အခန်း (၂၀၇-၂၀၈)
Vol. 18 Ch. 207-208
အခန်း (၂၀၇) - အရည်အချင်းစစ်ပွဲစဥ်များ
ဘာသာပြန် - အားသစ်
ရင်ပြင်ထဲတွင် သိုင်းသမား ဆယ်ယောက်သာ ကျန်ရှိတော့သည်။ ကျန်သူများအားလုံး ပြိုင်ပွဲမှ ဖယ်ထုတ်ခံလိုက်ရသည်။
သောင်းနှင့်ချီသော ပြိုင်ပွဲဝင်သိုင်းသမားများထဲမှ နောက်ဆုံးတွင် ဤအထူးချွန်ဆုံး လူဆယ်ယောက်ကို ရွေးချယ်နိုင်ခဲ့သည်။ အချို့သော သိုင်းသမားများမှာ သူတို့ ကံမကောင်းသောကြောင့်သာဟု ထင်မှတ်ခံစားရနိုင်သော်လည်း အများစုကမူ ယုံကြည်လက်ခံကြသည်။
ဤသိုင်းသမား ဆယ်ဦးစလုံးသည် အကြိမ် ၆၀ သို့မဟုတ် အကြိမ် ၇၀ ဆက်တိုက်အနိုင်ရခဲ့ကြသူများ ဖြစ်သည်။ သူတို့ထဲမှ အသန်မာဆုံးသူဆိုလျှင် ရှုံးပွဲမရှိဘဲ အကြိမ် ၉၀ ကျော်ပင် ဆက်တိုက် အနိုင်ရခဲ့သည်။ အပြင်ပန်းတွင် လင်းဖုန်းနှင့် ဂရီမန်တို့သာ ဆက်တိုက်အနိုင်ရမှု အများဆုံးဖြစ်သော်လည်း အမှန်တကယ် ယှဉ်ပြိုင်တိုက်ခိုက်ကြည့်ခြင်းမရှိဘဲ မည်သူက သူတို့ကိုယ်ကို အခြားသူများထက် နိမ့်ကျသည်ဟု တွေးထင်ကြမည်နည်း။
ထို့ကြောင့် ဖူလင်သည် လင်းဖုန်းနှင့် ဂရီမန်တို့ကို သားကောင်ချောင်းနေသော ကျားရဲတစ်ကောင်အလား စူးရဲစွာ ကြည့်နေသည်။ သူမသည် လင်းဖုန်းနှင့် ဂရီမန်တို့အောက် တတိယနေရာတွင် ရှိနေသည်။ သို့သော် သူမလို မာနခဲတစ်ယောက်က ဤကိစ္စကို ဘယ်လိုလုပ် အမှန်တကယ် လက်ခံနိုင်မည်နည်း။
ဖူလင် တစ်ယောက်တည်း မဟုတ်ပေ။ အခြားသိုင်းသမားများလည်း ထိုနည်းတူပင် ဖြစ်သည်။ သူတို့ အချင်းချင်း စိုက်ကြည့်နေကြစဉ် သူတို့မျက်လုံးများထဲရှိ တိုက်ခိုက်လိုစိတ်များက အလွန်အင်မတန် ပြင်းထန်နေသည်။
တစ်နာရီ အချိန်က အလျင်အမြန် ကုန်ဆုံးသွားသည်။ လင်းဖုန်းနှင့် အခြားသူများအားလုံး ပုံရိပ်ယောင်တိုက်ပွဲဝင်စနစ်ထဲသို့ ထပ်မံ ဝင်ရောက်သွားကြသည်။
“အရည်အချင်းစစ်ပွဲစဥ်တွေရဲ့ စည်းမျဉ်းတွေကို ကြေညာပေးပါမယ်။ ဒီပွဲစဉ်တွေအတွက် ဖယ်ထုတ်ရေးအဆင့် ရလဒ်တွေအပေါ် မူတည်ပြီး အုပ်စုငါးစု ခွဲပါမယ်။ အနိုင်ရတဲ့သူတွေက နောက်ဆုံး အဆင့်သတ်မှတ်ချက်ကို ဆုံးဖြတ်ဖို့ ထပ်မံမဲနှိုက်ရပါမယ်”
အမှန်တကယ်တော့ ဤနည်းလမ်းသည် ယခင်ဖယ်ထုတ်ရေးအဆင့်က နည်းလမ်းလောက်ပင် တရားမျှတမှု မရှိလှပေ။ အကယ်၍ အစွမ်းအထက်ဆုံး ကျွမ်းကျင်သူနှစ်ယောက်သာ စောစောစီးစီး တွေ့ဆုံခဲ့လျှင် မည်သို့လုပ်မည်နည်း။ မူလက ဒုတိယနေရာ ရနိုင်သူတစ်ယောက်သည် ဆဋ္ဌမနေရာသို့ ရောက်သွားနိုင်သည် မဟုတ်ပါလား။
သို့သော် တကယ့်လက်တွေ့တွင်မူ သိုင်းသမားများက ထိုသည်ကို နည်းနည်းမှ ဂရုမစိုက်ကြပေ။ အဘယ်ကြောင့်ဆိုသော် တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲ၏ ဆုချီးမြှင့်မှု စည်းမျဉ်းများအရ ပထမနေရာရမှသာ အကျိုးပြုတန်ဖိုး ၁၀,၀၀၀ ကို ရရှိနိုင်သောကြောင့်ပင်။ ဒုတိယ၊ တတိယမှစ၍ ဒသမနေရာအထိ ဆုလာဘ်များအားလုံးက လုံးဝ တူညီကြသည်။
ဤသည်က ဘာကို ဆိုလိုသနည်း။
ဤသည်မှာ အနိုင်ရသူက အားလုံးကို ရယူသွားမည်ဟု ဆိုလိုခြင်းပင်။ ဂုဏ်ကျက်သရေဆိုသည်မှာ ပထမနေရာအတွက်သာ ဖြစ်၏။ အကယ်၍ ပထမနေရာကိုသာ မရနိုင်ပါက ဒုတိယနေရာ ရရှိခဲ့လျှင်တောင်မှ တကယ်တန်းတွင် ရှုံးနိမ့်မှုတစ်ခုသာဖြစ်ပြီး သိပ်ပြီးအဓိပ္ပာယ်မရှိပေ။
ထို့ကြောင့် ဤမဲနှိုက်သည့်နည်းလမ်းမှာ တရားမမျှတဟု ထင်ရသော်လည်း စင်စစ်တွင်မူ အလွန် တရားမျှတလှသည်။ အဘယ်ကြောင့်ဆိုသော် ပထမနေရာကို ရလိုလျှင် ဆက်တိုက်အနိုင်ယူရမည် ဖြစ်သောကြောင့်ပင်။
“အရည်အချင်းစစ်ပွဲအတွက် သိုင်းသမားများ တွဲဖက်ပေးခြင်း -
ဂရီမန်နှင့် ဝမ်ရိမင်
လင်းဖုန်းနှင့် လျိုချန်ဖုန်း
