အခန်း (၂၀၃-၂၀၄)
Vol. 18 Ch. 203-204
အခန်း (၂၀၃) - ထိပ်သီးဆယ်ယောက်
ဘာသာပြန် - အားသစ်
ဝှစ်
ပိုင်ရှုသည် မျက်လုံးအစုံကို ဖွင့်လိုက်ပြီး သူ့ဘေးပတ်ပတ်လည်ရှိ သူ့လိုပင် ဇဝေဇဝါဖြစ်နေသော သိုင်းသမားများကို လှည့်ကြည့်လိုက်သည်။ သူတို့အားလုံး ပြိုင်ပွဲမှ ဖယ်ထုတ်ခံလိုက်ရသူများဖြစ်ပြီး ယခုအခါ ပိုင်ရှုသည်လည်း ထိုအထဲမှ တစ်ယောက် ဖြစ်သွားခဲ့ပြီပင်။
"ငါ တကယ်ပဲ ဖယ်ထုတ်ခံလိုက်ရတာလား"
ပိုင်ရှုစိတ်ထဲတွင် ခါးသက်သက် ခံစားလိုက်ရသည်။ လင်းဖုန်း၏ ဟင်းလင်းပြင်ပူပေါင်း ပြိုကွဲသွားသည့်အခိုက်အတန့်တွင် သူမေ့လျော့နေခဲ့သော နာကျင်မှုကို ခံစားခဲ့ရသည်။ ပုံရိပ်ယောင်တိုက်ပွဲဝင်စနစ်သည် နာကျင်မှုကိုပါ ပုံဖော်ပေးထားခြင်းဖြစ်၏။
သူ့ခန္ဓာကိုယ်တစ်ခုလုံး မျက်စိတစ်မှိတ်အတွင်း အပိုင်းပိုင်းအစစ ဖြစ်သွားသည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသည်။ ထိုပြင်းထန်သော နာကျင်မှုက အရိုးထဲထိတိုင် စွဲထင်သွားရသည်။ တစ်ဒင်္ဂမျှသာ ဖြစ်သော်လည်း ထိုအဖြစ်က မေ့ဖျောက်ရခက်လှပေသည်။
ဖြစ်နိုင်သည်မှာ သူ ထင်ယောင်ထင်မှားပုံရိပ်ယောင်ထဲသို့ ဆွဲသွင်းခဲ့သော သိုင်းသမားများသည်လည်း ဤကဲ့သို့သော နာကျင်မှု သို့တည်းမဟုတ် ဤထက်ပိုသော နာကျင်မှုကို ခံစားခဲ့ကြရပေလိမ့်မည်။
"လင်းဖုန်း..."
ပိုင်ရှုသည် ဖန်သားပြင်ပေါ်ရှိ ပုံရိပ်ကို ငေးမောကြည့်လိုက်သည်။ သူ့ကို ဖယ်ထုတ်ခဲ့သူသည် လင်းဖုန်းဖြစ်ပေသည်။ သူကမူ လင်းဖုန်းကို ဘာခြိမ်းခြောက်မှုမှမရှိသော သိုင်းသမားတစ်ဦးအဖြစ်သာ ထင်မှတ်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုမူ သူ ရှုံးနိမ့်ခဲ့ချေပြီ။ အလွန်တရာ ဆိုးရွားပြီး ရယ်စရာကောင်းသော ရှုံးနိမ့်မှုမျိုးပင်။
ယခုလက်ရှိအချိန်တွင် ပိုင်မိသားစု၏ အထိန်းအကွပ်မဲ့ လှောင်ရယ်သံများကိုပင် သူ မြင်ယောင်နေမိသည်။
"သူတို့တွေ အရမ်းကို ကျေနပ်နေကြမှာပဲ။ ငါ့ရဲ့ရှုံးနိမ့်မှုကို ကြည့်ပြီးတော့ အားရပါးရ လှောင်ရယ်နေကြမှာပဲ"
ပိုင်ရှုတစ်ယောက် လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်လိုက်မိသည်။ သူ ရှုံးနိမ့်မှုကို လက်ခံနိုင်သည်။ မည်သည့် ထိုးနှက်ချက်ကိုမဆို လက်ခံနိုင်သည်။ သို့သော် ပိုင်မိသားစု၏ လှောင်ပြောင်မှုကိုတော့ သူ သည်းမခံနိုင်ပေ။ ပိုင်မိသားစုရှေ့တွင် မျက်နှာပျက်ရခြင်းကို သူ လုံးဝလုံးဝလက်မခံနိုင်ပေ။
ယခုမူ ပိုင်မိသားစုက တစ်ကမ္ဘာလုံးသို့ တိုက်ရိုက်ထုတ်လွှင့်နေသော ဤသိုင်းပြိုင်ပွဲကို ကြည့်နေကြမည်မှာ သေချာပေသည်။ လက်ရှိတွင် သူသည် ပိုင်မိသားစုရှေ့၌ ရှုံးနိမ့်သွားခြင်းဖြစ်ရာ သူတို့က ဤအခွင့်အရေးကို အမိအရယူကာ အားပါးတရ လှောင်ပြောင်ရယ်မောနေကြပေရော့မည်။ ပိုင်မိသားစုရှေ့မှောက်၍ အရှက်တကွဲအကျိုးနည်း ဖြစ်ရခြင်းကို သူမည်သို့မျှ မခံစားနိုင်ပါချေ။
ပိုင်ရှု လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း နှလုံးသားတစ်ခုလုံး ဖျစ်ညှစ်ခံရသည့်အလား နာကျင်နေသည်။
အလွတ်တန်းကျင့်ကြံသူများသမဂ္ဂမှ နတ်ဘုရားနယ်ပယ်သိုင်းသမားများနှင့် ပိုင်ရှုကို အာရုံစိုက်နေကြသော အထက်တန်းလွှာသိုင်းသမားတချို့မှာ ခေါင်းကိုသာ တွင်တွင်ခါမိလိုက်ကြသည်။ ပိုင်ရှု၏ နှလုံးသားထဲတွင် ကြီးမားသော အထုံးအဖွဲ့တစ်ခု အားနည်းချက်တစ်ခု ရှိနေသည်ကို သူတို့အားလုံး သိမြင်နိုင်ကြသည်။ ထိုအားနည်းချက်မှာ ပိုင်မိသားစုပင်။
အကယ်၍ ပိုင်ရှုသာ ထိုအခြင်းရာကို လျစ်လျူရှုမေ့ဖျောက်ကာ သူ၏စိတ်ပိုင်းဆိုင်ရာ အားနည်းချက်ကို မဖြေရှင်းနိုင်ပါက သူ ဒုတိယအကြိမ် အသက်ဝိညာဉ်အသွင်ပြောင်းလဲမှုကို ဘယ်သောအခါမှ ပြုလုပ်နိုင်မည်မဟုတ်ပေ။
...
