တတိယသခင်လေး
Vol. 5 Ch. 260
လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က။
အသက်ငါးနှစ်လောက်ပဲရှိဦးမယ့် ကောင်လေးတစ်ယောက်က စံအိမ်ကြီးတစ်ခုရဲ့ပန်းခြံနောက်မှာ သစ်တုံးတွေကိုလက်နဲ့ထွင်းပြီး ငှက်ရုပ်လေးတစ်ခုလုပ်နေခဲ့တယ်။ သာမန်ငှက်ရုပ်မဟုတ်ဘဲ စက်ယန္တရားတွေပါဝင်တယ်။
လက်စသတ်ပြီးသွားတဲ့နောက်မှာတော့ ကောင်လေးက ငှက်ကလေးကို စမ်းသပ်ပြီးပစ်လွှတ်ကြည့်လိုက်တယ်။ လေအဝေ့မှာ ငှက်ကလေးရဲ့အတောင်ပံတွေ တဖျတ်ဖျတ် ခတ်သွားပြီးတော့ သူ့အနားမှာအတော်ကြာအောင် ဝဲပျံနေပြီးမှ မြေပေါ်ကို ပြန်ပြုတ်ကျလာတယ်။ အစကနေအဆုံးအထိ မှော်ပညာမပါဝင်ခဲ့ပေမဲ့ ငှက်ကလေးရဲ့လှုပ်ရှားမှုတွေက မှော်ဝင်နေခဲ့တာကြောင့် ကောင်လေးရဲ့မျက်နှာပေါ်မှာ အပြုံးပေါ်လာတယ်။
“မေမေရေ.. မေမေ၊ ဒီမှာသားလုပ်ထားတာကြည့်ပါဦး။” ကောင်လေးက အရုပ်ကိုပြန်ကောက်ယူလိုက်ပြီး စံအိမ်ဝင်းထဲက လေသာဆောင်မှာ ထိုင်နေတဲ့ ကျက်သရေရှိလှတဲ့ သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်ဆီကို ပြေးသွားလိုက်တယ်။
“သားအစ်ကိုရှာပေးထားတဲ့ ဒါဗင်ချီစာအုပ်ထဲက ငှက်ရုပ်လေးကို လုပ်ထားတာလား။”
“အင်း....”
အမေဖြစ်ပုံရတဲ့ အဲဒီအမျိုးသမီးကြီးက ချီးကျူးလိုက်တဲ့အတွက် ကောင်လေးက ချစ်စဖွယ်ပြုံးလိုက်ပြီး မိခင်ရဲ့ရင်ခွင်ထဲကို တိုးဝင်လိုက်တယ်။ အမျိုးသမီးဟာ ရှိသင့်တာထက်ပိန်ပါးပြီး ကျန်းမာရေးမကောင်းပုံပေါ်ပေမဲ့ ကလေးကိုချစ်ခင်စွာနဲ့ ပြန်ဖက်ထားလိုက်တာပေါ့။
“သခင်မကြီးရှင့်၊ သခင်ကြီးက ဧည့်ခန်းထဲလာဖို့ ခေါ်ထားပါတယ်။”
မကြာခင်မှာပဲ အိမ်စေတစ်ယောက်က သူတို့ကို အစီရင်ခံတယ်။ အမျိုးသမီးနဲ့ကောင်လေးတို့က အိမ်စေရဲ့နောက်ကနေလိုက်လို့ ဧည့်ခန်းဆီကိုသွားကြတယ်။ ဧည့်ခန်းထဲမှာတော့ ကောင်လေး ရင်းနှီးနေတဲ့သူတွေအပြင် မရင်းနှီးတဲ့သူတွေပါရှိနေပါတယ်။
ရင်းနှီးနေတဲ့သူတွေအနေနဲ့ဆိုရင်တော့ သူ့ထက် ဆယ်နှစ်ပိုကြီးတဲ့ အစ်ကိုဖြစ်သူနဲ့ ဆံပင်တွေဖြူဖွေးနေပြီဖြစ်တဲ့ ဖခင်ဖြစ်သူပေါ့။ ကောင်လေးက ဖခင်ဆီကိုပြေးသွားလိုက်ပြီး ပေါင်ပေါ် တက်ထိုင်တယ်။
