← Chapters

အခန်း (၂၁-၂၂)

Vol. 3 Ch. 21-22

အခန်း (၂၁-၂၂)

Vol. 3 Ch. 21-22

အခန်း(၂၁) ဒီဂုဏ်ပြုစာတန်းက ဘာကြောင့် နာရေးစာတန်းနဲ့ တူနေရတာလဲ

ယနေ့တွင် ကျန်းချန်မြို့ရှိ နန့်ချန်ခရိုင် ပြည်သူ့လုံခြုံရေးဗျူရို၌ မီးပုံးများ၊ ရောင်စုံဖဲကြိုးများဖြင့် အလှဆင်ထားပြီး နွေဦးပွဲတော်ကာလထက်ပင် ပို၍ စည်ကားသိုက်မြိုက်သော လေထုတစ်ခုကို ဖန်တီးထား၏။

စွန့်ပစ်စက်ရုံတစ်ခု၏ မြေအောက်၌ရှိသော ကြီးမားလှသည့် လောင်းကစားရုံကြီးကို အောင်မြင်စွာ ဖြိုခွင်းနိုင်ခဲ့ပြီး လောင်းကစားရာတွင် ပါဝင်ပတ်သက်သူ ရာပေါင်းများစွာကို ဖမ်းဆီးကာ လောင်းကစားငွေ ယွမ်သန်းပေါင်းများစွာကို သိမ်းဆည်းရမိခဲ့ခြင်းအား မြို့တော်ဗျူရိုခေါင်းဆောင်ပိုင်းက အလွန်အရေးထားသောကြောင့် ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားနစ်ရပ်ကို ကျင်းပရန် အထူး ညွှန်ကြားခဲ့သည်။ ထို့ပြင် နန့်ချန်ခရိုင်ရဲတပ်ဖွဲ့ခွဲကို ညစ်ညမ်းမှုနှင့် တရားမဝင်ထုတ်ဝေမှုများ တိုက်ဖျက်ရေး အဆင့်မြင့်အဖွဲ့အစည်းဟူသော ဂုဏ်ပြုစာတန်း ချီးမြှင့်ရန်နှင့် စစ်ဆင်ရေးတွင် ထူးချွန်စွာ စွမ်းဆောင်နိုင်ခဲ့သည့် တစ်ဦးချင်းစီကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ရန်လည်း ညွှန်ကြားခဲ့လေသည်။

ဤစစ်ဆင်ရေး၏ သူရဲကောင်းတစ်ဦးအနေဖြင့် တစ်ကိုယ်တော် ဦးဆောင်စွမ်းဆောင်ခဲ့သော ချူးရှန့်သည် ယနေ့အတွက် အဓိက ဇာတ်လိုက်ဖြစ်နေသည်မှာ သဘာဝပင်ဖြစ်၏။

အဝတ်လဲခန်းထဲတွင် ချူးရှန့်က မှန်ရှေ့၌ သူ၏ ရဲဝတ်စုံကို သေသပ်အောင် ပြင်ဆင်နေသည်။

အရပ် ၁.၉၂ မီတာရှိပြီး ကျယ်ပြန့်သော ပခုံးများရှိသည့် ချူးရှန့်က သေသပ်စွာ ချုပ်လုပ်ထားသော ရဲဝတ်စုံကိုပင် အစွန်အဖျားအထိ ဆွဲဆန့်ထားသကဲ့သို့ ဖြစ်နေကာ အထူးသဖြင့် ရင်ဘတ်နှင့် လက်မောင်းတစ်ဝိုက်ရှိ အဝတ်စများမှာ ပေါက်ကွဲထွက်တော့မည့်ပုံ ပေါက်နေ၏။ ယနေ့ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားအတွက် ချူးရှန့်က ဆံပင်ညှပ်ဆိုင်သို့ သွား၍ မုတ်ဆိတ်ရိတ်ကာ ကြမ်းတမ်းသော မုတ်ဆိတ်မွေးများကို ပြောင်စင်အောင် ရိတ်သင်ပြီး ဆံပင်ကိုလည်း သေသပ်စွာ ဖြီးသင်ထားလေသည်။

သို့သော် မှန်ထဲရှိ သူ့ကိုယ်သူ ကြည့်လိုက်ချိန်တွင် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု သူ ခံစားလိုက်ရသည်။

“ဒီဝတ်စုံက နည်းနည်းလေး ကျပ်နေသလားလို့...”

ချူးရှန့်က အလွန်ကျပ်နေသည်ဟု ခံစားရသဖြင့် သူ၏ နက်တိုင်ကို ဆွဲဖြေလိုက်၏။

အနီးအနားတွင် အဝတ်လဲနေသော အဘိုးကြီးကျန်းဖြစ်သည့် ပစ္စည်းကိရိယာများကို စောင့်ကြပ်ရသော ထောက်ပံ့ရေးနှင့် ပစ္စည်းကိရိယာဌာနမှ ကပ်စေးနဲ လှသည့် အဘိုးကြီးက ချူးရှန့်ကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်နေလေသည်။

“ချူးရှန့်...”

အဘိုးကြီးကျန်းက တံတွေးမြိုချလိုက်ပြီး စကားပြောရန် တုံ့ဆိုင်းနေခဲ့သည်။

“အင်္ကျီက ကျပ်နေတာ မဟုတ်ဘူး မင်းရဲ့ အငွေ့အသက်တွေက အရမ်းကို တင်းမာနေတာ ဝတ်စုံဝတ်ထားပေမဲ့ ဆုသွားယူမယ့် ရဲတစ်ယောက်နဲ့ မတူဘဲ ဘာနဲ့ပိုတူနေလဲဆိုတော့...”

“ဘာနဲ့တူနေလို့လဲ...”

ချူးရှန့်က ခေါင်းလှည့်လာပြီး သူ၏ မျက်လုံးများထဲတွင် ကြင်နာသော အကြည့်တစ်ခုဖြင့် မေးလိုက်၏။

အဘိုးကြီးကျန်းမှာ နောက်သို့ တွန့်ဆုတ်သွားပြီး ရုံးခွဲတစ်ခုကို သိမ်းပိုက်တော့မည့် ဂိုဏ်းချုပ်ကြီးတစ်ယောက်နှင့် တူသည် ဟူသော သူ၏ စကားတစ်ဝက်ကို ပြန်လည် မြိုချလိုက်ကာ အောက်ပါအတိုင်း ပြောင်းပြောလိုက်လေသည်။

“ရဲတပ်ဖွဲ့ရဲ့ မဏ္ဍိုင်ကြီးနဲ့ တူတယ် အင်အားကြီးတယ် ဩဇာတိက္ကမရှိတယ်...”

ချူးရှန့်က ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

“ဒါဆိုရင်လည်း ကောင်းပါတယ် ဒီနေ့ ကျွန်တော့်ရဲ့ ပုံရိပ်ကို ဂရုစိုက်ဖို့ ပြုံးဖို့နဲ့ ကျွန်တော်တို့ နန့်ချန်ရဲတပ်ဖွဲ့ရဲ့ ချဉ်းကပ်ရလွယ်ကူမှုကို ပြသဖို့ ကပ္ပတိန်လျိုက ကျွန်တော့်ကို ပြောထားတယ်...”

ထိုစဉ် အပြင်ဘက်မှ နှဲသံနှင့် ဗုံသံများ ထွက်ပေါ်လာ၏။

“ရောက်လာကြပြီ ရောက်လာကြပြီ သဘောကောင်းတဲ့ နိုင်ငံသားတစ်ယောက်က ဂုဏ်ပြုစာတန်း ယူလာတယ်...”