လင်းဖုန်းသည် ပိုင်ရှုကို အနိုင်ယူပြီးနောက် သံသယဖြစ်ဖွယ်မရှိ အစစ်အမှန် မြင်းနက်တစ်ဦး ဖြစ်လာသည်။
အစပိုင်းကတည်းက ပထမနေရာတွင် ရပ်တည်နေသော ထင်ရှားကျော်ကြားလှသည့် ဂရီမန်ပင်လျှင် လင်းဖုန်းကို သတိထားမိသွားသည်။
ပုံရိပ်ယောင်တိုက်ပွဲဝင်စနစ်အတွင်းရှိ သိုင်းသမားတိုင်း ပြင်ပအခြေအနေကို နလုံးတစ်ကန်းမျှမသိဘဲ နေကြသည်မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့အားလုံး ထိပ်တန်း ၁၀၀ စာရင်းဝင် သိုင်းသမားများကို မြင်တွေ့နိုင်ကြသည်။
ဂရီမန်သည် ပထမနေရာတွင် ရှိနေသော်လည်း သူ့ကို အာရုံစိုက်သူ သိပ်မရှိလှပေ။ ယင်းမှာ သူအသက်အရွယ်ကြောင့်ပင်။ သူသည် သူတော်စင်အကယ်ဒမီမှ သိုင်းသမားတစ်ဦးဖြစ်၏။ ထိုစဉ်ချိန်ခါက သူသည် အနန္တလမ်းစဉ်အကယ်ဒမီမှ တုန်ဖန်းရှန်၊ ဝင်ရိုးစွန်းအကယ်ဒမီမှ လုချန်းတို့နှင့်အတူ ထိပ်သီးသုံးဦးအဖြစ် သတ်မှတ်ခံခဲ့ရသူဖြစ်သည်။
သူတို့သုံးယောက်သည် အဓိကသိုင်းအကယ်ဒမီကြီး သုံးခု၏ ထိပ်တန်းပါရမီရှင်များ ဖြစ်ကြသည်။
သို့သော် ယခုအချိန်တွင်မူ တုန်ဖန်းရှန်နှင့် နှိုင်းယှဉ်ဖို့ မဆိုထားနှင့် လုချန်းနှင့် နှိုင်းယှဉ်လျှင်ပင် ဂရီမန် များစွာ နိမ့်ကျနေလေပြီ။ လွန်ခဲ့သော ဆယ်နှစ်ခန့်က လုချန်းသည် ဒုတိယအကြိမ် အသက်ဝိညာဉ်အသွင်ပြောင်းလဲမှုကို ပြုလုပ်နိုင်ခဲ့ပြီး နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိသွားခဲ့သည်။ တုန်ဖန်းရှန်သည်လည်း မကြာသေးမီကပင် တတိယအကြိမ် အသက်ဝိညာဉ်အသွင်ပြောင်းလဲမှုကို ပြုလုပ်ခဲ့ပြီး သာလွန်နတ်ဘုရားနယ်ပယ်သို့ ဝင်ရောက်သွားခဲ့သည်။
သူ... ဂရီမန်ကတော့... သူကမူ အသွင်ပြောင်းနယ်ပယ်တွင်သာ တစ်ဆို့နေဆဲဖြစ်ပြီး ယခုထိတိုင် ရှေ့ဆက်မတိုးနိုင်သေးပေ။ လက်ရှိတွင်မူ သူသည် အသက် ၂၀ ဝန်းကျင်သာရှိသေးသော ဤအသွင်ပြောင်းနယ်ပယ်သိုင်းသမားလေးများနှင့်အတူ သိုင်းပြိုင်ပွဲတွင် အဆင့်လုနေရသည်။ မာနကြီးသော ဂရီမန်အတွက်ကား ဤအခြင်းရာကပင် အရှက်ရစရာတစ်ခု ဖြစ်နေလေပြီ။
လက်ရှိဂရီမန်သည် အသွင်ပြောင်းနယ်ပယ်တွင် တစ်ဆို့နေသော်လည်း တကယ့်တကယ်ပင် အလွန်အစွမ်းထက်လှသည်။ သူသည် ပထမနေရာတွင် တောက်လျှောက်ရပ်တည်နေနိုင်ခဲ့ပြီး ဒုတိယနှင့် တတိယနေရာများရှိသိုင်းသမားများနှင့် သူ့ကြားတွင် ကြီးမားသောကွာဟချက်တစ်ခု ရှိနေသည်။
