အခန်း (၁၇၈၃-၁၇၈၄)
Vol. 179 Ch. 1783-1784
အခန်း (၁၇၈၃) - ယင်လောက၏ အဖိုးတန်ရတနာ ဆယ်ပါး
"တကယ်တမ်း အဲဒါက ဘာပစ္စည်းလဲ"
ဖန့်ချန်၏ အမူအရာမှာ လေးနက်တည်ကြည်သွားသည်။
ဤကဲ့သို့သော အရာတစ်ခု ရှိနေကြောင်း သိလိုက်ရခြင်းက သူ၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုအချို့ကို ဖြစ်ပေါ်စေသည်မှာ အမှန်ပင်။
ယခုအချိန်တွင် လောကနှစ်ခုကြား၌ အတားအဆီး နံရံတစ်ခု ရှိနေသဖြင့် မော်ထျန်းဌာနအနေနှင့် 'ဖူထူလောက' မှ ယင်လောကငယ်အတွင်းသို့ ကျူးကျော်ဝင်ရောက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
သို့သော် အကယ်၍သာ သူတို့သည် အခြားလမ်းကြောင်းတစ်ခုကို ရှာတွေ့သွားမည်ဆိုပါက ၎င်းသည် ယင်လောကငယ်အတွက် အကြီးမားဆုံးသော ပျက်စီးခြင်း အချက်ပေးသံ ဖြစ်လာပေလိမ့်မည်။
အထူးသဖြင့် သူ၏ဘက်တွင် ကောင်းကင်ဘုံတစ်ပိုင်း အဆင့်ရှိသူ တစ်ဦးတစ်ယောက်မျှ မရှိသေးသည့် အခြေအနေမျိုးတွင် လန်တောက်ချန်းနှင့် အနက်ရှိုင်းဆုံး ပူးပေါင်းဆောင်ရွက်မှု မပြုလုပ်နိုင်ပါက ထို ယင်မိစ္ဆာအိုကြီး ကို မည်သို့မျှ ခုခံနိုင်မည် မဟုတ်ချေ။
ထို့အပြင် ယနေ့အထိ သူသည် ထို ယင်မိစ္ဆာအိုကြီး၏ ရုပ်ရည်အစစ်အမှန်ကိုပင် တစ်ခါမျှ မမြင်ဖူးသေးပေ။
အကယ်၍ ကံတိုက်ဆိုင်မှုများသာ မရှိခဲ့လျှင် သူသည် ထိုတည်ရှိမှုမျိုး ရှိနေသည်ကိုပင် သိလိုက်ရမည် မဟုတ်ချေ။
တစ်ဖက်လူသည် သုံးလောက ပရမ်းပတာခေတ်ကတည်းကပင် မိမိကိုယ်ကိုယ် နှိမ့်ချကာ အစွမ်းအစများကို ဖုံးကွယ်ထားခဲ့သူ ဖြစ်သည်။
သုံးလောက ပရမ်းပတာခေတ် ပြီးဆုံးသွားသည့်တိုင်အောင် သူ၏ လုပ်ဆောင်ချက်များမှာ အလွန်ပင် လျှို့ဝှက်လှသည်။
ဖူထူလောကတွင် မော်ထျန်းဌာနကို တည်ထောင်ခဲ့ပြီး လူ့လောကတွင် နတ်ရိုသေနန်းတော် ကို ဖန်တီးခဲ့သည်။
ဤကဲ့သို့သော ပြိုင်ဘက်မျိုးကို ထိပ်တိုက်ရင်ဆိုင်ရန် ဖန့်ချန်၏ စိတ်ထဲတွင်ပင် ယုံကြည်ချက် အပြည့်အဝ မရှိသေးချေ။
"ယင်လောကမှာ တစ်ချိန်က အဖိုးတန်ရတနာ ဆယ်ပါး ရှိခဲ့ဖူးတယ်၊ မင်းက ငရဲမင်းကြီး တစ်ယောက်အနေနဲ့ အဲဒါတွေကို အနည်းအကျဉ်းတော့ သိမှာပေါ့ "
ဝမ်ချုံစန်းက ခပ်ပြုံးပြုံးဖြင့် မေးလိုက်သည်။
"မသိဘူး၊ မင်းပဲ ပြောပြကြည့်ပါဦး"
ဖန့်ချန်က ပွင့်ပွင့်လင်းလင်းပင် ခေါင်းခါပြလိုက်သည်။
"မသိတာကတော့ မှန်တာပေါ့၊ ဒီရတနာ ဆယ်ပါးဟာ အဲဒီခေတ်တုန်းကဆိုရင် နတ်ဘုရားမှန် တို့၊ နတ်စာရင်း တို့နဲ့ ယှဉ်ရင်တောင် မနိမ့်ပါဘူး"
ဝမ်ချုံစန်းက ခပ်အေးအေး ပြုံးလျက်
"အဲဒီ ရတနာတွေထဲက တစ်ခုကတော့ မင်းဆီမှာ ရှိနေတာပဲလေ"
"ငရဲမင်းအမိန့်တော် လား"
ဖန့်ချန်၏ စိတ်အာရုံ လှုပ်ရှားသွားသည်။
"မှန်တယ်၊ အဲဒါက ယင်လောက ရတနာဆယ်ပါးထဲမှာ ထိပ်ဆုံးကပဲ"
ဝမ်ချုံစန်းက ဆက်ပြောသည်
"ငရဲမင်းအမိန့်တော် အပြင် ကျန်တဲ့ ရတနာကိုးပါးကတော့ ပြစ်ဒဏ်ပေးတုတ်၊ ဝိညာဉ်တံခါးဝ ၊ နတ်ဘုရားဖို ၊ သေခြင်းရှင်ခြင်းစာအုပ် ၊ နိုင်ဟော်တံတား ၊ ဝမ်ချွမ်းမြစ် ၊ ၁၈ ထပ် ငရဲမျှော်စင် ၊ သံသရာမှန် ... နောက်ပြီး ငရဲမိဖုရားအမိန့်တော် တို့ပဲ"
"လန်တောက်ချန်း လက်ထဲက ကျောက်တံခါးကြီးက ဝိညာဉ်တံခါးဝ ဖြစ်ဖို့ များတယ်"
"နတ်ဘုရားဖို ရဲ့ အပိုင်းအစတွေကတော့ ကျွယ်မင်ယင်လောကမှာ ရှိနေနိုင်သလို၊ ဒါမှမဟုတ် နယ်မြေသုံးခုက ထိပ်သီးအင်အားစုတွေ ခွဲဝေယူသွားကြတာလည်း ဖြစ်နိုင်တယ်။ သေခြင်းရှင်ခြင်းစာအုပ် လိုမျိုးပေါ့၊ အင်အားစုတိုင်းက နည်းနည်းစီ ရထားကြတာ"
"ပြစ်ဒဏ်ပေးတုတ် ကတော့ ငါ့လက်ထဲမှာ ရှိတယ်"
"နိုင်ဟော်တံတား နဲ့ ဝမ်ချွမ်းမြစ် ကတော့ ယင်လောကမှာပဲ ရှိနေတုန်းပဲ၊ အဲဒီနှစ်ခုက တစ်တွဲတည်းလို့ ထင်ရတယ်"
"သံသရာမှန် ကတော့ မိစ္ဆာမျိုးနွယ်တွေဆီမှာ ရှိနေတယ်"
"ကျန်တာက ၁၈ ထပ် ငရဲမျှော်စင် နဲ့ ငရဲမိဖုရားအမိန့်တော်..."
