← Chapters

အခန်း (၂၇၁၉-၂၇၂၀)

Vol. 212 Ch. 2719-2720

အခန်း (၂၇၁၉-၂၇၂၀)

Vol. 212 Ch. 2719-2720

အခန်း(၂၇၁၉)

ခွန်အားများကို အစွမ်းကုန်ထုတ်သုံးကာ တိုက်ခိုက်လာသည့် လုရွမ်ကျန်းနှင့် ရင်ဆိုင်ရာတွင် နင်ယွိလောသည် အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်းမရှိခဲ့ပေ။

နင်မိသားစု၏ ခေါင်းဆောင်ဖြစ်သူ နင်ယွိလော၏ ကျင့်ကြံခြင်းအဆင့်သည် လော့ချန်ချိုး အဆင့် မထိုးဖောက်မီကနှင့် အတူတူပင် ဖြစ်ပြီး ရွှေအင်မော်တယ် ဒုတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

လုမိသားစု၏ ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ သုံးဦးထဲတွင် နင်ယွိလောကို ကြောက်ရွံ့စေနိုင်သူမှာ လုမိသားစုခေါင်းဆောင် လုထျန်းရှင်း တစ်ဦးတည်းသာ ရှိ၏။

သို့ဖြစ်ရာ ရွှေအင်မော်တယ် ဒုတိယအဆင့် အစောပိုင်းတွင်သာ ရှိသေးသော လုရွမ်ကျန်းကို နင်ယွိလော့သည် မည်ကဲ့သို့ အလေးထားပါအံ့နည်း။

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

ရွှေအင်‌မော်တယ်အဆင့် ကျင့်ကြံသူ နှစ်ဦးသည် လေထဲတွင် အဆက်မပြတ် တိုက်ခိုက်နေခဲ့ကြသည်။

ကြောက်မက်ဖွယ်ရာကောင်းသော ရွှေအင်မော်တယ်စွမ်းအားများသည် ပတ်ဝန်းကျင်တွင် ပျံ့နှံ့လာခဲ့ရာ ပတ်ဝန်းကျင်ရှိ လူများသည် နောက်သို့ ခပ်ဝေးဝေး ဆုတ်လိုက်ကြရသည်။

လုရွမ်ကျန်းသည် နင်ယွိလောထက် များစွာ အားနည်း၍ တိုက်ကွက် တစ်ဒါဇင်ကျော်ခန့် တိုက်ခိုက်ပြီးနောက်တွင် ဆက်လက် မတောင့်ခံနိုင်တော့ဘဲ ရှုံးနိမ့်တော့မည့် လက္ခဏာများ ထွက်ပေါ်လာခဲ့သည်။

“ခေါင်းဆောင်.. ထျန်း‌ရွှေအင်မော်တယ်မြို့တော်ရဲ့ ရွှေအင်မော်တယ်အဆင့် အင်အားစုသုံးစု အချင်းများနေတာက ကျွန်တော်တို့ စန်းဟယ်အင်မော်တယ်မြို့တော် အတွက် အကောင်းဆုံး အခွင့်အရေးပဲ.. ကျွန်တော်တို့ရော ဝင်ပါလိုက်ကြမလား”

ထိုအခိုက်အတန့်တွင် စန်းဟယ်အင်မော်တယ် မြို့တော်ရှိ ဟယ်မိသားစုမှ ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ တစ်ဦးသည် သူ၏ နံဘေးရှိ ဟယ်ချုံကျင်းကို ခပ်တိုးတိုး မေးလိုက်သည်။

“ထျန်းရွှေအင်မော်တယ်မြို့တော်ရဲ့ ကိစ္စက ငါတို့ စန်းဟယ်အင်မော်တယ်မြို့တော်နဲ့ ဘာမှမသက်ဆိုင်ဘူး.. ကိုယ်နဲ့မသက်ဆိုင်တဲ့ ကိစ္စမှာ ဝင်မရှုပ်တာ အကောင်းဆုံးပဲ”

ဟယ်ချုံကျင်းက တိုက်ပွဲဖြစ်ပွားနေသော ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ လေးဦးကို တစ်ချက်ကြည့်လိုက်ပြီးနောက်တွင် အေးစက်စက် ပြောလိုက်သည်။

“တလော့လျှို့ဝှက်နယ်မြေ ပိတ်သွားပြီ ဆိုတော့ အေးခဲတောင်တန်းရဲ့ အအေးလှိုင်းတွေ သိပ်မကြာခင် ရောက်လာတော့မယ်.. ငါတို့ အရင်ဆုံး အေးခဲတောင်တန်းကနေ ထွက်သွားကြရအောင်”

စန်းယွင်ပြည်နယ်ရှိ အင်‌မော်တယ်မြို့တော် ကိုးမြို့ ထဲတွင် ထျန်းရွှေအင်မော်တယ် မြို့တော်နှင့် စန်းဟယ်အင်မော်တယ် မြို့တော် တို့သည် အောက်ဆုံးနားတွင် ရှိကြသည်။

စန်းဟယ်အင်မော်တယ်မြို့တော်သည် ထျန်းရွှေအင်မော်တယ်မြို့တော်ထက် ပိုမို အားကောင်းသည်ဟု ဆိုနိုင်သော်လည်း အကန့်အသတ် ရှိနေဆဲ ဖြစ်၏။

အကယ်၍ စန်းဟယ်အင်မော်တယ်မြို့တော်သာ ယခု ထျန်းရွှေအင်မော်တယ်မြို့တော်၏ ကိစ္စတွင် ပါဝင်ပတ်သက်လိုက်မည် ဆိုလျှင် ထျန်းရွှေအင်မော်တယ်မြို့တော်ရှိ ရွှေအင်မော်တယ်အင်အားစု သုံးစုသည် သူတို့၏ ရန်ငြိုးများကို ခဏဘေးဖယ်ထားပြီး စန်းဟယ်အင်မော်တယ် မြို့တော်ကို ပူးပေါင်း၍ တိုက်ခိုက်လာနိုင်သည်။

