အခန်း (၃၁-၃၂)
Vol. 4 Ch. 31-32
အခန်း(၃၁) ကပ္ပတိန်: မင်း ဒီနေကာမျက်မှန်ကို တပ်ထားရမယ်...
နန့်ချန်ခရိုင် ရာဇဝတ်မှုနှိမ်နင်းရေးတပ်ဖွဲ့၏ လေထုက ယခင်က တစ်ခါမျှ မကြုံဖူးလောက်အောင် ထူးဆန်းစွာ ကြောက်မက်ဖွယ် ကောင်းနေ၏။
၎င်းက နှုတ်ဆက်ပွဲ တစ်ခုဖြစ်ရမည်ဖြစ်သော်လည်း လူတိုင်း၏ မျက်နှာပေါ်တွင် ဝမ်းချုပ်နေသည့် အမူအရာမျိုး ရှိနေပြီး သူတို့က ရယ်ချင်သော်လည်း မရယ်ရဲသလို ငိုချင်သော်လည်း မငိုနိုင်သည့်အလား ဖြစ်နေသည်။
လျိုကျန့်ကျွင်းက ရုံးခန်းတံခါးဝတွင် ရပ်နေပြီး သူ၏ လက်ထဲတွင် အနီးနားရှိ ကုန်စုံဆိုင်မှ အထူးတလည် ဝယ်ယူလာခဲ့သော “တာ့ဟုန်” အမည်ရှိ အချက် ၅၀၀၀ ပါ ဗျောက်အိုး အခွေကြီး ပါဝင်သည့် အနီရောင် စက္ကူထုပ်ကြီးတစ်ထုပ်ကို ကိုင်ထား၏။ သူက ၎င်းတို့ကို ဖောက်ချင်သည်။ သူ တကယ်ကို ဖောက်ချင်သော်လည်း သူ မဖောက်ရဲချေ။ ဗျောက်အိုးများ ပေါက်ကွဲသွားပါက ချူးရှန့်က သူ့ကို ရန်စနေသည်ဟု ထင်သွားမည်ကို သူ စိုးရိမ်နေ၏။ အကယ်၍ ဤသြဇာကြီးမားသော ပုဂ္ဂိုလ်က စိတ်ဆိုးသွားပြီး မထွက်ခွာရန် ဆုံးဖြတ်လိုက်ပါက မည်သို့လုပ်မည်နည်း။ ထိုအခါ သူက မည်သူ့ကို သွားတိုင်ရမည်နည်း။
“ချူးရှန့်...”
လျိုကျန့်ကျွင်းက လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး သူ၏ အသံကို စိတ်သက်သာရာရသည့် ပုံစံထက် မခွဲခွာချင်သည့် ပုံစံပေါက်စေရန် ကြိုးစားလိုက်၏။
“ယာဉ်ထိန်းရဲတပ်ဖွဲ့ကို သွားပြီး မင်းရဲ့ အစွမ်းအစတွေကို အကောင်းဆုံး ပြသခဲ့ပါ... ငါတို့ ရာဇဝတ်မှုနှိမ်နင်းရေးတပ်ဖွဲ့အတွက် ဂုဏ်ယူစရာတွေ ယူလာခဲ့ပေးပါ... အဲဒီနေရာက ဒီနေရာလို မဟုတ်ဘူး... နေပူလေပူထဲမှာဆိုတော့ ပိုပြီး ပင်ပန်းလိမ့်မယ်...”
အနီးအနားရှိ ဝါရင့် ရဲအရာရှိအချို့ကလည်း ဝင်ပြောကြသည်။
“ဟုတ်တယ် ချူးရှန့်... မကြာမကြာ လာလည်ပါဦး... တပ်ဖွဲ့ရဲ့ တံခါးက မင်းအတွက် အမြဲတမ်း ဖွင့်ထားပါတယ်...”
(ကျေးဇူးပြုပြီး ပြန်မလာပါနဲ့...)
“ချူးရှန့်... စိတ်မပူနဲ့... မင်းနေရာကို ငါတို့ ဖယ်ထားပေးမယ်...”
(ထိုင်ချင်တဲ့သူ ထိုင်လို့ရတယ်... ငါကတော့ လုံးဝ မထိုင်ရဲဘူး...)
“ချူးရှန့်... ငါတို့ကို လွမ်းရင် ဖုန်းဆက်လိုက်ပါ...”
(ကျေးဇူးပြုပြီး ဖုန်းမဆက်ပါနဲ့... ငါ့နှလုံးသားက ခံနိုင်ရည် မရှိလို့ပါ...)
ရုတ်တရက် ပေါ်ထွက်လာသော ဤနွေးထွေးမှုများကြောင့် ချူးရှန့်၏ မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာ၏။ သူက လျိုကျန့်ကျွင်း၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး ရိုးသားစွာ ပြောလိုက်သည်။
“ကပ္ပတိန်... စိတ်မပူပါနဲ့... သင်တန်း ပြီးတာနဲ့ ကျွန်တော် ချက်ချင်း ပြန်လာခဲ့ပါ့မယ်... လူတိုင်းကို ကျွန်တော် လွမ်းနေမှာပါ...”
လျိုကျန့်ကျွင်းက သူ၏ လက်အရိုးများမှ နာကျင်ဖွယ်ကောင်းသော “တကျွတ်ကျွတ်” အသံများ ထွက်ပေါ်လာသည်ကို ခံစားလိုက်ရပြီး သူ၏ မျက်နှာပေါ်ရှိ အပြုံးက ချက်ချင်းပင် အေးခဲသွားတော့၏။ ချူးရှန့်က လူတိုင်းနှင့် မခွဲခွာချင်ခြင်း မဟုတ်ဘဲ သူ၏ လက်နှင့် မခွဲခွာချင်ခြင်း ဖြစ်သည်ကို သူ သဘောပေါက်သွားသည်။
“ကောင်းပြီ... ကောင်းပြီ... ငါတို့အားလုံး မင်းကို စောင့်နေပါ့မယ်...”
လျိုကျန့်ကျွင်းက အံကြိတ်ကာ စကားလုံး အနည်းငယ်ကို ညှစ်ထုတ်လိုက်ပြီး သူ၏ သွေးပေါင်ချိန်က အန္တရာယ်ရှိသော အခြေအနေသို့ ထပ်မံရောက်ရှိသွားသည်ကို ခံစားလိုက်ရ၏။
တစ်ချိန်တည်းမှာပင် ခရိုင်ရဲစခန်း၏ အချုပ်ခန်းထဲတွင်တော့ မြင်ကွင်းက လုံးဝ ကွာခြားနေသည်။
ယခင်က အဆင့်အေအဆင့်ရှိ ဝရမ်းပြေးတစ်ဦးဖြစ်ခဲ့ပြီး ယခုအခါတွင် “ချူးရှန့်ကို ကြောက်ရွံ့ခြင်း” ၏ ရောဂါကူးစက်ခံရသူ ဖြစ်နေသော လျိုချန်က မြေဖြူဖြင့် ရေးဆွဲထားသည့် ရိုးရှင်းသော ယဇ်ပလ္လင်တစ်ခုရှေ့တွင် ဒူးထောက်နေ၏။ ယဇ်ပလ္လင်ပေါ်တွင် မည်သည့် ရုပ်တုမျှမရှိဘဲ “ယာဉ်အန္တရာယ်ကင်းရှင်းရေးက လူတိုင်းရဲ့ တာဝန်ပဲ” ဟူသော စကားလုံး အနည်းငယ်ကိုသာ ကောက်ကွေ့စွာ ရေးသားထားသည်။
သူ၏ အနောက်ဘက်တွင် ခါးပိုက်နှိုက်များမှအစ လုယက်သူများအထိ ဖမ်းဆီးခံထားရသော သံသယရှိသူ တစ်တန်းလုံး ဒူးထောက်နေကြပြီး လူတိုင်း၏ မျက်နှာအမူအရာက လေးနက်နေကာ သူတို့၏ လက်များကို ယှက်ထားကြ၏။
“အသက်ရှင်နေတဲ့ မိစ္ဆာကြီးကို ခေါ်သွားပေးတဲ့အတွက် ကောင်းကင်ကို ကျေးဇူးတင်ပါတယ်... မြေကြီးကို ကျေးဇူးတင်ပါတယ်... ယာဉ်ထိန်းရဲတပ်ဖွဲ့ကို ကျေးဇူးတင်ပါတယ်...”
