နန်းလုပွဲ (၁)
Vol. 5 Ch. 261
ရေကျောင်းတော်ရဲ့ဇာရာဂိုဇာဌာနခွဲထဲမှာတော့ ဖီအိုနာက သူ့ဘဝဇာတ်ကြောင်းကို ပြောပြပြီးတဲ့နောက်မှာ လက်ခုပ်တစ်ချက် တီးလိုက်ပြီးနောက် စကားဝိုင်းကို အဆုံးသတ်လိုက်ပါတယ်။ အဲဒီနောက် သူက ပြုံးလိုက်ပြီးတော့
“အဲဒါကြောင့် ဦးလေးရော့ဝဲလ်က ကျွန်မရဲ့မွေးစားအဖေလိုပဲ။ သူက ကျွန်မအသက်ကိုလိုချင်တယ်ဆိုရင်တောင် ပေးလိုက်မှာ။ ဒါပေမဲ့ သူက ကျွန်မရဲ့မျက်လုံးတွေကိုပဲ ယူခဲ့တာလေ။”
လူ့ဗလကြီးခရစ်စတိုဖာကတော့ ညီမဖြစ်သူနဲ့သဘောမတူဘူး။ သူက စားပွဲဝိုင်းပေါ်ကို လက်နဲ့ပြင်းပြင်းရိုက်လိုက်ပြီးတဲ့နောက် နက်ဆန်နဲ့ဆယ်ဗီတို့ကို စူးစူးရဲရဲစိုက်ကြည့်လိုက်လေရဲ့။
“ငါကတော့ လက်မခံနိုင်ဘူး။ အဲဒီအဖိုးကြီးသာ ငါ့ညီမလေးရဲ့ မျက်လုံးတွေကိုယူမသွားရင် ညီမလေးရဲ့ဘဝကြီးက တောက်ပနေမှာ။”
“အစ်ကို၊ အခုလည်း ကျွန်မအဆင်ပြေနေတာပဲ မဟုတ်လား။” ဖီအိုနာက ခရစ်စတိုဖာကို နှစ်သိမ့်လိုက်တယ်။ ခရစ်စတိုဖာလည်း သက်ပြင်းချလိုက်တာပေါ့။ ဆယ်ဗီကလည်း လက်ညိုးကို နှုတ်ခမ်းပေါ်တင်လိုက်ပြီး တစ်ချက်စဥ်းစားပြီးမှ အားလုံးကို ထူးဆန်းနေတာတစ်ခုပြောလိုက်တယ်။
“ တွေးကြည့်ခါမှ ဆီနိတ်တာဟောင်းရော့ဝဲလ်က တခြားနတ်ဘုရားကျောင်းတွေက နတ်ဘုရားခန္ဓာတွေကို ခိုးယူခဲ့ပေမဲ့ လူတော့မသတ်ခဲ့ဘူးမဟုတ်လား။ အယ်မာလည်း အဆင်ပြေပြေရှိနေသေးတာပဲ။”
“ဟုတ်တယ်မဟုတ်လား... ဦးလေးရော့ဝဲလ်က အပြင်ပန်းမှာ ကြောက်စရာကောင်းပေမဲ့ ကြင်နာတတ်တဲ့သူပဲလေ။”
ဖီအိုနာကလည်း ဆယ်ဗီ့စကားကြောင့် အားတွေပါလာပြီးတော့ ဆယ်ဗီရဲ့လက်တွေကို သူ့လက်တွေနဲ့လိုက်စမ်းပြီး ဆုပ်ကိုင်ကာ ရော့ဝဲလ်ကို ချီးကျူးလိုက်တယ်။ နက်ဆန်ကတော့ သူ့ကိုယ်ပိုင် အရိပ်တွေထဲကို ငုံကြည့်လိုက်တာပေါ့။ အတွင်းကနေ မော်လီရဲ့ ရယ်သံသဲ့သဲ့ထွက်ပေါ်လာတယ်။