ရုံးခန်းထဲမှ ရှောင်လီက ကမန်းကတန်း ဝင်လာပြီး အော်ပြောလိုက်သည်။

“အစ်ကိုချူး ကပ္ပတိန်လျိုက အစ်ကို့ကို ပင်မဂိတ်ဝဆီ ချက်ချင်းသွားခိုင်းနေတယ် ရပ်ကွက်ထဲက အန်တီတစ်ယောက်က အစ်ကို့ကို တွေ့ဖို့ အထူးတောင်းဆိုထားလို့တဲ့...”

ချူးရှန့်မှာ တိတ်တဆိတ် ဝမ်းသာသွားလေသည်။ သူ၏ ပုံရိပ်တည်ဆောက်ရေး စီမံကိန်းက နောက်ဆုံးတွင် အသီးအပွင့်များ ခံစားရပြီဖြစ်ပုံရ၏။ ရပ်ကွက်ထဲမှ အန်တီများပင် သူ့ကို လာရောက် ကျေးဇူးတင်နေကြသည် မဟုတ်ပါလား။ သူက သူ၏ ဦးထုပ်ကို သေသပ်အောင် ပြင်ဆင်ပြီး ခြေလှမ်းကျဲကြီးများဖြင့် ထွက်လာခဲ့သည်။

ရဲတပ်ဖွဲ့ခွဲ၏ ပင်မဂိတ်ဝတွင် အနီရောင်အပေါ်ဝတ်အင်္ကျီများကို ဝတ်ဆင်ထားသည့် ရပ်ကွက်အမျိုးသမီးတစ်စုက ခါးချည်ဗုံများကို တီးခတ်နေကြပြီး ရွှေရောင်စာလုံးများ ပါရှိသော အနီရောင် ဂုဏ်ပြုစာတန်းကို ကိုင်ဆောင်ထားကြ၏။

“ရာဇဝတ်မှုတွေကို တိုက်ဖျက်ပေးပြီး ငြိမ်းချမ်းရေးကို သေချာစေတဲ့ လူကောင်းရဲအရာရှိတွေကို ကျေးဇူးတင်ပါတယ်...”

အဖွဲ့ကို ဦးဆောင်နေသော အဒေါ်ဝမ်က ကျယ်လောင်သော အသံဖြင့် အော်ပြောလိုက်သည်။

သို့သော်လည်း တည်ငြိမ်သော ခြေလှမ်းများနှင့် မွေးရာပါ ဖိနှိပ်မှုအငွေ့အသက်များဖြင့် ချူးရှန့်က ဂိတ်ဝတွင် ပေါ်လာသောအခါ ကြေးစည်နှင့် ဗုံသံများက ရုတ်တရက် ရပ်တန့်သွားတော့သည်။

ချဉ်းကပ်လာသော ကြီးမားမြင့်မားလှသည့် ပုံရိပ်ကို မြင်လိုက်ရသောအခါ ပြုံးရွှင်နေသော သက်လတ်ပိုင်း အမျိုးသမီးများ၏ မျက်နှာများမှာ အေးခဲသွားကြ၏။ ချူးရှန့်က မျက်လုံးကို အနည်းငယ် မှေးလိုက်ရာ နေရောင်ခြည်၏ စူးရှမှုကြောင့် သူ၏ မျက်ခုံးပေါ်ရှိ အမာရွတ်မှာ တွန့်လိမ်သွားလေသည်။

သက်လတ်ပိုင်း အမျိုးသမီး၏ လက်ထဲမှ ဗုံတီးတုတ်က မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

အဒေါ်ဝမ်မှာ သုံးစက္ကန့်တိတိ မှင်သက်သွားပြီးနောက် ဗလုံးဗထွေးဖြင့် ပြောလိုက်၏။

“ကပ္ပတိန်လျို ဒီလူက… ဒီလူကြီးမင်းက ဘယ်သူပါလဲ...”

လျိုကျန့်ကျွင်းက အလျင်အမြန် ရှေ့တိုးလာပြီး သူ့ကို မိတ်ဆက်ပေးလိုက်သည်။

“သူက ရဲဘော်ချူးရှန့်လေ ဒီလောင်းကစားအမှုကြီးကို ဖြိုခွင်းရာမှာ နံပါတ်တစ်သူရဲကောင်းပဲ သူက ခြင်္သေ့ဂူထဲအထိ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်သွားပြီးတော့ အဲ့ရာဇဝတ်ကောင်တွေ အားလုံးကို တရားဥပဒေရှေ့မှောက် ခေါ်ဆောင်လာခဲ့သူပဲ...”

ချူးရှန့်က လျိုကျန့်ကျွင်း၏ သွန်သင်ချက်များကို ရင်ထဲတွင် မှတ်သားထားပြီး သပ်ရပ်သော သွားဖြူဖြူ နှစ်တန်းကို ဖော်ပြကာ ကြင်နာသော အပြုံးတစ်ခုကို အတင်းအကျပ် ပြုံးပြလိုက်ပြီးနောက် အဒေါ်များထံသို့ ယပ်တောင်ကဲ့သို့ ကြီးမားလှသော သူ၏ လက်ကြီးများကို ဆန့်ထုတ်လိုက်၏။

“မင်္ဂလာပါ အဒေါ်တို့ ကျွန်တော်က ချူးရှန့်ပါ ဒါက ကျွန်တော် လုပ်သင့်လုပ်ထိုက်တာကို လုပ်လိုက်တာပါ...”

ဆန့်ထုတ်ထားသော လက်ကို ကြည့်ပြီးနောက် ချူးရှန့်၏ လူသတ်ချင်စရာ အပြုံးကို ကြည့်လိုက်ရာ အဒေါ်ဝမ်မှာ သေမင်းနှင့် လက်ဆွဲနှုတ်ဆက်နေရသကဲ့သို့ ခံစားလိုက်ရသည်။ သူမက ဂုဏ်ပြုစာတန်းကို သူမ၏ ရင်ခွင်ထဲသို့ အလိုလို ကျုံ့သွင်းလိုက်ပြီး သူမ၏ အသံမှာ တုန်ယင်နေလေ၏။

“အင်း လူငယ်လေးက တကယ်… တကယ်ကို သန်မာတာပဲ..ဒီဂုဏ်ပြုစာတန်းကို ကပ္ပတိန်လျိုကိုပဲ ပေးသင့်တာ မဟုတ်ဘူးလား...”

“မဟုတ်ပါဘူး အဒေါ် ဒါက ချူးရှန့်အတွက်ပါ...”

လျိုကျန့်ကျွင်းက အမျိုးသမီး၏ အကြောက်တရားကို သတိမပြုမိဘဲ ဂုဏ်ပြုစာတန်းကို ချူးရှန့်၏ လက်ထဲသို့ စိတ်အားထက်သန်စွာ ထိုးထည့်လိုက်သည်။

“လာပါ အားလုံး အတူတူ ဓာတ်ပုံရိုက်ကြရအောင်...”

