အခန်း (၂၇၁၁-၂၇၁၂)
Vol. 212 Ch. 2711-2712
အခန်း(၂၇၁၁)
“အစ်ကိုကျန်းချန်.. အစ်ကိုလည်း တလော့စမ်းသပ်မှုမှာ ပါဝင်သင့်တယ်လို့ ကျွန်မထင်တယ်”
လော့ချင်းအာက ခပ်တိုးတိုး ပြောလိုက်သည်။
“တကယ်လို့ အစ်ကိုသာ မပါဝင်ဘူးဆိုရင် တလော့အမွေအနှစ်က ဝမ်ရှင်းဟန်ရဲ့ လက်ထဲကို ရောက်သွားဖို့ အလားအလာအရမ်းများတယ်.. ဒါက ကျွန်မတို့အတွက် ကောင်းမွန်တဲ့ကိစ္စမဟုတ်ဘူး”
တလော့စစ်ဆေးမှု ဆိုသည်မှာ တလော့အင်မော်တယ်က ဆက်ခံသူရှာဖွေရန် အတွက် သတ်မှတ်ထားသည့် စစ်ဆေးမှုဖြစ်၍ ပါရမီကို အလွန်ပင် အသားပေးလိမ့်မည်မှာ သိသာထင်ရှား၏။
သူတို့က တလော့စစ်ဆေးမှုတွင် ပါဝင်ကြသည်မှာ စစ်ဆေးမှုအတွင်း ဆုလာဘ်တချို့ ရရှိရန်သာ ရည်ရွယ်ပြီး ဤသည်ကပင် တန်ဖိုးရှိသော ခရီးစဥ်တစ်ခု ဖြစ်နေခဲ့ချေပြီ။
ဆိုရလျှင် တလော့အမွေအနှစ်ကို ရရှိရန်အတွက် သူတို့သည် မျှော်လင့်ချက် အလွန်အကျွံ မထားရှိခဲ့ကြပေ။
ယခုတစ်ကြိမ် တလော့လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်လာသူထဲတွင် ကျန်းချန်၏ ပါရမီသည် သံသယဖြစ်ဖွယ်ရာမရှိ အကောင်းမွန်ဆုံး ဖြစ်သည်။
ကျန်းချန်သာ တလော့စစ်ဆေးမှုတွင် ပါဝင်မည်ဆိုလျှင် တလော့အမွေအနှစ်ကို ရရှိရန် အလားအလာ အရှိဆုံးသူ သေချာပေါက် ဖြစ်လာပေလိမ့်မည်။
ကျန်းချန်ကလွဲ၍ ပါရမီအရှိဆုံးသူမှာ စန်းယွင်အင်မော်တယ်နန်းတော်မှ ဝမ်ရှင်းဟန် ဖြစ်သည်။
အကယ်၍ ကျန်းချန်သာ တလော့စစ်ဆေးမှုတွင် မပါဝင်လျှင် တလော့အမွေအနှစ်ကို စန်းယွင်အင်မော်တယ် နန်းတော်မှ ဝမ်ရှင်းဟန် ရရှိရန် ဆယ်ပုံကိုးပုံခန့် သေချာသွားပေလိမ့်မည်။
ဝမ်ရှင်းဟန်သာ တလော့အမွေအနှစ်ကို ရရှိသွားခဲ့လျှင် ဝမ်ရှင်းဟန်၏ ခွန်အားသည် သေချာပေါက်မြင့်တက်လာမည် ဖြစ်ပြီး ထိုအချိန်သို့ ရောက်လျှင် သူတို့ကို အလွယ်တကူ အလွှတ်မပေးမည်ကိုပင် စိုးရိမ်ရ၏။
ကျန်းချန်က အနည်းငယ် စဥ်းစားပြီးမှ ပြောလိုက်သည်။
“ကောင်းပြီလေ.. ဒါဆိုရင်လည်း တလော့စစ်ဆေးမှုကို စမ်းကြည့်ရတာပေါ့”
သူက တလော့အမွေအနှစ်ကို သိပ်စိတ်မဝင်စားသော်လည်း တလော့အမွေအနှစ်ကို ဝမ်ရှင်းဟန် ရရှိသွားမည်ကိုမူ မလိုလားပေ။
ဆိုရလျှင် ဝမ်ရှင်းဟန်၏ ခွန်အားသည် အားမနည်းဘဲ အကယ်၍ ဝမ်ရှင်းဟန်သာ တလော့အမွေအနှစ်ကို ရရှိပြီး ခွန်အားများ သိသိသာသာ တိုးတက်သွားခဲ့လျှင် သူ့ကိုပင် ဒုက္ခတချို့ ပေးလာနိုင်သည်။
ထို့ကြောင့် ကျန်းချန်သည် တလော့စစ်ဆေးမှုတွင် ပါဝင်ရန် ဆုံးဖြတ်လိုက်သည်။
တလော့အမွေအနှစ်ကို သူ့အတွက် မလိုအပ်လျှင်ပင် ထိုအမွေအနှစ်ကို လော့ချင်းအာထံ လက်ဆင့်ကမ်းပေးနိုင်သည် မဟုတ်ပါလော။
