အခန်း (၂၇၁၃-၂၇၁၄)
Vol. 212 Ch. 2713-2714
အခန်း(၂၇၁၃)
ခြေလှမ်းတစ်ဝက် ကောင်းကင်အင်မော်တယ်အဆင့် ရုပ်သေးရုပ်သည် ကျန်းချန်အတွက် ခြိမ်းခြောက်မှု ကြီး ကြီးမားမားပေးရန် ခဲယဥ်းနေဆဲပင်။
ကျန်းချန်က ပန်းခင်းများကြားတွင် ပျံဝဲနေသော လိပ်ပြာတစ်ကောင်ကဲ့သို့ ခြေလှမ်းတစ်ဝက် ကောင်းကင်အင်မော်တယ်အဆင့် ရေခဲခရစ္စတယ် ရုပ်သေးရုပ်များကြားတွင် ပျံသန်းရင်း ဓားတစ်ချက်လျှင် ရုပ်သေးရုပ် တစ်ရုပ်နှုန်းဖြင့် ခြေလှမ်းတစ်ဝက် ကောင်းကင်အင်မော်တယ်အဆင့် ရေခဲခရစ္စတယ်ရုပ်သေးရုပ်များကို လျင်မြန်စွာ သုတ်သင်နေခဲ့သည်။
မကြာမီမှာပင် ခြေလှမ်းတစ်ဝက် ကောင်းကင်အင်မော်တယ်အဆင့် ရုပ်သေးရုပ်အားလုံးသည် ကျန်းချန်၏ လက်ချက်ဖြင့် ရှင်းလင်းခံလိုက်ရသည်။
ကျန်းချန်က တလော့စစ်ဆေးမှု၏ တတိယအဆင့် အတွက် ဆုလာဘ်အနေဖြင့် အင်မော်တယ်ကျောက်တုံး တစ်ထောင်ကို ရရှိခဲ့သည်။
တတိယအဆင့် ပြီးဆုံးပြီးနောက်တွင် စတုတ္ထအဆင့် စတင်ရန် တစ်နာရီခန့် ကြာမြင့်မည် ဖြစ်သည်။
တစ်နာရီ ဟူသောအချိန်သည် လျင်မြန်စွာပင် ကုန်ဆုံးသွားခဲ့သည်။
တလော့စစ်ဆေးမှု၏ စတုတ္ထအဆင့်တွင် ကြုံတွေ့ရမည့် ရေခဲခရစ္စတယ် ရုပ်သေးရုပ်များသည် ကျန်းချန်၏ ရှေ့တွင် ထပ်မံ၍ ပေါ်ပေါက်လာခဲ့သည်။
ယခုတစ်ကြိမ် ကျန်းချန် ရင်ဆိုင်ရသော ရေခဲခရစ္စတယ်ရုပ်သေးရုပ်များသည် ကောင်းကင်အင်မော်တယ် အဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
ကောင်းကင်အင်မော်တယ် ပထမအဆင့် ရေခဲခရစ္စတယ်ရုပ်သေးရုပ်များသည် ခြေလှမ်းတစ်ဝက် ကောင်းကင်အင်မော်တယ်အဆင့် ရေခဲခရစ္စတယ် ရုပ်သေးရုပ်ထက် နှစ်ဆမက ပိုမို၍ အစွမ်းထက်ကြသည်။
ဤရေခဲခရစ္စတယ် ရုပ်သေးရုပ်များ စုပေါင်း တိုက်ခိုက်မည်ဆိုလျှင် သာမန် ကောင်းကင်အင်မော်တယ် ဒုတိယ အဆင့်ပင်လျှင် ဆုတ်ခွာရလိမ့်မည်ဖြစ်သည်။
သူ့ရှေမှ ရေခဲခရစ္စတယ် ရုပ်သေးရုပ်များကို ကြည့်ရင်း ကျန်းချန်၏ မျက်နှာအမူအရာက ချက်ချင်းဆိုသလို ပိုမို၍ လင်းလက်သွားခဲ့သည်။
သူက တုံ့ဆိုင်းမနေတော့ဘဲ ကောင်းကင်အင်မော်တယ် ပထမအဆင့်ရှိ ရေခဲခရစ္စတယ် ရုပ်သေးရုပ်များကို သတ်ဖြတ်ရန် အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်းကို ထုတ်ဖော်လိုက်သည်။
“အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်း.. အင်မော်တယ်များကို သုတ်သင်ခြင်း”
“အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်း.. အင်မော်တယ်များကို ခုတ်ပိုင်းခြင်း”
“အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်း.. အင်မော်တယ်များကို သတ်ဖြတ်ခြင်း”
အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်း၏ အောက်တွင် သူ့ရှေ့မှ ရေခဲခရစ္စတယ် ရုပ်သေးရုပ်များသည် အတုံးအရုံး သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။
အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာခန့် မကုန်ဆုံးမီ အချိန်အတွင်းမှာပင် တလော့စစ်ဆေးမှု၏ စတုတ္ထအဆင့်ရှိ ရေခဲခရစ္စတယ် ရုပ်သေးရုပ်အားလုံးကို ကျန်းချန်သည် သုတ်သင်ရှင်းလင်းပစ်လိုက်သည်။
ကျန်းချန်၏ လက်ရှိ ပကတိအင်မော်တယ် အဋ္ဌမအဆင့်ဖြင့် ခွန်အား အပြည့်အဝကို အသုံးပြုလိုက်မည် ဆိုလျှင် ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်ကိုပင် ယှဥ်ပြိုင်ရန် လုံလောက်နေပြီ ဖြစ်သည်။