သို့ဖြင့် သမိုင်းဝင် အရေးပါသော ဓာတ်ပုံတစ်ပုံကို ရဲတပ်ဖွဲ့ခွဲ၏ အဝင်ဝတွင် ရိုက်ကူးခဲ့လေသည်။

ဓာတ်ပုံထဲတွင် ချူးရှန့်က အလယ်၌ရပ်နေပြီး ဂုဏ်ပြုစာတန်းကို ကိုင်ဆောင်ထားကာ သူ၏ အပြုံးမှာ တောင့်တင်းနေပြီး ခြိမ်းခြောက်နေပုံရကာ သူ၏ မျက်လုံးများက နောက်ထပ် သားကောင်ကို ရှာဖွေနေသကဲ့သို့ ထက်မြက်နေ၏။ တစ်ဖက်တစ်ချက်စီရှိ ရပ်ကွက်အမျိုးသမီးများမှာ ထိတ်လန့်နေပုံရပြီး သူတို့၏ ခန္ဓာကိုယ်များမှာ တောင့်တင်းနေကြသည်။ သူတို့ ပြုံးနေကြသော်လည်း သူတို့၏ အပြုံးများက ငိုနေသည်နှင့် ပိုတူပြီး ဤဓာတ်ပုံရိုက်ရန် ပြန်ပေးဆွဲခံထားရသည်နှင့်ပင် တူနေလေသည်။

အကြမ်းဖက်မှုကို ဖယ်ရှားပြီး အပြစ်မဲ့သူများကို ကာကွယ်ပါဟု ရေးသားထားသော ဂုဏ်ပြုစာတန်းပင်လျှင် ချူးရှန့်၏ နောက်ခံအဖြစ်တွင် အနည်းငယ် ခြိမ်းခြောက်နေပုံရလေသည်။

ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား စတင်ပြီးနောက်တွင် ထိတ်လန့်ဖွယ် ကောင်းသော လေထုက ၎င်း၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။

မြို့တော်ဗျူရိုမှ ဒုတိယအကြီးအကဲတစ်ဦးက ချူးရှန့်ထံသို့ ဆုကို ကိုယ်တိုင်ကိုယ်ကျ ပေးအပ်ချီးမြှင့်ခဲ့၏။ ဒုတိယအကြီးအကဲသည် ဘဝတွင် အရာများစွာကို မြင်တွေ့ခဲ့ဖူးသူ တစ်ဦးဖြစ်သော်လည်း ချူးရှန့်က စင်ပေါ်သို့ ခြေလှမ်းကျဲကြီးများဖြင့် တက်လာပြီး သူ့ကို အလေးပြုလိုက်သောအခါ ဒုတိယအကြီးအကဲမှာ နောက်သို့ ခြေတစ်ဝက်ခန့် မဆုတ်ဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။

“ကောင်းတယ် တော်တော်လေး ကောင်းတယ်...”

ဒုတိယအကြီးအကဲက ဂုဏ်ပြုမှတ်တမ်းလွှာကို ချူးရှန့်ထံ ပေးအပ်လိုက်ပြီး သူ့ကို အားပေးရန် ပခုံးကို ပုတ်ပေးရန် ရည်ရွယ်ထားသော်လည်း ထိုမာကျောသော ကြွက်သားများကို ကြည့်ပြီးနောက် သူက တုံ့ဆိုင်းသွားကာ အနေခက်စွာဖြင့် လက်ဝှေ့ယမ်းပြလိုက်၏။

“ဆက်ကြိုးစားပါ နောက်ထပ် လူဆိုးတွေကို ပိုဖမ်းနိုင်ပါစေ...”

“ဟုတ်ကဲ့ပါ တာဝန်ပြီးမြောက်အောင်လုပ်ပါ့မယ်...”

ချူးရှန့်က ဟစ်‌ကြွေးလိုက်၏။

ထိုအော်သံကြောင့် စင်အောက်ရှိ မိုက်ခရိုဖုန်းများမှ စူးရှသော အသံတစ်သံ ထွက်ပေါ်လာစေခဲ့ပြီး ရှေ့တန်းရှိ ကြောက်တတ်သော အမျိုးသမီးရဲအရာရှိ အချို့မှာ အလွန်ထိတ်လန့်သွားကြသဖြင့် သူတို့၏ ထိုင်ခုံများပေါ်မှပင် လိမ့်ကျလုမတတ် ဖြစ်သွားကြ၏။

ထို့နောက်တွင် မီဒီယာ ဓာတ်ပုံရိုက်ကူးရေး အစီအစဉ် ဖြစ်သည်။

ကင်မရာမီးရောင်များက ဆက်တိုက် လင်းလက်နေ၏။ ရဲတပ်ဖွဲ့၏ အာဏာစက်နှင့် ချဉ်းကပ်ရလွယ်ကူမှုကို ပေါ်လွင်စေရန်အလို့ငှာ ချူးရှန့်က အချိန်အကြာကြီး လေ့ကျင့်ထားခဲ့သော သူ၏ အပြုံးကို ထိန်းသိမ်းထားရန် အစွမ်းကုန် ကြိုးစားခဲ့လေသည်။

သို့သော်လည်း အချို့သောအရာများက မွေးရာပါဖြစ်ပြီး ပြောင်းလဲ၍ မရနိုင်ပေ။

နောက်တစ်နေ့တွင် ထိုဓာတ်ပုံကို ကျန်းချန် ညနေခင်းသတင်းစာ၏ မျက်နှာဖုံးတွင် ဖော်ပြခဲ့ပြီး အွန်လိုင်းပေါ်တွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

ဓာတ်ပုံ၏ နောက်ခံမှာ ဆုချီးမြှင့်ပွဲ အခမ်းအနားဟု ရေးသားထားသော ဂုဏ်ပြုစာတန်း ပါရှိသည့် အနီရောင် ကန့်လန့်ကာတစ်ခု ဖြစ်၏။ ချူးရှန့်က အလယ်တွင် ရပ်နေပြီး တောက်ပြောင်သော ရဲဝတ်စုံကို ဝတ်ဆင်ထားကာ တောက်ပသော အနီရောင် မှတ်တမ်းလွှာကို ကိုင်ဆောင်ထားသည်။ သူ၏ နှုတ်ခမ်းများက မဲ့ပြုံးတစ်ခုအဖြစ် တွန့်ကွေးနေပြီး သူ၏ မျက်လုံးများက ဓားများကဲ့သို့ ထက်မြက်နေ၏။ သူ၏ ဘေးတွင် မြို့တော်ဗျူရို၏ ဒုတိယအကြီးအကဲနှင့် လျိုကျန့်ကျွင်းတို့က ပြုံးနေကြသော်လည်း သူတို့၏ အပြုံးများမှာ အတင်းအကျပ် ပြုံးထားရပုံပေါ်ပြီး လူမိုက်ဂိုဏ်းချုပ်တစ်ဦး၏ ဓားစာခံနှစ်ဦးက ဟန်ဆောင်ပါဝင်နေရသည်နှင့် တူနေလေသည်။

မှတ်ချက်ပေးသည့် နေရာတွင် ချက်ချင်းပင် ပေါက်ကွဲသွားတော့သည်။

“ဘုရားရေ ဒါကြီးက ဆုချီးမြှင့်ပွဲ အခမ်းအနားလား.. ဒါမှမဟုတ် ဟုန်ရှင်းဂိုဏ်းက ခေါင်းဆောင်သစ် ရွေးချယ်တဲ့ အခမ်းအနား တစ်ခုခုလား...”

“အဲ့ရဲအရာရှိက အရမ်းကို ကြမ်းတမ်းတဲ့ပုံ ပေါက်နေတယ်.. သူ့ကို ကြည့်လိုက်တာနဲ့တင် ငါ ငယ်ငယ်က အမေ့ဆီက ခိုးလာတဲ့ တစ်ယွမ်ကို မျက်နှာပြင်ကနေတစ်ဆင့် ပြန်ပေးချင်စိတ်တောင် ပေါက်သွားတယ်...”