“တလော့စစ်ဆေးမှုက အတိုင်းအတာတစ်ခု အထိ အန္တရာယ်ရှိနိုင်တယ်.. မင်းတို့အားလုံး သတိထားကြပါ”
ထိုစကားကို ပြောပြီးသည်နှင့် ကျန်းချန်၏ပုံရိပ်သည် ဖျတ်ခနဲ ပျောက်ကွယ်သွားခဲ့ပြီး တလော့အင်မော်တယ် နန်းတော်၏ ပင်မခန်းမထဲကို ရောက်ရှိသွားခဲ့သည်။
ထိုအခိုက်အတန့်မှာပင် ဟင်းလင်းပြင် ပုံပျက်သွားသည့် ခံစားချက်ကြောင့် ကျန်းချန် တခဏမျှ မူးဝေသွားခဲ့ပြီး မျက်လုံးများ ပြန်ဖွင့်လိုက်လိုက်သောအခါတွင် အဆုံးမဲ့ ရေခဲပြင်ကျယ်ကြီး ထဲသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။
လေပြင်းများနှင့် နှင်းများကြားတွင် မှန်သားပြင်ကဲ့သို့ ကြည်လင်နေသော ရေခဲပြင်ပေါ်၌ ဧရာမရေခဲတောင်ကြီးများသည် ကျောက်ဆောင်ကမ်းပါးများကဲ့သို့ မြင့်မားစွာ တည်ရှိနေခဲ့ကြပြီး အေးစက်သော အလင်းရောင်များဖြင့် တောက်ပနေခဲ့သည်။
ပတ်ဝန်းကျင်ရှိ ပြင်းထန်သော လေပြင်းများသည် ရေခဲအစအနများနှင့် အတူ အရပ်လေးမျက်နှာသို့ တိုက်ခိုက်နေခဲ့ပြီး ၎င်း၏ အရှိန်အဟုန်က အလွန်မြန်ဆန်ကာ ရေခဲမြားများသဖွယ် ဖြစ်နေခဲ့သည်။
ပကတိအင်မော်တယ် အဆင့်သို့ မရောက်သေးသူများသာ ဤနေရာတွင် ရှိနေမည်ဆိုလျှင် လေပြင်းနှင့်အတူပါလာသော ထို ရေခဲအစအနများ၏ အောက်တွင် မျက်စိတစ်မှိတ်အတွင်း ပျက်စီးသွားပေလိမ့်မည်။
“ငါက အကြွင်းမဲ့အေးစက်သော အင်မော်တယ်အရှင်ပဲ.. ငါစီစဥ်ထားတဲ့ တလော့စစ်ဆေးမှုကနေ မင်းကို ကြိုဆိုပါတယ်.. မင်းအနေနဲ့ တလော့စစ်ဆေးမှုထဲမှာ အချိန်အတိုင်းအတာ တစ်ခုအထိ တောင့်ခံနိုင်မယ်ဆိုရင် ဆုလာဘ်တချို့ကို ရရှိမှာ ဖြစ်ပြီး တလော့စစ်ဆေးမှုကို အောင်မြင်စွာ ကျော်ဖြတ်နိုင်မယ် ဆိုရင်တော့ ငါ ချန်ထားခဲ့တဲ့ အမွေအနှစ်ကို ရရှိနိုင်မှာဖြစ်တယ်”
ဆိတ်ငြိမ်နေသော ရေခဲပြင်ပေါ်တွင် အေးစက်စက်အသံ ထွက်ပေါ်လာသည်နှင့်အမျှ တလောကလုံး ရုတ်တရက် တုန်ခါသွားခဲ့သည်။
နောက်ထပ် တစ်ခဏတွင် ရေခဲပြင်ပေါ်၌ အစီအရင်သင်္ကေတများ တောက်ပစွာ လင်းလက်လာခဲ့သည်။
သူ့ရှေ့မှ အခြေအနေကို ကြည့်ကာ ကျန်းချန် မျက်မှောင်ကြုတ်သွားခဲ့ပြီး သူ၏ အမူအရာက ချက်ချင်းဆိုသလိုပင် လေးနက်သွားခဲ့သည်။
တလော့အင်မော်တယ် ခင်းကျင်းထားသည့် အစီအရင်သည် အမှန်တကယ်ပင် ထူးခြားနေခဲ့၏။
အစီအရင်သင်္ကေတများ လင်းလက် တောက်ပလာသည်နှင့် အမျှ ရေခဲပြင်သည် ငလျင်လှုပ်သကဲ့သို့ ပြင်းထန်စွာ တုန်ခါလာခဲ့သည်။
ထို့နောက်တွင် ရေခဲပြင်ပေါ်၌ အက်ကြောင်းများ ဖြစ်ပေါ်လာခဲ့ပြီး တစ်မီတာကျော် မြင့်သော ရေခဲတုံး အများအပြား ထွက်ပေါ်လာခဲ့သည်။
“ဝုန်း..”
“ဝုန်း..”
“ဝုန်း..”
