အခန်း (၂၀၉-၂၁၀)
Vol. 18 Ch. 209-210
အခန်း (၂၀၉) - လက်သီးသုံးရတာ ပိုသဘောကျတယ်
ဘာသာပြန် - အားသစ်
တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်ပေါ်တွင် မီတာရာနှင့်ချီသော ပတ်ဝန်းကျင်တစ်ခုလုံး အပျက်အစီးအပြည့် ဖြစ်နေသည်။
မြေပြင်ထက်တွင်လည်း ငလျင်လှုပ်၍ မြေပြိုကျနိမ့်ဆင်းသွားသည့်အလား ဧရာမ ကျင်းကြီးတစ်ကျင်း ပေါ်နေသည်။ သို့သော် ဤပျက်စီးမှုက လင်းဖုန်းနှင့် လျိုချန်ဖုန်းတို့ အစွမ်းကုန် တိုက်ခိုက်လိုက်စဉ် ထွက်ပေါ်လာသော နောက်ဆက်တွဲ ရိုက်ခတ်မှုလှိုင်းကယက်များကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်ကို လူတိုင်းသိကြသည်။
ပေါက်ကွဲမှုအဟုန်ကြောင့် မြေပြင်မှာ ချက်ချင်းဆိုသလို မီတာရာနှင့်ချီသော အကွာအဝေးအထိ နက်နက်ရှိုင်းရှိုင်း နိမ့်ဆင်းသွားရသည်။ ထိုစွမ်းအားက မည်မျှထိ ကြောက်စရာကောင်းလိုက်သနည်း။
ဖုန်မှုန့်များ ငြိမ်သက်သွားသောအခါ ဖန်သားပြင်ပေါ်တွင် ပုံရိပ်တစ်ခု တဖြည်းဖြည်း ပေါ်လာသည်။ ထိုပုံရိပ်သည် ကြမ်းတမ်းခက်ထန်ဟန်ရှိသော ချပ်ဝတ်တစ်စုံကို ဝတ်ဆင်ထားဆဲပင်။ ထိုချပ်ဝတ်တွင် ထိရာရှရာ အပျက်အစီးဟူ၍ ပြောပလောက်စရာ အနည်းငယ်မျှပင် မရှိချေ။
လင်းဖုန်း၏ အကြည့်များက ကန်ရေပြင်အလား တည်ငြိမ်နေသည်။ သူ အောက်ရှိ ဧရာမကျင်းကြီးထဲကို ငုံ့ကြည့်လိုက်သည်။ ထိုကျင်းထဲတွင် ဘာမှ မကျန်တော့ပေ။
“တကယ်တော့... ငါက လက်သီးသုံးရတာကို ပိုတောင်သဘောကျသေးတယ်...”
လင်းဖုန်း ကောင်းကင်ကို မော့ကြည့်ကာ အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။
ဝှစ်
လျိုချန်ဖုန်း နိုးလာသော်လည်း သူ့နဖူးနှင့် ကျောပြင်တွင် ချွေးအေးများ ထွက်နေသည်။ သူ ရှုံးသွားခဲ့ပြီ။ အလွန့်အလွန်ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ခြင်း ဖြစ်၏။
မူလက လင်းဖုန်း၏ လက်စွဲတော် ဟင်းလင်းပြင်ပူပေါင်းနည်းစနစ်ရှိ သေရေးရှင်ရေး အားနည်းချက်ကို သူ သိနားလည်သွားသဖြင့် အနိုင်ရရန်က လက်တစ်ကမ်းအလိုတွင်သာဟု သူ ထင်ခဲ့သည်။ သို့သော် လက်တွေ့တွင်မူ...
စောစောက ထိုကြောက်မက်ဖွယ်ကောင်းသော လက်သီးချက်နှင့် အနှိုင်းမဲ့စွမ်းအားတို့က သူ့ကို ရင်ထဲအသည်းထဲမှ နက်နက်ရှိုင်းရှိုင်းစိတ်ပျက်အားငယ်မှုကို ခံစားရစေသည်။ ထိုကဲ့သို့သော စွမ်းအားမျိုးက အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦး ပိုင်ဆိုင်နိုင်သော အရာမျိုး စင်စစ်ဧကန် ဖြစ်နိုင်ပါမည်လော။
ထိုလက်သီးချက်က သူ့မာနနှင့် လေထဲကအိမ်ကလေးကို အပိုင်းပိုင်းအစစ ဖြစ်သွားစေသည်။ (လေထဲကအိမ်ကလေး= စိတ်ကူးယဉ် အစီအစဉ်) နည်းပရိယာယ်များ၊ အစီအစဉ်များနှင့် အားနည်းချက်အားသာချက်များ အားလုံးမှာ အကြွင်းမဲ့ခွန်အားရှေ့မှောက်တွင်မူ လုံးဝအသုံးမဝင်ပေ။ အကြွင်းမဲ့လွှမ်းမိုးနိုင်စွမ်းရှိသော ပြင်းထန်ကြမ်းတမ်းသည့် ခွန်အားတစ်ခုတည်းက အရာအားလုံးကို ဖျက်ဆီးပစ်နိုင်ကြောင်း သူ့ကို နားလည်သွားစေသည်။
ဟင်းလင်းပြင်ပူပေါင်းနည်းစနစ်သည် အလွန် အစွမ်းထက်ကောင်း အစွမ်းထက်နိုင်သော်လည်း ယင်းကား လင်းဖုန်း၏ နည်းလမ်းများစွာထဲမှ တစ်ခုသာ ဖြစ်၏။ အမှန်တကယ် ကြောက်စရာကောင်းသည်မှာ ဟင်းလင်းပြင်ပူပေါင်း မဟုတ်ဘဲ လင်းဖုန်း ကိုယ်တိုင်သာ ဖြစ်ပေသည်။
“ငါ အရှုံးပေးပါတယ်...”
