← Chapters

အခန်း (၂၇၁၅-၂၇၁၆)

Vol. 212 Ch. 2715-2716

အခန်း (၂၇၁၅-၂၇၁၆)

Vol. 212 Ch. 2715-2716

အခန်း(၂၇၁၅)

“ကျန်းချန်”

ပင်မခန်းမထဲကနေ လမ်းလျှောက်ထွက်လာသော ကျန်းချန်ကို ကြည့်ရင်း ဝမ်ရှင်းဟန်၏ မျက်ဝန်းများသည် ဒေါသကြောင့် မီးတောက်မတတ် ဖြစ်နေခဲ့သည်။

ယခုတစ်ကြိမ်တွင် ဝမ်ရှင်းဟန်သည် ထျန်းရွှေအင်မော်တယ်မြို့တော်ရှိ လုမိသားစုမှ တစ်ဆင့် တလော့လျှို့ဝှက်နယ်မြေထဲကို ဝင်ရောက်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

သူ၏ ခွန်အားဖြင့် ဆိုလျှင် တလော့လျှို့ဝှက်နယ်မြေ ထဲတွင် သူ့ကို ယှဥ်နိုင်မည့် ပြိုင်ဘက် လုံးဝမရှိဟု ထင်ထားခဲ့သည်။

သို့သော်လည်း သူလုံးဝ မမျှော်လင့်ထားသည်မှာ တလော့လျှို့ဝှက်နယ်မြေ ထဲတွင် ကျန်းချန်ကဲ့သို့ မွန်းစတားတစ်ကောင် ပေါ်ထွက်လာမည်ကိုပင်။

ကျန်းချန်သည် သူနှင့် ယှဥ်လျှင် စွမ်းရည် မနိမ့်ရုံသာမက သူ၏ အစီအစဥ်များကိုလည်း အကြိမ်ကြိမ် ဖျက်ဆီးခဲ့သည်။

တလော့အင်မော်တယ်နန်းတော်၏ အပြင်ဘက်တွင် ရှိစဥ်ကလည်း သူရရှိ‌တာ့မည့် ပကတိအင်မော်တယ် သစ်သီးကို ကျန်းချန် လုယူသွားခဲ့သည်။

ယနေ့ တလော့စစ်ဆေးမှုတွင်လည်း ကျန်းချန်သည် သူရရှိတော့မည့် တလော့အမွေအနှစ်ကို ထပ်မံ လုယူသွားပြန်သည်။

သို့ဖြစ်ရာ ဝမ်ရှင်းဟန် အနေဖြင့် ကျန်းချန်ကို မည်ကဲ့သို့ ဒေါသမထွက်ဘဲ နေနိုင်ပါအံ့နည်း။

အကယ်၍ အကြည့်ဖြင့်သာ လူသေနိုင်မည်ဆိုလျှင် ကျန်းချန်သည် ဝမ်ရှင်းဟန်၏ အကြည့်အောက်တွင် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် သေဆုံးသွားလောက်ပြီ ဖြစ်သည်။

ကျန်းချန်က ဝမ်ရှင်းဟန်၏ သတ်ဖြတ်လိုသောအကြည့်များကို လျစ်လျူရှုကာ တည်ငြိမ်စွာ ပြောလိုက်သည်။

“င့ါကို အဲဒီအကြည့်မျိုးနဲ့ လာမကြည့်နဲ့.. တလော့အမွေအနှစ်ကို လိုချင်ရင် အချိန်မရွေး တိုက်ခိုက်လို့ရတယ်.. မဟုတ်ရင်တော့ ငါ့မျက်စိရှေ့ကနေ အခုချက်ချင်း ထွက်သွားလိုက်တော့”

သူ၏လက်ရှိခွန်အားနှင့် မကြာသေးမီက ရရှိထားသော တလော့အင်မော်တယ်ဓားတို့ ပေါင်းစပ်လိုက်လျှင် ဝမ်ရှင်းဟန်ကို သတ်ဖြတ်ရန်ပင် လုံလောက်သော်လည်း မဖြစ်မနေ အခြေအနေမှ လွဲ၍ ကျန်းချန်သည် ဝမ်ရှင်းဟန်ကို သတ်ဖြတ်ရန် အစီအစဥ်မရှိပေ။

အကြောင်းရင်းမှာ ဝမ်ရှင်းဟန်သည် စန်းယွင်ပြည်နယ်ရှိ အင်အားအကြီးဆုံး တလော့အင်အားစု ဖြစ်သည့် စန်းယွင်အင်မော်တယ်နန်းတော်မှ ပါရမီရှင်တပည့်တစ်ဦး ဖြစ်နေသောကြောင့်ပင်။

ကျန်းချန်သည် စန်းယွင်ပြည်နယ်တွင် အချိန်အကြာကြီးနေမည် မဟုတ်သဖြင့် တလော့အင်အားစု ဖြစ်သည့် စန်းယွင်အင်‌မော်တယ်နန်းတော်ကို အလွန်အမင်း ကြောက်ရွံ့နေခြင်းမျိုး မရှိပေ။

သို့သော်လည်း သူက ထျန်း‌ရွှေအင်မော်တယ် မြို့တော်ရှိ လော့ရွှေကုန်သည်အဖွဲ့နှင့် ရင်းနှီးသော ဆက်ဆံရေး ရှိနေခဲ့သည်။