လင်းဖုန်း တည်တည်ငြိမ်ငြိမ်ဖြင့် တိုးတက်လာသည်နှင့်အမျှ ထိပ်သီးဆယ်ယောက်စာရင်းနှင့် ပိုမိုနီးကပ်လာသည်။ ဂရီမန်ပင်လျှင် သူ့အပေါ် ခြိမ်းခြောက်မှုတချို့ ခံစားလိုက်ရ၏။ သို့သော် သူ့တွင် မာနရှိသည်။ သူ တုန်ဖန်းရှန်နှင့် လုချန်းတို့ကို မယှဉ်နိုင်သော်လည်း ဤလူငယ်သိုင်းသမားများထဲမှ မည်သူ့ကိုမျှ ရှုံးနိမ့်လိမ့်မည်မထင်ပေ။
ဂရီမန်က သူ့ကို သတိပြုမိသွားသည်ကို လင်းဖုန်း မသိပေ။ သူ ပိုင်ရှုကို အနိုင်ယူပြီးနောက် အဆင့်တစ်ဆင့်တက်သွားကာ အဆင့် ၃၇ သို့ ရောက်ရှိသွားသည်။ နောက်ထပ် ပြိုင်ဘက်သိုင်းသမားတချို့မှာ အသွင်ပြောင်းနယ်ပယ် တတိယအဆင့်တွင် ရှိကြသော်လည်း လင်းဖုန်း၏ တိုက်ကွက်တစ်ကွက်တည်းဖြင့် အနိုင်ယူမှုကို မည်သူက ယှဉ်နိုင်ပါမည်နည်း။
ထို့ကြောင့် လင်းဖုန်းသည် သိုင်းသမားတစ်ဦးကို အနိုင်ယူပြီးတိုင်း သူ့အဆင့်သည်လည်း အနည်းငယ်စီ တက်လာသည်။ ထိပ်တန်း ၅၀ အတွင်းရှိ အဆင့်များမှာ တကယ်တန်းတွင် ကွာဟချက် အလွန်နည်းပါးပြီး အချို့သည် တိုက်ပွဲတစ်ပွဲ သို့မဟုတ် နှစ်ပွဲသာ ကွာခြားကြသည်။
ပြိုင်ပွဲအစမှသည် ယခုလက်ရှိအချိန်အထိ လင်းဖုန်းတစ်ယောက် ဟင်းလင်းပြင်ပူပေါင်းနည်းစနစ် တစ်မျိုးတည်းကိုသာ အသုံးပြုပြီး တိုက်ပွဲများစွာကို အလျင်အမြန် အဆုံးသတ်ခဲ့သည်။ အမှန်တကယ်တော့ ဤသည်ကို ပုံရိပ်ယောင်တိုက်ပွဲဝင်စနစ်တွင်သာ ပြုလုပ်နိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် တိုက်ပွဲဝင်စနစ်တွင် ပြိုင်ဘက်ကို အနိုင်ယူပြီးသည်နှင့် နောက်တစ်ချီတွင် သူ့ကြယ်တာရာစွမ်းအားအားလုံး ချက်ချင်း ပြန်လည်ပြည့်ဖြိုးသွားသောကြောင့်သာဖြစ်သည်။
အကယ်၍ ဤသည်သာ အပြင်လောကမှ အစစ်အမှန်တိုက်ပွဲဖြစ်ပါက လင်းဖုန်းအနေဖြင့် ဟင်းလင်းပြင်ပူပေါင်းကို ထိုမျှ မဆင်မခြင် အသုံးပြုလိမ့်မည်မဟုတ်ပေ။ ကြယ်တာရာစွမ်းအား အမြောက်အမြား ကုန်ဆုံးစေသောကြောင့်ပင်။ ထိုအချိန်မျိုးတွင် အနိုင်မရှုံးဟူသည် ကြယ်တာရာစွမ်းအားကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်မှု၊ ခံနိုင်ရည်နှင့် မွေးရာပါစွမ်းရည်တချို့အပေါ်တွင်သာ မူတည်ပေလိမ့်မည်။
ခြုံငုံကြည့်လျှင် ပုံရိပ်ယောင်တိုက်ပွဲစနစ်နှင့် အပြင်လောကမှ တိုက်ပွဲကြားတွင် အနည်းငယ် ကွဲပြားမှုရှိသော်လည်း အလွန်အမင်းတော့ မဟုတ်ပေ။
အစစ်အမှန် သေရေးရှင်ရေးတိုက်ပွဲတွင်လည်း လင်းဖုန်း အစွမ်းကုန်ထုတ်သုံးပြီး ဟင်းလင်းပြင်ပူပေါင်းနည်းစနစ်ကို အသုံးပြုမည်သာ ဖြစ်၏။ အကယ်၍ ပုံရိပ်ယောင်တိုက်ပွဲဝင်စနစ်တွင်ပင် မခုခံနိုင်ပါက အပြင်လောကတွင် မည်သို့မည်ပုံ ခုခံနိုင်ပါမည်နည်း။
၅၃ ပွဲ၊ ၅၄ ပွဲ၊ ၅၅ ပွဲ...