လျိုချန်ဖုန်း၏ အမူအရာမှာ မှိုင်တွေနေပြီး အားမရှိသော အပြုံးဖျော့ဖြင့် ပြောလိုက်သည်။ သူ ရှုံးသွားခဲ့ပြီ။ အမှန်တကယ်တော့ သူ့စိတ်ဝိညာဉ်တစ်ခုလုံး ကြီးကြီးမားမား တုန်လှုပ်သွားခဲ့ရသည်။ ဆဋ္ဌမနေရာမှ ဒသမနေရာအထိ အဆင့်များအတွက် ဆက်လက် တိုက်ခိုက်နိုင်သေးသော်လည်း သူ လုံးဝစိတ်ဝင်စားမှု မရှိတော့ပေ။
ဆဋ္ဌမရရင်ရော ဘာဖြစ်လဲ။ ဒသမရတော့ရော ဘာဖြစ်သေးလဲ။ အားလုံး အတူတူပင်။ သူ့တွင် ယခင်ကကဲ့သို့ တက်ကြွသွေးဆူမှုမျိုး မရှိတော့ပေ။
“လင်းဖုန်း အနိုင်ရတယ်”
ဖန်သားပြင်ပေါ်တွင် လင်းဖုန်း၏ အမည်နာမက အရင်ဦးဆုံး ထင်ထင်ရှားရှားပေါ်လွင်လာသည်။ သိုင်းသမား နှစ်ယောက်တွဲအုပ်စုငါးစုထဲတွင် လင်းဖုန်းသည် ပြိုင်ဘက်ကို အနိုင်ယူရန် အချိန်အနည်းဆုံး ယူခဲ့သူဖြစ်၏။ တကယ်တန်း တိုက်ခိုက်ချိန်က ဆယ်စက္ကန့်ပင် မပြည့်ခဲ့ပေ။
လူများစွာ မှင်သက်သွားကြသည်။ သူတို့ အကြီးအကျယ် တုန်လှုပ်သွားကြပြီး အနည်းငယ် ဝေခွဲမရဖြစ်နေသကဲ့သို့ပင် ခံစားလိုက်ရသည်။
လျိုချန်ဖုန်းက လင်းဖုန်း၏ သေရေးရှင်ရေး အားနည်းချက်ကို ရှာတွေ့ထားသည် မဟုတ်ပါလား။
နောက်ဆုံးတွင် လင်းဖုန်းက ဟင်းလင်းပြင်ပူပေါင်းကိုပင် အသုံးမပြုခဲ့ပေ။ လျိုချန်ဖုန်း အဘယ်ကြောင့် ရှုံးနိမ့်သွားရသနည်း။
ပုံရိပ်ယောင်တိုက်ပွဲဝင်စနစ်တွင် ပြန်လည်ကြည့်ရှုမှုများ ပြုလုပ်နိုင်သည်။ ထို့ကြောင့် ရုပ်မြင်သံကြား ထုတ်လွှင့်မှုများစွာတွင် ပြန်လည်ပြသမှုများ ပါဝင်လာသည်။ ပြန်လည်ပြသမှုများမှတစ်ဆင့် လင်းဖုန်း၏ လက်သီးချက်တွင် မည်မျှ ဖျက်ဆီးနိုင်စွမ်းရှိသော စွမ်းအားများ ပါဝင်နေသည်ကို သူတို့ ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။
ထိုဖျက်ဆီးနိုင်စွမ်းကို သူတို့ကိုယ်တိုင် မျက်မြင်ဒိဋ္ဌ မြင်တွေ့ခဲ့ရသည်။ လျိုချန်ဖုန်းတစ်ယောက် မည်သည့် ခုခံမှုမျှ မပြုလုပ်နိုင်ဘဲ တိုက်ရိုက်ပြိုလဲသွားခဲ့ရသည်။ ဤသည်မှာ အကြွင်းမဲ့ နှိပ်ကွပ်ခြင်းပင် ဖြစ်သည်။ အကယ်၍ ဤသည်က လက်တွေ့လောကတွင်သာ ဆိုလျှင် လျိုချန်ဖုန်းအနေဖြင့် စောစောက လက်သီးချက်ကြောင့် သွေးမြူများအဖြစ်သို့ လွင့်ပါးပျောက်ကွယ်သွားလောက်ပေပြီ။
ထိုအခိုက်အတန့်တွင် မြင်းနက်က မြင်းနက်သာ မဟုတ်တော့ချေ။ စစ်မှန်သော ထိပ်တန်းသိုင်းသမားတစ်ဦး ဖြစ်နေပြီဖြစ်သည်။ လင်းဖုန်း ဤနေရာသို့ ရောက်ရှိလာခြင်းက ဟင်းလင်းပြင်ပူပေါင်းကိုသာ အားကိုးခြင်းကြောင့် မဟုတ်ဘဲ စစ်မှန်သော ခွန်အားကြောင့်သာ ဖြစ်၏။
မူလက လျိုချန်ဖုန်းအပေါ် အလွန်မနာလိုဖြစ်နေခဲ့ကြပြီး လင်းဖုန်း၏ သေရေးရှင်ရေး အားနည်းချက်ကို သူတို့ကိုယ်တိုင် မတွေ့ရှိခဲ့ခြင်းအပေါ် နှမြောတသဖြစ်နေသော သိုင်းသမားများလည်း ယခုအခါတွင် မှင်သက်အံသြနေကြသည်။ သူတို့၏ မျက်နှာထက်တွင် ရှက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
လင်းဖုန်းတွင် သေရေးရှင်ရေး အားနည်းချက် ရှိပါသလော။
ယခင်က သူတို့သည် လင်းဖုန်းတွင် အားနည်းချက်ရှိသည်ဟု ထင်မြင်ခဲ့ကြပြီး လျိုချန်ဖုန်းက ထိုအားနည်းချက်ကို ရှာတွေ့သွားပြီဟု ယုံကြည်မှုအပြည့်ဖြင့် တွေးခဲ့ကြသည်။ သို့သော် ယခုမူ... လျိုချန်ဖုန်း ရှာတွေ့ခဲ့သည်မှာ လင်းဖုန်း၏ အားနည်းချက် မဟုတ်ဘဲ ဟင်းလင်းပြင်ပူပေါင်းနည်းစနစ်၏ အားနည်းချက်သာ ဖြစ်ကြောင်း သူတို့ ရုတ်တရက် သဘောပေါက်သွားကြသည်။
