← Chapters

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း(၃၃) အစ်ကိုကြီး... ကားကိုတော့ ယူပါ... လူကိုတော့ ချမ်းသာပေးပါ…

ဤအခိုက်အတန့်တွင် အချိန်များက အဆုံးမရှိ နှေးကွေးသွားသကဲ့သို့ ရှိနေ၏။

ထိန်းချုပ်မှု ကင်းမဲ့နေသော ပန်းရောင် ဖောက်စ်ဝက်ဂွန် ဘီတဲလ်ကားလေးက အမျိုးသမီး ယာဉ်မောင်း၏ မျှော်လင့်ချက်မဲ့နေသော အော်ဟစ်သံများနှင့်အတူ လမ်းဆုံအလယ်ရှိ ကွပ်ကဲရေးစင်မြင့်ဆီသို့ ရူးသွပ်နေသော သားရဲတစ်ကောင်ကဲ့သို့ ပြေးဝင်လာတော့သည်။ ပတ်ဝန်းကျင်ရှိ ယာဉ်မောင်းများက ကြောက်လန့်တကြား အော်ဟစ်လိုက်ကြပြီး လူကူးမျဉ်းကြားပေါ်ရှိ လမ်းသွားလမ်းလာများမှာ အေးခဲသွားကြကာ ထွက်ပြေးရန်ပင် မေ့လျော့နေကြ၏။

လူတိုင်း၏ နှလုံးသားများက လည်ချောင်းဝသို့ ရောက်နေကြပြီး ဤကြောက်မက်ဖွယ်ကောင်းသော မတော်တဆမှုကြီး သူတို့ မျက်စိရှေ့တွင် ဖြစ်ပွားတော့မည်ကို အကူအညီမဲ့စွာ စောင့်ကြည့်နေကြရသည်။

ကွပ်ကဲရေးစင်တာထဲတွင် ချန်ကော်လျန့်က သူ၏ ကုလားထိုင်ပေါ်မှ ခုန်ထလိုက်ရာ သူ၏ ရေနွေးဘူးက မြေပြင်ပေါ်သို့ ခလွမ်ခနဲ ကျသွားတော့၏။ သူက အက်ကွဲနေသော အသံဖြင့် အော်ဟစ်လိုက်သည်။

“မြန်မြန်... လူနာတင်ယာဉ် ခေါ်လိုက်...”

သို့သော်လည်း နောက်ဆက်တွဲ ဖြစ်ပျက်သွားခဲ့သော အရာက လူတိုင်း၏ နားလည်ထားမှုများကို လုံးဝ ပြောင်းပြန်လှန်ပစ်လိုက်၏။

တစ်နာရီလျှင် အနည်းဆုံး ကီလိုမီတာ ၆၀ နှုန်းဖြင့် မောင်းနှင်လာသော ထိန်းချုပ်မှု ကင်းမဲ့နေသည့် ကားတစ်စီးကို ရင်ဆိုင်ရချိန်တွင် ချူးရှန့်က မည်သည့် ကြောက်လန့်မှု အရိပ်အယောင်ကိုမျှ မပြသခဲ့ချေ။ သူ၏ မျက်လုံးများက ကြောက်မက်ဖွယ်ကောင်းလောက်အောင် တည်ငြိမ်နေပြီး ဘီတဲလ်ကားလေး ကွပ်ကဲရေးစင်မြင့်ကို ဝင်မတိုက်မီ စက္ကန့်ပိုင်းအလိုတွင် သူက စတင် လှုပ်ရှားလိုက်တော့သည်။

သူက နောက်မဆုတ်သလို ရှောင်တိမ်းခြင်းလည်း မရှိဘဲ ရှေ့သို့ တစ်လှမ်း တိုးလိုက်ကာ တောင်တန်းတစ်ခုကဲ့သို့ တောင့်တင်းခိုင်မာသော သူ၏ ခန္ဓာကိုယ်ကြီးဖြင့် ကွပ်ကဲရေးစင်မြင့်နှင့် လူကူးမျဉ်းကြားကို ကာကွယ်လိုက်၏။

“ယား...”

ကြွက်သားများနှင့် ခွန်အားများကို အပြည့်အဝ ထုတ်လွှတ်လိုက်ချိန်တွင် ဖြစ်ပေါ်လာသော အလိုအလျောက် တုံ့ပြန်မှုတစ်ခုအဖြစ် ချူးရှန့်က နိမ့်ကျစွာ ဟိန်းဟောက်လိုက်သည်။ သူက သာမန်လူတစ်ယောက်ထက် အရွယ်အစားအပြည့် ပိုကြီးမားသော သူ၏ ညာဘက်လက်ကို မြှောက်လိုက်ပြီး သံယပ်တောင်ကြီးတစ်ချောင်းကဲ့သို့ လက်ချောင်းများကို ဖြန့်ကားကာ ဘီတဲလ်ကားလေး၏ ဝိုင်းစက်ကာ ချစ်စရာကောင်းသော အင်ဂျင်အဖုံးပေါ်သို့ တိကျစွာ ဖိချလိုက်၏။

[ဒင်... ပိုင်ရှင်သည် အသက်အန္တရာယ်ရှိသော တိုက်ခိုက်မှု ခြိမ်းခြောက်မှုကို ကြုံတွေ့နေရပါသည်... လှုပ်ရှားရန်မလိုသော စွမ်းရည် (စူပါခွန်အား) သည် အမြင့်ဆုံး စွမ်းအားသို့ အသက်ဝင်လာပါပြီ...]

“ဝုန်း..ကျွီ…...”