လင်းဖုန်း၏ အဆင့်က အဆက်မပြတ် တည်ငြိမ်စွာဖြင့် မြင့်တက်လာသည်။ အကြိမ် ၆၀ မြောက် တိုက်ပွဲတွင် သူ အဆင့် ၁၀ သို့ ရောက်ရှိသွားခဲ့လေပြီ။
အဆင့် ၁၀ နှင့် အဆင့် ၅၀ ကြား ကွာဟချက်မှာ အလွန်ပင် သေးငယ်လှသည်။ သိုင်းသမားများစွာ၏ ဆက်တိုက်အနိုင်ရမှုများက ထပ်တူညီနေတတ်၏။ များသောအားဖြင့် တစ်ပွဲ နှစ်ပွဲ အနိုင်ရရုံဖြင့် အဆင့်များစွာ ခုန်တက်သွားတတ်သည်။
ထို့နည်းတူပင် အဆင့် ၁၀ နှင့် အဆင့် ၂ ကြား ကွာဟချက်သည်လည်း သိပ်မများလှပေ။ ပထမနေရာတွင် ရှိနေသူ ဂရီမန် တစ်ယောက်သာ ယခုအချိန်တွင် ၈၈ ပွဲ ဆက်တိုက် အနိုင်ရထားပြီး တခြားသူများနှင့်ယှဉ်လျှင် ကွာဟချက် အတော်လေး ကြီးမားနေခြင်းဖြစ်သည်။
"ဂရီမန်"
လင်းဖုန်းသည်လည်း ယာယီအားဖြင့် ပထမနေရာတွင် ရှိနေသော ဂရီမန်ကို သဘာဝကျကျပင် သတိထားမိသည်။ လင်းဖုန်းကဲ့သို့ပင် ဂရီမန်သည်လည်း သူနှင့်ဖက်တုယှဉ်ပြိုင်နိုင်သော ပြိုင်ဘက်နှင့် တစ်ခါမျှ မတွေ့ရသေးပေ။ သေချာသည်က ဂရီမန်အနေဖြင့် အစွမ်းထက် ပြိုင်ဘက်များနှင့် မတွေ့ရသေးခြင်းကြောင့်လည်း ဖြစ်ပေမည်။ သို့သော် လင်းဖုန်းမှာမူ ထိပ်တန်း ၂၀ သို့တည်းမဟုတ် ထိပ်တန်း ၁၀ယောက်အတွင်း ဝင်နိုင်သည့် ခွန်အားရှိသော ပိုင်ရှုကို အနိုင်ယူခဲ့ပြီး ဖြစ်သည်။
ယခုအချိန်တွင် လူအများစုက လင်းဖုန်းကိုသာ အဓိကအာရုံစိုက်နေကြသည်။ အကြီးကျယ်ဆုံးသော မြင်းနက်ဖြစ်သည့် လင်းဖုန်းတစ်ယောက် နောက်ဆုံးတွင် မည်မျှအထိ ခရီးပေါက်နိုင်မည်ဆိုသည်ကို သူတို့အားလုံး သိချင်နေကြသည်။
သူ ထိပ်သီးဆယ်ယောက်တွင်ပင် ရပ်တန့်သွားမည်လော။
လက်ရှိ ထိပ်သီးဆယ်ယောက်စလုံးက အလွန်အစွမ်းထက်ကြသည်ကို သိထားရပေမည်။ အခြေခံအားဖြင့် ဤလူဆယ်ဦးကပင် နောက်ဆုံး အစစ်အမှန်ထိပ်သီးဆယ်ယောက် ဖြစ်လာရန် အလားအလာ ရှိသည်။
ပရိသတ်များကတော့ ဤဆယ်ဦး ထိပ်တိုက်တွေ့ဆုံသည်ကို မြင်တွေ့လိုကြသည်။ သို့သော် အမှန်တကယ်တန်းတွင်မူ ဤဆယ်ဦးမှာ ဖယ်ထုတ်ရေးအဆင့်များအတွင်း ဆုံတွေ့နိုင်ခြေ အလွန်နည်းပါးသည်ကို သူတို့ ကောင်းကောင်းသိကြသည်။
ဤသည်ကို ပုံရိပ်ယောင်တိုက်ပွဲဝင်စနစ်၏ မရေးထားသော စည်းမျဉ်းတစ်ခုဟုပင် ဆိုနိုင်သည်။ မဟုတ်ပါက ပြင်းထန်သော ထိပ်တိုက်တွေ့ဆုံမှု တစ်ခုဖြစ်ပေါ်ခဲ့လျှင် ထိုထဲမှ တစ်စုံတစ်ယောက် ဖယ်ထုတ်ခံရမည်ဖြစ်ပြီး ပိုအားနည်းသောသူများအတွက် အခွင့်အရေး ရသွားပေလိမ့်မည်။
ထိုသည်ကမှ အစစ်အမှန် မတရားမှု ဖြစ်ပေလိမ့်မည်။
"၆၃ ချီ"
"လင်းဖုန်းက အရမ်းကိုအစွမ်းထက်တာပဲ။ သူ အဆင့် ၉ တောင် ရောက်နေပြီလား"
"ဟားဟား... ၆၄ ပွဲ။ မဟုတ်ဘူး... ၆၅ ပွဲ။ ဒါ အရမ်းကိုမြန်လွန်းတယ်ဟ"
"သူ အဆင့် ၈ တောင် ရောက်သွားပြီကွ။ မင်းတို့ သတိထားမိလား။ အစကနေ အခုချိန်ထိ လင်းဖုန်းက ဟင်းလင်းပြင်ပူပေါင်းကိုပဲ တောက်လျှောက်သုံးနေတာ။ တခြား ဘာနည်းလမ်းမှကို မသုံးဘူး။ ဒါပေမဲ့ ဘယ်သူကမှလည်း မတုံ့ပြန်နိုင်ကြဘူး"
လူပေါင်းများစွာက လင်းဖုန်းကို အာရုံစိုက်နေကြသည်။ လင်းဖုန်း အလွန်တည်ငြိမ်သော အရှိန်ဖြင့် ရှေ့ဆက်တက်လှမ်းနေသည်ကို သူတို့ စောင့်ကြည့်နေကြပြီး သူ့အဆင့်သည်လည်း တည်တည်ငြိမ်ငြိမ်ဖြင့် တရိပ်ရိပ်မြင့်တက်နေသည်။ ထိုသို့ဖြင့် တစ်ယောက်ပြီးတစ်ယောက် လင်းဖုန်း၏ အမာခံပရိသတ်များ ဖြစ်လာကြသည်။
၆၆ ပွဲ၊ ၆၈ ပွဲ၊ ပွဲပေါင်း ၇၀၊ ၇၃ ပွဲ...
