← Chapters

အခန်း (၂၇၁၇-၂၇၁၈)

Vol. 212 Ch. 2717-2718

အခန်း (၂၇၁၇-၂၇၁၈)

Vol. 212 Ch. 2717-2718

အခန်း(၂၇၁၇)

“ချင်းအာက ပကတိအင်မော်တယ် ပဉ္စမအဆင့် အထွတ်အထိပ်ကိုတောင် ရောက်နေပြီး ဆဋ္ဌမအဆင့်ကိုရောက်ဖို့ ခြေတစ်လှမ်းလောက်ပဲ လိုတော့တာပဲ”

လော့ချင်းအာ၏ အရှိန်အဝါကို ခံစားမိလျှင် ကျန်းချန်သည် မပြုံးဘဲ မနေနိုင်ခဲ့ချေ။

ဤတစ်လကျော် အတွင်း ‌လော့ချင်းအာသည် ပကတိအင်မော်တယ် စတုတ္ထအဆင့်ကနေ ပဉ္စမအဆင့် အထွတ်အထိပ်အထိ ရောက်ရှိလာခဲ့သည်။

အကြွင်းမဲ့အေးစက်သော အင်မော်တယ်အရှင် ချန်ထားရစ်ခဲ့သောအမွေအနှစ်သည် ‌လော့ချင်းအာနှင့် အလွန်ပင် ကိုက်ညီပုံရ၏။

တလော့စစ်ဆေးမှုက တစ်ဆင့် ကျန်းချန် ရရှိခဲ့သော့ တလော့အမွေအနှစ်သည် အကြွင်းမဲ့အေးစက်သော အင်မော်တယ်အရှင် ချန်ထားရစ်ခဲ့သည့် ရေခဲလမ်းစဥ် အထူးပြု တ‌လော့ကျင့်စဥ်တစ်ခု ဖြစ်သည်။

သာမန် ရွှေအင်မော်တယ်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်များအတွက် ဤတလော့အမွေအနှစ်သည် အလွန်တရာပင် ကောင်းမွန်နေပြီ ဖြစ်သည်။

သို့ရာတွင် ကျန်းချန် ကျင့်ကြံထားသော အပြာရောင်ဧကရာဇ်သက်ရှည်ကျင့်စဥ်နှင့် နှိုင်းယှဥ်လျှင်မူ အလွန်ပင် အလှမ်းကွာဝေးနေခဲ့၏။

ထို့ကြောင့် ကျန်းချန်သည် အကြွင်းမဲ့အေးစက်သော အင်မော်တယ်အရှင်၏ တလော့အမွေအနှစ်ကို လော့ချင်းအာထံ ပေးလိုက်ခြင်း ဖြစ်သည်။

လော့ချင်းအာသည် ပါရမီ မညံ့သလို ခန္ဓာကိုယ် ဖွဲ့စည်းပုံတွင်လည်း အကြွင်းမဲ့အေးစက်သော အင်မော်တယ်အရှင်၏ တလော့အင်မော်တယ် ကျင့်စဥ်ကို ကျင့်ကြံရန် အလွန်တရာပင် သင့်တော်မှု ရှိ၏။

အကြွင်းမဲ့အေးစက်သော အင်မော်တယ်အရှင်၏ အမွေအနှစ်ကို ရရှိပြီးနောက်တွင် လော့ချင်းအာ၏ ခွန်အားသည် တစ်လအတွင်း အဆပေါင်း များစွာ တိုးတက်လာခဲ့သည်။

လော့ချင်းအာ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်ဖြင့် ဆိုလျှင် သာမန် ပကတိအင်မော်တယ် သတ္တမအဆင့်နှင့် အဋ္ဌမအဆင့်တို့ကို ယှဥ်ပြိုင်ရန် လုံလောက်နေပေပြီ။

လော့ချင်းအာ၏ အခြေအနေကို တစ်ခဏမျှ အကဲခတ်ပြီးနောက်တွင် ကျန်းချန်သည် တင်ပျဥ်ခွေထိုင်ရင်း တလော့လျှို့ဝှက်နယ်မြေ ပိတ်မည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။

ရက်အနည်းငယ် ကြာပြီးနောက် တလော့လျှို့ဝှက်နယ်မြေထဲတွင် ပြင်းထန်သော ဟင်းလင်းပြင်စွမ်းအင်လှိုင်း လှုပ်ခတ်မှုတစ်ခုက အဆုံးသတ်၌ ဖြစ်ပေါ်လာခဲ့၏။

မကြာခင်မှာပင် တလော့လျှို့ဝှက်နယ်မြေ အတွင်းရှိ လူအားလုံးသည် လျှို့ဝှက်နယ်မြေ အတွင်းရှိ ဟင်းလင်းပြင်၏ ငြင်းပယ်ခြင်းကို ခံရကာ တလော့လျှို့ဝှက်နယ်မြေထဲကနေ တစ်ယောက်ပြီး တစ်ယောက် ဖယ်ရှားခြင်း ခံလိုက်ရသည်။

တလော့အင်‌မော်တယ်နန်းတော် အတွင်းရှိ ကျန်းချန်တို့ နှစ်ဦးသည်လည်း မည်သည့် သဲလွန်စမှ မကျန်ရှိဘဲ လေထဲမှာပင် ပျောက်ကွယ်သွားခဲ့သည်။

တလော့လျှို့ဝှက်နယ်မြေ ပိတ်သွားသည့် အခိုက်အတန့်တွင် ထိုနေရာရှိ အစွမ်းထက်ပုဂ္ဂိုလ် အများအပြားသည်လည်း တလော့လျှို့ဝှက်နယ်မြေမှ အပြောင်းအလဲများကို ချက်ချင်းဆိုသလိုပင် ခံစားလိုက်ရသည်။