ထိုရေခဲတုံးများ တစ်တုံးပြီးတစ်တုံး ပေါက်ကွဲသွားခဲ့သောအခါ ရေခဲခရစ္စတယ်ရုပ် ကဲ့သို့ လူပုံသဏ္ဌာန် ရုပ်သေးရုပ်များ ကျန်းချန်၏ ရှေ့တွင် ပေါ်လာခဲ့သည်။
ရေခဲခရစ္စတယ် ရုပ်သေးရုပ်များသည် အရေအတွက် အလွန်များပြားပြီး ရာနှင့်ချီ၍ ရှိကာ ပြင်းထန်သော အရှိန်အဝါများကို ထုတ်လွှတ်နေကြသည်။
ရုပ်သေး တစ်ရုပ်ချင်းစီသည် အနည်းဆုံး သာမန်ပကတိအင်မော်တယ် အဋ္ဌမအဆင့် ကျင့်ကြံသူတစ်ဦး၏ ခွန်အားနှင့် ညီမျှနေခဲ့သည်။
“ဒါက တလော့စစ်ဆေးမှုလား”
ရေခဲခရစ္စတယ်ရုပ်သေးရုပ်များကို ကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် လေးနက်သွားခဲ့သည်။
သူက ယခုအခါတွင် အကြွင်းမဲ့အေးစက်သော အင်မော်တယ်အရှင် ခင်းကျင်းထားသည့် တလော့စစ်ဆေးမှု ထဲသို့ ရောက်ရှိနေသည်။
ထို့ကြောင့် သူ၏ ရန်သူများသည် ဤတစ်သုတ်ထဲ ရှိမည်မဟုတ်ဘဲ ပိုမို အစွမ်းထက်သော ရေခဲခရစ္စတယ် ရုပ်သေးရုပ်များ ထပ်မံ ထွက်ပေါ်လာဦးမည် ဖြစ်သည်။
ပထမဆုံးတစ်သုတ်မှာ ပကတိအင်မော်တယ် အဋ္ဌမအဆင့်နှင့် ညီမျှသည့် ရေခဲရုပ်သေးရုပ်များ ဖြစ်သည်။
ယင်းကို ကြည့်ခြင်းအားဖြင့် အကြွင်းမဲ့အေးစက်သော အင်မော်တယ်အရှင်၏ တလော့စစ်ဆေးမှုက မရိုးရှင်းမှန်း သိမြင်နိုင်ပေသည်။
သို့သော်လည်း ကျန်းချန်သည် တလော့စစ်ဆေးမှုတွင် ရင်ဆိုင်ရမည့် ရေခဲခရစ္စတယ် ရုပ်သေးရုပ်များ၏ ခွန်အားက စစ်ဆေးမှု ခံယူမည့်သူ၏ ခွန်အားအပေါ်မူတည်၍ ကွဲပြားနိုင်သည်ဟု သူခန့်မှန်းခဲ့သည်။
ပထမအသုတ်တွင် ရင်ဆိုင်ရမည့် ရေခဲခရစ္စတယ် ရုပ်သေးရုပ်များ၏ ခွန်အားသည် စစ်ဆေးခံမည့်သူ၏ ကျင့်ကြံခြင်း အဆင့်နှင့် တူညီနေမည် ဖြစ်သည်။
သို့မဟုတ်လျှင် တလော့ လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်လာသူများသည် တလော့စစ်ဆေးမှု၏ ပထမအဆင့်ကိုပင် ရင်ဆိုင်နိုင်ကြလိမ့်မည် မဟုတ်ပေ။
သေချာသော အချက်မှာ ဤ ရေခဲခရစ္စတယ် ရုပ်သေးရုပ်များသည် စစ်ဆေးမှုတွင် ပါဝင်သူများနှင့် အဆင့်တူညီနေလျှင်ပင် အများစုအတွက် ရင်ဆိုင်ရန် လွယ်ကူသော ကိစ္စမဟုတ်ပေ။
ကျန်းချန်က ရေခဲခရစ္စတယ် ရုပ်သေးရုပ်များကို အကဲခတ်လိုက်ရာ ၎င်းတို့သည် အစီအရင် ခင်းကျင်းထားသည့် ဧရိယာထဲမှာပင် ရှိနေကြပြီး ဧရိယာပြင်ပသို့ ထွက်၍ သူ့ကို တိုက်ခိုက်ရန် ရည်ရွယ်ချက် ရှိပုံ မရသည်ကို သတိပြုမိလိုက်သည်။
“ဒီ ရေခဲခရစ္စတယ် ရုပ်သေးရုပ်တွေက အစီအရင်ရဲ့ ဧရိယာအတွင်းကနေ ထွက်လာမှာ မဟုတ်ဘူး ထင်တယ်”
ကျန်းချန်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် ခြေလှမ်း လှမ်းလိုက်ကာ သူ့ရှေ့ရှိ အစီအရင်ဧရိယာ ထဲသို့ ဝင်ရောက်သွားခဲ့သည်။
“ကျား.. ယား..”
ကျန်းချန်က အစီအရင်ဧရိယာထဲသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ရေခဲခရစ္စတယ် ရုပ်သေးရုပ်များသည် ကျယ်လောင်စွာ မာန်သွင်း အော်ဟစ်လိုက်ကြသည်။
ထို့နောက်တွင်မူ ကြောက်မက်ဖွယ်ရာကောင်းသော အအေးစွမ်းအား အရှိန်အဝါကို ထုတ်လွှတ်နေသည့် ရေခဲခရစ္စတယ်ရုပ်သေးရုပ် ရာချီသည် ကျန်းချန် ဆီသို့ တစ်ပြိုင်နက်တည်း ပြေးဝင်လာခဲ့ကြသည်။
ရေခဲခရစ္စတယ် ရုပ်သေးရုပ် တစ်ရုပ်ချင်းစီ၏ အရွယ်အစားက ကြီးမားလွန်း၍ အတူတကွ ပြေးဝင်လာကြသောအခါ မြေပြင်သည်ပင် အဆက်မပြတ် တုန်ခါနေခဲ့သည်။
ကျန်းချန်က သူ့ဆီသို့ ပြေးဝင်လာသော ရေခဲခရစ္စတယ်ရုပ်သေးရုပ်များကို လူသားဧကရာဇ်ဓား ကိုင်စွဲ၍ တည်ငြိမ်စွာ ကြည့်နေခဲ့သည်။
လက်ရှိ သူ၏ ကျင့်ကြံခြင်းအဆင့်သည် ပကတိအင်မော်တယ် အဋ္ဌမအဆင့်တွင် ရှိသော်လည်း ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်ကိုပင် ရင်ဆိုင်နိုင်စွမ်း ရှိသည်။
ထို့ကြောင့် ဤပကတိအင်မော်တယ် အဋ္ဌမအဆင့် ရေခဲခရစ္စတယ် ရုပ်သေးရုပ်များသည် အရေအတွက် မည်မျှပင် များပြားနေသည်ဖြစ်စေ၊ သူ့အတွက် ပုရွက်ဆိတ်များကဲ့သို့ ဖြစ်နေခဲ့ပြီး မည်သည့် ခြိမ်းခြောက်မှုမှ မပေးနိုင်ခဲ့ချေ။
သူက လက်ထဲရှိ လူသားဧကရာဇ်ဓားကို တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် ရွှေရောင်ဓားကြီး တစ်ခုသည် ဟင်းလင်းပြင်ကို ဖြတ်ကျော်သွားခဲ့ပြီး ဦးဆောင်ကာ ပြေးဝင်လာသည့် ရေခဲခရစ္စတယ် ရုပ်သေးရုပ် သုံးရုပ်၏ ခန္ဓာကိုယ်ကို ချက်ချင်းပင် ထိုးဖောက်သွားခဲ့သည်။
“ခရက်..”