တုံးတိတိနိုင်ကာ သွားများကိုပင် ကျိန်းစက်သွားစေမည့် ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခုက လမ်းဆုံတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားတော့၏။

ချူးရှန့်၏ လက်က အင်ဂျင်အဖုံးနှင့် ထိတွေ့သွားသည့် အခိုက်အတန့်တွင် သူ့ထံမှ မျက်စိဖြင့် မြင်နိုင်သော တုန်ခါမှုလှိုင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူ၏ ခြေအောက်ရှိ ကတ္တရာလမ်းမှာ အလွန်ကြီးမားသော ရိုက်ခတ်မှုကို ခံနိုင်ရည်မရှိတော့ဘဲ ပင့်ကူအိမ်ကဲ့သို့ သေးငယ်သော အက်ကွဲကြောင်းများ ဖြစ်ပေါ်လာတော့၏။

သူတို့ဆီသို့ အရှိန်ပြင်းပြင်းဖြင့် ပြေးဝင်လာသော ဘီတဲလ်ကားလေးက မမြင်ရသော နံရံတစ်ခုကို ဝင်တိုက်မိသွားသကဲ့သို့ ဖြစ်သွားသည်။ ကား၏ အရှေ့ပိုင်းက အောက်သို့ စိုက်ကျသွားပြီး အလွန်ကြီးမားသော ခုခံမှုကြောင့် အရှေ့ဘီး နှစ်ဘီးက မြေပြင်ပေါ်တွင် ရူးသွပ်စွာ ပွတ်တိုက်သွားကာ အလွန်စူးရှသော အသံတစ်ခုကို ထုတ်လွှတ်လိုက်၏။ ဘီးများအောက်မှ ထူထဲသော အနက်ရောင် မီးခိုးလုံးကြီးနှစ်ခု ထွက်ပေါ်လာပြီး လေထုထဲတွင် လောင်ကျွမ်းနေသော ရော်ဘာနံ့များက ချက်ချင်းပင် ပြည့်နှက်သွားတော့သည်။

ကားက ရှေ့သို့ ဆက်လက် ရွေ့လျားနေဆဲ ဖြစ်သော်လည်း ၎င်း၏ အရှိန်က ရူပဗေဒ နိယာမများကို အံတုကာ အလျင်အမြန် လျော့ကျသွားခဲ့၏။

ခြောက်ဆယ်... ငါးဆယ်... သုံးဆယ်... ဆယ်…

ချူးရှန့်၏ ခန္ဓာကိုယ်က မလှုပ်မယှက် ရှိနေဆဲပင်။ အင်ဂျင်အဖုံးကို ဖိနှိပ်ထားသော သူ၏ လက်မောင်းတွင် ကြွက်သားများနှင့် သွေးကြောများက ဖောင်းကြွနေပြီး မြေပြင်နှင့် ဂဟေဆက်ထားသော သံမဏိချောင်း တစ်ချောင်းနှင့် တူလှ၏။

နောက်ဆုံးတွင် နှလုံးရပ်မတတ် သတ္တုပွတ်တိုက်သံ တစ်ခုနှင့်အတူ ပန်းရောင် ဘီတဲလ်ကားလေးက ချူးရှန့်၏ ခန္ဓာကိုယ်နှင့် ဆယ်စင်တီမီတာပင် မကွာဝေးတော့သည့် နေရာတွင် အတင်းအကျပ် ရပ်တန့်သွားရတော့သည်။

လောကကြီးတစ်ခုလုံး သေလုမတတ် တိတ်ဆိတ်သွားတော့၏။

လူတိုင်းက သူတို့ ရှေ့မှောက်ရှိ လက်တွေ့မဆန်သော မြင်ကွင်းကို မယုံကြည်နိုင်စွာဖြင့် စူးစိုက်ကြည့်နေကြသည်။ အမျိုးသားတစ်ဦးက လက်တစ်ဖက်တည်းဖြင့် အရှိန်ပြင်းပြင်း မောင်းနှင်လာသော ကားတစ်စီးကို အတင်းအကျပ် ရပ်တန့်စေခဲ့သည် မဟုတ်ပါလား။

ချူးရှန့်က သူ၏ ဆုပ်ကိုင်ထားမှုကို ဖြည်းညင်းစွာ လွှတ်လိုက်၏။

ချောမွေ့နေသော ပန်းရောင် အင်ဂျင်အဖုံးပေါ်တွင် စင်တီမီတာ အနည်းငယ် နက်သော ရှင်းလင်းသည့် လက်ငါးချောင်းရာကြီးတစ်ခုက ပေါ်လွင်နေသည်။ ခွက်ဝင်နေသော ထိုပုံစံက အကြမ်းဖက်ခြင်း၏ အလှတရားများ ပြည့်နှက်နေ၏။

ချူးရှန့်က အနည်းငယ် ထုံကျင်နေသော သူ၏ လက်များကို ခါလိုက်ရာ ယခုလေးတင် အသုံးပြုလိုက်ရသော အားထုတ်မှုများကြောင့် သူ၏ မျက်နှာက နီရဲနေပြီး သူ၏ အမူအရာကို ပို၍ လေးနက်သွားစေသည်။ သူက အင်ဂျင် လုံးဝ ပိတ်သွားပြီဖြစ်သော ယာဉ်မောင်းဘက်သို့ လျှောက်သွားကာ ကိုင်းညွတ်၍ သူ၏ လက်ဆစ်များဖြင့် ပြတင်းပေါက်ကို ခေါက်လိုက်၏။

“ရဲဘော်...”

ယခုအခါ အားစိုက်ထားရမှုကြောင့် အနည်းငယ် ပန်းနေသည့် သူ၏ အသံက နိမ့်ကျကာ အက်ကွဲနေပြီး သူက ပြောလိုက်သည်။

“ခင်ဗျားက မျဉ်းကို ကျော်လာပြီး အရှိန်လွန်နေတယ်... ကျေးဇူးပြုပြီး ခင်ဗျားရဲ့ ယာဉ်မောင်းလိုင်စင်နဲ့ ယာဉ်မှတ်ပုံတင်ကို ပြပါ...”

ကားထဲတွင် အမျိုးသမီးယာဉ်မောင်းမှာ လုံးဝ ဆွံ့အသွားတော့၏။

သူမ၏ မျက်နှာက သွေးဆုတ်ကာ ဖြူရော်နေပြီး သူမ၏ မျက်လုံးများက အရှေ့သို့ ငေးမောကြည့်နေသည်။ ကမ္ဘာမြေကို တုန်လှုပ်စေသော ရိုက်ခတ်မှုနှင့် အတင်းအကျပ် ရပ်တန့်စေမှုက သူမ၏ စိတ်ကို လုံးဝ ပိတ်ချပစ်လိုက်၏။ ပြတင်းပေါက် ခေါက်သံကို ကြားလိုက်ရသောအခါ သူမက စက်ရုပ်တစ်ရုပ်ကဲ့သို့ ခေါင်းကို လှည့်ကြည့်လိုက်ရာ “လေးနက်မှု” နှင့် “စိတ်မရှည်မှု” တို့ ထွင်းထုထားသည့် သူမနှင့် အလွန် နီးကပ်နေသော ချူးရှန့်၏ မျက်နှာကို မြင်လိုက်ရသည်။ သူမ၏ စိတ်ထဲရှိ နောက်ဆုံးကျန်နေသော အသိတရား ကြိုးမျှင်လေးက ပြတ်တောက်သွားတော့၏။