ဟင်းလင်းပြင်ပူပေါင်း မရှိလျှင်တောင်မှ လင်းဖုန်းက သာမန်အသွင်ပြောင်းနယ်ပယ် သိုင်းသမားများ ယှဉ်ပြိုင်နိုင်မည့် သူမဟုတ်ပေ။
“အထင်ကြီးစရာပဲ... တကယ့်ကို အထင်ကြီးလောက်စရာပဲ”
“လင်းဖုန်းက အရမ်းအစွမ်းထက်တာပဲကွ။ လျိုချန်ဖုန်းမှာလည်း ကြယ်တာရာစွမ်းအားမျှင် ၉၉၉၉ခု ရှိတာပဲမလား။ ဒါပေမဲ့ ခွန်အားချင်းကျ ဘာလို့ ဒီလောက်တောင် ကွာခြားနေရတာလဲ။ လျိုချန်ဖုန်းခမျာ တစ်ချက်တည်းနဲ့ ပြိုလဲသွားရတယ်။ မယုံနိုင်စရာပဲကွာ”
“ဒါက မွေးရာပါစွမ်းရည်ကြောင့် ဖြစ်ရမယ်။ လင်းဖုန်းရဲ့ ချပ်ဝတ်ကို ကြည့်လိုက်။ နောက်ဆက်တွဲ ရိုက်ခတ်မှုတွေက သူ့ခန္ဓာကိုယ်ကိုမပြောနဲ့ အဲ့ဒီချပ်ဝတ်ကိုတောင် ပွန်းရာပဲ့ရာထင်အောင် မလုပ်နိုင်ဘူး။ လင်းဖုန်း နိုးထထားတဲ့ မွေးရာပါစွမ်းရည်က အရမ်းကို အစွမ်းထက်လွန်းတယ်ကွာ”
“ငါ အင်တာနက်မှာ နဂါးကျောက်တုံးမြို့တုန်းက လင်းဖုန်းရဲ့ တိုက်ပွဲဗီဒီယိုကို ရှာကြည့်ဖူးတယ်။ လင်းဖုန်းက သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ခွန်အားကို သေသေချာချာ လေ့ကျင့်ထားတာ။ သူက ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ရဲ့ ကိုးထပ်ခန္ဓာကိုယ်ကျင့်စဥ်ကိုလည်း လေ့ကျင့်ထားတယ်လို့ ငါ ကြားဖူးတယ်။ ငါ မမှားဘူးဆိုရင် သူ အခုထိ အဲဒီခန္ဓာကိုယ်ကျင့်စဥ်ကို ကျင့်နေတုန်းပဲ ဖြစ်ရမယ်။ ကြယ်တာရာစွမ်းအား ပေါက်ကွဲမှုအပြင် သူ့မှာ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ခွန်အားလည်း ရှိနေသေးတယ်လေ”
“မျှော်လင့်ထားတဲ့အတိုင်း မြင်းနက်ကတော့ မြင်းနက်ပါပဲ။ ကြည့်ရတာ လင်းဖုန်း တစ်ယောက်ပဲ ဂရီမန်ရဲ့ နေရာကို စိန်ခေါ်နိုင်လိမ့်မယ်ထင်တယ်”
လျိုချန်ဖုန်း ရှုံးနိမ့်သွားပြီး လင်းဖုန်း အနိုင်ရရှိသွားသည်။ ထို့အပြင် လင်းဖုန်းသည် လျိုချန်ဖုန်းကို အကြွင်းမဲ့ ခွန်အားဖြင့် နှိမ်နင်းခဲ့ခြင်း ဖြစ်သည်။ သူ လျိုချန်ဖုန်းကို ထိပ်တိုက်ရင်ဆိုင် အနိုင်ယူကာ လူတိုင်းအား သူ့ခွန်းအားကို ယုံကြည်လက်ခံစေခဲ့သည်။
လင်းဖုန်း၏ သေရေးရှင်ရေး အားနည်းချက် ဆိုသည်မှာကော။ ယင်းကား ဟာသတစ်ခုထက် မပိုတော့ပေ။ လင်းဖုန်း၏ အားနည်းချက်ဟု ခေါ်ကြသည့်အရာကို မည်သူမျှ ဂရုမစိုက်တော့ပေ။ ဟင်းလင်းပြင်ပူပေါင်း မရှိလျှင်တောင်မှ လင်းဖုန်းက သာမန်အသွင်ပြောင်းနယ်ပယ် သိုင်းသမားများအနေဖြင့် ဖက်တုယှဉ်ပြိုင်နိုင်သည့် သူ မဟုတ်တော့ပေ။
လင်းဖုန်းသည် ပြိုင်ဘက်ကို ပထမဆုံးနှင့် အမြန်ဆုံးအနိုင်ယူနိုင်ခဲ့သူဖြစ်ပြီး ကျန်အုပ်စုလေးစု၏ ရလဒ်များလည်း မကြာမီ ထွက်ပေါ်လာသည်။
ဂရီမန်၊ ဖူလင်နှင့် ဒါဒန်တို့ တစ်ယောက်ပြီးတစ်ယောက် သူတို့၏ ပြိုင်ဘက်များကို အနိုင်ယူခဲ့ကြသည်။ လင်းရွှီနှင့် အိုယန်ကျင်းတို့၏ တိုက်ပွဲကမူ အိုယန်ကျင်း အသာစီးရမှုဖြင့်သာ ပြီးဆုံးသွားသည်။
ဤသည်က ဖယ်ထုတ်ရေးအဆင့်များမှ အဆင့်သတ်မှတ်ချက်များအတိုင်းသာ ဖြစ်နေသည်။ ယင်းတို့မှာ အတော်လေး ယုံကြည်စိတ်ချရသည်။ အခြေခံအားဖြင့် အဆင့်ပ်ုမြင့်သော သိုင်းသမားများကသာ အနိုင်ရရှိခဲ့ကြသည်။ အိုယန်ကျင်းသည် လင်းရွှီထက် အဆင့်နိမ့်သော်လည်း ပြိုင်ဘက်ကို အနိုင်ယူနိုင်ခဲ့ခြင်းက သူတို့၏ အဆင့်သတ်မှတ်ချက်များမှာ အစကတည်းက အလွန် နီးစပ်နေသောကြောင့် ဖြစ်သည်။ တစ်ယောက်က ပဉ္စမဖြစ်ပြီး အခြားတစ်ယောက်က ဆဋ္ဌမဖြစ်သည်။ ခွန်အားချင်းက သိပ်မကွာလှပေ။