ရေခဲခရစ္စတယ် ရုပ်သေးရုပ် သုံးရုပ်၏ ခန္ဓာကိုယ်များက ရုတ်တရက် ပြိုလဲသွားခဲ့ပြီး ရေခဲအစအနများ အဖြစ် ပြောင်းလဲကာ ရေခဲပြင်ပေါ်တွင် ပြန့်ကျဲသွားခဲ့ပြီး ရေခဲပြင်နှင့် တစ်သားတည်း ဖြစ်သွားခဲ့သည်။
ယင်းနောက်တွင် ချက်ချင်းဆိုသလိုပင် ကျန်းချန်သည် လူသားဧကရာဇ်ဓားကို ကိုင်စွဲ၍ ရေခဲခရစ္စတယ် ရုပ်သေးရုပ်အုပ်စု ထဲသို့ တိုးဝင်သွားခဲ့သည်။
သူ ဓားတစ်ချက် ဝှေ့ယမ်းလိုက်တိုင်းတွင် ရေခဲခရစ္စတယ်ရုပ်သေးရုပ် တစ်ရုပ်ထက်မက သတ်ဖြတ်ခြင်း ခံခဲ့ရ၏။
အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် ကျန်းချန်သည် ဓားချက်ပေါင်း ဒါဇင်နှင့်ချီ၍ ထုတ်ဖော်ခဲ့ပြီး အစီအရင် ဧရိယာထဲရှိ ရေခဲခရစ္စတယ် ရုပ်သေးရုပ် အားလုံးကို လုံးဝ ရှင်းလင်းပစ်လိုက်သည်။
ယင်းအခိုက်အတန့်တွင် ရေခဲပြင်အထက်ကနေ အေးစက်စက်စကားသံက ထပ်မံ ထွက်ပေါ်လာခဲ့သည်။
“ဂုဏ်ယူပါတယ်.. မင်းက တလော့စစ်ဆေးမှုရဲ့ ပထမအဆင့်ကို အောင်မြင်သွားပြီ ဖြစ်တဲ့အတွက် အင်မော်တယ်ကျောက်တုံး တစ်ရာကို ဆုလာဘ်အဖြစ် ရရှိပါတယ်.. နောက်ထပ် အမွှေးတိုင် တစ်တိုင် လောင်ကျွမ်းစာ အချိန်ကျရင် တလော့စစ်ဆေးမှုရဲ့ ဒုတိယအဆင့်ကို စတင်ပါမယ်”
စကားသံ ဆုံးသွားသည်နှင့် ရေခဲပြင်အထက်ရှိ ဟင်းလင်းပြင်ထဲကနေ အင်မော်တယ် အလင်းရောင်များ ထုတ်လွှတ်နေသည့် နို့နှစ်ရောင် ကျောက်တုံးတစ်ရာသည် ကျန်းချန်၏ ရှေ့သို့ ကျဆင်းလာခဲ့သည်။
“အင်မော်တယ်ကျောက်တုံးပါလား”
သူ့ရှေ့မှ ကျောက်တုံးတစ်ရာကို ကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် တောက်ပသွားခဲ့သည်။
အင်မော်တယ်ကျောက်တုံး ဆိုသည်မှာ အင်မော်တယ်အဆီအနှစ် ကြွယ်ဝစွာ ပါဝင်သည့် ကျောက်တုံးအမျိုးအစား ဖြစ်သည်။
၎င်းကို ကျင့်ကြံရာတွင် အသုံးပြုနိုင်သလို ကုန်ဆုံးသွားသော စွမ်းအားများ လျင်မြန်စွာ ပြန်လည်ဖြည့်တင်းရန် အတွက်လည်း အသုံးပြုနိုင်သည်။
အင်မော်တယ်ကျောက်တုံးသည် အင်မော်တယ်လောကတွင် အသုံးပြုနေသော ငွေကြေးလည်း ဖြစ်၏။
ဆိုရလျှင် အင်မော်တယ်ကျောက်တုံး တစ်ရာ ဆိုသည်မှာ သံသယဖြစ်ဖွယ်ရာမရှိ အလွန်ကောင်းမွန်သော ဆုလာဘ်တစ်ခုပင်။
အခန်း(၂၇၁၁)ပြီး၏။
အခန်း(၂၇၁၂)
အင်မော်တယ်ကျောက်တုံးသည် အင်မော်တယ်လောကတွင် အသုံးပြုနေသော ငွေကြေး ဖြစ်သော်လည်း နေရာတိုင်းတွင် ရှိနေသည်တော့ မဟုတ်ပေ။
သာမန် ပကတိအင်မော်တယ် အများစုအတွက်ပင် အင်မော်တယ် ကျောက်တုံးတစ်တုံး ရရှိရန်မှာ မလွယ်ကူသော ကိစ္စဖြစ်၏။
ဆိုရလျှင် ကောင်းကင်အင်မော်တယ် အများစုပင်လျှင် အင်မော်တယ်ကျောက်တုံး တစ်ရာကို ထုတ်ပေးနိုင်ရန် ခဲယဥ်းပေလိမ့်မည်။
ထို့ကြောင့် တလော့စစ်ဆေးမှု၏ ပထမအဆင့် အတွက် ပေးသော ဆုလာဘ်သည် ပကတိအင်မော်တယ် အများစု အတွက် ကြီးမားသော ကြွယ်ဝမှုဟု သတ်မှတ်နိုင်၏။