သူမ ဘာကို မြင်လိုက်ရတာလဲ။

မိစ္ဆာတစ်ကောင်က လက်ဗလာဖြင့် ကားတစ်စီးကို ဖမ်းဆွဲလိုက်သည်ကို သူမ မြင်လိုက်ရ၏။

ထိုမိစ္ဆာက သူမ၏ ကားကို အတင်းအကျပ် ရပ်တန့်စေပြီးနောက် သူမကို “စာရင်းရှင်းမည့်” အကြည့်ဖြင့်ပင် ကြည့်နေသည်ကို သူမ မြင်လိုက်ရသည် မဟုတ်ပါလား။

သူမတော့ ပြီးပြီပဲ။ သူမက ရန်မစသင့်သူကို ရန်စမိသွားပြီဖြစ်၏။ ဤလူက ယာဉ်ထိန်းရဲ လုံးဝ မဟုတ်ဘဲ ရဲဝတ်စုံ ဝတ်ထားသော စူပါမန်းသာ ဖြစ်သည်။ သို့မဟုတ်... ငရဲပြည်မှ တွားသွား၍ ထွက်လာသော မိစ္ဆာတစ်ကောင်ပင်။ သူက သူမကို သတ်တော့မည်။ သူက သူမကို အမှန်တကယ် သတ်တော့မည်မှာ သေချာလှ၏။

“အား...”

အမျိုးသမီး ယာဉ်မောင်းက နှလုံးကွဲမတတ် အော်ဟစ်လိုက်ပြီး ကားတံခါးကို တွန်းဖွင့်ကာ အပြင်သို့ လိမ့်ကျလာခဲ့သည်။ သူမက ချူးရှန့်ကိုပင် မကြည့်ရဲဘဲ သူမ၏ အိတ်ထဲမှ ကားသော့ကို ရူးသွပ်စွာ ဆွဲထုတ်လိုက်ပြီး ပူလောင်နေသော အာလူးပူပူတစ်လုံးကို လွှင့်ပစ်လိုက်သည့်အလား ချူးရှန့်၏ လက်ထဲသို့ အတင်းအကျပ် ထည့်ပေးလိုက်၏။

“အစ်ကိုကြီး... အစ်ကိုကြီး... ကျွန်မ မှားသွားပါတယ်... ကျွန်မ တကယ် မှားသွားပါတယ်...”

အမျိုးသမီး ယာဉ်မောင်းက ချက်ချင်းပင် ဒူးထောက်ချလိုက်ပြီး ချူးရှန့်၏ ခြေထောက်ကို ဖက်ကာ ရှေ့နောက်မညီစွာ ငိုယိုလိုက်သည်။

“ကား... ကားက အစ်ကိုကြီးအတွက်ပါ... ကျွန်မ ကားကို မလိုချင်တော့ဘူး... ကျွန်မရဲ့ ကတ်ထဲမှာ ယွမ်သုံးသောင်း ကျန်သေးတယ်... စကားဝှက်က ရှစ်ခြောက်လုံးပါ... အစ်ကိုကြီး အကုန်ယူလိုက်ပါ... ကျေးဇူးပြုပြီး ကျွန်မကို မသတ်ပါနဲ့... ကျွန်မမှာ ကျွေးမွေးစောင့်ရှောက်ရမယ့် သက်ကြီးရွယ်အို မိဘတွေနဲ့ ကလေးငယ်တွေ ရှိသေးတယ်... ကျွန်မ မသေချင်သေးဘူး...”

ချူးရှန့် - “...”

သူက သူ၏ ခြေထောက်ကို ဖက်ကာ အသည်းအသန် ငိုယိုနေသော အမျိုးသမီး ယာဉ်မောင်းကို ငုံ့ကြည့်လိုက်ပြီးနောက် ချစ်စရာကောင်းသော ဝက်ဝံရုပ်လေး ချိတ်ဆွဲထားသည့် ကားသော့ကို ကြည့်လိုက်ရာ လုံးဝ တွေဝေသွားတော့၏။

*ငါ... ငါက ဒဏ်ကြေးဖြတ်ပိုင်း ပေးချင်ရုံလေးပါ…*

*ဒါက ဘယ်လိုလုပ်ပြီး ဓားပြတိုက်တဲ့ မြင်ကွင်းအဖြစ် ပြောင်းလဲသွားရတာလဲ... အမျိုးသမီး... ခင်ဗျားရဲ့ ယာဉ်တိုက်မှု ဟန်ဆောင်တဲ့ လိမ်လည်မှုက သိပ်ကို ကျွမ်းကျင်ပီသလွန်းတယ်... ပြီးတော့ ကားတစ်စီးနဲ့ ယွမ် သုံးသောင်းကိုတောင် အပိုဆုအနေနဲ့ ပေးချင်သေးတာလား…*

ဤမြင်ကွင်းကို ဖုန်းများ ကိုင်ဆောင်ထားကြသော မရေမတွက်နိုင်သည့် လမ်းသွားလမ်းလာများက ထောင့်ပေါင်းစုံမှ ရိုက်ကူးထားခဲ့ကြ၏။

ဆယ်မိနစ်အတွင်း ဤဗီဒီယိုက အဓိက လူမှုကွန်ရက် ပလက်ဖောင်းများပေါ်တွင် အလွန် နာမည်ကြီးသွားခဲ့သည်။

သတင်းခေါင်းစဉ်များက ပိုပို၍ အာရုံဖမ်းစားနိုင်လာ၏။

“အံ့မခန်းသတင်း... ဝူဟန်မှ ယာဉ်ထိန်းရဲများက တကယ့် ဖတ်စ်အန် ဖျူးရီးယပ်စ်(ဇာတ်ကားနာမည်) မြင်ကွင်းကို ဖန်တီးကာ ထိန်းချုပ်မှု ကင်းမဲ့နေသော ကားတစ်စီးကို လက်ဗလာဖြင့် ရပ်တန့်စေခဲ့သည်…”

“ဝူဟန် လမ်းမများပေါ်တွင် တာမီနိတ်တာ တီ-ရှစ်ရာ(လူသားစက်ရုပ်ဇာတ်ကားနာမည်) ကို တွေ့ရှိရပြီး တရုတ်ရဲတပ်ဖွဲ့နှင့် ပူးပေါင်းသွားပြီဟု သံသယရှိရသည်”

“သမိုင်းတစ်လျှောက် အကြမ်းတမ်းဆုံး ဥပဒေ စိုးမိုးရေး - မင်း စည်းကမ်းဖောက်ရဲရင် မင်းကားကို မြေကြီးထဲ ဝင်သွားအောင် ငါကြိတ်ပစ်မယ်…”

ဗီဒီယိုအောက်ရှိ မှတ်ချက်ပေးသည့် နေရာတွင် ဆွေးနွေးမှုများ ပေါက်ကွဲထွက်လာတော့၏။

“သောက်ကျိုးနည်း... အဲဒီလက်ရာကြီး... အဲ့ဒီလူက သံလက်ဝါးကျင့်စဉ်ကိုများ ကျင့်ကြံထားတာလား...”