လူတိုင်း၏ အကြည့်သည် တလော့လျှို့ဝှက်နယ်မြေ၏ အဝင်ဝသို့ ရုတ်တရက် ကျရောက်သွားခဲ့ကြ၏။

အလွန်လျင်မြန်စွာပင် တလော့လျှို့ဝှက်နယ်မြေ၏ အဝင်ဝကနေ လူရိပ်များ အုပ်စုလိုက် ထွက်ပေါ်လာခဲ့ကြသည်။

စန်းဟယ်အင်မော်တယ်မြို့မှ ဟယ်ချန်ရီနှင့် ထျန်း‌ရွှေအင်မော်တယ်မြို့မှ နင်ကောင်းယန်တို့ နှစ်ဦးလုံးသည် လူတိုင်း၏ မြင်ကွင်းထဲသို့ တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာခဲ့၏။

“ကောင်းယန် အခြေအနေဘယ်လိုလဲ. တလော့လျှို့ဝှက်နယ်မြေထဲမှာ တလော့အမွေအနှစ်ကို မင်းရှာတွေ့ခဲ့ရဲ့လား”

နင်ကောင်းယန်က နင်မိသားစုမှ တပည့်တစ်ဦးနှင့် အတူ ဘေးကင်းစွာ ပြန်ထွက်လာသည်ကို မြင်လျှင် နင်မိသားစုခေါင်းဆောင်က အလျင်အမြန်ပင် မေးလိုက်သည်။

နင်ကောင်းယန်က ခါးသီစွာ ပြုံး၍ ပြန်ဖြေလိုက်သည်။

“တလော့အမွေအနှစ်ကိုတော့ ရှာတွေ့ခဲ့ပါတယ်.. ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ကျွန်တော့်မှာ အရည်အချင်းမရှိတဲ့ အတွက် တလော့စစ်ဆေးမှုကို မအောင်မြင်ခဲ့လို့ တလော့ အမွေအနှစ်ကို မရရှိခဲ့ပါဘူး”

နင်မိသားစုခေါင်းဆောင်က မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ပြီး တလော့အမွေအနှစ်နှင့် ပတ်သက်၍ ဆက်မေးရန် ပြင်လိုက်သော်လည်း လော့ချန်ချိုးက ဦးအောင် မေးလိုက်သည်။

“တူတော်မောင် နင်.. တလော့လျှို့ဝှက်နယ်မြေ ထဲမှာ ငါတို့လော့ရွှေကုန်သည်အဖွဲ့က လူတွေကို တွေ့ခဲ့ရဲ့လား”

နင်ကောင်းယန်က အလျင်အမြန်ပင် ပြန်ဖြေလိုက်သည်။

“ခေါင်းဆောင်လော့.. ဘာမှမစိုးရိမ်ပါနဲ့.. ညီနောင်ကျန်းချန်ရဲ့ပါရမီက အနှိုင်းမဲ့ပဲ.. သူက တလော့စစ်ဆေးမှုကို အောင်မြင်ပြီး တလော့အမွေအနှစ်ကို ရရှိခဲ့ရုံတင် မကဘဲ စန်းယွင်အင်မော်တယ်နန်းတော်က ဝမ်ရှင်းဟန်ကိုတောင် အနိုင်ယူခဲ့သေးတယ်”

“စန်းယွင်အင်မော်တယ်နန်းတော်က ဝမ်ရှင်းဟန်လား.. သူက ဘယ်လိုဖြစ်ပြီး တလော့လျှို့ဝှက်နယ်မြေထဲကို ဝင်သွားတာလဲ”

နင်ကောင်းယန်၏ စကားကို ကြားလျှင်‌ လော့ချန်ချိုးတို့ နှစ်ဦးစလုံး မျက်မှောင်အနည်းငယ် ကြုတ်သွားခဲ့သည်။

သူတို့နှစ်ဦးလုံးသည် ရွှေအင်မော်တယ်အဆင့် အင်အားစုများကို အုပ်ချုပ်နေသည့် အစွမ်းထက်ပုဂ္ဂိုလ်များ ဖြစ်ကြ၍ စန်းယွင်အင်မော်တယ်နန်းတော်မှ ဝမ်ရှင်းဟန်၏ နာမည်ကို မစိမ်းကြပေ။

ဝမ်ရှင်းဟန်သည် တလော့အင်အားစု ဖြစ်သည့် စန်းယွင်အင်မော်တယ်နန်းတော်မှ နာမည်ကျော် ပါရမီရှင် တစ်ယောက် ဖြစ်သည်။

ထိုကဲ့သို့သော ပါရမီရှင်က ထျန်းရွှေအင်မော်တယ် မြို့တော် နှင့် စန်းဟယ်အင်မော်တယ် မြို့တော်၏ နယ်နိမိတ်ထဲကို ရုတ်တရက် ရောက်ရှိလာပြီး တလော့လျှို့ဝှက်နယ်မြေထဲ ကို မည်ကဲ့သို့ ဝင်ရောက်သွားပါသနည်း။

ထိုထက် သူတို့ ပို၍ မမျှော်လင့်ထားသည်မှာ ကျန်းချန်သည် စန်းယွင်အင်‌မော်တယ် နန်းတော်မှ ဝမ်ရှင်းဟန်ကိုပင် အနိုင်ယူနိုင်ခဲ့ပြီး တလော့လျှို့ဝှက်နယ်မြေမှ တလော့အမွေအနှစ်ကို ရရှိခဲ့ခြင်းပင်။

“ဝမ်ရှင်းဟန်က လုမိသားစုရဲ့ဝင်ခွင့်နေရာနဲ့ တလော့လျှို့ဝှက်နယ်မြေထဲကို ဝင်ရောက်ခဲ့တာပါ”