“ရယ်ရလွန်းလို့ သေတော့မယ် သူ့ဘေးက ခေါင်းဆောင်ကို ကြည့်လိုက်ပါဦး အိမ်ပြန်ချင်ပေမဲ့ ထွက်သွားဖို့ အရမ်းကြောက်နေတယ်ဆိုတဲ့ မျက်နှာပေးကြီးက တကယ့်ကို အစစ်အမှန်ကြီးပဲ...”

“ဒီဂုဏ်ပြုစာတန်းက နာရေးစာတန်းနဲ့ တူနေတယ် အထူးသဖြင့် ရဲအရာရှိက မှတ်တမ်းလွှာကို ကိုင်ထားတဲ့ ပုံစံက သေခြင်းရှင်ခြင်းစာအုပ်ကို ကိုင်ထားတာနဲ့တောင် တူနေတယ်...”

“အပေါ်ကလူတွေ အဓိပ္ပာယ်မရှိတာတွေ မပြောကြနဲ့ မဟုတ်ရင် သူတို့က အင်တာနက်ကနေတစ်ဆင့် ခြေရာခံပြီး မင်းတို့ကို လာဖမ်းလိမ့်မယ် ဒါပေမဲ့ တရားမျှတစွာ ပြောရရင် အဲ့မျက်နှာမျိုးနဲ့ဆို ရာဇဝတ်ကောင်တွေတောင် ငိုပြီး ရဲကို ဖုန်းဆက်ကြလိမ့်မယ် မဟုတ်ဘူးလား...”

အချို့သော အင်တာနက်အသုံးပြုသူများက ဤဓာတ်ပုံကို meme များအဖြစ်ပင် ပြောင်းလဲလိုက်ကြပြီး ချူးရှန့်၏ ခေါင်းပေါ်တွင် နတ်ဆိုးထွက်သွားစမ်း သို့မဟုတ် ဝန်ခံလျှင် သက်ညှာစွာ စဉ်းစားပေးမည် ခုခံလျှင် သေဒဏ်ကျမည် ဟူသော စာသားများကို ဓာတ်ပုံပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြ၏။

ဤအီမိုဂျီက အွန်လိုင်းပေါ်တွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး လူအများအပြား၏ ဝီချက် ပရိုဖိုင်ပုံများ ဖြစ်လာခဲ့ကာ အချို့က ၎င်းကို ပုံနှိပ်ထုတ်ယူပြီး နတ်ဆိုးများကို နှင်ထုတ်ရန် သူတို့၏ ကုတင်ဘေးတွင်ပင် ကပ်ထားကြလေသည်။

ထိုအချိန်တွင် သူ၏ ရုံးခန်းထဲ၌ ထိုင်နေသော ချူးရှန့်က သူ၏ ဖုန်းထဲတွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေသော meme များကို စိုက်ကြည့်ရင်း နက်နက်ရှိုင်းရှိုင်း တွေးတောနေမိ၏။

“စနစ် ဘာတွေဖြစ်နေတာလဲ...”

ချူးရှန့်က သူ၏ စိတ်ထဲတွင် မေးလိုက်သည်။

“ငါက ပျော်ပျော်ရွှင်ရွှင်နဲ့ ရိုးသားစွာ ပြုံးနေတာ ထင်ရှားနေတာကို ဘာလို့ သူတို့က နတ်ဆိုးတွေကို နှင်ထုတ်နေတာနဲ့ တူတယ်လို့ ပြောနေကြတာလဲ...”

[ဒင်… ပိုင်ရှင်၏ ခြိမ်းခြောက်နိုင်စွမ်းတန်ဖိုးက ကွန်ရက်မှတစ်ဆင့် ပျံ့နှံ့နေကြောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ကျယ်ပြန့်သော စိတ်ပိုင်းဆိုင်ရာ တုန်လှုပ်မှုကို ဖြစ်စေပါသည်။ ဂုဏ်သတင်းအမှတ်များ ၅၀၀၀ တိုးလာပါသည်]

[ဒင် အောင်မြင်မှုအသစ် ရရှိပါသည်။ အင်တာနက်ဆယ်လီ (လူမိုက် ဗားရှင်း) ဝတ်ဆင်မှု အကျိုးသက်ရောက်မှု - ဆိုက်ဘာရာဇဝတ်ကောင်များသည် ပိုင်ရှင်နှင့် ရင်ဆိုင်ရသည့်အခါ သူတို့၏ စိတ်ပိုင်းဆိုင်ရာ ကာကွယ်မှုများကို ၃၀ ရာခိုင်နှုန်း အလိုအလျောက် လျှော့ချသွားမည် ဖြစ်ပါသည်]

ချူးရှန့်က သက်ပြင်းချလိုက်ပြီး သူ၏ ဖုန်းကို ဘေးသို့ ပစ်ချလိုက်၏။

“ချူးရှန့်...”

လျိုကျန့်ကျွင်းက တံခါးကို တွန်းဖွင့်ကာ ဝင်လာခဲ့သည်။ သူ၏ လက်ထဲတွင် စာရွက်စာတမ်းတစ်ခုကို ကိုင်ဆောင်ထားပြီး သူ၏ အမူအရာမှာ အနည်းငယ် ထူးဆန်းနေလေ၏။

“အင်း စောစောက ပြန်ကြားရေးဌာနက လူက ပြောတယ် မင်းရဲ့ အွန်လိုင်းပေါ်က အရမ်းရေပန်းစားမှုကြောင့် မြို့တော်ဗျူရိုက မင်းကို နောက်ထပ်လိမ်လည်မှုဆန့်ကျင်ရေး ပြန်ကြားရေးသံတမန်အဖြစ် ခန့်အပ်ဖို့ ဆုံးဖြတ်လိုက်တယ်တဲ့...”

“တကယ်လား...”

ချူးရှန့်၏ မျက်လုံးများက အရောင်လက်သွားသည်။

“သက်ကြီးရွယ်အိုတွေကို ဟောပြောပွဲတွေ လုပ်ပေးဖို့ ကျွန်တော့်ကို ရပ်ကွက်ထဲ သွားခိုင်းချင်လို့လား...”

“အမ်း မဟုတ်ဘူး...”

လျိုကျန့်ကျွင်းက ဖွဖွလေး ချောင်းဆိုးလိုက်၏။

“မင်း လိမ်ရဲလား စမ်းကြည့်လိုက်လေဆိုတဲ့ စာသားနဲ့ လိမ်လည်မှုဆန့်ကျင်ရေး ပိုစတာတွေမှာ မင်းရဲ့ ဓာတ်ပုံကို ပုံနှိပ်ပြီးတော့ မြို့ထဲက ဘဏ်တွေနဲ့ ATMစက်တွေ အားလုံးရဲ့ဘေးမှာ ကပ်ထားဖို့ကိစ္စအတွက်ပါ...”

ချူးရှန့် : “ ...”

လျိုကျန့်ကျွင်းက ချူးရှန့်၏ ပခုံးကိုပုတ်ကာ လေးနက်စွာ ပြောလိုက်သည်။

“ဒါက အရမ်းကို အရေးကြီးတဲ့ တာဝန်တစ်ခုပဲ ပိုစတာတွေကို စမ်းသပ်တဲ့အနေနဲ့ နှစ်ရက်လောက် ကပ်ထားပြီးနောက်မှာ အဲ့စမ်းသပ်တဲ့ ATM စက်တွေဆီကနေ ငွေထုတ်တဲ့သူ အရေအတွက်က လျော့ကျသွားတယ်လို့ ဆိုတယ် လိမ်လည်သူတွေဆီ ငွေလွှဲဖို့ဆိုတာ ဝေလာဝေးပေါ့ မင်းက ငါတို့ ကျန်းချန်ရဲ့ အစောင့်အရှောက်ကြီးပဲ...”