“ဒီတလော့စစ်ဆေးမှုက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲ”
ကျန်းချန် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
တလော့စစ်ဆေးမှု၏ ပထမအဆင့်မှာပင် အင်မော်တယ်ကျောက်တုံး တစ်ရာကို ဆုလာဘ်အဖြစ် ပေးသည်ဖြစ်ရာ နောက်ပိုင်းအဆင့်များတွင် ဆုလာဘ်များသည် သေချာပေါက်ပို၍ များပြားပေလိမ့်မည် မဟုတ်ပါလော။
သူက တလော့ အမွေအနှစ်ကို စိတ်မဝင်စားသော်လည်း တလော့စစ်ဆေးမှုကနေ ရရှိမည့် ဆုလာဘ်များကိုမူ အလွန်ပင် စိတ်ဝင်စားနေမိသည်။
အင်မော်တယ် ကျောက်တုံးများကို သိမ်းဆည်းပြီးနောက်တွင် ကျန်းချန်သည် တင်ပျဥ်ခွေ၍ ထိုင်နေခဲ့ပြီး တလော့စစ်ဆေးမှု၏ ဒုတိယအဆင့် စတင်မည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။
တလော့စစ်ဆေးမှု၏ အဆင့်တစ်ခုစီ အပြီးတွင် အစစ်ဆေးခံသူကို ကုန်ဆုံးသွားသော စွမ်းအင်များအား ပြန်လည်ဖြည့်တင်းရန် အချိန်တစ်ခု ပေးလေ့ ရှိသည်။
သို့သော်လည်း ကျန်းချန်သည် ပထမအဆင့်တွင် စွမ်းအင်အလွန်အကျွံ မကုန်ဆုံးသဖြင့် ပြန်လည် ဖြည့်တင်းရန် မလိုအပ်ပေ။
သို့ရာတွင် သူ့အနေဖြင့် တလော့စစ်ဆေးမှု၏ ဒုတိယအဆင့်ကို အချိန်မတိုင်မီ ကြိုတင်စတင်နိုင်သည့် နည်းလမ်းလည်း မရှိသဖြင့် ငြိမ်သက်စွာ စောင့်ဆိုင်းနေရုံသာ ရှိတော့သည် မဟုတ်ပါလော။
ထိုသို့ စောင့်ဆိုင်းရင်း အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာခန့် အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
“တလော့စစ်ဆေးမှုရဲ့ ဒုတိယအဆင့် စတင်ပါပြီ”
အေးစက်စက် စကားသံက ရေခဲပြင်ပေါ်တွင် ပဲ့တင်ထပ်သွားသည်နှင့် အမျှ ဆန်းကြယ်သော လှိုင်းတစ်ခုသည် ထပ်မံ၍ လှုပ်ခတ်သွားခဲ့သည်။
မကြာမီမှာပင် ရာနှင့်ချီသော ရေခဲခရစ္စတယ် ရုပ်သေးရုပ်များသည် ရေခဲပြင်ထဲကနေ ထပ်မံ၍ ထွက်ပေါ်လာခဲ့၏။
ထို ရေခဲခရစ္စတယ် ရုပ်သေးရုပ်များသည် ပထမအဆင့်ရှိ ရုပ်သေးရုပ်များထက် သိသိသာသာပင် ပိုမို၍ အစွမ်းထက်ပြီး ရုပ်သေးရုပ် အားလုံးသည် ပကတိအင်မော်တယ် နဝမအဆင့်သို့ ရောက်ရှိနေခဲ့ကြ၏။
“ပထမအဆင့်ထက် ရုပ်သေးရုပ်ရဲ့ ခွန်အားက တစ်ဆင့် ပိုမြင့်သွားတာပဲ”
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
ဒုတိယအဆင့်ရှိ ရေခဲခရစ္စတယ် ရုပ်သေးရုပ်များသည် သူ့အတွက် ခြိမ်းခြောက်မှု မရှိသေးသော်လည်း ဤအခြေအနေအရ ဆိုလျှင် တလော့စစ်ဆေးမှု၏ တတိယအဆင့်တွင် သူ့အနေဖြင့် ကောင်းကင်အင်မော်တယ် ပထမအဆင့် ရုပ်သေးရုပ် ရာချီကို ရင်ဆိုင်ရတော့မည် မဟုတ်ပါလော။
ကောင်းကင်အင်မော်တယ်နှင့် ပကတိအင်မော်တယ် ဆိုသည်မှာ အဆင့်အတန်းချင်း လုံးဝ မတူညီသော တည်ရှိမှုများ ဖြစ်ကြသည်။
အကယ်၍ တတိယအဆင့်တွင် ကောင်းကင်အင်မော်တယ်အဆင့် ရေခဲခရစ္စတယ် ရုပ်သေးရုပ် ရာချီကို ရင်ဆိုင်ရမည်ဆိုလျှင် ကျန်းချန်ပင်လျှင် ရင်ဆိုင်ရခက်ခဲပေလိမ့်မည်။