“ဖေဖေ... သားဘာလုပ်ထားလဲ ကြည့်...” ကောင်လေးက ငှက်ရုပ်ကိုပြလိုက်တော့ ဖခင်ဖြစ်သူက ရယ်မောလိုက်ပြီး ငှက်ရုပ်ကို သူ့လက်ထဲကယူကာ စားပွဲပေါ်တင်လိုက်တယ်။ စိတ်မဝင်စားတဲ့သဘောမလို့ ကောင်လေးကစိတ်ကောက်ပြီး အခန်းထဲကိုဝေ့ဝိုက်ကြည့်လိုက်တာပေါ့။
ဦးထုပ်ဝိုင်းကြီးဆောင်းထားပြီး တုတ်ကောက်ကို လက်မှာကိုင်ထားတဲ့ အပြာရောင်မျက်လုံးတွေနဲ့လူရယ် သူ့ထက်နည်းနည်းလေးပဲပိုကြီးပုံရတဲ့ ကြောက်နေပုံပေါ်တဲ့ ကလေးမလေးတစ်ယောက်ရယ် ရှိနေတယ်။ အဲဒီကောင်မလေးမှာ သူနဲ့တူတဲ့ မျက်နှာပေါက်မျိုးရှိပေမဲ့ ဆံပင်ကအနီရောင်ဖြစ်ပြီး အနီရောင်ကြားထဲမှာ ဆံပင်ပြာ တချို့တလေပဲရှိနေတာ။
“မွန်ဆီယာရော့ဝဲလ်... ရှင့်မှာအလုပ်တွေများလွန်းလို့ ဒီကို မလာဖြစ်ဘူးထင်နေတာ။”
ကောင်လေးရဲ့မေမေက အဲဒီလူကြီးကို နှုတ်ဆက်လိုက်တယ်။ လူကြီးကအသိအမှတ်ပြုတဲ့အနေနဲ့ပြန်ပြုံးပြပေမဲ့ အသက်မပါဘူး။ သူ့ကိုကြည့်ရတာ သိပ်ကိုပင်ပန်းနေသလိုပဲ။ သူက ကောင်မလေး လက်ကိုကိုင်ပြီး ကလေးမလက်ကလက်စွပ်ကို အားလုံးမြင်အောင် ပြလိုက်တယ်။
“ကျုပ်မှာ အမှောင်ကျောင်းတော်ရဲ့တာဝန်တွေရှိနေပေမဲ့ ဒီကိုထွက်လာရတဲ့အကြောင်းအရင်းကတော့ ဒီလက်စွပ်လေး တစ်ခုကြောင့်ပါပဲ။ ရေကျောင်းတော်ရဲ့ရေသူမမျက်ရည် လက်စွပ်မဟုတ်လား။ ဒါမျိုးက ဖျက်သိမ်းခံရခါနီး မိဘမဲ့ကျောင်းတစ်ခုက ကလေးတစ်ယောက်ဆီမှာ အလိုလိုရှိနေသင့်တဲ့အရာမျိုးမဟုတ်ဘူး။”
ကောင်လေးက အဲဒီလက်စွပ်ကို ကြည့်နေခဲ့တယ်။လက်စွပ်နဲ့ ကလေးမလေးက ချစ်စရာကောင်းသလို လက်စွပ်ကလည်း လှတယ်ဆိုပေမဲ့ လက်စွပ်ကိုလူကြီးတွေမြင်တာနဲ့ အခန်းရဲ့လေထု အပူချိန်က ကျဆင်းသွားသလိုပဲ။
ကောင်လေးရဲ့အမေက အဖေဖြစ်သူကို မျက်နှာထားမာမာနဲ့ ကြည့်လိုက်တယ်။
“ဟိုင်းနရစ်... ရှင်ပြောတော့ အဲဒီလက်စွပ်က ပျက်စီးသွားပြီဆို။”
ဟိုင်းနရစ်လို့အခေါ်ခံလိုက်ရတဲ့ ကောင်လေးရဲ့အဖေကလည်း မည်းမှောင်နေတဲ့မျက်နှာနဲ့ငေးငိုင်နေခဲ့ပေမဲ့ အတန်ကြာပြီးနောက် သက်ပြင်းချလိုက်ပြီး အားလုံးကိုရှင်းပြလိုက်ပါတော့တယ်။
“ကိုယ် လွန်ခဲ့တဲ့ခြောက်နှစ်ခုနစ်နှစ်လောက်က လုပ်ငန်းကိစ္စနဲ့ ပါရီမြို့ကိုသွားခဲ့ဖူးတယ်။ ပါတီပွဲတစ်ခုမှာ ဆံပင်နီနဲ့ ကချေသည်မလေးကို ကိုယ်စွဲလမ်းမိသွားပြီ....”