ဖန့်ချန်သည် ဝမ်ချုံစန်းကို လေးနက်စွာ ကြည့်လိုက်ပြီး
"ဝမ်အိုကြီး... အဲဒီနှစ်ခုထဲက တစ်ခုခုလား"
မျှော်စင်ကတော့ ထားပါတော့၊ ဒုတိယတစ်ခုဖြစ်သော 'ငရဲမိဖုရားအမိန့်တော်' က သူ့ကို ငရဲမင်းအမိန့်တော်နှင့် သွားသတိရစေသည်။ ၎င်းသည် ငရဲမင်းအမိန့်တော်နှင့် ဆင်တူသော စွမ်းအားမျိုး ရှိနေသည့် ရတနာ ဖြစ်နိုင်ချေ အလွန်များသည်။
အကယ်၍ လုပ်ဆောင်ချက်ချင်းသာ ဆင်တူနေမည်ဆိုပါက ထိုအရာသည် ယင်မိစ္ဆာအိုကြီး၏ လက်ထဲသို့ ရောက်သွားလျှင် အလွန်ပင် ဒုက္ခများပေလိမ့်မည်။
"၁၈ ထပ် ငရဲမျှော်စင် ရှိတဲ့နေရာကိုတော့ ငါ သိပါတယ်။ သူရှိတဲ့နေရာက နည်းနည်းတော့ ထူးဆန်းတယ်။ အရင်တုန်းက သံသရာမသေမျိုးဂိုဏ်း က စွမ်းအားရှင်အချို့ ဝှက်ထားခဲ့တာ။ အဲဒါကို ရှာချင်ရင်တော့ အဲဒီဂိုဏ်းက စွမ်းအားရှင်တွေ ပြန်ရှင်လာမှပဲ ရလိမ့်မယ်"
ဝမ်ချုံစန်းက ခပ်ပြုံးပြုံးဖြင့် ဆိုသည်
"ဒီရတနာကိုတော့ ဘယ်သူမှ ရနိုင်မှာ မဟုတ်ဘူးလို့ ထင်တယ်။ ရသွားရင်တောင် အဲဒါနဲ့ အခုလက်ရှိ ယင်လောက အခြေအနေကို ပြောင်းလဲဖို့ မဖြစ်နိုင်ပါဘူး"
သံသရာမသေမျိုးဂိုဏ်းက စွမ်းအားရှင်တွေ ဝှက်ထားခဲ့တာ ဟုတ်လား
ဖန့်ချန်၏ စိတ်ထဲတွင် အနည်းငယ် ထိတ်လန့်သွားသည်။
သို့သော် သူသည် မည်သည့် အမူအရာမှ ဖော်ပြခြင်း မရှိချေ။ ဝမ်ချုံစန်းနှင့် ရင်ဆိုင်နေရသည့်တိုင်အောင် သူ၏ ဝှက်ဖဲအားလုံးကို ထုတ်ပြရန် မရည်ရွယ်ပေ။
အရင်တုန်းက အတုအယောင် ကောင်းကင်ဘုံ၏ ဖော်ထုတ်မှု ဖြစ်ရပ်အရ ကြည့်မည်ဆိုပါက သူ၏ အကြောင်းကို သိသူ နည်းလေလေ၊ တစ်ဖက်လူသည် တွက်ချက်မှုများမှတစ်ဆင့် ရလဒ်ကို ဖော်ထုတ်ရန် ခက်ခဲလေလေ ဖြစ်သည်။
သူသည် ရှေးဟောင်နတ်ဘုရားလမ်းစဉ် တွင် သံသရာမသေမျိုးဂိုဏ်း၏ နတ်မျိုးစေ့ တစ်ဦး ဖြစ်ခဲ့ပြီး၊ မသေမျိုးဆန္ဒ သုံးမျိုးထဲမှ တစ်ခုဖြစ်သော လူ့လောကဆန္ဒ ကို နားလည်သဘောပေါက်ခဲ့သည် ဆိုသောအချက်ကို သိသူမှာ အလွန်ပင် နည်းပါးလှသည်။
ပီတု က တစ်ယောက်၊ နောက်တစ်ယောက်ကတော့ အနာဂတ်မှ လာနိုင်ချေရှိသော ညီငယ် ရှုခုံးကျန့်ရန် ဖြစ်သည်။
တစ်ဦးက အတိတ်၊ တစ်ဦးက အနာဂတ် ဖြစ်သဖြင့် အတုအယောင် ကောင်းကင်ဘုံ၏ နည်းလမ်းများဖြင့်ပင် ထိုသူနှစ်ဦးကို ကြားခံထား၍ ဤအချက်ကို တွက်ချက်နိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
"ဒါဆို ၁၈ ထပ် ငရဲမျှော်စင် မဟုတ်ရင်... ငရဲမိဖုရားအမိန့်တော် ပေါ့ "
ဖန့်ချန်က မေးလိုက်သည်။
ဝမ်ချုံစန်းက ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်ပြီး