ထို့ကြောင့် ဟယ်ချုံကျင်း အနေဖြင့် ဤကဲ့သို့သော အချိန်တွင် ထျန်းရွှေအင်မော်တယ်မြို့တော်၏ ကိစ္စရပ်များကို မည်ကဲ့သို့ ဝင်ရောက် စွက်ဖက်ပါမည်နည်း။

သူတို့က ထျန်းရွှေအင်မော်တယ် မြို့တော်ကို ဝါးမျိုလျှင်ပင် ထျန်းရွှေ အင်မော်တယ်မြို့တော်ရှိ ရွှေအင်မော်တယ်အင်အားစု သုံးစု၏ ခွန်အားများ ကုန်ဆုံးသွားသည် အထိ တိုက်ခိုက်ကြသည်ကို စောင့်ဆိုင်းရပေလိမ့်မည် မဟုတ်ပါလော။

ဟယ်ချုံကျင်းက တိုက်ပွဲ ဖြစ်ပွားနေသော ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ လေးဦးကို တစ်ချက် ကြည့်လိုက်ပြီးနောက်တွင် ဟယ်မိသားစုဝင်များကို ခေါ်ကာ အေးခဲတောင်တန်းထဲကနေ အလျင်အမြန်ပင် ထွက်ခွာသွားခဲ့သည်။

ဟယ်မိသားစု ထွက်ခွာသွားသည်ကို မြင်လျှင် စန်းဟယ်အင်မော်တယ် မြို့တော်ရှိ အခြားသော အင်အားစုများမှ အစွမ်းထက် ပုဂ္ဂိုလ်များသည်လည်း ၎င်းတို့၏ တပည့်များနှင့်အတူ အေးခဲတောင်တန်းထဲကနေ ထွက်ခွာသွားခဲ့ကြ၏။

ထျန်းရွှေအင်မော်တယ်မြို့တော်မှ အင်အားစု အများအပြားပင်လျှင် အေးခဲ‌တောင်တန်းထဲကနေ အလျင်အမြန် ထွက်ခွာသွားခဲ့ကြသည်။

ဤလူများသည် ထျန်းရွှေအင်မော်တယ် မြို့တော်ရှိ ရွှေအင်မော်တယ်အဆင့် အင်အားစုသုံးစု ကြားမှ ရန်ငြိုးများ၏ ရိုက်ခတ်မှုကို မခံယူလိုကြသည်မှာ ထင်ရှားနေခဲ့၏။

ယင်းအပြင် အေးခဲတောင်တန်းထဲရှိ အအေးလှိုင်းက သိပ်မကြာခင် ပြန်လည် ရောက်ရှိလာတော့မည် ဖြစ်ရာ သူတို့အနေဖြင့် အေးခဲတောင်တန်းထဲတွင် အချိန်အကြာကြီး မနေဝံ့ကြပေ။

ဆိုရလျှင် အေးခဲတောင်တန်းထဲရှိ အအေးလှိုင်းသည် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ တစ်ဦး အတွက်ပင် ခုခံရန် အလွန်တရာ ခဲယဥ်း၏။

အင်အားစု အများအပြား ထွက်ခွာသွားကြရာ ထိုနေရာတွင် ထျန်းရွှေအင်မော်တယ် မြို့တော်မှ ရွှေအင်မော်တယ်အဆင့် အင်အားစု သုံးစုသာ ကျန်ရစ်ခဲ့တော့သည်။

လေထဲတွင် တိုက်ခိုက်နေကြသော လော့ချန်ချိုးတို့ လေးဦးစလုံးသည် ပတ်ဝန်းကျင် အခြေအနေကို ခံစားမိလိုက်ကြပြီး ၎င်းတို့၏ မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

“လုထျန်းရှင်း.. အေးခဲတောင်တန်းရဲ့ အအေးလှိုင်းတွေ မကြာခင် ရောက်လာတော့မယ်.. ငါတို့သာ ဆက်ပြီး တိုက်ခိုက်နေကြမယ်ဆိုရင် ငါတို့အားလုံး ဒီအေးခဲတောင်တန်းထဲကနေ ဘယ်တော့မှ ထွက်သွားနိုင်တော့မှာ မဟုတ်ဘူး.. မင်းတကယ်ပဲ ငါတို့နဲ့ ဆက်တိုက်ချင်သေးတာ သေချာရဲ့လား”

လော့ချန်ချိုးက လုထျန်းရှင်းကို စူးစိုက်၍ ကြည့်ကာ မေးလိုက်သည်။

သူ၏ ဖြူဖျော့နေသော မျက်နှာထက်တွင် လှောင်ပြုံးတစ်ခု ခပ်ရေးရေး ဖြစ်ပေါ်လာခဲ့၏။

ရွှေအင်မော်တယ် တတိယအဆင့် ကျင့်ကြံသူ ဖြစ်သည့် လုထျန်းရှင်းသည် ရွှေအင်မော်တယ်အဆင့်ကို ယခုမှ ထိုးဖောက်ထားသည့် လော့ချန်ချိုးထက် ပိုမို၍ အားကောင်းသည်။

သို့သော်လည်း လုထျန်းရှင်း အနေဖြင့် လော့ချန်ချိုးကို အချိန်တိုအတွင်း အနိုင်ယူရန်မှာ မဖြစ်နိုင်ပေ။