လျိုချန်က အားတက်သရော ဆုတောင်းနေပြီး သူ၏ အသံက ရှိုက်သံများဖြင့် တုန်ယင်နေ၏။
“ကျေးဇူးပြုပြီး နတ်ဘုရားတွေ အားလုံးက သူ့ကို ကောင်းချီးပေးကြပါ... သူ တစ်သက်လုံး ယာဉ်ထိန်းရဲမှာပဲ အလုပ်လုပ်ရပါစေ... သူ အငြိမ်းစားယူတဲ့အထိ အဲဒီမှာပဲ အလုပ်လုပ်ရင် အကောင်းဆုံးပဲ... မဟုတ်ဘူး... သူက ပို့ဆောင်ရေးဝန်ကြီးအဖြစ် တိုက်ရိုက် ရာထူးတိုးသွားပြီး နန့်ချန်ခရိုင်ကို ဘယ်တော့မှ ပြန်မလာရင် ပိုကောင်းမယ်...”
သူတို့၏ အနောက်ဘက်ရှိ အကျဉ်းသားများကလည်း တီးတိုး ရေရွတ်နေကြသည်။
“ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး...”
သူတို့က အမှန်တကယ်ကို ကြောက်ရွံ့နေကြခြင်းဖြစ်၏။ ချူးရှန့် ရောက်ရှိလာပြီးကတည်းက နန့်ချန်ခရိုင် တစ်ခုလုံးရှိ ပြစ်မှုကျူးလွန်မှု နှုန်းက လျော့ကျသွားခဲ့သည်။ မဟုတ်ပေ... တိတိကျကျ ပြောရလျှင် မိမိကိုယ်မိမိ လာရောက် အဖမ်းခံမှုနှုန်းက အလွန် မြင့်တက်လာခဲ့ခြင်းဖြစ်၏။ သမားရိုးကျ ခိုးဆိုးလုနှိုက်အများစုက လူသတ်ချင်နေသော အကြည့်များနှင့် ထိုလူသတ်သမား ရဲအရာရှိနှင့် ပြင်ပတွင် ကြုံတွေ့ရမည်ကို အမြဲတမ်း ကြောက်ရွံ့နေရမည့်အစား အချုပ်ခန်းထဲတွင် ခြေအိတ်များသာ ချုပ်နေချင်ကြသည်။ ယခုအခါတွင် ထိုခွေးရူးကြီး ပြောင်းရွှေ့သွားတော့မည်ကို ကြားလိုက်ရသဖြင့် အချုပ်ခန်းတစ်ခုလုံးတွင် ပျော်ရွှင်ဖွယ်ကောင်းသော လေထုက လွှမ်းမိုးနေတော့၏။
ချူးရှန့်က သူသည် အချုပ်ခန်းထဲတွင် “ယခုနှစ်၏ အကောင်းဆုံး ပြောင်းရွှေ့ခံရသူ” ဖြစ်လာခဲ့ကြောင်းကို လုံးဝ မသိခဲ့ချေ။ သူက ရိုးရှင်းသော ခရီးဆောင်အိတ်ကို သယ်ဆောင်ကာ သူ၏ လုပ်ဖော်ကိုင်ဖက်များ၏ “မခွဲခွာချင်သောအကြည့်များ” ကြားမှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဆီသို့ ထွက်ခွာလာခဲ့သည်။
ရာဇဝတ်မှုနှိမ်နင်းရေးတပ်ဖွဲ့၏ ကြမ်းတမ်းပြီး အမျိုးသားဟော်မုန်းများ ပြည့်နှက်နေသော လေထုနှင့် နှိုင်းယှဉ်ပါက ကျန်းချန်မြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ အဆောက်အအုံက အလွန် သန့်ရှင်းကာ လင်းထိန်ပြီး စည်းစနစ်ကျနေပုံရ၏။ စင်္ကြံလမ်းများတွင် ပိုးသတ်ဆေးနံ့သင်းသင်းလေး ပျံ့လွင့်နေပြီး နံရံများပေါ်တွင် အမျိုးမျိုးသော ယာဉ်အန္တရာယ်ကင်းရှင်းရေး ပိုစတာများနှင့် ဆိုင်းဘုတ်များကို ကပ်ထားသည်။
ဆိုင်းဘုတ်များအတိုင်း လိုက်လာပြီးနောက် ချူးရှန့်က ကပ္ပတိန် ချန်ကော်လျန့်၏ ရုံးခန်းကို ရှာတွေ့သွား၏။
“သတင်းပို့ပါတယ်...”
ချူးရှန့်က တံခါးဝတွင်ရပ်ကာ အော်ပြောလိုက်ရာ သူ၏ ကျယ်လောင်သော အသံကြောင့် တံခါးဘောင်ပေါ်ရှိ ဖုန်မှုန့်များ အစုလိုက်အပြုံလိုက် ကျဆင်းလာခဲ့သည်။
ရုံးခန်းထဲတွင် ယာဉ်ထိန်းရဲ ကပ္ပတိန် ချန်ကော်လျန့်က သူ၏ ယခုလေးတင် ဖျော်ထားသော ရှီးဟူလုံကျင်း ရေနွေးကြမ်းကို အေးအေးလူလူသောက်နေ၏။ မြို့တော်၏ ယာဉ်ကြော အခြေအနေကို နှစ်ပေါင်းများစွာ စိုးရိမ်ပူပန်ခဲ့ရမှုကြောင့် အသက် လေးဆယ်ကျော်အရွယ်ရှိ သူ၏ ဆံပင်မျဉ်းက ချင်မင်းဆက်မှ မင်းသားတစ်ပါး၏ အမြင့်အထိပင် ဆုတ်ခွာသွားခဲ့ပြီဖြစ်သည်။ ဤပြင်းထန်သော သတင်းပို့သံကို ကြားလိုက်ရသောအခါ သူ၏ လက်များ တုန်ယင်သွားပြီး ပူလောင်နေသော ရေနွေးကြမ်းများက သူ၏ ပေါင်ကြားပေါ်သို့ တိုက်ရိုက် ဖိတ်ကျသွားတော့၏။
“ရှီး..အောင်မလေး.”
ချန်ကော်လျန့်က အပူလောင်သွားမှုကြောင့် လန့်ဖျပ်ကာ အသက်ရှူမှားသွားပြီး ကုလားထိုင်ပေါ်မှ ခုန်ထလိုက်သည်။
သူက တံခါးဝဆီသို့ မော့ကြည့်လိုက်ရာ အရပ် ၁.၉ မီတာကျော်ရှိပြီး နံရံတစ်ခုကဲ့သို့ ကျယ်ပြန့်သော ပခုံးများရှိသည့် လူသန်ကြီးတစ်ယောက် ရပ်နေသည်ကို မြင်လိုက်ရ၏။ အမျိုးသားက သပ်ရပ်သော ရဲဝတ်စုံကို ဝတ်ဆင်ထားသော်လည်း စည်းကမ်းနှင့် တရားမျှတမှုကို ကိုယ်စားပြုသော ရေတပ်ပြာရောင်ဝတ်စုံက သူ၏ ကိုယ်ပေါ်တွင်တော့ ဝတ်စုံပြည့် ဝတ်ဆင်ထားသည့် လူမိုက်ဂိုဏ်းခေါင်းဆောင်တစ်ဦး၏ ဖိနှိပ်မှု အငွေ့အသက်များကို ထုတ်လွှတ်နေသည်။ အထူးသဖြင့် ပုဆိန်ဖြင့် ထွင်းထုထားသည့်အလား ထင်ရှားသော မျက်နှာအသွင်အပြင်များ၊ မျက်ခုံးရိုးမှနေ၍ မျက်လုံးထောင့်အထိ သွယ်တန်းနေသော ကြောက်မက်ဖွယ် အမာရွတ်နှင့် သိမ်းငှက်တစ်ကောင်ကဲ့သို့ စူးရှကာ ဒေါသမပါဘဲ ခြိမ်းခြောက်နိုင်သော မျက်လုံးများက ပို၍ပင် ဆိုးရွားနေ၏။
ချန်ကော်လျန့်၏ နှလုံးသားက တစ်ချက် ခုန်သွားသည်။
*ဒုက္ခပါပဲ... ဒီလူက မြို့တော် သို့မဟုတ် ပြည်နယ် စည်းကမ်းထိန်းသိမ်းရေး ကော်မရှင်ကနေ လျှို့ဝှက်စေလွှတ်လိုက်တဲ့ ‘မျက်နှာထားတင်းတင်းနဲ့ ပေါင်ကုန်း’ တစ်ယောက်ယောက်လား... သူ့ရဲ့ အငွေ့အသက်နဲ့ သူ့ရဲ့ မျက်လုံးတွေကို ကြည့်ရတာ သူက အဂတိလိုက်စားမှုကို စုံစမ်းစစ်ဆေးဖို့ ရောက်လာတာ သေချာတယ်... တစ်နေ့က ငါ့ယောက်ဖဆီကနေ စီးကရက်နှစ်ကတ်ကို လက်ခံလိုက်တာ ပေါက်ကြားသွားတာများလား... အဲ့ဒါ မဖြစ်နိုင်ဘူး…*
ချန်ကော်လျန့်၏ စိတ်ထဲတွင် အတွေးပေါင်းများစွာက ချက်ချင်းပင် ဖြတ်ပြေးသွားပြီး သူ၏ မျက်နှာအမူအရာက အလျင်အမြန် ပြောင်းလဲသွား၏။ သူ၏ ဘောင်းဘီပေါ်ရှိ ရေစွန်းများကို လျစ်လျူရှုကာ သူက ငိုမဲ့မဲ့အပြုံးတစ်ခုကို အတင်းအကျပ် ဖန်တီးလိုက်ပြီး သူ့ကို နှုတ်ဆက်ရန် သွားလိုက်သည်။
“အိုး... လူကြီးမင်း... ခင်ဗျားက... ကျေးဇူးပြုပြီး ဝင်လာပါ... ကျေးဇူးပြုပြီး ဝင်လာပါ...”