“အပေါ်ကလူ နောက်မနေနဲ့... ဒါက ဟာ့ခ် အလုပ်ပြုတ်သွားပြီးနောက် ဒုတိယ အလုပ်တစ်ခု ရသွားတာဆိုတာ သိသာနေတာပဲ...”

“ဒီနေ့ကစပြီး အရာရှိချူးရှန့်က ငါ့ရဲ့ နတ်ဘုရားသစ်ပဲလို့ ငါကြေညာတယ်... သူက ငါ့ကို သိပ်လုံခြုံတယ်လို့ ခံစားရစေတယ်...”

“အမျိုးသမီးယာဉ်မောင်းက အရာရှိချူးရဲ့ လက်ထဲကို ကားသော့တွေ အတင်းထည့်ပေးရင်း ငိုနေတာကို ငါတစ်ယောက်တည်း သတိထားမိတာလား... ဒ္မြင်ကွင်းက... အမျိုးသမီးတစ်ယောက်ကို ပြန်ပေးဆွဲနေတဲ့ လူမိုက်တစ်ယောက်နဲ့ ပိုတူနေတယ်...”

“ရယ်ရတယ်... အရာရှိချူးရဲ့ အတွင်းစိတ်ထဲက စကား - ငါက မင်းရဲ့ ယာဉ်မောင်းလိုင်စင် ပြခိုင်းရုံလေးပါ... မင်းက ငါ့ကို မင်းရဲ့ တစ်သက်တာလုံး ပေးချင်နေတာလား...”

ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ကွပ်ကဲရေးစင်တာထဲတွင် ချန်ကော်လျန့်က သူ၏ လက်များ တုန်ယင်နေလျက် ကုလားထိုင်ပေါ်တွင် ပြန်ထိုင်လိုက်၏။ သူက အံဆွဲထဲမှ နိုင်ထရိုဂလစ်ဆရင်း ဆေးဘူးကို ထုတ်ယူကာ ဆေးသုံးလုံးကို လောင်းချ၍ မျိုချလိုက်သည်။

စောင့်ကြည့်ကင်မရာ မှတ်တမ်းပေါ်တွင် သူက အပြစ်ကင်းစင်ပုံရပြီး သူ၏ လက်ထဲ၌ ကားသော့ကို ကိုင်ထားဆဲဖြစ်သော ချူးရှန့်ကို ကြည့်လိုက်ပြီးနောက် မြေပြင်ပေါ်တွင် ဒူးထောက်နေကာ ထ,ရန် ငြင်းဆန်နေသည့် အမျိုးသမီး ယာဉ်မောင်းနှင့် ယာဉ်ကြောကို စတင် ထိခိုက်လာပြီဖြစ်သော ပိုမို များပြားလာသည့် စောင့်ကြည့်နေသူများကို ကြည့်လိုက်ရာ သူ၏ နားထင်များ တဒိတ်ဒိတ် ခုန်နေသည်ကို ခံစားလိုက်ရ၏။

“ပြီးသွားပြီ...”

ချန်ကော်လျန့်က သူ့ကိုယ်သူ တီးတိုးရေရွတ်လိုက်သည်။

“အခုကစပြီး အဲ့လမ်းဆုံမှာ မီးပွိုင့်တွေ သုံးစရာ မလိုတော့ဘူး... သူ့ရဲ့ ဓာတ်ပုံနဲ့ ‘ဘာကြည့်နေတာလဲ’ ဆိုတဲ့ စကားလုံးတွေ ပါတဲ့ ဆိုင်းဘုတ်တစ်ခုကို ထောင်ထားလိုက်ရုံပဲ... အဲဒါက တခြား အရာအားလုံးထက် ပိုပြီး ထိရောက်လိမ့်မယ်...”

ချူးရှန့်က အမျိုးသမီးယာဉ်မောင်းကို ဆွဲထူရန် အကူအညီမဲ့စွာ ကြိုးစားနေဆဲ အချိန်မှာပင် စနစ်၏ အသိပေးသံက နောက်ဆုံးတွင် ရောက်ရှိလာခဲ့၏။

[ဒင်... ကြီးမားသော ယာဉ်မတော်တဆမှုကို အောင်မြင်စွာ တားဆီးနိုင်ခဲ့ပြီး ပြည်သူများ၏ အသက်နှင့် အိုးအိမ်စည်းစိမ်ကို ကာကွယ်နိုင်ခဲ့သည့်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါသည်... ခြိမ်းခြောက်နိုင်စွမ်းတန်ဖိုး +၈၀၀၀...]

[ဒင်... အထူးအောင်မြင်မှု (လမ်းပေါ်မှ တာမီနိတ်တာ) ကို ရရှိသွားသည့်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါသည်... ဆုလာဘ် - လှုပ်ရှားရန်မလိုသော စွမ်းရည် (အခြေခံ ယာဉ်များအပေါ် ခြိမ်းခြောက်နိုင်သော အငွေ့အသက်)...]

