← Chapters

အခန်း (၂၁၁-၂၁၂)

Vol. 18 Ch. 211-212

အခန်း (၂၁၁-၂၁၂)

Vol. 18 Ch. 211-212

အခန်း (၂၁၁) - အစွန်းရောက် ပြန်လည်ကုစားခြင်း

ဘာသာပြန် - အားသစ်

ဝှစ်

ဂရီမန် စတင်လှုပ်ရှားလိုက်သည်။ ဤသည်က ပွင့်လင်းသော အတားအဆီးမဲ့ တိုက်ခိုက်ရေး ပတ်ဝန်းကျင်တစ်ခုဖြစ်သည်။ ဆိုလိုသည်မှာ ဂရီမန်သည်လည်း လင်းဖုန်း၏ ဟင်းလင်းပြင်ပူပေါင်းကို သတိထားနေပြီး ယင်းနှင့် ထိပ်တိုက်ရင်ဆိုင်ရန် မဝံ့ရဲခြင်း ဖြစ်၏။

သို့သော် ဂရီမန်သည် ဤကဲ့သို့ တစ်သက်တွင် တစ်ခါသာ ကြုံရမည့် အခွင့်အရေးကို လက်လွှတ်မခံလိုပေ။ လက်ရှိတွင် သူသည် နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်လာရန် ယုံကြည်မှုများ ပျောက်ဆုံးလုနီးပါး ဖြစ်နေခဲ့လေပြီ။ သို့သော် ဤပြိုင်ပွဲတွင် ပထမနေရာကိုသာ ရရှိခဲ့လျှင် များပြားလှသော ဆုလာဘ်များနှင့် တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲ၏ ပထမဆုရှင်ဟူသော ယုံကြည်မှုတို့ဖြင့် သူ ဒုတိယအကြိမ်မြောက် အသက်ဝိညာဥ်အသွင်ပြောင်းလဲခြင်းကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ပေလိမ့်မည်။

ထို့ကြောင့် သူ ပထမနေရာကို မရ ရအောင်ယူရန် သန္နိဋ္ဌာန်ချထားသည်။

ထိုနည်းတူပင် လင်းဖုန်းသည်လည်း ပထမနေရာကို သေချာပေါက်ရယူရန် ဆုံးဖြတ်ထားသည်။ ဂရီမန်တွင် နည်းလမ်းများစွာ ရှိသောကြောင့် ဟင်းလင်းပြင်ပူပေါင်းက သူ့ကို ပစ်မှတ်မထားနိုင်ခဲ့လျှင် လင်းဖုန်းအနေဖြင့် ဂရီမန်နှင့် ကောင်းကောင်းမွန်မွန် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရုံသာ ရှိတော့သည်။

“ဝဲကယက်စွမ်းအား ဆဋ္ဌမအဆင့်”

လင်းဖုန်း ကြယ်တာရာစွမ်းအားကိုပင် အသုံးမပြုသေးပေ။ သူ ဂရီမန်ထံသို့ တုံ့ဆိုင်းခြင်းမရှိ အပြင်းပြေးဝင်သွားသည်။ ပုံရိပ်နှစ်ခု တစ်ခုနှင့်တစ်ခု လျင်မြန်စွာ လိုက်လံတိုက်ခိုက်နေကြသည်။

လင်းဖုန်းတွင် ချပ်ဝတ်တန်ဆာနှင့် ကျောက်ဖြစ်စေခြင်း အလွှာတို့ ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် သူ ဂရီမန်ကို လုံးဝမကြောက်ပေ။ အခွင့်အရေးရသည်နှင့် ဂရီမန်ကို ထိပ်တိုက် ရင်ဆိုင်တော့မည် ဖြစ်၏။

ဘုန်း

ဂရီမန်၏ ခန္ဓာကိုယ်ပေါ်မှ ကြီးမားကျယ်ပြန့်သော အလင်းတန်းများ ရုတ်တရက် ပေါ်ထွက်လာသည်။ ထိုကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းများက လင်းဖုန်းတစ်ကိုယ်လုံးကို မျက်စိတစ်မှိတ် လျှပ်တစ်ပြတ်အတွင်း အပြည့်အဝ လွှမ်းခြုံသွားသည်။

ချက်ချင်းဆိုသလိုပင် လင်းဖုန်းသည်လည်း သူ မလှုပ်ရှားနိုင်တော့ကြောင်း သတိထားလိုက်မိသည်။ သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအားအားလုံးကို ထုတ်ဖော်လိုက်သော်လည်း အသုံးမဝင်ပေ။ သူ လုံးဝမလှုပ်နိုင်တော့ပေ။ ထိုအချိန်တွင် ဂရီမန်က ဤအခွင့်အရေးကို အမိအရအသုံးချကာ လင်းဖုန်းထံသို့ ပြင်းပြင်းထန်ထန် ခုန်အုပ်လိုက်တော့သည်။

“ချုပ်နှောင်မှုစွမ်းအားလား”

လင်းဖုန်း နားလည်သွားသည်။ ဂရီမန်သည် အမြန်ဆုံးလူ မဟုတ်သလို အခြားသူများထက် ကြယ်တာရာစွမ်းအား ပိုများသူလည်း မဟုတ်ပေ။ သူ၏ ကြယ်တာရာသိုင်းပညာကလည်း အပြင်းထန်ဆုံး ပေါက်ကွဲအား ရှိချင်မှ ရှိပေလိမ့်မည်။ သို့ဆိုလျှင် ဂရီမန်အနေဖြင့် တိုက်ပွဲများတွင် သူ့ပြိုင်ဘက်များကို အဘယ်ကြောင့် အမြဲတစေ အနိုင်ရနေသနည်း။