သို့သော် လက်တွေ့တိုက်ခိုက်ရာတွင် အိုယန်ကျင်းက လင်းရွှီထက် ပိုမိုတည်ငြိမ်သဖြင့် နောက်ဆုံးတွင် အိုယန်ကျင်း အနိုင်ရရှိသွားခြင်း ဖြစ်သည်။
လင်းဖုန်း၊ ဂရီမန်၊ ဖူလင်၊ ဒါဒန်နှင့် အိုယန်ကျင်းတို့က ယခုအကျော့တွင် အနိုင်ရရှိသူများဖြစ်ကြသည်။ သူတို့ငါးယောက်စလုံး နောက်တစ်ဆင့်အတွက် မဲနှိုက်ရမည်ဖြစ်သည်။ သူတို့အားလုံး ပုံရိပ်ယောင်တိုက်ပွဲဝင်စနစ်ထဲသို့ ဝင်ရောက်သွားကြပြီး လင်းဖုန်းက ပထမဆုံး မဲနှိုက်သူ ဖြစ်သည်။
“နံပါတ် ၂ လား”
စုစုပေါင်း နံပါတ်ငါးခုရှိသည်။ နံပါတ် ၁ နှစ်ခုနှင့် နံပါတ် ၂ နှစ်ခု ဖြစ်သည်။ ကျန်ရှိသော နံပါတ်သုညက ဗလာမဲဖြစ်သည်။ သုညကျသူက ဤအကျော့အတွက် ပြိုင်စရာမလိုပေ။
လင်းဖုန်းက နံပါတ် ၂ ကို နှိုက်မိပြီး ဂရီမန်က နံပါတ် ၁ ကို နှိုက်မိသည်။ သူတို့နှစ်ဦးစလုံး ဤတစ်ကြိမ်တွင် ထိပ်တိုက်မတိုက်ခိုက်ရသေးပေ။
နောက်ဆုံးတွင် ဖူလင်က ကံကောင်းသွားပြီး သုညကို နှိုက်မိသဖြင့် ဤအကျော့အတွက် ကင်းလွတ်ခွင့်ရသွားသည်။ လင်းဖုန်းသည် ဒါဒန်နှင့် တိုက်ခိုက်ရမည်ဖြစ်ပြီး ဂရီမန်က အိုယန်ကျင်းနှင့် တိုက်ခိုက်ရမည်ဖြစ်၏။
လင်းဖုန်း၏ပြိုင်ဘက် ဒါဒန်သည် ဖယ်ထုတ်ရေးအဆင့်တွင် စတုတ္ထရရှိထားသူဖြစ်သဖြင့် သူ့ခွန်အားကလည်း သိသာထင်ရှားလှသည်။ လျှော့တွက်၍မရပေ။
တိုက်ပွဲမြင်ကွင်းတွင် လင်းဖုန်းက စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။ “မင်း ပွင့်လင်းတဲ့ စစ်တလင်းပြင်ကျယ်ကို မတောင်းဆိုဘူးလား”
တကယ်ပင် လင်းဖုန်း လျိုချန်ဖုန်းကို လက်သီးတစ်ချက်တည်းဖြင့် အနိုင်ယူပြခဲ့ပြီး အလွန်ကြမ်းတမ်းပုံရသော်လည်း အကောင်းအဆိုးကို ချိန်ဆကြည့်ပါက ဟင်းလင်းပြင်ပူပေါင်းနှင့် ရင်ဆိုင်ရသည်ထက် လင်းဖုန်း၏ လက်သီးချက်ကို ရင်ဆိုင်ရသည်က ပို၍ သက်သာမည်ဟု ယူဆနိုင်ပေသည်။
ပွင့်လင်း၍ အတားအဆီးကင်းသော တိုက်ခိုက်ရေး ပတ်ဝန်းကျင်ကို ရွေးချယ်မှသာ လင်းဖုန်း၏ ဟင်းလင်းပြင်ပူပေါင်းကို ရှောင်ရှားလွယ်မည် ဖြစ်ပေသည်။
ဒါဒန် ခေါင်းခါလိုက်သည်။ “တကယ်တော့ ငါ မင်းကို မယှဉ်နိုင်ဘူးဆိုတာ ငါသိပါတယ်။ ပွင့်လင်းတဲ့ တိုက်ခိုက်ရေး ပတ်ဝန်းကျင်ပဲ ဖြစ်ဖြစ်၊ အခုလို အခြေအနေမျိုးပဲ ဖြစ်ဖြစ် ငါ့မှာ အနိုင်ရဖို့ အခွင့်အရေး မရှိပါဘူး”
လူများစွာ အံ့ဩသွားကြသည်။ ဒါဒန်က အရှုံးပေးတော့မည်လော။ သို့သော် သူ့ပုံစံမှာ အရှုံးပေးမည့် ပုံစံမျိုး မဟုတ်ပေ။
“ငါက အကာအကွယ် ကြယ်တာရာသိုင်းပညာကို ကျင့်တာ။ ပြီးတော့ နိုးထလာတဲ့ မွေးရာပါစွမ်းရည်ကလည်း ကာကွယ်ရေးပဲ။ ငါ့ရဲ့ ကာကွယ်နိုင်စွမ်းက ငါ ဂုဏ်အယူဆုံးအရာပဲ။ ငါ့ခန္ဓာကိုယ်ထဲက ကြယ်တာရာစွမ်းအားတွေအပြင် ဘယ်လိုတိုက်ခိုက်မှုကိုမဆို ရင်ဆိုင်ဖို့ ငါ ယုံကြည်မှုရှိတယ်”
“ဒါပေမဲ့ မင်းရဲ့ ဟင်းလင်းပြင်ပူပေါင်းကို မြင်ပြီးတဲ့နောက်မှာတော့ ငါ အဲလောက်ထိ ယုံကြည်မှုမရှိတော့ဘူး။ ဒါကြောင့် ငါ မင်းကို မယှဉ်နိုင်ဘူးဆိုပေမဲ့ ဟင်းလင်းပြင်ပူပေါင်းက ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာကို ငါ ကိုယ်တိုင် ကြုံဖူးချင်တယ်။ ငါတို့ကြားက ကွာဟချက်ကို ကောင်းကောင်းသိချင်တယ်”
ထို့ကြောင့် ဒါဒန်သည် ဟင်းလင်းပြင်ပူပေါင်း၏ စွမ်းအားကို စမ်းသပ်လိုခြင်းသာ ဖြစ်၏။
“မင်းဆန္ဒအတိုင်း ဖြစ်စေရမယ်။ ငါ ဟင်းလင်းပြင်ပူပေါင်းကို အကောင်းဆုံးစွမ်းဆောင်ရည်နဲ့ ထုတ်သုံးပါ့မယ်”