ဖူလင်နှင့် အန်ဒေါ်
ဒါဒန်နှင့် ရှီအဲလစ်
လင်းရွှီနှင့် အိုယန်ကျင်း”
ရင်ပြင်ထဲရှိ သိုင်းသမားများစွာမှာ ရုတ်ချည်း တိတ်ဆိတ်သွားကြသည်။ မရေမတွက်နိုင်သော ပရိုဂျက်တာ ပုံရိပ်များ အနည်းငယ် မှေးမှိန်သွားပြီးနောက် မြင်ကွင်းငါးခု ပေါ်လာသည်။ ယင်းတို့မှာ သိုင်းသမားနှစ်ယောက်တွဲငါးတွဲ တိုက်ခိုက်နေသည့် မြင်ကွင်းများ ဖြစ်သည်။
ဤတိုက်ပွဲငါးပွဲသည် တစ်ပြိုင်နက်တည်း ကျင်းပနေခြင်းဖြစ်သော်လည်း အာရုံစိုက်မှု အများဆုံးရရှိသူများမှာ ဂရီမန်နှင့် လင်းဖုန်းတို့ မဟုတ်ဘဲ နောက်သုံးတွဲသာ ဖြစ်သည်။
မည်သို့ပင်ဆိုစေ လူတိုင်း၏အမြင်တွင် ဂရီမန်နှင့် လင်းဖုန်းတို့မှာ အခြားရှစ်ယောက်ထက် အပြတ်အသတ် ပိုမိုအစွမ်းထက်နေကြသည်။ အခြားသိုင်းသမားရှစ်ယောက်က ထိုသို့မထင်သော်လည်း လူအများစုကမူ ထိုသို့သာ ထင်မြင်ကြသည်။
သူတို့အတွက် ဂရီမန်နှင့် လင်းဖုန်းတို့၏ တိုက်ပွဲများက ရင်ခုန်စရာ မရှိသလောက်ပင် ဖြစ်သည်။ ကျန်သိုင်းသမား သုံးတွဲမှာ ခွန်အားချင်း မတိမ်းမယိမ်းဖြစ်သဖြင့် ရင်ခုန်စိတ်လှုပ်ရှားစရာ ပိုများပေမည်။
ပုံရိပ်ယောင်တိုက်ပွဲဝင်စနစ်ထဲတွင် ဂရီမန်နှင့် လင်းဖုန်းတို့သည် အခြားပွဲစဉ်သုံးပွဲကို ဂရုမစိုက်အားကြပေ။ သူတို့၏ မျက်လုံးထဲတွင် သူတို့ပြိုင်ဘက်များသာ ရှိသည်။
လင်းဖုန်း၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ ထိုအချိန်တွင် သူတို့၏ ပတ်ဝန်းကျင်တစ်ခွင်လုံးသည် သည်းသည်းထန်ထန် ရွာသွန်းနေသော မိုးသက်မုန်တိုင်းအောက်သို့ ရောက်ရှိနေသည်။ သူတို့နှစ်ယောက်သည် အချိန်ကြာမြင့်စွာ စွန့်ပစ်ထားဟန်တူသော အပျက်အစီးများကြားတွင် ဝန်းရံခံထားရသည်။ တွေ့မြင်ရသည်များမှာ ကမ္ဘာပျက်ကပ်တစ်ခုနှင့် တူနေ၏။
လျိုချန်ဖုန်းက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ရုတ်တရက် အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“စစ်တလင်းကို ချဲ့လို့ ရမလား”
“ရပါတယ်”
ထင်မှတ်မထားဘဲ ပုံရိပ်ယောင်တိုက်ပွဲဝင်စနစ်က အမှန်တကယ် တုံ့ပြန်လာခဲ့သည်။
“စစ်တလင်းမှာ အတားအဆီးတွေကို မသတ်မှတ်ဖို့ ကျွန်တော် တောင်းဆိုချင်ပါတယ်။ အတားအဆီးမရှိတဲ့ ပြင်ကျယ်ကျယ် စစ်တလင်းအပွင့်တစ်ခု လိုတယ်”
လျိုချန်ဖုန်း၏ အကြည့်က စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေသည်။
“စစ်တလင်း အတားအဆီးတွေကို ဖယ်ရှားပြီးပါပြီ။ စစ်တလင်းက လောလောဆယ် လုံးဝပွင့်နေပါပြီ”
ပုံရိပ်ယောင်စနစ် တုံ့ပြန်ဖြေကြားပြီးသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ အပျက်အစီးများအားလုံး အစအနမကျန် ပျောက်ကွယ်သွားသည်။ သည်းကြီးမည်းကြီး ရွာသွန်းနေသော မိုးစက်မိုးပေါက်များမှ အော်ညည်းသံများသာ ကျန်ရှိတော့သည်။ ယခုတွင် သူတို့နှစ်ယောက်သည် မျက်စိတစ်ဆုံး ကျယ်ပြောလှသော ဧရာမရင်ပြင်ကြီးတစ်ခုထက်တွင် ရောက်ရှိနေကြသည်။
အစပိုင်းတွင် လူအများစုက လင်းဖုန်းတို့၏ စစ်တလင်းကို သိပ်ပြီး အာရုံမစိုက်ခဲ့ကြပေ။ လျိုချန်ဖုန်း၏ တောင်းဆိုချက်ကို ကြားသောအခါ သူတို့လည်း အနည်းငယ် မှင်သက်သွားပြီး ဇဝေဇဝါ ဖြစ်သွားကြသည်။
“လျိုချန်ဖုန်း ဘာလုပ်နေတာလဲ”
“စစ်တလင်း ပတ်ဝန်းကျင်က ပြောင်းသွားသလိုပဲ။ ဒါပေမဲ့ ဘာအသုံးဝင်လို့လဲ”
“အကြွင်းမဲ့ ခွန်အားမရှိဘဲနဲ့ စစ်တလင်း ပတ်ဝန်းကျင် ပြောင်းတာက ဘာများအသုံးဝင်မှာလဲ”
“ဟင်... လျိုချန်ဖုန်း ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်က ရိုးရိုးရှင်းရှင်းဖြစ်ပုံမရဘူး။ ဖြစ်နိုင်တာက...”