ဖြစ်နိုင်သည်က သူ့ပြိုင်ဘက်များပင် အကြောင်းရင်းကို သတိမထားမိလိုက်ခြင်း ဖြစ်ပေလိမ့်မည်။ တိုက်ပွဲ၏ အခိုက်အတန့်လေးတစ်ခုအတွင်း၊ ဖြစ်နိုင်သည်က အသက်တစ်ရှိုက်စာ၏ ဆယ်ပုံတစ်ပုံပင် မရှိသော အချိန်လေးတွင် ဂရီမန်သည် သူ့ကိုယ်ပိုင် ဖုံးကွယ်ထားသော မွေးရာပါစွမ်းရည်ကို အသုံးပြုကာ ပြိုင်ဘက်ကို အလွန်တိုတောင်းသော အချိန်လေးတစ်ခုအတွင်း လှုပ်ရှားနိုင်စွမ်းမရှိအောင် ရပ်တန့်သွားစေခြင်း ဖြစ်ပေသည်။

သို့သော် ထိုတိုတောင်းလှသော အချိန်လေးကပင် ဂရီမန်အတွက် အားနည်းချက် အပြစ်အနာအဆာတစ်ခုကို ရှာဖွေရန်နှင့် သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအားအားလုံးကို ချက်ချင်းလက်ငင်း ထုတ်လွှတ်ရန် လုံလောက်လှသည်။

ယခုလက်ရှိအချိန်တွင် လင်းဖုန်းပင်လျှင် ကူကယ်ရာမဲ့နေသည်။ သူ့တစ်ကိုယ်လုံး ချုပ်နှောင်ခံထားရပြီး ဂရီမန်၏ စွမ်းအားများက သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်ကို မတတ်သာဘဲ ကြည့်နေရုံသာ တတ်နိုင်တော့သည်။

“သေစမ်း”

ဂရီမန်၏ မျက်လုံးထဲတွင် ရူးသွပ်မှုများ ဖြတ်ပြေးသွားသည်။ လင်းဖုန်းက အစွမ်းထက်နေရင်ရော ဘာဖြစ်လဲ။ ပါရမီရှင်ဖြစ်နေတော့ရော ဘာဖြစ်လဲ။ သူ့မှာ ဟင်းလင်းပြင်ပူပေါင်း ရှိနေတော့ရော ဘာဖြစ်သေးလဲ။ အစစ်အမှန် တိုက်ပွဲတစ်ခုတွင် အခိုက်အတန့်လေးတစ်ခုကသာ အနိုင်အရှုံးနှင့် အသက်ရှင်ခြင်း၊ သေဆုံးခြင်းကို ဆုံးဖြတ်ပေးသွားမည် ဖြစ်၏။ ထိုအခိုက်အတန့်လေးတစ်ခုမျှက လုံလောက်လှပေပြီ။

ထိုတိုတောင်းလှသော အချိန်လေးအတွင်း ဂရီမန်တွင် အကြွင်းမဲ့ လှုပ်ရှားနိုင်ခွင့် ရှိနေသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ သူသည် ပြိုင်ဘက်ထံမှ ထိုအချိန်ခဏတာလေးကို လုယူသွားနိုင်ခြင်း ဖြစ်ပေ၏။

ဘုန်း

ဂရီမန်သည် ကြယ်တာရာစွမ်းအားမျှင် ၉၉၉၉ ခုလုံးကို ချက်ချင်း ပေါက်ကွဲစေလိုက်သည်။ ထိုစွမ်းအားက မည်မျှထိပင် ကြောက်စရာကောင်းလိုက်သနည်း။

ထိုအခိုက်အတန့်တွင် လင်းဖုန်းကမူ ချုပ်နှောင်ခံထားရသည်။ သူ့အတွက် ကြယ်တာရာစွမ်းအားကို စုစည်းရန်ပင် အချိန်မရခဲ့ပေ။ ပေါက်ကွဲထွက်လာသော ကြယ်တာရာစွမ်းအားများက လင်းဖုန်း၏ ချပ်ဝတ်တနဆာကို ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားသည်။

ခရက်

ကျောက်ဖြစ်စေခြင်း အလင်းတန်းမှာ အနည်းငယ် လက်သွားသည်။ သို့သော် ထိုစွမ်းရည်သည်လည်း ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားပေါက်ကွဲမှုကို လုံးဝ မခုခံနိုင်ပေ။

နောက်ထပ်တစ်ခုက ချပ်ဝတ်တန်ဆာ ဖြစ်၏။ လင်းဖုန်း၏ ချပ်ဝတ်သည် မူလကပင် အလွန်ကောင်းမွန်သော ကာကွယ်ရေးစွမ်းအားရှိပြီး အနည်းငယ် ပျက်စီးသွားပါလျှင်လည်း ချက်ချင်း ပြန်လည်ကောင်းမွန်လာနိုင်သည်။ သို့သော် ဂရီမန်က အချိန်အကြာကြီး ပြင်ဆင်ထားခြင်း ဖြစ်သည်။ ထို့အပြင် ဤသည်က သူ့အတွက်တစ်ခုတည်းသော အနိုင်ရနိုင်သည့် အခွင့်အရေးဖြစ်ကြောင်းလည်း သူ သိသည်။ မည်သည့်အတွက်ကြောင့် သူအစွမ်းကုန် မကြိုးစားဘဲ နေမည်နည်း။

ထို့ကြောင့် ချပ်ဝတ်တန်ဆာသည်လည်း ရုတ်ချည်းဆိုသလို တစ်လက်မချင်းစီ အက်ကွဲကာ တစစီ ကြွေမွသွားတော့သည်။ လင်းဖုန်း၏ အကာအကွယ်အလွှာနှစ်ခုစလုံး ဂရီမန်၏ စွမ်းအားကြောင့် တစ်ဒင်္ဂအတွင်း ပျက်စီးသွားရသည်။