ဝမ်ရှင်းဟန်သာ သေဆုံးသွားလျှင် စန်းယွင်အင်‌မော်တယ်နန်းတော်သည် လော့‌ရွှေကုန်သည်အဖွဲ့ကို ပြဿနာရှာလာမည်မှာ သေချာသလောက်ပင်။

ကျန်းချန်သည် သူ့အတွက်ဖြင့် လော့ရွှေကုန်သည်အဖွဲ့ အပေါ် သက်ရောက်မှုများ ရှိလာမည်ကို သဘာဝကျစွာပင် မလိုလားခဲ့ပေ။

“ကျန်းချန်.. မင်းရဲ့ခွန်အားက ကြောက်စရာကောင်းမှန်း ငါသိပေမဲ့ ဒါက မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေရဲ့ စန်းယွင်ပြည်နယ်ပဲ.. မင်းသိထားရမှာ ဒါက အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော် ရှိတဲ့ အကြွင်းမဲ့ဓားအင်မော်တယ်နယ်မြေ မဟုတ်ဘူး”

ဝမ်ရှင်းဟန်က ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်၍ ပြောလိုက်သည်။

“အကြွင်းမဲ့အေးစက်သော အင်‌မော်တယ်အရှင်ရဲ့ တလော့အမွေအနှစ်က ငါ့အတွက် အရမ်းအရေးကြီးတယ်.. တကယ်လို့ မင်းသာ အဲဒီ အမွေအနှစ်ကို ငါ့ဆီ လွှဲပေးမယ်ဆိုရင် အားလုံးအတွက် အကောင်းဆုံး ဖြစ်လိမ့်မယ်”

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ်ကျဥ်းမြောင်းသွားခဲ့သည်။

“မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား”

ဝမ်ရှင်းဟန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

“ဒါက ခြိမ်းခြောက်တာမဟုတ်ဘူး.. ငါက အမှန်တရားကိုပဲ ပြောပြနေတာပါ”

ကျန်းချန်က ဝမ်ရှင်းဟန်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

“မင်းအနေနဲ့ အကြွင်းမဲ့အေးစက်သော အင်မော်တယ်အရှင်ရဲ့ အမွေအနှစ်ကို လိုချင်တယ်ဆိုရင် မဖြစ်နိုင်တာတော့ မဟုတ်ဘူး.. အင်မော်တယ်ကျောက်တုံး တစ်သောင်းနဲ့ လဲလှယ်မယ်ဆိုရင် ငါမင်းကို လွှဲပေးလိုက်မယ်”

ကျန်းချန်၏ စကားကို ကြားလျှင် ဝမ်ရှင်းဟန်၏ မျက်နှာက ချက်ချင်းဆိုသလိုပင် အလွန်အမင်း သုန်မှုန်သွားခဲ့သည်။

“ကျန်းချန်.. မင်းငါ့ကို နောက်နေတာလား”

အင်‌မော်တယ်ကျောက်တုံး တစ်သောင်း ဟူသော အရေအတွက်သည် သာမန် ပမာဏ မဟုတ်ပေ။

ရွှေအင်‌မော်တယ် အများစုပင်လျှင် ထိုမျှလောက် ပမာဏကို တတ်နိုင်မည် မဟုတ်ပေ။

ကျန်းချန်က ဤမျှအထိ တောင်းဆိုနေခြင်းသည် အမွေအနှစ်ကို သူ့ထံ လွှဲပြောင်းပေးလိုက်စိတ် မရှိသည်မှာ ထင်ရှားနေခဲ့၏။

“တလော့အင်မော်တယ်ရဲ့ အမွေအနှစ်က အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးရှိတယ်.. ငါက မင်းကို အင်မော်တယ်ကျောက်တုံး တစ်‌သောင်းနဲ့ ရောင်းပေးတာက မင်းရဲ့မျက်နှာကို ထောက်ထားနေလို့ပဲ”

ကျန်းချန်က စိတ်မရှည်သော အမူအရာဖြင့် ပြောလိုက်သည်။

“အပိုစကားတွေ ပြောမနေနဲ့.. အင်‌မော်တယ်ကျောက်တုံး တစ်သောင်းနဲ့ တလော့အင်မော်တယ် အမွေအနှစ်ကို ဝယ်မှာလား ဒါမှမဟုတ် ငါ့ရှေ့ကနေ အခုချက်ချင်း ထွက်သွားမလား”

“ကျန်းချန် ဒါ မင်းငါ့ကို သက်သက် အရှက်ခွဲနေတာပဲ”

ကျန်းချန်၏ စကားကိုကြားလျှင် ဝမ်ရှင်းဟန်၏ မျက်ဝန်းထဲတွင် ပြင်းထန်သော လူသတ်‌ငွေ့များ ထွက်ပေါ်လာခဲ့သည်။

ဝမ်ရှင်းဟန်က သူ၏ ခန္ဓာကိုယ်ထဲရှိ အင်မော်တယ်စွမ်းအားများကို ထုတ်ဖော်ကာ ယွမ်မင်အေးခဲစက်လုံးကို ထုတ်ဖော်၍ ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။

“ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ”

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး သူ၏လက်ထဲမှ ထျန်းရှန်းအင်မော်တယ်ဓားကို ဝှေ့ယမ်းလိုက်ရာ တောက်ပသော ဓားချီများသည် လေထုကို ထွင်းခွင်းသွားခဲ့ပြီး ဝမ်ရှင်းဟန် ထံသို့ ဦးတည်သွားခဲ့သည်။

