အခန်း (၂၀၅-၂၀၆)
Vol. 18 Ch. 205-206
အခန်း (၂၀၅) - တစ်ပွဲသာ လိုတော့သည်
ဘာသာပြန် - အားသစ်
“ပြီးသွားပြီလား”
“တခြားသိုင်းသမားတွေ မရှိတော့ဘူးထင်တယ်”
“ဖယ်ထုတ်ရေးအဆင့်တွေ ပြီးသွားပြီလား”
ပုံရိပ်ယောင်တိုက်ပွဲဝင်စနစ်အတွင်းရှိ သိုင်းသမား ၁၀ ဦးသည်လည်း အနည်းငယ် နဝေတိမ်တောင် ဖြစ်သွားကြသည်။ သို့သော် တချို့ကမူ အကြောင်းရင်းကို တွေးမိလောက်ပေပြီ။
“ဖယ်ထုတ်ရေးအဆင့် ပြီးဆုံးသွားပါပြီ။ ကျန်ရှိတဲ့ သိုင်းသမား ဆယ်ဦးက အနိုင်ရရှိသူတွေပါ။ အဆင့်သတ်မှတ်ချက်တွေကို ဆက်တိုက်အနိုင်ရရှိမှုအပေါ် မူတည်ပြီး ဆုံးဖြတ်မှာ ဖြစ်ပါတယ်”
ထို့နောက် ဧရာမဖန်သားပြင်ပေါ်တွင် လူဆယ်ဦး၏ အမည်များနှင့်အတူ ဆက်တိုက်အနိုင်ရရှိမှု အရေအတွက်များ ပေါ်လာသည်။
ဂရီမန် - ဆက်တိုက်အနိုင်ရရှိမှု ၉၂ ပွဲ၊ ဖယ်ထုတ်ရေးအဆင့် ပထမ
လင်းဖုန်း - ဆက်တိုက်အနိုင်ရရှိမှု ၉၁ ပွဲ၊ ဖယ်ထုတ်ရေးအဆင့် ဒုတိယ
ဖူလင် - ဆက်တိုက်အနိုင်ရရှိမှု ၈၁ ပွဲ၊ ဖယ်ထုတ်ရေးအဆင့် တတိယ
ဒါဒန် - ဆက်တိုက်အနိုင်ရရှိမှု ၇၈ ပွဲ၊ ဖယ်ထုတ်ရေးအဆင့် စတုတ္ထ
လင်းရွှီ - ဆက်တိုက်အနိုင်ရရှိမှု ၇၆ ပွဲ၊ ဖယ်ထုတ်ရေးအဆင့် ပဉ္စမ
အိုယန်ကျင်း - ဆက်တိုက်အနိုင်ရရှိမှု ၇၄ ပွဲ၊ ဖယ်ထုတ်ရေးအဆင့် ဆဋ္ဌမ
ရှီအဲလစ် - ဆက်တိုက်အနိုင်ရရှိမှု ၇၂ ပွဲ၊ ဖယ်ထုတ်ရေးအဆင့် သတ္တမ
အန်ဒေါ် - ဆက်တိုက်အနိုင်ရရှိမှု ၇၀ ပွဲ၊ ဖယ်ထုတ်ရေးအဆင့် အဋ္ဌမ
လျိုချန်ဖုန်း - ဆက်တိုက်အနိုင်ရရှိမှု ၆၉ ပွဲ၊ ဖယ်ထုတ်ရေးအဆင့် နဝမ
ဝမ်ရိမင် - ဆက်တိုက်အနိုင်ရရှိမှု ၆၈ ပွဲ၊ ဖယ်ထုတ်ရေးအဆင့် ဒသမ
ဖယ်ထုတ်ရေးအဆင့် ထိပ်သီးဆယ်ယောက်၏ အမည်စာရင်း ထွက်ပေါ်လာချိန်တွင် လူတိုင်း၏ အကြည့်များနှင့် ကင်မရာအားလုံးက ထိုအဆင့်သတ်မှတ်ချက်များပေါ်သို့ စူးစိုက်သွားကြသည်။ ထိုအခိုက်အတန့်တွင် လူဆယ်ဦး၏ အမည်နာမများ ကမ္ဘာတစ်ဝန်းလုံးသို့ ချက်ချင်းပျံ့နှံ့သွားသည်။
ထိုလူဆယ်ဦး၏ နောက်ကြောင်းရာဇဝင်များနှင့် အခြားအချက်အလက်အားလုံးကို အမြန်ဆုံး စုံစမ်းကြတော့မည်ဖြစ်သည်။ ဤသည်ကို ညတွင်းချင်း နာမည်ကြီးလာခြင်းဟုပင် ခေါ်ဆိုရပေမည်။ ဤထက်ပိုမြန်သော နာမည်ကြီးရန် နည်းလမ်း မရှိတော့ပြီ။
ဤသိုင်းသမားဆယ်ယောက်စလုံး နာမည်ကြီးချင်သည်ဖြစ်စေ၊ မကြီးချင်သည်ဖြစ်စေ ယခုလက်ရှိတွင် သူတို့အားလုံး ကမ္ဘာကျော်သိုင်းသမားများ ဖြစ်နေပြီဆိုသည့် အချက်ကို မည်သူမျှ ပြောင်းလဲ၍ မရနိုင်တော့ပေ။
ပိုင်ရှုသည် လက်သီးကိုသာ တင်းတင်းဆုပ်ထားမိသည်။ သူသည် အစက ထိပ်သီးဆယ်ယောက်စာရင်းဝင်ရန် အခွင့်အရေးရှိခဲ့သော်လည်း လင်းဖုန်းနှင့် တွေ့ဆုံခဲ့ရသဖြင့် သူ၏ ကြိုးစားအားထုတ်မှုများအားလုံး သဲထဲရေသွန် ဖြစ်သွားခဲ့ရသည်။
ရက်ဖ်သည်လည်း အလွန်နှမြောတသဖြစ်နေမိသည်။ အကယ်၍ သူသာ ဂရီမန်အစား အဋ္ဌမ၊ နဝမနှင့် ဒသမနေရာများရှိ သိုင်းသမားများနှင့် တွေ့ခဲ့ပါက သူတို့ကို အနိုင်ယူနိုင်ကောင်း အနိုင်ယူနိုင်လိမ့်မည်ဖြစ်သည်။ ထိုသို့ဆိုလျှင် သူသည်လည်း ထိပ်သီးဆယ်ယောက်စာရင်းထဲ ဝင်နိုင်ပေလိမ့်မည်။
ကံမကောင်းစွာဖြင့် “အကယ်၍” ဆိုသည့် စကားလုံးများမှာ အချိန်လွန်မှသာ ပေါ်လာတတ်စမြဲပင်။ ဖြစ်ပြီးသားကိစ္စကို ပြန်လည်ပြင်ဆင်ရန် မဖြစ်နိုင်တော့ပြီ။ (အတိတ်ဆိုတာ ပြန်လည်ပြင်ဆင်နိုင်ခွင့် မရှိတော့ဘူး။ အနာဂါတ်ကလည်း မှုန်ရီဝိုးတဝါး၊ ကြိုတင်ခန့်မှန်းလို့မရဘူး။ အဲ့ဒီတော့ ပစ္စုပ္ပန်မှာပဲ အကောင်းဆုံးဖြစ်အောင် ရှင်သန်နေထိုင်သင့်တယ်။ *ဒါကို ဘယ်ကနေဖတ်ဖူးသလဲ မမှတ်မိတော့။)