“ဟိုင်းနရစ်... ရှင်နဲ့ကျွန်မ လက်ထပ်ထားတာ နှစ်နှစ်ဆယ် ကျော်နေပြီလေ။ ပြီးတော့ မိဘတွေပေးထားလို့ယူတာမဟုတ်ဘဲ ရှင်ချစ်လို့ ကျွန်မကိုရွေးချယ်ခဲ့တာမဟုတ်ဘူးလား။”
စုံတွဲနှစ်ယောက်စကားများနေတဲ့အတွက် ကောင်လေးလည်း နေစရာမရှိတော့ဘူး။ ပြောရရင် ဆံပင်နီနဲ့ကလေးမလေးလည်း အတူတူပါပဲ။ ကလေးမလေးက တုတ်ကောက်နဲ့လူရဲ့ခန္ဓာကိုယ်ကို ဖက်တွယ်ထားပြီး အတော်လေးကြောက်လန့်နေပုံပဲ။
“မူးနေတုန်းခဏမလို့ ကိုယ်မှားခဲ့မိရုံပါကွာ။ ဘဝမှာအဲဒီတစ်ခါပဲ ကိုယ့်ဘက်က စည်းဖောက်မိခဲ့တာမလို့၊ အကာအကွယ်လည်း မသုံးခဲ့မိတာနဲ့ တစ်ခုခုဖြစ်ခဲ့ရင်လာရှာဖို့ ကိုယ့်လက်စွပ်ကို ချန်ထားခဲ့မိတာ။”
“လက်မခံနိုင်ဘူး... လုံးဝလက်မခံနိုင်ဘူး... ရှင့်လက်စွပ်ရှိနေတာနဲ့တင် ရှင့်ကလေးလို့ပြောလို့ရလို့လား။”
“ကဲလ်လစ်ဆို... ကလေးမှာ ရေကျောင်းတော်ရဲ့ ဆံပင်တွေရှိနေတယ်လေ။”
မိဘနှစ်ပါး ချက်ချင်းထသတ်လုမတတ်ရန်ဖြစ်နေတဲ့မြင်တော့ တုတ်ကောက်နဲ့လူက ဟင်းခနဲသက်ပြင်းချလိုက်ပြီး ထရပ်တယ်။ အဲဒီနောက်သူက ကလေးမလေးလက်ကိုဆွဲ ထွက်သွားဖို့ လုပ်တော့တာပဲ။
“ ဒီပုံစံနဲ့ဆိုရင်တော့ ဒီကလေးကို မင်းတို့ထဲ ငါမထားရစ်နိုင်ဘူး။ အမှောင်ကျောင်းတော်မှာ သူ့အတွက်နေရာတစ်ခုရှိမှာပါ။”
“နေဦး....” ရော့ဝဲလ်ဆိုတဲ့သူ ထွက်သွားခါနီးမှာ ဟိုင်းနရစ်က နောက်ကနေလိုက်ပြီး တားလိုက်တယ်။ သူ့မျက်နှာပေါ်မှာတော့ ဆုံးဖြတ်ချက်ချပြီးတဲ့အကြည့်မျိုးရှိနေပြီး ရော့ဝဲလ်ရဲ့ပခုံးကို ပုတ်လိုက်တယ်။
“ရော့ဝဲလ်... ငါ့ရဲ့မိတ်ဆွေဟောင်းကြီး။ ငါဘယ်လိုလူလဲဆိုတာ မင်းသိပါတယ်ကွာ။”
အဲဒီနောက် ဟိုင်းနရစ်က ဒူးထောက်ချလိုက်ပြီး ကလေးမလေးရဲ့ လက်ကိုဆွဲလိုက်တယ်။ အဲဒီနောက် ကလေးမလေးရဲ့မျက်လုံးကို သေချာကြည့်လိုက်ပြီး...