သို့သော်လည်း ဤအခိုက်အတန့်တွင် ကျန်းချန်သည် ထိုကိစ္စကို အတွေးများနေရန် အချိန်မရှိပေ။
အဘယ်ကြောင့်ဆိုသော် ရာချီသော ရေခဲခရစ္စတယ် ရုပ်သေးရုပ်များသည် သူ့ကို သတ်ဖြတ်ရန် ပြေးဝင်လာကြပြီဖြစ်သောကြောင့်ပင်။
ကျန်းချန်က လူသားဧကရာဇ်ဓားကို ထပ်မံ၍ လှုံ့ဆော်လိုက်ပြီး ရေခဲခရစ္စတယ် ရုပ်သေးရုပ်များကို တိုက်ခိုက်လိုက်သည်။
ပကတိအင်မော်တယ် နဝမအဆင့် ရေခဲခရစ္စတယ် ရုပ်သေးရုပ်များသည် ကျန်းချန်ကို အနည်းငယ်မျှသာ ခြိမ်းခြောက်နိုင်ခဲ့သည်။
ကျန်းချန်က ရေခဲခရစ္စတယ် ရုပ်သေးရုပ်များကို ဓားချက် တစ်ချက်ပြီးတစ်ချက် ထုတ်ဖော်ကာ သုတ်သင်ရှင်းလင်းလိုက်၏။
မကြာမီမှာပင် ဒုတိယအဆင့်ရှိ ရေခဲခရစ္စတယ် ရုပ်သေးရုပ် အများစုသည် ကျန်းချန်၏ လက်ချက်ဖြင့် သေဆုံးကုန်ကြသည်။
တလော့စစ်ဆေးမှု၏ ဒုတိယအဆင့်ရှိ ရေခဲခရစ္စတယ် ရုပ်သေးရုပ်များကို ကျန်းချန် သတ်ဖြတ်နေစဥ်မှာပင် တလော့စစ်ဆေးမှုတွင် ပါဝင်နေကြသော အခြားသူများသည်လည်း ကျန်းချန် ကဲ့သို့ပင် ရေခဲပြင် တစ်ခုစီတွင် ရှိနေကြပြီး ရေခဲ ရုပ်သေးများကို ရင်ဆိုင် တိုက်ခိုက်နေခဲ့ကြသည်။
သို့သော်လည်း အများစုမှာ ယခုအချိန်အထိ တလော့စစ်ဆေးမှု၏ ပထမအဆင့်တွင်ပင် ရှိနေကြသေးသည်။
ထျန်းရွှေအင်မော်တယ်မြို့တော်နှင့် စန်းဟယ်အင်မော်တယ်မြို့တော်မှ ပါရမီရှင် အများစုသည် သူတို့နှင့် အဆင့်ချင်း တူညီသော ရေခဲခရစ္စတယ် ရုပ်သေးရုပ် အနည်းငယ်ကို အနိုင်ယူရန် မခက်သော်လည်း ရာနှင့်ချီသော ရေခဲခရစ္စတယ်ရုပ်သေးရုပ်များကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ရန်မှာမူ အလွန်တရာပင် ခဲယဥ်းနေခဲ့သည်။
သို့သော်လည်း တလော့စစ်ဆေးမှု၏ ပထမအဆင့်ကို နင်ကောင်းယန်နှင့် ထျန်းရွှေအင်မော်တယ် မြို့တော်မှ ထိပ်တန်းပါရမီရှင်များကမူ ချောမွေ့စွာ ကျော်ဖြတ်နိုင်ခဲ့ပြီး တလော့စစ်ဆေးမှု၏ ဒုတိယအဆင့်ကို ဝင်ရောက်နိုင်ခဲ့ကြသည်။
သို့သော်လည်း ဒုတိယအဆင့်ရှိ စစ်ဆေးမှုကို ရင်ဆိုင်ရသောအခါတွင် သူတို့အားလုံးသည် ဖိအားကို ချက်ချင်းပင် ခံစားလိုက်ရသည်။
နင်ကောင်းယန် မဆိုထားနှင့်၊ အရင်ဆုံး ဝင်ရောက်သွားသည့် စန်းဟယ်အင်မော်တယ် မြို့တော်မှ ဟယ်ချန်ရီ ပင်လျှင် တလော့စစ်ဆေးမှု၏ ဒုတိယအဆင့်ကို မကျော်ဖြတ်နိုင်သေးပေ။
နင်ကောင်းယန်နှင့် ဟယ်ချန်ရီတို့ နှစ်ဦးစလုံးသည် ပကတိအင်မော်တယ် နဝမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေကြသည့် ကျင့်ကြံသူများ ဖြစ်ကြသည်။
ထို့ကြောင့် တလော့စစ်ဆေးမှု၏ ပထမအဆင့်မှာပင် သူတို့သည် ပကတိအင်မော်တယ် နဝမအဆင့် အထွတ်အထိပ်ရှိ ရေခဲခရစ္စတယ် ရုပ်သေးရုပ်များကို ရင်ဆိုင်ခဲ့ကြရ၏။