အမှန်တကယ်တော့ နောက်ဆုံးနေရာများရှိ သိုင်းသမားသုံးဦးမှာ ဝမ်းသာသင့်ပေသည်။ သူတို့ ထိပ်သီးဆယ်ယောက်စာရင်းထဲ ဝင်နိုင်ခဲ့သည်မှာ ကံကောင်းမှု အနည်းနှင့်အများ ပါဝင်နေသည်။ တကယ်တန်းတွင် ပြိုင်ပွဲမှထွက်လိုက်ရသည့် တချို့သော သိုင်းသမားများ၏ ခွန်အားသည်ကား သူတို့ထက် လုံးဝမနိမ့်ကျပေ။ မည်သူက ပိုအစွမ်းထက်သလဲဆိုသည်ကိုတော့ တိုက်ခိုက်ကြည့်မှသာ သိနိုင်ပေလိမ့်မည်။ သို့သော် သူတို့၏ ကံကြမ္မာကမူ သိသိသာသာ ပိုကောင်းခဲ့ပြီး အလွန်အစွမ်းထက်သော ပြိုင်ဘက်များနှင့် မတွေ့ခဲ့ရပေ။
သိုင်းသမားဆယ်ဦး၏ အချက်အလက်များတွင် လျှို့ဝှက်ချက်ဟူ၍ လုံးဝမရှိသလောက်ပင် ဖြစ်သည်။ သူတို့အားလုံး သေသေချာချာ စုံစမ်းစစ်ဆေးခံရသည်။ သို့သော် အာရုံစိုက်မှု အများဆုံးရရှိခဲ့သူများသည်တော့ လင်းဖုန်းနှင့် ဂရီမန်တို့သာဖြစ်သည်။ မည်သို့ပင်ဆိုစေ ဂရီမန်သည် ယခင်မျိုးဆက်၏ ထိပ်တန်းပါရမီရှင်တစ်ဦးဖြစ်ပြီး အမြဲတစေ အလွန်အစွမ်းထက်ခဲ့သူဖြစ်သည်။ တစ်ဖက်တွင်လည်း လင်းဖုန်းသည် မျိုးဆက်သစ် ပါရမီရှင်တစ်ဦးဖြစ်ကာ ဤသိုင်းပြိုင်ပွဲ၏ အကြီးကျယ်ဆုံးသော မြင်းနက်ဖြစ်သည်။ ထို့ကြောင့် သူ အာရုံစိုက်ခံရသည်မှာ သဘာဝကျပေသည်။
အမှန်တကယ်တော့ ဤအဆင့်သတ်မှတ်ချက်များက ခွန်အားကွာဟချက်ကို အတိုင်းအတာတစ်ခုအထိ ထင်ဟပ်ပြနိုင်သည်။ ဥပမာအားဖြင့် လင်းဖုန်းနှင့် ဂရီမန်တို့သည် အခြားသိုင်းသမားများထက် အဆင့်တစ်ဆင့် သိသိသာသာ ပိုအစွမ်းထက်ကြသည်။ တတိယနေရာမှ ဒသမနေရာအထိရှိ သိုင်းသမားများကြားတွင် ကွာဟချက်တချို့ ရှိသော်လည်း ထိုကွာခြားမှုများမှာ သိပ်မကြီးလှပေ။
ဖယ်ထုတ်ရေးအဆင့်များ ပြီးဆုံးသွားသည်နှင့် လင်းဖုန်းနှင့် အခြားသူများလည်း ပုံရိပ်ယောင်တိုက်ပွဲဝင်စနစ်မှ နိုးထလာကြသည်။ ဖယ်ထုတ်ရေးအဆင့်များအပြီးတွင် အရည်အချင်းစစ်ပွဲစဥ်များ လာမည်ဖြစ်သည်။ သိုင်းသမားဆယ်ဦး ပြင်ဆင်နိုင်ရန်အတွက် ပွဲမစမီကြားတွင် အချိန်တစ်နာရီ အနားပေးထားသည်။
သို့သော် ဤအချိန်အတောအတွင်း လင်းဖုန်းနှင့် ဂရီမန်တို့ကြားတွင် မည်သူက ပိုအစွမ်းထက်သလဲဆိုသည့် ငြင်းခုံမှုများက အထွတ်အထိပ်သို့ ရောက်ရှိနေလေပြီ။
တချို့လူများက လင်းဖုန်းအတွက် နှမြောတသ ဖြစ်နေကြသည်။ အကယ်၍ သိုင်းသမားများသာ ကျန်ရှိနေသေးပါက လင်းဖုန်းသည် နောက်ဆုံးတွင် ဂရီမန်ကို သေချာပေါက် ကျော်တက်သွားနိုင်မည်ဖြစ်ပေသည်။ ယခုလို တစ်ပွဲတည်းနှင့် လွဲချော်သွားမည်မဟုတ်ဟု သူတို့ ယူဆကြသည်။
သို့သော် ဂရီမန်၏ ခွန်အားသည်လည်း မဆိုးလှဟု ယုံကြည်သူများလည်း ရှိသည်။ အကယ်၍ သူသာ ရက်ဖ်နှင့် မတွေ့ခဲ့ပါက ထိုမျှ ကြန့်ကြာနေမည်မဟုတ်ပေ။ ထို့ပြင် သူတို့နှစ်ဦး၏ သိုင်းပညာအဓိကထားပုံမှာလည်း ကွဲပြားသည်။ လင်းဖုန်း၏ ဟင်းလင်းပြင်ပူပေါင်းသည် ပုံရိပ်ယောင်တိုက်ပွဲဝင်စနစ်တွင် အလွန်အားသာချက်ရှိနေသဖြင့် ပြိုင်ဘက်များကို အလွန်မြန်ဆန်စွာ အနိုင်ယူနိုင်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။
အကယ်၍ သူ ဂရီမန်နှင့် တိုက်ခိုက်ကာမှ သူ၏ ဟင်းလင်းပြင်ပူပေါင်းသာ အလုပ်မဖြစ်ပါက လင်းဖုန်း အန္တရာယ်ရှိနိုင်ပေသည်။