ထို့ကြောင့် ကောင်းကင် အင်မော်တယ်အဆင့် ရုပ်သေးရုပ်များ အတွက် ကျန်းချန်သည် အနည်းငယ်မျှသာ အားစိုက်ခဲ့ရသည်။
“အစမ်းသပ်ခံသူ.. တလော့စစ်ဆေးမှုရဲ့စတုတ္ထအဆင့်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့တဲ့ အတွက် တလော့အင်မော်တယ်အဆင့် လက်နက် ဖြစ်တဲ့ ထျန်းရှန်းအင်မော်တယ်ဓားကို ဆုလာဘ်အဖြစ် ချီးမြှင့်လိုက်ပါတယ်”
ကျန်းချန်က ကောင်းကင်အင်မော်တယ် ပထမအဆင့် ရေခဲရုပ်သေးရုပ်များကို သတ်ဖြတ်လိုက်သည်နှင့် တစ်ပြိုင်နက် ဆိတ်ငြိမ်နေသော ရေခဲပြင်ပေါ်တွင် ကျန်းချန်နှင့် ရင်းနှီးနေပြီဖြစ်သော အေးစက်စက် စကားသံသည် ကျန်းချန်၏ နားထဲတွင် ထပ်မံ၍ ပဲ့တင်ထပ်လာခဲ့သည်။
ယင်းနောက်တွင်မူ ချက်ချင်းဆိုသလို အပြာဖျော့ဖျော့ အင်မော်တယ် အလင်းများ ထွက်ပေါ်နေသည့် အေးစက်စက်အင်မော်တယ် ဓားတစ်လက်သည် ဟင်းလင်းပြင်ထဲကနေ ထွက်ပေါ်လာခဲ့ပြီး အဆုံးသတ်၌ ကျန်းချန် ရှေ့တည့်တည့်တွင် စိုက်ဝင်သွားခဲ့သည်။
သူ့ရှေ့မှ ထူးခြားဆန်းပြားသော ထျန်းရှန်းဓားကို ကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းများသည် အနည်းငယ် တောက်ပသွားခဲ့၏။
တလော့စစ်ဆေးမှု၏ စတုတ္ထအဆင့်တွင် တလော့အင်မော်တယ်အဆင့် ရတနာဓားတစ်လက်ကို ဆုလာဘ်အဖြစ် ရရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
သူ၏ လက်ရှိ လက်နက်ဖြစ်သော လူသားဧကရာဇ်ဓားသည် အဆင့်နိမ့် စကြဝဠာတွင် အကောင်းမွန်ဆုံး လက်နက်များထဲမှ တစ်ခုဟု သတ်မှတ်နိုင်သော်လည်း အင်မော်တယ်လောကတွင်မူ လုံလောက်မှု မရှိသည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။
သူ၏ လက်ရှိ ပကတိအင်မော်တယ် အဋ္ဌမအဆင့်ဖြင့်ဆိုလျှင် လူသားဧကရာဇ်ဓားသည် သူ၏ စွမ်းရည်ကို သိသိသာသာပင် မဖော်ထုတ်နိုင်တော့ပေ။
ထို့ကြောင့် ယခု တလော့အင်မော်တယ် အဆင့် လက်နက် ဖြစ်သည့် ထျန်းရှန်း အင်မော်တယ်ဓားကို ရရှိလိုက်ခြင်းသည် သူ၏ တိုက်ခိုက်ရေးစွမ်းအားကို ပိုမို၍ ကောင်းမွန်လာမည်မှာ သေချာသလောက်ပင်။
ထျန်းရှန်းအင်မော်တယ်ဓားဖြင့်သာ ဆိုလျှင် သာမန် ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်ကျင့်ကြံသူနှင့် ရင်ဆိုင်ရလျှင်ပင် ကျန်းချန်သည် သေချာပေါက် အနိုင်ယူနိုင်လိမ့်မည် ဖြစ်သည်။
“တလော့စစ်ဆေးမှုရဲ့ စတုတ္ထအဆင့်က တလော့အင်မော်တယ်အဆင့် လက်နက်တစ်ခု ဆိုတော့ နောက်တစ်ဆင့်က တလော့စစ်ဆေးမှုရဲ့ နောက်ဆုံးအဆင့် ဖြစ်နိုင်လောက်တယ်”
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် လက်ခနဲ ဖြစ်သွားခဲ့သည်။
တလော့အင်မော်တယ် အဆင့် လက်နက် ဆိုသည်မှာ တလော့အင်မော်တယ် အရှင်အတွက် ပင်လျှင် အလွန်တရာ ရှားပါးသော တည်ရှိမှု တစ်ခု ဖြစ်သည်။
တလော့စစ်ဆေးမှု၏ စတုတ္ထအဆင့် အတွက် ဆုလာဘ်သည် တလော့ အင်မော်တယ်အဆင့် လက်နက် ဖြစ်နေခဲ့ရာ ပဉ္စမအဆင့် ဆုလာဘ်သည် တလော့အင်မော်တယ် အဆင့် လက်နက်ထက်ပင် ပို၍ မြင့်မားနေမည်မှာ သေချာသည် မဟုတ်ပါလော။
တလော့အင်မော်တယ် အဆင့်တွင် တလော့လက်နက်ထက် ပိုမို၍ မြင့်မားသော အရာမှာ တလော့အမွေအနှစ် သာလျှင် ရှိပေလိမ့်မည်။