လင်းဖုန်း၏ ခန္ဓာကိုယ်တွင် မူလကပင် ကာကွယ်နိုင်စွမ်း တချို့ ရှိသည်။ မည်သို့ပင်ဆိုစေ သူ့ခန္ဓာကိုယ်ကြံ့ခိုင်မှုက အလွန်အစွမ်းထက်လှသည် မဟုတ်ပါလား။ သို့သော် ဂရီမန်၏ ကြယ်တာရာစွမ်းအား ပေါက်ကွဲမှုကို ရင်ဆိုင်ရချိန်တွင် အနည်းဆုံး ၆၀ ရာခိုင်နှုန်းသော စွမ်းအားက လင်းဖုန်းခန္ဓာကိုယ်အပေါ်သို့ တိုက်ရိုက်သက်ရောက်သွားသည်။ သူ့ခန္ဓာကိုယ်ကြံ့ခိုင်မှု မည်မျှပင် သန်မာပါစေ ယင်းကို မည်သို့ခုခံနိုင်မည်နည်း။

အသားနှင့်သွေးများ အရပ်မျက်နှာအနှံ့ လွင့်စင်သွားသည်။ လင်းဖုန်း၏ ခန္ဓာကိုယ်မှာ တစ်ခဏအတွင်း ချေမွခံလိုက်ရပြီး အတွင်းကလီစာများ အားလုံးသည်လည်း ကြွေမွပျက်စီးသွားသည်။

သို့သော် ထိုမျှသာ ဖြစ်၏။ လင်းဖုန်း မသေသေးပေ။ ဂရီမန်၏ ချုပ်နှောင်မှုစွမ်းအားက အသက်တစ်ရှိုက်၏ ဆယ်ပုံတစ်ပုံစာခန့်သာ ကြာသည်။ ထိုကာလပြီး နောက်ထပ် တစ်ခဏလေးပင် မခံပေ။

ချုပ်နှောင်ထားသော အချိန်ကုန်ဆုံးသွားသည်နှင့် လင်းဖုန်း ပြန်လည်လှုပ်ရှားနိုင်စွမ်း ရှိလာသည်။ သူသည် ဦးခေါင်းနှင့် ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ရန် ကြယ်တာရာစွမ်းအားများကို ချက်ချင်း ပေါက်ကွဲစေလိုက်သည်။

ထို့ကြောင့်လည်း သူ့ခန္ဓာကိုယ်က အသားပုံကြီးတစ်ခုအဖြစ် အလုံးစုံ ပြောင်းလဲမသွားခဲ့ခြင်း ဖြစ်ပေသည်။ သူ၏ လက်ရှိအခြေအနေက အလွန်ဆိုးရွားနေသော်လည်း မွေးရာပါစွမ်းရည် မသေနိုင်သော အစွမ်းသတ္တိက ချက်ချင်း စတင်အလုပ်လုပ်နေပြီ ဖြစ်သည်။ သာမန်မျက်စိဖြင့်ပင် ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်သော အမြန်နှုန်းဖြင့် ပြန်လည်ကုစားနေပြီဖြစ်၏။

“မဖြစ်နိုင်ဘူး... ဒါ လုံးဝမဖြစ်နိုင်ဘူး...”

ဂရီမန်အနေဖြင့် ဤမျှ ပြင်းထန်သော ဒဏ်ရာများဖြင့်ဆိုလျှင် မည်သူတစ်ဦးတစ်ယောက်မျှ အသက်မရှင်နိုင်ကြောင်း အသေအချာသိပေသည်။ ထို့ကြောင့် လင်းဖုန်းမသေသေးသည်က သူ့အတွက် ယုံကြည်ရခက်နေသည်။ လင်းဖုန်းမှာ အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးသာ ဖြစ်၏။ အသွင်ပြောင်းနယ်ပယ် သိုင်းသမားများကို မဆိုထားနှင့် နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးပင်လျှင် ဤမျှ မြန်ဆန်စွာ ပြန်လည်ကုစားနိုင်ရန် မဖြစ်နိုင်ပေ။

သို့သော် လင်းဖုန်းသည် ဂရီမန်၏ ယခင်က နားလည်ထားမှုများကိုသာမက သိုင်းသမား အများစု၏ နားလည်ထားမှုများကိုပါ ပြောင်းပြန်လှန်ပစ်လိုက်သည်။

ယခု လင်းဖုန်း၏ အခြေအနေက မည်မျှထိ ဆိုးရွားနေသနည်း။ အပြင်ပန်းတွင် ကောင်းမွန်နေဟန်တူသော ဦးခေါင်းနှင့် ကိုယ်ထည်မှလွဲ၍ သူ၏ ကျန်ခန္ဓာကိုယ် အစိတ်အပိုင်းများအားလုံး ပျောက်ဆုံးနေပြီဖြစ်သည်။ သူ၏ ကိုယ်ထည်သည်ပင် အပေါက်များစွာ ဖြစ်နေပြီး အတွင်းကလီစာများကလည်း ကြွေမွပျက်စီးနေပြီဖြစ်သည်။

ဤကဲ့သို့သော ဒဏ်ရာမျိုးဖြင့် နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးပင်လျှင် အသက်ရှင်ဖို့ ခဲယဉ်းလှပေမည်။ သေမည့်အချိန်ကို မလှုပ်မယှက် စောင့်နေရုံသာ တတ်နိုင်ပေမည်။

သို့သော် လင်းဖုန်းကမူ အသက်ရှင်ကျန်ရစ်ခဲ့သည်။ ပုံရိပ်ယောင်တိုက်ပွဲဝင်စနစ်၏ လက်တွေ့ဆန်သော ပုံဖော်မှုကြောင့် သူ အလွန်အမင်း နာကျင်မှုကို ခံစားနေရသော်လည်း သူ့စိတ်စွမ်းအားမှာ အလွန်ပင် ကြံ့ခိုင်လှသည်ပင်။ မည်မျှပင် ပြင်းထန်သော နာကျင်မှုဖြစ်လင့်ကစား သူ့ကို သတိမေ့သွားအောင် မလုပ်နိုင်ပေ။