“မင်းတို့လည်း စဉ်းစားမိသွားပြီလား။ ကြည့်ရတာ လျိုချန်ဖုန်းက လင်းဖုန်းကို လေ့လာစောင့်ကြည့်နေတာ အတော်ကြာပြီထင်တယ်။ မဆိုးဘူးဘဲ၊ ဒါက လင်းဖုန်းကို အခက်တွေ့စေနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းတောင် ဖြစ်နိုင်တယ်။ ဒီတိုက်ပွဲက တကယ်ကို စိတ်ဝင်စားစရာပဲ။ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေတောင် ရှိလာနိုင်တယ်ကွ”
သိုင်းသမားများစွာသည် စိတ်အားထက်သန်စွာ ဆွေးနွေးငြင်းခုံနေကြသည်။ တချို့သော သိုင်းသမားများက တစ်ခုခုကို ခန့်မှန်းမိသွားပုံရပြီး နားလည်ရခက်သော အမူအရာများ ရှိနေကြသည်။ ထိုအချိန်တွင် တချို့သိုင်းသမားများက အစစ်အမှန်ရည်ရွယ်ရင်းကို နားမလည်နိုင်ဘဲ လျိုချန်ဖုန်း၏ လုပ်ရပ်က ဘာကိုဆိုလိုမှန်း မသိဖြစ်နေကြသည်။
ဟောက်ရှီရီ၏ မျက်ဝန်းများလည်း အရောင်လက်သွားသည်။ သူက ရုတ်တရက် ချီးကျူးလိုက်သည်။ “လျိုချန်ဖုန်းလား။ သူက တော်တော်လေး ဉာဏ်ကောင်းတာပဲကွ။ အင်း...မဆိုးဘူး။ သူက လင်းဖုန်းရဲ့ တစ်ခုတည်းသော အားနည်းချက်ကို တိတိကျကျ ဆုပ်ကိုင်နိုင်ခဲ့တာပဲ”
ရှလောင်ကွေ့ပင်လျှင် ခေါင်းညိတ်ကာ ထောက်ခံလိုက်ရသည်။ “မှန်ပါတယ်။ ဒါက လင်းဖုန်းရဲ့ တစ်ခုတည်းသော အားနည်းချက် ဖြစ်နိုင်တယ်။ ဒီလျိုချန်ဖုန်းက တော်တော်လေး တော်ပြီး ဉာဏ်ကြွယ်တာပဲ”
သို့သော် သူတို့ စိုးရိမ်နေကြသလော။
အမှန်တကယ်တော့ ဟောက်ရှီရီနှင့် ရှလောင်ကွေ့တို့နှစ်ယောက်စလုံး လုံးဝမစိုးရိမ်ကြပေ။ သူတို့နှစ်ယောက်သည် လင်းဖုန်း၏ ခွန်အားကို ကောင်းကောင်းသိကြသည်။ အထူးသဖြင့် လင်းဖုန်း၏ မွေးရာပါစွမ်းရည်များက မည်မျှထိ ကြောက်စရာကောင်းကြောင်းကို သိထားသော ဟောက်ရှီရီ ဖြစ်၏။ ပြိုင်ပွဲအစမှအဆုံးတိုင် လင်းဖုန်းသည် ဟင်းလင်းပြင်ပူပေါင်းနည်းစနစ်မှလွဲ၍ အခြားမည်သည့်နည်းလမ်းကိုမျှ အသုံးမပြုရသေးပေ။
သူတော်စင်များပင်လျှင် လျိုချန်ဖုန်းသည် ဤကဲ့သို့သော နည်းလမ်းကို စဉ်းစားနိုင်စွမ်းရှိသဖြင့် အမှန်တကယ်ပင် တော်ကြောင်း တွေးမိကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်မိကြသည်။ ထို့ကြောင့် သူတော်စင်များ၏ အကြည့်များအားလုံး လင်းဖုန်းတို့၏ တိုက်ပွဲပေါ်သို့ စူးစိုက်ရောက်ရှိသွားကြသည်။ လင်းဖုန်းအနေဖြင့် ထိုသည်ကို မည်သို့ တုံ့ပြန်မည်ကို သူတို့လည်း မြင်တွေ့လိုကြသည်။
...
“စိတ်ဝင်စားစရာပဲ။ ဒီနည်းလမ်းကို မင်း ဘယ်လိုများ စဉ်းစားမိသွားတာလဲ”
လင်းဖုန်းသည် မျက်နှာချင်းဆိုင်ရှိ လျိုချန်ဖုန်းကို ကြည့်လိုက်ပြီး သူ့ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားသည်။
လျိုချန်ဖုန်းက ပြုံးလျက် ပြောလိုက်သည်။ “အမှန်တကယ်တော့ မင်းကို ငါ သတိထားမိနေတာ ကြာပါပြီ။ ငါလည်း အဲ့ဒီဟင်းလင်းပြင်ပူပေါင်းလို့ခေါ်တဲ့ ကြယ်တာရာသိုင်းပညာကို လေ့ကျင့်ဖူးပါတယ်။ ဒါပေမဲ့ အရမ်းခက်ခဲလွန်းလို့ နောက်ဆုံးမှာ ငါ လက်လျှော့လိုက်ရတယ်။ ငါ အောင်အောင်မြင်မြင် မလေ့ကျင့်နိုင်ခဲ့ဘူး ဆိုပေမဲ့ ဟင်းလင်းပြင်ပူပေါင်းနဲ့ ပတ်သက်ပြီး ငါ နားလည်ထားတာ တချို့တော့ရှိတာပေါ့။ ဟင်းလင်းပြင်ပူပေါင်းက အကန့်အသတ်မရှိ ကြီးမားနေလို့ မရဘူး။ ပြီးတော့ မင်းက ဟင်းလင်းပြင်ပူပေါင်းကို အထူးတလည် ကြီးမားတဲ့ အရွယ်အစားအထိ ဖန်တီးလိုက်မယ်ဆိုရင် သူ့ရဲ့ စွမ်းအားက အကြီးအကျယ် လျော့ကျသွားမှာပဲ။ ငါ့ခန္ဓာကိုယ်ထဲက ကြယ်တာရာစွမ်းအားမျှင် ၉၉၉၉ ခုက အဲဒါကို သေချာပေါက် ခုခံနိုင်မှာပဲ”