“မင်္ဂလာပါ ကပ္ပတိန်.. ကျွန်တော်က လူကြီးမင်း မဟုတ်ပါဘူး...”
ချူးရှန့်က ရုံးခန်းထဲသို့ ဝင်လာရာ အခန်းထဲရှိ အလင်းရောင်က အနည်းငယ် မှေးမှိန်သွားပုံရ၏။ သူက သူ၏ အိတ်ကပ်ထဲမှ အပြောင်းအရွှေ့အမိန့်စာကို ထုတ်ယူကာ ကမ်းပေးလိုက်သည်။
“ကျွန်တော့်နာမည်က ချူးရှန့်ပါ... နန့်ချန်ခရိုင် ရာဇဝတ်မှုနှိမ်နင်းရေးတပ်ဖွဲ့ကနေ လာတာပါ... ဒီနေ့ တာဝန်ထမ်းဆောင်ဖို့ သတင်းလာပို့တာပါ...”
“ချူးရှန့်...”
ချန်ကော်လျန့်၏ လက်များက အပြောင်းအရွှေ့ အမိန့်စာကို ယူလိုက်ချိန်တွင် တုန်ယင်နေ၏။ သူ မှတ်မိသွားပြီ... ဤလူက အကြီးအကဲ ဖုန်းထဲတွင် ပြောခဲ့သော ဗျူရို၏ “ရတနာ”၊ အင်တာနက်ပေါ်တွင် မုန်တိုင်းတစ်ခု ဖန်တီးခဲ့သော “ကျန်းချန်၏ အကြမ်းတမ်းဆုံး ရဲအရာရှိ” ပင်ဖြစ်သည် မဟုတ်ပါလား။
သူက ဓာတ်ပုံများနှင့် ဗီဒီယိုများကို ကြည့်ခဲ့ဖူးပြီး ၎င်းတို့က ဓာတ်ပုံပြင်ထားသည်ဟု သူ၏ လုပ်ဖော်ကိုင်ဖက်များကိုပင် နောက်ပြောင်ခဲ့သေး၏။ ယခုအပြင်တွင် အမှန်တကယ် မြင်တွေ့လိုက်ရသောအခါ ထိုဗီဒီယိုများနှင့် ဓာတ်ပုံများက ပြင်းပြင်းထန်ထန် ပြင်ဆင်ထားခြင်း ဖြစ်ကြောင်း သူ သဘောပေါက်သွားတော့သည်။ အပြင်မှ တကယ့်လူက ဗီဒီယိုများထဲတွင်ထက် အဆတစ်ဆယ်ခန့် ပို၍ ရက်စက်ကြမ်းကြုတ်နေသည် မဟုတ်ပါလား။
ချန်ကော်လျန့်က တံတွေးကို အခက်အခဲ မျိုချလိုက်ပြီး သူ၏ ရုံးခန်းက ရုတ်တရက် ကျုံ့ဝင်သွားကာ လေထုက ပါးလွှာသွားသကဲ့သို့ ခံစားလိုက်ရ၏။ ချူးရှန့်၏ မျက်နှာကို ကြည့်ရင်း ချူးရှန့်က သူ၏ ကျောဘက်မှ AK47 သေနတ်တစ်လက်ကို အချိန်မရွေး ဆွဲထုတ်ကာ အသံဩဩဖြင့် “မင်းတို့ တပ်ဖွဲ့က ရထားတဲ့ ဒဏ်ကြေးတွေ အားလုံးကို ထုတ်ပေးစမ်း” ဟု ပြောလာမည်ဟု သူ ခံစားလိုက်ရသည်။
“အဟမ်း... ကြိုဆိုပါတယ်... ကြိုဆိုပါတယ် ရဲဘော်ချူးရှန့်... ငါတို့ယာဉ်ထိန်းရဲ မိသားစုကနေ ကြိုဆိုပါတယ်...”
ချန်ကော်လျန့်က သူ့ကိုယ်သူ တည်ငြိမ်စေရန် ကြိုးစားရင်း သူ၏ နဖူးမှ ချွေးစေးများကို သုတ်လိုက်၏။ သို့သော် သူ မလုပ်နိုင်ခဲ့ချေ။ ချူးရှန့်နှင့် မျက်လုံးချင်း သုံးစက္ကန့်ခန့် ဆုံလိုက်ရုံမျှဖြင့် သူ၏ ဝိညာဉ်က တုန်ခါသွားတော့သည်။
*မဖြစ်ဘူး... သူ့ကို ဒီရုပ်ရည်နဲ့ တာဝန်ထမ်းဆောင်ဖို့ အပြင်ကို လုံးဝ ထွက်ခွင့်ပေးလို့ မဖြစ်ဘူး... အကယ်၍ သူသာ လမ်းဆုံမှာ သွားရပ်နေရင် ယာဉ်မောင်းတွေက မီးပွိုင့်ကို ကြည့်မှရာလား သူ့ကို ကြည့်မှရာလား... အဲဒါက ဆက်တိုက်ယာဉ်တိုက်မှုတွေကို ဖြစ်စေနိုင်တယ်…*
ချန်ကော်လျန့်၏ မျက်လုံးများက တောက်ပသွားပြီး သူ့တွင် အကြံဉာဏ်တစ်ခု ရသွား၏။ သူက အံဆွဲထဲမှ ရဲတပ်ဖွဲ့သုံး နေကာမျက်မှန်အကြီးစား အသစ်စက်စက် တစ်လက်ကို ထုတ်ယူလိုက်ပြီးနောက် မဖွင့်ရသေးသော အနက်ရောင် နှာခေါင်းစည်း တစ်ခုကိုပါ ဆွဲထုတ်လိုက်သည်။
“ရဲဘော်ချူးရှန့်...”
ချန်ကော်လျန့်က တိုင်ပင်သည့် လေသံဖြင့် ပြောလိုက်၏။
“မင်းမြင်တဲ့အတိုင်းပဲ... ငါတို့ ယာဉ်ထိန်းရဲတွေက တစ်နှစ်ပတ်လုံး နေပူလေပူထဲမှာ အလုပ်လုပ်ရတော့ ခရမ်းလွန်ရောင်ခြည် အပြင်းစားတွေနဲ့ ကားအိတ်ဇော အများအပြားကို ထိတွေ့ရတယ်... မင်းရဲ့ မျက်လုံးတွေနဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို ကာကွယ်ဖို့ရယ်... ပြီးတော့... အင်း... လျှို့ဝှက်ဆန်းကြယ်မှုကို အနည်းငယ် ထိန်းသိမ်းထားပြီး ဥပဒေစိုးမိုးရေးအာဏာကို တိုးမြှင့်ဖို့ရယ်အတွက် ဗျူရိုက အခုမှစပြီး တာဝန်ထမ်းဆောင်တဲ့အခါ ဒါကို မဖြစ်မနေ တပ်ဆင်ရမယ်လို့ သတ်မှတ်ထားတယ်...”