ချူးရှန့်မှာ ငိုလုမတတ် ဖြစ်သွားရ၏။

“ငါက နွေးထွေးတဲ့ နှလုံးသားရှိတဲ့ ရဲတစ်ယောက်ပဲ ဖြစ်ချင်ခဲ့တာ ဘယ်လိုလုပ်ပြီး တံခါးစောင့်ကြီး ဖြစ်သွားရတာလဲ...”

အခန်း(၂၂) ဒီကားကို ငါတို့ မထိရဲဘူး၊ ပြေးကြစို့

ကျန်းချန်မြို့၌ နွေရာသီက အမြဲတမ်း စောစီးစွာ ရောက်လာတတ်၏။ မေလတွင် ကတ္တရာလမ်းများက ပူအိုက်ကာ အခိုးအငွေ့များ ထွက်နေပြီဖြစ်သည်။

မကြာသေးမီက ကျန်းချန်မြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ထံသို့ အခြားမြို့မှလာသော ကျွမ်းကျင်သည့် လျော်ကြေးငွေရရန် တမင်တကာ ယာဉ်တိုက်မှုပြုလုပ်သော ဂိုဏ်းတစ်ခုနှင့် ပတ်သက်သည့် တိုင်ကြားချက် အများအပြား လက်ခံရရှိခဲ့၏။ ၎င်းတို့က လုံခြုံရေးကင်မရာများ မရှိသော လမ်းဟောင်းများတွင် ဇိမ်ခံကားများ သို့မဟုတ် ထိခိုက်လွယ်ပုံရသော အမျိုးသမီး ယာဉ်မောင်းများကို ပစ်မှတ်ထားလေ့ရှိကြသည်။ ထိုဂိုဏ်းတွင် ရှင်းလင်းသော အလုပ်ခွဲဝေမှုများ ရှိကြ၏။ အချို့က အတုအယောင် လဲကျဟန်ဆောင်ကြပြီး အချို့က ရုန်းရင်းဆန်ခတ်ဖြစ်အောင် လှုံ့ဆော်ကြကာ အခြားသူများကမူ ယာဉ်မောင်းများကို သီးသန့် ပြေလည်အောင် ဖြေရှင်းရန် သွေးဆောင်ဖြားယောင်းသည့် လူကောင်းအဖြစ် သရုပ်ဆောင်ကြသည်။ ၎င်းက ယာဉ်မောင်းများစွာအတွက် အတော်လေး စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။

ရာဇဝတ်မှုနှိမ်နင်းရေးတပ်ဖွဲ့က ယေဘုယျအားဖြင့် ဤကဲ့သို့သော အများပြည်သူဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့် သက်ဆိုင်သည့် အမှုများကို ကိုင်တွယ်လေ့မရှိပေ။ သို့သော်လည်း ဤအဖွဲ့က ငွေကြေးခြိမ်းခြောက်လုယူမှု ကျူးလွန်သည်ဟု သံသယရှိရပြီး ပါဝင်သည့် ပမာဏမှာ အလွန်ကြီးမားသောကြောင့် ဗျူရိုက ရာဇဝတ်မှုနှိမ်နင်းရေးတပ်ဖွဲ့အား စုံစမ်းစစ်ဆေးမှုတွင် ဝင်ရောက်စွက်ဖက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ထိုနေ့မွန်းလွဲပိုင်းတွင် ချူးရှန့်က တာဝန်တစ်ခုကို လက်ခံရရှိခဲ့၏။ ၎င်းမှာ အနောက်ဘက်မြို့ရှိ ကားပြင်ဆိုင်တစ်ဆိုင်တွင် အမှုနှင့်သက်ဆိုင်သော ယာဉ်တစ်စီးအား စုံစမ်းစစ်ဆေးရန်ဖြစ်သည်။

ကံမကောင်းစွာဖြင့် တပ်ဖွဲ့၏ ရုံးသုံးယာဉ်များအားလုံးကို စေလွှတ်ထားပြီးဖြစ်သည်။ ချူးရှန့်က ခြံဝင်းထဲတွင် လျှောက်သွားနေရင်း နောက်ဆုံးတွင် သူ၏အကြည့်က ထောင့်နားရှိ ဖုန်တက်နေသော အနက်ရောင် ဂျက်တာကင်း ကားလေးပေါ်တွင် ကျရောက်သွားခဲ့၏။

ဤကားက အဘိုးကြီးကျန်း၏ ကိုယ်ပိုင်ကားဖြစ်သည်။ ၎င်းမှာ ချူးရှန့်၏ တာဝန်ထမ်းဆောင်သက်တမ်းထက်ပင် အဆပေါင်းများစွာ ပို၍ သက်တမ်းကြာရင့်နေပြီဖြစ်၏။ ဟွန်းသံမှလွဲ၍ ကျန်သည့် နေရာတိုင်းက အသံမည်နေသည်ဟုပင် ဆိုကြသည်။

“ဦးလေးကျန်း ကျွန်တော် ခင်ဗျားကားလေး ခဏငှားလို့ရမလား...”

ချူးရှန့်က ထောက်ပံ့ရေးနှင့် ပစ္စည်းကိရိယာဌာနဘက်သို့ လှမ်းအော်လိုက်၏။

“ဆီတိုင်ကီထဲမှာ ဆီ သိပ်မကျန်တော့ဘူး ဆီဖြည့်ဖို့ မမေ့နဲ့ဦး... နောက်ပြီး ကလပ်ချ်က နည်းနည်းမြင့်တယ် ဖြည်းဖြည်းချင်းနင်းနော် ပျက်သွားအောင် မလုပ်နဲ့...”

အဘိုးကြီးကျန်း၏ အသံက ပြတင်းပေါက်မှတစ်ဆင့် လွင့်ပျံလာခဲ့သည်။

ချူးရှန့်က သော့ကိုယူ၍ ကားပေါ်သို့ တက်လိုက်၏။ လေအေးပေးစက်က ပျက်နေသည်မှာ ကြာပြီဖြစ်၍ ပြတင်းပေါက်များမှတစ်ဆင့် ပူနွေးသောလေကိုသာ ဝင်ခွင့်ပြုနိုင်တော့သည်။ ချူးရှန့်က သူ၏ ရဲယူနီဖောင်းအင်္ကျီကို ချွတ်လိုက်ရာ အနက်ရောင်ကိုယ်ကျပ်အင်္ကျီ တစ်ထည်တည်းသာ ကျန်ရစ်ခဲ့၏။ နေရောင်အောက်တွင် ကြေးဝါရောင် တောက်ပနေသော ကြွက်သားများရှိသည့် သူ၏ ကျောက်သားကဲ့သို့ ထုဆစ်ထားသော လက်မောင်းနှစ်ဖက်ကို ဖော်ပြနေသည်။ နေရောင်ကို ကာကွယ်ရန် သူက ညဈေးမှ ဝယ်လာသော နေကာမျက်မှန်တစ်လက်ကိုလည်း တပ်ဆင်ထားလိုက်၏။

ထိုအသွင်အပြင်နှင့် ဟောင်းနွမ်းနေသော ဂျက်တာကားကို မောင်းနှင်နေမှုက ဘဏ်ကို ဓားပြတိုက်ပြီးနောက် ထွက်ပြေးတော့မည့် ရက်စက်သော ဓားပြတစ်ယောက် သို့မဟုတ် မှောင်ခိုလုပ်ငန်းများကို အထူးပြုလုပ်ဆောင်သည့် လူဆိုးများထဲမှ တစ်ယောက်နှင့်ပင် တူနေတော့သည်။