သေချာသည်က ဤသည်မှာ လူအချို့၏ အမြင်သက်သက်သာ ဖြစ်သည်။ လင်းဖုန်း၏ ဟင်းလင်းပြင်ပူပေါင်းက အလွန်အစွမ်းထက်သည်ဟု ယူဆသူများလည်း ရှိသည်။ ယခုအချိန်အထိ မည်သူကမျှ လင်းဖုန်းအသုံးပြုသော ဟင်းလင်းပြင်ပူပေါင်း၏ အကန့်အသတ်ကို မစမ်းသပ်နိုင်သေးပေ။
လင်းဖုန်းသည် မည်သည့်ပြိုင်ဘက်နှင့်မဆို ငါးစက္ကန့်ထက်ပို၍ မတိုက်ခိုက်ခဲ့ရပေ။ ဤသည်က လင်းဖုန်း၏ ခွန်အားသည် အခြားသိုင်းသမားများထက် များစွာ သာလွန်နေပြီး အခြားသိုင်းသမားများနှင့် အဆင့်အတန်းပင် မတူတော့ကြောင်း မီးမောင်းထိုးပြသနေသည်။
ဂရီမန်ပင်လျှင် လင်းဖုန်း၏ ပြိုင်ဘက် သေချာပေါက် ဖြစ်လာမည်မဟုတ်ပေ။
နှစ်ဖက်စလုံးတွင် ငြင်းခုံရန် ကိုယ်ပိုင်အကြောင်းပြချက်ကိုယ်စီ ရှိကြသည်။ တစ်ဖက်ကို တစ်ဖက် ယုံကြည်လက်ခံအောင် မစည်းရုံးနိုင်ကြပေ။ အသွင်ပြောင်းနယ်ပယ် သိုင်းသမားတချို့သာမက နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတချို့ပင် ငြင်းခုံနေကြသေးသည်။
နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများကမူ သဘာဝကျကျပင် စံနှုန်းပိုမြင့်ကြသည်။ သူတို့၏ ငြင်းခုံမှု အဓိကအချက်များသည်လည်း ကွဲပြားကြသည်။
“ဟောက်ရှီရီ... လင်းဖုန်းနဲ့ ဂရီမန်ကြားမှာ ဘယ်သူက ပိုအစွမ်းထက်မယ်လို့ မင်းထင်လဲ”
ရှလောင်ကွေ့ကလည်း ထိုကိစ္စကို အတော်လေး စိတ်ဝင်စားနေပြီး ပြုံးလျက် မေးလိုက်သည်။
ဟောက်ရှီရီ၏ အမူအရာမှာ တည်ကြည်နေပြီး အနည်းငယ် ဝေခွဲရခက် ဖြစ်နေပုံရသည်။
“ငါ ဂရီမန်အကြောင်းကို သိပါတယ်။ သူ့ရဲ့ ပါရမီက တကယ်ပဲ အရမ်းကို အစွမ်းထက်တယ်။ အဲဒီအချိန်တုန်းကဆို သူက တုန်ဖန်းရှန်၊ လုချန်းတို့နဲ့အတူ ထိပ်သီးသုံးယောက်အဖြစ် သတ်မှတ်ခံခဲ့ရတာ။ ဒါပေမဲ့ တုန်ဖန်းရှန်နဲ့ လုချန်းတို့က နတ်ဘုရားနယ်ပယ်ကို ရောက်ကုန်ကြပြီ။ မကြာသေးခင်ကပဲ တုန်ဖန်းရှန်က သာလွန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတောင် ဖြစ်သွားသေးတယ်။ ဒါပေမဲ့ ဂရီမန်က ဘာလို့ နတ်ဘုရားနယ်ပယ်ထဲကို အချိန်အကြာကြီး ဝင်မလာနိုင်ရတာလဲ။ အကြောင်းရင်းကတော့ သူက သိုင်းပညာရဲ့ စွမ်းအားကို လေ့လာတဲ့နေရာမှာ အရမ်းအာရုံစိုက်လွန်းနေလို့ပဲ။ သူက တိုက်ခိုက်ရေးစွမ်းအား တိုးတက်ဖို့ကိုပဲ အရမ်း ဂရုစိုက်လွန်းတယ်။ ဘယ်လောက်တောင်လဲဆိုရင် သူ့ရဲ့ စိတ်တစ်ခုလုံးက သိုင်းပညာနဲ့ ကြယ်တာရာစွမ်းအားကို လေ့လာတဲ့နေရာမှာပဲ လုံးလုံးလျားလျား အာရုံစိုက်နေတော့တာ။
ဒီအချက်မှာ အားသာချက်တွေရော အားနည်းချက်တွေပါ ရှိတယ်။ သိုင်းပညာနဲ့ ကြယ်တာရာစွမ်းအားကို လေ့လာတဲ့နေရာမှာ သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေကပဲ သူ့ကို ရွယ်တူတွေကြားမှာ ပြိုင်ဘက်ကင်းဖြစ်စေပြီး အဲဒီဂုဏ်ပုဒ်မှာ သာယာနေမိစေတယ်။ အဲဒီချိန်တုန်းက တိုက်ခိုက်ရေးစွမ်းအားအရဆိုရင် တုန်ဖန်းရှန်က ဂရီမန်ကို နိုင်ချင်မှ နိုင်မှာ။ ဒါပေမဲ့ အခုကော။ လုချန်းနဲ့ တုန်ဖန်းရှန်တို့က တစ်ယောက်ပြီးတစ်ယောက် နတ်ဘုရားနယ်ပယ်ထဲ ဝင်သွားကြပြီး နှစ်ဖက်စလုံးက အဆင့်အတန်းချင်းတောင် မတူတော့ဘူး။ ဂရီမန် ဘယ်လောက်ပဲ အစွမ်းထက်ပါစေ သူတို့နှစ်ယောက်ကို ဘယ်လိုယှဉ်နိုင်တော့မှာလဲ။
ဒါကြောင့် သူ့ရဲ့ သိုင်းပညာလမ်းစဉ်က လမ်းလွဲနေပြီ။ ဒီနှစ်တွေထဲမှာ ဒီပြဿနာကို သူ သိလာခဲ့တယ်ဆိုပေမဲ့ အတော်လေး နောက်ကျနေပြီ။ ဂရီမန်အတွက် နတ်ဘုရားနယ်ပယ်ထဲ ဝင်ဖို့ အရမ်းခက်ခဲသွားပေမဲ့ သူ့ရဲ့ ခွန်အားကတော့ အဆင့်တူတွေကြားမှာ ပြိုင်ဘက်ကင်းတယ်လို့ ဆိုနိုင်တယ်။ သိုင်းပညာနဲ့ ကြယ်တာရာစွမ်းအားကို နှစ်ပေါင်းများစွာ လေ့လာခဲ့တာတွေက အလဟဿတော့ မဖြစ်ပါဘူး။ လင်းဖုန်း သူ့ကို အနိုင်ယူဖို့ အရမ်းကိုခက်ခဲလိမ့်မယ်”