[စွမ်းရည် ဖော်ပြချက် - အခြေခံ ယာဉ်များအပေါ် ခြိမ်းခြောက်နိုင်သော အငွေ့အသက် (လှုပ်ရှားရန်မလိုသော စွမ်းရည်) - သင်က လမ်းပေါ်တွင် ပေါ်လာသောအခါ သင်၏ ရှိနေမှုကိုယ်တိုင်က တိတ်ဆိတ်သော သတိပေးချက်တစ်ခု ဖြစ်သည်။ အာနိသင် - မီတာ ၅၀ ပတ်လည်အတွင်းရှိ စက်တပ်ယာဉ်နှင့် စက်တပ်မဟုတ်သော ယာဉ်မောင်းများ အားလုံး၏ ရန်လိုမှုက ၃၀ ရာခိုင်နှုန်း လျော့ကျသွားမည်ဖြစ်ပြီး ဥပဒေချိုးဖောက်လိုသော သူတို့၏ စေ့ဆော်မှုက ၅၀ ရာခိုင်နှုန်း လျော့ကျသွားမည်ဖြစ်ကာ သူတို့က ဟွန်းကို မဆင်မခြင် မတီးရဲကြတော့ပေ။ မှတ်ချက် - ယခုမှစ၍ သင်သည် လမ်းပေါ်မှ ‘တိတ်ဆိတ်ခြင်း၏ ဘုရင်’ ဖြစ်သည်။]

ချူးရှန့်က စနစ်၏ ဆုလာဘ်ကို နားထောင်လိုက်ပြီး သူ့ရှေ့မှောက်ရှိ ရှုပ်ပွနေမှုများကို ကြည့်ကာ ငိုချင်စိတ် ပေါက်သွားတော့၏။

*ငါ တကယ်ပဲ... ယာဉ်ကြောကို ကောင်းကောင်းမွန်မွန် ရှင်းလင်းချင်ရုံလေးပါ…*

အခန်း(၃၄) ငါ မမူးဘူး... နွားခေါင်းနဲ့ မြင်းမျက်နှာကို ငါ မြင်လိုက်တယ်…

ချူးရှန့်၏ “ဘီတဲလ်ကားကို လက်ဗလာဖြင့် ရပ်တန့်စေခဲ့ခြင်း” ဟူသော စွမ်းဆောင်ရည်က အင်တာနက်ပေါ်တွင် နာမည်ကြီးသွားပြီးကတည်းက ကျဲ့ဖန့်လမ်းဆုံ၏ ယာဉ်ကြောအခြေအနေက ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်သွားခဲ့၏။

နေ့ခင်းဘက်တွင် ချူးရှန့်က ကွပ်ကဲရေးစင်မြင့်ပေါ်တွင် ရပ်လိုက်သည်နှင့် တစ်ပြိုင်နက် လမ်းဆုံတစ်ခုလုံးက စာကြည့်တိုက်တစ်ခုကဲ့သို့ တိတ်ဆိတ်သွားပြီး ယာဉ်အားလုံးက စွဲလမ်းမှုလွန်ကဲနေသည့် သဘောထားမျိုးဖြင့် လိမ္မာရေးခြားရှိကာ အလွန်ဂရုတစိုက် မောင်းနှင်ကြတော့သည်။ ချန်ကော်လျန့်က ထိုလမ်းဆုံအပြင် ပတ်ဝန်းကျင်ရှိ လမ်းအချို့၏ ယာဉ်မတော်တဆမှုနှုန်းက သိသိသာသာ ထိုးကျသွားသည်ကိုပင် သတိထားမိလိုက်၏။ တစ်ခုတည်းသော ဘေးထွက်ဆိုးကျိုးမှာ ယာဉ်မောင်းများ၏ လွန်ကဲသော “ယဉ်ကျေးမှု” နှင့် “သတိထားမှု”တို့ကြောင့် တစ်ခါတစ်ရံတွင် ယာဉ်ကြော ဖြတ်သန်းမှု စွမ်းဆောင်ရည် အနည်းငယ် လျော့ကျသွားခြင်းပင် ဖြစ်သည်။

သို့သော် ပြဿနာသစ်တစ်ခု ပေါ်လာခဲ့၏။ ချူးရှန့်၏ “ကျော်ကြားမှု” က အလွန် ကြီးမားလွန်းသဖြင့် သူ တာဝန်ထမ်းဆောင်နေချိန်တွင် မရေမတွက်နိုင်သော နိုင်ငံသားများနှင့် အင်တာနက် ဆယ်လီများက လာရောက် ကြည့်ရှုကြပြီး ဓာတ်ပုံရိုက်ခြင်းနှင့် တိုက်ရိုက်ထုတ်လွှင့်ခြင်းများ ပြုလုပ်ကြရာ ပုံမှန်ယာဉ်အသွားအလာ စည်းစနစ်ကို ပြင်းပြင်းထန်ထန် ထိခိုက်လာတော့သည်။

ချန်ကော်လျန့်မှာ ဘာလုပ်ရမှန်း မသိတော့ဘဲ အများကြီး တွေးတောပြီးနောက် အခြား ထက်မြက်သောအကြံဉာဏ်တစ်ခုကို ရရှိသွားခဲ့၏။

ချန်ကော်လျန့်က ချူးရှန့်ကို သူ၏ ရုံးခန်းထဲသို့ ခေါ်ကာ လေးနက်စွာ ပြောလိုက်သည်။

“ချူးရှန့်... မင်းက နေ့ခင်းဘက်ဆို အရမ်း သိသာလွန်းနေတယ်... ဒါကြောင့် ဒီနေ့ကစပြီး မင်း ညဆိုင်းကိုပြောင်းပြီး အရက်မူးပြီး ကားမောင်းတာတွေကို စစ်ဆေးဖို့ ညကင်းလှည့် တပ်ဖွဲ့နဲ့ ပူးပေါင်းရမယ်...”

သူ၏ စိတ်ထဲတွင် တွက်ချက်မှုများက ပြေးလွှားနေ၏။ ညဘက် မှောင်မိုက်နေချိန် အလင်းရောင် မှေးမှိန်နေချိန်တွင် ချူးရှန့်၏ ရုပ်ရည်က အလွန်အမင်း ခြိမ်းခြောက်နိုင်စွမ်း နည်းပါးသွားလိမ့်မည်။ ထို့အပြင် အရက်မူးပြီး ကားမောင်းသူများကို စစ်ဆေးသည့် ဂိတ်များကို လူသူကင်းဝေးသော နေရာများတွင် ချထားလေ့ရှိသဖြင့် လူစုလူဝေး ဖြစ်ပေါ်မည် မဟုတ်ချေ။ ဤနည်းအားဖြင့် ကျယ်ပြန့်သော အထိတ်တလန့် ဖြစ်မှုများကို မဖြစ်စေဘဲ စည်းကမ်းကို ထိရောက်စွာ ထိန်းသိမ်းနိုင်မည်ဖြစ်သည်။ ပြီးပြည့်စုံသွားပြီဖြစ်၏။