လင်းဖုန်း ဒါဒန်ကို သေချာစူးစိုက်ကြည့်လိုက်သည်။ ဤသူမှာ စစ်မှန်သော သိုင်းသမားတစ်ဦး ဖြစ်ပေ၏။ ထို့ကြောင့် သူ ဒါဒန်ကို စိတ်ပျက်အောင် မလုပ်ရန် ဆုံးဖြတ်လိုက်သည်။ အကောင်းဆုံး ကြိုးစားအားထုတ်ခြင်းကသာ ဒါဒန်အပေါ် လေးစားမှုကို ပြသခြင်းပင် ဖြစ်သည်။
ထာဝရသိုင်းတာအိုအရှင်
အခန်း (၂၁၀) - အထွတ်အထိပ် ထိပ်တိုက်ရင်ဆိုင်ပွဲ
ဘာသာပြန် - အားသစ်
ဒါဒန်၏ အမူအရာက တည်ကြည်လေးနက်နေသည်။ သူ့ခန္ဓာကိုယ်ထဲမှ ကြယ်တာရာစွမ်းအားများ ပေါက်ကွဲထွက်လာပြီး ရွှေရောင်အလင်းတန်းများ တလက်လက်ထနေသည့် ခပ်ဝါးဝါး ကာကွယ်ရေးအလွှာတစ်ခုကို ဖန်တီးလိုက်သည်။ စင်စစ်တွင် ကြယ်တာရာသိုင်းပညာ အမျိုးမျိုးအဖုံဖုံရှိပြီး တစ်ခုနှင့်တစ်ခု အာရုံစိုက်ပုံချင်း ကွဲပြားကြသည်။
သို့သော် ကြယ်တာရာသိုင်းပညာများ မည်မျှပင် ပြောင်းလဲပါစေ ကြယ်တာရာစွမ်းအားကို ဘက်စုံသုံးစွမ်းအင်တစ်မျိုးအဖြစ် အဓိကထား အသုံးပြုရသည်ဆိုသည့် အချက်ကိုမူ မပြောင်းလဲနိုင်ပေ။
ကြယ်တာရာစွမ်းအားသည် စွမ်းအင်တစ်မျိုးသာ ဖြစ်သည့်အတွက် အကာအကွယ်သိုင်း၊ တိုက်ခိုက်ရေးသိုင်း သို့မဟုတ် အရှိန်အဟုန်သိုင်းတို့အားလုံးမှာ အာရုံစိုက်မှုနယ်ပယ်နှင့် စွမ်းအားထုတ်လွှတ်မှု အပိုင်းတွင်သာ ကွဲပြားကြပြီး ကြယ်တာရာစွမ်းအား၏ သဘောသဘာဝကမူ ကွဲပြားခြားနားမှု စိုးစိမျှမရှိပေ။
လင်းဖုန်း လေ့ကျင့်ထားသော တိုက်ပွဲဝင်ခန္ဓာကိုယ်သည်လည်း အတူတူပင် ဖြစ်သည်။ ယင်းပညာရပ်အားလုံးက ကြယ်တာရာစွမ်းအားကို ဘက်စုံသုံးစွမ်းအင်ပုံစံတစ်ခုအဖြစ်သာ သဘောထားကြသည်။
ဒါဒန်သည် အကာအကွယ် ကြယ်တာရာသိုင်းပညာကို လေ့ကျင့်ထားခြင်းဖြစ်ကြောင်း ထင်ရှားလှ၏။ ထို့ပြင် သူ့တွင် အကာအကွယ်မွေးရာပါစွမ်းရည်တစ်ခုလည်း ရှိသေးသည်။ ထို့နောက် သူ့တစ်ကိုယ်လုံး စိမ်းဖန့်ဖန့် အကြေးခွံများဖြင့် ဖုံးလွှမ်းသွားပြီး မိကျောင်းတစ်ကောင်နှင့်ပင် တူနေသည်။
ဤသည်ကလည်း ဒါဒန်၏ နောက်ထပ်မွေးရာပါစွမ်းရည်တစ်ခုပင်။ လင်းဖုန်း၏ ချပ်ဝတ်တန်ဆာက တစ်ခုတည်းသော ထူးဆန်းသည့်စွမ်းရည် မဟုတ်ပေ။ လက်တွေ့တွင် သိုင်းသမားများစွာသည်လည်း ထူးခြားဆန်းပြားလှသော မွေးရာပါစွမ်းရည်အသီးသီးကို နိုးထထားကြသည်။
“လာစမ်း... ဟင်းလင်းပြင်ပူပေါင်းရဲ့ စွမ်းအား ဘယ်လောက်ရှိသလဲဆိုတာ ငါ့ကို ခံစားခွင့်ပေးလိုက်စမ်းပါ”
ဒါဒန်၏ မျက်နှာထက်တွင် ရူးသွပ်မှု အရိပ်အယောင်တချို့ ပေါ်လာသည်။
“ဟင်းလင်းပြင်ပူပေါင်း”
လင်းဖုန်း၏ အကြည့်များက ခံစားချက်အရိပ်အယောင်စိုးစိမျှမပေါ်ဘဲ တည်ငြိမ်နေသည်။ သူ့ရှေ့တွင် ခမ်းနားထည်ဝါသော ကြယ်တာရာပူပေါင်းတစ်ခု ပေါ်လာသည်။ ဤတစ်ကြိမ်တွင် လင်းဖုန်း ဒါဒန်၏ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်သည်။ သူ့ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာစွမ်းအားမျှင် ၉၉၉၉ ခုလုံးနီးပါးကို ကြယ်တာရာပူပေါင်းထဲသို့ အလုံးစုံသွန်းလောင်းထည့်သွင်းလိုက်သည်။
လင်းဖုန်း၏ လက်ရှိ စိတ်စွမ်းအားဖြင့် ကြယ်တာရာစွမ်းအားမျှင် ၉၀၀၀ ကျော်သာ ပါဝင်သော ကြယ်တာရာပူပေါင်းကို ထိန်းချုပ်ရန်က သူ့အတွက် ထမင်းစားရေသောက်သကဲ့သို့ပင် အလွန်လွယ်ကူသော အလုပ်တစ်ခု ဖြစ်၏။
ဟင်းလင်းပြင်ပူပေါင်းသည် ဒါဒန်ကို အလွယ်တကူပင် လွှမ်းခြုံသွားသည်။ ထို့အပြင် ဒါဒန်သည်လည်း ပြင်းပြင်းထန်ထန် ပြန်လည်ခုခံတုံ့ပြန်ခြင်း မရှိပေ။ မူလက ဟင်းလင်းပြင်ပူပေါင်းသည် လှပပြီး ရင်သက်ရှုမောဖွယ်ကောင်းကာ သေစေနိုင်သော စိတ်လှည့်စားမှု အာနိသင်ရှိသည်။