တလော့အင်မော်တယ်နန်းတော်ထဲသို့ မဝင်ရောက်မီကတည်းကပင် ကျန်းချန်သည် ဝမ်ရှင်းဟန်ကို လုံးဝမကြောက်ရွံ့ခဲ့ပေ။

ယခု ကျန်းချန်လက်ထဲရှိ ထျန်းရှန်းအင်မော်တယ်ဓားသည် ယွမ်မင်အေးခဲစက်လုံးထက်ပင် သာလွန်သော တလော့အင်မော်တယ်အဆင့် ရတနာဓား ဖြစ်သည်။

သို့ဖြစ်ရာ ဝမ်ရှင်းဟန်၏ ခွန်အားကို ကျန်းချန် မည်ကဲ့သို့ မျက်စိထဲ ထည့်ပါအံ့နည်း။

ကျန်းချန်၏ ဓားစွမ်းအားသည် ဝါးပင်ကို ခုတ်ပိုင်းလိုက်သကဲ့သို့ပင် ဝမ်ရှင်းဟန်၏ တိုက်ခိုက်မှုအားလုံးကို ချက်ချင်းဆိုသလို ချေမှုန်းပစ်လိုက်သည်။

ဝမ်ရှင်းဟန်၏ လက်ထဲရှိ ယွမ်မင်အေးခဲစက်လုံး ပင်လျှင် ကျန်းချန်၏ ဓားချက်အောက်၌ အက်ကြောင်းအနည်းငယ် ပေါ်လာခဲ့၏။

ထို့အပြင် ဝမ်ရှင်းဟန်သည်လည်း အနည်းငယ် ညည်းညူလိုက်ရပြီး ခန္ဓာကိုယ်တစ်ခုလုံး နောက်သို့ ပေတစ်ရာခန့် လွင့်စင်သွားခဲ့သည်။

သူက ခန္ဓာကိုယ်ဟန်ချက်ကို ပြန်လည် ထိန်းချုပ်လိုက်ပြီးနောက်တွင် ဖြူဖျော့သော မျက်နှာဖြင့် ကျန်းချန်၏ လက်ထဲရှိ အင်‌မော်တယ်ဓားကို စိုက်ကြည့်နေခဲ့သည်။

သူ၏ မျက်ဝန်းထဲတွင် အံ့ဩထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

“ဒါက တလော့အင်မော်တယ်အဆင့် ရတနာဓားပဲ”

တလော့အမွေအနှစ်ကို ဆက်ခံထား‌သော ကျန်းချန်၏ စွမ်းအားသည် မတိုးတက်လာသေးသော်လည်း လက်ထဲတွင်မူ တလော့အင်မော်တယ် ဓားတစ်လက် ရှိနေခဲ့ပြီ ဖြစ်သည်။

တလော့အင်မော်တယ် ဓားတစ်လက်သည် ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းအားကို အလွန် ကြောက်မက်ဖွယ်ရာ ကောင်းသော အဆင့်အထိ မြှင့်တင်ပေးရန် လုံလောက်သည်။

တလော့အင်မော်တယ်နန်းတော်၏ အပြင်ဘက်တွင် ရှိစဥ်က တလော့အင်မော်ဓား မရှိသော ကျန်းချန်ကိုပင် ဝမ်ရှင်းဟန်သည် အသာမရနိုင်ခဲ့ချေ။

သို့ဖြစ်၍ ယခု တလော့အင်မော်တယ်ဓားကို ကိုင်ဆောင်ထားသော ကျန်းချန်ကို သူက မည်ကဲ့သို့ ယှဥ်နိုင်ပါအံ့နည်း။

သူ၏ ခွန်အားနှင့် သူ၏ ဝှက်ဖဲအားလုံးကို အသုံးပြုလျှင်ပင် ကျန်းချန်ကို အနိုင်ရရန်မှာ မသေချာပေ။

ဆိုရလျှင် ယနေ့တွင် ကျန်းချန်ထံမှ တလော့အမွေအနှစ်ကို အတင်းအကျပ် လုယူရန်မှာ သူ့အတွက် မဖြစ်နိုင်သလောက်ပင်။

“ကျန်းချန် မင်းင့ါကို စောင့်နေလိုက်.. ဒီနေ့ကိစ္စအတွက် ငါကောင်းကောင်းကြီး မှတ်ထားမယ်”

စန်းယွင်အင်မော်တယ်နန်းတော်၏ ပါရမီရှင်တပည့် တစ်ဦးအနေဖြင့် ဝမ်ရှင်းဟန်သည် ငတုံးတစ်ယောက် မဟုတ်ပေ။

ဤကဲ့သို့ မဖြစ်နိုင်သည့် အခြေအနေမျိုးတွင် ကျန်းချန်နှင့် ဆက်လက် တိုက်ခိုက်နေလျှင် အသက်ပါ ဆုံးရှုံးသွားနိုင်သည်ကို သူကောင်းစွာ သိထားခဲ့သည်။

ထို့ကြောင့် ဝမ်ရှင်းဟန်က ကျန်းချန်ကို အေးစက်စွာ တစ်ချက် ကြည့်လိုက်ပြီးနောက်တွင် ချာခနဲ လှည့်ထွက်ကာ တလော့အင်မော်တယ် နန်းတော်၏ အပြင်ဘက်တံခါး ဆီသို့ ဦးတည်သွားခဲ့သည်။

ကျန်းချန်က ထွက်ခွာသွားသော ဝမ်ရှင်းဟန်ကို ကြည့်နေသော်လည်း တားဆီးရန် အစီအစဥ် မရှိခဲ့ပေ။

