← Chapters

အခန်း (၂၁၃-၂၁၄)

Vol. 18 Ch. 213-214

အခန်း (၂၁၃-၂၁၄)

Vol. 18 Ch. 213-214

အခန်း (၂၁၃) - သူတော်စင်များ၏ ခေါ်ယူခြင်း

ဘာသာပြန် - အားသစ်

“အရည်အချင်းစစ်ပွဲတွေအားလုံး ပြီးဆုံးသွားပါပြီ။ တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲမှာ ပထမနေရာကို ရရှိသွားသူကတော့ လင်းဖုန်းပဲဖြစ်ပါတယ်”

ဝင်ရိုးစွန်းအကယ်ဒမီ၏ ဒုကျောင်းအုပ်က ရလဒ်များကို ကြေညာလိုက်သည်။ ယခုအချိန်မှစ၍ လင်းဖုန်းဟူသော အမည်နာမက လူသားလူဘောင်အဖွဲ့အစည်း တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့မည် ဖြစ်သည်။ ယနေ့မှစ၍ လင်းဖုန်းကို လူတိုင်း သိရှိသွားကြပေတော့မည်။

လင်းမိသားစုအိမ်ရာတွင် လင်းဇနီးမောင်နှံနှစ်ယောက်မှာ ဝမ်းသာမျက်ရည် ကျမိကြသည်။ အတိတ်ကာလက သူတို့လင်းမိသားစုမှ သာလွန်လူသား ကျွမ်းကျင်သူတစ်ဦး ပေါ်ထွက်လာရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့ကြရသည်။ သူတို့၏ ဒုတိယသားကိုပင် စစ်တပ်သို့ ပို့ဆောင်၍ လေ့ကျင့်စေခဲ့သည်။

သို့သော် နောက်ဆုံးတွင်မူ သူတို့ လုံးဝမျှော်လင့်မထားခဲ့မိသော ငယ်စဉ်ကတည်းက ထူးဆန်းသောရောဂါ ဝေဒနာ ခံစားနေရသည့် တတိယသား လင်းဖုန်းကသာ သူတို့အားလုံးကို မျှော်လင့်ချက်ပေးခဲ့ပြီး မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ကာ သာလွန်လူသားကျွမ်းကျင်သူတစ်ယောက် ဖြစ်လာခဲ့သည်။

ယခုအခါတွင်မူ လင်းဖုန်းသည် တစ်ကမ္ဘာလုံး၏ အာရုံစိုက်ရာ ဗဟိုချက်မ ဖြစ်လာခဲ့ပြီး ငြင်းချက်ထုတ်စရာမလို လူတိုင်းအသိအမှတ်ပြု နံပါတ်တစ် ပါရမီရှင် ဖြစ်လာခဲ့ပြီ ဖြစ်၏။

လင်းဖုန်း အသက်ရှိနေသရွေ့ လင်းမိသားစု၏ တဟုန်ထိုး တိုးတက်လာမှုကို မည်သူကမျှ တားဆီးနိုင်တော့မည် မဟုတ်ပေ။

ကြည်ညိုလေးစားစွာ ဝိုင်းရံချီးကျူးထောပနာပြုနေကြသော လူအုပ်ကြီးကြားမှ လင်းဖုန်းကို ကြည့်ရင်း ချူချန်းတစ်ယောက် သက်ပြင်းတစ်ချက် မသိမသာ ချလိုက်မိသည်။ တစ်နှစ်တာဆိုသည့် တိုတောင်းလှသော အချိန်လေးအတွင်းမှာပင် လင်းဖုန်း ဤမျှအထိ ကြီးထွားလာခဲ့ပါ၏။

မည်သို့ပင်ဆိုစေ သူမသည် လင်းဖုန်းအတွက် အမှန်တကယ် ဝမ်းမြောက်ပီတိဖြစ်မိသည်။

လင်းဖုန်းသည် တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲ၏ အကြီးကျယ်ဆုံးမြင်းနက် ဖြစ်လာခဲ့ပြီး အဆုံးအထိတိုင် အနိုင်ရရှိသူ ဖြစ်လာခဲ့သည်။ ယခုအချိန်တွင် တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲသည်လည်း အောင်မြင်စွာ ပြီးဆုံးသွားခဲ့လေပြီ။

အဓိက အင်အားစုကြီး ငါးခုသည်လည်း ဤပြိုင်ပွဲအပေါ် အတော်လေး ကျေနပ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ဤသိုင်းပြိုင်ပွဲက လူတိုင်းအတွက် သိုင်းပညာအကြောင်း ဆွေးနွေးပြောဆိုရန် စိတ်အားထက်သန်မှု ပိုမိုဖြစ်ပေါ်စေခဲ့သောကြောင့်ပင်။ အထူးသဖြင့် ပြိုင်ပွဲဝင် သိုင်းသမားများ ပြသခဲ့သော ဖျက်ဆီးနိုင်စွမ်းရှိသည့် စွမ်းအားများက သာမန်လူများ၏ အတိတ်က နားလည်ထားမှုများကို ပြောင်းပြန်လှန်ပစ်ခဲ့သည်။

သိုင်းပညာကျင့်ကြံခြင်းက ဤမျှအဆင့်ရှိသော စွမ်းအားများကို ရရှိစေနိုင်ကြောင်း သူတို့ ယခုမှ သဘောပေါက်သွားကြပုံရသည်။