ကားလေးက ဘယ်ညာယိမ်းထိုးကာ ခုန်ပေါက်ရင်း အနောက်ဘက်မြို့ရှိ လူသူကင်းမဲ့သော လမ်းတစ်လမ်းပေါ်သို့ ရောက်ရှိလာခဲ့၏။ လမ်းလုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်ပြီး နှစ်ဖက်စလုံးတွင် အတားအဆီးများရှိနေကာ လုံခြုံရေးကင်မရာများလည်း မရှိသလို လမ်းပေါ်တွင် လူသူလည်း မရှိသလောက်ပင်ဖြစ်သည်။

ချူးရှန့်က သီချင်းလေးတစ်ပုဒ်ကို ညည်းတွားရင်း ညစာအတွက် ဘာစားရမည်ကို စဉ်းစားနေစဉ်မှာပင် ပိန်ပိန်ပါးပါး အဘိုးကြီးတစ်ယောက်က လမ်းဘေးမှနေ၍ ရုတ်တရက် ထွက်ပြေးလာခဲ့၏။

အဘိုးကြီးမှာ အလွန်သွက်လက်လှသည်။ သူက ချူးရှန့်၏ကားမှာ အရှိန်မမြန်ကြောင်းကို မြင်သောအခါ ကားခေါင်းပိုင်းနှင့် သူ၏ကြားတွင် နှစ်မီတာခန့် ကွာဝေးနေသေးချိန်၌ ရုတ်တရက် အလွန်အမင်း ပုံကြီးချဲ့ကာ ဘေးတိုက်လှိမ့်ချလိုက်ပြီး မြေပြင်ပေါ်တွင် လှဲလျောင်းနေလိုက်၏။

“အား... လူကိုတိုက်သွားပြီ... လူသတ်နေပြီဟ...”

အဘိုးကြီး၏ စူးရှသော အော်ဟစ်သံကြီးက နံရိုးရှစ်ချောင်းခန့် ကျိုးသွားသည့်အလား အလွန်အမင်း ကျယ်လောင်လှ၏။ တစ်ချိန်တည်းမှာပင် သူက အိတ်ကပ်ထဲမှ သွေးအိတ်တစ်အိတ်ကို ကျွမ်းကျင်စွာ ဆွဲထုတ်လိုက်ပြီး ကိုက်ဖောက်လိုက်ရာ သူ၏ ပါးစပ်ထောင့်မှ သွေးများ ချက်ချင်း စီးကျလာခဲ့သည်။ သူက မြေပြင်ပေါ်တွင် တဆတ်ဆတ်ပင် တုန်ယင်ပြနေသေး၏။

ဤကဲ့သို့သော သရုပ်ဆောင်စွမ်းရည်မျိုးဖြင့် အော်စကာဆုမပေးလျှင် နှမြောစရာပင် ကောင်းလှပေသည်။

ချူးရှန့်က ဘရိတ်ကို အမြန်နင်းလိုက်၏။ ဟောင်းနွမ်းနေသော ဂျက်တာကားလေးက အဘိုးကြီး၏ ရှေ့ ခွဲမီတာအကွာတွင် စူးရှသောအသံမြည်ကာ ရပ်တန့်သွားခဲ့သည်။

“တမင်တကာ ယာဉ်တိုက်မှု ပြုလုပ်တာလား...”

ချူးရှန့်မှာ ခေတ္တမျှ ဆွံ့အသွားပြီးနောက် ဘာဖြစ်နေသည်ကို သဘောပေါက်သွားခဲ့၏။ သူ ရှာဖွေနေသည့်အရာက သူ့နှာခေါင်းအောက်မှာတင် ရှိနေသည် မဟုတ်ပါလား။ ဤလူများက ဗျူရိုမှ ရှာဖွေနေသည့် ဂိုဏ်းပင် ဖြစ်ရမည်။

ချူးရှန့်က ကားပေါ်မှ မဆင်းနိုင်မီမှာပင် လမ်းဘေးချုံပုတ်များထဲမှ တောင့်တင်းခိုင်မာသော လူထွားကြီးလေးယောက် ရုတ်တရက် ပြေးထွက်လာကြ၏။ ဤလူလေးယောက်စလုံးမှာ နဂါးနှင့် ကျား တက်တူးများ ထိုးထားကြပြီး ကြမ်းတမ်းသော မျက်နှာများရှိကြကာ ဂွများ၊ သံပိုက်လုံးများနှင့် အခြားသော အရာများကို ကိုင်ဆောင်ထားကြသည်။ သူတို့က ချူးရှန့်ကို ခြိမ်းခြောက်သည့် အသွင်ဖြင့် ဝိုင်းရံထားကြ၏။

“ကားပေါ်ကဆင်းစမ်း... ကားပေါ်ကဆင်း...”

“မင်း ကားကို ဘယ်လိုမောင်းနေတာလဲ... မင်းမျက်ကန်းနေလား... ငါ့အဖေကို အခုလိုဖြစ်အောင် တိုက်ထားတာ ယွမ် တစ်သိန်း ဒါမှမဟုတ် နှစ်သိန်းလောက် မလျော်ဘဲနဲ့ ဒီနေရာကနေ ဒီနေ့ ထွက်သွားလို့ရမယ် မထင်နဲ့...”

ခေါင်းဆောင်ဖြစ်သူ ထိပ်ပြောင်ပြောင်နှင့် လူထွားကြီးက ယာဉ်မောင်းဘက်ခြမ်း ပြတင်းပေါက်ကို ထုရိုက်ကာ တံတွေးများ နေရာအနှံ့ လွင့်စဉ်လျက် ပြောဆိုလိုက်၏။

သူတို့အမြင်တွင် ဤဟောင်းနွမ်းနေသော ဂျက်တာကားများကို မောင်းနှင်သူများက ပိုက်ဆံမရှိသော ရိုးသားသူများ သို့မဟုတ် လိုင်စင်မဲ့ တက္ကစီသမားများသာ ဖြစ်ကြသည်။ အကယ်၍ ခြိမ်းခြောက်ခံရပါက ယာဉ်မောင်းများအနေဖြင့် ကိစ္စကို သီးသန့် ဖြေရှင်းရန်အတွက် လိုက်လျောညီထွေစွာ ငွေပေးချေလိမ့်မည်ဟု သူတို့က ယုံကြည်ထားကြ၏။

ကားထဲတွင် ချူးရှန့်က သူ၏ နေကာမျက်မှန်ကို ဖြည်းညင်းစွာ ချွတ်လိုက်ပြီး ထိုင်ခုံခါးပတ်ကို ဖြုတ်လိုက်သည်။ သူက ကားပြတင်းပေါက်မှတစ်ဆင့် ထိုမောက်မာနေသော မျက်နှာကို လှမ်းကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးတက်သွားကာ သူ၏ နာမည်ကြီး

“နျူကလီးယား မေတ္တာရှင်အပြုံး” ကို ဖော်ပြလိုက်၏။

“ဂျောက်...”