လူတိုင်း ရင်ခုန်နေကြသည်။ မျက်စိတစ်မှိတ်အတွင်း လင်းဖုန်းသည် အကြိမ် ၈၀ ဆက်တိုက် အနိုင်ရရှိသွားခဲ့ပြီ ဖြစ်သည်။ အမှန်တကယ်ပင် အကြိမ် ၈၀ ဆက်တိုက်အနိုင်ရရှိမှုက လင်းဖုန်းကို ဒုတိယနေရာအထိ တက်လှမ်းစေခဲ့သည်။
ထိုအချိန်တွင် ပထမနေရာမှ ဂရီမန်သည် ၉၁ ပွဲ ဆက်တိုက် အနိုင်ရထားပြီး ဖြစ်သည်။ သူတို့နှစ်ဦးကြားတွင် ၁၁ ပွဲသာ ကွာခြားတော့၏။ ထို့ပြင် လင်းဖုန်း၏ လိုက်မီနှုန်းကလည်း အံ့အားသင့်စရာ ကောင်းလှပေသည်။
ထာဝရသိုင်းတာအိုအရှင်
အခန်း (၂၀၄) - မျိုးဆက်နှစ်ခု ပါရမီရှင်များ
ဘာသာပြန် - အားသစ်
“သူက ဒီလောက်ထိတောင် မြန်မြန်ဆန်ဆန် လိုက်မီလာတာလား။ ငါလည်း အရှိန်မြှင့်မှဖြစ်မယ်။ မျိုးဆက်သစ် လူငယ်လေးတစ်ယောက်ကိုတော့ ဘယ်နည်းနဲ့မှ အရှုံးမပေးနိုင်ဘူး”
လင်းဖုန်း၏အဆင့် ဒုံးပျံတစ်စင်းကဲ့သို့ တဟုန်ထိုးတက်လာသည်ကို ဂရီမန်တစ်ယောက် သဘာဝကျကျပင် သတိပြုမိလိုက်သည်။ ယခုလက်ရှိအချိန်တွင် လင်းဖုန်းသည် အကြီးကျယ်ဆုံး မြင်းနက်နေရာကို အခိုင်အမာရထားပြီဖြစ်ကြောင်း သံသယဖြစ်စရာမလိုတော့ပေ။
ဂရီမန်နှင့် နှိုင်းယှဉ်ကြည့်လျှင် လင်းဖုန်းမူကား အမှန်တကယ်ပင် မျိုးဆက်သစ်လူငယ်တစ်ဦးသာ ဖြစ်၏။ ထို့ကြောင့်ပင် ဂရီမန် သူ့ကို အရှုံးမပေးလိုခြင်း ဖြစ်သည်။
သို့သော် ဂရီမန်၏ ၉၂ ပွဲမြောက် တိုက်ပွဲတွင် ခက်ခဲသော ပြိုင်ဘက်တစ်ဦးနှင့် ထိပ်တိုက်တိုးလေတော့သည်။ ထိုသူမှာ ယာယီအဆင့် ၁၁ တွင် ရှိနေသော ရက်ဖ်ဖြစ်သည်။
ရက်ဖ်သည် မွေးရာပါစွမ်းရည်အဖြစ် ပျံသန်းခြင်းကို နိုးထထားသူဖြစ်သည်။ သူ့တွင် အနောက်တိုင်း ဒဏ္ဍာရီလာ အိန်ဂျယ်တစ်ပါးကဲ့သို့ ဖြူစင်သန့်ရှင်းသော အတောင်ပံများ ရှိသည်။
ရက်ဖ်သည်လည်း ဂရီမန်နှင့် ဆုံရသဖြင့် သူ၏ ကံဆိုးမှုကိုသာ တိတ်တဆိတ် ကျိန်ဆဲနေမိသည်။ သူသည် လက်ရှိတွင် အဆင့် ၁၁ တွင် ရှိနေပြီး ထိပ်သီးဆယ်ယောက်စာရင်းထဲဝင်ရန် အခွင့်အရေးကောင်း ရှိနေသူဖြစ်သည်။ အစပိုင်းတွင် သူယုံကြည်မှု အပြည့်ရှိနေခဲ့သော်လည်း ဂရီမန်နှင့် ဆုံလိမ့်မည်ဟု ထင်မထားခဲ့ပေ။
သို့သော် ဂရီမန်နှင့် ဆုံသည်ဆိုလျှင်ပင် ရက်ဖ်လွယ်လင့်တကူ လက်လျှော့လိမ့်မည် မဟုတ်ပေ။ သူ၏ ထိပ်သီးဆယ်ယောက်စာရင်းဝင်ရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်လိုလျှင် ဂရီမန်ကို သေချာပေါက် အနိုင်ယူရမည် ဖြစ်သည်။
ဝှစ်
ရက်ဖ်သည် လေပွေလေဝဲတစ်ခုကဲ့သို့ အလွန်တရာမြန်ဆန်သွက်လက်လှပေသည်။ ထိုမျှ မြန်သော အရှိန်ရှိသည့် ရက်ဖ်ကို အနိုင်ယူရန် ဂရီမန်အတွက်ပင် အချိန်အနည်းငယ် ယူရပေလိမ့်မည်။
“တောက်...သက်သက်အချိန်ဖြုန်းနေတာပဲ”
ဂရီမန် မျက်နှာပျက်သွားသည်။ လက်ရှိအချိန်အပိုင်းအခြားသည် သူ့အတွက် မည်မျှအဖိုးတန်သည်ကို သူကောင်းကောင်းသိသည်။ အကယ်၍ သူ အနည်းငယ်မျှ ကြန့်ကြာသွားပါက လင်းဖုန်း သူ့ကို ပိုမိုနီးကပ်စွာ လိုက်မီလာပေလိမ့်မည်။
“ဟားဟား... အခွင့်အရေးရှိပြီကွ”
“လင်းဖုန်း နောက်ထပ် သုံးပွဲဆက်တိုက် ထပ်နိုင်သွားပြန်ပြီ။ အခုဆိုရင် ၈၃ ပွဲ ဆက်တိုက်အနိုင်ရထားတာပဲ”