“တကယ်လို့ မင်းက ကြယ်တာရာပူပေါင်းရဲ့ အရွယ်အစားကို ထိန်းချုပ်ကန့်သတ်ထားမယ်၊ ပြီးတော့ ငါကလည်း အရှိန်အဟုန်လျင်မြန်သွက်လက်မှုနဲ့ နာမည်ကြီးတဲ့ သိုင်းသမားတစ်ယောက်ဖြစ်နေမယ်ဆိုရင် မင်း ငါ့အပေါ်မှာ ဟင်းလင်းပြင်ပူပေါင်းသုံးဖို့တောင် အခွင့်အရေး လုံးဝရမှာ မဟုတ်ဘူး။ အဲဒီအချိန်ကျရင် ဒါက ခံနိုင်ရည်ကို စမ်းသပ်တဲ့ တိုက်ပွဲတစ်ခု ဖြစ်သွားလိမ့်မယ်။ နောက်ဆုံး အနိုင်ရမယ့်သူက ဘယ်သူဆိုတာ သေချာပေါက် ပိုင်သေတွက်ထားလို့ မရတော့ဘူးပေါ့ကွာ”
လျိုချန်ဖုန်း၏ စကားများက နဝေတိမ်တောင်ဖြစ်နေကြသော သိုင်းသမားများကို အလင်းပြလိုက်သကဲ့သို့ ဖြစ်သွားစေသည်။ ယခင်ကတည်းက ဤအချက်ကို သူတို့ အဘယ်ကြောင့် မတွေးမိခဲ့ကြသနည်း။
မူလက ပုံရိပ်ယောင်တိုက်ပွဲဝင်စနစ်ရှိ စစ်တလင်းပတ်ဝန်းကျင်သည် အမြဲတစေ ပြောင်းလဲနေသကဲ့သို့ ရှိသော်လည်း စင်စစ်တွင်မူ ယင်းမှာ စစ်မြေပြင်တစ်ခု၏ စံနှုန်းအတိုင်း သတ်မှတ်ထားခြင်း ဖြစ်သည်။ တိုက်ခိုက်သူများအနေဖြင့် သူတို့ဖာသာ လိုသလို လှုပ်ရှားသွားလာနိုင်ဖို့ မလွယ်ပေ။
ထို့ကြောင့် လင်းဖုန်း၏ ဟင်းလင်းပြင်ပူပေါင်းက အလွန် အားသာချက် ရှိခဲ့သည်။ သူ့ပြိုင်ဘက်အားလုံးမှာ ဟင်းလင်းပြင်ပူပေါင်းကို ထိပ်တိုက်ရင်ဆိုင်ခုခံရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ပေ။ သို့သော် သူတို့သာ ထိပ်တိုက်ခုခံပါလျှင်လည်း အမှန်တကယ် ရင်ဆိုင်တားဆီးပိတ်ဆို့နိုင်ပါမည်လော။ တိုက်ပွဲတွင် လင်းဖုန်းအသုံးပြုတတ်သော ဟင်းလင်းပြင်ပူပေါင်းက အချင်းဝက်အားဖြင့် ခပ်သေးသေးသာဖြစ်သည်။ ထို့ကြောင့် ပူပေါင်း၏ စွမ်းအားမှာ မည်မျှထိ ကြောက်စရာကောင်းလိမ့်မည်နည်း။
ခန္ဓာကိုယ်ထဲတွင် ကြယ်တာရာစွမ်းအားမျှင် ၉၉၉၉ ခုရှိသော တတိယအဆင့် အသွင်ပြောင်းနယ်ပယ် ကျွမ်းကျင်သူများပင်လျှင် လင်းဖုန်း၏ ကြယ်တာရာပူပေါင်း ပြိုကွဲသည့်စွမ်းအားကို မခုခံနိုင်ခဲ့သဖြင့် တစ်ယောက်ပြီးတစ်ယောက် ပြိုလဲရှုံးနိမ့်ခဲ့ကြရသည်။
သို့သော် ပွင့်ဟရှင်းလင်းသော စစ်တလင်းပတ်ဝန်းကျင်တစ်ခုသာ ဖြစ်နေခဲ့လျှင်ကော။
အကယ်၍ သူသာ လင်းဖုန်း၏ ဟင်းလင်းပြင်ပူပေါင်းကို ရှောင်ရှားရန်နှင့် လင်းဖုန်း၏ ဟင်းလင်းပြင်ပူပေါင်းက သူ့ကို မဖမ်းမိမထိမိစေရန် အဆုံးအစမဲ့သော နေရာလွတ်ကျယ်ကျယ်ကို အသုံးချမည်ဆိုလျှင် လင်းဖုန်း၏ ဟင်းလင်းပြင်ပူပေါင်း မည်မျှပင် အစွမ်းထက်ပါစေဦးတော့ လက်တွေ့တွင် အသုံးဝင်တော့မည် မဟုတ်ပေ။
လင်းဖုန်းနှင့် တိုက်ခိုက်ခဲ့ဖူးသော သိုင်းသမားများအားလုံးမှာ ချက်ချင်းပင် နှမြောတသဖြစ်စွာဖြင့် ခေါင်းကိုသာ တွင်တွင်ခါမိလိုက်ကြသည်။ လင်းဖုန်းတွင် ဤမျှ သိသာထင်ရှားသော သေရေးရှင်ရေးတမျှ အားနည်းချက်တစ်ခု ရှိနေသည်ကို သူတို့ အဘယ်အကြောင်းကြောင့် စောစောစီးစီး မတွေ့ရှိခဲ့ကြသနည်း။
အကယ်၍ သူတို့သာ ထိုသည်ကို အစောကတည်းက စဉ်းစားမိခဲ့ပါက သူတို့ လင်းဖုန်းကို အနိုင်ယူနိုင်ကောင်း အနိုင်ယူနိုင်ခဲ့ပေလိမ့်မည်။ ယခုလို လျိုချန်ဖုန်း အခွင့်အရေးရမည် မဟုတ်ဘဲ သူတို့သာလျှင် ထိပ်သီးဆယ်ယောက်ထဲတွင် ရှိနေနိုင်ပေမည်။
ထာဝရသိုင်းတာအိုအရှင်
အခန်း (၂၀၈) - သေရေးရှင်ရေး အားနည်းချက်လော
ဘာသာပြန် - အားသစ်
“မဆိုးဘူး။ မင်းက လေ့လာစူးစမ်းနိုင်စွမ်း အရမ်းကောင်းတာပဲ။ ဟင်းလင်းပြင်ပူပေါင်းမှာ ဒီလိုအားနည်းချက်မျိုး ရှိနေတယ်ဆိုတာကို ငါကိုယ်တိုင်တောင် မေ့နေတာ”
ပုံရိပ်ယောင်တိုက်ပွဲဝင်စနစ်အတွင်းတွင် လင်းဖုန်းသည်လည်း လျိုချန်ဖုန်း၏ သုံးသပ်ချက်ကို သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။