“ကျွန်မအဖေက တကယ်တော့ တခြားသူတွေကိုသိပ်ပြီး ဂရုမစိုက်တတ်ပါဘူး။ သူလုပ်ချင်ရာလုပ်တတ်ရုံပဲ။ တခြားသူတွေထိခိုက်သွားမှာကိုလည်း ထည့်တွေးတတ်တာ မဟုတ်ဘူး။ ဒါပေမဲ့ သူ့လုပ်ရပ်တွေကို အခုလို အဓိပ္ပါယ်ဖွင့်ဆိုတဲ့သူတွေလည်း ရှိကြသေးတာပဲ။”
“ဒီတော့... ညအရှင်... ခင်ဗျားက ဒီကိုဘာလာလုပ်တာလဲ။ ဒီအတိုင်း စကားပြောရုံတော့မဟုတ်နိုင်ဘူး။”
မိန်းကလေးနှစ်ယောက် စကားကောင်းနေတဲ့အချိန်မှာပဲ ခရစ်စတိုဖာက နက်ဆန်ကိုကြည့်ပြီးမေးလိုက်တယ်။ နက်ဆန်က လေသံအေးအေးနဲ့ပဲ ပြန်ဖြေလေရဲ့။
“ရော့ဝဲလ်က ခင်ဗျားတို့ကျောင်းတော်ကိုရော ခင်ဗျားညီမလေးကိုပါ ထိခိုက်စေခဲ့တယ်။ အဲဒီအတွက် ကျွန်တော်တောင်းပန်ချင်ပါတယ်။ ပြီးတော့ ခင်ဗျားတို့လိုအပ်မယ့် အကူအညီမှန်သမျှကိုပေးချင်တယ်။”
ခရစ်စတိုဖာက ပြုံးလိုက်တယ်။ ဒါပေမဲ့သဘောကျတဲ့အပြုံးမျိုး မဟုတ်ဘဲ ဒေါသဖြစ်တဲ့အပြုံးမျိုး။ ရုတ်တရက်ဆိုသလို ခရစ်စတိုဖာ့ ခြေထောက်က ရှေ့ကိုဆန့်ထွက်လာပြီး နက်ဆန်ထိုင်နေတဲ့ခုံကို ကန်လိုက်ပြီးသားဖြစ်သွားတယ်။
သစ်သားခုံဟာခြေထောက်တစ်ဖက်ကျိုးသွားပြီး နက်ဆန့်တင်ပါး အောက်ကနေ အဝေးကြီးကိုလွင့်စင်သွားလေရဲ့။ နက်ဆန်ဟာ လေ့ကျင့်ထားသူတစ်ယောက်ဖြစ်တဲ့အတွက် မြေပြင်ပေါ်ကို ဖင်ထိုင်လျက်လဲကျမသွားပေမဲ့ ခရစ်စတိုဖာက နက်ဆန့်ရဲ့ လက်ဖျံကိုဖမ်းဆွဲပြီး စားပွဲဝိုင်းနဲ့ခပ်လှမ်းလှမ်းနေရာလွတ်ဆီ ဆွဲခေါ်ခံရတယ်။
“ ခွေးကောင်... မင်းပါးစပ်ကနေ ဒီလောက်လေးပြောရုံနဲ့ တောင်းပန်တယ်လို့ပြောလို့ရမလား။ ဒူးထောက်တောင်းပန်စမ်း။”
ခရစ်စတိုဖာရဲ့ရုတ်တရက်ဆန်လွန်းတဲ့လုပ်ရပ်ကြောင့် ဆယ်ဗီရော ဖီအိုနာပါ ထိတ်လန့်သွားခဲ့ပေမဲ့ နက်ဆန်ကတော့ငြင်းဆန်မနေဘဲ ဖီအိုနာရှေ့မှာ ဒူးထောက်လိုက်တယ်။ သူဒီလိုမလုပ်ရင်လည်း ခရစ်စတိုဖာက ခြေထောက်တွေကို နင်းချိုးပြီးဒူးထောက်ခိုင်းမယ့် ပုံစံမျိုးပေါက်နေတာကိုး။