“လင်းဖုန်း ဂရီမန်ကို ကျော်တက်နိုင်မယ့် အခွင့်အရေး ရှိမလားမသိဘူးနော်”
“သူ ဂရီမန်ကို ကျော်တက်နိုင်ဖို့ ငါ မျှော်လင့်တယ်ကွာ။ ဂရီမန်က အရမ်းအစွမ်းထက်တယ်ဆိုပေမဲ့ အခုဆို သူ့ရဲ့ ပါရမီက ကုန်ဆုံးသွားပြီလေ။ အရင်တုန်းကများဆို သူက တုန်ဖန်းရှန်၊ လုချန်းတို့နဲ့ တစ်တန်းတည်းရှိခဲ့တာကွ။ အခုကျတော့ ဘယ့်နှယ်ကွာ။ ကျန်တဲ့ ထိပ်သီးနှစ်ယောက်က နတ်ဘုရားနယ်ပယ်နဲ့ သာလွန်နတ်ဘုရားနယ်ပယ်တွေကို ရောက်ကုန်ကြပြီ။ ဂရီမန်ကတော့ အသွင်ပြောင်းနယ်ပယ်မှာပဲ ရုန်းကန်နေရတုန်း”
တချို့သူများသည် လင်းဖုန်းနှင့် ဂရီမန်တို့ကြားမှ အားပြိုင်မှုကို အလွန်စိတ်ဝင်စားနေကြသည်။ တစ်နည်းအားဖြင့် ဤသည်က မျိုးဆက်နှစ်ခုမှ ပါရမီရှင်နှစ်ယောက်၏ တိုက်ရိုက်ယှဉ်ပြိုင်မှု ဖြစ်သည်။ ဤကဲ့သို့သော မြင်ကွင်းမျိုးက မြင်တွေ့ရခဲလှ၏။
ဂရီမန်သည် တစ်ချိန်က တုန်ဖန်းရှန်၊ လုချန်းတို့နှင့် တန်းတူရှိခဲ့ဖူးသော ထိပ်တန်းပါရမီရှင်တစ်ဦး ဖြစ်သဖြင့် သူ့ကို ယခင်မျိုးဆက်မှ ပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်နိုင်သည်။ လင်းဖုန်းကတော့... သူ့အဆင့်အတန်းမှာ အနန္တလမ်းစဉ်အကယ်ဒမီမှ ကျောင်းသားသစ်တစ်ဦးသာ ဖြစ်သည်။ သူသည် သံသယဖြစ်စရာမလို အကယ်ဒမီကြီးသုံးခု၏ လက်ရှိ ထိပ်တန်းပါရမီရှင် ဖြစ်ပေသည်။
လင်းဖုန်းသည် တစ်ကမ္ဘာလုံးရှိ အသွင်ပြောင်းနယ်ပယ် သိုင်းသမားအားလုံးထဲတွင်ပင် အငြင်းပွားဖွယ်မရှိ ထိပ်တန်းပါရမီရှင် ဖြစ်ပေလိမ့်မည်။
ဤကဲ့သို့ မျိုးဆက်နှစ်ခုမှ ပါရမီရှင်များ၏ ထိပ်တိုက်ယှဉ်ပြိုင်မှုက လူတိုင်း၏ စိတ်ပါဝင်စားမှုကို ချက်ချင်း မြင့်တက်သွားစေသည်။
သို့သော် လင်းဖုန်းအတွက်မူ ထိုကိစ္စရပ်များက သူ့ကို မည်သို့မျှ သက်ရောက်မှုရှိပုံမပေါ်ပေ။ သူ ပုံမှန်အတိုင်းသာ ဆက်လက်တိုက်ခိုက်နေပြီး တိုက်ပွဲတိုင်းကလည်း ငါးစက္ကန့်အောက်သာ ကြာမြင့်သည်။
၈၄ ပွဲ၊ ၈၅ ပွဲ၊ ၈၆ ပွဲ၊ ၈၇ ပွဲ...
လင်းဖုန်း ဂရီမန်၏ ဆက်တိုက်အနိုင်ရမှုစံချိန်နှင့် ပိုမိုနီးကပ်လာသော်လည်း ဂရီမန်ကမူ ရက်ဖ်နှင့် တိုက်ခိုက်နေဆဲ ဖြစ်သည်။ ရက်ဖ်ကို အချိန်တိုအတွင်း အနိုင်ယူရန်က အလွန်ခက်ခဲလှပေ၏။
အမှန်တကယ်တော့ လင်းဖုန်းသည်လည်း ခက်ခဲသော ပြိုင်ဘက်တစ်ဦးနှင့် တွေ့ခဲ့ရသည်။ သူ၏ ၈၈ ပွဲမြောက် ပြိုင်ဘက်သည် ယာယီအဆင့် ၁၅ တွင် ရှိနေသော သိုင်းသမားတစ်ဦး ဖြစ်သည်။ ထိုသူသည် အလွန်အစွမ်းထက်ပြီး ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်းတွင် ပိုင်ရှုထက် များစွာ သာပေ၏။
လင်းဖုန်းနှင့် ပိုင်ရှုတို့၏ တိုက်ပွဲတွင် လင်းဖုန်းက ပိုင်ရှုကို အပြည့်အဝ ဆန့်ကျင်တုန့်ပြန်အနိုင်ယူနိုင်သည့် စွမ်းအားမျိုး ရှိနေသဖြင့် ပိုင်ရှု၏ ထင်ယောင်ထင်မှားဖြစ်စေမှုက လင်းဖုန်းအပေါ် အသုံးမဝင်ခဲ့ပေ။ ထို့ကြောင့် လင်းဖုန်း၏ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်း မည်မျှရှိသည်ကို မည်သူမျှ မသိနိုင်ခဲ့ကြပေ။