“သမီး... ဒီလောကကြီးမှာ သမီးလူဖြစ်လာတာ သမီးအမှားမဟုတ်ဘူး။ အဖေ့ကြောင့်ပါ။ ဒါကြောင့် သမီးအတွက်လိုအပ်တာတွေအားလုံးဖြည့်ဆည်းပေးမယ်။ ဒီနေ့ကစပြီးသမီးက အဖေ့ရဲ့သမီးပဲ။”
ဟိုင်းနရစ်က ကလေးမလေးကိုပွေ့ချီလိုက်ပြီး အကြီးကောင်လေး နှစ်ယောက်ကိုကြည့်ကာပြောလိုက်ပါပြီ။
“ခရစ်စတိုဖာ... ဒီနေ့ကစပြီး ငါ့သမီးက မင်းရဲ့ညီမလေးပဲ။ ဒီရေဂို... အခုကစနေစပြီး သူက မင်းရဲ့မမပဲ။”
ဒီဆုံးဖြတ်ချက်ကြောင့် ကလေးနှစ်ယောက်လုံးအံ့ဩသွားပေမဲ့ ကယ်လစ်ဆိုကတော့ အဲဒါထက်ပိုတယ်။ ဟိုင်းနရစ်ချတဲ့ ဆုံးဖြတ်ချက်ကို လုံးဝမယုံကြည်နိုင်ဖြစ်နေတာ။ လုံးဝ လက်မခံနိုင်ခဲ့ဘူး။
“ရှင်... ရှင်....” နောက်ဆုံးမှာတော့ ဒေါသတွေကို မဖိနှိပ်နိုင်တော့တဲ့ ကယ်လစ်ဆိုဟာ နှလုံးရောဂါဖောက်ပြီး အခန်းထဲမှာတင် လဲကျသွားခဲ့လေရဲ့။
...
အချိန်တွေ ကုန်လွန်သွားခဲ့ပြီ။
ဒီရေဂိုက သူလုပ်ထားတဲ့ ဆန်တကယ်ကြိတ်လို့ရတဲ့ အရုပ်ဆန်စက်လေးကို အပြီးသတ်လိုက်တယ်။ အဲဒီနောက် ခါတိုင်းလိုပဲ လေသာဆောင်မှာစောင့်နေတတ်တဲ့ မေမေ့ကို သွားရှာပြီးပြောဖြစ်တာပေါ့။
“မေမေ... သားလုပ်ထားတာလေးကြည့်ပါဦး။”
ပိန်လှီလာတဲ့ ကယ်လစ်ဆိုက အဝေးတစ်နေရာကိုပဲ ငေးကြည့်နေပြီး ဒီရေဂိုရဲ့စကားတွေကိုမကြားခဲ့ပါဘူး။ စိတ်မနှံသူတစ်ယောက်လို သူ့မျက်လုံးတွေကအရောင်မဲ့နေပြီး အရင်လို ကိုယ်ရောင်ကိုယ်ဝါမျိုးလည်းမရှိတော့ဘူး။
“ဟိုင်းနရစ်... ဘာကြောင့် ရှင်ဒီလိုလုပ်ရက်တာလဲ။” ကယ်လစ်ဆိုက အဲဒီစကားတစ်ခွန်းတည်းကိုပဲ ထပ်ခါထပ်ခါ ရေရွတ်နေခဲ့တယ်။
“......” ကောင်လေးမျက်နှာက မှိုင်သွားတယ်။ အဲဒီနောက် သူက ဆန်စက်လေးကို လက်နှစ်ဖက်နဲ့သယ်ပြီး တခြားလူတစ်ဦးဦးကို ပြသဖို့ဆုံးဖြတ်လိုက်တယ်။ အစ်ကိုကြီးပဲဖြစ်ဖြစ် အိမ်စေတွေပဲ ဖြစ်ဖြစ်ပေါ့။
ဒါပေမဲ့ အိမ်ရှေ့ရောက်လာတော့ တစ်နေရာမှာလူတွေစုပြုံနေမှန်း သတိထားလိုက်မိတယ်။ အိမ်စေတွေ၊ ဘဏ္ဍာစိုးတွေ၊ ဥယျာဥ်မှူးတွေတင်မကဘဲ အစ်ကိုကြီးခရစ်စတိုဖာတောင်မှ လူအုပ်ထဲမှာရှိနေပြီး တစ်ယောက်ယောက်ကို လက်ခုပ်ဩဘာ ပေးနေခဲ့တယ်။
“ဟယ်... ဒုတိယသခင်မလေးက တော်လိုက်တာ။”
“အဲဒါ အထွတ်အမြတ်မှော်ပညာတစ်ခုမဟုတ်လား။ ဘယ်လိုလုပ်ပြီး သာမန်ဂါထာတစ်ပုဒ်လိုသုံးနိုင်နေရတာလဲ။”
“ဒုတိယသခင်မလေးက ပိုဆိုက်ဒွန်ရဲ့ကောင်းချီးတွေနဲ့ မွေးဖွားလာတာပဲ။”
ဘုတ်....
