ပြင်းထန်စွာ တွန့်ကွေးနေတော့၏။ ယခုအချိန်တွင် ဤအစီရင်ခံစာကို ရေးသားခြင်းက ခုနက တံတားကို ဖြတ်ကျော်ခဲ့ရခြင်းထက်ပင် ပိုမိုခက်ခဲလိမ့်မည်ဟု သူ ခံစားနေရတော့သည်။၏