ချူးရှန့်က ဤအရာကို ကန့်ကွက်စရာမရှိချေ။ တော်လှန်ရေးတွင် အုတ်မြစ်တစ်ခုကဲ့သို့ သူက လိုအပ်သည့် နေရာတိုင်းသို့ ပြောင်းရွှေ့ခံရမည် ဖြစ်သည်။

ထိုညကား လမိုက်ညဖြစ်နေပြီး လေပြင်းများက တဟူးတဟူး တိုက်ခတ်နေ၏။

ကျန်းချန်မြို့ ဆင်ခြေဖုံးရှိ လမ်းမကြီးတစ်ခုပေါ်တွင် တလက်လက် တောက်ပနေသော အနီနှင့် အပြာ ရဲကားမီးရောင်များဖြင့် ရဲကားအချို့က ယာယီ စစ်ဆေးရေးဂိတ်တစ်ခုကို ဖန်တီးထားသည်။ လေထုထဲတွင် အနည်းငယ် ချမ်းစိမ့်စိမ့်ဖြစ်နေပြီး ငယ်ရွယ်သော အရန်ရဲအရာရှိအချို့က အေးစက်သော လေထုထဲတွင် သူတို့၏ လက်များကို ပွတ်သပ်နေကြကာ သူတို့၏ အသက်ရှူငွေ့များက အခိုးအငွေ့များအဖြစ် ထွက်ပေါ်နေ၏။

ချူးရှန့်က နောက်ဆုံးရဲကား၏ အရိပ်ထဲတွင် နေရာချထားခံရပြီး သူ၏ တာဝန်က “စည်းကို ထိန်းထားရန်” ဖြစ်သည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူက ပူးပေါင်းဆောင်ရွက်မှု မရှိသော ပြဿနာရှာသူများကို ဝင်ရောက်၍ “ဖိနှိပ်” ရန် ဖြစ်၏။

စစ်ဆေးမှုက ချောမွေ့စွာ ပြီးဆုံးသွားပြီး ယာဉ်မောင်းအများစုက ပူးပေါင်းဆောင်ရွက်ကြသည်။ သန်းခေါင်ယံအချိန်ခန့်တွင် အနက်ရောင် BMW X5 ကားတစ်စီးက ယိမ်းယိုင်ကာ ရောက်ရှိလာ၏။

ငယ်ရွယ်သော အရန်ရဲအရာရှိတစ်ဦးက ရှေ့သို့ ထွက်လာကာ အလေးပြုလိုက်ပြီး ကားကို ရပ်တန့်ရန် အချက်ပြလိုက်သည်။

ကားပြတင်းပေါက် ပွင့်သွားသည်နှင့် တစ်ပြိုင်နက် ဈေးပေါသော ရေမွှေးနံ့များနှင့် ရောနှောနေသည့် ပြင်းထန်သော အရက်နံ့များက သူ့ကို ရိုက်ခတ်သွား၏။ ယာဉ်မောင်းနေရာတွင် အရက်နံ့များ နံစော်နေပြီး လည်ပင်းတွင် ရွှေဆွဲကြိုးတုတ်တုတ်ကြီး ဆွဲထားကာ လက်မောင်းပေါ်တွင် နဂါးတက်တူး ထိုးထားသော ခန္ဓာကိုယ်တုတ်ခိုင်သည့် အမျိုးသားတစ်ဦးက သူ့ကို မကြည်လင်သော မျက်လုံးများဖြင့် စူးစိုက်ကြည့်နေသည်။

အရန်ရဲအရာရှိက ယဉ်ကျေးစွာ ပြောလိုက်၏။

“မင်္ဂလာပါ လူကြီးမင်း... ကျွန်တော်တို့က ပုံမှန် စစ်ဆေးမှု လုပ်ဆောင်နေတဲ့ ယာဉ်ထိန်းရဲ အရာရှိတွေပါ... ကျေးဇူးပြုပြီး ခင်ဗျားရဲ့ အင်ဂျင်ကိုပိတ်ပြီး ယာဉ်မောင်းလိုင်စင်နဲ့ ယာဉ်မှတ်ပုံတင်ကို ပြပါ...”

“စစ်ဆေးမယ်... မင်းအမေဖင်ကိုသွားစစ်...”

တက်တူးနှင့် အရက်မူးနေသူက လုံးဝ မူးယစ်နေသည်မှာ သိသာလှပြီး သူ၏ လျှာများ အာလေးနေ၏။ သူက ကားတံခါးကို တွန်းဖွင့်ကာ ယိုင်တိုင်တိုင်ဖြင့် ဆင်းလာပြီး အရန်ရဲအရာရှိ၏ နှာခေါင်းကို လက်ညှိုးထိုးကာ ကျိန်ဆဲလိုက်သည်။

“ငါ ဘယ်သူလဲဆိုတာ မင်းသိလား... ဟမ်... ကျန်းချန်မြို့မှာ သူတို့ မမွေးခင်ကတည်းက ငါ့ကားကို ဘယ်သူမှ မတားရဲဘူး... ငါ့ရှေ့ကနေ ထွက်သွားစမ်း...”

စကားပြောနေရင်း သူက အရန်ရဲအရာရှိကို တွန်းလိုက်၏။

ငယ်ရွယ်သော အရန်ရဲအရာရှိမှာ အတွန်းခံလိုက်ရသဖြင့် ယိုင်ထိုးသွားပြီး သူ၏ မျက်နှာက နီရဲသွားသော်လည်း သူက စိတ်ရှည်လက်ရှည်ဖြင့် သတိပေးနေဆဲ ဖြစ်သည်။

“လူကြီးမင်း... ကျေးဇူးပြုပြီး ကျွန်တော်တို့ရဲ့ အလုပ်ကို ပူးပေါင်းဆောင်ရွက်ပေးပါ... ခင်ဗျားက အရက်မူးပြီး ကားမောင်းတာနဲ့ တရားဝင် တာဝန်ဝတ္တရား နှောင့်ယှက်မှုတွေနဲ့ သံသယရှိပါမယ်...”

“မင်းအဖေ ငါက နှောင့်ယှက်နေတယ်ပေါ့လေ...”