“ဒုတိယသခင်မလေး... ကျုပ်ကျောင်းတော်ရဲ့ဆီနိတ်တာဟောင်း ရော့ဝဲလ်က ခင်ဗျားအပေါ်ဆိုးဆိုးဝါးဝါးကိစ္စတွေလုပ်ခဲ့မိတယ်။ ဒါကြောင့် ကျွန်တော့်စိတ်ရင်းနဲ့တောင်းပန်ပါရစေ။ ခွင့်မလွှတ်ဘူးဆိုရင်လည်း ဒီမှာပဲဆက်ပြီးဒူးထောက်နေပါ့မယ်။”
“မဟုတ်တာ... အစကတည်းက ကျွန်မမှာ ရှင်တို့ကို မကျေနပ်တာမျိုးမရှိပါဘူး။”
ဖီအိုနာက လမ်းလျှောက်တုတ်ကိုအားပြုပြီး နက်ဆန်အနားကို လျှောက်လာဖို့ကြိုးစားတယ်။ ဆယ်ဗီလည်း ဘေးကနေပြီး ဖေးမလိုက်ရတာပေါ့။ ဒါပေမဲ့ နက်ဆန်ထပ်ပြောလိုက်တဲ့စကားက ကိစ္စတွေကို ပိုဆိုးသွားစေခဲ့တယ်။
“ဒါကြောင့် ကျေးဇူးပြုပြီးတော့ ရေကျောင်းတော်ရဲ့နုပျိုခြင်း ရေပန်းကိုအသုံးပြုခွင့်ပေးပါ။”
“ နုပျိုခြင်းရေပန်း... ဟုတ်လား...” ခရစ်စတိုဖာရဲ့မျက်နှာက ချက်ချင်းနီရဲသွားပြီး နက်ဆန်ကို ဆွဲထူလိုက်တယ်။ ဒါပေမဲ့ ကောင်းသော ရည်ရွယ်ချက်နဲ့တော့မဟုတ်။
သူက နက်ဆန်ကို မျက်နှာထားတင်းတင်းနဲ့ကြည့်လိုက်ပြီး “မင်းရောက်လာကတည်းက စေတနာသက်သက်နဲ့မဟုတ်မှန်း သိသားပဲ။ မင်းတို့ကျောင်းခြောက်ကျောင်းက မအေဘေးတွေ အကုန်လုံးက အဲဒီရေပန်းကိုပဲ မျက်စောင်းထိုးနေတဲ့ကောင်တွေ။ အခုချက်ချင်း ငါ့မျက်စိအောက်ကနေ ထွက်သွားကြစမ်း။”
...
ဂျိမ်း....
ခြံတံခါးကြီးက တင်းတင်းစေ့ပိတ်သွားပြီ။ အစေခံတွေက သူတို့ကိုမတူသလိုမတန်သလိုကြည့်ပြီး လှည့်ထွက်သွားကြတယ်။ နက်ဆန်က ဒေါသဖြစ်ဖြစ်နဲ့ အရိပ်ထဲကနေ ဓားနှစ်လက်ကို ဆင့်ခေါ်လိုက်ပေမဲ့ ဆယ်ဗီက နက်ဆန်ရဲ့လက်ကိုဖမ်းဆွဲတယ်။
“နက်ဆန်... ရှင်ဒါဘာလုပ်တာလဲ...”
“အနုနည်းနဲ့မရရင် အကြမ်းနည်းနဲ့လုမလို့။”
ဖြန်း....
ဆယ်ဗီက နက်ဆန်ရဲ့ပါးကို ပြင်းပြင်းရိုက်ချလိုက်တာပေါ့။ အဲဒီလုပ်ရက်ကြောင့် နက်ဆန်ကိုယ်တိုင်လည်းအံ့ဩသွားခဲ့တယ်။ ဆယ်ဗီက အခုသူ့ကိုမျက်ရည်ဝိုင်းတဲ့မျက်လုံးတွေနဲ့ကြည့်နေပြီး တုန်ရင်နေတဲ့နှုတ်ခမ်းတွေနဲ့ပြောလိုက်တယ်။
“ရှင်ရူးနေပြီလား....”
“မိုနီကာအတွက် အဲဒီအရာကို မရလို့မဖြစ်ဘူး....”