အေးခဲတောင်တန်းတွင် အအေးလှိုင်းများ ပြန်လည်ရောက်ရှိလာသည်နှင့် လုထျန်းရှင်း ကဲ့သို့ ရွှေအင်မော်တယ် တတိယအဆင့် အထွတ်အထိပ် ကျင့်ကြံသူကို မဆိုထားနှင့်၊ ရွှေအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေလျှင်ပင် အေးခဲတောင်တန်း၏ အအေးလှိုင်းများကြားတွင် အသက်ရှင်ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။

ထို့ကြောင့် လုထျန်းရှင်း အနေဖြင့် ဤနေရာတွင် ဆက်လက်တိုက်ပွဲဝင်ရန် မည်သို့မျှ မဝံ့ရဲတော့ဟု လော့ချန်ချိုး ခန့်မှန်းထားခဲ့သည်။

တကယ်လည်း လော့ချန်ချိုး ခန့်မှန်းထားသည့် အတိုင်းပင် အေးခဲတောင်တန်းထဲရှိ အအေးလှိုင်းများ ပြန်လည် နိုးထလာသည်ကို သတိပြုမိပြီးနောက် လုထျန်းရှင်း၏ မျက်နှာ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

ဤအခိုက်အတန့်တွင် လုထျန်းရှင်းသည် အလွန်ပင် ဒေါသထွက်နေသော်လည်း ထိုဒေါသသည် သူ၏ ဆင်ခြင်တုံတရားကို လွှမ်းမိုးသွားခြင်း မရှိခဲ့ပေ။

အကယ်၍ သူတို့သာ ‌လော့ချန်ချိုး တို့နှင့် ဤနေရာတွင် ဆက်လက် တိုက်ပွဲဝင်နေဦးမည် ဆိုလျှင် သူတို့ အားလုံးသည် အေးခဲတောင်တန်း ထဲတွင် အတူတူ သေဆုံးသွားကြရမည် မဟုတ်ပါလော။

“လော့ချန်းချိုး.. နင်ယွိလော.. မင်းတို့ ငါ့ကို စောင့်နေပါ.. ဒီကိစ္စက ဒီမှာတင်ပြီးမှာ မဟုတ်ဘူး”

လုထျန်းရှင်းက လော့ချန်ချိုးတို့ နှစ်ဦးကို ပြောဆိုလိုက်ပြီးနောက်တွင် လုမိသားစုမှ တစ်ဦးတည်းသော အသက်ရှင် ကျန်ရစ်သူ ဖြစ်သည့် လုဟယ်နှင့် စန်းယွင်အင်မော်တယ်နန်းတော်မှ ဝမ်ရှင်းဟန် တို့ကို ‌ခေါ်ကာ အေးခဲတောင်တန်း၏ အပြင်ဘက်သို့ အလျင်အမြန်ပင် ထွက်ခွာသွားခဲ့သည်။

“ငါတို့လည်း‌ အေးခဲတောင်တန်းထဲကနေ အရင်ဆုံး ထွက်သွားကြရအောင်”

လော့ချန်ချိုးက အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ သူ၏လက်တစ်ဖက်ကို မြှောက်လိုက်ကာ ရွှေအင်မော်တယ် စွမ်းအားဖြင့် ကျန်းချန်တို့ လေးဦးကို ပင့်မလိုက်ပြီး အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲ၍ ကောင်းကင်ယံသို့ ပျံသန်းသွားခဲ့သည်။

---------------------

လုမိသားစုဆီ ပြန်ရောက်လာပြီးနောက်တွင် လုထျန်းရှင်း၏ မျက်နှာအမူအရာသည် ပြိုတော့မည့်မိုး ကဲ့သို့ အလွန်တရာပင် အုံ့မှိုင်းနေခဲ့သည်။

ယခုတစ်ကြိမ် တလော့လျှို့ဝှက်နယ်မြေ ခရီးစဥ်တွင် လုမိသားစုမှ ပကတိအင်မော်တယ် နဝမအဆင့်ပါရမီရှင် လုဟုန်ယွီ ပါဝင်နေသလို စန်းယွင်အင်မော်တယ် နန်းတော်မှ ထိပ်တန်းပါရမီရှင် ဝမ်ရှင်းဟန်လည်း ပါဝင်နေခဲ့သည်။

ယင်းကြောင့် ဤခရီးစဥ်တွင် ကြီးမားသော အကျိုးကျေးဇူးများ ရရှိလိမ့်မည်ဟု သူတွေးထားခဲ့၏။

သို့သော်လည်း လက်ရှိအရှိတရားကမူ ခါးသီးနေခဲ့ပြီး လုမိသားစု၏ တပည့်များသည် ယခုတစ်ကြိမ် တလော့လျှို့ဝှက်နယ်မြေ ခရီးစဥ်ကနေ အကျိုးအမြတ်များ မရရှိခဲ့ရုံသာမက အားလုံးနီးပါး သေဆုံးသွားခဲ့ပြီး လုဟယ်တစ်ဦးတည်းသာလျှင် တလော့လျှို့ဝှက်နယ်မြေထဲကနေ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခဲ့သည်။

ထိုအကြောင်းကို တွေးမိလျှင် လုထျန်းရှင်းသည် ဝမ်ရှင်းဟန်အပေါ်တွင် နာကျည်းမှုကို မထိန်းချုပ်နိုင်တော့ပေ။

“သခင်လေးဝမ်.. အဲဒီနေ့က ငါမင်းကို တလော့လျှို့ဝှက်နယ်မြေရဲ့ ဝင်ခွင့်နေရာ တစ်နေရာ ပေးအပ်ခဲ့တယ်.. ဒီအတွက် မင်းက ငါတို့ လုမိသားစုကို ကူညီပြီး ကျန်းချန် ဆိုတဲ့ကောင်ကို သတ်ပစ်မယ်လို့ ကတိပေးခဲ့တယ်.. အခုတော့ ငါတို့ လုမိသားစုရဲ့ ပါရမီရှင်တပည့် သုံးယောက်စလုံး ကျန်းချန်ရဲ့လက်ချက်နဲ့ ကျဆုံးသွားခဲ့ရပြီ.. မင်းငါ့ကို ဖြေရှင်းချက် တစ်ခုလောက်တော့ ပေးသင့်တယ် မထင်ဘူးလား”