ချူးရှန့်က အံ့အားသင့်သွားသော်လည်း ကပ္ပတိန်ပြောသည့် စကားက အဓိပ္ပာယ်ရှိသည်ဟု သူ ခံစားရသဖြင့် သိပ်မစဉ်းစားတော့ဘဲ ၎င်းကို ယူကာ တပ်ဆင်လိုက်သည်။
သူက သူ၏ စူးရှသော မျက်လုံးများကို ဖုံးကွယ်ရန် နေကာမျက်မှန်ကို တပ်ဆင်လိုက်၏။ ထို့နောက် သူ၏ မျက်နှာ အောက်တစ်ဝက်ကို ဖုံးကွယ်ရန် နှာခေါင်းစည်းကို တပ်ဆင်လိုက်သည်။
ချန်ကော်လျန့်က ယခုအခါတွင် “ပြုပြင်ပြောင်းလဲမှု” လုပ်ခံထားရသော ချူးရှန့်ကို ကြည့်လိုက်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
*ကောင်းတယ်... ဒါက သူရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အငွေ့အသက် တော်တော်များများကို တကယ် ဖုံးကွယ်ပေးနိုင်တယ်…*
သို့သော်လည်း နောက်တစ်စက္ကန့်တွင် သူ နောင်တရသွားတော့သည်။
နေကာမျက်မှန်နှင့် နှာခေါင်းစည်းကို တပ်ဆင်ထားသဖြင့် ချူးရှန့်၏ မျက်နှာအသွင်အပြင်များက ဖုံးကွယ်သွားသော်လည်း သူ၏ ကြီးမားလှသော ခန္ဓာကိုယ်နှင့် သူ့ထံမှ ထွက်ပေါ်နေသော အေးစက်ကာ ရက်စက်သည့် အငွေ့အသက်များက သူ၏ အနက်ရောင်ဝတ်စုံနှင့် ပေါင်းစပ်လိုက်သောအခါ ဘဏ်ကို ဓားပြတိုက်ပြီးနောက် လူအုပ်ထဲတွင် ရောနှောကာ ထွက်ပြေးရန် ပြင်ဆင်နေသည့် ရက်စက်သော ဂိုဏ်းခေါင်းဆောင်တစ်ဦးနှင့် လုံးဝ တူနေစေ၏။ “ငါက ရဲတစ်ယောက်ပါ” ဟူသော တရားမျှတမှု လေထုက ပျောက်ကွယ်သွားပြီး “ငါက ကျွမ်းကျင် ရာဇဝတ်ကောင်ပါ” ဟူသော သွေးအေးသည့် အငွေ့အသက်ဖြင့် အစားထိုးခံလိုက်ရသည်။
ရုံးခန်းထဲတွင် ချောင်းကြည့်နေကြသော အခြားယာဉ်ထိန်းရဲအရာရှိများက ဤမြင်ကွင်းကို မြင်သောအခါ အသက်ရှူမှားသွားကြ၏။
“ဘုရားရေ... ဒါ... ဒါက လျှို့ဝှက်စစ်ဆင်ရေး တစ်ခုခုလား...”
“သူက အချိန်မရွေး သေနတ်တစ်လက် ဆွဲထုတ်တော့မလိုပဲ ငါ ခံစားနေရတယ်...”
“ကပ္ပတိန်က တစ်ယောက်ယောက်ကို စိတ်ဆိုးအောင် လုပ်ထားလို့လား... ဒီလူက ပြောင်းရွှေ့လာတဲ့ လုပ်ဖော်ကိုင်ဖက်မှ မဟုတ်တာ... ဌားရမ်းထားတဲ့ လေဖိအားနည်းစက်ကြီးဆိုတာ သိသာနေတာပဲ...”
ပတ်ဝန်းကျင်မှ စကားသံများကို ကြားလိုက်ရသောအခါ ချန်ကော်လျန့်က သူ၏ ဆံပင်များက နောက်ထပ် တစ်စင်တီမီတာခန့် ထပ်မံ ဆုတ်ခွာသွားသည်ကို ခံစားလိုက်ရ၏။ သူက သူ၏ ရင်ဘတ်ကို ဖိကာ တွေးလိုက်သည်။
*သူ့ကို ရုံးခန်းထဲမှာ ဆက်ထားလို့ မဖြစ်တော့ဘူး... သူက တကယ့်ကို လမ်းလျှောက်နေတဲ့ လေဖိအားနည်းစက်ကြီးတစ်ခုလိုပဲ…*
“ရဲဘော် ချူးရှန့်... ပတ်ဝန်းကျင်နဲ့ အကျွမ်းတဝင်ဖြစ်အောင် လုပ်ပြီးရင် မင်းရဲ့ ပစ္စည်းကိရိယာတွေကို သွားယူပြီး တာဝန်ထမ်းဆောင်ဖို့ ပြင်ဆင်လိုက်တော့...”
ချန်ကော်လျန့်က နံရံပေါ်ရှိ မြေပုံကို ညွှန်ပြကာ ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
“မင်းက... အင်း... ကျဲ့ဖန့်လမ်းနဲ့ ကျုံးရှန်းလမ်း လမ်းဆုံကို အရင်သွားလိုက်တာ ပိုကောင်းမယ်...”
ထိုလမ်းဆုံကို ကျန်းချန်မြို့၏ “ငရဲဖြတ်လမ်း”ဟု လူသိများသည်။ အဓိက လမ်းမကြီးခြောက်လမ်းက ထိုနေရာတွင် ဆုံတွေ့ကြပြီး လူနှင့် ယာဉ်အသွားအလာ အလွန်များပြား၏။ နံနက်တိုင်းနှင့် ညနေတိုင်း ရုံးဆင်းရုံးတက် အချိန်များတွင် အလွန် ကြပ်တည်းလှသဖြင့် ဆန်ပြုတ်အိုးတစ်အိုးကဲ့သို့ပင် ဖြစ်နေတတ်သည်။ ယာဉ်မောင်းများက မကြာခဏ ဒေါသထွက်လေ့ရှိကြပြီး အသေးစား ပွတ်တိုက်မှုများနှင့် တိုက်မိမှုများက ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ဖြစ်နေ၏။ ၎င်းက ယာဉ်ထိန်းရဲအရာရှိအားလုံးအတွက် အိမ်မက်ဆိုးတစ်ခုပင်။
ချန်ကော်လျန့်က သူ့ကိုယ်သူ တွေးလိုက်သည်။
*အဲဒီနေရာက ရှုပ်ထွေးနေပြီးသားပဲ... အကယ်၍ ငါ သူ့ကို အဲဒီနေရာကို ပို့လိုက်ရင် သူ လူတွေကို ခြောက်လှန့်ဖို့ အချိန်ရမှာ မဟုတ်လောက်ဘူး... ရှုပ်ထွေးမှုတွေကြားထဲမှာ သူ့ရဲ့ ထူးခြားတဲ့ ဝိသေသလက္ခဏာက သိပ်သိသာမှာ မဟုတ်ဘူး…*
သို့သော်လည်း သူက အလွန် ရိုးအလွန်းနေသေး၏။
နာရီဝက်ကြာပြီးနောက် အလင်းပြန်အင်္ကျီ၊ နေကာမျက်မှန်နှင့် နှာခေါင်းစည်းတို့ကို ဝတ်ဆင်ထားသော ချူးရှန့်က ထိုလမ်းဆုံရှိ ကွပ်ကဲရေးစင်မြင့်ပေါ်တွင် တံခါးစောင့်ကြီး တစ်ယောက်ကဲ့သို့ ရပ်နေချိန်တွင်ကား…
တစ်ချိန်က ဟွန်းသံများ၊ အော်ဟစ်သံများနှင့် အင်ဂျင်သံများဖြင့် ဆူညံကာ ရှုပ်ထွေးနေခဲ့သော “ငရဲဖြတ်လမ်း” က သူ့ပတ်လည်တွင် ရုတ်တရက် တိတ်ဆိတ်သွားသကဲ့သို့ ရှိနေ၏။
ကြက်သီးထဖွယ်ကောင်းကာ အသက်ရှူကျပ်လောက်သော တိတ်ဆိတ်မှုတစ်ခုက ဒီရေကဲ့သို့ လျင်မြန်စွာ ပြန့်နှံ့သွားပြီး လမ်းတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