“ဒါပေမဲ့ သူတို့နှစ်ယောက်က လူကောင်းတွေလေ။ ရှင်ညအရှင် ဖြစ်လာတာ အမှောင်ထုကိုတလွဲအသုံးချနေတဲ့သူတွေကို နှိမ်နင်းဖို့မဟုတ်လား။ ရှင်ကိုယ်တိုင် မကောင်းဆိုးဝါးတစ်ယောက် ဖြစ်သွားလို့မဖြစ်ဘူး။”
ဆယ်ဗီက နက်ဆန်ကို ရှေ့တစ်လှမ်းမှမတက်နိုင်အောင်အားနဲ့ ဖမ်းဆွဲထားတယ်။ နက်ဆန်က ဆယ်ဗီဆီကနေ ရုန်းထွက်ချင်ပေမဲ့ အနားမှာရှိနေတဲ့ ရှားလော့ခ်ကလည်း နက်ဆန်ရဲ့ပခုံးပေါ်ကို လက်တင်လိုက်တယ်။
“ကောင်လေး... ဒီကလေးမပြောတာမှန်တယ်။ မင်းမှာ လုပ်နိုင်တဲ့စွမ်းအားရှိတိုင်း လုယက်ဖို့ကြံမယ်ဆိုရင် မင်းကလည်း မင်းနှိမ်နင်းနေတဲ့အရာတွေနဲ့အတူတူပဲ ဖြစ်သွားလိမ့်မယ်။
ဒီတစ်ခါအဆင်မပြေဘူးဆိုပေမဲ့ နောက်တစ်ခါ ထပ်ကြိုးစားလို့ရသေးတာပဲ။ ငါ ခရစ်စတိုဖာ့ကို ထပ်ပြီးဖျောင်းဖျကြည့်ပါဦးမယ်။”
အဲဒီနောက်တော့ နက်ဆန်ရဲ့လက်ထဲမှာရှိနေခဲ့တဲ့ လက်နက်တွေက သူ့အရိပ်ထဲကိုပျော်ဝင်သွားတယ်။ သူကိုယ်တိုင်ကတော့ လဲကျလု မတတ်ပါပဲ။ သူက ခေါင်းက ဆံပင်တွေကိုဆုပ်ကိုင်ထားရင်းကနေ တစ်လုံးချင်းပြောလိုက်တယ်။
“ဒါပေမဲ့ မိုနီကာ့မှာ အချိန်မရှိတော့ဘူးလေ....” စကူးဘတ် မိန်းကလေးက အချိန်မရွေးသေဆုံးသွားနိုင်တယ်။ ခရစ်စတိုဖာက အကြိမ်ကြိမ်ဆက်ပြီး ငြင်းနေမယ်ဆိုရင်ရော သူဘယ်လိုလုပ်မလဲ။ တစ်စုံတစ်ယောက် ပျောက်ကွယ်သွားမှာကို သူဒီလောက်အထိ မကြောက်ရွံခဲ့ဖူးဘူး။
...