ဒီဂိုရီရဲ့လက်ထဲက ဆန်စက်လေးပြုတ်ကျသွားပြီး တစ်စစီဖြစ်သွားတယ်။ သူနဲ့ဆယ်ပေတောင်မကွာတဲ့ နေရာမှာတော့ သူ့ထက် နည်းနည်းလေးပဲကြီးတဲ့ ဆံပင်နီနဲ့ကောင်မလေးရှိနေပြီး အဲဒီကောင်မလေးနားမှာ မှော်ပညာဖန်ဆင်းထားတဲ့ ရောင်စုံ ဂျယ်လီငါးလေးတွေ ပျံဝဲလို့နေပါတယ်။
အစ်ကိုကြီးခရစ်စတိုဖာကလည်း လူအုပ်ထဲကနေထွက်လာပြီး ကောင်မလေးကို ချီးကျူးလိုက်တယ်။
“တော်တယ်... တစ်ခါလုပ်ပြရုံနဲ့တင် အကုန်တတ်သွားတာပဲ။”
ဒီရေဂိုရဲ့မျက်လုံးတွေထဲက မျက်ရည်ပူတွေစီးကျလာခဲ့ပြီး နောက်ကိုချာခနဲလှည့်ကာ ထွက်ပြေးသွားခဲ့တယ်။
...
“ဒုတိယသခင်မလေးက ကျောင်းမှာပထမရလာတယ်တဲ့။”
“ဟယ်၊ တော်လိုက်တာ။ တတိယသခင်လေးနဲ့များကွာပ။ ဒီတစ်နှစ်လုံး အဆင့် B ကနေမတက်ဘူးတဲ့။”
“ဒုတိယသခင်မလေးက အထွတ်အမြတ်ဂါထာအသစ်တစ်ခု တတ်သွားပြန်ပြီတဲ့။”
“ဟဲ့၊ နင်သိပြီးပြီလား။ တတိယသခင်လေး ဂါထာတစ်ခု စမ်းကြည့်ရင်းနဲ့ မှော်နှင်တံပေါက်ကွဲပြီး ဒဏ်ရာရသွားလို့ဆို။”
“ဒုတိယသခင်မလေးက ကျောင်းကပွဲမှာ မင်းသမီးနေရာက ပါရမှာတဲ့။”
“တတိယသခင်လေး ကျောင်းမှာရန်ဖြစ်လို့ ကျောင်းပိတ်ပြစ်ဒဏ် ပေးခံရတယ်တဲ့။”
ဘယ်အချိန်ကနေစပြီး သူ့အိမ်ဟာ တစ်စိမ်းတစ်ယောက်ရဲ့ အိမ်အဖြစ်ပြောင်းလဲသွားခဲ့ပါလိမ့်။ ဒီရေဂို မတွေးတတ်တော့ဘူး။ ဖီအိုနာရဲ့တည်ရှိမှုက ထင်ရှားသည်ထက်ထင်ရှားလာပြီး သူက လူတိုင်းရဲ့အမြင်ကနေ ပျောက်ကွယ်သွားသလိုပဲ။
အစေခံတွေကိုယ်တိုင်က သူ့အတင်းအဖျင်းပြောလာကြပြီး ဖီအိုနာနဲ့သူ့ကိုနှိုင်းယှဥ်ကြတယ်။ နဂိုက သူ့မှာဖီအိုနာနဲ့ပြိုင်ဆိုင်ဖို့ ရည်ရွယ်ချက်မရှိခဲ့ပေမဲ့ ကြားရဖန်များလာတဲ့အခါမှာ သူမညံ့တဲ့အကြောင်းကို သက်သေပြဖို့ကြိုးစားချင်လာခဲ့တယ်။
ဒါပေမဲ့ အဲဒီကြိုးစားမှုတိုင်းဟာ ဆိုးဆိုးဝါးဝါးအဆုံးသတ်ခဲ့တာ ချည်းပါပဲ။ ကျိုးပျက်နေတဲ့မှော်နှင်တံကို သူကိုင်ဆောင်ထားရင်း သူသိလိုက်ရတဲ့ ခါးသီးတဲ့အမှန်တရားက တချို့ပါရမီရှင်တွေကို သာမန်လူတွေလိုက်မီဖို့မဖြစ်နိုင်ဘူး ဆိုတာလေ။
သူဟာ နာလပိန်းတုံး မဟုတ်ခဲ့ပေမဲ့ပေါ့။
...