ကားတံခါးလော့ခ် ပွင့်သွားသော အသံ ထွက်ပေါ်လာသည်။

ထိပ်ပြောင်ပြောင်နှင့် လူထွားကြီးက ကားပိုင်ရှင် နောက်ဆုတ်သွားပြီဟုထင်ကာ သူ့ကို ဖမ်းဆွဲရန် လက်လှမ်းလိုက်၏။

ရုတ်တရက် ကားတံခါးကြီး ပွင့်ဟသွားသည်။ ကြီးမားလှသော အင်အားတစ်ခုက ထိပ်ပြောင်ပြောင်နှင့် လူထွားကြီးအား ဝင်တိုက်မိသွားရာ သူ့ကို ခြေလှမ်းအနည်းငယ်ခန့် နောက်ဆုတ်သွားစေခဲ့၏။

ထို့နောက် ချက်ချင်းဆိုသလိုပင် အနက်ရောင် စစ်ဖိနပ်စီးထားသော ဆိုက် ၄၆ ခြေထောက်တစ်ဖက်က မြေပြင်ပေါ်သို့ ပြင်းထန်စွာ နင်းချလိုက်ရာ ဖုန်တလုံးလုံး ထသွားစေခဲ့သည်။

ထို့နောက် ကျဉ်းကျပ်နေသော ဂျက်တာကားလေးထဲမှ ဧရာမ ပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။ လှောင်အိမ်ထဲမှ နောက်ဆုံးတွင် လွတ်မြောက်လာသော ရှေးဟောင်းသားရဲကြီးတစ်ကောင်ကဲ့သို့ ချူးရှန့်က မတ်တတ်ရပ်လိုက်ရာ သူ၏ ၁.၉၂ မီတာရှိသော အရပ်အမောင်းက ထိပ်ပြောင်ပြောင်နှင့် လူထွားကြီးအား လုံးဝ လွှမ်းခြုံသွားစေသည့် အရိပ်ကြီးတစ်ခုကို ချက်ချင်း ဖန်တီးလိုက်သည်။

အနက်ရောင် ကိုယ်ကျပ်အင်္ကျီမှာ သူ၏ ကြွက်သားများကြောင့် ပွင့်ထွက်လုနီးပါး တင်းမာနေပြီး သူ၏ ရင်ဘတ်ကြွက်သားများက အသက်ရှူလိုက်တိုင်း နိမ့်ချည်မြင့်ချည် ဖြစ်နေကာ သူ၏ လက်မောင်းပေါ်မှ သွေးကြောများက ပေါက်ကွဲထွက်မတတ် အင်အားများ ပါဝင်နေသည့်အလား ဖောင်းကြွနေ၏။

ချူးရှန့်က ခေါင်းငုံ့ကာ သူ၏ ရင်ဘတ်အထိသာရှိသော လူထွားကြီးများအား စိတ်ခံစားချက်ကင်းမဲ့စွာဖြင့် စိုက်ကြည့်လိုက်သည်။ သူ၏ ဘယ်ဘက်မျက်ခုံးပေါ်မှ အမာရွတ်က နေရောင်အောက်တွင် အထူးသဖြင့် ရက်စက်ကြမ်းကြုတ်ပုံပေါ်နေ၏။

ထိုနေရာမှာ ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့သည်။

ထိပ်ပြောင်ပြောင်နှင့် လူထွားကြီး၏ ဂွကို ကိုင်ထားသော လက်မှာ လေထဲတွင် ရပ်တန့်သွားပြီး သူ၏ ပါးစပ်မှာ ကြက်ဥတစ်လုံး ဆံ့လောက်အောင် ဟောင်းလောင်းပွင့်နေ၏။ သူ့ရှေ့မှ နတ်ဆိုးနှင့်တူသော လူကြီးကို ကြည့်ရင်း မမြင်ရသော လက်တစ်ဖက်က သူ၏ နှလုံးသားကို ညှစ်ထားသကဲ့သို့ သူ ခံစားလိုက်ရသည်။

*ဒီလူက ဟောင်းနွမ်းနေတဲ့ ဂျက်တာကားကို မောင်းတဲ့လူတဲ့လား…*

*ဒီလူက ရိုးသားတဲ့သူတဲ့လား…*

*ဒီလူက လူသတ်မှုကျူးလွန်ပြီး အလောင်းကို သွားဖျောက်တော့မယ့် စိတ္တဇကွင်းဆက်လူသတ်သမား တစ်ယောက်ဆိုတာ ရှင်းနေတာပဲ…*

မြေပြင်ပေါ်တွင် လှဲနေသော အဘိုးကြီးမှာ မျက်လုံးများ မှိတ်ထားကာ ညည်းတွားရင်း တဆတ်ဆတ် တုန်ယင်နေဆဲပင်ဖြစ်၏။ သူ၏ ပတ်ဝန်းကျင်တွင် ဘာလှုပ်ရှားမှုမျှ မရှိတော့သည်ကို ကြားလိုက်ရသောအခါ ဘာဖြစ်နေသည်ကိုသိရန် သူက မျက်လုံးများကို တိတ်တဆိတ် ဖွင့်ကြည့်လိုက်သည်။

သေချာကြည့်လိုက်သောအခါ သူမှာ ထိုနေရာတွင်ပင် အသက်ထွက်သွားလုမတတ် ဖြစ်သွားရ၏။

အမာရွတ်များ ပြည့်နှက်နေပြီး ရက်စက်ကြမ်းကြုတ်သော အသွင်အပြင်ရှိသည့် လူထွားကြီးတစ်ယောက်က သူ့ကို ငုံ့ကြည့်နေသည်။ ထိုအကြည့်က ခုတ်ထစ်မည့် စဉ်းတီတုံးပေါ်ရှိ ဝက်သားတစ်တုံးကို ခေါင်းပိုင်းမှ စခုတ်ရမလား ခြေထောက်ပိုင်းမှ စခုတ်ရမလားဟု စဉ်းစားနေသည့် လူတစ်ယောက်၏ အကြည့်မျိုးနှင့် တူလှ၏။

“ခင်ဗျား... အဆင်ပြေရဲ့လား...”

ချူးရှန့်က အဘိုးကြီး တကယ်ဒဏ်ရာရမရ စစ်ဆေးရန်နှင့် အခွင့်အရေးရခိုက် သူ့ကို ဖမ်းဆီးရန် ရည်ရွယ်ချက်ဖြင့် ကိုယ်ကိုကိုင်းကာ ကြီးမားသော လက်တစ်ဖက်ကို ကမ်းပေးလိုက်သည်။

သို့သော်လည်း အဘိုးကြီး၏ အမြင်တွင် ထိုကမ်းပေးလာသော လက်ကြီးက သေမင်း၏ တံစဉ်ကြီးမှလွဲ၍ အခြားမဟုတ်ပေ။

“အောင်မလေး...”

အဘိုးကြီးက တမင်တကာ ယာဉ်တိုက်မှုပြုလုပ်စဉ်ကထက် ဆယ်ဆမျှ ပိုမိုစူးရှသော အော်ဟစ်သံကြီးကို ထုတ်လွှတ်လိုက်၏။

ထို့နောက် ဆေးပညာရပ်ဆိုင်ရာ အံ့ဖွယ်အမှုတစ်ခု ဖြစ်ပွားလာခဲ့သည်။

ခန္ဓာကိုယ်တစ်ခြမ်း သေသွားသကဲ့သို့ သွေးများအန်ကာ တဆတ်ဆတ် တုန်ယင်နေခဲ့သော အဘိုးကြီးက ရုတ်တရက် လေထဲတွင် တစ်ပတ်လည်ကာ မတ်တတ်ရပ်လိုက်၏။ သူ၏ လှုပ်ရှားမှုများက အလွန်သွက်လက်မြန်ဆန်လှပြီး အသက်နှစ်ဆယ်အရွယ် လူငယ်တစ်ယောက်ထက်ပင် ပို၍ သွက်လက်နေသေးသည်။

“ကျွန်တော် အဆင်ပြေတယ်... ကျွန်တော် ဘာမှမဖြစ်ဘူး... အစ်ကိုကြီး ကျွန်တော့်ကိုတော့ မသတ်ပါနဲ့...”