ညနေသုံးနာရီထိုးပြီ။
မွန်းတည့်နေက အနောက်အရပ်ကိုရွေ့လျားနေဆဲဖြစ်ပေမဲ့ ပူလောင်နေဆဲပါ။ နက်ဆန်က အိမ်ကိုတိုက်ရိုက်ပြန်ချင်ပေမဲ့ ဆယ်ဗီကတော့ နက်ဆန်ကိုစိတ်ပြေလက်ပျောက်ဆိုပြီး မြို့ထဲခေါ်သွားဖို့ဆုံးဖြတ်ထားတယ်။ ရှားလော့ခ်ကတော့ မြို့ထဲလျှောက်လည်မယ်ကြားတာနဲ့ သူတို့ကိုနှုတ်ဆက်ပြီး ထွက်သွားတော့တာပဲ။
“နင်တို့အတွဲကြားထဲမှာ ငါပါနေရင် ကသိကအောင့် ဖြစ်စရာဖြစ်နေမှာပေါ့။ ဒါပေမဲ့၊ ကောင်လေးရေ။ ငါ့တပည့်လေးကိုလည်း အပြင်ခေါ်ပြီးဒိတ်ဖို့မမေ့နဲ့ဦးနော်။”
“ဒီအဖွားကြီးကတော့....” ဆယ်ဗီက လက်သီးကို ထောင်ပြလိုက်ပေမဲ့ တကယ်တမ်းကျတော့ ရှားလော့ခ် သူတို့နောက်လိုက်မလာဘဲထွက်သွားတာကိုပျော်နေတာ။
“နက်ဆန်... ကျွန်မမြို့ထဲမှာ ဆိုင်ကောင်းကောင်းတစ်ဆိုင် ရှာတွေ့ထားတယ်။ ပင်လယ်စာတွေသိပ်ကောင်းတာပဲ။” ဆယ်ဗီက နက်ဆန်ရဲ့လက်မောင်းကိုဖမ်းဆွဲထားပြီး ပခုံးကိုမှီကာပြောတယ်။
“အင်း...” နက်ဆန်က စိတ်မပါဘဲ မြေပြင်ကိုစိုက်ကြည့်နေပေမဲ့ မငြင်းခဲ့ပါဘူး။ မကြာခင်မှာပဲဆယ်ဗီက နက်ဆန်ကိုဦးဆောင်ပြီး မြို့ထဲမှာလျှောက်လည်တော့တာပဲ။ စကားနည်းတဲ့ကောင်လေးနဲ့ တက်ကြွပြီး ကောင်လေးကိုဆွဲလားရမ်းလားလုပ်နေတဲ့ ဒီစုံတွဲက မြို့ပေါ်မှာ အထင်အရှားဖြစ်နေခဲ့တာတော့အမှန်ပါ။
“ကျွန်မတို့ ဟိုနားလေးမှာ ဓာတ်ပုံရိုက်ကြမလား။” မြို့ထဲက မြစ်ကူးတံတားတစ်ခုဆီကိုရောက်တော့ ဆယ်ဗီက နက်ဆန်ကို အကြံပေးလိုက်ပြီး လက်ထဲဖုန်းထည့်ပေးတယ်။ အဲဲဒီနောက် ပို့စ်အမျိုးမျိုးပေးပြီး ဓာတ်ပုံရိုက်ခိုင်းတော့တာပဲ။
ညနေငါးနာရီလောက်ရောက်တော့ နက်ဆန်က သက်ပြင်းချတယ်။
“ဆယ်ဗီ၊ အိမ်ပြန်ပြီး ညနေစာစားကြမလား။” သူ့ပုံစံက ဆရာမဆီက အိမ်ပြန်ခွင့်တောင်းနေတဲ့ ကျောင်းသားလေးလိုပဲ။ ဆယ်ဗီလည်း ပြုံးလိုက်တာပေါ့။ ဒါပေမဲ့သူပြန်မဖြေရသေးခင်မှာပဲ ကျက်သရေမရှိတဲ့ လူငယ်တစ်ယောက်ရဲ့စကားသံကို ဆယ်ဗီ ကြားလိုက်ရတယ်။
“အိုး၊ တိုက်ဆိုက်လိုက်တာ။ ဆီညှော်ရီတာဆယ်ဗီနဲ့ ဒီမှာတွေ့ရမယ် ထင်မထားဘူး။”
ဆယ်ဗီက မျက်မှောင်ကြုတ်လိုက်ပြီး အသံလာရာကိုကြည့်တယ်။ အဖြူရောင်အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားတဲ့ ဒီရေဂိုက သူ့အခြွေအရံတွေကို ခြံရံပြီး သူတို့ဆီကိုလျှောက်လာနေတယ်။ သက်တော်စောင့် လူမည်းအမျိုးသမီးကတော့ သူ့နောက်ကနေ ကပ်လိုက်လို့။