နောင်လာမည့် တစ်နှစ် သို့မဟုတ် နှစ်အနည်းငယ်အတွင်း သိုင်းပညာအပေါ် စိတ်ဝင်စားမှုများက သေချာပေါက် တဟုန်ထိုး မြင့်တက်လာလိမ့်မည်ဟု ခန့်မှန်းနိုင်သည်။ ထိုစိတ်အားထက်သန်မှုကို မည်သို့ အသုံးချကာ လူ့အဖွဲ့အစည်းတစ်ခုလုံးကို သိုင်းပညာခေတ်သို့ တွန်းပို့ရမည်ဆိုသည်ကမူ အဓိက အင်အားစုကြီး ငါးခုအပေါ်တွင်သာ မူတည်ပေလိမ့်မည်။

လင်းဖုန်းသည် ဆုကြေးအဖြစ် အကျိုးပြုတန်ဖိုး ၁၀,၀၀၀ ရရှိခဲ့သည်။ ယင်းကား တိုက်ရိုက်ရရှိသော ဆုကြေးသာဖြစ်ပြီး အခြားသွယ်ဝိုက်သောအကျိုးကျေးဇူးများလည်း ရှိနေသည်။ ဥပမာအားဖြင့် ကုန်သည်များစွာက လင်းဖုန်းအား သူတို့၏ ထုတ်ကုန်များကို ကြော်ငြာပေးရန် အလိုရှိကြသည်။ သို့သော်လည်း လင်းဖုန်းက အားလုံးကို ငြင်းပယ်ခဲ့သည်။

ထို့ပြင် သူတော်စင်ကိုးပါးက ယခုပြိုင်ပွဲ၏ ထိပ်သီးသိုင်းသမား ဆယ်ဦးကို သီးသန့် တွေ့ဆုံလိုကြသည်။ ထို့ကြောင့် လင်းဖုန်းအနေဖြင့် ဝင်ရိုးစွန်းမြို့တော်မှ လောလောဆယ် မထွက်ခွာနိုင်သေးပေ။

မိုလေ့က လင်းဖုန်းကို ဂုဏ်ပြုစကား ပြောကြားခဲ့သည်။ သူသည် မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်း၏ တပ်မှူးချုပ်လည်း ဖြစ်သဖြင့် စခန်းမှ အချိန်အကြာကြီး မထွက်ခွာနိုင်ပေ။ ထို့ကြောင့် နှုတ်ဆက်ကာ ပြန်သွားတော့သည်။

ဟောက်ရှီရီနှင့် ရှလောင်ကွေ့တို့လည်း ရှိနေကြသည်။ ဟောက်ရှီရီနှင့် ရှလောင်ကွေ့တို့နှစ်ယောက် လင်းဖုန်းအပေါ် အလွန် ကျေနပ်အားရနေကြသည်မှာ သိသာလှသည်။ အထူးသဖြင့် ရှလောင်ကွေ့၏ အကြည့်က လင်းဖုန်းကို ဖောက်ထွင်းမြင်နိုင်စွမ်း ရှိနေပုံပင်ရသည်။ သူ၏ စူးစိုက်ကြည့်မှုကြောင့် လင်းဖုန်းပင် အနည်းငယ် နေမထိထိုင်မသာ ဖြစ်လာရသည်။

ဝင်ရိုးစွန်းမြို့တော်တစ်ခုလုံး အလျင်အမြန်ပင် တိတ်ဆိတ်သွားသော်လည်း မြို့တော်တွင် ဆက်လက် နေထိုင်နေကြသူများ ရှိနေဆဲပင်။ ဝင်ရိုးစွန်းမြို့တော်သို့ ရောက်ရှိလာရခြင်းက ရှားပါးလှသော အခွင့်အရေးဖြစ်သဖြင့် ပတ်ဝန်းကျင် အလှအပများကို ကြည့်ရှုရင်း အပန်းဖြေနေကြခြင်း ဖြစ်၏။

ထိုအခိုက်အတန့်တွင် လင်းဖုန်း၊ ဂရီမန်၊ ဖူလင်နှင့် အခြားသော သိုင်းသမား ခုနစ်ဦးတို့မှာ ဝင်ရိုးစွန်းအကယ်ဒမီ၏ အစည်းအဝေးခန်းမတစ်ခုတွင် စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသည်။ သူတို့အားလုံး သူတော်စင်ကိုးပါး၏ သီးသန့် ခေါ်ယူတွေ့ဆုံမှုကို စောင့်နေကြခြင်း ဖြစ်ပေသည်။

သူတို့တွေ့ရမည်က သူတော်စင်ကိုးပါးပင်။ ဤသိုင်းသမားများသည် အသွင်ပြောင်းနယ်ပယ်တွင် ထူးချွန်သူများ ဖြစ်ကြသော်လည်း သူတော်စင်ကိုးပါးနှင့် ရင်ဆိုင်ရမည့်အချိန်တွင်မူ တည်တည်ငြိမ်ငြိမ် မနေနိုင်ကြပေ။ သူတို့အားလုံး အတော်လေး စိတ်လှုပ်ရှားနေကြသည်။