နင်ကောင်းယန်က မည်သည့် ကိစ္စကိုမှ ဖုံးကွယ်မထားဘဲ တလော့လျှို့ဝှက်နယ်မြေ ထဲတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို လော့ချန်ချိုးတို့ နှစ်ဦးအား ရှင်းပြလိုက်သည်။

တလော့လျှို့ဝှက်နယ်မြေ ထဲတွင် ဖြစ်ပျက်ခဲ့သည်များကို သိလိုက်ရလျှင် ‌လော့ချန်ချိုးတို့သည် အံ့ဩတုန်လှုပ်သွားကြ၏။

ကံကောင်းထောက်မစွာဖြင့် ကျန်းချန်သည် တလော့လျှို့ဝှက်နယ်မြေ ထဲသို့ ဝင်ရောက်ပြီးနောက်တွင် အချိန်တိုအတွင်း အောင်မြင်မှုများ ရရှိခဲ့ပြီး ပကတိအင်မော်တယ် အဋ္ဌမအဆင့်သို့ တစ်ဟုန်ထိုး ရောက်ရှိသွားခဲ့သည်။

သို့မဟုတ်လျှင် အကျိုးဆက်များမှာ မှန်းဆ၍ပင် ရနိုင်မည်မဟုတ်ပေ။

လော့ချန်ချိုးက နင်ကောင်းယန်နှင့် စကားပြောဆိုနေစဥ်မှာပင် တလော့လျှို့ဝှက်နယ်မြေထဲကနေ လူရိပ်များ ထပ်မံ၍ ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်နှင့် လော့ချင်းအာ အပါအဝင် အခြားသူအားလုံးသည် တလော့လျှို့ဝှက်နယ်မြေ၏ အဝင်ဝရှိ လေထဲတွင် ပေါ်ထွက်လာခဲ့ကြသည်။

ကျန်းချန်တို့ လူစု တလော့လျှို့ဝှက်နယ်မြေထဲကနေ အကောင်းပကတိအတိုင်း ပြန်ထွက်လာသည်ကို မြင်လျှင် လော့ချန်ချိုး၏ စိုးရိမ်ပူပန်နေသော စိတ်သည် လုံးဝကို လျော့ပါးသွားခဲ့၏။

အခြားတစ်ဖက်တွင်မူ လုမိသားစု၏ အကြီးအကဲ လုထျန်းရှင်း၏ မျက်နှာသည် ပြိုတော့မည့်မိုးကဲ့သို့ အုံ့မှိုင်းနေခဲ့သည်။

တလော့လျှို့ဝှက်နယ်မြေ ထဲသို့ ဝင်ရောက်သွားကြသော အင်မော်တယ်မြို့တော်နှစ်မြို့မှ ပကတိအင်မော်တယ်အဆင့် ပါရမီရှင် လေးဆယ်၏ ထက်ဝက်ကျော်သည် ယခုအခါတွင် ပြန်ထွက်လာခဲ့ကြပြီ ဖြစ်သော်လည်း သူ၏ လုမိသားစုမှ ပါရမီရှင်တစ်ဦးကမျှ တလော့လျှို့ဝှက်နယ်မြေထဲကနေ ပြန်ထွက်မလာသေးပေ။

“ဒါ ဘယ်လိုဖြစ်ရတာလဲ”

“ခေါင်းဆောင် စိတ်အေးအေးထားပါ.. တလော့ လျှို့ဝှက်နယ်မြေထဲမှာ ဘာမတော်တဆမှုမှ ရှိလာမှာမဟုတ်ဘူး.. တလော့ အမွေအနှစ်ကြောင့် ကြန့်ကြာနေတာလည်း ဖြစ်နိုင်ပါတယ်”

နံဘေးရှိ အဖြူရောင်ဝတ်စုံဝတ် အဘိုးအိုက ခပ်တိုးတိုးပြောလိုက်သည်။

သူတို့ လုမိသားစုတွင် ပကတိအင်မော်တယ် နဝမအဆင့် ပါရမီရှင် လုဟုန်ယွီ သာမက စန်းယွင်အင်မော်တယ်နန်းတော်မှ ဝမ်ရှင်းဟန်လည်း ပါဝင်နေခဲ့၏။

ထျန်းရွှေအင်မော်တယ်မြို့ဖြစ်စေ၊ စန်းဟယ်အင်မော်တယ်မြို့ဖြစ်စေ၊ ထိုနှစ်ဦးကို ခြိမ်းခြောက်နိုင်သူ ရှိရန်မှာ မဖြစ်နိုင်သလောက်ပင်။

အဖြူရောင်ဝတ်စုံဝတ် အဘိုးအို၏ စကားသံ အဆုံးသတ်သည်နှင့် တစ်ပြိုင်နက် တလော့လျှို့ဝှက်နယ်မြေ ထဲကနေ နောက်ထပ် ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုသူမှာ လုမိသားစုမှ လုဟယ်ပင် ဖြစ်၏။

လုဟယ်ကို မြင်သောအခါမှသာ လုထျန်းရှင်းသည် အဆုံးသတ်တွင် သက်ပြင်းချနိုင်ခဲ့သည်။

သူက သူ့ရှေ့သို့ ပျံသန်း ရောက်ရှိလာသော လုဟယ်ကို ကြည့်ကာ တိုက်ရိုက်ပင် မေးလိုက်သည်။

“လုဟယ်.. ဘာလို့ မင်းတစ်ယောက်တည်း ထွက်လာရတာလဲ တခြားသူတွေကရော”

လုဟယ်က ထိတ်လန့်တုန်လှုပ်သော အမူအရာဖြင့် အလျင်အမြန် ပြန်ဖြေလိုက်သည်။

“ခေါင်းဆောင်.. လုဟုန်ယွီနဲ့ တခြားသူတွေအားလုံး ကျဆုံးသွားကြပါပြီ”