“မင်း....” နက်ဆန်က မျက်မှောင်ကြုတ်လိုက်ပြီးတော့ ဆယ်ဗီကို သူ့နောက်ပြန်ဆွဲခေါ်လိုက်တယ်။ ဆယ်ဗီ့မျက်နှာပေါ်က အလှည့်အပြောင်းတစ်ခုနဲ့တင် ရောက်လာတဲ့သူက မိတ်ဆွေတစ်ယောက် မဟုတ်နိုင်မှန်း သူသိလိုက်ပြီ။
ဒီရေဂိုကလည်း နက်ဆန်ကို မျက်လုံးမှေးပြီးကြည့်လိုက်တယ်။ သူ့ပုံစံက အမှိုက်တစ်စကိုကြည့်နေသလိုမျိုးပဲ။
“ဒူးခေါင်းမှာ ဖုန်တွေပေကျံနေပုံထောက်ရင်တော့ ကျုပ်အစ်ကိုနဲ့ ဆွေးနွေးတာ မပြေမလည်ဖြစ်လာပုံပဲ။ အယ်ဒါတစ်ယောက်က သာမန်တော်ဝင်မိသားစုဝင်တွေရှေ့မှာ ဒီလောက်သည်းခံနေပုံ ရရင်တော့ အတော်အရေးကြီးမယ့်ကိစ္စဖြစ်ပုံပဲ။”
နက်ဆန်ရဲ့နှုတ်ခမ်းက အနည်းငယ်လှုပ်ရှားသွားပြီး နာမည်တစ်ခုကို တီးတိုးလေးရေရွတ်လိုက်ပါတယ်။ “ဒီရေဂို... အဲဘတ်တိုင်း....”
ကျောင်းခြောက်ကျောင်းရဲ့လက်ရှိလူငယ်မျိုးဆက်မှာ ထင်ရှားတဲ့ ထိပ်ဆုံးအဖွဲ့ဝင်သုံးယောက်ကိုပြပါစေဆိုရင် နက်ဆန် ဗင်းဆင့်၊ ရိုစယ်လီယာ ဖာရီရန်ဇိုနဲ့ ဒီရေဂို အဲဘတ်တိုင်းတို့ပါ။ အဲဒီထဲက နှစ်ယောက်က အယ်ဒါဖြစ်လာပြီဖြစ်ပြီး ဂုဏ်သတင်းကြီးမား ကျော်ကြားပေမဲ့ ဒီရေဂိုကတော့ ဆန့်ကျင်ဖက်အနေနဲ့ နာမည်ပျက်နဲ့ ကျော်ကြားနေတာပါ။ “လူချောသခင်လေး။” အဖြစ်သိကြသလို “ကောက်ကျစ်တဲ့သူ”အဖြစ်လည်း သိကြတယ်။
သူနဲ့ပတ်သက်မိတဲ့မိန်းကလေးတွေဟာ ဇာတ်သိမ်းမလှသလို သူနဲ့တွဲလုပ်မိတဲ့လုပ်ငန်းရှင်တွေလည်း ဘဝပျက်ခဲ့ရတာချည်းပဲ။ ဒီလူငယ်လေးက ချမ်းသာပြီး ဩဇာအာဏာကြီးမားပေမဲ့ သူ့ရဲ့တကယ့်ရည်မှန်းချက်ကို ခန့်မှန်းရခက်ပါတယ်။
တချို့ကလည်း ရေကျောင်းတော်အဲလ်ဒါဖြစ်လာဖို့အတွက် အလားအလာကောင်းတဲ့သူလို့မြင်ကြ လေးစားကြတယ်။ တချို့ကတော့ လူပေါ်ကြော့အမှိုက်ကောင်လို့မြင်ကြပြီး တချို့ကတော့ နော့ခ်နတ်ဘုရားလိုကီဝင်စားသူလိုမျိုးကို ကြောက်ပြီးဝေးဝေးကရှောင်ကြတယ်။
“မင်းက ဒီနေရာကို ဘာလာလုပ်တာလဲ။” နက်ဆန်မှာလည်း ဒီလူနဲ့ပတ်သတ်လို့ ကောင်းမွန်နဲ့အမြင်မရှိဘူး။
“ဒီနေရာက စပိန်ပိုင်မြို့ကြီးတစ်မြို့လေ။ ကျုပ်ကသာ ခင်ဗျားတို့ ပြင်သစ်တွေ ဘာလာလုပ်နေတာလဲမေးရမှာ။”
သခင်လေးဒီရေဂိုက ခပ်ဟဟရယ်လိုက်တယ်။ အဲဒီနောက်တော့ ဆယ်ဗီကိုကြည့်လိုက်ပြီး လူကြီးလူကောင်းစတိုင်ပြန်ဖမ်းရင်း..