ကားပြတင်းပေါက်ကိုချကာ တစ်ယောက်ယောက်ကို အော်ဆဲရန် ပြင်နေသော တက္ကစီယာဉ်မောင်းတစ်ဦးက လေထဲတွင် အေးခဲသွား၏။ မီးပွိုင့်အနီကို ဖြတ်မောင်းရန် ကြိုးစားနေသော လျှပ်စစ်စက်ဘီးပေါ်မှ အစားအသောက်ပို့သူတစ်ဦးက သူ၏ ခြေဖျားများဖြင့် မြေပြင်ကို ထိထားသော်လည်း စက်ဘီးက မလှုပ်ရှားတော့ချေ။ အင်ဂျင်ကို အလွန်အကျွံလည်ပတ်ကာ ဆူညံသံများ ဖန်တီးရန် ပြင်နေသော ဖာရာရီကားတစ်စီးကို မောင်းနှင်လာသည့် သူဌေးသားတစ်ဦးက ကွပ်ကဲရေးစင်မြင့်ပေါ်ရှိ ပုံရိပ်ကို မြင်လိုက်ရသောအခါ ကားမောင်းသည့် စနစ်ကို “Sport+” မှ “Eco” သို့ တိတ်တဆိတ် ပြောင်းလဲလိုက်သည်။
ယာဉ်မောင်းများအားလုံးက အလိုအလျောက် သိစိတ်ဖြင့် သူတို့၏ ကားတံခါးများကို သော့ခတ်လိုက်ကြပြီး စတီယာရင်များကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ လမ်းဆုံအလယ်တွင် ရပ်နေသော “အနက်ရောင်ဝတ်စုံဖြင့် ဧရာမ အထူးရဲအရာရှိကြီး” ကို ကြောက်လန့်တကြား စူးစိုက်ကြည့်နေကြပြီး သူတို့၏ စိတ်ထဲတွင် အတွေးတစ်ခုက တစ်ပြိုင်နက်တည်း ဖြတ်ပြေးသွား၏။
*ကြောက်စရာကောင်းတဲ့ ကိစ္စတစ်ခုခု ဖြစ်ပျက်နေပြီ... ဒီနေရာမှာ ကြီးမားတဲ့ အကြမ်းဖက် တိုက်ခိုက်မှု တစ်ခုခု ဖြစ်ပွားနေတာ သေချာတယ်…*
အခန်း(၃၂) ဒါက တာဝန်ထမ်းဆောင်နေတာ မဟုတ်ဘူး... စစ်ရေးပြနေတာပဲ…
ငရဲဖြတ်လမ်းက ယခင်က ဤမျှ သဟဇာတမဖြစ်ခဲ့ဖူးချေ။
လေထုထဲတွင် ကားအဲကွန်းစက်များ၏ အသံနှင့် အဝေးမှ ပုရစ်အော်သံများကိုသာ ကြားနေရပြီး အချိန်များက ရပ်တန့်နေသကဲ့သို့ ရှိနေ၏။ မီးပွိုင့်အစိမ်း ပွင့်လာသော်လည်း မည်သည့်ကားကမျှ ရှေ့သို့ မတိုးရဲကြချေ။ မီးပွိုင့်အနီ ပွင့်လာသောအခါ ကားများ အားလုံးက တောင်တန်းများကဲ့သို့ ငြိမ်သက်သွားကြသည်။
ချူးရှန့်က ကွပ်ကဲရေးစင်မြင့်ပေါ်တွင် ရပ်နေပြီး လုံးဝ တွေဝေသွားတော့၏။
*ဘာတွေဖြစ်နေတာလဲ... ဘာလို့ ဘယ်သူမှ မသွားကြတာလဲ... ငါ နေရာမှား ရပ်နေတာများလား... ဒါမှမဟုတ် ဒီလမ်းဆုံက မီးပွိုင့်များ ပျက်နေတာလား…*
သူက မလှုပ်မရှားဖြစ်နေသော ယာဉ်ကြောကို ကြည့်လိုက်ပြီး စိုးရိမ်ပူပန်မှုလှိုင်းလုံးတစ်ခုကို ခံစားလိုက်ရသည်။ ဤအရာက သူ၏ ယာဉ်ထိန်းရဲတပ်ဖွဲ့ ပထမဆုံးနေ့ဖြစ်ပြီး ပထမဆုံးနေ့မှာပင် ယာဉ်ကြောပိတ်ဆို့မှုကို ဖြစ်စေပါက အလွန်အရှက်ကွဲစရာ ကောင်းပေလိမ့်မည်။ သူ၏ ကျွမ်းကျင်မှုများကို ပြသရန် သူ တစ်ခုခုတော့ လုပ်ရမည်ဖြစ်၏။
သူက နေကာမျက်မှန်နှင့် နှာခေါင်းစည်းကို တပ်ဆင်ထားသောကြောင့် သူ့ကို အလှမ်းဝေးကာ ချဉ်းကပ်ရခက်သူဟု ထင်နေကြ၍ ဖြစ်မည်ဟု တွေးလိုက်သည်။
“မှန်တယ်... အဲဒါကြောင့်ပဲ ဖြစ်ရမယ်... ငါတို့က ပြည်သူတွေကို အပြုံးနဲ့ ရင်ဆိုင်သင့်တယ်လို့ ကပ္ပတိန်လျို ပြောခဲ့တာပဲ...”
ထို့ကြောင့် ချူးရှန့်က သူကိုယ်တိုင် နောင်တရသွားမည့်၊ ပြီးတော့ လမ်းဆုံရှိ ယာဉ်မောင်းများ အားလုံးကို နှလုံးရောဂါ ရသွားစေမည့် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်၏။ သူက လက်ကိုမြှောက်ကာ နေကာမျက်မှန် အကြီးစားကြီးကို ဖြည်းညင်းစွာ ချွတ်လိုက်သည်။
ထိုအခိုက်အတန့်တွင် တံဆိပ်ခေါင်းတစ်ခု ပွင့်ထွက်သွားသည့်အလား ဖြစ်သွားတော့၏။
မွန်းတည့်ချိန်၏ နေရောင်က အနည်းငယ် စူးရှလွန်းသဖြင့် ချူးရှန့်က အလိုအလျောက် မျက်လုံးများကို မှေးလိုက်သည်။ ဤလှုပ်ရှားမှုက သူ၏ မျက်ခုံးပေါ်ရှိ အမာရွတ်ကို ပို၍ ကြောက်မက်ဖွယ် ကောင်းသွားစေ၏။ အလင်းရောင်နှင့် အသားမကျသေးသဖြင့် အထူး နက်ရှိုင်းကာ အေးစက်နေပုံရသော သူ၏ မျက်လုံးများက ယာဉ်ကြောပိတ်ဆို့မှု၏ အရင်းအမြစ်ကို ရှာဖွေရန် အရှေ့ဘက်သို့ စကင်ဖတ် ကြည့်ရှုလိုက်သည်။
ထိုစဉ်အနက်ရောင် အော်ဒီ A6L ကားတစ်စီးက ထပ်မံ၍ သည်းမခံနိုင်တော့ချေ။ ယာဉ်မောင်းက ခန္ဓာကိုယ်တုတ်ခိုင်သော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး သူ၏ ကားကောင်းကောင်းနှင့် မြေအောက်လောကမှ သူ၏ အဆက်အသွယ်များကို အားကိုးကာ မဆင်မခြင် မောင်းနှင်လေ့ရှိသူဖြစ်သည်။ အရှေ့ဘက်မှ လမ်းက တိတ်ဆိတ်နေဆဲဖြစ်သည်ကို မြင်သောအခါ သူက ဟွန်းကို ဆက်တိုက် တီးလိုက်ပြီးနောက် ဖြောင့်ဖြောင့်သွားမည့် လမ်းကြောင်းမှ ဘယ်ဘက်ကွေ့မည့် လမ်းကြောင်းထဲသို့ အတင်းအကျပ် ဝင်ရောက်ရန် ကြိုးစားရင်း စတီယာရင်ကို လှည့်လိုက်၏။
ပုံစံပျက်အောင် လုပ်ဆောင်နေသော ဤ “သိုးမည်း” ကို ချူးရှန့် ချက်ချင်းပင် သတိထားမိသွားသည်။