လင်းဖုန်းကမူ သူတော်စင်ကိုးပါး၏ သီးသန့်ခေါ်ယူတွေ့ဆုံခြင်းက သာမန်တွေ့ဆုံမှုထက် ပိုနိုင်ကြောင်း သတိပြုမိသည်။ လောင်ဘီသမ်ပင်လျှင် တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲ ကျင်းပရခြင်း၏ နောက်ကွယ်မှ အစစ်အမှန်အကြောင်းရင်းကို ကွန်ရက်ပေါ်တွင် မည်သည့်သဲလွန်စမျှ ရှာမတွေ့ခဲ့ပေ။

အထောက်အထား အားလုံးမှာကား သူတော်စင်ကိုးပါးထံသို့သာ ဦးတည်နေသည်။ ဖြစ်နိုင်သည်က သူတော်စင်ကိုးပါးသည် ဤတွေ့ဆုံပွဲတွင် တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲ ကျင်းပရခြင်း၏ အစစ်အမှန်အကြောင်းရင်းကို ထုတ်ဖော်ပြောကြားပေလိမ့်မည်။

ထို့ကြောင့် လင်းဖုန်းမှာ အလွန် တည်ငြိမ်နေပုံရသည်။

အစည်းအဝေးခန်းမထဲတွင် သူတို့မှာ အုပ်စုအနည်းငယ် ကွဲနေကြသည်။ ဥပမာအားဖြင့် လင်းဖုန်းနှင့် ဂရီမန်တို့နှစ်ယောက်က အဆင့်သတ်မှတ်ချက် မြင့်မားကြသဖြင့် သူတို့နှစ်ဦးက အချင်းချင်း အတော်လေး ရင်းနှီးပုံရသည်။

ဖူလင်မှာ အမျိုးသမီးသိုင်းသမားတချို့နှင့် စုဝေးနေပြီး ကျန်သိုင်းသမားများသည်လည်း သူတို့အသိမိတ်ဆွေအချင်းချင်း စုဝေးနေကြသည်။

ဂရီမန်က မျက်မှောင်ကြုတ်ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။ “လင်းဖုန်း... သူတော်စင်ကိုးပါး ခေါ်ယူတာက ထင်သလောက် မရိုးရှင်းဘူးလို့ ငါထင်တယ်။ မူလတုန်းကဆို ငါ ဒီသိုင်းပြိုင်ပွဲကို မဝင်ပြိုင်ချင်ဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာ သူတော်စင်ကိုးပါးက ဒီပြိုင်ပွဲကို အရမ်းတန်ဖိုးထားတယ်ဆိုတဲ့ လျှို့ဝှက်သတင်းကို ငါ ရခဲ့တယ်။ အဲဒါကြောင့် ငါ ဒီပြိုင်ပွဲကို ဝင်ပြိုင်ခဲ့တာ။ သူတော်စင်ကိုးပါးက ငါတို့ကို ဒီမှာ သီးသန့်ချန်ထားခဲ့တာက သာမန်တွေ့ဆုံဖို့လောက်ပဲ မဟုတ်လောက်ဘူး”

လင်းဖုန်း အနည်းငယ် အံ့ဩသွားသည်။ ဂရီမန်ပင်လျှင် တစ်ခုခုကို သတိပြုမိနေပါသလော။

“ငါ့မှာလည်း အဲဒီလို သံသယတွေ ရှိတယ်။ ဒါပေမဲ့ သူတော်စင်ကိုးပါးက လူသားမျိုးနွယ်ရဲ့ အဓိက ထောက်တိုင်တွေပဲ။ ဘယ်လို ပူးပေါင်းကြံစည်မှုမျိုးမှ ရှိမှာ မဟုတ်ပါဘူး”

မှန်ပေသည်။ လင်းဖုန်း သူတော်စင်ကိုးပါးအပေါ် အထူးသဖြင့် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်နှင့် အကြီးအကဲခန်းတို့အပေါ် ယုံကြည်လေးစားမှုအပြည့်ရှိသည်။ သူတော်စင်ကိုးပါးထဲတွင် လင်းဖုန်းသည် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ကို အသိဆုံးပင်။ မည်သို့ပင်ဆိုစေ လက်သီးသူတော်စင်က သူ့ကို ထိခိုက်အောင် လုပ်မည် မဟုတ်ပေ။

အကြီးအကဲခန်းမှာမူ လူသားမျိုးနွယ်တွင် စတုတ္ထအကြိမ် အသက်ဝိညာဉ်အသွင်ပြောင်းလဲခြင်းကို ပထမဆုံး အောင်မြင်ခဲ့သူဖြစ်ပြီး သိုင်းသမားများအားလုံးအတွက် သိုင်းလမ်းစဉ်ကို ဦးဆောင်လမ်းပြပေးခဲ့သူ ဖြစ်သည်။ သူသည် ဘဝတစ်ခုလုံးကို လူသားမျိုးနွယ်အတွက် အပြည့်အဝ မြှုပ်နှံထားသူဖြစ်ပြီး မည်သည့် ကိုယ်ကျိုးစီးပွားအရ ကြံစည်မှုမှ ရှိမည်မဟုတ်ပေ။

ထို့ပြင် သူတော်စင်ကိုးပါးက သာမန်အသွင်ပြောင်းနယ်ပယ် သိုင်းသမားဆယ်ဦးအပေါ် မည်သည့် အကြံအစည်များ ရှိနိုင်ပါမည်နည်း။