ယခုတစ်ကြိမ် တလော့လျှို့ဝှက်နယ်မြေ ခရီးစဥ်တွင် ကျန်းချန်သည် အကျိုးအမြတ် များစွာကို ရရှိခဲ့သည်။

အင်မော်တယ်ကျောက်တုံး အများအပြားကို ရရှိထားသဖြင့် သူ့အတွက် ပကတိအင်‌မော်တယ်အဆင့်နှင့် ကောင်းကင်အင်မော်တယ်အဆင့် တို့ကို ထိုးဖောက်ရန်မှာ အချိန်သိပ်ကြာမည်မဟုတ်ပေ။

ဝမ်ရှင်းဟန်ကို သူ မရှင်းပစ်ရသည့် အကြောင်းရင်းမှာ လော့ရွှေကုန်သည်အဖွဲ့ အတွက် ပြဿနာကို မဖန်တီးလို၍သာ ဖြစ်သည်။

အကယ်၍ ဝမ်ရှင်းဟန်သာ အထူအပါး နားမလည်ဘဲ သူ့ကို ဆက်လက် ပြဿနာရှာနေမည် ဆိုလျှင် သူ့အနေဖြင့် ဝမ်ရှင်းဟန်ကို ကမ္ဘာပေါ်ကနေ လုံးဝ ပျောက်ကွယ်သွားအောင် လုပ်ပစ်ရန် ဝန်လေးနေမည် မဟုတ်ပေ။

ဝမ်ရှင်းဟန်ကို ကျန်းချန်က ဤမျှအထိ အလွယ်တကူ မောင်းထုတ်လိုက်သည်ကို မြင်လျှင် ဟယ်ချန်ရီသည် ခါးသီးစွာ ပြုံး၍ ခေါင်းခါရုံသာ တတ်နိုင်ခဲ့သည်။

သူနှင့် နင်ကောင်းယန်တို့ ပူးပေါင်းလျှင်ပင် ဝမ်ရှင်းဟန်ကို မနည်း ယှဥ်နေရသော်လည်း ကျန်းချန်ကမူ ဝမ်ရှင်းဟန်ကို သာသာယာယာပင် အနိုင်ယူခဲ့၏။

ဆိုရလျှင် ကျန်းချန် ကဲ့သို့ ပါရမီရှင်နှင့် နှိုင်းယှဥ်လျှင် သူတို့မှာ အမှိုက်များပမာ ဖြစ်နေခဲ့သည်။

“အစ်ကိုကျန်းချန်.. တလော့အမွေအနှစ်ကို ရရှိခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်”

လော့ချင်းအာက ရှေ့သို့ တိုးလိုက်ပြီး ကျန်းချန်ကို ဂုဏ်ပြုစကား ပြောလိုက်ပြီးနောက်တွင် စူးစမ်းစွာ မေးလိုက်သည်။

“အစ်ကိုကျန်းချန်က အကြွင်းမဲ့အေးစက်သော အင်မော်တယ်အရှင်ရဲ့ အမွေအနှစ်ကို ရသွားပြီ ဆိုတော့ ဒီတလော့လျှို့ဝှက်နယ်မြေက အချိန်မစေ့ခင် ပိတ်သွားတော့မှာလား”

“အဲဒီလိုမဟုတ်ဘူး.. တလော့လျှို့ဝှက်နယ်မြေရဲ့ အဖွင့်အပိတ်က အအေးလှိုင်းနဲ့ပဲ တိုက်ရိုက် ဆက်နွှယ်နေတယ်.. အအေးလှိုင်း ထပ်မံရောက်လာတာနဲ့ တလော့လျှို့ဝှက်နယ်မြေက အလိုအလျောက် ပိတ်သွားပါလိမ့်မယ်”

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ပြုံး၍ ပြောလိုက်သည်။

“ငါတော့ ဒီတလော့အင်မော်တယ် နန်းတော်ထဲမှာပဲ အချိန်အတန်ကြာ ကျင့်ကြံဖို့ စီစဥ်ထားတယ်.. မင်းတို့အနေနဲ့ တလော့လျှို့ဝှက်နယ်မြေကို ဆက်လက်စူးစမ်းမလား ဒါမှမဟုတ် ဒီမှာပဲ ကျင့်ကြံမလား ဆိုတာကိုတော့ ကိုယ့်ဘာသာကိုယ်ပဲ ဆုံးဖြတ်ကြပါ”

ယခုအခါ ကျန်းချန်၏ လက်ထဲတွင် မစုပ်ယူရသေးသော အင်မော်တယ် ခရစ္စတယ်များသာမက တလော့လျှို့ဝှက်နယ်မြေ ထဲကနေ ရရှိထားသည့် အင်မော်တယ်ကျောက်တုံးများနှင့် ဆေးလုံးများစွာလည်း ရှိနေခဲ့သည်။

ထိုအထဲတွင် တလော့အင်‌မော်တယ် အဆင့် ဆေးလုံး တစ်လုံးပင် ပါဝင်နေခဲ့၏။

ကျန်းချန်က တလာ့အင်မော်တယ် နန်းတော်တွင် နေထိုင်ကျင့်ကြံကာ သူ၏လက်ထဲရှိ အရင်းအမြစ်များကို အသုံးပြုပြီး ကောင်းကင်အင်‌မော်တယ် အဆင်သို့ တစ်ထိုင်တည်း ထိုးဖောက်ရန် ရည်ရွယ်ထားခဲ့သည်။