"ဒီရတနာရဲ့ နာမည်ကို ကြားတာနဲ့တင် မင်း တစ်ခုခုတော့ ရိပ်မိမှာပေါ့ ဒီအရာက ငရဲမင်းအမိန့်တော်နဲ့ အလွန်တူတယ်။ ဒါကို ရရှိတဲ့သူဟာ ယင်လောကရဲ့ ငရဲမိဖုရား ဖြစ်လာတာနဲ့ အတူတူပဲ"
"ငရဲမိဖုရား ဆိုတာမျိုး ငါ တစ်ခါမှ မကြားဖူးပါဘူး"
ဖန့်ချန်က ခပ်ဖွဖွ ခေါင်းခါလိုက်သည်။
"အဲဒါကတော့ ရှင်းတာပေါ့၊ သုံးလောက ပရမ်းပတာခေတ်က ငရဲမင်းကြီးကိုယ်တိုင်က အမျိုးသမီးလေ၊ ဒါကြောင့် ငရဲမိဖုရားကို ထပ်ရှာစရာ မလိုဘူး။ အရင်ခေတ်က ငရဲမင်းကြီးတွေကလည်း အများအားဖြင့် သူတို့ ချစ်မြတ်နိုးရသူ မရှိကြဘူး၊ ယင်လောကရဲ့ အာဏာတစ်ဝက်ကို ခွဲပေးဖို့ဆိုတာ ဆုံးဖြတ်ရ ခက်တာကိုး။
ဒါကြောင့် ငရဲမိဖုရားအမိန့်တော် ကိုတော့ ခေတ်အဆက်ဆက် ငရဲမင်းကြီးတွေပဲ ကိုင်တွယ်ခဲ့ကြတယ်။ တခြားရတနာတွေ ပျောက်ရင် ပျောက်ပါစေ၊ ဒီတစ်ခုတော့ အပျောက်မခံဘူး။
ငရဲမင်း နဲ့ ငရဲမိဖုရား ကြားမှာ အလွန်ထူးခြားတဲ့ အပြန်အလှန် ဆက်နွှယ်မှုတစ်ခု ရှိနေတယ်။ အကယ်၍ ဒီအမိန့်တော်က မော်ထျန်းတီကျန့် လက်ထဲ ရောက်သွားရင်တော့... သူက အမျိုးသမီး ဖြစ်ပါစေလို့ပဲ မင်း ဆုတောင်းလိုက်တော့။ အကယ်၍ သူက အမျိုးသားသာ ဆိုရင်တော့... ပျော်စရာကြီး ဖြစ်တော့မှာပဲ"
ဝမ်ချုံစန်းက ဤနေရာသို့ ရောက်သောအခါ တစ်စုံတစ်ခုကို မြင်ယောင်သွားပုံရပြီး မအောင့်နိုင်ဘဲ ရယ်မောလိုက်တော့သည်။
"မင်းပြောတာ ဘာအဓိပ္ပာယ်လဲ ဘယ်လို ထူးခြားတဲ့ ဆက်နွှယ်မှုမျိုးလဲ "
ဖန့်ချန်၏ စိတ်ထဲတွင် ရုတ်တရက် မကောင်းသော အငွေ့အသက်တစ်ခု ပေါ်လာသည်။
"ငရဲမင်းနဲ့ ငရဲမိဖုရား ကြားမှာ တခြား ဘာထူးခြားတဲ့ ဆက်နွှယ်မှု ရှိဦးမှာလဲ "
ဝမ်ချုံစန်းက ပြန်မေးလိုက်သည်
"ဒီလိုပဲ ပြောပါရစေ၊ ခေတ်အဆက်ဆက် ငရဲမင်းကြီးတွေက ငရဲမိဖုရားအမိန့်တော်ကို အလွယ်တကူ မသုံးရဲကြတာဟာ သူတို့ တစ်သက်လုံး တကယ် ချစ်သွားနိုင်မယ့် အမျိုးသမီးတစ်ယောက်ကို မရှာတွေ့နိုင်လို့ပဲ။ အကယ်၍သာ ငရဲမိဖုရားအမိန့်တော်ကို အသုံးပြုလိုက်ပြီဆိုရင် မချစ်ရင်တောင် ချစ်ရတော့မှာပဲ၊ မင်းကော တစ်ဖက်လူကော ရွေးချယ်စရာ မရှိတော့ဘူး"
"အဲဒီအချိန်ကျမှ ငါက ငရဲမင်းအမိန့်တော်ကို အရင်ဆုံး စွန့််လွှတ်လိုက်မယ်ဆိုရင်ရော... မရဘူးလား"
ဖန့်ချန်၏ မျက်ဝန်းများမှာ လင်းလက်သွားသည်။
"စွန့်လွှတ်မယ် အဲဒီအချိန်ကျရင် မင်း စွန့်လွှတ်နိုင်ပါဦးမလား မင်းက မင်းရဲ့ ငရဲမိဖုရားကို ဒီလောက်ထိ ချစ်မြတ်နိုးနေမှာပဲကို၊ စွန့်လွှတ်ဖို့ ရက်စက်နိုင်ပါ့မလား"
ဝမ်ချုံစန်းက ရယ်မောရင်း ဆိုသည်။
"..."