သူက မျက်မှောင်ကြုတ်လိုက်ပြီး အဖြူရောင် လက်အိတ်ကို စွပ်ထားသော သူ၏ ညာဘက်လက်ကို မြှောက်ကာ အော်ဒီကားဆီသို့ စံပြုထားသည့် “နောက်ဆုတ်” ဟူသော လက်ဟန်ခြေဟန်ကို ပြသလိုက်၏။ သူ၏ လှုပ်ရှားမှုက သပ်ရပ်ပြီး ပြတ်သားကာ အင်အားများ ပြည့်နှက်နေသည်။
သို့သော်လည်း ဤလှုပ်ရှားမှုက အော်ဒီကား ယာဉ်မောင်း၏ အမြင်တွင်တော့ လုံးဝ ကွာခြားသော အဓိပ္ပာယ်တစ်မျိုး သက်ရောက်သွားတော့၏။
အော်ဒီကား ယာဉ်မောင်းက သူ၏ ကားတစ်ဝက်ခန့်ကို အပြင်သို့ ထုတ်လိုက်ချိန်တွင် မော့ကြည့်လိုက်ရာ ချူးရှန့်၏ သေမင်းတမန်အကြည့်နှင့် ဆုံသွားခဲ့သည်။ ထိုမျက်လုံးများထဲတွင် သတိပေးမှု မရှိ၊ ဒေါသလည်း မရှိဘဲ လူသေတစ်ယောက်ကို ကြည့်နေသည့်အလား အေးစက်သော လျစ်လျူရှုမှုသာ ရှိနေ၏။ ၎င်းက “နောက်ဆုတ်” ဟူသော လက်ဟန်ခြေဟန်နှင့် ပေါင်းစပ်သွားသောအခါ ယာဉ်မောင်းက ၎င်းကို အလိုအလျောက် အဓိပ္ပာယ်ကောက်ယူလိုက်သည်။
“မင်း ငါ့မျက်စိရှေ့ကနေ ထွက်သွားဖို့ သုံးစက္ကန့် အချိန်ရတယ်... မဟုတ်ရင် မင်းနဲ့ မင်းကားကို ငါ ကြိတ်ပစ်မယ်...”
“အောင်မလေးဗျ...”
အော်ဒီကား ယာဉ်မောင်းမှာ အလွန်တရာ ကြောက်လန့်သွားပြီး သူ၏ စိတ်က တစ်စက္ကန့်ခန့် ဗလာနယ်ဖြစ်သွား၏။ သူက ကြားဖြတ်ဝင်နေခြင်း မဟုတ်ဘဲ အလွန် အန္တရာယ်များသော မိုင်းကွင်းတစ်ခု၏ အစွန်းကို ရူးသွပ်စွာ ပွတ်သီးပွတ်သပ် လုပ်နေသည်ဟု ခံစားလိုက်ရသည်။ သူ၏ အသက်ရှင်သန်လိုသော အလိုအလျောက် အသိစိတ်က အရာအားလုံးကို လွှမ်းမိုးသွားပြီး ဘရိတ်ကို အသည်းအသန် နင်းလိုက်သော်လည်း လွဲချော်သွားကာ လီဗာကို နင်းမိသွားတော့၏။ တစ်ချိန်တည်းမှာပင် သူ၏ အလွန်အမင်း တင်းမာမှုများကြောင့် စတီယာရင်ကို ပြန်လည် ဆွဲလှည့်လိုက်မိပြီး သူ၏ လက်က ရှင်းပြ၍မရစွာပင် ရှေ့သို့မောင်းသည့် ဂီယာမှ နောက်သို့ဆုတ်သည့် ဂီယာသို့ ပြောင်းလဲသွားခဲ့သည်။
“ဘွန်း... ဝူး...”
အော်ဒီ A6L ကားက လန့်သွားသော နွားလားကဲ့သို့ ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး နောက်သို့ ရုတ်တရက် ဆုတ်သွားတော့၏။
“ဒိုင်း...”
ကျယ်လောင်သော အသံတစ်သံနှင့်အတူ အော်ဒီကား၏ အနောက်ဘက်က ၎င်း၏ အနောက်ဘက်ရှိ ဟွန်ဒါစီးဗစ်ကား၏ အရှေ့ဘက်ကို ပြင်းပြင်းထန်ထန် နမ်းရှိုက်သွားတော့သည်။
စီးဗစ်ကားပိုင်ရှင်မှာ ကားကိုဝယ်ထားသည်မှာ တစ်လပင် မပြည့်သေးဘဲ သူ၏ ကားကို အလွန်မြတ်နိုးသော လူငယ်တစ်ဦးဖြစ်၏။ သူ၏ အချစ်တော်ကားလေး ပျက်စီးသွားသည်ကို မြင်သောအခါ သူက ချက်ချင်းပင် ဒေါသထွက်သွားပြီး ကားတံခါးကို တွန်းဖွင့်ကာ ခုန်ထွက်လာပြီး ကျိန်ဆဲတော့သည်။
“မင်း ကန်းနေလား... ကားမမောင်းတတ်ဘူးလား... အခုချက်ချင်း ကားပေါ်က ဆင်းခဲ့စမ်း...”
အော်ဒီကား ယာဉ်မောင်းမှာလည်း တွေဝေသွားပြီး ယာဉ်တိုက်မှု ဖြစ်ပွားပြီးနောက် လုံးဝ မျက်စိလည်လမ်းမှားသွားသကဲ့သို့ ခံစားလိုက်ရ၏။ ကားပေါ်မှ ဆင်းလာပြီးနောက် သူက သူ၏ ခန္ဓာကိုယ် ကြီးမားမှုကို အားကိုးကာ ငြင်းခုံရန် ကြိုးစားလိုက်သည်။
သို့သော် ယာဉ်မောင်းနှစ်ဦးက အပြင်းအထန် စတင်ရန်ဖြစ်ကြတော့မည့် အချိန်မှာပင် ကွပ်ကဲရေးစင်မြင့်ပေါ်မှ ထွက်ပေါ်လာသော ထိတွေ့ခံစားနိုင်သည့် အေးစက်သော အကြည့်တစ်ခုကို သူတို့ နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း ခံစားလိုက်ရ၏။
သူတို့နှစ်ဦးက တစ်ပြိုင်နက်တည်း မော့ကြည့်လိုက်ကြသည်။
မိစ္ဆာတစ်ကောင်နှင့်တူသော ယာဉ်ထိန်းရဲက သူတို့ဘက်သို့ သူ၏ ခေါင်းကို ဖြည်းညင်းစွာ စောင်းလိုက်၏။ သူတို့က မီတာဆယ်ချီ ကွာဝေးနေသော်လည်း သူ၏ အကြည့်က သူတို့အပေါ် တိကျစွာ သော့ခတ်ထားသည်ကို ခံစားလိုက်ရသည်။
စီးဗစ်ကား ယာဉ်မောင်း၏ ကျိန်ဆဲသံများက သူ၏ လည်ချောင်းထဲတွင် တစ်ဆို့သွား၏။ သူက ချူးရှန့်၏ မျက်နှာကို ကြည့်လိုက်ပြီးနောက် ဖြူရော်နေသော အော်ဒီကား ယာဉ်မောင်း၏ မျက်နှာကို ကြည့်လိုက်ရာ သူ နားလည်သွားပြီဆိုသည်ကို ရုတ်တရက် သဘောပေါက်သွားတော့သည်။
သူ၏ မျက်နှာပေါ်ရှိ ဒေါသများက မျက်မြင်ကိုယ်တွေ့ပင် ပျောက်ကွယ်သွားပြီး နက်ရှိုင်းသော နားလည်မှုနှင့် သနားညှာတာမှု အမူအရာဖြင့် အစားထိုးခံလိုက်ရ၏။ သူက အော်ဒီကား ယာဉ်မောင်းဆီသို့ ပြေးသွားကာ ထိုးကြိတ်ရန် မဟုတ်ဘဲ သူ၏ အိတ်ကပ်ထဲမှ စီးကရက်တစ်ဘူးကို ထုတ်ယူကာ စီးကရက် တစ်လိပ်ကို တစ်ဖက်လူ၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်ပြီးနောက် မီးခြစ်ကို ထုတ်ကာ ရိုသေလေးစားစွာ မီးညှိပေးလိုက်သည်။
“အစ်ကို... စိတ်အေးအေးထားပါ... စိတ်အေးအေးထားပါ...”