ဟောက်ရှီရီ၏ ခွဲခြမ်းစိတ်ဖြာမှုက အလွန်တိကျမှန်ကန်လှသည်။ လင်းဖုန်းက သူ့လူဖြစ်သော်လည်း သူလင်းဖုန်း၏ ရလဒ်များအပေါ် သိပ်ပြီး အကောင်းမြင်မနေပေ။
သို့သော် ရှလောင်ကွေ့က စဉ်းလဲစွာ ပြောလိုက်သည်။ “ဟောက်ရှီရီ... ငါတို့ လောင်းကြမလား။ ဟဲဟဲ... လင်းဖုန်းက ဂရီမန်ကို သေချာပေါက် အနိုင်ယူနိုင်မယ်လို့ ငါထင်တယ်။ မင်းရှုံးရင် ငါ့ရဲ့ တောင်းဆိုချက်တစ်ခုကို သဘောတူရမယ်။ ငါရှုံးရင်လည်း မင်းရဲ့ တောင်းဆိုချက်တစ်ခုကို သဘောတူမယ်။ ဘယ့်နှယ်လဲ”
ရှလောင်ကွေ့ မည်မျှ ယုံကြည်မှုရှိနေသည်ကို မြင်သောအခါ ဟောက်ရှီရီက မေးလိုက်သည်။ “ရှလောင်ကွေ့... မင်း လင်းဖုန်းကို အဲ့လောက်တောင် အထင်ကြီးနေတာလား”
“ဟုတ်တယ်၊ ငါ လင်းဖုန်းကို အဲလောက်ထိတောင် အထင်ကြီးတယ်။ ဘယ်လိုလဲ... မင်း လောင်းရဲလား”
“မလောင်းဘူး။ ရှလောင်ကွေ့... လင်းဖုန်းနဲ့ ဂရီမန်ကြားမှာ ဘယ်သူက နောက်ဆုံးမှာ ရယ်နိုင်မလဲဆိုတာ မသိပေမဲ့ ငါ မင်းနဲ့ မလောင်းဘူး။ ငါ့ရဲ့ ရတနာပုလင်းကို လာမက်မနေနဲ့”
“ဟင်း... ကပ်စေးအိုး”
ရှလောင်ကွေ့ ခေါင်းခါလိုက်သည်။ ဟောက်ရှီရီ သူ့အကွက်ထဲ မဝင်လာသဖြင့် သူ ဘာမှ မတတ်နိုင်ပေ။
“ရှလောင်ကွေ့... အတည်ပြောရရင် မင်း တစ်ခုခုသိထားလို့လား”
ရှလောင်ကွေ့သည် အလွန်သတိကြီးသူဖြစ်ကြောင်း ဟောက်ရှီရီ သိသည်။ သူ တစ်စုံတစ်ခုကို သိထား၍သာ ဤမျှ ယုံကြည်မှုရှိရှိ လောင်းကြေးထပ်ခြင်း ဖြစ်ရမည်။
“ဟောက်ရှီရီ... မင်းက အရမ်းကပ်စေးနဲတဲ့ကောင်ပဲ။ ငါ မင်းကို မပြောပြဘူးကွာ။ ဟားဟားဟား... အေးအေးဆေးဆေးသာ စဉ်းစားနေလိုက်တော့”
ရှလောင်ကွေ့ အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်သည်။ သူ တစ်စုံတစ်ခုကို သိထားသည်မှာ အမှန်ပင်ဖြစ်သော်လည်း ဟောက်ရှီရီကို ပြောပြဖို့ ငြင်းဆန်လိုက်သည်။
ထာဝရသိုင်းတာအိုအရှင်
အခန်း (၂၀၆) - ရေစီးကြောင်းအောက်မှ လှုပ်ရှားမှုများ
ဘာသာပြန် - အားသစ်
လင်းဖုန်းသည် ဖယ်ထုတ်ရေးအဆင့်များတွင် ဒုတိယရရှိခဲ့ပြီး မကြာမီကျင်းပမည့် အရည်အချင်းစစ်ပွဲများတွင်လည်း ပထမရရန် အလွန်ပင် သေချာသလောက် ရှိနေသည်။
အကယ်၍ သူသာ ပထမနေရာကို အမှန်တကယ် ရရှိခဲ့ပါက သူရရှိမည့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ အဆင့်အတန်းများနှင့် ရာထူးများမှာ တွေးကြည့်၍ပင် မရနိုင်လောက်အောင် ဖြစ်ပေလိမ့်မည်။ နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများထက်ပင် နိမ့်ကျလိမ့်မည်မဟုတ်ပေ။
လင်းမိသားစုသည် သဘာဝကျကျပင် အတိုင်းမသိ ဝမ်းသာနေကြသည်။ အနန္တလမ်းစဉ်အကယ်ဒမီမှ ကျောင်းသားများသည်လည်း အလွန်ပျော်ရွှင်ဝမ်းမြောက်နေကြသည်။ စစ်သေနာပတိချုပ် လုံကျိုးနှင့် နဂါးကျောက်တုံးမြို့မှ တခြားသိုင်းသမားများသည်လည်း အလွန်ပင် နှလုံးပီတိ ဂွမ်းဆီထိ ဖြစ်နေကြသည်။ တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်းမှ သိုင်းသမားများအားလုံးသည်လည်း အလွန် ဂုဏ်ယူဝင့်ကြွားနေကြသည်။