လုထျန်းရှင်းက ဝမ်ရှင်းဟန်ကို မကျေမနပ် အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။

အကယ်၍ ဝမ်ရှင်းဟန်၏ အဆင့်အတန်းကိုသာ မကြောက်ရွံ့ခဲ့လျှင် လုထျန်းရှင်းသည် ဝမ်ရှင်းဟန်ကို ရိုက်သတ်ပစ်ချင်နေခဲ့သည်။

“ခေါင်းဆောင်လု.. ဒီကိစ္စအတွက် ကျွန်တော့်ကို ခင်ဗျားအပြစ်တင်လို့တော့မရဘူး...ခင်ဗျား အပြစ်တင်ချင်တယ် ဆိုရင် ခင်ဗျားတို့ လုမိသားစုက အရမ်းကို ပေါ့ပေါ့ဆဆ နိုင်လွန်းပြီး ကျန်းချန် အကြောင်း သေသေချာချာ မစုံစမ်းခဲ့တာကိုပဲ အပြစ်တင်ရမယ်.. အဲဒီ ကျန်းချန် ဆိုတဲ့ကောင်က အနှိုင်းမဲ့နတ်ခန္ဓာကိုယ်ပိုင်ရှင် ဖြစ်နေတဲ့ အပြင် အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်ရဲ့ အင်မော်တယ်ဘုရင်အဆင့် ဓားသိုင်းကိုလည်း တတ်ကျွမ်းထားတယ်.. ဒါတောင် ခင်ဗျားက သူ့ကို သာမန် အဆင့်နိမ့် စကြဝဠာကနေ တက်လှမ်းလာတဲ့လူလို့ ထင်နေတုန်းပဲလား”

ဝမ်ရှင်းဟန်က နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။

“ကျုပ်တောင် ခင်ဗျားရဲ့အချက်အလက် အမှားကြောင့် အသတ်ခံရလုနီးပါးပဲ.. ဒါတောင် ခင်ဗျားက ကျုပ်ကို ဖြေရှင်းချက် တောင်းရဲသေးတယ်”

“ဘယ်လို”

ဝမ်ရှင်းဟန်၏ စကားကိုကြားလျှင် လုထျန်းရှင်း၏ မျက်နှာအမူအရာက ချက်ချင်းဆိုသလိုပင် ပြောင်းလဲသွားခဲ့သည်။

ကျန်းချန်သည် အဆင့်နိမ့် စကြဝဠာကနေ သိပ်မကြာခင်ကမှ တက်လှမ်းလာသူ တစ်ဦးသာ ဖြစ်သည်။

သို့ဖြစ်ရာ အနှိုင်းမဲ့ နတ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်၏ အင်မော်တယ်ဘုရင်အဆင့် ဓားသိုင်းကို မည်ကဲ့သို့ တတ်ကျွမ်းထားပါသနည်း။

ဤပုံအတိုင်းဆိုလျှင် ကျန်းချန်သည် အင်မော်တယ်ဘုရင်အဆင့် အင်အားစု ဖြစ်သည့် အကြွင်းမဲ့ ဓားအင်မော်တယ်နန်းတော်မှ အရေးပါသော ပုဂ္ဂိုလ် တစ်ယောက်ယောက် ပြန်လည် ဝင်စားခြင်း ဖြစ်နိုင်ပါသလော။

ထိုသို့တွေးမိလျှင် လုထျန်းရှင်းသည် ချက်ချင်းဆိုသလိုပင် ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။

အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေရှိ တစ်ဦးတည်းသော အင်မော်တယ်ဘုရင်အဆင့် အင်အားစု ဖြစ်သည့် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော် ကဲ့သို့ပင် ကျော်ကြားသောအင်အားစု ဖြစ်သည်။

အကယ်၍ ကျန်းချန်သာ အမှန်တကယ်ပင် ဓားအင်မော်တယ်နန်းတော်မှ ကြီးကျယ်သော ပုဂ္ဂိုလ်တစ်ဦးဦး ပြန်လည်ဝင်စားလာသူ ဖြစ်နေမည် ဆိုလျှင် သူတို့ လုမိသားစု အနေဖြင့် ကျန်းချန်နှင့် ရန်သူ ဖြစ်ရန် ကြိုးစားနေခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူးနေသည်နှင့် မခြားတော့ပေ။

လုထျန်းရှင်းက သက်ပြင်းတစ်ချက်ကို ချလိုက်ပြီး သူ၏ စိတ်ထဲမှ ထိတ်လန့်မှုများကို ဖိနှိပ်လိုက်သည်။

ထို့နောက် သူက ဝမ်ရှင်းဟန်ကို ကြည့်ကာ လေးနက်စွာ ပြောလိုက်၏။

“သခင်လေးဝမ်.. ဒီကိစ္စကို ဘယ်လိုဖြေရှင်းဖို့ စီစဥ်ထားလဲ ဆိုတာ သိပါရစေ”

အခန်း(၂၇၁၉)ပြီး၏။

အခန်း(၂၇၂၀)

ကျန်းချန်၏ ပါရမီသည် အလွန်ပင် ကြောက်မက်ဖွယ်ရာကောင်းပြီး ယခုအခါ လုမိသားစုသည် ကျန်းချန်၏ ရန်သူ ဖြစ်သွားခဲ့ချေပြီ။

ကျန်းချန်သာ ကြီးပြင်းလာလျှင် လုမိသားစုအတွက် ကပ်ဘေးများ သေချာပေါက် သယ်‌ဆောင်လာလိမ့်မည် ဖြစ်သည်။