စင်စစ်တွင် ဤမျှပြင်းထန်သော ဒဏ်ရာမျိုး လင်းဖုန်းအတွက် ဖြစ်ခဲလှ၏။ လက်တွေ့တွင် သူသည် မိမိကိုယ်ကို ဤမျှ ပြင်းထန်သော ဒဏ်ရာများ ရရှိစေအောင် ခွင့်ပြုမည် မဟုတ်ပေ။ ထို့ကြောင့် လင်းဖုန်းသည် သူ့ကိုယ်ပိုင်မွေးရာပါစွမ်းရည် မသေနိုင်သောအစွမ်းသတ္တိ၏ အကန့်အသတ်ကို စမ်းသပ်လိုသော်လည်း မလုပ်နိုင်ခဲ့ပေ။

မိမိကိုယ်ကို နာကျင်အောင်လုပ်ပြီး မသေမရှင်ဖြစ်အောင်လုပ်ရန်လည်း မဖြစ်နိုင်ပေ။ အကယ်၍ သူ ပြန်မကောင်းလာခဲ့လျှင် တကယ်ကြီး သေသွားမည် မဟုတ်ပါလား။ ယင်းက အဓိပ္ပာယ်မရှိလှပေ။

သို့သော် ဤတစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲ၏ လက်တွေ့ဆန်ပြီး အဆင့်မြင့်သော ပုံရိပ်ယောင်တိုက်ပွဲဝင်စနစ်ကြောင့် လင်းဖုန်းတစ်ယောက် ဦးခေါင်းတစ်ခုတည်းသာ နဂိုအတိုင်း ကျန်တော့သည်အထိ ပြင်းထန်သော ဒဏ်ရာများကို ခံစားလိုက်ရခြင်း ဖြစ်ပေ၏။

လင်းဖုန်းသည် သူ့ဦးခေါင်းသာ ကြွေမွမသွားသရွေ့ မသေနိုင်သော အစွမ်းသတ္တိက အလုပ်လုပ်နေဦးမည်ဟူသော ခံစားချက်တစ်ခု ရရှိလိုက်သည်။ သံသယဖြစ်ဖွယ်မရှိဘဲ ဤအဖြစ်အပျက်က သူ့ကိုယ်ပိုင်‌မွေးရာပါစွမ်းရည် မသေနိုင်သော အစွမ်းသတ္တိ၏ အကန့်အသတ်ကို သွယ်ဝိုက်သောနည်းဖြင့် စမ်းသပ်ပေးလိုက်ခြင်းပင်။

ဦးခေါင်းက အရေးကြီးသော်လည်း ခန္ဓာကိုယ်၏ ကျန်အပိုင်းများမှာမူ ထိုမျှ အရေးမကြီးလှပုံရ၏။ ကြွေမွပျက်စီးသွားလျှင်ပင် အလျင်အမြန် ပြန်လည်ကုစားနိုင်သေးသည်။

ဤအခိုက်အတန့်တွင် လူတိုင်း၏ မျက်မှောက်နှင့် ဂရီမန်၏ မယုံကြည်နိုင်သော အကြည့်များအောက်တွင် လင်းဖုန်း၏ ပြင်းထန်သော ဒဏ်ရာများက အလွန် မြန်ဆန်သော အရှိန်ဖြင့် ပြန်လည် ကောင်းမွန်လာနေသည်။

ဂရီမန်သည် မူလက လင်းဖုန်းကို ထပ်မံတိုက်ခိုက်ရန် အခွင့်အရေး ယူလိုသော်လည်း လင်းဖုန်းတွင် ကြယ်တာရာစွမ်းအားများစွာ ကျန်ရှိနေသေးသည်။ ဂရီမန်တွင်မူကား... သူ့တွင် မည်သည့် ကြယ်တာရာစွမ်းအားမှ မကျန်တော့ပေ။

ကြယ်တာရာစွမ်းအား မရှိသော အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးက အမှန်တကယ်တန်းတွင် သာမန်ပရော်ဖက်ရှင်နယ် သိုင်းသမားတစ်ဦးထက် အနည်းငယ်မျှသာ ပိုမိုအစွမ်းထက်ပေလိမ့်မည်။

ဂရီမန်အနေဖြင့် လင်းဖုန်း၏ ဒဏ်ရာများ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာသည်ကို ကြည့်နေရုံကလွဲလို့ ဘာမှမတတ်နိုင်တော့ပေ။

နောက်ဆုံးတွင် လင်းဖုန်း ဒဏ်ရာများအားလုံး ပြန်လည် ကောင်းမွန်သွားသည်။ သူလက်ကို ဆန့်ထုတ်ကြည့်လိုက်သည်။ ထူးထူးခြားခြား ဘာကိုမျှ မခံစားရချေ။သူ့ခန္ဓာကိုယ်က အနည်းငယ် ပင်ပန်းနေသကဲ့သို့သာ ခံစားရသည်။

ဤမျှ ပြင်းထန်သော ဒဏ်ရာမှ ပြန်လည်ကုစားရန်က ကြီးမားလှသော စွမ်းအင်များ လိုအပ်မည်မှာ အသေအချာပင်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်သည်လည်း သဘာဝကျကျပင် အနည်းငယ် ပင်ပန်းနွမ်းနယ်မှုကို ခံစားရပေလိမ့်မည်။ သို့သော် မည်သည့် ကြယ်တာရာစွမ်းအားမှ မကျန်တော့သော ဂရီမန်နှင့် နှိုင်းယှဉ်လိုက်လျှင် ကွာခြားချက်က အလွန်ပင် သိသာလှသည်။

“ငါ ရှုံးပါပြီ...”