စီးဗစ်ကား ယာဉ်မောင်းက ကျယ်လောင်စွာ ပြုံးလိုက်ပြီး အော်ဒီကား ယာဉ်မောင်း၏ ပခုံးကို ပုတ်ကာ “ငါ နားလည်ပါတယ်” ဟူသော လေသံဖြင့် ပြောလိုက်၏။
“တိုက်မိသွားတာ ကောင်းတယ်... အဲဒါက မှန်ကန်တဲ့ လုပ်ရပ်ပဲ... ခင်ဗျားက အရေးပေါ် ရှောင်တိမ်းတဲ့ လုပ်ရပ်ကို လုံးဝ လုပ်ဆောင်နေခဲ့တာပဲ... ဒါက ကျွန်တော့်အမှားပါ... ကျွန်တော်က အရမ်းကပ်ပြီး လိုက်ခဲ့တာ... အားလုံး ကျွန်တော့်အမှားပါ... အားလုံး ကျွန်တော့်အမှားပါ...”
သူ၏ နှုတ်ခမ်းတွင် စီးကရက်တစ်လိပ်ကို ခဲထားသော အော်ဒီကား ယာဉ်မောင်းမှာ လုံးဝ ဆွံ့အသွားတော့၏။ သူက သဘောထား လုံးဝ ၃၆၀ ဒီဂရီ ပြောင်းလဲသွားသော လူငယ်ကို စူးစိုက်ကြည့်လိုက်ပြီးနောက် ကွပ်ကဲရေးစင်မြင့်ပေါ်ရှိ ခံစားချက်မဲ့နေသော “မိစ္ဆာ” ကို လှမ်းကြည့်လိုက်သည်။ သူ၏ ခြေထောက်များက အားပျော့သွားပြီး သူ မျက်ရည်ကျလုမတတ် ဖြစ်သွားတော့၏။
*ဒီခေတ်ကြီးမှာ ဒီလောက် နားလည်မှုရှိပြီး ကြင်နာတတ်တဲ့သူတွေ ရှိသေးတာလား…*
ပတ်ဝန်းကျင်ရှိ ယာဉ်မောင်းများက ဤလက်တွေ့မဆန်သော မြင်ကွင်းကို မြင်တွေ့လိုက်ရပြီး အားလုံးက အံ့အားသင့်စွာဖြင့် အသက်ရှူမှားသွားကြ၏။ ချူးရှန့်အပေါ် ထားရှိသော သူတို့၏ အကြည့်များက ကြောက်ရွံ့မှုမှ အံ့သြမှုသို့ ပြောင်းလဲသွားတော့သည်။
*ဒီယာဉ်ထိန်းရဲက ယာဉ်ကြောကို ရှင်းလင်းနိုင်ရုံသာမက အခင်းဖြစ်ပွားရာ နေရာမှာတင် အငြင်းပွားမှုတွေကို ဖြေရှင်းပေးနိုင်ပြီး ဒေါသထွက်လွယ်တဲ့ ဝိညာဉ်တွေကိုတောင် ပြုပြင်ပေးနိုင်တယ်…*
အော်ဒီကားဖြစ်ရပ်က သတိပေးချက်တစ်ခု ဖြစ်သွားသဖြင့် လမ်းဆုံရှိ စည်းစနစ်ကျမှုက ချက်ချင်းပင် မကြုံစဖူးသော အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားတော့၏။
ချူးရှန့်က ကွပ်ကဲရေးစင်မြင့်ပေါ်တွင် ရပ်နေပြီး သူ၏ လက်မောင်းကိုသာ ဝှေ့ယမ်းပြနေသည်။
သူက ဘယ်ဘက်ကို ညွှန်ပြလိုက်ရာ ဘယ်ဘက်ကွေ့မည့် ကားများ အားလုံးက နတ်ဘုရားများ၏ အမိန့်ကို ရရှိလိုက်သည့်အလား အလွန်စံပြုထားသော ကွေ့သည့် အချင်းဝက်ဖြင့် မြန်လွန်းခြင်း သို့မဟုတ် နှေးလွန်းခြင်းမရှိဘဲ ပြီးပြည့်စုံသော တညီတညွတ်တည်း ပုံစံဖြင့် လမ်းဆုံကို ဖြတ်သန်း မောင်းနှင်သွားကြ၏။
သူက ညာဘက်ကို ညွှန်ပြလိုက်ရာ ညာဘက်ကွေ့မည့် ကားတန်းက ကော်ပီကူးကာ ပေ့စ်ချထားသည့်အလား ကားတစ်စီးနှင့် တစ်စီးကြား အကွာအဝေးက နောက်ဆုံး အသေးစိတ်အချက်အထိ ပေတံဖြင့် တိုင်းတာထားသကဲ့သို့ ဖြစ်နေသည်။
ဖြောင့်ဖြောင့်သွားမည့် ယာဉ်ကြောက ပို၍ပင် ကြီးကျယ်ခမ်းနားနေ၏။ လမ်းကြောင်း လေးခုရှိ ကားများက စစ်ရေးပြပွဲမှ တပ်ဖွဲ့များကဲ့သို့ပင် သူတို့၏ အရှေ့ဘက်စွန်းများကို တန်းစီထားပြီး ဘီးများက ပြိုင်တူရွေ့လျားနေကာ လုံးဝ ဖြောင့်တန်းသော လမ်းကြောင်းကို ထိန်းသိမ်းထားကြသည်။ ယာဉ်ကြောများကို ဖြတ်ကျော်ကာ ဝင်ထွက်သွားလာရသည်ကို နှစ်သက်လေ့ရှိသော လျှပ်စစ်စက်ဘီးများပင်လျှင် ယခုအခါ၌ သူငယ်တန်း ကလေးများကဲ့သို့ လိမ္မာရေးခြားရှိနေကြပြီး စက်တပ်မဟုတ်သော ယာဉ်လမ်းကြောင်း၏ ညာဘက်အစွန်ဆုံးတွင် သပ်ရပ်သော အတန်းလိုက် တန်းစီနေကြကာ အဖြူရောင်မျဉ်းကိုပင် မကျော်ရဲကြတော့ချေ။
ချူးရှန့်၏ “သေမင်းတမန်အမိန့်” အောက်တွင် ငရဲဖြတ်လမ်းတစ်ခုလုံးက ကြီးမားကာ တိကျပြီး ရက်စက်သော စက်ယန္တရားကြီး တစ်ခု၏ လည်ပတ်မှုအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ဤအရာက တာဝန်ထမ်းဆောင်နေခြင်း မဟုတ်ဘဲ စစ်ရေးပြနေခြင်းပင်။
ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ကွပ်ကဲရေးစင်တာအတွင်း၌ ချန်ကော်လျန့်နှင့် သူ၏ လုပ်ဖော်ကိုင်ဖက်များက စောင့်ကြည့်ကင်မရာ မှတ်တမ်းများကို ကြည့်ရှုနေကြပြီး သူတို့၏ လက်ဖက်ရည်ခွက်များကို ချထားရန် မေ့လျော့နေကြကာ သူတို့၏ ပါးစပ်များက ကြက်ဥတစ်လုံး ဝင်ဆံ့နိုင်လောက်အောင် ဟနေကြ၏။
“ဒါ... ဒါက... ဒါက သိပ္ပံနည်း မကျဘူး...”
ငယ်ရွယ်သော ယာဉ်ထိန်းရဲတစ်ဦးက တီးတိုးရေရွတ်လိုက်သည်။
“ကျဲ့ဖန့်လမ်းဆုံက ယာဉ်ကြောပိတ်ဆို့မှု အညွှန်းကိန်းက သမိုင်းမှာ အနိမ့်ဆုံး အမှတ်ကို ရောက်သွားပြီ... မဟုတ်ဘူး... အနုတ်ပြနေပြီ... သူ့ရဲ့ ယာဉ်ကြောဖြတ်သန်းမှု စွမ်းဆောင်ရည်က သီအိုရီအရ အမြင့်ဆုံးထက် ၂၀ ရာခိုင်နှုန်း ပိုမြင့်နေတယ်...”