ယခု အဆင့် ၁၅ ရှိ သိုင်းသမားနှင့် ဆုံတွေ့ခြင်းက လင်းဖုန်းအတွက် ကြီးမားလှသည့် စမ်းသပ်မှုတစ်ခု ဖြစ်သည်။
သို့သော် နောက်ဆုံးမှာ ဘယ်လိုဖြစ်သွားသလဲ။
လင်းဖုန်းသည် ဟင်းလင်းပြင်ပူပေါင်းကိုသာ အသုံးပြုကာ ပြိုင်ဘက်ကို ငါးစက္ကန့်အောက်အချိန်အတွင်း အလွယ်တကူပင် ဖယ်ထုတ်လိုက်ပြန်သည်။
ထိုတိုက်ပွဲက လင်းဖုန်း ဒုတိယနေရာအထိ တက်လှမ်းလာပြီး အကြီးကျယ်ဆုံးမြင်းနက် ဖြစ်လာခြင်းမှာ ကံကောင်းခြင်းကြောင့် မဟုတ်ကြောင်း လူတိုင်းကို ရှင်းရှင်းလင်းလင်း သိမြင်စေခဲ့သည်။ လင်းဖုန်းသည် သူ့ကိုယ်ပိုင် ကြောက်မက်ဖွယ်ကောင်းသည့် ခွန်အားအပေါ်တွင်သာ လုံးလုံးလျားလျား အခြေခံခဲ့ခြင်း ဖြစ်၏။
နောက်ထပ် ၈၉ပွဲနှင့် ပွဲ၉၀မြောက် တိုက်ပွဲများတွင်လည်း လင်းဖုန်း အစွမ်းထက်ပြိုင်ဘက်များနှင့် တွေ့ခဲ့ရသေးသည်။ တစ်ဦးက အဆင့် ၂၀ ဖြစ်ပြီး နောက်တစ်ဦးက အဆင့် ၁၄ ဖြစ်သည်။ ထိုနှစ်ယောက်သည် ဂရီမန် တွေ့ဆုံခဲ့သော ပြိုင်ဘက်များထက် မနိမ့်ကျပေ။
သို့သော် လင်းဖုန်းသည် ထိုနှစ်ယောက်စလုံးကိုလည်း ဒုတိယအဆင့် အသွင်ပြောင်းနယ်ပယ် သိုင်းသမားများကို ကိုင်တွယ်သကဲ့သို့ပင် တည်တည်ငြိမ်ငြိမ်ဖြင့် ဖယ်ထုတ်ခဲ့သည်။
“နီးလာပြီ၊ နီးလာပြီကွ။ အခုဆို ပွဲ၉၀ ဆက်တိုက်နိုင်နေပြီ”
“ဂရီမန်က အခုထိ ရက်ဖ်ကို မနိုင်သေးဘူး။ ဒါပေမဲ့ လင်းဖုန်းကတော့ ၉၀ ပွဲအထိ လိုက်မီလာပြီ။ ဂရီမန်နဲ့ တစ်ပွဲပဲ ကွာတော့တယ်”
“လင်းဖုန်းက တကယ်ပဲ အကြီးကျယ်ဆုံးနဲ့ အသန်မာဆုံး မြင်းနက် ဖြစ်လာတော့မှာပဲကွ”
“နောက်ဆုံးတော့လည်း ဂရီမန်က အရင်မျိုးဆက်က ပါရမီရှင်တစ်ယောက်ပဲလေ။ သူ့ပါရမီကလည်း ကုန်ဆုံးနေပြီ။ သူက တုန်ဖန်းရှန်နဲ့ လုချန်းတို့ထက် အများကြီးကို နိမ့်ကျနေတာ။ အခုဆို မျိုးဆက်သစ် ပါရမီရှင် လင်းဖုန်းကတောင် သူ့ကို ကျော်တက်တော့မယ်”
လူပေါင်းများစွာက ဂရီမန်အတွက် နှမြောတသဖြစ်နေကြကာ လူတော်တော်များများကတော့ လင်းဖုန်းက ဂရီမန်ကို ကျော်တက်တော့မည့်အပေါ် စိတ်လှုပ်ရှားနေကြသည်။
နောက်ဆုံးတွင် လင်းဖုန်း၏ ၉၁ ပွဲမြောက် ပြိုင်ဘက် ပေါ်လာသည်။ ထိုသူက အဆင့် ၁၂ ရှိ တန်ထောင် ဖြစ်၏။
တန်ထောင် လင်းဖုန်းကို ကြည့်လိုက်သည်။ သူသည် အဆင့် ၁၂ တွင် ရှိနေသော်လည်း ထိပ်သီးဆယ်ယောက်စာရင်းထဲဝင်ရန် မဖြစ်နိုင်ကြောင်း သူသိသည်။
“လင်းဖုန်း... ငါလည်း အနန္တလမ်းစဉ်အကယ်ဒမီက သိုင်းသမားတစ်ယောက်ပဲ။ ပြောရရင် ငါက မင်းရဲ့ စီနီယာတစ်ယောက်ပေါ့ကွာ။ ဒါပေမဲ့ စီနီယာတစ်ယောက်အနေနဲ့ ဆိုရင်တော့ ငါက မင်းထက် အများကြီး နိမ့်ကျပါတယ်”
“စီနီယာကလည်း မဟုတ်တာဗျာ။ ကျွန်တော့ကို အရမ်းမြှောက်လွန်းနေပါပြီ”
လင်းဖုန်း တိုက်ခိုက်ရန် အလောတကြီး မရှိပေ။ မည်သို့ပင်ဆိုစေ တန်ထောင်သည် သူ့စီနီယာတစ်ဦး မဟုတ်ပါလား။