သို့သော် ဒါဒန်၏ စိတ်ဆန္ဒက အမှန်တကယ်ပင် ကြံ့ခိုင်လှသည်။ သူ တုန်လှုပ်ခြင်း အလျင်းမရှိပေ။
ထိုသို့ဆိုလျှင်လည်း လင်းဖုန်း တုံ့ဆိုင်းမနေတော့ပေ။
“ပြိုကွဲစမ်း”
လင်းဖုန်း ဟိန်းဟောက်လိုက်သည်နှင့် ကြယ်တာရာပူပေါင်းသည်လည်း အလျင်အမြန် ပြိုကွဲလာသည်။ တစ်ဒင်္ဂအတွင်းမှာပင် ဒါဒန်၏ ကြယ်တာရာသိုင်းပညာ ချက်ချင်း ပျက်စီးသွားသည်။ ကြယ်တာရာစွမ်းအားမျှင် ၉၉၉၉ ခုပင်လျှင် အသုံးမဝင်တော့ပေ။
နှစ်စက္ကန့်အတွင်းမှာပင် ဒါဒန်၏ အကာအကွယ် မွေးရာပါစွမ်းရည်လည်း ချေမှုန်းခံလိုက်ရသည်။
သုံးစက္ကန့်အတွင်းတွင်မူ ဒါဒန်တစ်ယောက် ကြယ်တာရာပူပေါင်း ပြိုကွဲသွားမှုနှင့်အတူ လုံးဝအစအနမကျန် ပျောက်ကွယ်သွားတော့သည်။
ဟူး
ဒါဒန်သည် ရင်ပြင်ထက်တွင် မျက်လုံးပွင့်လာသည်။ သူ ထိုစွမ်းအားကို မျက်မြင်ဒိဋ္ဌ ကြုံတွေ့ခဲ့ရပြီ၊ သိမြင်ခံစားခဲ့ရပြီဖြစ်၏။ ဟင်းလင်းပြင်ပူပေါင်း ပြိုကွဲသွားစဉ် ထွက်ပေါ်လာသော ကြီးမားလှသည့် စွမ်းအားကို မည်သည့်အရာကမျှ ခုခံနိုင်စွမ်း မရှိသကဲ့သို့ပင်။
ပြိုကွဲသွားသည့် အခိုက်အတန့်တွင် သူခံစားလိုက်ရသော နာကျင်မှုမှာ အလွန်ပင် ရှင်းလင်းထင်ရှားလှသည်။ သေခြင်းတရားက လက်တစ်ကမ်းအကွာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိနေသော်လည်း ဘာမှမလုပ်နိုင်သည့် ကူကယ်ရာမဲ့သော ခံစားချက်မျိုးပင်။
“ငါ ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီ။ ဟင်းလင်းပြင်ပူပေါင်းက တကယ် အံ့ဩစရာကောင်းတာပဲ။ ဟူး...”
ဒါဒန်သည် ဟင်းလင်းပြင်ပူပေါင်း၏ စွမ်းအားကို ကောင်းကောင်း သိသွားသည်။ သို့ပေသော်ငြား လင်းဖုန်းက အမှန်တကယ်ပင် မျှော်လင့်ထားသည်ထက် ပိုမိုအစွမ်းထက်ကြောင်းလည်း သူ နားလည်လိုက်သည်။ လင်းဖုန်းသည် ဟင်းလင်းပြင်ပူပေါင်းကို ကျွမ်းကျင်ရုံသာမက ထိုနည်းစနစ်၏ စွမ်းအားကိုလည်း အမြင့်ဆုံးအဆင့်အထိ ထုတ်ဖော်နိုင်ပုံရသည်။
အနည်းဆုံးတွင် အတိတ်ကာလ၌ ဟင်းလင်းပြင်ပူပေါင်း၏ စွမ်းအားကို ဤမျှ ကြောက်စရာကောင်းလောက်အောင် ထုတ်ဖော်နိုင်သည့် အသွင်ပြောင်းနယ်ပယ် သိုင်းသမားဟူ၍ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ဖူးပေ။ ဒါဒန်တစ်ယောက် သူ့အရှုံးကို အပြည့်အဝ လက်ခံလိုက်သည်။
လင်းဖုန်း အနိုင်ရရှိသူအဖြစ် ပထမဆုံး ထွက်ပေါ်လာပြီးနောက် ဂရီမန်နှင့် အိုယန်ကျင်းတို့၏ တိုက်ပွဲသည်လည်း ရလဒ်ထွက်လာသည်။ ရင်ခုန်နေစရာ မရှိပေ။ ဂရီမန်သာ အနိုင်ရမြဲဖြစ်ပြီး ဖူလင်ကမူ ပြိုင်စရာမလိုသဖြင့် တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲ၏ ထိပ်သီးသုံးဦးစလုံး ထွက်ပေါ်လာပြီ ဖြစ်၏။
ဖူလင်၏ ကံက အတော်လေး ကောင်းမွန်သော်လည်း သူမ၏ ခွန်အားကို မည်သူမျှ သံသယမရှိကြပေ။ မည်သို့ပင်ဆိုစေ သူမသည် ဖယ်ထုတ်ရေးအဆင့်တွင် တတိယရရှိခဲ့သူ ဖြစ်ပေသည်။ သို့တစေ အဓိကအာရုံစိုက်သည်ကမူ လင်းဖုန်းနှင့် ဂရီမန်တို့ကိုသာ ဖြစ်ကြသည်။ ဤမဲနှိုက်မှုတွင် သူတို့ သုံးယောက်အနက် မည်သူက ကံကောင်းမည်နည်းဟု လူတိုင်း စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။
များမကြာမီ မဲနှိုက်မှု ပြန်လည်စတင်လာသည်။ လင်းဖုန်းက ထုံးစံအတိုင်း အရင်ဆုံး မဲနှိုက်သည်။