အခန်း(၂၇၁၅)ပြီး၏။

အခန်း(၂၇၁၆)

ထျန်းရွှေအင်မော်တယ်မြို့တော်နှင့် စန်းဟယ်အင်မော်တယ်မြို့တော်မှ ပကတိအင်မော်တယ် အယောက်လေးဆယ်က တလော့လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်သွားပြီးနောက်တွင် အင်‌မော်တယ်မြို့တော် နှစ်ခုမှ အစွမ်းထက်ပုဂ္ဂိုလ်များသည် တလော့လျှို့ဝှက်နယ်မြေ၏ ဝင်ပေါက်တွင် ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့ကြသည်။

ဤကဲ့သို့ စောင့်ဆိုင်းရင်းဖြင့် သုံးလဟူသော အချိန်ကာလသည် မျက်တောင်တစ်ခတ် အတွင်း ကုန်ဆုံးသွားခဲ့၏။

အေးခဲတောင်တန်းတွင် ပျောက်ကွယ်နေသော အအေးလှိုင်းများသည် ခပ်ရေးရေး ပြန်လည်နိုးထလာခဲ့ပြီ ဖြစ်သည်။

ဤမြင်ကွင်းကို မြင်လိုက်ရလျှင် အစွမ်းထက်ပုဂ္ဂိုလ်များသည် ထိုအကြောင်းနှင့် ပတ်သက်၍ မပြောဘဲမနေနိုင်ကြတော့ပေ။

“အေးခဲတောင်တန်းရဲ့ အအေးလှိုင်းတွေက ပြန်ပြီး နိုးထလာခဲ့ပြီ.. ငါတို့မှာ အလွန်ဆုံး အချိန်သုံးရက်ပဲ ရှိတော့တယ်.. တလော့လျှို့ဝှက်နယ်မြေထဲက ကောင်လေးတွေ သိပ်မကြာခင် ပြန်ထွက်လာကြတော့မယ်.. တလော့လျှို့ဝှက်နယ်မြေထဲမှာ ဘယ်လိုအခြေအနေတွေ ဖြစ်နေမလဲမသိဘူး.. တစ်ယောက်ယောက်က တလော့ အမွေအနှစ်ကို ရရှိသွားနိုင်မလား”

“တလော့အမွေအနှစ်ကို ရရှိဖို့က လွယ်ကူတာ မဟုတ်ဘူး.. တလော့လျှို့ဝှက်နယ်မြေထဲမှာ အခွင့်အလမ်းတချို့ ရခဲ့ရင်တောင် ဒီခရီးစဥ်က ထိုက်တန်မှု ရှိပါတယ်”

“............”

တလော့လျှို့ဝှက်နယ်မြေသည် ပြင်ပကမ္ဘာနှင့် လုံးဝအဆက်ပြတ်နေသော နေရာတစ်ခု ဖြစ်သည်။

ရွှေအင်မော်တယ်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ပင်လျှင် တလော့လျှို့ဝှက်နယ်မြေထဲမှ အခြေအနေကို သိရှိနိုင်ရန်မှာ မဖြစ်နိုင်ပေ။

“နောက်ဆုံးတော့ သုံးလတောင် ကုန်ဆုံးသွားခဲ့ပြီ.. ချင်းအာ တစ်ယောက် အခု ဘယ်လိုအခြေအနေရှိနေမလဲ မသိဘူး”

တလော့လျှို့ဝှက်နယ်မြေ၏ အဝင်ဝကို ကြည့်ရင်း လော့ချန်ချိုး၏ မျက်နှာထက်တွင် စိုးရိမ်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

လော့ရွှေကုန်သည်အဖွဲ့သည် ထျန်းရွှေအင်မော်တယ် မြို့တော်ရှိ ရွှေအင်‌မော်တယ်အဆင့် အင်အားစု သုံးစုထဲမှ တစ်စုဖြစ်သော်လည်း တည်ထောင်ခဲ့သည်မှာ မကြာသေးပေ။

နှစ်ပေါင်းများစွာ အမွေအနှစ် ရှိသည့် ရွှေအင်မော်တယ်အဆင့် မိသားစုများနှင့် နှိုင်းယှဥ်လျှင် သူတို့၏ အခြေခံအုတ်မြစ်သည် များစွာ အားနည်းနေခဲ့သည်။

အထူးသဖြင့် လွန်ခဲ့သော နှစ်များအတွင်း လော့ရွှေကုန်သည်အဖွဲ့တွင် လော့ဝူကျိက လွဲ၍ ထူးချွန်သောပါရမီရှင် မထွက်ပေါ်ခဲ့ပေ။

ဤအကြောင်းကြောင့်ပင် လော့ရွှေကုန်သည်အဖွဲ့သည် သာမန်ပကတိအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူနှစ်ဦးကို တလော့လျှို့ဝှက်နယ်မြေ အတွင်းသို့ စေလွှတ်ခဲ့ရ၏။

ရွှေအင်‌မော်တယ်အဆင့် အင်အားစုများမှ ပကတိအင်မော်တယ် သတ္တမအဆင့်ရှိ ပါရမီရှင်အများစုသည်ပင် ထိုနှစ်ယောက်ကို အလွယ်တကူ ချေမှုန်းနိုင်လိမ့်မည် ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် လော့ချင်းအာသည် ကျန်းချန်ကဲ့သို့ တုနှိုင်းမဲ့ပါရမီရှင် တစ်ယောက်ကို လော့ရွှေကုန်သည်အဖွဲ့သို့ ခေါ်ဆောင်လာနိုင်ခဲ့သည်။

ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် မမြင့်မားဘဲ ပကတိအင်မော်တယ် သတ္တမအဆင့်တွင်သာ ရှိသော်လည်း တိုက်ခိုက်ရေးစွမ်းရည်ကမူ အင်မော်တယ်မြို့တော် နှစ်မြို့လုံးမှ ထိပ်တန်းပါရမီရှင်များထက် လုံးဝမနိမ့်ကျပေ။

အကယ်၍ ကျန်းချန်သာ မရှိခဲ့လျှင် လော့ချန်ချိုးသည် လော့ချင်းအာကို တလော့လျှို့ဝှက်နယ်မြေ အတွင်းသို့ အလွယ်တကူ ဝင်ရောက်ခွင့်ပြုမည် မဟုတ်ချေ။

“ခေါင်းဆောင်လော့ အရမ်းကြီးလည်း စိုးရိမ်မနေပါနဲ့.. ငါတို့အင်အားစုနှစ်စု ပူးပေါင်းနေသရွေ့ လုမိသားစုနဲ့ စန်းဟယ်အင်‌မော်တယ်မြို့တော်က ဘယ်သူပဲဖြစ်ဖြစ် ငါတို့ကို ထိချင်ရင် အနည်းဆုံး နှစ်ခါ ပြန်စဥ်းစားရပါလိမ့်မယ်”

နင်မိသားစု ခေါင်းဆောင်၏ စကားကိုကြားလျှင် လော့ချန်ချိုးသည် မချိပြုံး ပြုံးလိုက်သည်။

သူနှင့် နှိုင်းယှဥ်လျှင် နင်မိသားစုခေါင်းဆောင်၏ အမူအရာသည် သိသိသာသာပင် ပိုမို၍ ပေါ့ပါးနေခဲ့သည်။

အကြောင်းရင်းမှာ နင်မိသားစုတွင် နင်ကောင်းယန် ကဲ့သို့ ပကတိအင်မော်တယ် နဝမအဆင့် ပါရမီရှင်တစ်ဦး ရှိနေ၍ပင်။

နင်ကောင်းယန်သည် လုမိသားစု လုဟုန်ယွီနှင့် စန်းဟယ်အင်မော်တယ်မြို့တော်မှ ဟယ်ချန်ရီတို့ထက် အနည်းငယ်သာ နိမ့်ကျသော်လည်း ၎င်းတို့နှင့် ယှဥ်ပြိုင်နိုင်စွမ်း ရှိသည့် ပါရမီရှင်တစ်ယောက် ဖြစ်သည်။

“အဲဒီလို မျှော်လင့်ရတာပဲ”

လော့ချန်ချိုးက သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်သည်။

တလော့လျှို့ဝှက်နယ်မြေ အတွင်းမှ အခြေအနေကို သူတို့ မည်သို့မျှ မသိနိုင်ကြပေ။

လော့ချင်းအာတို့ လူစု လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်သွားပြီးနောက်တွင် အထဲ၌ ပြန်လည် ဆုံတွေ့နိုင်မလား ဆိုသည်မှာလည်း မသေချာပေ။

အကယ်၍ သူတို့သာ ပြန်ဆုံနိုင်ပြီး ကျန်းချန်၏ ခွန်အားနှင့် နင်ကောင်းယန်တို့သာ ပူးပေါင်းနိုင်မည် ဆိုလျှင် မည်သူမျှ သူတို့ကို ခြိမ်းခြောက်နိုင်မည် မဟုတ်ချေ။

သို့သော်လည်း တလော့လျှို့ဝှက်နယ်မြေ ထဲသို့ ဝင်ရောက်ရာတွင် ကျပန်းနေရာ၌သာ ပေါ်လာခဲ့မည် ဆိုလျှင် အနည်းငယ် ပြဿနာရှိနိုင်ပေသည်။

လော့ချင်းအာ၏ ပကတိအင်မော်တယ် စတုတ္ထအဆင့် ကျင့်ကြံမှုဖြင့်သာ ဆိုလျှင် သူမတွင် သူ ပြင်ဆင်‌ပေးထားသော ဝှက်ဖဲတချို့ ရှိနေလျှင်ပင် တလော့လျှို့ဝှက်နယ်မြေထဲတွင် အလွန်အန္တရာယ် များလိမ့်မည် ဖြစ်သည်။

လော့ချန်ချိုးက အနည်းငယ် စိုးရိမ်နေသော်လည်း တလော့လျှို့ဝှက်နယ်မြေ အတွင်းမှ အခြေအနေသည် သူလက်လှမ်းမမီသော အခြေအနေတွင် ရှိနေခဲ့သည်။

ထို့ကြောင့် သူက လော့ချင်းအာတို့ လူစု တလော့လျှို့ဝှက်နယ်မြေ အတွင်းက ပြန်ထွက်လာမည့်အချိန်ကို ငြိမ်သက်စွာ‌ စောင့်ဆိုင်းရုံသာ ရှိတော့၏။

တစ်ချိန်တည်းမှာပင် တလော့လျှို့ဝှက်နယ်မြေ၏ အကြွင်းမဲ့အေးစက်သော အင်မော်တယ်နန်းတော် အတွင်းတွင် ကျန်းချန်သည် ဝမ်ရှင်းဟန်ကို မောင်းထုတ်ပြီးသည့် အချိန်ကစ၍ အကြွင်းမဲ့အေးစက်သော အင်မော်တယ်နန်းတော်၏ ပင်မခန်းမတွင် နေထိုင်ပြီး အချိန်မျှော်စင် အတွင်းသို့ ဝင်ရောက်ကာ ကျင့်ကြံနေခဲ့သည်။