ထို့ကြောင့် တလော့ စစ်ဆေးမှု၏ ပဉ္စမအဆင့်သည် နောက်ဆုံးအဆင့် ဖြစ်နိုင်ခြေ အလွန်များနေခဲ့သည်။
ထိုအဆင့်တွင် သူက ကောင်းကင်အင်မော်တယ် ဒုတိယအဆင့် ရေခဲခရစ္စတယ် ရုပ်သေးရုပ်များကို ရင်ဆိုင်ရလိမ့်မည်ဖြစ်၏။
သူ၏ ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်နှင့် နှိုင်းယှဥ်နိုင်သော တိုက်ခိုက်ရေးစွမ်းအားနှင့် ယခုလေးတင်ရရှိထားသော တလော့အင်မော်တယ်အဆင့် လက်နက် ဖြစ်သည့် ထျန်းရှန်းအင်မော်တယ်ဓားကိုပါ ပေါင်းစပ်လိုက်လျှင် ကောင်းကင်အင်မော်တယ် ဒုတိယအဆင့် ရေခဲခရစ္စတယ်ရုပ်သေးရုပ်များကို ကိုင်တွယ်ရန်မှာ လုံလောက်သည်ထက်ပင် ပိုနေပါသေး၏။
ထိုသို့တွေးတောရင်း ကျန်းချန်သည် တင်ပျဥ်ခွေ၍ ထိုင်ကာ စောင့်ဆိုင်းနေခဲ့သည်။
ကျန်းချန်က တလော့စစ်ဆေးမှု၏ ပဉ္စမအဆင့် စတင်ရန် စောင့်ဆိုင်းနေစဥ်မှာပင် ဝမ်ရှင်းဟန်သည် တလော့စစ်ဆေးမှု၏ စတုတ္ထအဆင့်တွင် အစစ်ဆေးခံရန် စတင်နေပြီ ဖြစ်သည်။
ဝမ်ရှင်းဟန်က တိုက်ခိုက်ရေးစွမ်းရည်ကို အပြည့်အဝထုတ်ဖော်ကာ သူ၏ လက်ထဲရှိ ရွှေအင်မော်တယ်အဆင့်လက်နက် ဖြစ်သည့် ယွမ်မင်အေးခဲစက်လုံးကို လှုံ့ဆော်၍ ရေခဲခရစ္စတယ်များကို ရေခဲအမှုန့်များ ဖြစ်အောင် ချေမှုန်းနေခဲ့သည်။
ဝမ်ရှင်းဟန်၏ ခွန်အားဖြင့် ရေခဲခရစ္စတယ် ရုပ်သေးရုပ်များကို သတ်ဖြတ်ရန် ရွှေအင်မော်တယ်အဆင့် လက်နက် ဖြစ်သော ယွမ်မင်အေးခဲ စက်လုံးကို လှုံ့ဆော်ရန် မခက်ခဲသော်လည်း ယင်းသည် သူ့အတွက် စွမ်းအင်ကုန်ဆုံးမှုကို အလွန်တရာ များပြားစေခဲ့၏။
ရေခဲခရစ္စတယ် ရုပ်သေးရုပ်များကို တစ်ဝက်ခန့် ရှင်းလင်းပြီးနောက်တွင် ဝမ်ရှင်းဟန်သည် မျက်နှာဖြူဖျော့စွာဖြင့် အစီအရင် ဧရိယာထဲကနေ ဆုတ်ခွာခဲ့ရပြီး သူ၏ ခန္ဓာကိုယ်မှ ကုန်ဆုံးသော စွမ်းအားများကို ပြန်လည်ဖြည့်တင်းရန် အတွက် အင်မော်တယ် ကျောက်တုံးများကို စတင် အသုံးပြုခဲ့ရ၏။
နာရီဝက်ခန့် ကြာပြီးနောက်တွင် ဝမ်ရှင်းဟန်၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအားများသည် ဆယ်ပုံ ခုနစ်ပုံခန့် ပြန်လည် ပြည့်ဖြိုးလာခဲ့သည်။
သူက တုံ့ဆိုင်းမနေတော့ဘဲ ကောင်းကင်အင်မော်တယ် ပထမအဆင့်ရှိ ရေခဲခရစ္စတယ် ရုပ်သေးရုပ်များကို သတ်ဖြတ်ရန် အစီအရင်ဧရိယာ ထဲသို့ ထပ်မံ၍ တိုးဝင်သွားခဲ့သည်။
တလော့စစ်ဆေးမှုတွင် အဆင့်များကို အရင်ဆုံး ကျော်ဖြတ်နိုင်သူသာလျှင် အကြွင်းမဲ့အေးစက်သော အင်မော်တယ်အရှင် ချန်ထားရစ်ခဲ့သည့် တလော့အမွေအနှစ်ကို ရရှိနိုင်မည်ဖြစ်သည်။
ဤတလော့စစ်ဆေးမှုတွင် ထျန်းရွှေအင်မော်တယ် မြို့တော်နှင့် စန်းဟယ်အင်မော်တယ် မြို့တော်ရှိ ရွှေအင်မော်တယ် အဆင့် အင်အားစုများမှ ပါရမီရှင်များ အတွက် ကျော်ဖြတ်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ ကျန်းချန် အမည်ရှိ မွန်းစတား တစ်ဦး ပေါ်ထွက်လာခဲ့၏။
ထိုလူ၏ ပါရမီသည် သူ့ထက်ပင် မနိမ့်ကျပေ။
အကယ်၍ သူသာ အစွမ်းကုန် မကြိုးစားခဲ့လျှင် တလော့အမွေအနှစ်သည် ထိုလူ၏ လက်ထဲသို့ အမှန်တကယ်ပင် ရောက်ရှိသွားနိုင်ပေသည်။
ထိုအကြောင်းကြောင့်ပင် ဝမ်ရှင်းဟန်သည် ယွမ်မင်အေးခဲစက်လုံးကို ရူးသွပ်စွာ လှုံ့ဆော်လိုက်ပြီး တလော့စစ်ဆေးမှု၏ စတုတ္ထအဆင့်ကို အမြန်ဆုံး ကျော်ဖြတ်ရန် ကြိုးစားနေခဲ့သည်။
“ဝုန်း..”