လင်းဖုန်း၏ အမည်နာမသည် ကမ္ဘာတစ်ဝန်းလုံးတွင် ကျော်ကြားနေပြီဖြစ်သည်။ လင်းဖုန်းတွင် အဆုံးအစမဲ့ အနာဂတ်အလားအလာများ ရှိနေကြောင်း လူတိုင်း သိကြသည်။ ဤမျှ ငယ်ရွယ်သော အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦး၊ ထို့ပြင် အသွင်ပြောင်းနယ်ပယ်တွင် အသန်မာဆုံးဟု ဆိုနိုင်လောက်သည့် သိုင်းသမားတစ်ဦးသည် အနာဂတ်တွင် နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိရန် အခွင့်အလမ်း အလွန်များလှသည်။
အနာဂတ် နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦးဟု ဆိုလျှင်ပင် မမှားနိုင်ပေ။
လူများစွာက လင်းဖုန်းအတွက် ဝမ်းသာနေကြသော်လည်း တချို့ကမူ စိုးရိမ်ပူပန်မှုများကြောင့် ရတက်မအေးဖြစ်နေကြသည်။
ကျောက်မိသားစု၏ အခြေအနေမှာ ထိုသို့ပင်ဖြစ်၏။ ကျောက်တုံရှန်းဖြစ်စေ၊ ကျောက်ဖိန်ဖြစ်စေ သူတို့နှစ်ဦးစလုံးမှာ ပြောမပြတတ်လောက်အောင် စိုးရိမ်ထိတ်လန့်နေကြသည်။ မှန်ပေ၏။ ထိတ်လန့်နေကြခြင်းပင်။
လင်းဖုန်း နဂါးကျောက်တုံးမြို့တွင် အောင်မြင်ကျော်ကြားလာပြီး မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ကာ လူသားမျိုးနွယ်၏ သူရဲကောင်း ဖြစ်လာစဉ်ကတည်းက ကျောက်မိသားစုသည် လင်းမိသားစုကို အလွန် သတိထားနေခဲ့ရသည်။ လင်းကော်ပိုရေးရှင်းကို ပူးပေါင်းဖျက်ဆီးရန် သူတို့ ရေးဆွဲထားသော အစီအစဉ်များပင် အချည်းနှီးဖြစ်သွားခဲ့ရသည်။
သာလွန်လူသား ကျွမ်းကျင်သူတစ်ဦးကို ကိုင်တွယ်ရန်မှာ လွယ်ကူသော ကိစ္စရပ်မဟုတ်ပေ။ ကျောက်မိသားစုသည် လင်းမိသားစုနှင့် ပြန်လည်သင့်မြတ်ရန် သူတို့ဘက်မှ အရင်ဆုံး စတင်ပြီး ကြိုးစားခဲ့သော်လည်း လင်းမိသားစုက လုံးဝဆွေးနွေးညှိနှိုင်းလိုခြင်း မရှိခဲ့ပေ။ ကျောက်မိသားစုနှင့် ဘာဆွေးနွေးစရာ ရှိသနည်း။ ကျောက်မိသားစုဘက်ကသာ စိုးရိမ်ပူပန်နေသင့်သည် မဟုတ်ပါလား။
အကယ်၍ လင်းဖုန်းက မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ကာစသာ ရှိသေးသည်ဆိုလျှင် လူသားမျိုးနွယ် သူရဲကောင်းတံဆိပ်ကို ရရှိထားလျှင်တောင်မှ ကျောက်မိသားစုကို ဘာလုပ်နိုင်မည်နည်း။ ကျောက်မိသားစုတွင် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားပြီး အမြဲတမ်း ရှေ့တန်းစစ်မြေပြင်တွင် ရှိနေသည့် သာလွန်လူသား ကျွမ်းကျင်သူတစ်ဦး ရှိသည်။ မိသားစုဝင်တစ်ယောက်အနေဖြင့် သူ့မိသားစုကို သေချာပေါက် ကာကွယ်ပေးမည်သာ ဖြစ်သည်။
ကျောက်ဖိန်သည် သူ့မိသားစုဝင်အရင်းခေါက်ခေါက်မဟုတ်သော်လည်း ကျောက်တုံရှန်းနှင့် ဆွေမျိုးတော်စပ်သေးသည်။ လင်းမိသားစုအနေဖြင့် လက်ရှိအချိန်တွင် ကျောက်မိသားစုကို ကိုင်တွယ်ရန် အင်အားမရှိသေးပေ။ ထို့ကြောင့် ကျောက်မိသားစုသည် သည်းခံနေရုံသာ ရှိသော်လည်း သူတို့ သိပ်ပြီးတော့ မကြောက်ကြပေ။
သို့သော် ယခုမူ အခြေအနေများက ပြောင်းလဲသွားလေပြီ။ ကျောက်မိသားစု အမှန်တကယ် ကြောက်လန့်နေပြီဖြစ်သည်။
လင်းဖုန်း၏ တက်လှမ်းလာမှုက အလွန်မြန်ဆန်လွန်းလှပေသည်။ သူသည် ယခုအခါ ကမ္ဘာတစ်ဝန်းလုံး၏ အာရုံစိုက်မှုကိုပင် ရရှိနေလေပြီ။ အကယ်၍ သူသာ ဤတစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲတွင် ပထမနေရာကို ထပ်မံရရှိပါက အနာဂတ်တွင် နတ်ဘုရားနယ်ပယ် သိုင်းသမားလောင်းတစ်ဦး ဖြစ်လာလိမ့်မည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်ပေလိမ့်မည်။
နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦး၏ ဩဇာလွှမ်းမိုးမှုက မည်မျှ ကြီးမားလှပေသနည်း။