ပူးပေါင်းကြံစည်မှုဆိုသည်က ပို၍ပင် မဖြစ်နိုင်ပေ။ သို့ဆိုလျှင် သူတော်စင်ကိုးပါးက သူတို့ကို အဘယ်ကြောင့် ဤနေရာတွင် တွေ့ဆုံလိုရသနည်း။

သိုင်းသမားများ အားလုံး ခန့်မှန်းနေကြစဉ်မှာပင် သူတော်စင်ကိုးပါး၏ ပုံရိပ်ယောင်များ ပေါ်ထွက်လာသည်။ ကျယ်ဝန်းလှသော အစည်းအဝေးခန်းမထဲတွင် ပုံရိပ်ယောင်ကိုးခု ထပ်မံပေါ်ပေါက်လာခြင်း ဖြစ်ပေ၏။

သူတော်စင်ကိုးပါး၏ ပုံရိပ်ယောင်များထဲမှ သူတော်စင်အများစုသည်ကား အေးစက်စက် အမူအရာများ ရှိကြသော်လည်း တစ်စုံတစ်ခုသော အကြောင်းရင်းကြောင့် လင်းဖုန်း ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ကို ကြည့်လိုက်သည်။ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ အကြည့်က သူ့အပေါ် ကျေနပ်အားရနေမှုကို ပြသနေသည်ဟု သူ ခံစားလိုက်ရသည်။

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်အနေဖြင့် လင်းဖုန်းအပေါ် အမှန်တကယ် ကျေနပ်နေခြင်း ဖြစ်၏။ လင်းဖုန်းတစ်ယောက် တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲတွင် အများသူငါတို့၏ အာရုံစိုက်မှုကို ရရှိခဲ့ခြင်းက အနန္တလမ်းစဉ်အကယ်ဒမီတစ်ခုလုံး အာရုံစိုက်မှုကို ရရှိခြင်းနှင့် ထပ်တူပင် ဖြစ်သည်။

မည်မျှ ကြာခဲ့ပြီနည်း။ အဓိက သိုင်းပညာအကယ်ဒမီ သုံးခုအကြား ကျင်းပသည့် သိုင်းပြိုင်ပွဲတိုင်းတွင် အနန္တလမ်းစဉ်အကယ်ဒမီကား အမြဲတမ်းလိုလို နောက်ဆုံးအဆင့်သာ ရလေ့ရှိသည်။

ယခုတစ်ကြိမ်တွင်မူ အနန္တလမ်းစဉ်အကယ်ဒမီ ရှေ့တန်းသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီဟု ဆိုနိုင်သည်။ ပိုမိုကြီးမားသော စင်မြင့်ထက်တွင် အနန္တလမ်းစဉ်အကယ်ဒမီက ရှေ့တန်းရောက်လာရုံသာမက အကယ်ဒမီမှ ကျောင်းသားဖြစ်သော လင်းဖုန်းကလည်း ပထမနေရာကို ရရှိခဲ့သည် မဟုတ်ပါလား။

ထိုအချက်က ပြိုင်ဘက်ကင်းလက်သီးသူတော်စင်အား အခြားသော သူတော်စင်များရှေ့တွင် မျက်နှာပွင့်စေခဲ့သည်။

သူတော်စင်ခန်းက သူတို့ကို ကြည့်လိုက်သည်။ သူ့အမူအရာကား အလွန်ပင် ချိုသာလှပြီး တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။

“တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲမှာ ထိပ်တန်းအဆင့်တွေ ရခဲ့ကြတဲ့အတွက် ဂုဏ်ယူပါတယ်။ မင်းတို့က အသွင်ပြောင်းနယ်ပယ် သိုင်းသမားတွေထဲမှာ အထူးချွန်ဆုံး သူတွေပဲ။ သိုင်းသမားတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ဖို့နဲ့ သိုင်းသမားတွေအတွက် မူဝါဒအသစ်တွေနဲ့အညီ သူတို့ရဲ့ အဆင့်အတန်းကို မြှင့်တင်ဖို့အပြင် ဒီတစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲကို ကျင်းပရတဲ့ အခြား အရမအရေးကြီးတဲ့ အကြောင်းရင်းတစ်ခုလည်း ရှိသေးတယ်”

လူတိုင်း အသက်ကို အောင့်ထားကြပြီး သူတော်စင်ခန်းကို စူးစိုက်ကြည့်ကာ အစွမ်းကုန်နားစွင့်နေကြသည်။

“အခြား အရမ်းအရေးကြီးတဲ့ အကြောင်းရင်းတစ်ခုကတော့ သူတော်စင်ကိုးပါးနဲ့ ငါတို့ လူသားမျိုးနွယ်အားလုံးက မင်းတို့ဆယ်ယောက်ဆီကနေ အကူအညီ လိုအပ်နေလို့ပဲ”

သူတော်စင်ခန်း၏ စကားကြောင့် လင်းဖုန်းနှင့် အခြားသူများအားလုံး အံ့အားသင့်သွားကြရသည်။

ခန့်ညားထည်ဝါလှသော သူတော်စင်များက သူတို့ကဲ့သို့ သာမန်အသွင်ပြောင်းနယ်ပယ် သိုင်းသမားဆယ်ဦးထံမှ အဘယ်ကြောင့် အကူအညီ လိုအပ်နေရသနည်း။