“ဝုန်း..”
“ဝုန်း..”
ဝမ်ရှင်းဟန်က သူ့ရှေ့မှ ကောင်းကင်အင်မော်တယ် ပထမအဆင့် ရေခဲခရစ္စတယ် ရုပ်သေးရုပ်များကို ဆက်တိုက်ဆိုသလို သတ်ဖြတ်နေခဲ့သည်။
အလွန်လျင်မြန်စွာပင် ကောင်းကင်အင်မော်တယ် အဆင့်ရှိ ရေခဲခရစ္စတယ် ရုပ်သေးရုပ်များသည် ဆယ်ရုပ်အောက်သာ ကျန်ရှိတော့သည်။
သို့သော်လည်း ဝမ်ရှင်းဟန်က နောက်ဆုံးကျန်ရှိနေသော ရုပ်သေးရုပ် အနည်းငယ်ကို သတ်ဖြတ်ကာ တလော့စစ်ဆေးမှု၏ စတုတ္ထအဆင့်ကို ကျော်ဖြတ်တော့မည့် အချိန်မှာပင် ရေခဲပြင်ပေါ်၌ ရုတ်တရက် ဆန်းကြယ်သော ဟင်းလင်းပြင်စွမ်းအင်လှိုင်း လှုပ်ခတ်မှုများ ဖြစ်ပေါ်လာခဲ့သည်။
ဝမ်ရှင်းဟန်က တစ်ခဏမျှ မှင်တက်သွားခဲ့ပြီး သူဘာမျှ မတုံ့ပြန်နိုင်မီမှာပင် ဤရေခဲနှင့်နှင်း ကမ္ဘာကြီး၏ တွန်းထုတ်ခြင်းကို ခံလိုက်ရသည်။
နောက်ထပ် တစ်ခဏတွင် ဝမ်ရှင်းဟန်သည် သူ၏ ပုံရိပ်က တလော့အင်မော်တယ် နန်းတော်၏ ပင်မခန်းမ အပြင်ဘက်တွင် ရောက်ရှိနေသည်ကို တအံ့တဩ တွေ့ရှိလိုက်ရသည်။
“ဘာတွေဖြစ်ကုန်တာလဲဟ.. ငါက ဘာလို့ တလော့စစ်ဆေးမှုကနေ အထုတ်ခံလိုက်ရတာလဲ”
ဝမ်ရှင်းဟန်က အံ့ဩ ထိတ်လန့်သွားခဲ့သည်။
ဤအခိုက်အတန့်တွင် တလော့စစ်ဆေးမှု၌ ပါဝင်နေကြသော ဟယ်ချန်ရီနှင့် နင်ကောင်းယန် တို့သည်လည်း တစ်ဦးပြီးတစ်ဦး ဟင်းလင်းပြင်ထဲကနေ ပေါ်ထွက်လာကြသည်။
ဝမ်ရှင်းဟန်၏ မျက်ဝန်းများက ရုတ်တတရက် အနည်းငယ် မှေးကျဥ်းသွားခဲ့သည်။
တလော့စစ်ဆေးမှုတွင် ပါဝင်နေသူ အားလုံးသည် တစ်ပြိုင်တည်း အထုတ်ခံလိုက်ရပြီ ဖြစ်သည်။
ယင်းမှာ တလော့စစ်ဆေးမှုက အဆုံးသတ်သွားပြီဟု ဆိုလိုခြင်းပင်။
သူသိထားသလောက်ဆိုလျှင် တစ်စုံတစ်ဦးက တလော့စစ်ဆေးမှုကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခြင်း မရှိသရွေ့ စစ်ဆေးမှုသည် အမြဲတစေ ရှိနေမည်ဖြစ်ပြီး ဤကဲ့သို့ အဆုံးသတ်သွားရန် မဖြစ်နိုင်ပေ။
ကျန်းချန်ဟု အမည်ရသော ထိုလူသည် တလော့စစ်ဆေးမှုကို ကျော်ဖြတ်ပြီး အကြွင်းမဲ့အေးစက်သော အင်မော်တယ်အရှင် ချန်ထားရစ်ခဲ့သည့် တလော့အမွေအနှစ်ကို ရရှိသွားခဲ့၍များ ဖြစ်နိုင်ပါသလော။
“ဒါတော့ မဖြစ်နိုင်ဘူးထင်တယ်.. ငါဝမ်ရှင်းဟန်က အကြွင်းမဲ့အေးစက်သော အင်မော်တယ်အရှင်ရဲ့ တလော့အမွေအနှစ်ကို ဆက်ခံဖို့ အရည်အချင်း အရှိဆုံးလူပဲ”
ဝမ်ရှင်းဟန်က အရူးတစ်ယောက် ကဲ့သို့ ဖြစ်နေခဲ့ပြီး သူ၏ မျက်နှာထက်တွင်လည်း အလွန်အမင်း မကျေနပ်သော အမူအရာများ ထင်ဟပ်နေခဲ့သည်။
သူကျင့်ကြံသော စွမ်းအားသည် အကြွင်းမဲ့ အေးစက်သော အင်မော်တယ်အရှင်နှင့် တူညီနေခဲ့၍ သူသာလျှင် တလော့စစ်ဆေးမှုကို ကျော်ဖြတ်ကာ တလော့အမွေအနှစ်ကို ရရှိရန် အလားအလာအရှိဆုံး ပါရမီရှင် ဖြစ်သင့်သည် မဟုတ်ပါလော။
သို့ရာတွင် သူက တလော့ စစ်ဆေးမှု၏ စတုတ္ထအဆင့်ကိုပင် ကျော်ဖြတ်ရန် အချိန်မရလိုက်ဘဲ ကျန်းချန်ကသာ တလော့စစ်ဆေးမှုကို အောင်မြင်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
အခန်း(၂၇၁၃)ပြီး၏။
အခန်း(၂၇၁၄)
“တလော့စစ်ဆေးမှုက ပြီးသွားပြီလား”
“ကျန်းချန်က တလော့စစ်ဆေးမှုကို အောင်မြင်သွားပြီး အကြွင်းမဲ့အေးစက်သော အင်မော်တယ်အရှင်ရဲ့ အမွေအနှစ်ကို ရရှိသွားပုံပဲ”
“ထင်ထားတဲ့အတိုင်းပဲ.. အဲဒီလူရဲ့ပါရမီက စန်းယွင်အင်မော်တယ်နန်းတော်က ဝမ်ရှင်းဟန် ထက်တောင် ပိုပြီး ကြောက်စရာကောင်းတာပဲ”
“...........”