"ဘယ်သူ့ကိုမှ ငရဲမိဖုရားအမိန့်တော်ကို ရအောင် မပေးနိုင်ဘူး၊ ဒီအရာက ငါ့လက်ထဲမှာပဲ ရှိရမယ်"
ဖန့်ချန်၏ လေသံမှာ ပြတ်သားလှသည်။ သူက ဝမ်ချုံစန်းကို လေးနက်စွာ ကြည့်လိုက်ပြီး
"မင်းဘက်က ဘာအကူအညီ လိုလဲ ဒီအရာကို ရအောင်ယူဖို့ နည်းလမ်းရှိလား အခု အဲဒါက ဘယ်သူ့လက်ထဲမှာလဲ"
"နည်းလမ်းကတော့ ရှိပါတယ်။ မင်းရဲ့ အကြောင်းတွေ လူသိမသွားခင်တုန်းကဆိုရင်တော့ ငါ့မှာ အချိန်အလုံအလောက် ရှိနေသေးတာပေါ့၊ အေးအေးဆေးဆေး နည်းလမ်းရှာပြီး ဒီအရာကို ရအောင်ယူလို့ ရတယ်။"
ဝမ်ချုံစန်းက ပြုံးလျက် ဆက်ပြောသည်
"ဒါပေမဲ့ အခုတော့ မင်းအကြောင်းက ပေါ်သွားပြီလေ၊ အခုဆိုရင် အားလုံးက ယင်လောကမှာ ခေတ်သစ်ငရဲမင်းကြီး ပေါ်နေပြီဆိုတာ သိသွားကြပြီ။ ငရဲမိဖုရားအမိန့်တော် ဆိုတာကလည်း ငရဲမင်းကြီး ရှိနေတဲ့ အချိန်မျိုးမှာမှ အာနိသင် ရှိတာ။ ဒါကြောင့် ဒီအရာကို ကိုင်ထားတဲ့ မိစ္ဆာမျိုးနွယ်တွေဟာ အခုဆိုရင် အဲဒါကို ဘယ်လိုသုံးမလဲဆိုတာ သေချာပေါက် စဉ်းစားနေကြလောက်ပြီ"
ဖန့်ချန်၏ မျက်နှာမှာ တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲနေသည်။
ဤကိစ္စတွင် ဤမျှကြီးမားသော ထောင်ချောက်တစ်ခု ရှိနေလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးခဲ့ဖူးချေ။
"ဆရာနဲ့ အဖိုးကလည်း ငါ့ကို ဘာလို့ သတိမပေးခဲ့ကြတာလဲ"
ထိုအတွေး ပေါ်လာပြီးနောက် ချက်ချင်းပင် ပြန်လည် ပျောက်ကွယ်သွားသည်။
ဖန့်ချန်သည် သက်ပြင်းချလိုက်မိသည်။ သူ၏ စရိုက်အရ ထိုအချိန်က ဤအချက်ကို သိခဲ့လျှင်တောင် သူသည် ငရဲမင်းအမိန့်တော်ကို အသုံးပြုဖြစ်မည်ကို သူကိုယ်တိုင် သိနေသည်။
ငရဲမင်းအမိန့်တော် ရှိနေခြင်းကြောင့် သူ၏ လက်ထဲမှ အင်အားစုများသည် အလွန်လျှင်မြန်သော နှုန်းဖြင့် တိုးတက်လာခဲ့ပြီး လမ်းကြောင်းဖြတ်ကျော်ကာ နှစ်ပေါင်းတစ်ထောင်ကျော် အတွင်းမှာပင် အဆင့် ၉ မသေမျိုးများနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် အရည်အချင်းကို ရရှိခဲ့ခြင်း ဖြစ်သည်။
"မင်းလည်း သိပ်ပြီး စိုးရိမ်မနေပါနဲ့၊ သူတို့ ဒီအရာကို သုံးမလားဆိုတာကလည်း သူတို့ဘက်မှာ စိုးရိမ်မှုတွေ ရှိနေမှာပဲ။ ဘာပဲဖြစ်ဖြစ် ဒီလို ရတနာမျိုးကို ဘယ်ယောကျ်ား သို့မဟုတ် ဘယ်မိန်းမကိုမဆို စည်းကမ်းမရှိ ပေးလိုက်လို့မှ မရတာ။
ပေးလိုက်ပြီးရင်တောင် မင်းနဲ့ မင်းရဲ့ ငရဲမိဖုရားက သူတို့ကို ရန်သူလို့ သတ်မှတ်မလား ဆိုတာကိုလည်း သူတို့ သေချာအောင် လုပ်ရဦးမှာလေ"
ဝမ်ချုံစန်းက မအောင့်နိုင်ဘဲ ထပ်မံ ရယ်မောလိုက်ပြန်သည်။
"အတိုချုပ်ပြောရရင် အဲဒီအရာက လှံလည်းဖြစ်သလို ဒိုင်းလည်း ဖြစ်တယ်၊ မင်းလက်ထဲမှာ မရှိဘဲ တခြားသူ လက်ထဲမှာ ရှိနေသရွေ့တော့ အတော်လေး ခေါင်းကိုက်ရမယ့် အရာပဲ။ တကယ်လို့ တခြားနည်းလမ်း မရှိတော့တဲ့ အခြေအနေမျိုး ရောက်လာမှသာ... မင်းရဲ့ ငရဲမိဖုရားနဲ့ တွေ့ရလိမ့်မယ် ထင်တယ်"
အခန်း (၁၇၈၄) - ညှိနှိုင်းရေးကာလ
ဝမ်ချုံစန်းသည် ဖန့်ချန်တစ်ယောက် အတော်ကြာအောင် တိတ်ဆိတ်နေပြီး ဘာမှ ပြန်မပြောသည်ကို မြင်သောအခါ မအောင့်နိုင်ဘဲ သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာအားရဖြစ်သော လေသံဖြင့်
"မင်းလေး... ဒီတစ်ခါတော့ တကယ်ပဲ လန့်သွားပြီမလား"
"မဟုတ်ပါဘူး၊ ငါက အခုချက်ချင်းပဲ ငရဲမင်းအမိန့်တော်ကို စွန့်လွှတ်လိုက်ရမလားလို့ စဉ်းစားနေတာပါ"
ဖန့်ချန်က ဆိုသည်။
"..."