ဖြစ်နိုင်သည်မှာ လင်းဖုန်းသည် အကြောင်းမဲ့ ကျောက်ဖိန်ကို သုတ်သင်ပစ်မည်မဟုတ်သော်လည်း လင်းဖုန်းသာ သူ့ဆန္ဒကို အနည်းငယ် အရိပ်အမြွက်ပြလိုက်ရုံနှင့် ကျောက်ဖိန် မသေလျှင်တောင် ကျောက်မိသားစုတစ်ခုလုံး အမှုပတ်ကာ မိသားစုစီးပွားရေးလုပ်ငန်းများအားလုံး ကျဆင်းသွားပေလိမ့်မည်။
စီးပွားရေးလုပ်ငန်းများနှင့် ဧရာမ ချမ်းသာကြွယ်ဝမှုများ မရှိတော့ပါက ကျောက်မိသားစုတွင် ဘာကျန်တော့မည်နည်း။
ထိုအချိန်ရောက်လျှင် သူတို့ အသက်ရှင်နေသေးလျှင်ပင် သေရသည်ထက် ဆိုးရွားသော ဘဝမျိုး ဖြစ်နေပေလိမ့်မည်။
သို့သော် ကျောက်မိသားစုက ယခုလက်ရှိအချိန်တွင်မှ လင်းမိသားစုနှင့် အမြန်ဆုံး ပြန်လည်သင့်မြတ်ရန် ကြိုးစားပါလျှင်လည်း လင်းမိသားစုဘက်က သဘောတူပါမည်လော။
ကျောက်မိသားစုမှာ ဒုက္ခတွင်းနက်နေပြီး ကျောက်ဖိန်၏ ဘဝသည်လည်း တဖြည်းဖြည်း ပိုမိုခက်ခဲလာသည်။ ယခင်က အလွန်အလိုလိုက်ခဲ့သော သူ့ဖခင်သည်ပင် ယခုအခါ သူ့ကို အမြဲတမ်း ရိုက်နှက်ဆဲဆိုနေတော့သည်။ အပြင်ထွက်ခွင့် ပိတ်ပင်ခံထားရပြီး ကျောက်မိသားစု၏ အိမ်တော်ထဲမှ ခြေတစ်လှမ်းပင် ထွက်ခွင့်မရှိတော့ပေ။ သူ့ဘဝကား အလွန် အသက်ရှူကျပ်စရာ ကောင်းလှပေသည်။
စိုးရိမ်ထိတ်လန့်နေကြသော ကျောက်မိသားစုအပြင် ကျန်းဇီဖုန်း၏ စိတ်အခြေအနေသည်လည်း မကောင်းလှပေ။
ကျောက်တုံးမြို့တွင် လင်းဖုန်းက သူ့ကို စော်ကားမော်ကား မလေးမစားဆက်ဆံခဲ့ကတည်းက ကျန်းဇီဖုန်း၏ ဂုဏ်သိက္ခာမှာ ကြီးကြီးမားမား ထိုးနှက်ခံခဲ့ရသည်။ နောက်ပိုင်းတွင် သိုင်းသမားများအတွက် မူဝါဒအသစ် ထွက်ပေါ်လာသောအခါ သူ အုပ်ချုပ်ရေးမှူးအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ပင် မရှိတော့ပေ။
ယခုမူ ကျန်းဇီဖုန်းသည် ရှေ့တန်းစစ်မြေပြင်သို့ သွားရောက်ကာ နတ်ဆိုးစစ်သူကြီးများနှင့် အသေအကြေတိုက်ပွဲများ ဆင်နွှဲနေရသည်။ ဤသည်မှာ ယခင်က သူအထင်သေးခဲ့သော အလုပ်ဖြစ်သော်လည်း ယခုမူ သူ့တွင် တခြားရွေးချယ်စရာ မရှိတော့ပေ။
ထိုနတ်ဆိုးစစ်သူကြီးများအားလုံးသည် အလွန်အစွမ်းထက်ကြပြီး သန်မာအားကောင်းမှုတွင် နတ်ဘုရားနယ်ပယ် သိုင်းသမားများထက် မနိမ့်ကျကြပေ။ စင်စစ်တွင် လအနည်းငယ်အတွင်း ကျန်းဇီဖုန်း အကြိမ်ပေါင်းများစွာ ဒဏ်ရာရခဲ့ပြီး တစ်ကြိမ်တွင်မူ အတော်ပင် ပြင်းထန်လှသော ဒဏ်ရာကိုပင် ရရှိခဲ့သေးသည်။
ကျန်းဇီဖုန်း စိတ်ထဲတွင်တနုံနုံဖြစ်နေသည်။ သူသည် လေးစားကိုးကွယ်ဖွယ်ကောင်းသော နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦး ဖြစ်၏။ သူ့စိတ်နေသဘောထားသည်လည်း မြင့်မြတ်သော နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်သည်။ ဤကဲ့သို့သော သနားစရာကောင်းသည့် ဘဝမျိုးကို သူ မည်သို့ သည်းခံနိုင်မည်နည်း။ ဤအရာများအားလုံးမှာ လင်းဖုန်းကြောင့် ဖြစ်သည်။ ထို့ကြောင့် သူ လင်းဖုန်းကို သေမတတ် မုန်းတီးနေ၏။
ကံမကောင်းစွာဖြင့် လက်ရှိတွင် သူသည် ရှေ့တန်းစစ်မျက်နှာပြင်တွင် ရောက်နေရသည်။ နတ်ဘုရားနယ်ပယ် သိုင်းသမားများပင် စစ်မြေပြင်မှ အလွယ်တကူ ထွက်ခွာခွင့်မရှိပေ။ ယခု တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲ စတင်လာသောအခါ ကျန်းဇီဖုန်း လင်းဖုန်းကို တွေ့လိုက်ရသည်။
ထို့ပြင် လင်းဖုန်းသည် တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲတွင် အလွန်ပင် ထင်ပေါ်ကျော်ကြားနေသေးသည်။ သူသည် ဖယ်ထုတ်ရေးအဆင့်များတွင် ဒုတိယရရှိခဲ့ပြီး အရည်အချင်းစစ်ပွဲများတွင်လည်း ပထမရရန် လုံးဝနီးပါးသေချာသလောက် ရှိနေသည်။