လူတိုင်းက သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ မအံ့ဩဘဲ မနေနိုင်ခဲ့ပေ။
အထူးသဖြင့် လော့ချင်းအာ တို့သည် ဝမ်ရှင်းဟန်ထက် များစွာ နောက်ကျပြီးမှာ တလော့စစ်ဆေးမှုထဲ ဝင်ရောက်သွားသည့် ကျန်းချန်က ဤမျှအထိ မြန်မြန်ဆန်ဆန် စစ်ဆေးမှုကို ကျော်ဖြတ်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ထို့အပြင် ကျန်းချန်သည် ယခုအခါတွင် အကြွင်းမဲ့အေးစက်သော အင်မော်တယ်အရှင် ချန်ထားရစ်ခဲ့သော တလော့အမွေအနှစ်ကို ရရှိသွားခဲ့ပြီ ဖြစ်သည်။
“ညီနောင်ကျန်းချန်က တကယ်ကို တုနှိုင်းမဲ့ပါရမီရှင် တစ်ယောက်ပဲ”
ဟယ်ချန်ရီကလည်း အံ့အားသင့်နေခဲ့သည်။
ဝမ်ရှင်းဟန်နှင့် ကျန်းချန်တို့ ကဲ့သို့ တုနှိုင်းမဲ့ပါရမီရှင်များ ရှိနေသည့် အတွက် သူ့အနေဖြင့် တလော့အမွေအနှစ်ကို ရရှိရန်မှာ မဖြစ်နိုင်သလောက် ဖြစ်သည်ကို ဟယ်ချန်ရီ၏ စိတ်ထဲတွင် ရှင်းလင်းစွာ သိရှိထားခဲ့သည်။
မည်သို့ပင်ဖြစ်စေကာမူ ယခုတစ်ကြိမ် တလော့စစ်ဆေးမှုတွင် သူ့အနေဖြင့် အဆင့်နှစ်ဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပြီး ရာနှင့်ချီသော အင်မော်တယ်ကျောက်တုံးများကို ရရှိခဲ့ရာ ယင်းသည်ပင် သူ့အတွက် အတော်လေး တန်ဖိုးရှိနေခဲ့ပြီ ဖြစ်သည်။
နှိုင်းယှဥ်ချက်အရ ဟယ်ချန်ရီ၏ ကျန်းချန် အပေါ် ထားရှိသော စိတ်ရင်းသည် စန်းယွင်အင်မော်တယ်နန်းတော်မှ ဝမ်ရှင်းဟန်ထက်ပင် များစွာ ပို၍ သာလွန်သည်။
ထို့ကြောင့် တလော့အင်မော်တယ် အမွေအနှစ်ကို ကျန်းချန် ရရှိသွားသည့်အတွက် ဟယ်ချန်ရီသည် ဝမ်းသာနေခဲ့သည်။
“အကြွင်းမဲ့အေးစက်သော အင်မော်တယ်အရှင်ရဲ့ အမွေအနှစ်က ငါ ဝမ်ရှင်းဟန်နဲ့ပဲ သက်ဆိုင်တယ်.. ဘယ်သူမှ ငါ့ဆီကနေ လုယူသွားဖို့ မစဥ်းစားနဲ့”
ဝမ်ရှင်းဟန်က ရူးသွပ်စွာ ကြုံးဝါးလိုက်ပြီး သူ၏ခက်ထန်သောအကြည့်သည် လော့ချင်းအာ ထံသို့ တိုက်ရိုက်ပင် ကျရောက်သွားခဲ့သည်။
ကျန်းချန်သည် ထျန်းရွှေအင်မော်တယ်မြို့တော်မှ လော့ရွှေကုန်သည်အဖွဲ့နှင့် အလွန်ရင်းနှီးသော ဆက်ဆံရေး ရှိသည်။
အကယ်၍ သူသာ လော့ရွှေကုန်သည်အဖွဲ့၏ သခင်မလေး လော့ချင်းအာကို ဖမ်းဆီးနိုင်မည် ဆိုလျှင် ကျန်းချန်ကို အကြွင်းမဲ့အေးစက်သော အင်မော်တယ်အရှင်၏ အမွေအနှစ်အား လွှဲပြောင်းပေးရန် အကြပ်ကိုင်နိုင်လိမ့်မည် မဟုတ်ပါလော။
“သခင်မလေး.. သတိထား”
ဝမ်ရှင်းဟန်၏ အကြည့်အဓိပ္ပာယ်ကို မှန်းဆမိလျှင် လော့ရွှေကုန်သည်အဖွဲ့မှ ပကတိအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူ နှစ်ဦးသည် သိသိသာသာပင် မျက်နှာပျက်သွားခဲ့ပြီး လော့ချင်းအာကို ကာကွယ်ရန် လော့ချင်းအာ ရှေ့တွင် ရပ်လိုက်ကြသည်။
“မင်းတို့နှစ်ယောက်ကများ ငါ့ကို တားချင်နေသေးတယ်.. အခုချက်ချင်း ထွက်သွားစမ်း”
ဝမ်ရှင်းဟန်က ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ် အင်မော်တယ်စွမ်းအားများသည် လော့ချင်းအာတို့ သုံးယောက် ထံသို့ တိုးဝင်သွားခဲ့သည်။