သူက နံပါတ် ၁ ကို နှိုက်မိသွားသည်။ သူ ကံမကောင်းခဲ့ပေ။ လက်ရှိအကျော့အတွက် ယှဉ်ပြိုင်မှု ကင်းလွတ်ခွင့်က သူ့အတွက် မဟုတ်တော့ချေ။ အကယ်၍ ဖူလင်သာ အလွန်ကံကောင်းနေလျှင် သူမ ထပ်မံကင်းလွတ်ခွင့်ရပြန်ပေဦးမည်ဖြစ်၏။
ကံမကောင်းစွာဖြင့် ဤတစ်ကြိမ်တွင် သုညကို နှိုက်မိသူမှာ ဂရီမန် ဖြစ်သည်။ ဖူလင် ယခင်ကကဲ့သို့ ကံမကောင်းတော့ပေ။ သူမ ယခုတစ်ကြိမ်တွင် လင်းဖုန်းနှင့် တိုက်ခိုက်ရမည် ဖြစ်ပေသည်။
အမှန်တကယ်တန်းတွင် ဖူလင်ကို မည်သူမျှ များစွာ အာရုံစိုက်ခြင်း မရှိခဲ့ကြပေ။ လင်းဖုန်းနှင့် တိုက်ခိုက်ရမည်ဖြစ်သောကြောင့်သာ သူမအပေါ် အာရုံစိုက်မှု ရရှိလာခြင်း ဖြစ်သည်။ ယခုအကြိမ် တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲ၏ အဓိကအာရုံစိုက်မှု အားလုံးကို လင်းဖုန်းနှင့် ဂရီမန်တို့နှစ်ယောက်က အပြည့်အဝ သိမ်းပိုက်ထားကြသည်။
ဖြစ်နိုင်သည်မှာ နောက်ထပ်ဆယ်စုနှစ်တစ်ခုအကြာတွင် ကျင်းပမည့် ဒုတိယအကြိမ်မြောက် တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲရောက်လျှင် ယနေ့အချိန်သိုင်းပြိုင်ပွဲတွင် မည်သူတတိယရရှိခဲ့သည်ကို တစ်ယောက်မှမှတ်မိတော့မည် မဟုတ်ပေ။ မျိုးဆက်နှစ်ခုမှ ပါရမီရှင်များဖြစ်ကြသော လင်းဖုန်းနှင့် ဂရီမန်တို့၏ ပြင်းထန်သော တိုက်ပွဲကိုသာ လူတိုင်း အောက်မေ့သတိရနေကြပေလိမ့်မည်။
လင်းဖုန်းနှင့် ဂရီမန်တို့အတွက်မူ ယင်းက ကောင်းမွန်သော ဒဏ္ဍာရီတစ်ခု ဖြစ်သော်လည်း အခြားပြိုင်ပွဲဝင် သိုင်းသမားများအတွက်မူ ထိုသည်က သတင်းကောင်း မဟုတ်ပေ။ သူတို့အားလုံး လင်းဖုန်းနှင့် ဂရီမန်တို့အတွက် နောက်ခံကားချပ်များသာ ဖြစ်သွားကြရမည်ပင်။
ဖူလင် လင်းဖုန်း၏ရှေ့ မျက်နှာချင်းဆိုင်တွင် ရပ်နေသည်။ သူမသည် ချောမောလှပသည့် အမျိုးသမီးတစ်ဦးဖြစ်ပြီး ရင့်ကျက်ကာ ဆွဲဆောင်နိုင်စွမ်း ပြည့်ဝပေသည်။ သူမ၏ ဆံပင်ရှည်များကို နောက်သို့ စည်းနှောင်ထားသည်။ မြင်တွေ့ရသူအပေါင်းတို့အဖို့ သူမထံမှ သူရဲကောင်းဆန်သော အရှိန်အဝါတစ်ခုကို ခံစားမိပေလိမ့်မည်။
သို့သော် သူမက သက်ပြင်းချကာ ခေါင်းခါလိုက်မိသည်။ “အပြင်ကို ကြည့်လိုက်စမ်းပါ။ ကျွန်မတို့နှစ်ယောက်ရဲ့ တိုက်ပွဲကို လူဘယ်နှစ်ယောက်ကများ အာရုံစိုက်နေသေးလို့လဲ။ သူတို့အားလုံးက ရှင်နဲ့ ဂရီမန်ရဲ့ တိုက်ပွဲကိုပဲ မျှော်လင့်နေကြတာ။ ကျွန်မကတော့ အပိုနောက်ခံကားချပ်ပဲ ဖြစ်သွားပြီပေါ့”
လင်းဖုန်းက ပြုံးလျက် ပြောလိုက်သည်။ “မင်း ငါ့ကို အနိုင်ယူပြီး ပထမနေရာအတွက် ဂရီမန်နဲ့ တိုက်ခိုက်လို့ ရတာပဲလေ”
“ကျွန်မသာ ရှင့်ကို အနိုင်ယူနိုင်ရင် ရှင်နဲ့ ဒီလောက် စကားတွေ အများကြီး ပြောနေမှာတောင် မဟုတ်ဘူး။ ကျွန်မအတွက်တော့ တတိယနေရာရတာနဲ့တင် ကျေနပ်နေပါပြီ။ ပြီးတော့ ဒီသိုင်းပြိုင်ပွဲက ရှင်နဲ့ ဂရီမန်တို့ရဲ့ ပြိုင်ပွဲပဲ။ ကျွန်မက နောက်ခံကားချပ်ဖြစ်ဖို့ ကံပါလာမှတော့ ဒီမှာ အရှက်ကွဲခံဖို့ ရည်ရွယ်မနေတော့ပါဘူး။ ကျွန်မ အရှုံးပေးပါတယ်။ ဒါပေမဲ့ ကျွန်မကို အနိုင်ယူတဲ့သူက တစ်ကမ္ဘာလုံးကို မှင်သက်သွားစေနိုင်ပြီး တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲမှာ ပထမနေရာနဲ့ ထိုက်တန်တဲ့ အစစ်အမှန် ပါရမီရှင်တစ်ယောက် ဖြစ်ဖို့တော့ ကျွန်မမျှော်လင့်တယ်။ ဒါကြောင့် ကျွန်မကို စိတ်ပျက်အောင် မလုပ်နဲ့နော်”
ထိုသို့ပြောပြီးနောက် ဖူလင်၏ပုံရိပ် ပျောက်ကွယ်သွားသည်။ သူမ ပြတ်ပြတ်သားသား အရှုံးပေးသွားခဲ့ခြင်း ဖြစ်သည်။