လင်းဖုန်း၏ အဆုံးအစမဲ့သော ဂုဏ်ကျက်သရေနှင့် နှိုင်းယှဉ်လျှင် သနားစရာကောင်းသော အခြေအနေမျိုးတွင် နေထိုင်နေရသည့် လေးစားဖွယ် နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦးဖြစ်သော သူသည် လင်းဖုန်းကို မည်သို့ မမုန်းဘဲ နေနိုင်မည်နည်း။
“လင်းဖုန်း... ဒီကိစ္စအားလုံးက မင်းကြောင့်ပဲ။ ဟမ့်.. ၉ လဆိုတဲ့ အချိန်လေးအတွင်းမှာ မင်းက တတိယအဆင့် အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ယောက်တောင် ဖြစ်လာခဲ့တယ်။ မင်းမှာ ဘာလျှို့ဝှက်ချက်မှ မရှိဘူးလို့ ဘယ်သူက ယုံမှာလဲ။ အဖွဲ့အစည်းကြီးငါးခုကပဲ ဒီကမ္ဘာကြီးကို အကြွင်းမဲ့ ချုပ်ကိုင်လွှမ်းမိုးထားနိုင်တာ မဟုတ်ဘူး။ အလင်းရောင်ရှိတဲ့ နေရာမှာ အမှောင်ထုလည်း ရှိမှာပဲ။ ဟမ့်..”
ကျန်းဇီဖုန်း၏ မျက်လုံးအစုံတွင် အေးစက်စက် အရိပ်အယောင်တစ်ခု ပေါ်လာသည်။
...
“ဟင်”
ရုတ်တရက် သတင်းတစ်ခုခု ရရှိလိုက်သကဲ့သို့ အကြီးအကဲခန်း၏ အမူအရာ ချက်ချင်းအနည်းငယ် ပြောင်းလဲသွားသည်။
“အကြီးအကဲခန်း... ဘာဖြစ်လို့လဲ”
သူတော်စင်ယွမ်ယီသည် အကြီးအကဲခန်းနှင့် အလွန် ရင်းနှီးသူဖြစ်သည်။ အကြီးအကဲခန်း တစ်ခုခု ဖြစ်နေကြောင်းကို သူ တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။
အကြီးအကဲခန်း၏ အမူအရာက တဖြည်းဖြည်း မှောင်မိုက်သွားသည်။ သူအေးစက်စက် ပြောလိုက်သည်။
“ကြွက်တချို့က လင်းဖုန်းကို သတိထားမိသွားပြီ”
သူတော်စင်ယွမ်ယီ၏ အမူအရာသည်လည်း အနည်းငယ်တင်းမာသွားသည်။ အကြီးအကဲခန်း ဘာကိုဆိုလိုကြောင်း သူ ကောင်းကောင်းသိသည်။
လူသားကမ္ဘာတစ်ခုလုံးကို အဖွဲ့အစည်းကြီးငါးခုနှင့် သူတော်စင်ကိုးပါးတို့က ထိန်းချုပ်ထားသော်လည်း သူတို့သည် လူ့သဘာဝကို အမှန်တကယ် ထိန်းချုပ်ရန်မူ မဖြစ်နိုင်ပေ။ လူ့သဘာဝသည် အရှုပ်ထွေးဆုံးသော အရာပင်။ အလင်းနှင့် အမှောင်သည် ဒင်္ဂါးတစ်ပြား၏ ခေါင်းနှင့်ပန်းကဲ့သို့ အတူတကွ တည်ရှိနေကြသည်။
သိုင်းသမားအားလုံးနှင့် နတ်ဘုရားနယ်ပယ် သို့တည်းမဟုတ် သာလွန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူအားလုံးသည် လူသားမျိုးနွယ်တစ်ခုလုံးအတွက် ရည်စူးထားကြသည် မဟုတ်ပေ။ သူတို့သည် အလင်းနှင့် အမှောင်၏ အစွန်းနံပါးတွင် လှည့်လည်နေကြသူများ ဖြစ်ကြသည်။ သိုင်းသမားတချို့တို့သည် သူတို့ကိုယ်ပိုင် သိုင်းပညာလမ်းစဉ်နှင့် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုအတွက်သာ ဇောက်ချတွေးကြသည်။
လူသားဆန်မှုနှင့် တရားမျှတမှုတို့မှာ သူတို့အတွက် ဘာမှမဟုတ်ပေ။
လင်းဖုန်းသည် ၉ လအတွင်း တတိယအဆင့် အသွင်ပြောင်းနယ်ပယ်သို့ ရောက်ရှိသွားကြောင်း လူတချို့ သတိပြုမိသွားကြသည်။ ဤအမြန်နှုန်းက တုန်ဖန်းရှန် တင်ထားခဲ့သော တစ်နှစ်နှင့် သုံးလဆိုသည့် စံချိန်ကိုပင် ချိုးဖျက်သွားခဲ့ပြီဖြစ်သည်။
ထို့ပြင် လင်းဖုန်း၏ စိတ်စွမ်းအား မည်မျှအထိ အံ့ဩစရာကောင်းလောက်အောင် အစွမ်းထက်ကြောင်းကိုလည်း လူတချို့ သတိပြုမိသွားကြသည်။ ဟင်းလင်းပြင်ပူပေါင်းအကြောင်းသိသော သိုင်းသမားတချို့သည် လင်းဖုန်းကို မသိမသာ တပ်မက်လာကြပြီး လင်းဖုန်းတွင် မသိနိုင်သော လျှို့ဝှက်ချက်တချို့ ရှိနေနိုင်သည်ဟု တွေးထင်ခံစားမိလာကြသည်။
ထိုလျှို့ဝှက်ချက်တို့ကို သူတော်စင်များက ဂရုမစိုက်ရုံဖြင့် အခြားသော နတ်ဘုရားနယ်ပယ်နှင့် သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများက ဂရုမစိုက်ဘူးဟု မဆိုလိုပေ။