ဒေတာခွဲခြမ်းစိတ်ဖြာသူက ကွန်ပျူတာ မျက်နှာပြင်ကို လုံးဝ မယုံကြည်နိုင်သော အမူအရာဖြင့် စူးစိုက်ကြည့်နေ၏။
ချန်ကော်လျန့်က တံတွေးကို အခက်အခဲ မျိုချလိုက်ပြီး သူ၏ လောကအမြင်တစ်ခုလုံး အလုံးစုံ ပျက်စီးသွားသည်ကို ခံစားလိုက်ရသည်။ သူက ချူးရှန့်ကို အရှုပ်ထွေးဆုံး နေရာသို့ ပို့လိုက်ခြင်းက “မီးကို မီးနဲ့ ငြှိမ်းသတ်” ရန် ဖြစ်သည်ဟု ထင်မှတ်ထားခဲ့သော်လည်း ချူးရှန့်က “အဆိပ်” ကို “အံ့ဖွယ် ဆေးတစ်ခွက်” အဖြစ် တိုက်ရိုက် ပြောင်းလဲလိုက်လိမ့်မည်ဟု သူ တစ်ခါမျှ မထင်ထားခဲ့ချေ။
လူတိုင်းက ဤထူးဆန်းသော တုန်လှုပ်မှုထဲတွင် နစ်မြုပ်နေစဉ်မှာပင် မတော်တဆမှုတစ်ခု ဖြစ်ပွားလာခဲ့၏။
၎င်း၏ အနောက်ဘက်တွင် “ယာဉ်မောင်းအသစ်... အကွာအဝေးကို ထိန်းသိမ်းပါ” ဟူသော ဆိုင်းဘုတ်ကို ချိတ်ဆွဲထားသည့် ပန်းရောင် ဖောက်စ်ဝက်ဂွန် ဘီတဲလ် ကားလေးတစ်စီးက ဖြောင့်ဖြောင့်သွားမည့် ယာဉ်ကြောထဲတွင် စိုးရိမ်တကြီး တန်းစီနေသည်။ ယာဉ်မောင်းက လတ်တလောမှ လိုင်စင်ရရှိထားသော အမျိုးသမီးတစ်ဦးဖြစ်ပြီး ယခင်ကတည်းက စိုးရိမ်ပူပန်နေသော သူမသည် စာမေးပွဲခန်းထဲမှကဲ့သို့ ဖိအားများသော လေထုထဲတွင် သူမ၏ လက်ဝါးများက ချွေးများပြန်နေ၏။
လမ်းဆုံကို ဖြတ်ကူးရန် သူမအလှည့် ရောက်လာပြီဖြစ်သည်။ အရှေ့ဘက် ကွပ်ကဲရေးစင်မြင့်ပေါ်ရှိ အရပ်ရှည်ရှည် ပုံရိပ်ကိုကြည့်ရင်း သူမက ယာဉ်ထိန်းရဲတစ်ဦးကို ရင်ဆိုင်နေရခြင်း မဟုတ်ဘဲ ယာဉ်မောင်းသင်တန်းကျောင်းမှ အတင်းကြပ်ဆုံးနှင့် အဆဲသန်ဆုံးသော ယာဉ်မောင်းနည်းပြကို ရင်ဆိုင်နေရသည်ဟု ခံစားလိုက်ရ၏။
ချူးရှန့်က ရှင်းလင်းစွာ တုံ့ဆိုင်းနေသော ဘီတဲလ်ကားလေးကို မြင်လိုက်ရပြီး သူမက လမ်းကြောင်းကို သေချာမသိ၍ ဖြစ်မည်ဟု ထင်လိုက်သည်။ ထို့ကြောင့် သူက ဖော်ရွေသည်ဟု သူထင်သော အမူအရာတစ်ခုကို ဖန်တီးလိုက်ပြီး ဘီတဲလ်ကားလေးကို လက်ဝှေ့ယမ်းကာ “မြန်မြန်ဖြတ်သွားပါ” ဟု လက်ဟန်ခြေဟန် ပြလိုက်၏။
သို့သော်လည်း အလွန်အမင်း တင်းမာနေသော အမျိုးသမီးယာဉ်မောင်း၏ အမြင်တွင်တော့ ဤလှုပ်ရှားမှုက အလိုအလျောက် အဓိပ္ပာယ် ပြောင်းလဲသွားတော့သည်။
“မင်း... မင်းပဲ... ဒီနေရာကို လာပြီး သေလိုက်တော့...”
အမျိုးသမီးယာဉ်မောင်း၏ စိတ်က လုံးဝ ဗလာနယ် ဖြစ်သွားတော့၏။ သူမ၏ ယာဉ်မောင်းကျွမ်းကျင်မှုများနှင့် ယာဉ်စည်းကမ်းများ အားလုံးက ပျောက်ကွယ်သွားသည်။ သူမ၏ တစ်ခုတည်းသော အတွေးက ထွက်ပြေးရန်ပင်။ ဤကြောက်မက်ဖွယ်ကောင်းသော အမျိုးသားနှင့် တတ်နိုင်သမျှ ဝေးဝေးသို့ ထွက်ပြေးရန်ပင် ဖြစ်၏။
သို့သော်လည်း လူတို့သည် အလွန်အမင်း ထိတ်လန့်နေချိန်တွင် သူတို့၏ ခန္ဓာကိုယ်က အဆိုးရွားဆုံး ရွေးချယ်မှုများကို မကြာခဏ ပြုလုပ်လေ့ရှိကြသည်။
သူမက ဘရိတ်ကို နင်းရန် ကြိုးစားလိုက်သော်လည်း သူမ၏ ဒေါက်မြင့်ဖိနပ်စီးထားသော ခြေထောက်က လီဗာပေါ်တွင် တင်းကျပ်စွာ ဖိနှိပ်ထားမိသွားတော့၏။
“ဝူး...”
ပန်းရောင် ဘီတဲလ်ကားလေးက အမြောက်ဆံတစ်လုံးကဲ့သို့ စူးရှသော ဟိန်းဟောက်သံကို ထုတ်လွှတ်လိုက်ပြီး ချက်ချင်းပင် ထိန်းချုပ်မှု ကင်းမဲ့သွားကာ ကွပ်ကဲရေးစင်မြင့်ပေါ်ရှိ ချူးရှန့်ဆီသို့ တည့်တည့် ပြေးဝင်လာတော့သည်။
[ဒင်... ချဉ်းကပ်လာသော အန္တရာယ်ကို ထောက်လှမ်းသိရှိရပါသည်... အန္တရာယ်ရှိသော အသိပေးချက်...]
ချူးရှန့်၏ စိတ်ထဲတွင် စနစ်၏ အသိပေးသံ ထွက်ပေါ်လာ၏။
ထိန်းချုပ်မှု ကင်းမဲ့နေသော ကားက ပို၍ပို၍ နီးကပ်လာသည်ကို မြင်သောအခါ သူ၏ သူငယ်အိမ်များက ကျုံ့သွားသည်။ သူ၏ အနောက်ဘက် လူကူးမျဉ်းကြားပေါ်တွင် သက်ကြီးရွယ်အိုများနှင့် ကလေးများ အပါအဝင် လူအချို့က လမ်းဖြတ်ကူးနေကြ၏။
သူ့တွင် တွေးတောရန် အချိန်မရှိသလို နောက်ဆုတ်ရန်လည်း နေရာမရှိချေ။
လမ်းဆုံရှိ လူထောင်ပေါင်းများစွာ၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် ချူးရှန့်က အန္တရာယ်ကို ရှောင်ရှားရန် ကွပ်ကဲရေးစင်မြင့်ပေါ်မှ ခုန်ချမည့်အစား အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး အနည်းငယ် ထိုင်ချကာ ထိန်းချုပ်မှု ကင်းမဲ့နေသော ဘီတဲလ်ကားလေးကို ရင်ဆိုင်ရန် နောက်ဆုတ်မည့်အစား ရှေ့သို့ တိုးသွားတော့၏။