တန်ထောင်က ခပ်ဖျော့ဖျော့ ပြုံးကာ ဆက်ပြောပြောသည်။ “ငါ မင်းရဲ့ ဟင်းလင်းပြင်ပူပေါင်းကို မြင်ဖူးပါတယ်။ အဲဒါက အရမ်းအစွမ်းထက်တာပဲကွ။ ငါ့ရဲ့ ကြယ်တာရာစွမ်းအားတွေနဲ့ မွေးရာပါစွမ်းရည်တွေ အကုန်ထုတ်သုံးရင်တောင် အဲဒါကို ခုခံနိုင်မှာ မဟုတ်ဘူး။ အဲဒီတော့ ငါ မင်းရဲ့အချိန်တွေကို အလဟဿဖြစ်အောင် မဖြုန်းတော့ပါဘူး။ ဟားဟားဟား... ငါတို့ အနန္တလမ်းစဉ်အကယ်ဒမီအတွက် ပထမနေရာကို ရအောင်ယူခဲ့နော်”
“ငါ အရှုံးပေးတယ်”
ထိုသို့ပြောပြီးနောက် တန်ထောင် ပျောက်ကွယ်သွားသည်။
တန်ထောင် အရှုံးပေးလိုက်သဖြင့် လင်းဖုန်း၏ ဆက်တိုက်အနိုင်ရရှိမှုမှာ ၉၁ ပွဲသို့ ရောက်ရှိသွားပြီး ဂရီမန်နှင့် တန်းတူဖြစ်သွားသည်။
“၉၁ ပွဲပဲ။ သူတို့ ပထမနေရာမှာ တူနေကြပြီဟ”
“တန်ထောင်က တကယ်ပဲ အရှုံးပေးလိုက်တာပဲ။ ဒါပေမဲ့ သူက သူ့အကန့်အသတ်ကို သူသိတယ်။ အရှုံးပေးပေး၊ မပေးပေး ရလဒ်ကတော့ အတူတူပဲ ဖြစ်မှာပဲ။”
“၉၁ ပွဲ ရှိပြီ။ လင်းဖုန်းက ဂရီမန်ကို ကျော်ပြီး ပထမနေရာကို တကယ်ပဲ ရသွားမလားပဲ”
“မထင်ထားမိဘူး။ လင်းဖုန်း ပထမနေရာအထိ ရောက်နိုင်မယ်လို့ တကယ်ကို မထင်ထားခဲ့မိဘူးကွာ”
လူပေါင်းများစွာ မယုံနိုင်ဖြစ်နေကြသည်။ ပွဲစဉ်တစ်လျှောက်လုံးတွင် လင်းဖုန်း တစ်ချက်တည်းဖြင့် တိုက်ခိုက်အနိုင်ယူမှုကို မည်သူမျှ မခုခံနိုင်ခဲ့ကြပေ။ သူသည်ကား မည်သို့မျှ ခုခံနိုင်ရန်မစွမ်းသာသော အင်အားဖြင့် ပထမနေရာသို့ တဖြည်းဖြည်း ချဉ်းနင်းဝင်ရောက်လာသည်။
“အား... သေစမ်းကွာ”
ဂရီမန် လုံးဝရူးသွပ်သွားကာ သူ့စွမ်းအားအားလုံးကို ပေါက်ကွဲထွက်စေလိုက်သည်။ သူ့ခန္ဓာကိုယ်အတွင်းရှိ ကြယ်တာရာစွမ်းအား အားလုံးသည် နေမင်းငယ်လေးတစ်စင်းကဲ့သို့ အစွမ်းကုန်ပေါက်ကွဲထွက်လာပြီး တောက်ပသော အလင်းတန်းများ ထုတ်လွှတ်ကာ ရက်ဖ်ထံသို့ ချက်ချင်း ပြေးဝင်သွားသည်။
ဘုုန်း
ဟင်းလင်းပြင်တစ်ခုလုံး တုန်ခါသွားပြီးနောက် ရက်ဖ် ပျောက်ကွယ်သွားသည်။
ဆက်တိုက်အနိုင်ရရှိမှု ၉၂ ပွဲ
ဂရီမန်၏ အမည်နောက်ရှိ ကိန်းဂဏန်းသည် ၉၂ သို့ ရုတ်တရက် ခုန်တက်သွားပြီး လင်းဖုန်း၏ အပေါ်သို့ ပြန်ရောက်သွားကာ ပထမနေရာကို ပြန်လည်ရယူလိုက်သည်။
သို့သော် မည်သူမျှ ဂရီမန်တွင် အားသာချက်ရှိနေဆဲဟု မခံစားရပေ။ တစ်ပွဲသာ ကွာခြားခြင်းက စကားထဲထည့်ပြောနေစရာပင်မလိုချေ။ လင်းဖုန်း၏ အရှိန်နှင့်ဆိုလျှင် နောက်ထပ် သုံးပွဲမှ ငါးပွဲအတွင်း ဂရီမန်ကို လုံးဝ ကျော်တက်သွားပေလိမ့်မည်။
လူပေါင်းများစွာ၏ အမြင်တွင် လင်းဖုန်း ပထမနေရာ ရရှိမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။ ရင်ခုန်စိတ်လှုပ်ရှားနေစရာပင် မလိုတော့ပေ။
သို့သော် ပုံရိပ်ယောင်တိုက်ခိုက်ရေးစနစ်အတွင်းရှိ လင်းဖုန်းမှာမူ အတော်လေး ဇဝေဇဝါ ဖြစ်နေသည်။ တန်ထောင် အရှုံးပေးသွားပြီးနောက် အချိန်အတော်ကြာသည်အထိ နောက်ထပ်ပြိုင်ဘက် ပေါ်မလာတော့ပေ။ ဘာတွေဖြစ်နေတာလဲ။
ပြင်ပမှ ပရိသတ်များလည်း ဇဝေဇဝါ ဖြစ်နေကြသည်။ နောက်ထပ်တိုက်ပွဲက ဘာလို့မစသေးတာလဲ။
မျက်စိလျင်သော လူတချို့ကမူ ရင်ပြင်တစ်ခုလုံးရှိ ဖန်သားပြင်အားလုံးပေါ်တွင် ပြိုင်ပွဲဝင်သိုင်းသမား ဆယ်ဦးသာ ကျန်ရှိတော့ကြောင်း သတိပြုမိလိုက်ကြသည်။