“မင်း.. မင်း ဘာပြောလိုက်တာလဲ”

လုထျန်းရှင်းက လုဟယ်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်ပြီး နားကြားမှားသလားဟုပင် သူ့ကိုယ်သူ သံသယဝင်သွားခဲ့သည်။

လုဟုန်ယွီ ဆိုသည်မှာ သူတို့ လုမိသားစု၏ အထူးချွန်ဆုံး ပါရမီရှင် တစ်ဦး ဖြစ်သည်။

ယခုတစ်ကြိမ် တလော့လျှို့ဝှက်နယ်မြေ ထဲသို့ ဝင်ရောက်သွားသော ပကတိအင်မော်တယ်အဆင့် ပါရမီရှင်များ ထဲတွင် စန်းယွင်အင်မော်တယ် နန်းတော်မှ ဝမ်ရှင်းဟန်ကို ဖယ်လိုက်လျှင် စန်းဟယ်အင်မော်တယ် မြို့တော်မှ ဟယ်ချန်ရီ ပင်လျှင် လုဟုန်ယွီကို အနိုင်ယူနိုင်ရန် မသေချာပေ။

လုဟုန်ယွီ၏ ခွန်အားဖြင့်သာ ဆိုလျှင် တလော့လျှို့ဝှက်နယ်မြေထဲတွင် မည်ကဲ့သို့ ကျဆုံးနိုင်ပါမည်နည်း။

“ခေါင်းဆောင်.. အဲဒါက လော့ရွှေကုန်သည်အဖွဲ့က ကျန်းချန်ဆိုတဲ့ကောင်ရဲ့လက်ချက်ပဲ.. ကျွန်တော် တလော့လျှို့ဝှက်နယ်မြေထဲကို ဝင်ရောက်ပြီး မကြာခင်မှာပဲ ကျန်းချန်နဲ့ ဆုံတွေ့ခဲ့တယ်.. ဒီကောင်က ပကတိအင်မော်တယ် ဆဋ္ဌမအဆင့်နဲ့တင် ပကတိအင်မော်တယ် နဝမအဆင့် မြေကမ္ဘာသတ္တဝါကို သတ်ဖြတ်ခဲ့တယ်...သူ့ရဲ့ပါရမီက တကယ်ကို ကြောက်စရာပဲ.. ဒါကြောင့် ကျန်းချန်ကို သတ်ဖြတ်ဖို့ အတွက် ကျွန်တော် လုမိသားစုဝင် အားလုံးကို စုစည်းခဲ့တယ်.. ဒါပေမဲ့ အဲဒီကောင်က ပကတိအင်မော်တယ် သတ္တမအဆင့်ကို ထိုးဖောက်သွားလိမ့်မယ်လို့ ဘယ်သူသိနိုင်မှာလဲ.. လုဟုန်ယွီနဲ့ လုဖန်းတို့က သူ့လက်ထဲမှာပဲ တစ်ယောက်ပြီး တစ်ယောက် ကျဆုံးသွားခဲ့ကြတယ်”

‌လော့ချန်ချိုးနှင့် စကားပြောနေသော ကျန်းချန်ကို လှမ်းကြည့်ရင်း လုဟယ်၏ မျက်နှာထက်တွင် ထိတ်လန့်သော အမူအရာများဖြင့် ပြည့်နှက်နေခဲ့သည်။

“ကျန်းချန်.. မင်းသေသင့်နေပြီ”

လုထျန်းရှင်းက ဒေါသတကြီး ကြုံးဝါးလိုက်သည်။

သူ၏ မျက်လုံးများကနေ မီးလျှံများ ထွက်လုမတတ်ပင် ဖြစ်နေခဲ့သည်။

ယခုအခါ တလော့လျှို့ဝှက်နယ်မြေ ထဲသို့ ဝင်ရောက်သွားသော လုမိသားစု၏ ထိပ်တန်းပါရမီရှင်များ ထဲတွင် လုဟယ်တစ်ဦးတည်းသာ အသက်ရှင်၍ ကျန်ရစ်ခဲ့သည်။

ထျန်းရွှေအင်မော်တယ် မြို့တော်၏ နံပါတ်တစ် ရွှေအင်မော်တယ်အဆင့် အင်အားစု ဖြစ်လာကတည်းကပင် ဤမျှပြင်းထန်သော ထိခိုက်မှုကို မခံစားခဲ့ရသည်မှာ နှစ်ပေါင်းမည်မျှ ကြာပြီမှန်းပင် မသိတော့ပေ။

သို့ဖြစ်ရာ လုထျန်းရှင်းသည် မည်ကဲ့သို့ ဒေါသမထွက်ဘဲ နေနိုင်ပါအံ့နည်း။

သူ၏ စူးရှသော အကြည့်က ကျန်းချန်၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်ပင် ကျရောက်သွားခဲ့ပြီး သူ၏ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော စကားသံသည် ပတ်ဝန်းကျင်တွင် ချက်ချင်းဆိုသလို ပေါက်ကွဲထွက်လာခဲ့သည်။

“ကျန်းချန်.. မင်း ငါတို့ လုမိသားစုရဲ့တပည့်တွေကို သတ်ရဲမှတော့ သေဖို့သာ ပြင်ထားလိုက်တော့”

အခန်း(၂၇၁၇)ပြီး၏။

အခန်း(၂၇၁၈)

ဒေါသတကြီး ကြုံးဝါးလိုက်သော လုထျန်းရှင်းကို ကြည့်ကာ လော့ချန်ချိုးသည် မျက်မှောင်အနည်းငယ် ကြုတ်သွားခဲ့သည်။