လျိုချန်ဖုန်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “ငါ မင်းရဲ့ သေရေးရှင်ရေး အားနည်းချက်ကို ရှာတွေ့သွားပြီလေ။ ဒါတောင်မှ မင်းက နည်းနည်းလေးမှ စိုးရိမ်ပူပန်ပုံ မပေါ်ဘူး။ မင်းက တည်ငြိမ်ချင်ယောင် ဆောင်နေတာလား၊ ဒါမှမဟုတ် မင်းရဲ့စွမ်းရည်ကို မင်းလုံးဝယုံကြည်ချက်ရှိနေတာလား”
“ကဲ...ပြောနေလည်း အပိုပဲ။ တိုက်ကြရအောင်”
လင်းဖုန်း ခေါင်းခါလိုက်သည်။ ဟင်းလင်းပြင်ပူပေါင်းတွင် အားနည်းချက် ရှိသည်မှာ မှန်ပေသည်။ မည်သည့်သိုင်းပညာမှ အလုံးစုံပြီးပြည့်စုံခြင်း မရှိပေ။ အကယ်၍ အမှန်တကယ် ပြီးပြည့်စုံသော သိုင်းပညာဖြစ်ပါက ဟင်းလင်းပြင်ပူပေါင်းကို လေ့ကျင့်သူ ဤမျှနည်းပါးနေမည် မဟုတ်ပေ။ မည်မျှပင် ခက်ခဲပါစေ ထိုပညာရပ်ကို အစွမ်းကုန် လေ့လာမည့် သိုင်းသမားများ ရှိနေမည်သာ။
ဟင်းလင်းပြင်ပူပေါင်းနည်းစနစ်တစ်ခုတည်းကသာ ပြီးပြည့်စုံခြင်းမရှိသည်မဟုတ်ပေ။ လောကတွင် ပြီးပြည့်စုံသော သိုင်းပညာဟူ၍ တစ်ကြိမ်တစ်ခါမှ မရှိခဲ့ဖူးပေ။
လင်းဖုန်းသည် ဟင်းလင်းပြင်ပူပေါင်း၏ အားနည်းချက်ကို ကောင်းကောင်း သိသည်။ ဟင်းလင်းပြင်ပူပေါင်းသည် ပြိုင်ဘက်နှင့် ထိတွေ့ဝန်းရံမိမှသာ အလုပ်လုပ်နိုင်သည်။ အကယ်၍ ပြိုင်ဘက်ကိုသာ ထိတွေ့နိုင်ခြင်းမရှိပါက ဟင်းလင်းပြင်ပူပေါင်း မည်မျှပင် အစွမ်းထက်ပါစေ မသုံးမဝင်ပေ။
စင်စစ်တွင် ဤအားနည်းချက်သည် အပြင်လက်တွေ့လောကတွင် လင်းဖုန်းအပေါ် များစွာ သက်ရောက်မှု ရှိမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူ့တွင် ကြယ်တာရာစွမ်းအားမျှင် ၈၀,၀၀၀ ကျော် ရှိသောကြောင့်ပင်။ ဟင်းလင်းပြင်ပူပေါင်းကို မီတာတစ်ရာကျော်သည်အထိ ထိန်းသိမ်းထားရန် သူ့အတွက် ပြဿနာ မရှိပေ။
အချင်းဝက် မီတာတစ်ရာကျော်ရှိသော ကြယ်တာရာပူပေါင်းတစ်ခုက မည်မျှထိ ကြီးမားကျယ်ပြန့်လှမည်နည်း။
ထို့ပြင် ကြယ်တာရာစွမ်းအားမျှင် ၈၀,၀၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသောကြောင့် ကြယ်တာရာပူပေါင်းသည်မီတာတစ်ရာကျယ်သည်ဆိုသောငြား ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်နေဆဲ ဖြစ်ပေလိမ့်မည်။ အနည်းဆုံးတော့ တတိယအဆင့် အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးက ထိုစွမ်းအားကို လုံးဝခုခံနိုင်မည် မဟုတ်ပေ။
ကံမကောင်းစွာဖြင့် ဤသည်က အပြင်လောက မဟုတ်ပေ။ သူ့အစွမ်းအစတို့ကို ဖုံးကွယ်ထားရန်အလို့ငှာ လင်းဖုန်းသည် လောင်ဘီသမ်ကို သူ့ကိုယ်တွင်းရှိ ကြယ်တာရာစွမ်းအားကို ၉၉၉၉ မျှင်တွင်သာ ထိန်းသိမ်းထားစေခဲ့သည်။ ထို့ကြောင့် လက်ရှိအခြေအနေအရ မီတာတစ်ရာကျယ်သော ကြယ်တာရာပူပေါင်းကို ဖန်တီးရန်က သူ့အတွက် မဖြစ်နိုင်ပေ။ ဖန်တီးခဲ့လျှင်တောင်မှ လျိုချန်ဖုန်းကို ဒဏ်ရာရစေနိုင်စွမ်း ရှိမည်မဟုတ်ပေ။
သို့သော် လင်းဖုန်းတွင် ဟင်းလင်းပြင်ပူပေါင်းမှလွဲ၍ အခြားနည်းလမ်းများ မရှိတော့ပြီလော။
ဝှစ်
လျိုချန်ဖုန်း လှုပ်ရှားလိုက်သည်။ သူ့နာမည်က "လေကိုစီးနင်းခြင်း" ဟု အဓိပ္ပာယ်ရသည်။ သူသည် အပြင်လောကတွင်လည်း လေစွမ်းအင် မွေးရာပါစွမ်းရည်ကို နိုးထရရှိထားသူဖြစ်သည်။ ထို့အပြင် အရှိန်အဟုန်ကို အဓိကထားသော ကြယ်တာရာသိုင်းပညာများကိုလည်း ကျင့်ကြံထားသေးသည်။
ထို့ကြောင့် သူ့တစ်ကိုယ်လုံးမှာ ငှက်မွေးတစ်ချောင်းအလား ပေါ့ပါးလွင့်မျောနေသည်။ သူ့လှုပ်ရှားမှုများက ခန့်မှန်းရခက်ပြီး အလွန်မြန်ဆန်သွက်လက်လှသည်။ လင်းဖုန်းအနေဖြင့် သူ့ကို စိတ်စွမ်းအားဖြင့်ပင် ပစ်မှတ်ထား၍ မရနိုင်ပေ။ ဟင်းလင်းပြင်ပူပေါင်းကို အသုံးပြုရန်အတွက်မူ ဆိုဖွယ်ရာ မရှိတော့ပေ။