ယင်းက လူသားမျိုးနွယ် တစ်ရပ်လုံး၏ အဆင့်အထိ မြင့်တက်သွားခြင်းကို မဆိုထားနှင့်ဦး။ သူတော်စင်ကိုးပါး၏ တည်ကြည်လေးနက်သော အမူအရာများသာ မရှိလျှင် သူတော်စင်ခန်းတစ်ယောက် နောက်ပြောင်နေသည်ဟု သူတို့ ထင်မှတ်မိကြပေလိမ့်မည်။

သို့သော် ဤသည်မှာ ဟာသတစ်ခု ဖြစ်နိုင်ပါမည်လော။

လင်းဖုန်းနှင့် ဂရီမန်တို့နှစ်ယောက်သား တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြသည်။ ဂရီမန်သည် ယခင်မျိုးဆက်၏ ထိပ်တန်းပါရမီရှင်တစ်ဦး ဖြစ်သည်နှင့်အညီ ရိုသေလေးစားစွာ ဦးဆောင်မေးမြန်းလိုက်သည်။

“သူတော်စင်ခန်း... ကျွန်တော်တို့ဆီကနေ သူတော်စင်ကြီးတွေက ဘာတွေများ လုပ်ဆောင်ပေးဖို့ လိုအပ်နေလို့ပါလဲခင်ဗျ”

ထိုအချိန်တွင် သူတော်စင်ကိုးပါးသည် သူတို့ကို တစ်စုံတစ်ခု လုပ်ဆောင်ပေးရန် ခေါ်ယူထားခြင်းဖြစ်ကြောင်း သိသာလှသည်။ သို့သော် သူတော်စင်များပင်လျှင် အကူအညီ လိုအပ်နေသည်ဆိုပါက သူတို့ကဲ့သို့ အသွင်ပြောင်းနယ်ပယ် သိုင်းသမားများက မည်သို့များ ကူညီပေးနိုင်ပါမည်နည်း။

ထာဝရသိုင်းတာအိုအရှင်

အခန်း (၂၁၄) - ရှေးဟောင်းယဉ်ကျေးမှုများ

ဘာသာပြန် - အားသစ်

အကြီးအကဲခန်းသည် သိုင်းသမားများအားလုံးကို တစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းရှည်တစ်ချက်ချကာ ဖြည်းညှင်းစွာ ပြောပြလိုက်သည်။

"မင်းတို့ ရှေးဟောင်းယဉ်ကျေးမှုတွေအကြောင်း သိကြသလား"

"ကျွန်တော်တို့ အခုယဉ်ကျေးမှုမတိုင်ခင်မှာ အခြားယဉ်ကျေးမှုအချို့ ရှိခဲ့ဖူးတယ်လို့ ကြားဖူးပါတယ်" ဂရီမန်က တည်ငြိမ်စွာ ပြန်ဖြေသည်။

"မှန်တယ်။ ငါတို့ကမ္ဘာကြီးက အရမ်းထူးဆန်းတယ်။ မူလတုန်းက ငါတို့ကသာ တစ်ခုတည်းသော အသိဉာဏ်ရှိတဲ့ ယဉ်ကျေးမှုလို့ ထင်ခဲ့ကြပေမဲ့ ပြင်ပနယ်မြေတွေရဲ့ အနက်ရှိုင်းဆုံးနေရာတွေမှာ အပျက်အစီးတွေကို ပိုပိုပြီး ရှာဖွေတွေ့ရှိလာရတယ်။ အဲဒါတွေက တကယ်တော့ ရှေးဟောင်းယဉ်ကျေးမှုတွေရဲ့ အကြွင်းအကျန်တွေပဲ။ ငါတို့မတိုင်ခင်မှာ အနည်းဆုံး ယဉ်ကျေးမှုငါးခု ရှိခဲ့ဖူးပြီး အဲဒီယဉ်ကျေးမှုတွေ အားလုံးက အပျက်အစီး အမြောက်အမြား ချန်ထားခဲ့ကြတယ်။ အဲ့ထဲက တချို့ဆို ငါတို့ရဲ့ နည်းပညာ ဒါမှမဟုတ် သိုင်းပညာအတွက် အရမ်းအကျိုးရှိစေတယ်"

"ဒီတစ်ကြိမ်မှာတော့ ရှေးဟောင်းယဉ်ကျေးမှုတစ်ခုရဲ့ အပျက်အစီးတွေကို ငါတို့ ရှာတွေ့ခဲ့တယ်။ အဲဒါက မြေအောက်မှာ မြုပ်နေတဲ့ အာကာသသင်္ဘောပျက်ကြီး တစ်စီးပဲ။ ဒီသင်္ဘောပျက်က အရမ်းအရမ်းကြီးမားပြီးတော့ အထဲမှာ ကာကွယ်ရေး ယန္တရားတစ်ခု ရှိနေတယ်။ ငါတို့ရဲ့ ကနဦးခန့်မှန်းချက်အရ အဲဒါက တစ်ချိန်က နည်းပညာယဉ်ကျေးမှုတစ်ခု ဖြစ်ခဲ့ဖူးပြီး ငါတို့တွေ့ရှိတဲ့ ဆဌမမြောက် ရှေးဟောင်းယဉ်ကျေးမှုလည်း ဖြစ်နိုင်တယ်"