“ကျုပ်က မိန်းကလေးဆယ်ဗီကိုတွေ့လို့ လှမ်းနှုတ်ဆက်ရုံတင်ပါ။ ပြီးခဲ့တဲ့ရက်က ကျုပ်တို့တွေ ညစာအတူစားဖြစ်ကြသေးတယ် မဟုတ်လား။”
“ဒါက ဘယ်လိုဖြစ်တာလဲ။” နက်ဆန် မျက်မှောင်ကြုတ်လိုက်ပြီ။ ဒီရေဂိုရဲ့စကားကြောင့် ဒေါသထွက်သွားတာသေချာပါတယ်။ ဆယ်ဗီလည်း ရှင်းပြဖို့ကြိုးစားတော့တာပေါ့...
“အဲ... အဲဒါက မတော်တဆဖြစ်သွားရုံပါ။ ကျွန် မလခမထုတ်ရသေးတာမေ့ပြီး ဆိုင်ထိုင်မိတာနဲ့...”
“ရှင်းပြစရာမလိုဘူး... ဒီကနေ သွားကြမယ်။” နက်ဆန်က ဆယ်ဗီရဲ့လက်ကိုဆွဲပြီး ထွက်သွားဖို့လုပ်တော့ ဒီရေဂိုက တစ်ခွန်းတည်းပဲပြောလိုက်တယ်။
“ နုပျိုခြင်းရေပန်း....”
အဲဒီစကားတစ်ခွန်းနဲ့တင် နက်ဆန့်တစ်ကိုယ်လုံး အေးစက် တောင့်တင်းသွားတယ်။ ဒီရေဂိုကတော့ အရှိုက်ကိုထိုးလိုက်နိုင်ပြီ ဆိုတဲ့မျက်နှာနဲ့ပြုံးလိုက်ရင်း...
“ကျုပ်ကလည်း ရေကျောင်းတော်ရဲ့မင်းသားတစ်ပါးဆိုတာ မေ့နေတာလား။ ညအရှင်သာ ကျုပ်တောင်းဆိုတာကို ခဖြစ်အောင်လုပ်ပေးရင် ဆဲလ်ဆာဘုတ်အဖွဲ့မှာ တင်ပြပေးမယ်လေ။”
“မင်းက ဘာဖြစ်ချင်တာလဲ....”
“သိပ်ကြီးကြီးမားမား မဟုတ်ပါဘူး။ ဆီညော်ရီတာဆယ်ဗီနဲ့ တစ်ရက်တာ အချိန်ဖြုန်းခွင့်လေးပေးဖို့ပါပဲ။”
ဘုန်း....