လော့ရွှေကုန်သည်အဖွဲ့မှ ပကတိအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူ နှစ်ဦးသည် အလျင်အမြန်ပင် ပြန်လည် ခုခံလိုက်ကြ၏။
သို့ရာတွင် သူတို့နှစ်ဦးလုံးက ပကတိအင်မော်တယ် နဝမအဆင့်သို့ ရောက်ရှိနေကြသော်လည်း တိုက်ခိုက်ရေးစွမ်းအားကမူ ဝမ်ရှင်းဟန် ကဲ့သို့ ပါရမီရှင်နှင့် ယှဥ်လျှင် များစွာကွာခြားနေခဲ့သည်။
“ဝုန်း..”
ကျယ်လောင်သော အသံ ထွက်ပေါ်လာခဲ့ပြီးနောက်တွင် သူတို့နှစ်ယောက်သည် လော့ချင်းအာကို ကာကွယ်ရင်း မီတာဆယ်ဂဏန်းခန့် အကွာအဝေး အထိ နောက်ပြန် လွင့်စင်သွားခဲ့ကာ သွေးတစ်လုတ်စီကို အန်ထုတ်လိုက်ကြရသည်။
“ငါ့ကိုတားရဲရင် တားတဲ့သူ သေရမယ်”
ဝမ်ရှင်းဟန်၏ မျက်ဝန်းများက အလွန်တရာပင် အေးစက်နေခဲ့သည်။
သူက လော့ချင်းအာ တို့ကို အသက်ရှူရန် အခွင့်အရေးပင် လုံးဝ မပေးလိုခဲ့ပေ။
သူက လက်တစ်ဖက်ကို မြှောက်လိုက်ပြီး နောက်ထပ် လက်ဝါးရိုက်ချက် တစ်ချက်ကို ထပ်မံ ထုတ်ဖော်လိုက်သည်။
လော့ချင်းအာတို့သုံးယောက် အန္တရာယ်ရှိနေသည်ကိုမြင်လျှင် နင်ကောင်းယန်နှင့် ဟယ်ချန်ရီ တို့သည် ရပ်ကြည့်မနေနိုင်ကြတော့ဘဲ တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြပြီး ဝမ်ရှင်းဟန်၏ လက်ဝါးရိုက်ချက်ကို တားဆီးလိုက်ကြသည်။
“ဟယ်ချန်ရီ မင်း ဒါဘာသဘောလဲ.. ငါ့ကိစ္စကိုတောင် ဝင်ရှုပ်ရဲတယ် ဆိုတော့ ငါတို့ စန်းယွင်အင်မော်တယ် နန်းတော်နဲ့ ရန်သူဖြစ်ချင်နေတာလား”
သူ့ရှေ့တွင် ရပ်နေသော ဟယ်ချန်ရီတို့ နှစ်ဦးကို မြင်လျှင် ဝမ်ရှင်းဟန်၏ မျက်နှာသည် ချက်ချင်းဆိုသလိုပင် အလွန်တရာ သုန်မှုန်သွားခဲ့သည်။
ထိုနှစ်ဦးလုံးသည် ရွှေအင်မော်တယ်အဆင့် အင်အားစုများမှ ထိပ်တန်းအဆင့် ပါရမီရှင်များ ဖြစ်ကြသည်။
သူတို့က ဝမ်ရှင်းဟန်ထက် အနည်းငယ် နိမ့်ကျသော်လည်း နှစ်ဦး ပူးပေါင်းလိုက်မည် ဆိုလျှင် သူတို့ကို အနိုင်ယူရန်မှာ ဝမ်ရှင်းဟန် အတွက်ပင် မလွယ်ကူပေ။
ဟယ်ချန်ရီက မထီမဲ့မြင် အမူအရာဖြင့် ပြောလိုက်သည်။
“ဝမ်ရှင်းဟန်.. မင်းက တလော့အမွေအနှစ်ကို မရတာနဲ့ပဲ အခုလို ယုတ်မာတဲ့နည်းလမ်းကို အသုံးပြုပြီး ညီနောင်ကျန်းချန်ကို ခြိမ်းခြောက်ဖို့ ကြံစည်ရဲတယ်.. စန်းယွင်အင်မော်တယ်နန်းတော်ရဲ့ ကိုယ်စား မင်းအတွက် ငါရှက်မိတယ်”
“ငါဘယ်လိုလုပ်ရမလဲဆိုတာ မင်းငါ့ကို သင်ပြပေးနေစရာ မလိုဘူး”
ဝမ်ရှင်းဟန်က ဟယ်ချန်ရီကို စူးရှစွာ စိုက်ကြည့်လိုက်သည်။
“ပြဿနာမဖြစ်ချင်ဘူး ဆိုရင် ဒီနေရာကနေ အခုချက်ချင်း ထွက်သွားလိုက်”
“ဝမ်ရှင်းဟန်.. ငါတို့ ဒီမှာရှိနေသရွေ့ သခင်မလေးလော့ရဲ့ ဆံခြည်တစ်မျှင်ကိုတောင် မင်းထိလို့ မရစေရဘူး”
ဟယ်ချန်ရီက အေးစက်စက် ပြောလိုက်သည်။
“အဲဒီနေ့က သစ်ပင်မိစ္ဆာနဲ့ တိုက်ခိုက်ပြီး ငါတို့ ခွန်အားပြန်ဖြည့်နေတဲ့အချိန်မှာ မင်းက အခွင့်ကောင်းယူဖို့ ကြိုးစားခဲ့တယ်.. ဒီနေ့တော့ စန်းယွင်အင်မော်တယ် နန်းတော်က ပါရမီရှင်ရဲ့ စွမ်းရည်တွေကို လေ့လာရတာပေါ့”