လျိုချန်ဖုန်းသည် အမှန်တကယ်ပင် အလွန်သတိကြီးသူ ဖြစ်သည်။ သူ လင်းဖုန်းကို ဟင်းလင်းပြင်ပူပေါင်းနည်းစနစ် အသုံးပြုရန် အခွင့်အရေးပေးမည် မဟုတ်ပေ။
ထိုသို့ဆိုလျှင်လည်း လင်းဖုန်းအတွက် ပြဿနာမရှိပေ။လျိုချန်ဖုန်းနှင့် အကြိတ်အနယ် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်လိုက်ရုံသာ ရှိတော့သည်။
“ချပ်ဝတ်”
လင်းဖုန်း ဟိန်းဟောက်လိုက်သည်။ ချက်ချင်းပင် မှင်ရည်ကဲ့သို့ မည်းနက်နေသော ချပ်ဝတ်တန်ဆာအလွှာတစ်ခုက သူ့ခန္ဓာကိုယ်ကို အလျင်အမြန် ဖုံးလွှမ်းသွားသည်။ ထိုချပ်ဝတ်အလွှာသည် လင်းဖုန်း၏ ခန္ဓာကိုယ်တစ်ခုလုံးနီးပါးကို အပြည့်အဝဖုံးလွှမ်းသွားပြီး မျက်လုံးများကိုသာ ဖော်ထားသည်။
သူ့ပခုံးများပေါ်မှ ချွန်ထက်လှသော ဆူးချွန်တချို့ ထွက်ပေါ်လာပြီး ကျောပြင်ပေါ်တွင်လည်း ကြောက်မက်ဖွယ်ကောင်းသော အဖုအကျိတ်တချို့ ရှိနေသည်။ လင်းဖုန်း၏ အရှိန်အဝါ တစ်ခုလုံး ပြောင်းလဲသွားသည်။ သူ့ပုံစံက ကြောက်မက်ဖွယ်အကောင်းဆုံး ကြမ်းကြုတ်သားရဲတစ်ကောင်အလား ကြီးကျယ်လှသော သတ်ဖြတ်လိုစိတ်များ ထုတ်လွှတ်နေသည်။
“ဟင်... မွေးရာပါစွမ်းရည်လား”
လျိုချန်ဖုန်း အလွန်ထူးခြားသည်ဟု ခံစားသွားရသည်။ လင်းဖုန်း၏ မွေးရာပါစွမ်းရည်သည် ကာကွယ်ရေးအတွက်ဖြစ်ကြောင်း ထင်ရှားလှသော်လည်း သူက တတိယအဆင့် အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးဖြစ်၏။ သာမန် ကာကွယ်ရေး မွေးရာပါစွမ်းရည်တစ်ခုက ဘာတွေများဟုတ်တိပတ်တိစွမ်းနိုင်မည်နည်း။
ကြယ်တာရာစွမ်းအား ပေါက်ကွဲထွက်လာသည်နှင့် ထိုစွမ်းအားမှာ တွေးကြည့်၍ပင် မရနိုင်လောက်အောင် ဖြစ်ပေလိမ့်မည်။
သို့သော် လင်းဖုန်း မပြီးသေးပေ။ အသွင်ပြောင်းနယ်ပယ် သိုင်းသမားများ၏ ကြယ်တာရာစွမ်းအား ပေါက်ကွဲမှုက မည်မျှထိ ကြောက်စရာကောင်းသည်ကို သူ အသေအချာသိသည်။ အတွေးတစ်ချက်နှင့်အတူ သူ အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။
“ကျောက်ဖြစ်စေခြင်း”
ဝူး
လင်းဖုန်း၏ ချပ်ဝတ်တန်ဆာမျက်နှာပြင်ပေါ်တွင် လှိုင်းဂယက်ကဲ့သို့ အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ ထို့နောက် သူ့ချပ်ဝတ်သည် ပိုမိုမာကျောသွားပြီး ခုခံကာကွယ်နိုင်စွမ်းလည်း အနည်းဆုံး နှစ်ဆ သုံးဆခန့် တိုးတက်သွားသည်။
ဤသည်မှာ လင်းဖုန်း မကြာသေးမီက သင်းခွေချပ်သားရဲမျိုးရိုးဗီဇကို ပေါင်းစပ်ရာမှ ရရှိခဲ့သော မွေးရာပါစွမ်းရည် ကျောက်ဖြစ်စေခြင်းပင် ဖြစ်သည်။ ထိုစွမ်းရည်သည် ကာကွယ်နိုင်စွမ်းတွင် လင်းဖုန်း၏ ချပ်ဝတ်တန်ဆာထက်ပင် သာလွန်သော်လည်း အလွန် သိသာထင်ရှားမှု မရှိပေ။ ဤပါးလွှာသော အလင်းလွှာလေးက မည်မျှထိ အစွမ်းထက်ကြောင်းကို မည်သူမျှ မသိသလောက်ပင် ဖြစ်၏။ သူတော်စင်တစ်ဦးပင်လျှင် ယင်းကို လင်းဖုန်း၏ ချပ်ဝတ်တန်ဆာမှ အလင်းရောင်ဟုသာ ထင်မှတ်မှားပေလိမ့်မည်။
သို့သော် ဤသည်ကပင် လင်းဖုန်းအတွက် ကျောက်ဖြစ်စေခြင်း မွေးရာပါစွမ်းရည်ကို ဖုံးကွယ်ထားရန် အထောက်အကူဖြစ်စေပြီး ပြိုင်ဘက်များကို သူ့အား အထင်သေးလျှော့တွက်စေနိုင်သည်။ လင်းဖုန်းသည် ကျောက်ဖြစ်စေခြင်းကဲ့သို့သော မွေးရာပါစွမ်းရည်ကို သဘာဝကျကျပင် သူကိုယ်တိုင်သိသာထင်ရှားအောင် ထုတ်ဖော်ပြသမည် မဟုတ်ပေ။
ထို့အပြင် လင်းဖုန်းတွင် မသေနိုင်သောအစွမ်းသတ္တိ ရှိသေးသည်။ ထို့ကြောင့် သူ မည်သည့် အသွင်ပြောင်းနယ်ပယ် သိုင်းသမားကိုမျှ မကြောက်ပေ။
“ခုတ်ပိုင်းစမ်း”