ဝမ်ချုံစန်း၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီး
"ငရဲမင်းအမိန့်တော်ကို စွန့်လွှတ်မယ် ဒါဆိုရင် မင်းအရင်က ပေးအပ်ခဲ့တဲ့ ဘွဲ့နှင်းအပ်ခြင်းတွေ အားလုံး အာနိသင် ပျက်ပြယ်သွားလိမ့်မယ်။ ပြီးတော့ ထူးခြားတဲ့ အစွမ်းတွေရှိတဲ့ ယင်လောကငယ်ဆိုတဲ့ ဝှက်ဖဲကိုလည်း မင်း ဆက်ပြီး ထိန်းချုပ်နိုင်မှာ မဟုတ်တော့ဘူး"
"ဟုတ်တယ်လေ၊ အဲဒီအကြောင်းပြချက်ကြောင့်ပဲ ငါက စဉ်းစားရုံပဲ ရှိပါသေးတယ်"
ဖန့်ချန်က ခပ်ဖွဖွ ခေါင်းညိတ်ပြသည်။
"စဉ်းစားလို့ ဘယ်လိုနေလဲ ငါ့အမြင်ကို ပြောရရင်တော့ မင်း ငရဲမင်းရာထူးကို စွန့်လွှတ်မယ်ဆိုရင်တောင် သုံးလောကကြီး အေးချမ်းသွားတဲ့အထိ စောင့်ရလိမ့်မယ်။ အခုလို ထူးခြားတဲ့ ကာလမျိုးမှာ မင်းသာ အဲဒါကို စွန့်လွှတ်လိုက်ရင် ဒီကိစ္စတွေထဲမှာ ဝင်ပါဖို့ အရည်အချင်း လုံးဝ ရှိတော့မှာ မဟုတ်ဘူး"
ဝမ်ချုံစန်းက ဆက်ပြောသည်
"ခုနက ငါပြောသလိုပဲ မင်း ဒီကိစ္စအတွက် သိပ်ပြီး စိုးရိမ်မနေပါနဲ့။ ကူးယွဲ့လင်ဆိုတဲ့ ပြဿနာကို အမြန်ဆုံး ရှင်းပစ်ဖို့ကသာ လက်ရှိ အရေးအကြီးဆုံးပဲ။ ထိုက်ချန်းနယ်မြေဘက်က ကိစ္စကတော့ အခုလောလောဆယ် မင်း ဝင်ပါစရာ မလိုသေးဘူး"
"ဟုတ်သားပဲ"
ဖန့်ချန်က စဉ်းစားဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ဝမ်ချုံစန်းမှာ အနည်းငယ် အံ့အားသင့်သွားသည်။ တစ်ဖက်လူက ဤမျှမြန်ဆန်စွာ စိတ်တည်ငြိမ်သွားလိမ့်မည်ဟု သူ မထင်ထားမိချေ။
သူကိုယ်တိုင်သာ ဖန့်ချန်၏ နေရာတွင် ရှိနေမည်ဆိုပါက မည်သို့ဖြစ်မည်နည်းဟု တွေးကြည့်ရာ... အနည်းဆုံးတော့ အချိန်အတန်ကြာအောင် ပူပန်နေမိပြီးမှ ဖြည်းဖြည်းချင်း တည်ငြိမ်လာလိမ့်မည်ဟု သူ ကောက်ချက်ချမိသည်။
"ဒါနဲ့... ၁၈ ထပ် ငရဲမျှော်စင် ဆိုတာက ဘာလဲ ဘာအစွမ်းတွေ ရှိလို့လဲ "
ဖန့်ချန်က ခပ်ပေါ့ပေါ့ပင် မေးလိုက်သည်။
"မင်းက ဒီယင်လောက ရတနာကို ပြန်သိမ်းချင်တာလား အင်း... မင်းရဲ့ လက်ရှိ အခြေအနေအရ ဒီရတနာကို ပြန်ရမယ်ဆိုရင်တော့ တကယ်ပဲ အကျိုးကျေးဇူး အများကြီး ရှိလိမ့်မယ်။ အနည်းဆုံးတော့ ယင်လောကငယ်ရဲ့ နယ်မြေကို ဆယ်ဆလောက် ကျယ်ပြန့်သွားစေနိုင်တယ်"
ဝမ်ချုံစန်းက ပြန်ဖြေသည်။
"ယင်လောကငယ်ကို ဆယ်ဆ ကျယ်ပြန့်သွားစေနိုင်တယ် ဟုတ်လား "
ဖန့်ချန်မှာ အနည်းငယ် မှင်သက်သွား၏။
"မှန်တာပေါ့၊ ယင်လောက ရတနာတစ်ခုချင်းစီဟာ ငရဲမင်းကြီးရဲ့ အာဏာစက်ကို ကိုယ်စားပြုတယ်။ တစ်ခုကို အပြည့်အဝ ပြန်သိမ်းနိုင်ရင် ယင်လောကရဲ့ နယ်နိမိတ်ကို ချဲ့ထွင်နိုင်တယ်။
အခုလက်ရှိ ယင်လောကငယ်ရဲ့ နယ်မြေက သူရဲ့ မူလအစဆုံး အခြေအနေပဲ ရှိသေးတာ။ အဖိုးတန်ရတနာ ဆယ်ပါးလုံး ရှိမှသာ ဖူထူလောကလိုမျိုး အဆုံးအစမရှိ ကျယ်ပြောလှတဲ့ နယ်မြေမျိုး ဖြစ်လာမှာ"
ဝမ်ချုံစန်းက ပြုံးလျက်
"ဒါပေမဲ့ ရတနာဆယ်ပါးထဲမှာ မင်း ပြန်သိမ်းနိုင်မယ့် အရာက သိပ်မရှိတော့ဘူး။ ၁၈ ထပ် ငရဲမျှော်စင် ကတော့ ကြည့်ရတာ ခက်ခဲပုံပေါ်ပေမယ့် တကယ်တမ်းတော့ အလွယ်ဆုံးပဲ။ သူရှိတဲ့နေရာက နည်းနည်း ထူးဆန်းနေတာပဲ ရှိတာ။ အဲဒီနေရာကို ရောက်နိုင်ပြီး ပြန်ယူနိုင်မယ်ဆိုရင်တော့ ပြင်ပက အန္တရာယ်တွေကို ရင်ဆိုင်နေစရာ မလိုဘူး"