ထို့ကြောင့် လုထျန်းရှင်းသည် ကျန်းချန်ကို ကြီးပြင်းလာခွင့်မည်သို့မျှ ပေးမည် မဟုတ်ပေ။

ကျန်းချန်က အင်မော်တယ်ဘုရင်အဆင့် အင်အားစု ဖြစ်သည့် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်နှင့် ပတ်သက်မှု ရှိရန် အလွန်တရာ နီးစပ်သော်လည်း အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ ပြင်ပရှိ အင်အားစုတစ်စုသာ ဖြစ်သည်။

ထို့ကြောင့် သူတို့က ကျန်းချန်ကို သတ်လိုက်လျှင်ပင် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်သည် ထိုအကြောင်းကို သိချင်မှသာ သိပေလိမ့်မည်။

ထို့အပြင် မြောက်ပိုင်းအေးစက်သော အင်မော်တယ် နယ်မြေကို မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်က တာဝန်ယူ အုပ်ချုပ်နေခြင်း ဖြစ်၏။

အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်က ဤကိစ္စကို သိသွားလျှင်ပင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်၏ နယ်နိမိတ်ထဲ အထိ လက်လှမ်းမီနိုင်မည် မဟုတ်ပေ။

လုထျန်းရှင်းသည် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်နှင့် ပတ်သက်၍ မစိုးရိမ်သော်လည်း သူတို့ လုမိသားစု၏ အင်အားဖြင့် ကျန်းချန်ကို သတ်ဖြတ်ရန်မှာမူ မလွယ်ကူမှန်း ကောင်းစွာ သိနေခဲ့သည်။

ဆိုရလျှင် ကျန်းချန်ကို လော့ရွှေကုန်သည်အဖွဲ့က အခိုင်အမာပင် အကာအကွယ် ပေးထားသည်။

လော့ရွှေကုန်သည်အဖွဲ့သည် ထျန်းရွှေအင်မော်တယ်မြို့တော်ရှိ ရွှေအင်မော်တယ်အဆင့် အင်အားစုသုံးစု ထဲမှ တစ်စု ဖြစ်ပြီး ‌လော့ချန်ချိုး ကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်က တာဝန်ယူထားသည်။

ယခုအခါ လော့ချန်ချိုးသည် ရွှေအင်မော်တယ် တတိယအဆင့်သို့ ထိုးဖောက်သွားပြီ ဖြစ်ရာ ‌လော့ချန်ချိုး၏ ခွန်အားသည် သူ့ထက်များစွာ နိမ့်ကျခြင်း မရှိတော့ချေ။

ယင်းအပြင် လော့ရွှေကုန်သည်အဖွဲ့နှင့် နင်မိသားစုသည် သူတို့ လုမိသားစုနှင့် အမြဲတစေ ရန်ဘက်များ ဖြစ်ခဲ့ကြသည်။

လုမိသားစုသာ လော့ရွှေကုန်သည် အဖွဲ့ကို တိုက်ခိုက်မည်ဆိုလျှင် နင်မိသားစုသည် ဤအတိုင်း ထိုင်ကြည့်နေလိမ့်မည် မဟုတ်ချေ။

သူတို့ လုမိသားစုက မည်မျှပင် အင်အားကြီးမားစေကာမူ အင်အားစုနှစ်စု ပူးပေါင်းလိုက်လျှင် ကိုင်တွယ်ရန် မလွယ်ကူနိုင်တော့ချေ။

သူတို့အနေဖြင့် လော့ရွှေကုန်သည်အဖွဲ့နှင့် နင်မိသားစုကို အနိုင်ယူနိုင်ခဲ့လျှင်ပင် အလွန် ကြီးမားသော အဖိုးအခကို သေချာပေါက် ပေးဆပ်ရလိမ့်မည် ဖြစ်သည်။

ထို့အပြင် စန်းယွင်ပြည်နယ်ရှိ အင်မော်တယ်မြို့တော် ကိုးမြို့ ကြားတွင်လည်း ငြိမ်းချမ်းသော ဆက်ဆံရေး သိပ်မရှိပေ။

အထူးသဖြင့် ထျန်းရွှေအင်မော်တယ် မြို့တော်နှင့် ကပ်လျက်တည်ရှိသည့် စန်းဟယ်အင်မော်တယ် မြို့တော်သည် ထျန်းရွှေအင်မော်တယ် မြို့တော်ကို ဝါးမျိုရန် အမြဲတစေ ရည်ရွယ်ချက် ရှိနေခဲ့သည်။

ထျန်းရွှေအင်မော်တယ် မြို့တော်ရှိ ရွှေအင်မော်တယ်အဆင့် အင်အားစု သုံးစုသာ အကြီးအကျယ် အင်အားယုတ်လျော့သွားခဲ့လျှင် စန်းဟယ်အင်မော်တယ် မြို့တော်သည် ထျန်းရွှေအင်မော်တယ် မြို့တော်ကို တုံ့ဆိုင်းခြင်းမရှိ ဝါးမျိုသွားလိမ့်မည် ဖြစ်သည်။

ထိုအကြောင်းကြောင့်ပင် လုထျန်းရှင်းသည် ကျန်းချန်ကို သတ်ဖြတ်ချင်စိတ် ရှိနေလျှင်ပင် အလွယ်တကူ မလုပ်ဝံ့ခြင်းဖြစ်၏။

ယင်းကြောင့် ကျန်းချန်ကို ကိုင်တွယ်ရန် စန်းယွင်အင်မော်တယ်နန်းတော်၏ ပါရမီရှင်တပည့် ဝမ်ရှင်းဟန်၏ အင်အားကို အသုံးပြုရန်သာ ရှိတော့သည်။