ဂရီမန် ငေးမှိုင်သွားသည်။ သူ ရှုံးနိမ့်သွားပြီဖြစ်ကြောင်း သူ သိလိုက်သည်။ သူ လင်းဖုန်းကို အထင်သေးခဲ့မိသည်။ သူ့အမြင်တွင် ဟင်းလင်းပြင်ပူပေါင်းမှလွဲ၍ လင်းဖုန်း၏ ပြန်လည်ကုစားနိုင်သော မွေးရာပါစွမ်းရည်သည် လင်းဖုန်း၏ စွမ်းရည်များထဲတွင် ကြောက်မက်ဖွယ်အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ လင်းဖုန်း၏ အကာအကွယ်ချပ်ဝတ်၊ ကျောက်ဖြစ်စေခြင်းအလွှာတို့နှင့် ပေါင်းစပ်လိုက်လျှင် လင်းဖုန်းကို တစ်ဒင်္ဂအတွင်း အသေသတ်နိုင်ခြင်း မရှိသရွေ့ မည်သူမျှ သူ့ကို အနိုင်ယူနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ဂရီမန်တွင် မည်သည့် အခွင့်အရေးမှ မရှိတော့ပေ။ ယခု သူ ဒဏ်ရာမရသေးသော်လည်း ကြယ်တာရာစွမ်းအားများအားလုံး ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ဒဏ်ရာလုံးဝမရှိတော့သော လင်းဖုန်းနှင့် ရင်ဆိုင်ရလျှင် သူ အနိုင်ရရန်က အိမ်မက်ထဲတွင်ပင် လုံးဝမဖြစ်နိုင်တော့ပေ။

“တိုက်ပွဲ ပြီးဆုံးပါပြီ။ ဂရီမန် အရှုံးပေးလိုက်တဲ့အတွက် လင်းဖုန်းက အနိုင်ရရှိသူ ဖြစ်ပါတယ်”

ဖန်သားပြင် တစ်ချက်လက်သွားသည်။ လင်းဖုန်းနှင့် ဂရီမန်တို့ တစ်ယောက်ပြီးတစ်ယောက် နိုးလာကြသည်။ တိုက်ပွဲကြီး ပြီးဆုံးသွားခဲ့ပြီ။

ထာဝရသိုင်းတာအိုအရှင်

အခန်း (၂၁၂) - ဟင်းလင်းပြင်ဆိုင်ရာ မွေးရာပါစွမ်းရည်

ဘာသာပြန် - အားသစ်

လင်းဖုန်း နိုးလာသည်နှင့် ဂရီမန်ကို ချက်ချင်း ကြည့်လိုက်သည်။

“ဂရီမန်... မင်းရဲ့ ချုပ်နှောင်နိုင်စွမ်းက မွေးရာပါ စွမ်းရည်တစ်ခု မဟုတ်လား”

လင်းဖုန်း၏ လေသံတွင် စပ်စုလိုစိတ်များ သိသိသာသာ ပါဝင်နေသည်။

ဂရီမန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ဟုတ်တယ်... အဲ့ဒါက မွေးရာပါစွမ်းရည်ပဲ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်လုံးလုံး ငါ ဒီစွမ်းရည်ကို ပိုပြီးအားကောင်းလာအောင် အနည်းဆုံး တစ်စက္ကန့်လောက်အထိ ကြာအောင် လုပ်နိုင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့တယ်။ ကံမကောင်းစွာနဲ့ပဲ အခုအချိန်အထိတော့ လူတွေကို ခဏတာလေးပဲ ရပ်တန့်သွားအောင် လုပ်နိုင်သေးတယ်။ မင်း အနိုင်ရသွားပါပြီ။ ငါ့အရှုံးကို လက်ခံပါတယ်ကွာ”

ဂရီမန်တစ်ယောက် အမှန်တကယ်ပင် ယုံကြည်လက်ခံသွားခြင်း ဖြစ်ပေသည်။ အတိတ်က သူသည် မည်သည့်ပြိုင်ဘက်နှင့်မဆို ရင်ဆိုင်ရလျှင် တစ်ကြိမ်ချုပ်နှောင်နိုင်သည်နှင့် တိုက်ပွဲက ချက်ချင်း ပြီးဆုံးသွားလေ့ရှိသည်။ မည်သို့ပင်ဆိုစေ သူက တတိယအဆင့် အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦး ဖြစ်၏။ သူ ဂရီမန်၏ ကြယ်တာရာစွမ်းအားပေါက်ကွဲမှုကို မည်သူက ခုခံနိုင်မည်နည်း။

သို့သော် လင်းဖုန်းကမူ တကယ်ပင် ခုခံနိုင်ခဲ့သည်။ ထိုပြန်လည်ကုစားနိုင်စွမ်းက ကြောက်စရာကောင်းလွန်းလှပေ၏။

“တကယ်ကို အစွမ်းထက်တဲ့ မွေးရာပါစွမ်းရည်ပဲ။ တကယ်လို့ မင်းသာ ဟင်းလင်းပြင်ပူပေါင်းကို ကျွမ်းကျင်ခဲ့မယ်ဆိုရင် အနိုင်အရှုံးကို ဆုံးဖြတ်ဖို့က တော်တော်ခက်လိမ့်မယ်”

လင်းဖုန်းက တည်တည်ငြိမ်ငြိမ် ပြောလိုက်သော်လည်း ဂရီမန်က ခေါင်းခါပြသည်။

“ဟင်းလင်းပြင်ပူပေါင်းနည်းစနစ်က မင်းရဲ့လက်ထဲမှာမို့ အရမ်းအစွမ်းထက်နေတာ။ ဘယ်သူမှ မခုခံနိုင်ဘူး၊ ငါကိုယ်တိုင်တောင် မခုခံနိုင်ဘူး။ ဒါပေမဲ့ ငါကရော အဲဒီအဆင့်ထိရောက်အောင် လေ့ကျင့်နိုင်ပါ့မလား”

လင်းဖုန်း ခေတ္တမျှ စဉ်းစားကြည့်လိုက်သည်။ ယင်းကား အမှန်ပင်ဖြစ်၏။ သူအသုံးပြုသော ဟင်းလင်းပြင်ပူပေါင်းနည်းစနစ် အနှိုင်းမဲ့နီးပါး အစွမ်းထက်နေခြင်းက သူ၏ ကြံ့ခိုင်အားကောင်းသော စိတ်စွမ်းအားကြောင့် ကြယ်တာရာစွမ်းအား မြောက်များစွာသော ပမာဏကို ထည့်သွင်းနိုင်ခြင်းကြောင့်သာ ဖြစ်သည်။