ဟယ်ချန်ရီ၏ စိတ်ထဲတွင် စန်းယွင် အင်မော်တယ် နန်းတော်မှ ပါရမီရှင် ဝမ်ရှင်းဟန် အပေါ်တွင် ကောင်းမွန်သော ခံစားချက် မရှိခဲ့ပေ။
ထိုနေ့က သူတို့သည် သစ်ပင်မိစ္ဆာနှင့် အပြင်းအထန် တိုက်ပွဲဝင်နေကြပြီး ခွန်အားပြန်လည်ဖြည့်တင်းနေသော အချိန်တွင် ဝမ်ရှင်းဟန်သည် အခွင့်ကောင်းယူကာ ထွက်ပေါ်လာခဲ့သည်။
အကယ်၍ ကျန်းချန်သာ ပကတိအင်မော်တယ် သစ်သီးကို မရယူနိုင်ခဲ့ဘဲ ဝမ်ရှင်းဟန်ကို မတိုက်ထုတ်နိုင်ခဲ့လျှင် သူတို့သည် ဝမ်ရှင်းဟန် အတွက် အလကား အလုပ်လုပ်ပေးသလို ဖြစ်သွားပေလိမ့်မည် မဟုတ်ပါလား။
ကျန်းချန်သည် ပကတိအင်မော်တယ်သစ်သီးကို သူ၏ ကိုယ်ပိုင်အစွမ်းဖြင့် ရယူပြီးနောက်တွင် သူ့အတွက် တစ်လုံးပင် ပြန်ပေးခဲ့သေးသည်။
ယခု ဝမ်ရှင်းဟန်က လော့ချင်းအာကို တိုက်ခိုက်ခြင်းသည် လော့ချင်းအာကို အသုံးချပြီး ကျန်းချန် ထံမှ တလော့အမွေအနှစ်ကို လွှဲပြောင်းရယူရန် ဖြစ်သည်မှာ ထင်ရှားနေခဲ့၏။
သို့ဖြစ်ရာ သူတို့အနေဖြင့် ဝမ်ရှင်းဟန်ကို အလွယ်တကူ အောင်မြင်ခွင့် မည်ကဲ့သို့ ပေးနိုင်ပါမည်နည်း။
“ကောင်းတယ် သိပ်ကောင်းတယ်.. မင်းတို့က ဒီလောက်တောင် သေချင်နေမှတော့ ငါဖြည့်ဆည်းပေးရသေးတာပေါ့”
ဝမ်ရှင်းဟန်က ဒေါသတကြီး ကြုံးဝါးလိုက်ပြီး သူ၏လက်ထဲရှိ ယွမ်မင်အေးခဲစက်လုံးကို လှုံ့ဆော်ကာ ဟယ်ချန်ရီတို့ နှစ်ဦးလုံးကို သတ်ဖြတ်ရန် ပြင်ဆင်လိုက်သည်။
ဝမ်ရှင်းဟန်သည် စန်းယွင်အင်မော်တယ် နန်းတော်၏ ပါရမီရှင်ဖြစ်သော်လည်း စန်းယွင်အင်မော်တယ်နန်းတော်၏ အထူးချွန်ဆုံး ပါရမီရှင်တော့ မဟုတ်ပေ။
ဝမ်ရှင်းဟန်၏ အထက်တွင် ဝမ်ရှင်းဟန်ထက် ပို၍ သာလွန်သော ကြီးကျယ်သည့် ပါရမီရှင် နှစ်ဦး ရှိနေသေး၏။
ထိုပါရမီရှင် နှစ်ဦးလုံးတွင် တလော့အမွေအနှစ်များ ကိုယ်စီရှိကြသည်။
ယင်းအတွက်ကြောင့် ထိုနှစ်ဦးကို ကျော်တက်လိုလျှင် တလော့အမွေအနှစ် မရှိသရွေ့ သူ့အတွက် မဖြစ်နိုင်သလောက်ပင်။
ထို့ကြောင့်လည်း အကြွင်းမဲ့အေးစက်သော အင်မော်တယ်အရှင်၏ တလော့အမွေအနှစ်သည် ဝမ်ရှင်းဟန် အတွက် အခွင့်အရေး ဖြစ်သည်မှာ သံသယဖြစ်စရာ မရှိချေ။
ထိုနှစ်ဦးက သူ့ကို တားဆီးရန် ဆုံးဖြတ်ထားသည်ကို ကောင်းစွာ သိထားသဖြင့် ဝမ်ရှင်းဟန်သည် အပိုစကားများပြောနေရန် စိတ်မကူးတော့ဘဲ ထိုနှစ်ယောက်ကို အမြန်ဆုံး အနိုင်ယူကာ လော့ချင်းအာကို ဖမ်းဆီးရန် စဥ်းစားလိုက်သည်။
အကယ်၍ ကျန်းချန်သာ ပင်မခန်းထဲကနေ ထွက်လာခဲ့မည် ဆိုလျှင် သူ့အနေဖြင့် တလော့အမွေအနှစ်ကို ရရှိရန် မည်သည့်အခွင့်အရေးမျှ ရှိတော့မည် မဟုတ်ပေ။
ဝမ်ရှင်းဟန်က ယွမ်မင်အေးခဲစက်လုံးကို အစွမ်းကုန် လှုံ့ဆော်လိုက်ရာ သူ၏ရှေ့ရှိ ဟင်းလင်းပြင်သည် ချက်ချင်းပင် မီတာတစ်ရာခန့်ရှိသော ရေခဲတောင်ကြီး အဖြစ်သို့ စုစည်းသွားခဲ့ပြီး ဟယ်ချန်ရီတို့ နှစ်ဦးကို ရိုက်ချလိုက်သည်။
ဟယ်ချန်ရီတို့နှစ်ဦးကလည်း လုံးဝ ကြောက်ရွံ့ခြင်းမရှိဘဲ ရွှေအင်မော်တယ်အဆင့် လက်နက်များကို ကိုယ်စီ ထုတ်ဖော်ကာ ဝမ်ရှင်းဟန်ကို ထိပ်တိုက် ရင်ဆိုင်လိုက်ကြ၏။
“ဝုန်း..”