အဘိုးကြီးက ပါးစပ်ထောင့်မှ သွေးများကို အလျင်အမြန်သုတ်ရင်း အော်ဟစ်လိုက်၏။

“ကျွန်တော်က ဒီနေရာမှာ လှဲပြီး နေဆာလှုံနေရုံတင်ပါ... ကျွန်တော် တကယ် ဘာမှမဖြစ်ပါဘူး... အစ်ကိုကြီး အလုပ်များနေရင် သွားလို့ရပါပြီ...”

ထိုသို့ပြောပြီးနောက် အဘိုးကြီးက သူ၏ အဖော်များကို လျစ်လျူရှုကာ လမ်းဘေးရှိ ခြံစည်းရိုးဆီသို့ ပြေးသွားရာ အလွန်မြန်ဆန်လွန်းသဖြင့် သူ၏ ဖိနပ်တစ်ဖက်ပင် ကျွတ်ကျန်ရစ်ခဲ့၏။

ကျန်ရှိနေသော လူထွားကြီး လေးယောက်ကလည်း ဘာဖြစ်နေသည်ကို သဘောပေါက်သွားကြသည်။

ထိပ်ပြောင်ပြောင်နှင့် လူထွားကြီး၏ လက်ထဲမှ ဂွမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။ သူက ချူးရှန့်ကို ကြည့်ရင်း ခြေထောက်များ တုန်ယင်လာကာ ငိုမဲ့မဲ့ အပြုံးတစ်ခုကို အတင်းအကျပ် ဖန်တီးလိုက်သည်။

“အစ်... အစ်ကိုကြီး ဒါက နားလည်မှုလွဲတာပါ... အားလုံးက နားလည်မှုလွဲနေတာပါ... ကျွန်တော်တို့က ဖြတ်သွားဖြတ်လာပါ... ပွဲကြည့်ဖို့ ဖြတ်သွားရုံတင်ပါ...”

ချူးရှန့်က မျက်မှောင်ကြုတ်ကာ ရှေ့သို့ တစ်လှမ်း တိုးလိုက်၏။

“မသွားကြနဲ့ဦး... မင်းတို့ပဲ ခုနက လျော်ကြေး ယွမ်တစ်သိန်း၊ နှစ်သိန်းလောက် လိုချင်တယ် ဆို...”

သူက ထိုတစ်လှမ်းကို လှမ်းလိုက်သည်နှင့် လူထွားကြီးလေးယောက်မှာ သရဲတစ္ဆေကို မြင်လိုက်ရသကဲ့သို့ ဖြစ်သွားကာ ထူးဆန်းသော အသံကြီးဖြင့် အော်ဟစ်လိုက်ပြီး ထွက်ပြေးရန် လှည့်ထွက်သွားကြသည်။

“သရဲဟ.. ပြေးကြဟေ့...”

“ဒီကားကို ငါတို့ မထိရဲဘူး... အရမ်းကြောက်စရာကောင်းလွန်းတယ်...”

ထိုလေးယောက်မှာ နောက်ထပ် ခြေထောက်နှစ်ချောင်း ထပ်ပါလာဖို့ ဆုတောင်းနေမိကြပြီး အနီးအနားရှိ မြေရိုင်းများထဲသို့ ပြေးဝင်သွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် အရိပ်အယောင်မကျန် ပျောက်ကွယ်သွားကြ၏။

ချူးရှန့်မှာ ခုနလေးတင် ဆွဲထုတ်ထားသော ရဲလက်မှတ်ကို ကိုင်ထားဆဲဖြင့် ထိုနေရာတွင် ရပ်နေကာ လုံးဝ ကြောင်အမ်းအမ်း ဖြစ်နေခဲ့သည်။

“ဟင်... ငါ့ရဲလက်မှတ်တောင် မပြရသေးဘူးလေ... ငါက ရဲအရာရှိပါလို့တောင် မပြောရသေးဘူး...”

ချူးရှန့်က လူသူကင်းမဲ့နေသော လမ်းမကြီးကို ကြည့်ကာ သက်ပြင်းချလိုက်၏။

“ခုခေတ် ရာဇဝတ်ကောင်တွေက ဘာလို့ စိတ်ဓာတ်ခွန်အား အဲ့လောက်တောင်အားနည်းနေရတာလဲ... ငါက အဘိုးကြီးတစ်ယောက်ကို ကူညီပေးချင်ရုံတင်ပါ...”

ထိုစဉ်မှာပင် သူ၏ စိတ်ထဲ၌ စနစ်အသိပေးချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။

[ဒင်... ပိုင်ရှင်သည် ရက်စက်တဲ့ ရဲတပ်ဖွဲ့ ခြိမ်းခြောက်နိုင်စွမ်းဖြင့် လျော်ကြေးငွေရရန် တမင်တကာ ယာဉ်တိုက်မှုပြုလုပ်သည့် ဂိုဏ်းကို အောင်မြင်စွာ ခြိမ်းခြောက်နိုင်ခဲ့ပြီး သူတို့ကို တိုက်ခိုက်စရာမလိုဘဲ ထွက်ပြေးစေခဲ့သည်။ ခြိမ်းခြောက်နိုင်စွမ်းတန်ဖိုး +၈၀၀...]

[ဒင်... ပိုင်ရှင်သည် တရားခံကို ခြောက်လှန့်ရုံသာမက အဘိုးကြီး၏ နှစ်ကာလရှည်ကြာ ခံစားနေရသော အဆစ်အမြစ်ရောင်ရောဂါကိုပါ ကုသပေးနိုင်ခဲ့ကြောင်း ထောက်လှမ်းတွေ့ရှိရသည်။ ဆုလာဘ်- အရိုးဆက်ပညာရှင် စွမ်းရည်အပိုင်းအစ ၁ ခု...]

ချူးရှန့်က ခေါင်းခါလိုက်ပြီး သူ၏ ရဲလက်မှတ်ကို အိတ်ကပ်ထဲသို့ ပြန်ထည့်ကာ ဟောင်းနွမ်းနေသော ဂျက်တာကားပေါ်သို့ ပြန်တက်လိုက်၏။

“ထားလိုက်ပါတော့လေ... ဘုန်းကြီးက ထွက်ပြေးသွားနိုင်ပေမယ့် ဘုန်းကြီးကျောင်းကတော့ ထွက်ပြေးလို့ မရပါဘူး... သူ ဘယ်လိုရုပ်ထွက်ရှိလဲဆိုတာ သိထားမှတော့ ငါတို့ ပြန်သွားပြီး ကောင်းကင်မျက်လုံးနဲ့ စစ်ဆေးကြည့်လို့ ရနေပြီပဲ...”

ဂျက်တာကားလေးက အမည်းရောင် မီးခိုးငွေ့များကို မှုတ်ထုတ်ကာ ဖြစ်ရပ်ဆဲလ်နေရာမှ ယိမ်းထိုးထွက်ခွာသွားခဲ့ပြီး ဤနေရာတွင် ဟာသဆန်လှသော “လျော်ကြေးငွေရရန် တမင်တကာ ယာဉ်တိုက်မှုပြုလုပ်ရန် ကြိုးပမ်းမှု” တစ်ခု ဖြစ်ပွားခဲ့ကြောင်း သက်သေအဖြစ် အဝတ်ဖိနပ်တစ်ဖက်တည်းကိုသာ ချန်ရစ်ထားခဲ့တော့သည်။

All Chapters