သာမန်သိုင်းသမားတစ်ဦးဆိုလျှင် သူတို့၏ အကန့်အသတ်က ကြယ်တာရာစွမ်းအားမျှင် ၄၀၀၀ ခန့်သာ ဖြစ်ပေလိမ့်မည်။ ယင်းက အစွမ်းထက်သော်လည်း တတိယအဆင့် အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးကို တစ်ဒင်္ဂအတွင်း အသေသတ်ရန်အတွက်မူ မဖြစ်နိုင်ပေ။

သို့သော် ဂရီမန်၏ မွေးရာပါစွမ်းရည်ကလည်း အလွန်အစွမ်းထက်ကြောင်း လင်းဖုန်း ခံစားနေရဆဲ ဖြစ်၏။ ထိုအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်တစ်ခုလုံး နည်းနည်းမှကို မလှုပ်ရှားနိုင်ခဲ့ပေ။ အံ့ဖွယ်စွမ်းအားတစ်ခုက သူ့ကို ချုပ်နှောင်ထားသကဲ့သို့ပင်။

ထိုစွမ်းရည်ကား ဒဏ္ဍာရီလာ ဟင်းလင်းပြင်စွမ်းအားများ ဖြစ်နေနိုင်မည်လော။

သို့သော် သူတော်စင်များပင်လျှင် ဟင်းလင်းပြင်စွမ်းအားကို မကျွမ်းကျင်နိုင်ကြပေ။

“လောင်ဘီသမ်... စောစောက ဂရီမန်သုံးသွားတဲ့ စွမ်းအားက ဘာလဲဆိုတာ မင်းသိလား”

ပုံရိပ်ယောင်စနစ်မှ ထွက်လာပြီဖြစ်သဖြင့် လင်းဖုန်း သူ့စိတ်ထဲတွင် လောင်ဘီသမ်နှင့် စကားပြောနိုင်ပြီ ဖြစ်သည်။

“အံ့ဩစရာပဲ၊ တကယ်ကို အံ့ဩစရာပဲ လင်းဖုန်း။ ဒီဂရီမန်ရဲ့ မွေးရာပါစွမ်းရည်က တကယ်ကို အထင်ကြီးစရာပဲ။ ဒီလို သာမန်ဂြိုဟ်တစ်ခုကနေ ဟင်းလင်းပြင်ဆိုင်ရာ မွေးရာပါပါရမီစွမ်းရည်ပါတဲ့ သက်ရှိတစ်ခု ဘယ်လိုလုပ် မွေးဖွားလာနိုင်ရတာလဲ”

“ဟင်းလင်းပြင်ဆိုင်ရာ မွေးရာပါပါရမီဟုတ်လား... ဘာကို ဆိုလိုတာလဲ”

လင်းဖုန်းအနေဖြင့် လောင်ဘီသမ်က ဟင်းလင်းပြင်ဆိုင်ရာ မွေးရာပါပါရမီအကြောင်း ပြောသည်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။

“စကြဝဠာရဲ့ အတိုင်းအတာအရဆိုရင် စကြဝဠာကြီးက အရမ်းကို ကျယ်ပြောလွန်းတယ်။ အရှိန်အဟုန်နဲ့ ခရီးသွားနိုင်ဖို့ဆိုရင် ဟင်းလင်းပြင်ကို ကွေးညွှတ်ရမယ်။ စကြဝဠာအဆင့် သက်ရှိတွေပဲ ဟင်းလင်းပြင်ကို ကွေးညွှတ်နိုင်စွမ်း ရှိကြတာကွ။

စကြဝဠာအဆင့် သက်ရှိတွေက တကယ်တော့ စကြဝဠာတစ်ခုနဲ့တောင် နှိုင်းယှဉ်လို့ ရတယ်။ သာမန်ဟင်းလင်းပြင်က သူတို့အတွက် ဘာမှမဟုတ်ဘူး။ ဒါပေမဲ့ ဂြိုဟ်အဆင့်နဲ့ ဂလက်ဆီအဆင့် သက်ရှိတွေကတော့ ကျယ်ပြောလှတဲ့ စကြဝဠာကို ဖြတ်ကျော်ချင်ရင် တည်ငြိမ်တဲ့ ဟင်းလင်းပြင် တယ်လီပို့စနစ်တွေကို သုံးပြီးတော့ ဟင်းလင်းပြင်ကို ကွေးညွှတ်ရတယ်။ အဲ့လိုမှမဟုတ်ရင်တော့ သူတို့ရဲ့ ကိုယ်ပိုင်အရှိန်နဲ့ပဲ ဖြစ်ဖြစ် အာကာသယာဉ်တွေလို ပျံသန်းရေးကိရိယာတွေနဲ့ပဲ ဖြစ်ဖြစ် သွားရတာပေါ့ကွာ။

စကြဝဠာအဆင့် သက်ရှိတွေကလွဲရင် ဟင်းလင်းပြင်ဆိုင်ရာ မွေးရာပါပါရမီစွမ်းရည်ပါတဲ့ ရှားပါးသက်ရှိတွေပဲ ဟင်းလင်းပြင်ကို ကွေးညွှတ်နိုင်ကြတာပဲကွ။ ဟင်းလင်းပြင် တယ်လီပို့စနစ်တွေကိုတောင် အဲဒီလို ပါရမီရှင်တွေကပဲ တည်ဆောက်နိုင်တာ။ ဒီဂရီမန်က တကယ်မရိုးရှင်းဘူး။ သူ့မှာ တကယ်ပဲ ဟင်းလင်းပြင်ဆိုင်ရာ မွေးရာပါစွမ်းရည် ရှိနေတယ်။ ကျယ်ပြောလှတဲ့ စကြဝဠာကြီးထဲမှာ ဂလက်ဆီပေါင်း သောင်းနဲ့ချီရင်တောင် ဒီလိုပါရမီရှင်တစ်ယောက် မွေးဖွားလာဖို့ မလွယ်ဘူး”