ဝမ်ရှင်းဟန် ကဲ့သို့ မာနကြီးသော ပါရမီရှင်သည် ယခုတစ်ကြိမ် တလော့လျှို့ဝှက်နယ်မြေ ခရီးစဥ်တွင် ကျန်းချန်၏ လက်ချက်ဖြင့် ကြီးမားသော ဆုံးရှုံးမှုနှင့် ကြုံတွေ့ခဲ့ရသည် ဖြစ်ရာ ကျန်းချန်ကို သေချာပေါက် ဤအတိုင်း လွှတ်ထားမည် မဟုတ်ဟု သူ ယုံကြည်နေခဲ့သည်။

“ဒီကောင်က ငါ သခင်လေးအတွက် အနှောင့်အယှက်ပဲ.. ငါ သခင်လေးက သူ့ကို အလွယ်တကူ အလွှတ်ပေးမှာ မဟုတ်ဘူး”

ဝမ်ရှင်းဟန်၏ မျက်ဝန်းထဲတွင် ရက်စက်လိုသော အရိပ်အယောင်များ ဖျတ်ခနဲ ပေါ်လာခဲ့သည်။

ထို့နောက် သူက လုထျန်းရှင်းကို ချက်ချင်းဆိုသလို ဂါဝရပြု၍ နှုတ်ဆက်လိုက်သည်။

“ခေါင်းဆောင်လု.. ငါ့ကို သွားခွင့်ပြုပါဦး”

ထိုစကားကိုပြောပြီးနောက်တွင် ဝမ်ရှင်းဟန်သည် နောက်သို့ပင် လှည့်မကြည့်ဘဲ လုမိသားစု ထံကနေ ထွက်ခွာသွားခဲ့သည်။

သူက တလော့လျှို့ဝှက်နယ်မြေ ထဲတွင် သူ့ကို အမြဲတစေ နှောင့်ယှက်ခဲ့သော ကျန်းချန်ကို အလွန်အမင်း နာကျည်းနေခဲ့ပြီး အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်ချင်စိတ်ပါ ပေါက်နေခဲ့သည်။

သို့သော် စန်းယွင်အင်မော်တယ်နန်းတော်၏ ပါရမီရှင်တပည့်တစ်ဦး အနေဖြင့် ဝမ်ရှင်းဟန်သည် ငတုံး၊ငအ မဟုတ်ပေ။

သူက ကျန်းချန်ကို အလွှတ်ပေးမည် မဟုတ်သော်လည်း လုထျန်းရှင်းက သူ့ကို အသုံးချပြီး လော့ရွှေကုန်သည် အဖွဲ့အား ကိုင်တွယ်ခိုင်းမည်ကို အဖြစ်ခံမည် မဟုတ်ချေ။

စင်စစ် လော့ရွှေကုန်သည်အဖွဲ့သည် တလော့အင်အားစုဖြစ်သည့် စန်းယွင်အင်မော်တယ်နန်းတော် အတွက် စာဖွဲ့လောက်စရာ မဟုတ်သော်လည်း မည်သို့ပင် ဖြစ်စေကာမူ ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူများကို ပိုင်ဆိုင်ထားသည့် ရွှေအင်မော်တယ်အဆင့် အင်အားစု ဖြစ်သည်။

ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ ဆိုသည်မှာ တလော့အင်အားစုထဲတွင် အလွန်တရာ အရေးပါသည့် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

ဝမ်ရှင်းဟန်၏ အဆင့်အတန်းအရ စန်းယွင်အင်မော်တယ်နန်းတော်သည် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူကို ဝမ်ရှင်းဟန်အား အကူအညီပေးရန် သေချာပေါက် စေလွှတ်နိုင်သော်လည်း ယင်းမှာ လွယ်ကူသော အလုပ်တစ်ခု မဟုတ်ပေ။

ထို့ကြောင့် ဝမ်ရှင်းဟန်သည် လုမိသားစုကို အကူအညီ‌ပေးရန်အတွက်လောက်ဖြင့် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူကို အလွယ်တကူ မည်ကဲ့သို့ ခေါ်ယူပါမည်နည်း။

ကျန်းချန်ကို ကိုင်တွယ်ရန် အတွက်မူ ဝမ်ရှင်းဟန်သည် ထျန်းရွှေအင်မော်တယ်မြို့တော်ကနေ ကျန်းချန် ထွက်ခွာသွားမည့်အချိန်ကို စောင့်ဆိုင်းရန် ရည်ရွယ်ထားခဲ့သည်။

ကျန်းချန် ကဲ့သို့ ပါရမီရှင်သည် ဤမျှသေးငယ်သော ထျန်းရွှေအင်မော်တယ် မြို့တော်တွင် အမြဲတစေ ရှိနေလိမ့်မည်ဟု သူ မယုံကြည်ပေ။

ထျန်းရွှေအင်မော်တယ်မြို့တော်က‌နေ ကျန်းချန် ထွက်ခွာသွားသည်နှင့် သူက ကောင်းကင် အင်‌မော်တယ်အဆင့် ကျင့်ကြံသူနှစ်ဦးကို ခေါ်ယူကာ ကျန်းချန်ကို ရှင်းပစ်ရန် ရည်ရွယ်ထားခဲ့သည်။

ထွက်ခွာသွားသော ဝမ်ရှင်းဟန်၏ ကျောပြင်ကို ကြည့်ရင်း လုထျန်းရှင်း၏ မျက်နှာအမူအရာက အလွန်အမင်း သုန်မှုန်သွားခဲ့သည်။

သူ့အနေဖြင့် တလော့လျှို့ဝှက်နယ်မြေ၏ ဝင်ခွင့်နေရာ တစ်နေရာကို ဝမ်ရှင်းဟန်အား ပေးရသည့် အကြောင်းရင်းမှာ ဝမ်ရှင်းဟန်မှ တစ်ဆင့် စန်းယွင်အင်မော်တယ် နန်းတော်နှင့် ဆက်ဆံရေး တည်ဆောက်လိုသောကြောင့် ဖြစ်သည်။