"မူလတုန်းက သူတော်စင်ကိုးပါးက တိုက်ရိုက်ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြပေမဲ့ အထဲက ကာကွယ်ရေးယန္တရားက အရမ်းအားကောင်းပြီး သူတော်စင်တွေကိုတောင် ခြိမ်းခြောက်နိုင်စွမ်းရှိတယ်။ ငါတို့ နောက်ထပ် စမ်းသပ်မှုအချို့ လုပ်ကြည့်တဲ့အခါ အသက်ဝိညာဉ်အသွင်ပြောင်းလဲခြင်း ဒုတိယအဆင့်နဲ့ အထက်မှာရှိတဲ့ သိုင်းသမားတွေ အားလုံး တိုက်ခိုက်ခံရတာကို တွေ့ရတယ်။ တစ်ဖက်မှာတော့ သာမန်လူတွေနဲ့ အသွင်ပြောင်းနယ်ပယ် သိုင်းသမားတွေကတော့ တိုက်ခိုက်မခံရဘူး။ ဒါပေမဲ့ ငါတို့စေလွှတ်လိုက်တဲ့ လူအုပ်စု ဆယ်စုကျော်ကတော့ ဘယ်တော့မှ ပြန်ပေါ်မလာတော့ဘူး။ ရှေးဟောင်းပျက်စီးမှုတွေထဲမှာ နောက်ထပ် ကာကွယ်ရေးယန္တရားတွေ ရှိနေဦးမှာပဲလို့ ငါတို့ ခန့်မှန်းမိလိုက်တယ်။ ဒါကြောင့်မို့ အထဲကို ဝင်သွားတဲ့သူတွေက အန္တရာယ်နဲ့ကြုံပြီး ပြန်မထွက်နိုင်တော့တာ ဖြစ်နိုင်တယ်"

"အဲဒါကြောင့် ငါတို့ တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲကို ကျင်းပပြီး အသန်မာဆုံး အသွင်ပြောင်းနယ်ပယ် သိုင်းသမားဆယ်ယောက်ကို ရွေးချယ်ခဲ့တာ။ မင်းတို့ အဲဒီရှေးဟောင်းအပျက်အစီးတွေကို သွားရောက်စူးစမ်းနိုင်ဖို့ ငါတို့မျှော်လင့်တယ်။ တကယ်လို့ မင်းတို့သာ အထဲက ကာကွယ်ရေးယန္တရားတွေကို ဖယ်ရှားနိုင်ခဲ့မယ်ဆိုရင်တော့ အကောင်းဆုံးပဲပေါ့"

သူတော်စင်ခန်း၏ စကားကို ကြားလိုက်ရသောအခါ စောစောက စိတ်အားထက်သန်နေကြသော သိုင်းသမားဆယ်ဦးလုံး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ခန်းမအတွင်းရှိ လေထုမှာ အနည်းငယ် လေးလံသွားသည်။

လင်းဖုန်းလည်း သဘောပေါက်သွားသည်။ မျှော်လင့်ထားသည့်အတိုင်းပင် သူတော်စင်များက ရှေးဟောင်းယဉ်ကျေးမှုများအကြောင်း သိထားကြသည်။

သို့သော် လောင်ဘီသမ်၏ အဆိုအရ ပျောက်ကွယ်သွားသော ရှေးဟောင်းယဉ်ကျေးမှု ရှစ်ခုရှိသော်လည်း သူတော်စင်များက ငါးခုကိုသာ ရှာဖွေတွေ့ရှိထားသေးသည်။ ယခု သင်္ဘောပျက်ကို ထည့်ပေါင်းလျှင်ပင် ခြောက်ခုသာ ရှိသေးသည်။

သူတော်စင်ကိုးပါး လုံးဝမတွေ့ရှိသေးသည့် အခြား ရှေးဟောင်းယဉ်ကျေးမှုနှစ်ခု ရှိနေသေးသည်။

"နည်းပညာယဉ်ကျေးမှုလား... လောင်ဘီသမ်၊ ဒါက ဘယ်ယဉ်ကျေးမှုလဲဆိုတာ မင်းသိလား" လင်းဖုန်းက စိတ်ထဲမှ မေးလိုက်သည်။

"မင်းတို့ရဲ့ ယဉ်ကျေးမှုကလွဲရင် မင်းတို့ကမ္ဘာမှာ အခြားယဉ်ကျေးမှု ရှစ်ခု ရှိတယ်။ အဲဒီရှစ်ခုထဲက တချို့က နည်းပညာယဉ်ကျေးမှုတွေ ဖြစ်တဲ့အတွက် အပျက်အစီးတွေကို မတွေ့ရဘဲနဲ့တော့ ဘယ်ယဉ်ကျေးမှုကလဲဆိုတာ ငါ မဆုံးဖြတ်နိုင်ဘူး"

လင်းဖုန်း သဘောတူလိုက်ပြီး ထိုကိစ္စကို ဆက်မမေးတော့ဘဲ သူတော်စင်ခန်းကိုသာ ကြည့်နေလိုက်သည်။

မည်သည့်အာမခံချက်မှ မရှိသော ဤမျှအန္တရာယ်များသည့် တာဝန်မျိုးကို သူတော်စင်ကိုးပါး၏ ဂုဏ်သိက္ခာဖြင့်ပင် ဖိအားပေး၍ မရနိုင်ပေ။