လောင်ဘီသမ်၏ စကားကို ကြားလိုက်ရသောအခါ လင်းဖုန်း၏ မျက်လုံးများ တောက်ပသွားသည်။ ဂရီမန်၏ မွေးရာပါစွမ်းရည်ကား ဤမျှအထိ အစွမ်းထက်နေပါသလော။

သို့သော် သူကြားသိထားရသည်မှာ ဂရီမန်သည် တုန်းဖန်းရှန်၊ လုချန်းတို့နှင့်အတူ ထိပ်သီးသုံးဦးအဖြစ် လူသိများသော်လည်း အခြားနှစ်ဦး၏ နောက်တွင် များစွာ ကျန်ရစ်နေခဲ့ပြီ ဖြစ်သည်။

“ဂရီမန်က ဟင်းလင်းပြင်ကို ကွေးညွှတ်နိုင်တာလား” လင်းဖုန်းက ထပ်မံ မေးမြန်းလိုက်သည်။

“ဟင်းလင်းပြင်ကို ကွေးညွှတ်ဖို့ ဟုတ်လား... အဝေးကြီး လိုသေးတာပေါ့ကွ။ သူ့ရဲ့ လက်ရှိ ခွန်အားနဲ့ဆိုရင် မင်းကို ခဏလေးပဲ ချုပ်နှောင်ထားနိုင်တာ။ တစ်ခဏတောင် မကြာဘူးဆိုရမယ်။ သူ့လက်ရှိအဆင့်နဲ့ ဟင်းလင်းပြင်ကို ကွေးညွှတ်ဖို့ ဆိုတာကတော့ စိတ်ကူးယဉ်မှုသက်သက်ပဲ ရှိပါသေးတယ်ကွာ။

သူ့မှာ ဟင်းလင်းပြင်ဆိုင်ရာ မွေးရာပါပါရမီစွမ်းရည်ရှိနေရုံပဲ ရှိသေးတာ။ စကြဝဠာရဲ့ ကျင့်ကြံခြင်းစနစ်နဲ့ မထိတွေ့ဖူးသေးဘူး။ အထူးသဖြင့် ဟင်းလင်းပြင်ဆိုင်ရာ ပါရမီကို လမ်းညွှန်ပေးတဲ့ ကျင့်စဉ်တွေနဲ့ မထိတွေ့ဖူးဘူး။ သူ့အနေနဲ့ သူ့ရဲ့ သနားစရာကောင်းတဲ့ ဟင်းလင်းပြင်စွမ်းရည်ကို ဘယ်လောက်ပဲ လေ့ကျင့်ပါစေ ဘာမှထူးထူးခြားခြား ဖြစ်မလာနိုင်ဘူး။ တကယ်လို့ တစ်နေ့နေ့မှာသာ မင်းတို့ဂြိုဟ်ကနေ ဂြိုဟ်အဆင့် သက်ရှိတစ်ဦး မွေးဖွားလာခဲ့ရင် သူ့ကို စကြဝဠာထဲ ခေါ်သွားပြီး အဲဒီကျင့်စဉ်တွေနဲ့ ထိတွေ့ခွင့်ရအောင် လမ်းညွှန်မှုတွေ ရအောင် လုပ်ပေးနိုင်လိမ့်မယ်။ အဲဒီအခါကျမှ သူလည်း ဟင်းလင်းပြင်ကို တကယ်ကွေးညွှတ်နိုင်တဲ့ အဆင့်ကို ရောက်လာနိုင်မှာ။

ဟင်းလင်းပြင်ကို ကွေးညွှတ်နိုင်တဲ့ သက်ရှိတစ်ဦးရဲ့ အဆင့်အတန်းက စကြဝဠာကြီးထဲမှာ ဘယ်လောက်တောင်မြင့်မားလဲဆိုတာ မင်းသိလား။ ခွန်အားကို ထည့်မတွက်ရင်တောင် ဂလက်ဆီအဆင့် သက်ရှိကြီးတွေကတောင် အဲလိုလူမျိုးကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံရတယ်ကွ။ တကယ်လို့ စကြဝဠာထဲက အင်အားစုကြီးတွေသာ ဂရီမန်ကို တွေ့သွားရင် သူ့ကိုရဖို့တစ်ခုတည်းအတွက် မင်းတို့ဂြိုဟ်တစ်ခုလုံးကိုတောင် ဖျက်ဆီးပစ်ကြလိမ့်မယ်”

လင်းဖုန်း ဂရီမန်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ဂရီမန်မှာ ယခုအချိန်အထိ အားငယ်စိတ်ပျက်နေပုံရသည်။ သို့သော် လောင်ဘီသမ်၏ ပြောစကားအရဆိုလျှင် ဂရီမန် တစ်ယောက်တည်းက ဂြိုဟ်တစ်ခုလုံးထက်ပင် ပို၍ အရေးကြီးနေသည်။

ထို့ကြောင့် လင်းဖုန်း အလွန်ထူးဆန်းနေသည်ဟု ခံစားရ၏။ ဂရီမန်တစ်ယောက် ဂလက်ဆီပေါင်း သောင်းနှင့်ချီတွင် တစ်ဦးမျှပင် မမွေးဖွားလာနိုင်သော ဤကဲ့သို့သော ပါရမီရှင်တစ်ဦး ဖြစ်နေခြင်းမှာ တိုက်ဆိုင်မှုသက်သက်သာ ဖြစ်နိုင်ပါမည်လော။

“လောင်ဘီသမ်... ငါ့ရဲ့ မွေးရာပါ ပါရမီစွမ်းရည်တွေကရောဘယ်လိုလဲ”