ယခင်က တုန်ဖန်းရှန်ကိုလည်း ဤကဲ့သို့ပင် အာရုံစိုက်ခဲ့ကြသူများ ရှိသည်။ ထိုစဉ်က တုန်ဖန်းရှန်သည် ထူးထူးခြားခြား ပါရမီပါသူ တစ်ဦးဖြစ်သည်။ သူသည်လည်း အကျပ်အတည်း အနည်းငယ်နှင့် ကြုံတွေ့ခဲ့ရသော်လည်း နောက်ဆုံးတွင် အားလုံးကို ဖြေရှင်းနိုင်ခဲ့သည်။
အကြီးအကဲခန်းသည် ဤသတင်းကို ပြိုင်ဘက်ကင်းလက်သီးသူတော်စင်အား ပြောပြလိုက်သည်။
ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က အေးစက်စက် နှာမှုတ်ကာ ပြောလိုက်သည်။ “အဲဒီ အမှောင်ထဲက ကြွက်တွေ... ဘယ်သူတွေလဲဆိုတာ မသိစေနဲ့ပေါ့ကွာ။ သိလို့ကတော့လား အဲ့ကောင်တွေကို ငါကိုယ်တိုင် အရေဆုတ်ပစ်မယ်”
သို့သော် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ပင်လျှင် ဤသို့ရက်စက်သော စကားကိုသာ ပြောနိုင်ရုံပဲရှိ၏။
အဘယ်ကြောင့်နည်း။ အဓိကအကြောင်းရင်းမှာ ထိုသူတို့ကို ရှာတွေ့ရန်နည်းလမ်း လုံးဝမရှိသောကြောင့်ပင်ဖြစ်သည်။ အမှောင်ထဲတွင် ပုန်းကွယ်နေသော ထိုသိုင်းသမားများသည် အပြင်ပန်းတွင် ရှေ့တန်းစစ်မျက်နှာပြင်၌ ကြမ်းကြုတ်သားရဲများကို ရင်ဆိုင်တိုက်ခိုက်နေသည့် နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦး ဖြစ်နေနိုင်ပေသည်။
သို့သော် အမှောင်ထဲတွင်မူ သူတို့သည် အခြားသော အထောက်အထား၊ တခြားမျက်နှာတစ်ခုဖြင့် ပေါ်လာနိုင်ပေ၏။ အလင်းရောင်ရှိသော နေရာတွင် အမှောင်ထုလည်း ရှိစမြဲသာ။ သူတော်စင်ကိုးပါးနှင့် အဖွဲ့အစည်းကြီးငါးခုပင်လျှင် ဤအခြေအနေကို အပြီးတိုင် လုံးလုံးလျားလျား ဖယ်ရှားပစ်ရန် မဖြစ်နိုင်ပေ။
“ပြိုင်ဘက်ကင်း... လင်းဖုန်းရဲ့ မိသားစုကို စောင့်ရှောက်ဖို့ မင်းရဲ့ အကယ်ဒမီအဖွဲ့အစည်းက ကျွမ်းကျင်သူတချို့ကို စေလွှတ်လိုက်ပါ။ သူ့မိသားစုကို ဘာမှ အထိခိုက်ခံလို့ မဖြစ်ဘူး။ လင်းဖုန်းအတွက်ကတော့ သူက တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပြိုင်ပွဲထဲမှာ ရှိနေတယ်။ လောလောဆယ်ဆယ်တော့ သူ ဘာမှမဖြစ်နိုင်ပါဘူး”
အခြားသော သူတော်စင်များကလည်း ခေါင်းညိတ်သဘောတူလိုက်ကြသည်။ လင်းဖုန်းသည် အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးသာ ဖြစ်၏။ သူ့အတွက် သူတော်စင်များ၏ အာရုံစိုက်မှုကို ရရှိခြင်းကပင် အလွန် ကံကောင်းနေပြီဖြစ်သည်။ မည်သို့ပင်ဆိုစေ သူတော်စင်ကိုးပါးစလုံးမှာ ပြင်ပနယ်မြေ၏ အနက်ရှိုင်းဆုံးနေရာများတွင် စောင့်ကြပ်နေကြရသည်။ ကြီးကြီးမားမား အပြောင်းအလဲတစ်ခုခု မရှိပါက သူတို့ အလွယ်တကူ ထွက်ခွာလာမည် မဟုတ်ပေ။
“အခက်အခဲတချို့ကိုတော့ သူကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းရမှာပဲ...”
ထိုသို့ပြောပြီးနောက် အကြီးအကဲခန်း မျက်လုံးပြန်မှိတ်လိုက်သည်။ လင်းဖုန်း၏ အနာဂတ်အခြေအနေက အတော်လေး အန္တရာယ်များမည်ကို သူ ကောင်းကောင်းသိသည်။ သို့သော် ဤသည်ကလည်း ပါရမီရှင် သိုင်းသမားတစ်ဦး ဖြတ်သန်းရမည့် လမ်းစဉ်ပင် မဟုတ်ပါလား။
ထိုစဉ်က တုန်ဖန်းရှန်နှင့် အခြားသော ပါရမီရှင်များစွာလည်း ဤကဲ့သို့သော အခက်အခဲများဖြင့် ကြီးပြင်းလာခဲ့ရခြင်း ဖြစ်သည်။ သူတော်စင်များအနေဖြင့်သူတို့ကို အကူအညီတချို့ ပေးနိုင်သော်လည်း အချိန်တိုင်း ကူညီပေးရန်အတွက်မူ ဘယ်လိုမှ မဖြစ်နိုင်ပေ။
သိုင်းတာအိုလမ်းစဉ်သည် နောက်ဆုံးတွင် မိမိကိုယ်ကိုသာ အားကိုးအားထားပြုရမည်ဖြစ်ပေသည်။