တလော့စစ်ဆေးမှု၏ ဒုတိယအဆင့်သို့ ဝင်ရောက်လာသောအခါတွင် သူတို့သည် ကောင်းကင်အင်မော်တယ် ပထမအဆင့်ရှိ ရေခဲခရစ္စတယ် ရုပ်သေးရုပ်များနှင့် တိုက်ရိုက် မရင်ဆိုင်ရသော်လည်း ခြေလှမ်းတစ်ဝက် ကောင်းကင်အင်မော်တယ် အဆင့်ရှိ ရေခဲခရစ္စတယ် ရုပ်သေးရုပ်များနှင့် ရင်ဆိုင်ခဲ့ကြရသည်။
သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်က ထူးခြားပြီး သာမန် ပကတိ အင်မော်တယ်အဆင့် ကျင့်ကြံသူများထက် အစွမ်းထက်သည်။
အထူးသဖြင့် သူတို့၏ ဝှက်ဖဲအားလုံးကို အသုံးပြုမည်ဆိုလျှင် ကောင်းကင်အင်မော်တယ် တတိယအဆင့် ကျင့်ကြံသူ၏ ခွန်အားနှင့် ညီမျှသော စွမ်းအားကိုပင် ထုတ်ဖော်နိုင်စွမ်းရှိ၏။
သို့သော်လည်း ထိုကဲ့သို့သော စွမ်းအားကို သူတို့သည် အမြဲတစေ ထုတ်ဖော်နိုင်မည် မဟုတ်ပေ။
ရေခဲခရစ္စတယ် ရုပ်သေးရုပ်တချို့ကို သတ်ဖြတ်ပြီးတိုင်းတွင် သူတို့သည် ကုန်ခမ်းသွားသော စွမ်းအားများကို ပြန်လည်ဖြည့်တင်းရန် အစီအရင် ဧရိယာထဲကနေ ထွက်ခွာကြရပြီး အင်အား ပြန်လည်ဖြည့်တင်းပြီးမှသာ အစီအရင်ဧရိယာထဲ ပြန်လည် ဝင်ရောက်၍ ရေခဲခရစ္စတယ်ရုပ်သေးရုပ်များကို ရင်ဆိုင်ခဲ့ကြရသည်။
ရလဒ်အနေဖြင့် တလော့စစ်ဆေးမှူကို ကျော်ဖြတ်နိုင်မည့် သူတို့၏ စွမ်းဆောင်ရည်က သိသိသာသာပင် အားနည်းသွားခဲ့သည်။
ဤတလော့စစ်ဆေးမှုတွင် ပါဝင်နေသူ အားလုံးထဲ၌ တတိယအဆင့်သို့ ရောက်ရှိနေသည့် တစ်ဦးတည်းသောသူမှာ ပင်မခန်းမသို့ အရင်ဦးဆုံး ရောက်ရှိခဲ့သည့် ဝမ်ရှင်းဟန်ပင် ဖြစ်သည်။
ဝမ်ရှင်းဟန်သည် ပကတိအင်မော်တယ် အဋ္ဌမအဆင့်မျှသာ ရှိသော်လည်း တိုက်ခိုက်ရေးစွမ်းရည်ကမူ ပကတိ အင်မော်တယ် နဝမအဆင့် အထွတ်အထိပ်ပါရမီရှင် ဟယ်ချန်ရီထက်ပင် သာလွန်၏။
ထို့ကြောင့် ပထမအဆင့်နှင့် ဒုတိယအဆင့် စစ်ဆေးမှုများသည် သူ့အတွက် မည်သည့် ခြိမ်းခြောက်မှုမျှ မဖြစ်စေခဲ့ပေ။
တတိယအဆင့်တွင် ရင်ဆိုင်ရသော ခြေလှမ်းတစ်ဝက်ကောင်းကင်အင်မော်တယ် ရေခဲခရစ္စတယ် ရုပ်သေးရုပ်များကိုပင် ဝမ်ရှင်းဟန်သည် လွယ်ကူစွာ ကိုင်တွယ်နိုင်ခဲ့သည်။
သူက ခြေလှမ်းတစ်ဝက် ကောင်းကင်အင်မော်တယ် အဆင့် ရေခဲခရစ္စတယ် ရုပ်သေးရုပ်များထဲမှ တစ်ဝက်ကျော်ကိုပင် ရှင်းလင်းပြီးပြီ ဖြစ်သည်။
“ဒီတလော့စစ်ဆေးမှုက အဆင့်ဘယ်နှစ်ဆင့် ကျန်နေဦးမလဲ မသိပေမဲ့ အကြွင်းမဲ့အေးစက်သော အင်မော်တယ်အရှင်ရဲ့ တလော့အမွေအနှစ် ဆက်ခံသူက ငါကလွဲပြီး တခြားဘယ်သူမှ မဖြစ်နိုင်ဘူး”
ဝမ်ရှင်းဟန်က ကျန်ရှိသော ခြေလှမ်းတစ်ဝက် ကောင်းကင် အင်မော်တယ်အဆင့် ရေခဲခရစ္စတယ် ရုပ်သေးရုပ် အနည်းငယ်ကို စူးစိုက်၍ ကြည့်လိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် ထက်ရှသော အလင်းရောင်များ လက်ခနဲ ဖြစ်သွားခဲ့၏။
ယင်းနောက်တွင်မူ ရေခဲခရစ္စတယ် ရုပ်သေးရုပ်များကို အစွမ်းကုန် တိုက်ခိုက်လိုက်တော့သည်။