ရုတ်တရက် လမ်းမကြီးတစ်ခုလုံးမှောင်ကျသွားတယ်။ နေကြတ်သွားသလိုပဲ။ ဒီရုတ်တရက်အပြောင်းအလဲကြောင့် လမ်းမပေါ်မှာသွားနေတဲ့ကားတွေလည်း တိုက်မိတော့မလို ဖြစ်ကုန်တယ်။
“သေသင့်တဲ့ကောင်....” နက်ဆန်ရဲ့အရိပ်ထဲကနေ တံစဥ်ကြီး ထွက်လာပြီး ဒီရေဂိုရဲ့ခေါင်းကို ပိုင်းဖြတ်ဖို့ကြိုးစားလိုက်တယ်။ ဒါပေမဲ့ တံစဥ်အသွားက လေကိုသာခုတ်မိသွားပြီး အပေါ်ဘက်က ရယ်သံလွင်လွင်ကိုကြားလိုက်ရတယ်။
“ညအရှင်... ဒီလူက ကျွန်မကာကွယ်ပေးနေရတဲ့သူနော်။ ရှင်သတ်လိုက်လို့မဖြစ်ဘူး။”
နက်ဆန်မော့ကြည့်လိုက်တော့ တိုက်မိမလိုဖြစ်ပြီး ရပ်ထားရတဲ့ နှစ်ထပ်ခရီးသည်တင်ကားခေါင်မိုးပေါ်မှာ မျက်လှည့်ဆရာဝတ်စုံ ဝတ်ဆင်ထားတဲ့ မိန်းကလေးတစ်ယောက်ရှိနေတယ်။ သူ့ဆံပင်တွေက ခရမ်းရောင်ဖြစ်နေပြီးတော့ မြူတွေက သူ့ကို အရှင်သခင်အဖြစ်ခစားနေပါတယ်။
“အရင်တစ်ခါက ထွက်ပြေးသွားတဲ့တစ်ယောက်ပဲ။” နက်ဆန်က ဘန်နီကို မှတ်မိနေတယ်။ ဒီအမျိုးသမီးက သူ့ဆီကနေ နှိမ်ကြိမ်တိတိထွက်ပြေးခဲ့တာလေ။
“ရှင်ကျွန်မကို အရင်ကလိုမျိုး လွယ်လွယ်နဲ့နိုင်မယ်ထင်နေရင် စိတ်မကောင်းပါဘူးလို့ပဲ ပြောပါရစေ။ ကျွန်မတို့နှစ်ယောက် တိုက်ခိုက်မယ်ဆိုရင် ဒီမြို့တစ်မြို့လုံး လူသတ်ကွင်း ဖြစ်သွားလိမ့်မယ်။ ကျွန်မအလုပ်က ရှင့်လူတွေကို သတ်ဖို့မဟုတ်ပေမဲ့ အလုပ်ရှင်ကိုကာကွယ်ရင်း ခြေလွန်လက်လွန်ဖြစ်သွားရင်တော့ မသိဘူးပေါ့။”
ဘန်နီက ဆယ်ဗီကို မှော်နှင်တံနဲ့နောက်ပြောင်တဲ့အနေနဲ့ ချိန်လိုက်တယ်။ မှော်နှင်တံထိပ်ကနေ နှင်းဆီပန်းတစ်ပွင့်သာ ထွက်လာခဲ့ပေမဲ့ နက်ဆန်က ဆယ်ဗီရှေ့မှာရပ်ပြီး တင်းတင်း ကာကွယ်ထားပါတယ်။
“ဘန်နီ... ထပ်ပြီးစမနေပါနဲ့တော့။ ညအရှင်၊ ကျုပ်ပြောတဲ့ စကားတွေကို သေချာစဥ်းစားကြည့်ပါဦး။” ဒီရေဂိုက ဘန်နီကိုရပ်ခိုင်းလိုက်ပြီး နက်ဆန်ကိုလက်ပြ နှုတ်ဆက်ကာ မြူတောထဲကို ပြန်လည်ဝင်ရောက်ပျောက်ကွယ် သွားပါတော့တယ်။
“ကြည့်ရတာ ကိစ္စတွေက မရိုးရှင်းတော့ဘူး။” နက်ဆန်ရဲ့ အရိပ်ထဲကနေ မော်လီရဲ့အသံထွက်လာတယ်။ တစ်ချိန်တည်းမှာပဲ ပါစီဗယ်ရဲ့စိုးရိမ်နေတဲ့အသံကိုလည်း ကြားရတယ်။
“နက်ဆန်၊ အဲဒီကောင်မက အရင်တစ်ကြိမ် တွေ့တုန်းကထက် အများကြီး အစွမ်းထက်လာပြီ။ သူရှိနေရုံနဲ့တင် ငါ့မြူအစွမ်းက ဖိနှိပ်ခံထားရတာ။
“မြူစွမ်းအားပိုင်တဲ့ ရှေးအယ်ဒါ၊ ဒီရေဂို အဲဘတ်တိုင်းက ရေကျောင်းတော်အဲလ်ဒါဖြစ်လာဖို့ အစွမ်းကုန်ထုတ်သုံးနေပြီပဲ။” နက်ဆန်ကိုယ်တိုင်လည်း ကောက်ချက်ချလိုက်တယ်။