သူက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး လုထျန်းရှင်း ထံမှ ပေါက်ကွဲထွက်လာသော အစွမ်းထက် အရှိန်အဝါဖိအားကို ခုခံလိုက်ကာ လုထျန်းရှင်းကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

“လုထျန်းရှင်း.. ကျန်းချန်က ငါတို့ လော့ရွှေကုန်သည်အဖွဲ့ကလူပဲ.. မင်းက ငါတို့ လော့ရွှေကုန်သည်အဖွဲ့က လူကို အလွယ်တကူ အနိုင်ကျင့်လို့ ရမယ်များ ထင်နေလား”

ထိုအခိုက်အတန့်တွင် လုထျန်းရှင်း၏ မျက်ဝန်းများသည် ဒေါသကြောင့် အရောင်လက်နေခဲ့သည်။

“လော့ချန်ချိုး.. ကျန်းချန်က ငါတို့လုမိသားစုက ပါရမီရှင် အများအပြားကို သတ်ဖြတ်ခဲ့တယ်.. ငါတို့ လုမိသားစုက သူ့ကို လုံးဝ အလွှတ်ပေးမှာမဟုတ်ဘူး.. တကယ်လို့ မင်းတို့‌ လော့ရွှေကုန်သည်အဖွဲ့က ငါတို့ လုမိသားစုရဲ့ရန်သူ မဖြစ်ချင်ဘူးဆိုရင် အခုချက်ချင်း ဖယ်ပေးလိုက်တာ အကောင်းဆုံးပဲ.. မဟုတ်ရင်တော့ ငါ လုထျန်းရှင်းနဲ့ မင်းတို့ လော့ရွှေကုန်သည်အဖွဲ့က ကမ္ဘာမကြေရန်သူတွေ ဖြစ်သွားပြီ”

တလော့လျှို့ဝှက်နယ်မြေ ထဲတွင် လုမိသားစုမှ ပကတိအင်မော်တယ်အဆင့် ပါရမီရှင်များ ကျန်းချန်၏ လက်ချက်ဖြင့် သေဆုံးခဲ့ရခြင်းသည် လုမိသားစုအတွက် ကြီးမားသော ထိုးနှက်ချက် တစ်ခု ဖြစ်သည်။

ထို့ထက်ပို၍ အရေးကြီးဆုံးအချက်မှာ ကျန်းချန်၏ ပါရမီသည် အလွန် ကြောက်မက်ဖွယ်ရာ ကောင်းနေခြင်းပင်။

ထိုကောင်လေးသည် တလော့လျှို့ဝှက်နယ်မြေ ထဲသို့ မဝင်မီက ပကတိအင်မော်တယ် ဆဋ္ဌမအဆင့်တွင်သာ ရှိသော်လည်း တလော့လျှို့ဝှက်နယ်မြေထဲက ပြန်ထွက်လာချိန်တွင် ပကတိအင်မော်တယ် နဝမအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။

ယင်းအပြင် ထိုလူငယ်လေးသည် လော့ရွှေကုန်သည်အဖွဲ့နှင့် အလွန်တရာ ရင်းနှီးသော ဆက်ဆံရေး ရှိ၏။

သူသာ ကြီးပြင်းလာလျှင် ထျန်းရွှေအင်မော်တယ်မြို့တော်ရှိ သူတို့ လုမိသားစု၏ အဆင့်အတန်းသည် ခြိမ်းခြောက်ခံရနိုင်ခြေ ရှိနေသည် မဟုတ်ပါလော။

“လုထျန်းရှင်း.. တလော့လျှို့ဝှက်နယ်မြေထဲမှာ အားလုံးက အခွင့်အရေးအတွက် တိုက်ပွဲဝင်ကြတာပဲ.. အခွင့်အလမ်းကို ရှာဖွေကြတဲ့နေရာမှာ သေခြင်း၊ရှင်ခြင်း ဆိုတာက ကံကြမ္မာအတိုင်းပဲ...ကျန်းချန်က မင်းတို့ လုမိသားစုရဲ့ တပည့်တွေကို တကယ်ပဲ သတ်ခဲ့တယ် ဆိုရင်တောင် အဲဒါက သူတို့ အသုံးမကျလို့ပဲ”

လော့ချန်ချိုးက အေးစက်စက်ပြုံးကာ ပြောလိုက်သည်။

“ဒီနေ့ ငါ လော့ချန်ချိုး ဒီနေရာမှာ ရှိနေသရွေ့ ကျန်းချန်ရဲ့ ဆံခြည်တစ်မျှင်ကိုတောင် မင်းတို့လုမိသားစုကို ထိခိုက်အောင်လုပ်ခွင့် မပြုနိုင်ဘူး”

ကျန်းချန်သည် လော့ချင်းအာ၏ အသက်ကို ကယ်တင်ပေးရုံသာမက အင်မော်တယ်လောကတွင်ပင် ရှားပါးသော ပါရမီရှင်တစ်ဦး ဖြစ်သည်။

ကျန်းချန် အနေဖြင့် လော့ရွှေကုန်သည်အဖွဲ့သို့ ဝင်ရောက်ရန် အစီအစဥ် မရှိလျှင်ပင် လော့ချန်ချိုးသည် ကျန်းချန်နှင့် မိတ်ဆွေဖွဲ့ထားရန် ဆုံးဖြတ်ထားခဲ့ပြီ ဖြစ်သည်။

ထို့အပြင် လော့ချင်းအာသည် ခုနလေးကတင် သူ့ကို လျှို့ဝှက်စွာ အသံလွှင့်၍ အကြောင်းကြားခဲ့သည်။

ကျန်းချန်သည် တလော့လျှို့ဝှက်နယ်မြေ ထဲတွင် လော့ချင်းအာကို ပကတိအင်မော်တယ် သစ်သီးတစ်လုံး ပေးခဲ့ရုံသာမက တလော့ အမွေအနှစ်ကိုပါ ပေးအပ်ခဲ့သည်။