“မင်းလား... မျိုးရိုးဗီဇပေါင်းစပ်ကိရိယာသာ မရှိရင် မင်းက အနုပ်စုတ်ဂုတ်စုတ် သာမန်အညတရတစ်ယောက်ပဲ။ မဟုတ်ဘူး... သာမန်လူတစ်ယောက်ကိုတောင် မမီဘူးပြောရမယ်။ မင်းက ကျယ်ပြောလှတဲ့ စကြဝဠာထဲက ဖုန်မှုန့်တစ်စလို သာမန်သက်ရှိလေး တစ်ခုပါပဲ။ မင်းမှာ ထူးခြားတာတစ်ခု ရှိတယ်ဆိုရင်တော့ မင်းက တော်တော် ကံကောင်းတာပဲ ဖြစ်မယ်။ မင်း မျိုးရိုးဗီဇ ပေါင်းစပ်ကိရိယာကို ရခဲ့တယ်။ ပြီးတော့ အသက်ဝိညာဥ် အသွင်ပြောင်းလဲခြင်း လေးကြိမ်တောင် မလုပ်ရသေးဘဲ ငါ့ရဲ့ အာကာသယာဉ်ကို ရှာတွေ့ခဲ့တယ်။ မင်းက တော်တော်ကို ကံကောင်းတာပါ”

လင်းဖုန်းတစ်ယောက် လောင်ဘီသမ်၏ အထင်သေးခြင်းကို ထပ်မံခံလိုက်ရပြန်သည်။ သူက ကံကောင်းရုံသက်သက်ပဲလား။

များမကြာမီ လင်းဖုန်း စိတ်ကို လျှော့ချလိုက်သည်။ ကံကောင်းတယ်ဆိုတော့ရော ဘာဖြစ်လဲ။ ဂရီမန်အနေဖြင့် အနှိုင်းမဲ့ အစွမ်းထက်သော မွေးရာပါပါရမီ ရှိနေနိုင်သော်လည်း သူ ဂရီမန်ကို အနိုင်ယူခဲ့သည် မဟုတ်ပါလား။ သို့သော် လောင်ဘီသမ်က ဂရီမန်ကို ချီးကျူးနေသည်ကို ကြည့်ခြင်းအားဖြင့် ဂရီမန်၏ ဟင်းလင်းပြင်ဆိုင်ရာ မွေးရာပါစွမ်းရည်က အမှန်တကယ်ပင် အလွန်အစွမ်းထက်ကြောင်း သိသာလှသည်။

ယခုအချိန်တွင် ဂရီမန်တစ်ယောက် ပြင်ပစကြဝဠာနှင့် မထိတွေ့နိုင်သေးသော်လည်း အနာဂတ်တွင် အခွင့်အရေး အမြဲရှိနေပါသေးသည်။

ထို့ကြောင့် လင်းဖုန်း ဂရီမန်ကို ပြောလိုက်သည်။ “ဂရီမန်... မင်းရဲ့ မွေးရာပါစွမ်းရည်က အရမ်းကို အစွမ်းထက်တယ်လို့ ငါထင်တယ်။ မင်း အဲဒါကို ဆက်ပြီး လေ့လာနေသင့်တယ်။ ဖြစ်နိုင်တာက တစ်ချိန်ချိန်ကျရင် မျှော်လင့်မထားတဲ့ အကျိုးရလဒ်တွေ ရှိလာနိုင်တယ်”

“ငါ့ရဲ့ မွေးရာပါစွမ်းရည်က အစွမ်းထက်တယ် ဟုတ်လား”

ဂရီမန် ခေါင်းညိတ်လိုက်သည်။ အမှန်တကယ်တော့ သူ ဆယ်စုနှစ်ပေါင်းများစွာတိုင် ထိုမွေးရာပါစွမ်းရည်ကို လေ့လာရန် မြှုပ်နှံထားခဲ့ခြင်း ဖြစ်သည်။ သူ၏ ပါရမီစွမ်းရည်က မည်မျှအစွမ်းထက်ကြောင်း သူ ကိုယ်တိုင် ဘယ်လိုလုပ် မသိဘဲ နေမည်နည်း။ သူ နတ်ဘုရားနယ်ပယ် သိုင်းသမားများစွာကိုပင် စုံစမ်းကြည့်ဖူးသော်လည်း ဤမျှ ထူးဆန်းသော မွေးရာပါစွမ်းရည်ရှိသူ တစ်ဦးတစ်ယောက်မျှ မတွေ့ခဲ့ဖူးပေ။

ဂရီမန်သည် တစ်ချိန်က သူ့မွေးရာပါစွမ်းရည်ကို ဘယ်သူမှမသိအောင် ဖုံးကွယ်ထားခဲ့ဖူးသည်။ ယခုတစ်ကြိမ်တွင်မှ လင်းဖုန်း သတိထားမိသွားခဲ့ခြင်း ဖြစ်၏။

“ငါ့ရဲ့ မွေးရာပါစွမ်းရည်ကို ငါ လက်လျှော့မှာ မဟုတ်ပါဘူး။ အနာဂတ်မှာ ငါ့ရဲ့ စွမ်းရည်တွေ ပိုပြီး အားကောင်းလာတဲ့အခါကျရင် ငါတို့ နောက်တစ်ကြိမ် ပြန်ပြီး ယှဉ်ပြိုင်ကြတာပေါ့”

ဂရီမန်သည်လည်း တိုက်ခိုက်လိုစိတ်များ ပြန်လည်နိုးထလာသည်။

“သေချာပေါက် ငါရှိနေမှာပါ”

လင်းဖုန်းလည်း ခေါင်းညိတ်လိုက်သည်။ သူတို့နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြပြီး ပိုမိုရင်းနှီးသွားကြသည်။ မည်သို့ပင်ဆိုစေ သူတို့နှစ်ဦးလုံးက ပြင်ပလူများ၏ အမြင်တွင် ပါရမီရှင်များသာ ဖြစ်ကြသည်။ ပါရမီရှင်များကား အချင်းချင်း တစ်ဦးကိုတစ်ဦး လေးစားအသိအမှတ်ပြုတတ်ကြသည် မဟုတ်ပါလား။

All Chapters