ရုတ်တရက် လင်းဖုန်းသည် မြင်တွေ့နိုင်ရန် မစွမ်းသာသော စွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်ကို ခုတ်ပိုင်းလာသည်ကို ခံစားလိုက်ရသည်။ သို့သော် ထိုခုတ်ပိုင်းချက်က သူ့ခန္ဓာကိုယ်ပေါ်ရှိ ကျောက်ဖြစ်စေခြင်းအလွှာကို လှိုင်းဂယက် အနည်းငယ် ထသွားရုံသာ ဖြစ်စေသည်။ အခြားမည်သည့် အကျိုးသက်ရောက်မှုမှ မရှိပေ။
ဤသည်က လျိုချန်ဖုန်း၏ စမ်းသပ်တိုက်ခိုက်မှုတစ်ခုသာ ဖြစ်သည်။
“သူ့ရဲ့ အကာအကွယ်က အဲဒီလောက်တောင် အစွမ်းထက်တာလား။ ကြည့်ရတာ သာမန်တိုက်ခိုက်မှုတွေက အသုံးမဝင်ဘူးပဲ။ ကြယ်တာရာစွမ်းအားကို ထုတ်သုံးမှပဲ ရတော့မယ်”
လျိုချန်ဖုန်းသည် ပုံမှန်အားဖြင့် သတိကြီးသူတစ်ယောက်ပင်။ များသောအားဖြင့် အပြည့်အဝ ယုံကြည်မှုမရှိဘဲ ဦးဆောင်တိုက်ခိုက်လေ့ မရှိပေ။
သို့သော် ယခုမူ သူ ဦးဆောင်တိုက်ခိုက်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။ ဤမျှကောင်းမွန်သော အခြေအနေများကို ဖန်တီးထားပြီး လင်းဖုန်း၏ လက်စွဲတော် ဟင်းလင်းပြင်ပူပေါင်းနည်းစနစ်၏ သေရေးရှင်ရေး အားနည်းချက်ကိုလည်း နားလည်ထားပြီး ဖြစ်သည်။ သူတို့နှစ်ဦးစလုံး တတိယအဆင့် အသွင်ပြောင်းနယ်ပယ်တွင် ရှိကြသည်။ ဘာကိုများ ကြောက်စရာ လိုသေးသနည်း။
ထို့ကြောင့် လျိုချန်ဖုန်းသည် အရှိန်ထပ်မြှင့်လိုက်ပြန်သည်။ လင်းဖုန်းထံသို့ အလျင်အမြန် ချဉ်းကပ်လာစဉ် အမြန်နှုန်းကြောင့် ပုံရိပ်ယောင်အချို့ပင် ပေါ်ထွက်လာသည်။
“ကောင်းတယ်”
လင်းဖုန်း အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်သည်။ သူသည် ဟင်းလင်းပြင်ပူပေါင်းကိုသာ အမြဲတစေအသုံးပြုခဲ့သည်။ သူ၏ သွယ်လျသော ခန္ဓာကိုယ်နှင့် ပေါင်းစပ်လိုက်သောအခါ လူအများက သူ့ကို ကြယ်တာရာစွမ်းအားနှင့် သိုင်းနည်းစနစ်တို့ကိုသာ အဓိကထားသူဟု ထင်မှတ်မှားကြပေလိမ့်မည်။ သို့သော် သူ့စိတ်ထဲတွင် အမှန်တကယ် နှစ်သက်လက်ခံထားသည်မှာ သူ့ကိုယ်ပိုင်လက်သီးများသာဖြစ်ကြောင်းကို လူများစွာ မသိခဲ့ကြပေ။
“လေပွေပေါက်ကွဲမှု”
လျိုချန်ဖုန်း အော်ဟစ်ကြုံးဝါးလိုက်သည်။ သူသည်လည်း ပြတ်သားသူတစ်ဦး ဖြစ်၏။ သူ့ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာစွမ်းအားမျှင် ၉၀၀၀ ကျော်လုံးနီးပါးကို စုစည်းလိုက်ပြီး အားလုံးကို သူ့လက်မောင်းထဲသို့ ရူးသွပ်စွာ စီးဝင်သွားစေသည်။
ရုတ်တရက်ပင် လျိုချန်ဖုန်းသည် ကြောက်မက်ဖွယ်ကောင်းသော လေပွေလေဝဲတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လင်းဖုန်းထံသို့ အရှိန်ပြင်းပြင်း တိုက်ခတ်လာသကဲ့သို့ ရှိသည်။ လင်းဖုန်း ဟင်းလင်းပြင်ပူပေါင်းကို အသုံးပြုရန် နောက်ကျသွားပြီ ဖြစ်သည်။
“ဟားဟား... လာစမ်းပါ။ လက်သီးတစ်ချက်တည်းနဲ့ အနိုင်အရှုံး ဆုံးဖြတ်ကြရအောင်”
လင်းဖုန်းသည် မွေးရာပါစွမ်းရည် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး သူ့အသွင်အပြင်က အလွန်ကြမ်းတမ်းခက်ထန်ဟန်ရှိသည်။ သူ့ခန္ဓာကိုယ်မှ နတ်ဆိုးဆန်သော အရှိန်အဝါများပင် ထွက်ပေါ်နေသည်။ လက်ရှိလင်းဖုန်းသည် အရင်ကနှင့် လုံးဝ မတူညီသော လူတစ်ယောက်ကဲ့သို့ ဖြစ်နေပြီး ကြည့်ရှုနေကြသူအားလုံးကို မှင်သက်အံ့သြသွားစေသည်။
ထိုအခိုက်အတန့်တွင် လင်းဖုန်း၏ ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာစွမ်းအားမျှင် ၉၉၉၉ လုံး တစ်ခဏတွင်းချင်း ပေါက်ကွဲထွက်လာသည်။
ကြယ်တာရာစွမ်းအား ပေါက်ကွဲခြင်း
ဝဲကယက်စွမ်းအားခြောက်ခု ပေါက်ကွဲခြင်း
ထက်မြသောဦးချို ပေါက်ကွဲခြင်း