ယင်းမှာ အမှန်တကယ်ပင် ကြီးမားလှသော ကျေးဇူးတရားဖြစ်၏။

ထို့ကြောင့် လုမိသားစုနှင့် စစ်ဖြစ်ရမည် ဆိုလျှင်ပင် လော့ချန်ချိုးသည် ကျန်းချန်ကို အနည်းငယ်မျှ ထိခိုက်ခံမည် မဟုတ်ပေ။

“‌လော့ချန်ချိုး...မင်းက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”

လုထျန်းရှင်း၏ မျက်ဝန်းထဲတွင်‌အေးစက်သော အလင်းတန်းများထွက်ပေါ်လာခဲ့ပြီး ရွှေအင်မော်တယ် တတိယအဆင့် အထွတ်အထိပ် အရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့သည်။

“မင်းက ဒီကောင်လေးကို ကာကွယ်မယ် ဆိုမှတော့ မင်းရဲ့ လော့ရွှေကုန်သည်အဖွဲ့ကိုလည်း ဒီကောင်လေးနဲ့အတူ မြှုပ်နှံပေးလိုက်ဖို့ ငါဝန်မလေးတော့ဘူး”

စကားဆုံးသည်နှင့် လုထျန်းရှင်းသည် ကြောက်မက်ဖွယ်ရွှေအင်မော်တယ်စွမ်းအားများကို ထုတ်ဖော်၍ လက်သီးတစ်လုံးကို လော့ချန်ချိုးထံ ပစ်သွင်းလိုက်သည်။

လုထျန်းရှင်းက စတင် တိုက်ခိုက်လိုက်သည်ကို မြင်လျှင် ပတ်ဝန်းကျင်ရှိ အစွမ်းထက် ပုဂ္ဂိုလ်များ၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး သူတို့၏ တပည့်များကို ခေါ်ဆောင်ကာ အလျင်အမြန်ပင် နောက်ဆုတ်သွားခဲ့ကြသည်။

လုထျန်းရှင်းနှင့် လော့ချန်ချိုး တို့သည် ထျန်းရွှေအင်မော်တယ်မြို့တော်၏ နာမည်ကျော် ရွှေအင်မော်တယ်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

ထို့ကြောင့် သူတို့က ထိုနှစ်ဦး၏ တိုက်ခိုက်မှုကနေ စက်ကွင်းမလွတ် ဖြစ်မည်ကို စိုးရိမ်ကာ နောက်သို့ ဆုတ်သွားခဲ့ကြခြင်းပင်။

“ကျန်းချန်...ချင်းအာကို အမြန်ပြန်ခေါ်သွားလိုက်.. ဒီကိစ္စကို ငါပဲ ဖြေရှင်းလိုက်မယ်”

စကားဆုံးသည်နှင့် လော့ချန်ချိုးသည် ရှေ့သို့ လျင်မြန်စွာ ပြေးဝင်သွားခဲ့ရာ လေထဲတွင် ပုံရိပ်ယောင်များပင် ကျန်ရစ်ခဲ့သည်။

ယင်းနောက်တွင် လော့ချန်ချိုးသည် လက်သီးချက် တစ်ချက်ကို ထုတ်ဖော်ကာ လုထျန်းရှင်း၏ လက်သီးချက်ကို ထိပ်တိုက်ရင်ဆိုင်လိုက်၏။

“ဝုန်း..”

ကျယ်လောင်သော ပေါက်ကွဲသံက မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဟိန်းထွက်သွားခဲ့ပြီး သူတို့နှစ်ဦး ပတ်ဝန်းကျင်မှ ပေတစ်ထောင်ခန့် ဧရိယာအတွင်းရှိ ဟင်းလင်းပြင်သည် ချက်ချင်းဆိုသလိုပင် ပြိုကွဲသွားခဲ့သည်။

လေထုထဲတွင် နှစ်ဦးစလုံး၏ ပုံရိပ်များသည် အနောက်သို့ ခြေလှမ်း အနည်းငယ် တစ်ပြိုင်နက်တည်း ဆုတ်လိုက်ကြရ၏။

လုထျန်ရှင်းက သူ့ထက် အနည်းငယ်မျှပင် အားမနည်းသော လော့ချန်ချိုးကို ကြည့်ကာ မျက်မှောင်အနည်းငယ် ကြုတ်သွားခဲ့သည်။

“လော့ချန်ချိုး.. မင်း ရွှေအင်မော်တယ်တတိယအဆင့်ကို ထိုးဖောက်သွားပြီလား”

လုမိသားစုသည် ထျန်းရွှေအင်မော်တယ်မြို့တော်၏ နံပါတ်တစ် နေရာတွင် ရှိနေရသည့် အကြောင်းအရင်းမှာ ‌ရွှေအင်မော်တယ်အဆင့် အစွမ်းထက် ကျင့်ကြံသူ သုံးဦးကို ပိုင်ဆိုင်ထားသည့်အပြင် ထိုအထဲမှ တစ်ဦး ဖြစ်သည့် လုထျန်းရှင်းသည် ထျန်း‌‌ရွှေအင်မော်တယ်မြို့တော်၏ နံပါတ်တစ် အစွမ်းထက်ဆုံးပုဂ္ဂိုလ် ဖြစ်နေခြင်းကြောင့်ပင်။

သူက ထျန်းရွှေအင်မော်တယ်မြို့တော်ရှိ တစ်ဦးတည်းသော ရွှေအင်မော်တယ် တတိယအဆင့် ကျင့်ကြံသူလည်း ဖြစ်သည်။