ထို့အပြင် ဝမ်ရှင်းဟန်၏ အင်အားကို အသုံးပြုကာ တလော့လျှို့ဝှက်နယ်မြေထဲတွင် အကျိုးကျေးဇူးများကို ရယူလိုခြင်းလည်း ပါဝင်၏။

သို့သော်လည်း ဝမ်ရှင်းဟန်သည် တ‌လော့လျှို့ဝှက်နယ်မြေ ထဲတွင် လုမိသားစု အတွက် မည်သည့် အကျိုးအမြတ်ကိုမှ ရရှိအောင် မကူနိုင်ခဲ့ရုံသာမက လုမိသားစု၏ ပါရမီရှင်များက ကျန်းချန်၏ လက်ချက်ဖြင့် အသတ်ခံရသည်ကိုပင် ဘာမှမတတ်နိုင်ဘဲ ရှိနေလိမ့်မည်ဟု လုံးဝ တွေးမထားခဲ့ပေ။

ယခုအခါ ဝမ်ရှင်းဟန်သည် လုမိသားစု၏ ကိစ္စရပ်များကို လျစ်လျူရှုကာ ထွက်ခွာသွားခဲ့ချေပြီ။

လုထျန်းရှင်းသည် ဝမ်ရှင်းဟန်ကို ရိုက်သတ်ပစ်ချင်သော်လည်း အဆုံးသတ်တွင် ဒေါသရိပ် လွှမ်းမိုးခြင်းကို ထိန်းချုပ်နိုင်ခဲ့သည်။

ဝမ်ရှင်းဟန်သည် တလော့အင်အားစု ဖြစ်သည့် စန်းယွင်အင်မော်တယ်နန်းတော်မှ ထိပ်တန်းပါရမီရှင်တစ်ဦး ဖြစ်သည်။

အကယ်၍ သူသာ ဝမ်ရှင်းဟန်ကို တိုက်ခိုက်လိုက်လျှင် သူတို့လုမိသားစု အတွက် ဘေးဒုက္ခများ ရောက်ရှိလာပေလိမ့်မည်မဟုတ်ပါလော။

“ခေါင်းဆောင်.. ကျွန်တော်တို့ လုမိသားစုက ဒီတစ်ကြိမ် တလော့လျှို့ဝှက်နယ်မြေ ထဲမှာ ကြီမားတဲ့ ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ခဲ့ရပေမဲ့ လော့ရွှေကုန်သည်အဖွဲ့နဲ့ နင်မိသားစုကတော့ အကျိုးကျေးဇူးတွေ အများအပြား ရရှိသွားခဲ့တယ်.. သူတို့ရဲ့ အင်အားက အရင်ထက် ပိုကောင်းလာနိုင်တဲ့ အတွက် ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ထားမှ တော်ကာကြလိမ့်မယ်”

လုမိသားစုမှ ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ လုမင်က သုန်မှုန်သာ အမူအရာဖြင့် ပြောလိုက်သည်။

“ဒီအချက်ကို ငါက ဘာလို့ မသိရမှာလဲ”

လုထျန်းရှင်းက လုမင်ကို အေးစက်စက် တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

“ဒါပေမဲ့ ငါတို့ လုမိသားစုရဲ့ အင်အားက လော့ရွှေကုန်သည်အဖွဲ့နဲ့ နင်မိသားစုကို ဝါးမျိုနိုင်စွမ်း မရှိဘူး”

ထျန်းရွှေအင်မော်တယ် မြို့တော်ရှိ ရွှေအင်မော်တယ်အဆင့်အင်အားစု သုံးစုထဲတွင် လုမိသားစု၏ အင်အားသည် သံသယဖြစ်ဖွယ်ရာမရှိ နံပါတ်တစ် နေရာတွင် ရှိသည်။

အကယ်၍ မိသားစုတစ်စုချင်းသာ ယှဥ်ပြိုင်မည် ဆိုလျှင် လောရွှေ့ကုန်သည်အဖွဲ့ဖြစ်စေ၊ နင်မိသားစုဖြစ်စေ လုမိသားစုသည် ချေမှုန်းနိုင်စွမ်း ရှိသည်။

ဤနှစ်ပေါင်းများစွာ လုမိသားစုက လော့ရွှေကုန်သည်အဖွဲ့နှင့် နင်မိသားစုကို မနှိမ်နင်းနိုင်သည့် အကြောင်းရင်းမှာ ထိုရွှေအင်မော်တယ်အဆင့် အင်အားစု နှစ်စုသည် မဟာမိတ်ဆက်ဆံရေးဖြင့် ပူးပေါင်းခဲ့ကြသောကြောင့်ပင်။

ယခု လော့ချန်ချိုးသည် ရွှေအင်မော်တယ် တတိယအဆင့်ကို ထိုးဖောက်သွားပြီ ဖြစ်ရာ ခွန်အား တစ်ဟုန်ထိုး တိုးတက်လာခဲ့ချေပြီ။

အကယ်၍ သူတို့ လုမိသားစုတွင် ပြင်ပ အကူအညီ မရှိလျှင် လော့ရွှေကုန်သည် အဖွဲ့ကို ကိုင်တွယ်ရန်မှာ ပို၍ပင် ခက်ခဲသွားနိုင်ပေသည်။

“ဒါဆို ကျွန်တော်တို့က လော့ရွှေကုန်သည် အဖွဲ့နဲ့ နင်မိသားစုကြီးထွားလာတဲ့ အထိ ဒီအတိုင်း လွှတ်ထားရမှာလား”