တုန်လှုပ်ဖွယ်ရာ ကျယ်လောင်သော ပေါက်ကွဲသံသည် ချက်ချင်းဆိုသလိုပင် ပဲ့တင်ထပ်သွားခဲ့သည်။
ဟယ်ချန်ရီနှင့် နင်ကောင်းယန်တို့၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး မြေပြင်ပေါ်တွင် ခြေလှမ်း ဆယ်လှမ်းကျော်ခန့် နောက်ဆုတ်သွားခဲ့ရသည်။
ဆန့်ကျင်ဘက်ရှိ ဝမ်ရှင်းဟန်ကို ကြည့်ကာ သူတို့၏ မျက်ဝန်းထဲတွင် လေးနက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။
တလော့အင်အားစုမှ ထိပ်တန်း ပါရမီရှင်သည် အမှန်တကယ်ပင် နာမည်ကျော်သလောက် အစွမ်းထက်နေခဲ့သည်။
ဝမ်ရှင်းဟန်၏ ကျင့်ကြံခြင်းအဆင့်သည် သူတို့ထက် တစ်ဆင့်နိမ့်ကျပြီး ပကတိအင်မော်တယ် အဋ္ဌမအဆင့်မျှသာ ရှိသော်လည်း သူတို့နှစ်ဦး ပူးပေါင်း၍ တိုက်ခိုက်သည့်တိုင် တစ်ဖက်လူကို အသာစီးရရန် အလွန်ပင် ခဲယဥ်းနေခဲ့သည်။
ဝမ်ရှင်းဟန်က ဟယ်ချန်ရီတို့ နှစ်ဦးကို တစ်ကွက်တည်းဖြင့် နောက်သို့ ဆုတ်ခွာသွားစေပြီးနောက်တွင် အသက်ရှူရန်ပင် အခွင့်အရေး အနည်းငယ်မျှပင် မပေးဘဲ ယွမ်မင်အေးခဲစက်လုံးကို ထပ်မံ၍ လှုံဆော်ကာ တိုက်ခိုက်လိုက်၏။
ဟယ်ချန်ရီက ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့ပြီး ပြန်လည် တိုက်ခိုက်ရန် ပြင်လိုက်စဥ်မှာပင် အကြွင်းမဲ့အေးစက်သောအင်မော်တယ်နန်းတော်ထဲကနေ ရွှေရောင်ဓားအလင်းတစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ဝမ်ရှင်းဟန်၏ ယွမ်မင်အေးခဲစက်ဝန်းကနေ ထုတ်လွှတ်လိုက်သည့် ကြောက်မက်ဖွယ်ရာကောင်းသော အအေးစွမ်းအားများကို ချေမှုန်းပစ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ခပ်ထေ့ထေ့ လှောင်ပြောင်သံ တစ်သံက ရုတ်တရက် ပဲ့တင်ထပ်လာခဲ့သည်။
“ဝမ်ရှင်းဟန်.. တလော့အမွေအနှစ်ကို ရရှိဖို့အတွက်နဲ့ မင်းက အရှက်မရှိတော့တဲ့ပုံပဲ.. အခု အကြွင်းမဲ့အေးစက်သောအင်မော်တယ်အရှင်ရဲ့အမွေအနှစ်က ငါ့လက်ထဲမှာ ရှိနေပြီ.. မင်းမှာ အရည်အချင်းရှိတယ် ဆိုရင် ငါ့ဆီကနေ လာလုကြည့်လိုက်လေ ”
ခပ်ထေ့ထေ့လှောင်ပြောင်သံနှင့်အတူ ကျန်းချန်၏ ပုံရိပ်သည် အကြွင်းမဲ့အေးစက်သော အင်မော်တယ်နန်းတော်၏ ပင်မခန်းမထဲကနေ ဖြည်းညင်းစွာ လမ်းလျှောက်ထွက်လာသည်ကို အားလုံးက တွေ့လိုက်ရသည်။
အခန်း(၂၇၁၄)ပြီး၏။