ဆိုရလျှင် လော့ရွှေကုန်သည်အဖွဲ့နှင့် နင်မိသားစုတို့ ပူးပေါင်းလျှင်ပင် လုမိသားစုကို ဖြိုချနိုင်လိမ့်မည် မဟုတ်ပေ။

ယခုအခါတွင်မူ လော့ချန်ချိုးသည် ရွှေအင်မော်တယ် တတိယအဆင့်သို့ ထိုးဖောက်သွားပြီ ဖြစ်၍ ခွန်အားအရာတွင် လုထျန်းရှင်းထက် များစွာ နိမ့်ကျနေခြင်း မရှိတော့ချေ။

ထို့အပြင် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူနှစ်ဦး ရှိသော နင်မိသားစု၏ တည်ရှိမှုသည်လည်း သူတို့ လုမိသားစုကို ခြိမ်းခြောက်လုနီးပါး ဖြစ်နေခဲ့သည်။

ထိုသို့တွေးမိလျှင် လုထျန်းရှင်း၏ သတ်ဖြတ်လိုသော စိတ်ဆန္ဒများသည် ပိုမို၍ ပြင်းထန်လာခဲ့သည်။

ယခုအခါ လော့ချန်ချိုးသည် ရွှေအင်မော်တယ် တတိယအဆင့်သို့ ထိုးဖောက်သွားပြီ ဖြစ်ရာ လော့ရွှေကုန်သည်အဖွဲ့၏ အင်အားသည် သေချာပေါက် တိုးတက်လာလိမ့်မည် ဖြစ်သည်။

ထိုမျှသာမက လော့ရွှေကုန်သည်အဖွဲ့တွင် ကောင်းကင်အင်မော်တယ် အဋ္ဌမအဆင့် ပါရမီရှင် လော့ဝူကျိလည်း ရှိနေသေးပြီး သူသည်လည်း ရွှေအင်မော်တယ် အဆင့်သို့ ထိုးဖောက်နိုင်ရန် သိပ်မဝေးတော့ပေ။

ယင်းအပြင် လော့ဝူကျိထက်ပင် ပိုမို၍ ပါရမီရှိသော ကျန်းချန်လည်း ရှိနေသေး၏။

အကယ်၍ ထိုနှစ်ယောက်သာ ကြီးပြင်းလာခဲ့လျှင် ထျန်းရွှေအင်မော်တယ် မြို့တော်ရှိ သူတို့ လုမိသားစု၏ အဆင့်အတန်းသည် လော့ရွှေကုန်သည်အဖွဲ့၏ အစားထိုးခြင်းကို အမှန်တကယ်ပင် ခံရနိုင်ခြေ ရှိနေခဲ့သည်။

“လုရွမ်ကျန်း...ဟိုကျန်းချန် ဆိုတဲ့ ကောင်လေးကို အမြန်သတ်လိုက်”

လုထျန်းရှင်း၏ မျက်ဝန်းထဲတွင်‌ အေးစက်သော အလင်းတန်းတစ်ခု ဖျတ်ခနဲ ပေါ်လာခဲ့သည်။

သူက လုမိသားစုမှ ရွှေအင်မော်တယ် ဒုတိယအဆင့် ကျင့်ကြံသူ ဖြစ်သည့် အဖြူရောင် ဝတ်စုံဝတ် အဘိုးအိုကို အော်ဟစ်၍ အမိန့်ပေးလိုက်သည်။

လော့ချန်ချိုးက ရွှေအင်မော်တယ် တတိယအဆင့်သို့ ထိုးဖောက်သွားပြီ ဖြစ်ပြီး ရွှေအင်မော်တယ် တတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသည့် သူ့ထက် ခြေတစ်လှမ်းနောက်ကျနေသေးသော်လည်း သူ့အနေဖြင့် လော့ချန်ချိုးကို အချိန်တိုအတွင်း အနိုင်ယူရန်မှာ လွယ်ကူသောအလုပ် မဟုတ်ပေ။

ယင်းကြောင့် ယခု သူ လုပ်ဆောင်နိုင်သည်မှာ လုရွမ်ကျန်းကို ကျန်းချန်အား သတ်ခိုင်းရန်သာ ဖြစ်သည်။

လုထျန်းရှင်း၏ အမိန့်ကိုရသည်နှင့် လုရွမ်ကျန်းသည် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ ရှေ့သို့ လှမ်းတက်လာခဲ့ရာ ကြောက်မက်ဖွယ်ရာကောင်းသော ရွှေအင်မော်တယ်အဆင့် အရှိန်အဝါ ဖိအားများသည် ကျန်းချန်၏ ကိုယ်ပေါ်သို့ တိုက်ရိုက်ပင် သက်ရောက်လာခဲ့သည်။

ရွှေအင်မော်တယ် တတိယအဆင့်ကို လော့ချန်ချိုး ထိုးဖောက်သွားခြင်းနှင့် ကျန်းချန် ကဲ့သို့ တုနှိုင်းမဲ့ပါရမီရှင်က လော့ရွှေကုန်သည်အဖွဲ့တွင် ပေါ်ထွက်လာခြင်းသည် ထျန်းရွှေအင်မော်တယ် မြို့တော်ရှိ သူတို့ လုမိသားစု၏အဆင့်အတန်းကို တစ်နေ့နေ့တွင် အစားထိုး ခံရနိုင်မည့် ဘေးအန္တရာယ် ရှိလာခဲ့သည်။

လုရွမ်ကျန်းက ကျန်းချန်ကို တိုက်ခိုက်လိုက်သည်အား မြင်လျှင် လော့ချန်ချိုးသည် မျက်နှာအမူအရာ ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့ပြီး နင်မိသားစုခေါင်းဆောင် ဘက်သို့ အလျင်အမြန်ပင် လှမ်းကြည့်ကာ ပြောလိုက်သည်။