အရက်အရှိန်ကြောင့် အရက်မူးနေသူက ပို၍ မောက်မာလာပြီး ရိုက်ရန် လက်ကို မြှောက်လိုက်၏။

“မြင်းနတ်မင်းကြီးမှာ မျက်လုံးဘယ်နှစ်လုံး ရှိသလဲဆိုတာ ဒီနေ့ မင်းကို ငါပြမယ်...”

ထိုစဉ် သူ၏ အနောက်ဘက် အရိပ်ထဲမှ နိမ့်ကျကာ ခံစားချက်မဲ့နေသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

“မင်းက ဘယ်သူလဲ...”

အသံက မကျယ်လောင်သော်လည်း ရေခဲချွန်တစ်ခုကဲ့သို့ ည၏ တိတ်ဆိတ်မှုကို ချက်ချင်း ဖောက်ထွင်းသွားပြီး ထိုနေရာတွင် ရှိနေသူအားလုံး၏ ကျောရိုးတစ်လျှောက် ကြက်သီးထသွားစေ၏။

တက်တူးနှင့် အရက်မူးနေသူက အေးခဲသွားပြီးနောက် မည်သည့် အရူးက သူ၏ ကိစ္စကို ဝင်စွက်ဖက်ရဲသနည်း ဟု ကြည့်ရန် မထီမဲ့မြင်ပြုကာ လှည့်ကြည့်လိုက်သည်။

သူ၏ အနောက်ဘက် ရဲကား၏ အရိပ်ထဲမှ ကြီးမားသော ပုံရိပ်ကြီးတစ်ခုက ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့၏။ ထိုပုံရိပ်က အလွန် အရပ်ရှည်ပြီး တုတ်ခိုင်လှသဖြင့် သူ ထွက်လာချိန်တွင် ပတ်ဝန်းကျင်ရှိ အလင်းရောင်အချို့ကို မျိုချလိုက်သကဲ့သို့ ဖြစ်နေသည်။ သူက တစ်လှမ်းချင်း လျှောက်လာပြီး သူ၏ အရပ်ရှည်သော ခန္ဓာကိုယ်က အရက်မူးနေသူကို လုံးဝ ဖုံးကွယ်သွားကာ သူချပေးလိုက်သော အရိပ်က အရက်မူးနေသူကို အလုံးစုံ လွှမ်းခြုံသွားတော့၏။

အရက်မူးနေသူက အလိုအလျောက် သိစိတ်ဖြင့် ခေါင်းကို မော့ကြည့်လိုက်သည်။

မှေးမှိန်နေသော လမ်းမီးရောင်များက ပုံရိပ်၏ အနောက်ဘက်မှနေ၍ တစောင်း ထိုးကျနေပြီး အလင်းပြန်ခြင်း အာနိသင်ကို ဖန်တီးနေ၏။ သူက ထိုလူ၏ အပြည့်အဝ ရုပ်ရည်ကို မမြင်နိုင်ဘဲ အနက်ရောင်သံမဏိမျှော်စင်ကြီး တစ်ခုကဲ့သို့သော အရိပ်ကိုသာ မြင်တွေ့နေရသည်။

အရက်မူးနေသူက စတင်ကျိန်ဆဲရန် ပြင်လိုက်၏။

“မင်း သောက်...”

ဧရာမပုံရိပ်ကြီးက သူ၏ ခေါင်းကို အနည်းငယ် ငုံ့လိုက်ရာ သူ၏ မျက်နှာက နောက်ဆုံးတွင် အရိပ်များထဲမှ ထွက်ပေါ်လာပြီး မှေးမှိန်နေသော အလင်းရောင်အောက်တွင် ပေါ်လွင်လာခဲ့သည်။

[ဒင်... ပိုင်ရှင်သည် ရာဇဝတ်ကောင်များကို ခြောက်လှန့်နေကြောင်း ထောက်လှမ်းသိရှိရပါသည်... ကြောက်ရွံ့မှု အငွေ့အသက် အသက်ဝင်လာပါပြီ...]

[ဒင်... လက်ရှိ ပတ်ဝန်းကျင်မှ အာနိသင်များတွင် ညဘက် အရိပ်များ +၄၀ ရာခိုင်နှုန်း ၊ အလင်းပြန်ခြင်း ဖိအား +၆၀ ရာခိုင်နှုန်း ၊ နာမည်ဆိုးဖြင့် ကျော်ကြားခြင်း (ရာဇဝတ်ကောင် ဒဏ္ဍာရီ) +၅၀ ရာခိုင်နှုန်း ပါဝင်ပါသည်... အာသုရာ၏ ရုပ်သွင် အာနိသင်ကို အလိုအလျောက် ဖွင့်လှစ်ပြီးပါပြီ...]

စနစ်၏ အထူးအာနိသင်များနှင့်အတူ တက်တူးနှင့် အရက်မူးနေသူက သူ ဘယ်တော့မှ မေ့ပျောက်နိုင်မည် မဟုတ်သော မျက်နှာတစ်ခုကို မြင်လိုက်ရ၏။

ထိုအရာက လူသားတစ်ယောက်၏ မျက်နှာ မဟုတ်ချေ။

တလက်လက် တောက်ပနေသော အလင်းရောင်နှင့် ယှက်နွယ်နေသော အရိပ်များကြားတွင် ထိုမျက်နှာ၏ အသွင်အပြင်များက ပုံပျက်နေပြီး အလွန်အမင်း ကြီးမားနေသည်။ သူ၏ ဘယ်ဘက် မျက်ခုံးရိုးပေါ်ရှိ အမာရွတ်က လူးလွန့်နေသော အသက်ရှင်သည့် သွေးရောင် ကင်းခြေများတစ်ကောင်နှင့် တူလှ၏။ ချိုင့်ဝင်နေသော သူ၏ မျက်လုံးများတွင် မျက်ဖြူလွှာများမရှိဘဲ ငရဲမီးများ လောင်ကျွမ်းနေသည့်အလား ထူးဆန်းသော အလင်းရောင်များရှိနေသည့် စက်လုံး နှစ်လုံးသာ ရှိသည်။ သူ၏ နှုတ်ခမ်းများက အနည်းငယ် ဟနေပြီး တလက်လက် တောက်ပနေသော သွားဖြူဖြူများကို ပေါ်လွင်နေစေကာ မိစ္ဆာတစ်ကောင်ထက် ပို၍ ကြောက်မက်ဖွယ်ကောင်းသော အပြုံးတစ်ခုကို ဖန်တီးထား၏။ သူ၏ မျက်နှာတစ်ခုလုံးက ဒဏ္ဍာရီလာ ငရဲကန်ထဲမှ မိစ္ဆာ သို့မဟုတ် တစ္ဆေတစ်ကောင်နှင့် တူလှပြီး အဆုံးမဲ့ အကြမ်းဖက်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် သေမင်းတမန် အငွေ့အသက်များ ပြည့်နှက်နေသည်။

“ဂလု...”