အသုဘအခမ်းအနားတစ်ခု။
လူတိုင်းက အနက်ရောင် ဝမ်းနည်းခြင်းဝတ်စုံတွေဝတ်ထားလို့။ ခေါင်းတလားထဲမှာတော့ တစ်ချိန်ကလှခဲ့တဲ့ ကယ်လစ်ဆိုဟာ အရိုးပေါ်အရေတင်အနေအထားနဲ့ အသက်မဲ့စွာလဲလှောင်းလျက်။ နဂိုရောဂါအခံရှိခဲ့တဲ့အပြင် တစ်ချိန်လုံးစိတ်ဖိစီးနေခဲ့တာကြောင့် အရွယ်မတိုင်ခင်မှာပဲ ဆုံးပါးသွားခဲ့ရတာ။
မိခင်ဖြစ်သူကို မြေချပြီးတဲ့နောက်မှာတော့ ဆံပင်နီကလေးမနဲ့ ဒီရေဂိုတို့ အမှတ်မထင်မျက်နှာချင်းဆိုင်မိကြတယ်။ ဒီရေဂိုရဲ့ အတွင်းစိတ်ထဲမှာရှိနေခဲ့တဲ့ မကျေနပ်မှုတွေ၊ အထီးကျန်မှုတွေ၊ မနာလိုမှုတွေနဲ့ ဒေါသတွေဟာ ဝမ်းနည်းစိတ်ခံကြောင့် အထိန်းကွပ်မရှိပွင့်ထွက်လာပြီး ကလေးမလေးရဲ့မျက်နှာကို လက်သီးနဲ့ထိုးလိုက်မိတဲ့အထိပဲ။
ဖောင်း...
ကလေးမလေးရဲ့သေးသွယ်တဲ့ခန္ဓာကိုယ်က တစ်ပတ်လည်ပြီး ဖင်ထိုင်လျက်လဲကျသွားတယ်။
“နင့်ကြောင့် ငါ့အမေသေရတာ။” ဒီရေဂိုက ဒီလောက်နဲ့တင် မရပ်နိုင်သေးဘဲ ကလေးမလေးဆီကိုပြေးသွားပြီး ဆံပင်တွေ ဆောင့်ဆွဲတယ်။ ကလေးမလေးက အော်ဟစ်ပြီးရုန်းပေမဲ့ သူက ပိုသန်တယ်လေ။
“ဒီရေဂို... ဖီအိုနာ... တော်တော့” ခရစ်စတိုဖာက ဝင်တားပေမဲ့ ဒီရေဂိုက မရပ်တန့်ခဲ့ပါဘူး။ နောက်ဆုံးတော့ အပြာရောင် အလင်းတန်းတစ်ခု ဒီရေဂိုရဲ့ခန္ဓာကိုယ်ကိုဖုံးလွှမ်းသွားခဲ့ပြီး ရင်ဘတ်ကို ကားဝင်တိုက်သလိုခံစားချက်နဲ့အတူ မြက်ခင်းပြင်ပေါ် သူပြုတ်ကျသွားခဲ့တယ်။
မှော်ဂါထာကြောင့် သူ့တစ်ကိုယ်လုံး ခိုက်ခိုက်တုန်နေပြီး ပါးစပ်က သွေးတွေစီးကျလာတယ်။ ဂါထာလာရာဘက်ကိုကြည့်လိုက်တော့ သူ့ကိုမှော်နှင်တံနဲ့ထိုးချိန်ထားတဲ့ အဖေ့ကိုတွေ့လိုက်ရတော့တာပဲ။
“ဘာမှသုံးစားလို့မရတဲ့ အမှိုက်ကောင်... ဖွီ....” အဲဒီနောက် ဟိုင်းနရစ်က ချာခနဲလှည့်ထွက်သွားတယ်။ သူ့ကိုပြန်တောင် လှည့်မကြည့်ခဲ့ဘူး။ အစေခံတွေအပါအဝင်ဘယ်သူမှ သူ့ကိုလာထူမပေးကြဘဲ ထွက်ခွာသွားခဲ့တာ။
မုန်းတယ်... မုန်းတယ်... မုန်းတယ်....