ဝမ်ရှင်းဟန်က တလော့စစ်ဆေးမှု၏ တတိယအဆင့်ကို ကျော်ဖြတ်တော့မည့် အချိန်တွင် ကျန်းချန်သည် ဒုတိယအဆင့်ကို အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်သည်။
တလော့စစ်ဆေးမှု၏ ဒုတိယအဆင့်ကို ကျော်ဖြတ်ခဲ့ပြီးနောက် ကျန်းချန်သည် အင်မော်တယ်ကျောက်တုံးသုံးရာကို ထပ်မံရရှိခဲ့ပြီး ယင်းမှာ ပထမအဆင့်တွင် ရရှိခဲ့သော ဆုလာဘ်၏ သုံးဆ ဖြစ်သည်။
“ဒီပုံအတိုင်းသာဆို တတိယအဆင့်ကို ကျော်ဖြတ်နိုင်တာနဲ့ အနည်းဆုံး အင်မော်တယ်ကျောက်တုံး ထောင်ချီ ဆုလာဘ်ရလိမ့်မယ်ထင်တယ်”
ကျန်းချန်က အင်မော်တယ် ကျောက်တုံးများကို သိမ်းဆည်းရင်း သူ့ဘာသာသူ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
အင်မော်တယ်လောကတွင် အင်မော်တယ် ကျောက်တုံး ထောင်နှင့်ချီ၍ ကြွယ်ဝသူများသည် အနည်းဆုံး ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူများသာ ဖြစ်ကြ၏။
ဤသည်ကို ကြည့်ခြင်းအားဖြင့် တလော့စစ်ဆေးမှု အတွက် ပေးသော ဆုလာဘ်သည် အမှန်တကယ်ပင် များပြားလွန်းသည်ဟု ဆို၍ ရသည်။
တလော့စစ်ဆေးမှု၏ ဒုတိယအဆင့်ကို ကျော်ဖြတ်ပြီးနောက်တွင် ကျန်းချန်သည် နာရီဝက်ခန့် တင်ပျဥ်ခွေ၍ ထိုင်ကာ စောင့်ဆိုင်းနေခဲ့သည်။
ထို့နောက်တွင် တလော့စစ်ဆေးမှု၏ တတိယအဆင့်က တရားဝင် စတင်ခဲ့တော့သည်။
ယခုတစ်ကြိမ်တွင် သူက ခြေလှမ်းတစ်ဝက် ကောင်းကင်အင်မော်တယ်အဆင့် ရုပ်သေးရုပ် ရာနှင့်ချီ၍ ရင်ဆိုင်လိုက်ရ၏။
“ခြေလှမ်းတစ်ဝက် ကောင်းကင်အင်မော်တယ် အဆင့်ပဲလား”
ကျန်းချန်က တလော့စစ်ဆေးမှု၏ တတိယအဆင့်ရှိ ရေခဲ ခရစ္စတယ် ရုပ်သေးရုပ်များကို မြင်လျှင် အသက်ရှုချောင်သွားသလို ခံစားလိုက်ရသည်။
သူက တတိယအဆင့်တွင် ကောင်းကင်အင်မော်တယ် အဆင့် ရုပ်သေးရုပ်များနှင့် ရင်ဆိုင်ရလိမ့်မည်ဟု မူလက ထင်ထားခဲ့သော်လည်း ယခုအခါ ခြေလှမ်းတစ်ဝက် ကောင်းကင်အင်မော်တယ်အဆင့် ရုပ်သေးရုပ်များသာ ဖြစ်နေသည်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရသည်။
ဤပုံအတိုင်းဆိုလျှင် သူ့အနေဖြင့် တလော့စစ်ဆေးမှု၏ တတိယအဆင့်ကို ပို၍ လွယ်ကူစွာ ကိုင်တွယ်နိုင်တော့မည် မဟုတ်ပါလော။
သို့သော်လည်း တလော့စစ်ဆေးမှု၏ အဆင့်များသည် အဆုံးမရှိ သကဲ့သို့ ဖြစ်နေခဲ့သည်။
အဆင့်တိုင်းတွင် ရေခဲခရစ္စတယ် ရုပ်သေးရုပ်များ၏ ခွန်အား တိုးလာမှုအရ နောက်ထပ် အဆင့်တစ်ဆင့် သို့မဟုတ် နှစ်ဆင့်သာ ထပ်မံ၍ ရှိမည် ဆိုလျှင် ကျန်းချန်အနေဖြင့် ကျော်ဖြတ်နိုင်မည်ဟု ယုံကြည်ချက် ရှိသည်။
အကယ်၍ ထိုအဆင့်ထက် ပိုမို ရှိလာခဲ့မည် ဆိုလျှင် ကျန်းချန်သည် တလော့စစ်ဆေးမှုကို ကျော်ဖြတ်နိုင်ရန် မသေချာတော့ပေ။
ကျန်းချန်က ခေါင်းကို ခါရမ်းလိုက်ပြီး ရုတ်တရက် ထွက်ပေါ်လာသော ရေခဲခရစ္စတယ် ရုပ်သေးရုပ်များကို စူးစိုက်၍ ကြည့်ကာ ထပ်မံ၍ သတ်ဖြတ်လိုက်တော့၏။
အခန်း(၂၇၁၂)ပြီး၏။