သူ၏ လက်ထဲတွင် ကျန်ရှိနေသော အင်မော်တယ် ခရစ္စတယ်များကို စုပ်ယူရန် လအနည်းငယ်ကြာမြင့်ခဲ့ပြီး ထိုအင်မော်တယ် ခရစ္စတယ်များသည် သူ၏ ကျင့်ကြံခြင်းအဆင့်ကို ပကတိအင်မော်တယ် အဋ္ဌမအဆင့် အထိ မြှင့်တင်ပေးနိုင်ခဲ့သည်။

ထို့နောက်တွင် ကျန်းချန်သည် အင်‌မော်တယ်ကျောက်တုံး တစ်ရာနီးပါး၏ စွမ်းအင်များကို ထပ်မံ စုပ်ယူခဲ့၏။

အချိန်မျှော်စင်အတွင်း တစ်နှစ်နီးပါး ကျင့်ကြံပြီးနောက်တွင် ကျန်းချန်၏ ကျင့်ကြံခြင်း အဆင့်သည် အဆုံးသတ်၌ ပကတိအင်မော်တယ် အဋ္ဌမအဆင့်ကနေ နဝမအဆင့်သို့ ထိုးဖောက်နိုင်ခဲ့သည်။

ပကတိအင်မော်တယ် နဝမအဆင့်သို့ ရောက်ရှိပြီးနောက်တွင် ကျန်းချန်သည် ပြန်လည် မထွက်ခွာ‌သေးဘဲ အင်‌မော်တယ်ကျောက်တိုင်ထဲတွင် ရောက်ရှိနေသည့် တလော့အင်မော်တယ် ဆေးလုံးကို ထုတ်ယူလိုက်သည်။

အင်မော်တယ်ကျောက်တိုင်၏ ဖိနှိပ်မှုအောက်တွင် တလော့အင်မော်တယ် ဆေးလုံးသည် မူလပုံစံသို့ ပြန်လည် ရောက်ရှိသွားခဲ့ပြီး ကြက်ဥအရွယ်အစား ရှိသော ခရစ္စတယ် ကဲ့သို့ ဆေးလုံးတစ်လုံး ဖြစ်သွားခဲ့သည်။

“ကောင်လေး.. တလော့အင်မော်တယ်အဆင့် ဆေးလုံးက တလော့အင်အားစုတွေထဲမှာတောင် တုနှိုင်းမဲ့ ရတနာတစ်ပါးပဲ.. ဒီတလော့အင်မော်တယ်ဆေးက အရမ်းကို ထူးခြားဆန်းပြားတယ်.. အခုအချိန် မင်းအနေနဲ့ ဒီဆေးလုံးကို သောက်လိုက်မယ်ဆိုရင် မင်းရဲ့ခွန်အားကို မြှင့်တင်နိုင်ပေမဲ့လည်း အလဟဿ ဖြုန်းတီးလွန်းရာ ရောက်လိမ့်မယ်"

"တကယ်လို့ မင်းသာ ဒီတလော့အင်မော်တယ်ဆေးလုံးကို သေရေး၊ရှင်ရေး အခြေအနေကျမှ သောက်မယ်ဆိုရင် အဲဒါက မင်းရဲ့ဒဏ်ရာတွေကို ပြန်လည် ကောင်းမွန်စေပြီး မင်းရဲ့ခွန်အားကိုပါ ချက်ချင်းဆိုသလို အဆပေါင်းများစွာ တိုးတက်လာစေလိမ့်မယ်.. ဒီဆေးလုံးကို ဝှက်ဖဲတစ်ခုအနေနဲ့ မင်းအသုံးပြုလို့ရတယ်.. ဒါ့အပြင် မင်းသာ အဲဒီဆေးလုံးကို ရွှေအင်မော်တယ်နဝမအဆင့်ရောက်မှ သောက်သုံးမယ် ဆိုရင် တလော့အင်မော်တယ်အဆင့်ကို အောင်အောင်မြင်မြင် ထိုးဖောက်နိုင်လိမ့်မယ်”

ထိုအခိုက်အတန့်တွင် အင်‌မော်တယ်ကျောက်တိုင်၏ စကားသံသည် ကျန်းချန်၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။

အင်‌မော်တယ်ကျောက်တိုင်၏ စကားကိုကြားလျှင် ကျန်းချန်သည် တစ်ခဏမျှ မှင်တက်သွားခဲ့သော်လည်း တလော့အင်မော်တယ် ဆေးလုံးကို သိမ်းဆည်းလိုက်သည်။

ယခုအခါတွင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် ပကတိအင်မော်တယ် နဝမအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး သူ၏ ဝှက်ဖဲအားလုံးကို အသုံးပြုမည်ဆိုလျှင် ကောင်းကင်အင်မော်တယ် ဆဋ္ဌမအဆင့်ကိုပင် ယှဥ်ပြိုင်နိုင်နေပြီ ဖြစ်သည်။

တလာ့အင်မော်တယ် ဆေးလုံးကို မျိုချလိုက်ခြင်းဖြင့် ကောင်းကင်အင်မော်တယ် အဆင့်သို့ အချိန်တိုအတွင်း ထိုးဖောက်နိုင်မည် ဖြစ်သော်လည်း ယင်းသည် သူ့ကို ရွှေအင်မော်တယ် အဆင့်နှင့် ယှဥ်ပြိုင်နိုင်စွမ်း ရှိစေလိမ့်မည်တော့ မဟုတ်ပေ။