အဲဒီခံစားချက်တွေက သူ့ရင်မှာအပြည့်ဖြစ်သွားခဲ့တယ်။ မုန်းလွန်းလို့ သူဘယ်သူ့ကိုမုန်းမှန်းတောင် မသိတော့တဲ့အထိပဲ။ ဘာအတွက်မုန်းမိတာလည်းဆိုရင် ပိုတောင်ဝေးသေးတယ်။ သူ့စိတ်ထဲမှာ နောက်ဆုံးကျန်ခဲ့တဲ့အရာကတော့ တားဆီးမရတဲ့ ဒေါသ၊မုန်းတီးမှုနဲ့ အထိန်းအကွပ်မဲ့နေတဲ့ခံစားချက်တွေပါပဲ။
...
“မှော်ပညာလား... ဘာလုပ်ရမှလဲ...ငါ့မှာ ပိုက်ဆံရှိနေတာပဲ။ အဲဒီလိုပညာရှင်တွေ ဒါဇင်နဲ့ချီပြီးငါဝယ်ပစ်မယ်။”
“မိသားစုလား... ငါ့မှာမိသားစုမရှိဘူး။ လောကကြီးမှာ ငါတစ်ယောက်တည်းပဲ။”
“သစ္စာရှိမှုလား... ငါ့ကိုရူးသွပ်နေတဲ့သူတွေကို နေရာပေးလိုက်မယ်။”
နှစ်ပေါင်းများစွာကြာပြီးနောက်မှာတော့ အမုန်းတရားတွေနဲ့ ပြည့်နှက်နေခဲ့တဲ့လူငယ်လေးဟာ အမှိုက်သခင်လေးတစ်ယောက်အဖြစ်ပြောင်းလဲသွားခဲ့ပြီ။
ချောမောတဲ့ရုပ်ရည်နဲ့ ငွေကြေးတတ်နိုင်တဲ့နောက်မှာတော့ သူ့ရဲ့ဆိုးဝါးတဲ့ဂုဏ်သတင်းတွေကို ဘယ်သူမှဂရုမစိုက်တော့ဘူး။ သူ့ကိုလေးစားတဲ့အစေခံတွေမရှိတော့ သူ့ကိုယ်ပိုင်အစေခံတွေ ခန့်ထားလိုက်တယ်။ သူ့ကိုသဘောကျတဲ့သူတွေကို သူက နည်းနည်းပြန်ဂရုစိုက်ပေးတတ်ပေမဲ့ သူ့မှာချစ်ခင်စွဲလမ်းမှု ဆိုတာမျိုးရှိမနေဘူး။ သူငြီးငွေ့သွားရင် စားပြီးသားပန်းကန်လို ထားရစ်ခဲ့မှာပဲ။
သူဟာ ကြိုးကိုင်တတ်တယ်။ လူတွေကိုက ကစားတယ်။ မောက်မာတယ်။ မိန်းမရှုပ်တယ်။ သူ့နေ့စဥ်ဘဝဟာ ငွေဖြုန်းတီးခြင်းဆိုတာနဲ့ပဲ ပြည့်နှက်နေပြီး ရည်မှန်းချက်ကတော့...
“ဒုတိယသခင်မလေးရေ... မင်းဘယ်လောက်တော်တော် မကြာခင် မင်းက ငါ့စုစည်းမှုတွေထဲက တစ်ခုဖြစ်လာတော့မှာပါ။”
ရေမိုးချိုးပြီးသွားတဲ့ ဒီရေဂိုအယ်ဘတ်တိုင်းက အဖြူရောင် အနောက်တိုင်းဝတ်စုံကို အစေခံတွေအကူအညီနဲ့ဝတ်ဆင်တယ်။ သူ့အိပ်ရာထက်မှာ အိပ်ပျော်နေဆဲ ဘန်နီကိုတစ်ချက်ပြန်ကြည့်ပြီး နောက်မှာတော့ ပခုံးတွန့်လိုက်တယ်။
“ ရေတွင်းပျက်ကြီးဆိုပေမဲ့ မဆိုးပါဘူး။”