"သူတော်စင်ကိုးပါး... တကယ်လို့ ကျွန်တော်တို့က သေရမယ်မှန်း သိလျက်နဲ့ အဆင်အခြင်မဲ့ ဝင်သွားမယ်ဆိုရင် သေရမှာက ဒုတိယအချက်ပါ၊ တာဝန်ကို မပြီးမြောက်နိုင်ဘဲ သူတော်စင်ကြီးတွေကို စိတ်ပျက်အောင် လုပ်မိမှာကိုပဲ ကျွန်တော် စိုးရိမ်ပါတယ်"

ဂရီမန်က ကြည်လင်ပြတ်သားသော စိတ်ဓာတ်ကို ထိန်းသိမ်းထားနိုင်ဆဲပင်။ သူက တိုက်ရိုက် မငြင်းပယ်ခဲ့ပေ။ ထိုအစား တာဝန်ပြီးမြောက်မှု ရှုထောင့်မှသာ မေးမြန်းလိုက်ခြင်း ဖြစ်သည်။ သူတော်စင်များသည် သိုင်းသမားများစွာကို စေလွှတ်ခဲ့သော်လည်း မည်သူမျှ ပြန်မလာနိုင်ခဲ့ပေ။ သူတို့သွားတော့ရော ဘာထူးမှာလဲ။

လေထုမှာ ချက်ချင်းပင် တည်ကြည်လေးနက်သွားသည်။ လင်းဖုန်းပင် စကားမပြောတော့ပေ။ ထိုအစား သူတော်စင်ကိုးပါးကိုသာ စူးစိုက်ကြည့်နေလိုက်သည်။

အကြီးအကဲခန်းက သက်ပြင်းရှည်တစ်ချက်ချကာ ပြောလိုက်သည်။ "ငါတို့ နည်းလမ်းမျိုးစုံကို စဉ်းစားခဲ့ပြီးပြီ။ ဒီအပျက်အစီးတွေထဲမှာ ငါတို့ သူတော်စင်တွေကိုတောင် ခြိမ်းခြောက်နိုင်တဲ့ လက်နက်တွေလိုမျိုး အလွန်အရေးကြီးတဲ့ အရာတွေ ရှိနေတယ်။ လူသားမျိုးနွယ် ကြုံတွေ့ရနိုင်တဲ့ အကျပ်အတည်းတွေကို ရင်ဆိုင်ဖို့ ငါတို့ ဒီအရာတွေကို တကယ်လိုအပ်တယ်။ လူသားမျိုးနွယ်က တိုးတက်ထွန်းကားနေတယ်ဆိုပေမဲ့ အမြဲတမ်း အန္တရာယ်တွေကြားမှာ ရှိနေခဲ့တာပဲ။ အနာဂတ်မှာလည်း အကျပ်အတည်းတွေ ပေါက်ကွဲထွက်လာနိုင်တယ်။ ငါတို့မှာ အချိန်အများကြီး မကျန်တော့ဘူး။ အဲဒါကြောင့် မင်းတို့က ငါတို့ရဲ့ မျှော်လင့်ချက်တင်မကဘဲ လူသားမျိုးနွယ်ဝင်အားလုံးရဲ့ မျှော်လင့်ချက်ကို ထမ်းပိုးထားရတယ်လို့ ပြောရင်လည်း မမှားဘူး"

"မင်းတို့ မသွားခင်မှာ ငါတို့က တစ်ယောက်ကို အကျိုးပြုတန်ဖိုးတစ်သောင်းစီ ဆုချမယ်။ မင်းတို့ အောင်အောင်မြင်မြင် ပြန်လာပြီးတဲ့နောက်မှာလည်း နောက်ထပ် အကျိုးပြုတန်ဖိုးတစ်သောင်း ထပ်ပေးဦးမယ်။ မင်းတို့ လိုချင်တာ မှန်သမျှ ဝယ်လို့ရတယ်။ အတိုချုပ်ပြောရရင် မင်းတို့ရဲ့ ခွန်အားကို တိုးတက်အောင် အစွမ်းကုန် ကြိုးစားကြပါ"

သူတော်စင်ခန်း၏ စကားက သိုင်းသမားဆယ်ဦးကို လှုပ်ခတ်သွားစေသည်။

အကျိုးပြုတန်ဖိုး တစ်သောင်း။ နတ်ဘုရားနယ်ပယ် သိုင်းသမားများပင်လျှင် ဤမျှများပြားသော အကျိုးပြုတန်ဖိုးကို စုဆောင်းနိုင်ရန် ခဲယဉ်းလှပေမည်။ ဤအကျိုးပြုတန်ဖိုး တစ်သောင်းသည်ကား သိုင်းသမားများစွာ၏ နှစ်ပေါင်းများစွာ စုဆောင်းမှုကို သက်သာစေရန် လုံလောက်လှပေသည်။

သူတို့လိုချင်သော ကြယ်တာရာသိုင်းပညာရပ်များ၊ ကိရိယာတန်ဆာပလာများ အားလုံးမှာ ပြဿနာ မဟုတ်တော့ပေ။ ထို့ပြင် အောင်အောင်မြင်မြင် ပြန်လာပါက နောက်ထပ် တစ်သောင်း ထပ်မံရဦးမည် ဖြစ်သည်။

လင်းဖုန်းပင်လျှင် ဤမျှများပြားသော ဥစ္စာဓနကြောင့် စိတ်လှုပ်ရှားမိသည်။ သူသည် ပထမဆုအနေဖြင့် အကျိုးပြုတန်ဖိုးတစ်သောင်း ရရှိထားပြီး ဖြစ်သည်။ နောက်ထပ် တစ်သောင်း ထပ်ပေါင်းလိုက်လျှင် သူ နတ်ဘုရားနယ်ပယ် သိုင်းသမားအများစုထက်ပင် ပိုမိုချမ်းသာလာပေလိမ့်မည်။