“အရှုံးပေးလိုက်တာလား။ စိတ်ဝင်စားစရာပဲ။ ငါ မင်းကို စိတ်ပျက်အောင် လုပ်မိမှာမဟုတ်ဘူးလို့ ယုံကြည်တယ်”
လင်းဖုန်း အနည်းငယ် ပြုံးလိုက်သည်။ ဖူလင် ဘာကို ဆိုလိုကြောင်း သဘာဝကျကျပင် သူ နားလည်သည်။ အကယ်၍ သူသာ ပထမနေရာ ရရှိခဲ့လျှင် ဖူလင် အရှုံးပေးခဲ့ခြင်းက တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲ၏ ပထမရသူအား အရှုံးပေးခဲ့ခြင်းသာ ဖြစ်ပေမည်။
ဤသည်က သူမအတွက် အနည်းငယ်သော စိတ်သက်သာရာရမှု ဖြစ်နိုင်ပေ၏။
ဖူလင် အရှုံးပေးလိုက်ခြင်းအပေါ် မည်သူမျှ အထင်သေးစကားဆိုကြမည် မဟုတ်ပေ။ လက်တွေ့တွင် လင်းဖုန်းနှင့် ရင်ဆိုင်ရလျှင် ဂရီမန်မှလွဲ၍ အခြားမည်သူမျှ လင်းဖုန်း၏ ပြိုင်ဘက် မဟုတ်ပေ။
လင်းဖုန်းသည် သူ့ခွန်အားဖြင့် ပြိုင်ပွဲအဆုံးထိတိုင် မြင်းနက်ဖြစ်လာနိုင်ကြောင်း သက်သေပြခဲ့ပြီး ဖြစ်သည်။ ယင်းက ကံကောင်းခြင်း မဟုတ်ပေ။ သူ့ကိုယ်ပိုင် စစ်မှန်သော ခွန်အားကို အားကိုးကာ ဤနေရာအထိ တက်လှမ်းလာခဲ့ခြင်း ဖြစ်ပေသည်။
ဖူလင်အနေဖြင့်လင်းဖုန်းကိုဖြစ်စေ ဂရီမန်ကိုဖြစ်စေ ဘယ်သူ့ကိုမှ မယှဉ်နိုင်ပေ။ ထို့ကြောင့် သူမ ကိုယ်တိုင် အရှုံးပေးလိုက်ခြင်းက အကောင်းဆုံး ဖြစ်ပေသည်။ လက်ရှိအချိန်တွင် လူတိုင်းက မျိုးဆက်နှစ်ခု၏ ပါရမီရှင်များဖြစ်ကြသော လင်းဖုန်းနှင့် ဂရီမန်တို့၏ ပြင်းထန်သော ထိပ်တိုက်ရင်ဆိုင်မှုကို ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြသည်။
ဝုန်း
လင်းဖုန်းသည် ပတ်ဝန်းကျင်တစ်ခုလုံး အလျင်အမြန်ပြောင်းလဲသွားသည်ကို ခံစားလိုက်ရပြီး နောက်ဆုံးတွင် အဆုံးအစမဲ့သော ကွင်းပြင်ကျယ်တစ်ခုထဲသို့ ရောက်ရှိသွားသည်။
သူ့ပတ်ဝန်းကျင်တွင် မီးလျှံနီရောင် မေပယ်ပင်များ ရှိနေသည်။ ကြွေကျနေသော မေပယ်ရွက်များက လွမ်းမောဖွယ်ရာ အငွေ့အသက်ကို ပေးစွမ်းနေသည်။
လင်းဖုန်း မျက်နှာချင်းဆိုင်တွင် ရပ်နေသော ဂရီမန်ကိုတွေ့လိုက်ရသည်။ သူသည် အရပ်မရှည်သော်လည်း ခန္ဓာကိုယ်တောင့်တင်းကာ ဖြူဝင်းသော အသားအရေနှင့် ထက်မြက်ပြတ်သားသော အကြည့်များ ရှိသည်။ သူ့တစ်ကိုယ်လုံးမှ ခန့်ညားထည်ဝါသော အရှိန်အဝါများနှင့် တိုက်ခိုက်လိုစိတ်များ ထွက်ပေါ်နေသည်။
ဤသူမှာ မာနကြီးပြီး ပြင်းထန်ပြတ်သားသော သိုင်းသမားတစ်ဦး ဖြစ်ပေ၏။
ဤသည်က အထွတ်အထိပ် ကျွမ်းကျင်သူနှစ်ဦးကြားမှ ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်လာပေလိမ့်မည်။ ယခုပွဲစဉ်သည် တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲကို ကြည့်ရှုနေကြသူတိုင်းအတွက် ဇာတ်ရှိန်အမြင့်ဆုံးအပိုင်းပင် ဖြစ်ပေမည်။ မျိုးဆက်နှစ်ခုမှ ပါရမီရှင်များဖြစ်ကြသော လင်းဖုန်းနှင့် ဂရီမန်တို့အကြား မည်သူက အစစ်အမှန်နံပါတ်တစ်ပါရမီရှင် ဖြစ်လာလိမ့်မည်နည်း။
လင်းဖုန်းကပင် ခရီးအဆုံးအထိ အောင်နိုင်သူဖြစ်မည့် မြင်းနက် ဖြစ်လာမည်လော။ သို့တည်းမဟုတ် ဂရီမန်ကသာ အရင်မျိုးဆက် ပါရမီရှင်များ၏ ဂုဏ်သိက္ခာကို ဆက်လက်ထိန်းသိမ်းသွားမည်လော။
ထိုအခိုက်အတန့်တွင် လူတိုင်း၏ ဆွေးနွေးသံများအားလုံး တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။ သူတို့အားလုံး လင်းဖုန်းနှင့် ဂရီမန်တို့၏ အထွတ်အထိပ် ထိပ်တိုက်ရင်ဆိုင်မှုကို ဖန်သားပြင်ပေါ်တွင် စူးစိုက်ကြည့်နေကြပြီ ဖြစ်ပေ၏။
လူတိုင်းမျှော်လင့်စောင့်စားနေကြသည့် တိုက်ပွဲကြီး စတင်ပေတော့မည်။