“ခေါင်းဆောင်နင်.. ငါ့ကို အကူအညီ ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”

လုရွမ်ကျန်းသည် လုမိသားစု၏ ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ သုံးဦး ထဲမှ တစ်ဦး ဖြစ်ပြီး သူ၏ ကျင့်ကြံခြင်းအဆင့်သည် ‌ရွှေအင်မော်တယ် ဒုတိယအဆင့်သို့ ‌ရောက်ရှိနေပြီ ဖြစ်သည်။

ထိုအဆင့်သည် ရွှေအင်မော်တယ် တတိယအဆင့်သို့ လော့ချန်ချိုး မထိုးဖောက်မီက အခြေအနေနှင့် နှိုင်းယှဥ်လျှင်ပင် သိပ်မကွာခြားပေ။

ကျန်းချန်က မည်မျှပင် ပါရမီရှိပြီး အစွမ်းထက်နေပါစေ၊ ပကတိအင်မော်တယ် နဝမအဆင့်သာ ရှိသေးသဖြင့် လုရွမ်ကျန်းကို ယှဥ်ပြိုင်ရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။

“မစိုးရိမ်ပါနဲ့ ခေါင်းဆောင်လော့.. ငါ ဒီအတိုင်း ထိုင်ကြည့်မနေပါဘူး”

နင်မိသားစု‌ခေါင်းဆောင်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ကျန်းချန်၏ ရှေ့သို့ ဖျတ်ခနဲ ရောက်ရှိလာခဲ့ကာ လုရွမ်ကျန်း၏ ရွှေအင်မော်တယ်အဆင့် အရှိန်အဝါဖိအားများကို ခုခံပေးလိုက်သည်။

နင်မိသားစုခေါင်းဆောင် နင်ယွိလော လှုပ်ရှားလိုက်သည်ကို မြင်လျှင် လုရွမ်ကျန်း၏ မျက်နှာအမူအရာက ချက်ချင်းဆိုသလိုပင် သုန်မှုန်သွားခဲ့၏။

“နင်ယွိလော.. ဒါက ငါတို့ လုမိသားစုနဲ့ လော့ရွှေကုန်သည်အဖွဲ့ကြားက ကိစ္စပဲ.. မင်းတို့ နင်မိသားစုအနေနဲ့ ငါတို့ ကိစ္စထဲမှာ ဝင်မပါတာ အကောင်းဆုံးပဲ.. အခုချက်ချင်း ဖယ်ပေးစမ်း”

“လုရွမ်ကျန်း အပိုစကားတွေ ပြောမနေနဲ့ .. မင်း ညီနောင်ကျန်းချန်ကို ထိချင်တယ် ဆိုရင် ငါ နင်ယွိလောကို အရင်ကျော်ဖြတ်ရလိမ့်မယ်”

နင်ယွိလောက လုရွမ်ကျန်း၏ စကားကို မမှုဘဲ အေးစက်စက်ပြုံးကာ ပြောလိုက်သည်။

ထျန်းရွှေအင်မော်တယ်မြို့တော်ရှိ ရွှေအင်မော်တယ်အဆင့် အင်အားစုသုံးစု ထဲတွင် လုမိသားစုသည် အင်အားအကြီးဆုံးဖြစ်သည်။

သူတို့ နင်မိသားစုသည် လော့ရွှေကုန်သည် အဖွဲ့နှင့် ပူးပေါင်းမှသာ လုမိသားစုကို ယှဥ်ပြိုင်နိုင်မည် ဖြစ်၏။

အကယ်၍သာ လော့ရွှေကုန်သည်အဖွဲ့ တစ်စုံတစ်ရာ ဖြစ်သွားခဲ့လျှင် နင်မိသားစုသည်လည်း တစ်ဦးတည်း ရပ်တည်နိုင်တော့မည် မဟုတ်ဘဲ အဆုံးသတ်တွင် လုမိသားစု၏ဝါးမျိုခြင်းကို မလွဲမသွေ ခံရပေလိမ့်မည်။

ထို့အပြင် နင်ယွိလောသည် နင်ကောင်းယန် ထံကနေ ကျန်းချန်က တလော့ လျှို့ဝှက်နယ်မြေထဲတွင် နင်ကောင်းယန်၏ အသက်ကို ကယ်တင်ခဲ့ရုံသာမက ပကတိအင်မော်တယ်သစ်သီး တစ်လုံးကိုပါ ပေးခဲ့ကြောင်း သိရှိထားပြီးပြီ ဖြစ်သည်။

မိသားစု အကျိုးအမြတ်အတွက်ရော၊ ကိုယ်ရေးကိုယ်တာ အတွက်ပါ ထည့်တွက်၍ နင်ယွိလောသည် လုရွမ်ကျန်းက ကျန်းချန်အား တိုက်ခိုက်မည်ကို ဒီအတိုင်း ထိုင်ကြည့်နေမည်မဟုတ်ပေ။

နင်ယွိလော၏ စကားကို ကြားလျှင် လုရွမ်ကျန်း၏ မျက်နှာအမူအရာက ချက်ချင်းဆိုသလိုပင် အလွန်တရာ ခက်ထန်သွားခဲ့သည်။

“နင်ယွိလော...မင်းက ငါမင်းကို ကြောက်နေတယ်လို့များ ထင်နေတာလား”

လုရွမ်ကျန်းက ဒေါသတကြီး ကြုံးဝါးလိုက်သည်။

ထို့နောက် သူ၏ ခန္ဓာကိုယ်ထဲကနေ ရွှေအင်မော်တယ် စွမ်းအားများကို ထုတ်ဖော်ကာ နင်ယွိလောကို တိုက်ခိုက်လိုက်တော့သည်။

အခန်း(၂၇၁၈)ပြီး၏။

All Chapters