"အဲဒါက ဘယ်မှာလဲ၊ ပြောပြကြည့်ပါဦး၊ ငါ သွားယူနိုင်ကောင်း ယူနိုင်မှာပါ"
ဖန့်ချန်က ဆိုသည်။
"မင်းရဲ့ အခုလက်ရှိ အင်အားနဲ့ဆိုရင်တော့ ပြန်ယူနိုင်မှာ မဟုတ်ဘူး။ မင်းသာ အဆင့် ၉ အဆင့်ကို တက်လှမ်းနိုင်မယ်ဆိုရင်တော့ မျှော်လင့်ချက် အနည်းငယ် ရှိနိုင်တယ်။
အရင်တုန်းက နတ်ဘုရားလောက အစည်ကားဆုံး အချိန်မှာတောင် သံသရာမသေမျိုးဂိုဏ်းဟာ လောကပြင်ပမှာ သီးသန့်ရှိနေတဲ့ တည်ရှိမှုမျိုးပဲ။ အပြည့်စုံဆုံးဖြစ်တဲ့ သမိုင်းမှတ်တမ်းစာအုပ် ကို သံသရာမသေမျိုးဂိုဏ်းကပဲ ပိုင်ဆိုင်ခဲ့တာ။
အကယ်၍ အဲဒီစာအုပ်သာ အပြည့်အစုံ ရှိနေဦးမယ်ဆိုရင် နတ်ဘုရားမှန်တို့၊ နတ်စာရင်းတို့ထက်တောင် အများကြီး ပိုပြီး အစွမ်းထက်လိမ့်မယ်။ နယ်မြေကိုးခုမှာ နံပါတ်တစ် ဝိညာဉ်ရတနာ လို့တောင် အသေအချာ ပြောလို့ရတယ်"
ဝမ်ချုံစန်းက အေးအေးဆေးဆေး ပြုံးကာ ဆိုသည်။
"ဒါဆိုရင်... အဲဒီမျှော်စင်က သမိုင်းမှတ်တမ်းမသေမျိုးစာအုပ် ထဲမှာ ဝှက်ထားတာလား "
ဖန့်ချန်က သက်ပြင်းချလိုက်သည်။
"မှန်တယ်၊ အဲဒီထဲမှာပဲ ဝှက်ထားတာ။ သမိုင်းမှတ်တမ်းမသေမျိုး မဟုတ်ဘဲနဲ့ အဲဒီစာအုပ်ထဲကို ဝင်မယ်ဆိုရင်တော့ ပြန်ထွက်လာနိုင်မှာ မဟုတ်ဘူး။
သမိုင်းမှတ်တမ်းမသေမျိုး လမ်းစဉ်ကိုတော့ အစကတည်းက သံသရာမသေမျိုးဂိုဏ်းကပဲ အသေအချာ ထိန်းချုပ်ထားခဲ့တာ။ အခုတော့ သံသရာမသေမျိုးဂိုဏ်း ပျက်စီးသွားတာနဲ့အမျှ အဲဒီလမ်းစဉ်လည်း လုံးဝ ပျောက်ကွယ်သွားပြီပေါ့"
ဝမ်ချုံစန်းက ဆိုသည်။
'သံသရာမသေမျိုးဂိုဏ်းက ဘယ်မှာ ပျက်စီးသွားလို့လဲ'
ဖန့်ချန်က စိတ်ထဲမှ ရေရွတ်လိုက်သည်။
အနည်းဆုံးတော့ သံသရာမသေမျိုးဂိုဏ်းဟာ ရှိနေသေးတယ်ဆိုတာကို သူ အခု အသေအချာ အာမခံနိုင်သည်။
သာမန်လူတွေ နားမလည်နိုင်တဲ့ ပုံစံမျိုးနဲ့ လောကပြင်ပမှာ အမှန်တကယ် ကျော်လွန်တည်ရှိနေခြင်းသာ ဖြစ်ပေလိမ့်မည်။
မဟုတ်လျှင် သူက ဘာဖြစ်မလဲ ရှုခုံးကျန့်ရန်ကရော တစ္ဆေဖြစ်နေလို့လား
'ရှုခုံးကျန့်ရန်... အနာဂတ်မှာ သံသရာမသေမျိုးဂိုဏ်း ရှိနေသေးပြီး ရှုခုံးကျန့်ရန်က ငါနဲ့ စကားပြောနိုင်သေးတယ်ဆိုရင် နယ်မြေကိုးခုဟာ ရောင်းချခံရမယ့် အခြေအနေမျိုးနဲ့ မကြုံရတာ ဖြစ်နိုင်မလား ဒါကြောင့်... မကြာခင်အချိန်အတွင်းမှာပဲ၊ ဒါမှမဟုတ် ပြင်ပရန်သူတွေ ကျူးကျော်မလာခင်မှာ နယ်မြေကိုးခုမှာ ကောင်းကင်ဘုံအသစ်တစ်ခု ပေါ်ထွန်းလာမှာလား'
ဤနေရာသို့ ရောက်သောအခါ ဖန့်ချန်၏ စိတ်ထဲတွင် ရုတ်တရက် အလင်းပွင့်သွားသလို ခံစားလိုက်ရသည်။ သို့သော် သူ၏ ခန့်မှန်းချက် မှန်၊ မမှန်ကိုတော့ သူကိုယ်တိုင် အသေအချာ မပြောနိုင်ချေ။
ဖြစ်နိုင်သည်မှာ ရှုခုံးကျန့်ရန်သည် စည်းကမ်းချက်များကြောင့် အနာဂတ် အခြေအနေများကို သူ့အား ထုတ်ဖော်မပြောရဲခြင်းလည်း ဖြစ်နိုင်ပါသည်။