လက်ရှိအချိန်တွင် လင်းဖုန်း မည်မျှ အစွမ်းထက်နေကြောင်းကို မည်သူမျှ ဖော်ပြနိုင်မည် မဟုတ်ပေ။
ကြယ်တာရာစွမ်းအားမျှင် တစ်ရာသည် တန် ၄၀၀ ခန့်ရှိသော ခွန်အားကို ထုတ်လွှတ်နိုင်သည်။ ထို့ကြောင့် ကြယ်တာရာစွမ်းအားမျှင် ၉၉၉၉ လုံး ပေါက်ကွဲထွက်လာသည်နှင့် အနည်းဆုံး တန် ၄၀,၀၀၀ ခန့်ရှိသော ခွန်အားကို ထုတ်လွှတ်နိုင်ပေလိမ့်မည်။
ထို့အပြင် ဝဲကယက်စွမ်းအားခြောက်ခုလည်း ရှိသေးသည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ခွန်အားနှင့် ပေါင်းစပ်လိုက်သောအခါ အနည်းဆုံး တန် ၄၀၀၀ ကျော်ရှိသော ခွန်အားကို ထုတ်လွှတ်နိုင်သည်။
ထက်မြသောဦးချိုလည်း ရှိသေးသည်။ ၎င်းမှာ ဖျက်ဆီး၍မရနိုင်သည့်ဂုဏ်သတ္တိသာရှိပြီး ခွန်အားအဖြစ် ပြောင်းလဲ၍မရပေ။ အကယ်၍ ထိုစွမ်းရည်ကိုသာ အမှန်တကယ် ခွန်အားအဖြစ် ပြောင်းလဲနိုင်ပါက တန် ၄၀၀၀ ရှိသော ခွန်အားထက် နိမ့်ကျမည်မဟုတ်ချေ။ ပို၍ပင် အစွမ်းထက်နိုင်သေးသည်။
မည်သည့် အသွင်ပြောင်းနယ်ပယ် သိုင်းသမားက ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ယှဉ်နိုင်မည်နည်း။
ဘုန်း
သူတို့နှစ်ဦး ပြင်းပြင်းထန်ထန် ရိုက်ခတ်မိသွားကြသည်။ ဤသည်က စစ်မှန်သော ခွန်အားချင်း ရိုက်ခတ်မှုပင် ဖြစ်၏။ တိုက်ပွဲမြင်ကွင်းတစ်ခုလုံး ရုတ်တရက် တုန်ခါသွားသကဲ့သို့ ဖြစ်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော ရိုက်ခတ်မှုတစ်ခုက ပတ်ဝန်းကျင်အရပ်မျက်နှာတစ်ခွင်လုံးကို အလျင်အမြန် ပြန့်နှံ့သွားသည်။
ထိတွေ့ရိုက်ခတ်မှု အရှိန်အဟုတ်ကြောင့် အရပ်မျက်နှာ အနှံ့အပြားသို့ လေလှိုင်းများပင် အရှိန်အဟုန်ပြင်းစွာ တိုက်ခတ်သွားသည်။ ထိုအခိုက်အတန့်တွင် ပထမအဆင့် အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးပင်လျှင် နောက်ဆက်တွဲ ရိုက်ခတ်မှုကြောင့် အပိုင်းပိုင်းအစစ ဖြစ်သွားပေလိမ့်မည်။ မူလက ပြန့်ကျဲနေသော မြေပြင်မှာ ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး ငလျင်လှုပ်သကဲ့သို့ လျင်မြန်စွာ အက်ကွဲသွားသည်။
ဤသည်မှာ စစ်မှန်သော ကပ်ဘေးကြီးတစ်ခုပင် ဖြစ်ပေ၏။ ပုံရိပ်ယောင်တိုက်ပွဲဝင်စနစ်က ပုံဖော်ထားခြင်း ဖြစ်သော်လည်း ဤပုံဖော်မှုက လုံးဝအပြစ်ဆိုစရာမရှိလောက်အောင် လက်တွေ့ဆန်လှသည်။ အကယ်၍ လင်းဖုန်းနှင့် လျိုချန်ဖုန်းတို့သာ ထိုအခိုက်အတန့်တွင် အပျက်အစီးများကြား၌ အမှန်တကယ် တိုက်ခိုက်နေကြပါက အပျက်အစီးများအားလုံး အစောကြီးကတည်းက မြေပြင်နှင့် တစ်ပြေးတည်း ဖြစ်သွားလောက်ပြီ။
ဤသည်မှာ အစစ်အမှန် တိုက်ပွဲဖြစ်သည်။ မလိုအပ်သော လှပသည့် အပိုလှုပ်ရှားမှုများ သို့မဟုတ် နည်းစနစ်များ မရှိပေ။ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မှုသက်သက်သာ ဖြစ်သည်။ ကြောက်မက်ဖွယ်အကောင်းဆုံး ဗုံးတစ်လုံးထက် များစွာ ပိုမိုဆိုးရွားပြင်းထန်သော ဖျက်ဆီးနိုင်စွမ်းက ကမ္ဘာပေါ်ရှိ လူတိုင်း၏ရှေ့မှောက်တွင် တိုက်ရိုက်ပေါ်လာသည်။
သူတို့၏ ရင်ထဲအသည်းထဲမှ ထိတ်လန့်တုန်လှုပ်မှုကြောင့် လူများစွာမှာ ရုပ်မြင်သံကြား ဖန်သားပြင်ကိုသာ မှင်သက်စွာ ငေးမောကြည့်နေမိကြသည်။
ဤသည်က သိုင်းသမားများ၏ စစ်မှန်သော ခွန်အားပင််။ ထိုအဆင့်ရှိ ဖျက်ဆီးနိုင်စွမ်းမှာ ကျွမ်းကျင်သူများ အသုံးပြုသော ကိန်းဂဏန်း အချက်အလက်များ သို့မဟုတ် နာမဝိသေသနများထက် များစွာ ပိုမို ထိတ်လန့်အံ့သြစရာ ကောင်းလှပေသည်။
ဖန်သားပြင်တစ်ခုလုံး လုံးဝတိတ်ဆိတ်သွားသည်။ ဤထိတ်လန့်ဖွယ်ကောင်းသော ထိပ်တိုက်ရင်ဆိုင်မှုတွင် အနိုင်ရရှိသူက မည်သူနည်း။