ထို့အပြင် တလော့အင်မော်တယ်ဆေးလုံးသည် ရွှေအင်မော်တယ် နဝမအဆင့်ကို တလော့အင်မော်တယ် အဆင့်သို့ ထိုးဖောက်ရာတွင် အကူအညီပေးနိုင်သော ဆေးလုံးတစ်မျိုး ဖြစ်သည်။

ထို့ကြောင့် သူ၏လက်ရှိ ပကတိအင်‌မော်တယ် အဆင့်ဖြင့် ထို‌ဆေးလုံးကို သောက်သုံးလိုက်ခြင်းသည် အမှန်တကယ်ပင် နှမြောစရာ ကောင်းလွန်းနေခဲ့၏။

တလော့အင်မော်တယ် ဆေးလုံးကို ရွှေအင်မော်တယ် နဝမအဆင့်အထိ သိမ်းဆည်းပြီးမှ အသုံးပြုမည် ဆိုလျှင် သူ့အတွက် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

အကယ်၍ ရွှေအင်မော်တယ် နဝမအဆင့်အထိ မသိမ်းဆည်းထားနိုင်ခဲ့လျှင်ပင် သေရေး ရှင်ရေးအချိန်တွင် ဝှက်ဖဲတစ်ခုအဖြစ် အသုံးပြုနိုင်ပြီး တလော့အင်မော်တယ် ဆေးလုံး၏ အာနိသင်ကို ပိုမို ကြီးမားသော အတိုင်းအတာအထိ ရရှိစေနိုင်မည် မဟုတ်ပါလား။

“ဒီတစ်ကြိမ် အချိန်မျှော်စင်ထဲမှာ တစ်နှစ်လောက် ကျင့်ကြံခဲ့တာဆိုတော့ ပြင်ပကမ္ဘာမှာ သုံးလကျော်လောက် ကုန်ဆုံးသွားလောက်ပြီ”

ကျန်းချန်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီးနောက်တွင် အချိန်မျှော်စင်ထဲကနေ လှမ်းထွက်လာခဲ့သည်။

အချိန်မျှော်စင်နှင့် ပြင်ပကမ္ဘာသည် အချိန်စီးဆင်းမှု လုံးဝမတူညီဘဲ လုံးဝ ကွဲပြားခြားနားသော ကမ္ဘာနှစ်ခု ဖြစ်သည်။

ယခု တလော့လျှို့ဝှက်နယ်မြေက ပိတ်တော့မည် ဖြစ်ရာ ကျန်းချန်အနေဖြင့် အချိန်မျှော်စင် အတွင်း ဆက်လက် နေထိုင်ရန် ဆန္ဒမရှိတော့ပေ။

ထိုသို့မဟုတ်ဘဲ တလော့လျှို့ဝှက်နယ်မြေသာ ပိတ်သွားခဲ့လျှင် သူ့အနေဖြင့် တလော့လျှို့ဝှက်နယ်မြေ ထဲတွင် ကျန်ရစ်ပြီး နောက်ထပ် နှစ်ပေါင်း ထောင်ချီကြာအောင် ပိတ်မိနေလိမ့်မည် မဟုတ်ပါလော။

အချိန်မျှော်စင်ထဲမှ ထွက်လာပြီးနောက်တွင် ကျန်းချန်သည် သူ၏ နတ်အသိစိတ်အာရုံကို အနည်းငယ် ဖြန့်ကျက်လိုက်ရာ အကြွင်းမဲ့အေးစက်သော အင်‌မော်တယ်နန်းတော် အတွင်း၌ ကျင့်ကြံနေသော လော့ချင်းအာကို အာရုံခံမိလိုက်သည်။

တလော့စစ်ဆေးမှု ပြီးဆုံးပြီးနောက်တွင် ဟယ်ချန်ရီ၊နင်ကောင်းယန်နှင့် အခြားသူများသည် အကြွင်းမဲ့အေးစက်သော နန်းတော်ကနေ ထွက်ခွာသွားကြပြီး တလော့လျှို့ဝှက်နယ်မြေကို ဆက်လက်စူးစမ်းရန် ရွေးချယ်ခဲ့ကြသည်။

လော့ရွှေကုန်သည်အဖွဲ့မှ ပကတိအင်မော်တယ် နဝမအဆင့်ကျင့်ကြံသူနှစ်ဦး ပင်လျှင် တလော့လျှို့ဝှက်နယ်မြေထဲတွင် အခွင့်အရေးများကို ဆက်လက် ရှာဖွေရန် ဆုံးဖြတ်ခဲ့ကြ၏။

လော့ချင်းအာ တစ်ဦးတည်းသာလျှင် အကြွင်းမဲ့အေးစက်သော အင်မော်တယ်နန်းတော်တွင် ကျန်းချန်နှင့်အတူ ကျင့်ကြံရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ဤကာလအတွင်း ကျင့်ကြံမှုကြောင့် လော့ချင်းအာ၏ ကျင့်ကြံခြင်းအဆင့်သည် ပကတိအင်မော်တယ် စတုတ္ထအဆင့်ကနေ ပဉ္စမအဆင့်သို့ပင် ထိုးဖောက်နိုင်ခဲ့ပြီ ဖြစ်သည်။

အခန်း(၂၇၁၆)ပြီး၏။

All Chapters