"မင်းဆီမှာလည်း သတင်းတွေ အများကြီးရှိသလို၊ ငါ့ဆီမှာလည်း သတင်းတွေ ရှိပါတယ်။ အတိုချုပ်ပြောရရင် နောက်ပိုင်းမှာ ဒီလိုသတင်းမျိုး ရှိလာရင် ငါ မင်းကို ချက်ချင်း အကြောင်းကြားပါ့မယ်။
အခု တခြားကိစ္စ မရှိတော့ရင် ပြန်တော့လေ၊ ငါ့ရဲ့ အလုပ်တွေကို မနှောင့်နှေးပါစေနဲ့ဦး။ အခု လူတွေ အများကြီး အပြင်ထုတ်ထားရတော့ ကျန်နေတဲ့ အလုပ်အပျက်တွေကို ရှင်းဖို့ စိတ်စွမ်းအင် နည်းနည်း သုံးရဦးမယ်"
ဝမ်ချုံစန်းက လက်ယမ်းပြလိုက်သည်။
"ကောင်းပြီလေ၊ ဒါဆို ငါ သွားတော့မယ်၊ ကိစ္စရှိရင် ပြန်လာခဲ့မယ်"
ဖန့်ချန်က ခေါင်းညိတ်ပြပြီး ထရပ်ကာ ထွက်ခွာလာခဲ့သည်။
ကျွယ်မင်ယင်လောကမှ လူ့လောကသို့ ပြန်ရောက်သောအခါ ဖန့်ချန်သည် လူသားဘိုးဘေးတောင်သို့ ပြန်သွားပြီး သူ၏ ကိုယ်ပွား များကို တစ်ခုပြီးတစ်ခု စုစည်းကာ လမ်းစဉ်များကို ပေါင်းစပ်စေသည်။
ဖန့်ချန်သည် သူ၏ကိုယ်ပေါ်ရှိ မသေမျိုးကျောက်တုံး ၉၉ ရာခိုင်နှုန်းကို ထုတ်ယူလိုက်ပြီး အနည်းငယ်ကိုသာ အရေးပေါ်အတွက် ချန်ထားခဲ့ကာ ကျန်ရှိသမျှကို ထိုကိုယ်ပွားများထံ ပေးလိုက်သည်။ ထို့နောက် ၎င်းတို့ကို လူသားဘိုးဘေးတောင်တွင် အပူတပြင်း ကျင့်ကြံစေလိုက်သည်။
ဖန့်ထျန်းဇွန် ဘက်တွင်လည်း အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးများကို အတော်လေး သန့်စင်ပြီးဖြစ်ရာ အဆင့်တက်လှမ်းရန်မှာ အချိန်တစ်ခုသာ လိုတော့သည်။
ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် သူသည် တုန်းရှန့်နိုင်ငံသို့ လာခဲ့သည်။
နောက်ထပ် နှစ်ပေါင်း ရာချီကြာအောင် သူသည် နတ်မိမယ်ယွီနှင့်အတူ တစ်ဘဝပြီး တစ်ဘဝ ဖြတ်သန်းခဲ့သည်။ ထိုကာလအတွင်း အားလပ်သည့် အချိန်များတွင် ယင်လောက၊ ဖူထူလောက နှင့် ထိုက်ချန်းနယ်မြေ တို့သို့ အခေါက်ခေါက်အခါခါ ကူးချည်သန်းချည် သွားလာနေခဲ့သည်။
ရှဲ့အာမန်က ထိုက်ချန်းနယ်မြေ၏ နောက်ဆက်တွဲ အခြေအနေများတွင် ဝင်ပါရန် သူ့၌ အင်အား မလုံလောက်သေးသဖြင့် သေချာ ကျင့်ကြံနေရန် ပြောခဲ့သော်လည်း...
သူကိုယ်တိုင် သိနေသည်မှာ သူပိုင်ဆိုင်ထားသော အင်အားသည် ထိပ်တန်း ကစားသမားတစ်ဦး အဖြစ် မသတ်မှတ်နိုင်သေးသော်လည်း သာမန် အဆင့် ၉ မသေမျိုးများနှင့် ယှဉ်ပြိုင်ရန်အတွက်မူ လုံးဝ လုံလောက်နေပြီ ဖြစ်ကြောင်းပင်။
နယ်ပယ်အချို့ရှိ စစ်ပွဲ၏ အဖြေကို ပြောင်းလဲပစ်ရန်မှာပင် သူ့အတွက် အလွန်လွယ်ကူလှသည်။
ဧရိယာ အတော်အတန် ကျယ်ဝန်းပြီး ၃၂ ထပ် မြင့်သော လက်ဖက်ရည်ဆိုင်ကြီးတစ်ခု။
ဤနေရာတွင် စားသုံးသူများဖြင့် အမြဲမပြတ် စည်ကားနေပြီး နေ့ဖြစ်စေ၊ ညဖြစ်စေ လူစည်ကားရာ နေရာတစ်ခု ဖြစ်သည်။
ဖန့်ချန်သည် ခုနစ်ထပ်မြောက် ထောင့်တစ်နေရာတွင် ထိုင်ကာ လက်ဖက်ရည် သောက်ရင်း မုန့်အချို့ကို မြည်းစမ်းနေသည်။ သူ၏ ပုံစံမှာ အလွန်ပင် အေးဆေးတည်ငြိမ်လှသည်။
ရုတ်တရက် ဟင်းလင်းပြင်ထဲမှ တန်ပြန်သက်ရောက်မှု တစ်ခု ရောက်ရှိလာပြီး ဖန့်ချန်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်။