လုမင်က မကျေမနပ် ပြောလိုက်သည်။

“လော့ချန်ချိုးရဲ့ညီ လော့ဝူကျိက ရွှေအင်မော်တယ် အဆင့်ကို ရောက်ဖို့ သိပ်မလိုတော့ဘူး.. အခု တလော့အမွေအနှစ်ကို ဆက်ခံထားတဲ့ ကျန်းချန်လိုမျိုး တုနှိုင်းမဲ့ပါရမီရှင် တစ်ယောက်လည်း သူတို့ဘက်မှာ ရှိနေခဲ့ပြီ.. အဲဒီနှစ်ယောက်သာ ကြီးပြင်းလာရင် အကျိုးဆက်တွေက မှန်းဆလို့တောင် ရမှာမဟုတ်ဘူး”

“မင်းသာ မင်းရဲ့ အသုံးမကျတဲ့ညီ လုဟယ်ကို အင်မော်တယ်လမ်းကြောင်းကို မစောင့်ခိုင်းခဲ့ရင် ကျန်းချန်ကို လုမိသားစုထဲဝင်ဖို့ မဆွဲဆောင်နိုင်ခဲ့တာပဲ ရှိလိမ့်မယ်.. ဒါ့အပြင် လုဟယ်က အဆင့်နိမ့် စကြဝဠာကနေ တက်လှမ်းလာကာစ ဖြစ်တဲ့ ကျန်းချန်ကိုတောင် မသတ်နိုင်ခဲ့ဘူး...သူသာ အဲဒီကတည်းက ကျန်းချန်ကို သတ်ဖြတ်လိုက်လျှင် လုမိသားစုက အခုလောက်အထိ ဘယ်လိုလုပ် အကျပ်ရိုက်နိုင်မှာလဲ”

လုမင်က ထိုကိစ္စအား ထုတ်ပြောလာသည်အား မြင်လျှင် လုထျန်းရှင်း ဒေါသတကြီး ပြောလိုက်သည်။

ယနေ့ လုမိသားစု ကြုံတွေ့နေရသည့် အခြေအနေဆိုးများ၏ အဓိက တရားခံသည် အဆင့်နိမ့် စကြဝဠာကနေ အင်မော်တယ်လောကကို တက်လှမ်းလာသည့် ကျန်းချန် ဖြစ်သည်။

အကယ်၍ ကျန်းချန်သာ အင်မော်တယ်လောကသို့ တက်လာစဥ်အတွင်း လုဟယ်က သတ်ပစ်လိုက်မည် ဆိုလျှင် လုမိသားစုသည် ဤကဲ့သို့ အခြေအနေဆိုးကို မည်ကဲ့သို့ ရင်ဆိုင်ရပါမည်နည်း။

“လုဟယ်က ကျန်းချန်ကို သတ်ဖို့ ပကတိအင်မော်တယ်တတိယအဆင့် ကျင့်ကြံသူကို စေလွှတ်ခဲ့တာပဲ.. ဒါပေမဲ့ အဲဒီကောင်လေးက အတုအယောင် အင်မော်တယ်အဆင့်နဲ့တင် ပကတိအင်မော်တယ် တတိယအဆင့်ကို သတ်နိုင်လိမ့်မယ်လို့ ဘယ်သူ သိနိုင်မှာလဲ”

လုမင်က လေးနက်စွာ ပြောလိုက်သည်။

“ခေါင်းဆောင်.. ပြီးခဲ့တာတွေကို အပြစ်ဖို့နေလို့လည်း အပိုပဲ.. ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ရမလဲ ဆိုတာကိုပဲ စဥ်းစားကြရအောင်”

“အခု ငါက ဘာလုပ်နိုင်ဦးမှာလဲ.. ငါတို့အနေနဲ့ အခြေအနေကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းဖို့ တစ်နည်းပဲ ရှိတယ်”

ထိုစကားကိုပြောရင်း လုထျန်းရှင်း၏ မျက်ဝန်းထဲတွင် အေးစက်စက် အလင်းတန်းများ ဖျတ်ခနဲ ပေါ်လာခဲ့သည်။

“ဝမ်ရှင်းဟန်က လော့ရွှေကုန်သည်အဖွဲ့နှင့် နင်မိသားစုကို ကိုင်တွယ်ဖို့ အကူအညီပေးမှာ မဟုတ်ပေမဲ့ ကျန်းချန်ကိုတော့ အလွယ်တကူ အလွှတ်ပေးမှာမဟုတ်ဘူး.. ငါတို့လုပ်ရမှာက ဝမ်ရှင်းဟန်ရဲ့ လှုပ်ရှားမှုတွေကို အသေအချာ စောင့်ကြည့်ပြီး သူကျန်းချန်ကို တိုက်ခိုက်လာမဲ့ အချိန်ကို စောင့်ဆိုင်းဖို့ပဲ”

လက်ရှိအချိန်တွင် လုမိသားစုအနေဖြင့် လော့ရွှေကုန်သည်အဖွဲ့နှင့် နင်မိသားစုကို ကိုင်တွယ်ရန် နည်းလမ်းနှစ်ခုသာ ရှိသည်။

နည်းလမ်းတစ်ခုမှာ သူကိုယ်တိုင် ရွှေအင်မော်တယ် စတုတ္ထအဆင့်ကို ထိုးဖောက်ပြီး လော့ရွှေကုန်သည်အဖွဲ့နှင့် နင်မိသားစုကို လုံးဝဖိနှိပ်ရန် ဖြစ်သည်။

နောက်ထပ် နည်းလမ်းတစ်ခုကမူ ဝမ်ရှင်းဟန်၏ နောက်ကွယ်မှ အင်အားကို အသုံးချရန် ဖြစ်၏။

အခန်း(၂၇၂၀)ပြီး၏။

ဒီလ စာစဥ်အပြီးဖြတ်ပေးမယ်နော်။

All Chapters