တက်တူးနှင့် အရက်မူးနေသူက တံတွေးကို အခက်အခဲ မျိုချလိုက်ပြီး မမြင်ရသော လက်တစ်ဖက်က သူ၏ လည်ချောင်းကို ဆုပ်ကိုင်ထားသကဲ့သို့ ခံစားလိုက်ရ၏။

အရက်ကြောင့် သူ၏ စိတ်ထဲတွင် ဖြစ်ပေါ်နေသော ရှုပ်ထွေးမှုနှင့် မောက်မာမှုများက သူ၏ ဝိညာဉ်၏ နက်ရှိုင်းသော နေရာမှ လာသည့် အခြေခံ ကြောက်ရွံ့မှုတစ်ခုကြောင့် ချက်ချင်းပင် ဆေးကြောခံလိုက်ရသည်။

သူ၏ သူငယ်အိမ်များက ပြင်းထန်စွာ ကျုံ့သွားပြီး သူ၏ သွေးများက ချက်ချင်း အေးခဲသွားကာ နောက်တစ်စက္ကန့်တွင် ပြန်လည် ဆူပွက်လာပြီး ချွေးစေးများအဖြစ် ပြောင်းလဲသွားကာ ချွေးပေါက်တိုင်းမှ ရူးသွပ်စွာ စိမ့်ထွက်လာတော့၏။

ဦးနှောက်က အတင်းအကျပ် ပြန်လည် စတင်ရန် ဖိအားပေးခံလိုက်ရသည်။

*ငါ ဘယ်ရောက်နေတာလဲ…*

*ငါ အိမ်ကို ကားမောင်းပြန်နေတာ မဟုတ်ဘူးလား…*

*ဘယ်လို... ငါ ဒီနေရာကို ဘယ်လိုလုပ် ရောက်လာတာလဲ…*

*အဲ့ဒါက ဘာလဲ... ပြာနှမ်းနေတဲ့ မျက်နှာနဲ့ အစွယ်တွေပါပြီး ယမ်းနံ့တွေ ထွက်နေတဲ့ ဒီဘီလူးကြီးက…*

ယုတ္တိမတန်ကာ ကြောက်မက်ဖွယ်ကောင်းသော အတွေးတစ်ခုက သူ၏ ရှုပ်ထွေးနေသော စိတ်ထဲသို့ လျှပ်စီးလက်သကဲ့သို့ ဝင်ရောက်လာခဲ့၏။

သူ မှတ်မိသွားပြီ။ လွန်ခဲ့သော မိနစ်အနည်းငယ်က ကာရာအိုကေ ဘားတစ်ခုတွင် သူက ခွက်တစ်ထောင် သောက်ရင်တောင် မမူးဘူးလို့ သူငယ်ချင်းများကို ကြွားလုံးထုတ်ခဲ့ပြီး အရက်အနည်းငယ် သောက်ပြီးတာတောင် ဒုတိယ အဝိုင်းပတ်လမ်း တစ်လျှောက် ကားမောင်းနိုင်သေးတယ်လို့ ပြောခဲ့သည်။ ပြီးတော့ သူ တကယ်ပဲ အရက် အများကြီး သောက်ခဲ့၏။

*ဖြစ်နိုင်တာက…*

*ငါ အရမ်း မူးနေတာလား…*

*ငါက အရက်မူးပြီး ကားမောင်းလို့ ယာဉ်တိုက်မှုဖြစ်ပြီး သေသွားတာလား... ဒါဆို အခု... ငါက ငရဲပြည် ရောက်နေတာလား…*

*ဒါက... ဒဏ္ဍာရီလာ နွားခေါင်းနဲ့ မြင်းမျက်နှာဆိုတဲ့ ဝိညာဉ်ရိတ်သိမ်းတဲ့ မိစ္ဆာတွေလား... ဒါမှမဟုတ်... ယာမကိုယ်တိုင်လား…*

ထိုအတွေး ဝင်လာသည်နှင့် တစ်ပြိုင်နက် တောမီးကဲ့သို့ ပြန့်နှံ့သွားပြီး သူ၏ စိတ်တစ်ခုလုံးကို ချက်ချင်းပင် လွှမ်းမိုးသွားတော့၏။ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ တလက်လက် တောက်ပနေသော အနီနှင့် အပြာ ရဲကားမီးရောင်များက ငရဲပြည်မှ မီးတစ္ဆေများကဲ့သို့ သူ့အတွက် ထင်ယောင်ထင်မှား ဖြစ်စေသည်။ ဝတ်စုံပြည့် ဝတ်ဆင်ထားသော ယာဉ်ထိန်းရဲများက သံကြိုးများကို ဝှေ့ယမ်းနေသည့် သေမင်းတမန်များကဲ့သို့ သူ့အတွက် ထင်ယောင်ထင်မှား ဖြစ်စေ၏။

ထို့အပြင် သူ့ရှေ့မှောက်ရှိ ချူးရှန့်က သူ့ကို တရားစီရင်နေသော ငရဲမင်းယာမမှလွဲ၍ အခြားမည်သူမျှ မဖြစ်နိုင်ချေ။

တက်တူးနှင့် အရက်မူးနေသူ၏ ခြေထောက်များက ထိန်းမရသိမ်းမရ တုန်ယင်လာပြီး သူ၏ သွားများက ရိုက်ခတ်ကာ ကြောက်မက်ဖွယ်ကောင်းသော “တကျွတ်ကျွတ်” အသံကို ထုတ်လွှတ်နေ၏။ လွှမ်းမိုးနေသော အရက်နံ့များက သူ၏ ခန္ဓာကိုယ်မှ ချက်ချင်း ထွက်ပေါ်လာသော ချွေးစေးများနှင့်အတူ လေထုထဲသို့ အလျင်အမြန် ပျောက်ကွယ်သွားတော့သည်။

သုံးစက္ကန့်အတွင်းမှာပင် သူက အလွန်တရာ ကြောက်လန့်သွားပြီး အမူးပြေသွားတော့၏။

All Chapters