နှစ်ပေါင်း ရာချီ ကြာမြင့်ပြီးနောက်တွင် ဖန့်ချန်၏ ကျင့်ကြံမှုမှာ အဆင့် ၄ မသေမျိုးအထွတ်အထိပ်သို့ ရောက်ရှိသွားပြီ ဖြစ်ရာ အဆင့် ၅ မသေမျိုး ဆေးကို သောက်သုံးရန် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထိုအချိန်တွင် ဝတ်ရုံဝတ် အဘိုးအိုတစ်ဦးသည် လက်ဖက်ရည်ဆိုင်ထဲသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာပြီး ခုနစ်ထပ်မြောက်သို့ တန်းတန်းမတ်မတ် တက်လာသည်။ သူက ဟိုဟိုဒီဒီ ကြည့်လိုက်ပြီးနောက် ဖန့်ချန်၏ ရှေ့တွင် လာထိုင်လိုက်သည်။
"အပြင်မှာတော့ မင်းလက်ထဲမှာ ပြင်ပရန်သူ တစ်ယောက် ရှိနေတယ်လို့ သတင်းတွေ ပျံ့နေတယ်"
ယွမ်ချွဲ က မုန့်တစ်ခွက်ကို ယူကာ ပါးစပ်ထဲ ထည့်လိုက်သည်။
"ဟုတ်ပါတယ်၊ ဒါနဲ့ ဆရာနဲ့ အဖိုးကော ဘယ်မှာလဲ"
ဖန့်ချန်က ထရပ်ကာ ယွမ်ချွဲ အတွက် လက်ဖက်ရည် တစ်ခွက် ငှဲ့ပေးပြီးမှ ပြန်ထိုင်လိုက်သည်။
ယွမ်ချွဲ က ခေါင်းညိတ်ပြသည်။ ဖန့်ချန်က သူ့ကိုယ်သူ မျိုးဆက်သစ် တစ်ဦးအဖြစ် ရိုရိုသေသေ ဆက်ဆံသည့်အတွက် သိသိသာသာ ကျေနပ်သွားပုံရသည်။
"ထိုက်ချန်းနယ်မြေဘက်က ကိစ္စကတော့ အဆုံးသတ်ပိုင်းကို ရောက်နေပြီ။ နှစ်ဖက်စလုံး ညှိနှိုင်းနေကြတယ်၊ အခုက ညှိနှိုင်းမှုရဲ့ အရေးကြီးဆုံး အချိန်ပဲ။ မင်းရဲ့ ဆရာနဲ့ အဖိုးက လောလောဆယ် လာလို့ မရသေးဘူး။
မိစ္ဆာမျိုးနွယ်တွေ အကြပ်အတည်းဖြစ်ပြီး အစွန်းရောက်တာမျိုးကို ကာကွယ်ရသလို၊ နတ်ဆိုးမျိုးနွယ်တွေ ကြားဖြတ်ဝင်ပါမှာကိုလည်း စောင့်ကြည့်နေရတာကိုး။ ညှိနှိုင်းမှု ပြီးသွားရင်တော့ သူတို့ အားသွားပါလိမ့်မယ်"
ယွမ်ချွဲက ခပ်ပြုံးပြုံးဖြင့် ဆိုသည်။
"ညှိနှိုင်းတာ ဘယ်လို ပုံစံမျိုးနဲ့ ညှိနှိုင်းနေကြတာလဲ"
ဖန့်ချန်၏ စိတ်အာရုံ လှုပ်ရှားသွားသည်။
"အခုတော့ ဘက်ပေါင်းစုံက အဆင့် ၉ မသေမျိုးတွေဟာ ဆက်တိုက်နေရင် ဘာအဓိပ္ပာယ်မှ မရှိတော့ဘူးဆိုတာကို မြင်သွားကြပြီ။ ဒါကြောင့် အားလုံးက ထိုင်ပြီး သေချာ ဆွေးနွေးချင်ကြတယ်။
ဘယ်လို ပုံစံမျိုးလဲ ဆိုတော့... ငါတို့ဘက်က တောင်းဆိုချက်က အောက်ပိုင်း နယ်မြေခြောက်ခုထဲက တစ်ခုကို မိစ္ဆာမျိုးနွယ်တွေကို ပေးမယ်။
သူတို့ဘက်က တောင်းဆိုချက်ကတော့ သူတို့ရဲ့ ကွဲပြားနေတဲ့ အသံတွေကို စုစည်းပြီး အုပ်စုကြီး သုံးခုအဖြစ် ဖွဲ့စည်းမယ်၊ ပြီးရင် အထက်ပိုင်း နယ်မြေသုံးခုစလုံးမှာ သူတို့ ခြေကုပ်ယူမယ့် နေရာတွေ ရှိရမယ်တဲ့"
ယွမ်ချွဲက ရယ်မောလျက်
"အခုက အဲဒီ အခြေအနေ နှစ်ခုကြားမှာ မျှခြေတစ်ခုကို ရှာနေကြတာပေါ့။ သူတို့ရဲ့ တောင်းဆိုချက်ကိုတော့ ငါတို့ သေချာပေါက် လက်မခံဘူး။ ငါတို့ရဲ့ နောက်ဆုံး ကန့်သတ်ချက်က နယ်မြေတစ်ခု ပေးဖို့ပဲ။
အဲဒါက အောက်ပိုင်း နယ်မြေခြောက်ခု ဖြစ်မလား၊ ဒါမှမဟုတ် အထက်ပိုင်း နယ်မြေသုံးခု ဖြစ်မလား ဆိုတာကတော့ ညှိနှိုင်းမှုရဲ့ နောက်ဆုံး ရလဒ်အပေါ်မှာပဲ မူတည်လိမ့်မယ်"
"ဒါဆို အခုက ညှိနှိုင်းရေးကာလထဲကို ရောက်သွားပြီပေါ့။ အဲဒါက ဘယ်လောက်အထိ ကြာနိုင်မလဲ "
ဖန့်ချန်က မေးလိုက်သည်။