သို့သော် အပျက်အစီးများထဲသို့ သွားရောက်ခြင်းက အလွန်တရာ အန္တရာယ်များလွန်းလှသည်။ သို့သော် သူတော်စင်ကိုးပါးကိုယ်တိုင် သူတို့ကို ခေါ်ယူတွေ့ဆုံခြင်းက မမြင်နိုင်သော ဖိအားတစ်ခုပင် ဖြစ်၏။

သူတို့ကဲ့သို့ သာမန်အသွင်ပြောင်းနယ်ပယ် သိုင်းသမားများက သူတော်စင်တို့၏ ဆန္ဒကို မည်သို့ ငြင်းပယ်နိုင်ပါမည်နည်း။

သူတော်စင်ကိုးပါးက သူတို့၏ သဘောထားကို မေးမြန်းနေပုံရသော်လည်း လက်တွေ့တွင် လင်းဖုန်းနှင့် အခြားသူများ၌ ရွေးချယ်စရာ လုံးဝ မရှိပေ။

"ကျွန်တော်တို့အားလုံး ရှေးဟောင်းအပျက်အစီးတွေဆီ သွားဖို့ အသင့်ပါပဲ"

လင်းဖုန်း၊ ဂရီမန်နှင့် အခြားသူများ အားလုံး မတ်တပ်ရပ်ကာ သူတို့၏ သဘောထားကို ဖော်ပြလိုက်ကြသည်။

"အရမ်းကောင်းတယ်။ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ပြင်ဆင်ကြပါ။ အလောတကြီး လုပ်ဖို့ မလိုပါဘူး။ နောက်သုံးလနေရင် သူတော်စင်ယွမ်ယီနဲ့ ငါကိုယ်တိုင် မင်းတို့ကို အပျက်အစီးတွေဆီ လိုက်ပို့ပေးဖို့ ဝင်ရိုးစွန်းမြို့တော်ကို လာခဲ့မယ်။ နောက်သုံးလအတွင်းမှာ မင်းတို့ရဲ့ ခွန်အားကို အစွမ်းကုန် တိုးတက်အောင် လုပ်ကြပါ။ စကားမစပ်... မင်းတို့ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကိုတော့ လုံးဝမလုပ်ရဘူးနော်။ အသက်ဝိညာဉ် အသွင်ပြောင်းလဲပြီးတော့ နတ်ဘုရားနယ်ပယ် သိုင်းသမား ဖြစ်သွားတာနဲ့ မင်းတို့ အဲဒီအပျက်အစီးတွေထဲကို ဝင်လို့ရတော့မှာ မဟုတ်ဘူး"

သူတော်စင်ကိုးပါး၏ ပုံရိပ်ယောင်များ ပျောက်ကွယ်သွားသည်။ သိုင်းသမားဆယ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသော်လည်း ဘာမှ မပြောဖြစ်ကြပေ။ သုံးလဆိုသည်ကား အချိန်အတော်ကြာသည်ဟု ထင်ရသော်လည်း ထိုမျှကာလအတွင်း သူတို့၏ ခွန်အားက မည်မျှအထိ တိုးတက်လာနိုင်မည်နည်း။

"လင်းဖုန်း... ငါတို့နှစ်ယောက်လုံးအတွက် ခွန်အားတိုးဖို့ဆိုတာ တကယ်ကို ခက်ခဲလိမ့်မယ်။ ဒီတစ်ကြိမ်မှာတော့ ငါတို့ ကာကွယ်ရေး ကိရိယာတွေ ပိုဝယ်ထားသင့်တယ်။ တကယ်လို့ အဲဒီအပျက်အစီးတွေက နည်းပညာယဉ်ကျေးမှုသာ ဖြစ်မယ်ဆိုရင် ကာကွယ်ရေး ကိရိယာတွေက သေချာပေါက် အရေးပါလိမ့်မယ်" ဂရီမန်က လင်းဖုန်းကို သတိပေးလိုက်သည်။

"ငါ မှတ်ထားပါ့မယ်။ သုံးလနေရင် တွေ့ကြတာပေါ့"

လင်းဖုန်းနှင့် ဂရီမန်တို့လည်း လမ်းခွဲလိုက်ကြသည်။ နည်းပညာ ကိရိယာများအကြောင်းဆိုလျှင် လောင်ဘီသမ်က ပိုသိမည်မှာ သေချာသည်။ သူ၏ အကျိုးပြုတန်ဖိုး၂၀,၀၀၀ ကို အကျိုးရှိရှိ အသုံးချရမည် ဖြစ်သည်။

အစည်းအဝေးခန်းမမှ ထွက်လာပြီးနောက် လင်းဖုန်း ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။ ဤနေရာမှာ ဝင်ရိုးစွန်းအကယ်ဒမီဖြစ်ပြီး သာမန်လူများအနေဖြင့် ဝင်ရောက်နိုင်ရန် အလွန်ခဲယဉ်းလှသည်။ လင်းဖုန်းအနေဖြင့် ဤသိုင်းပညာပြိုင်ပွဲ၏ ပြိုင်ပွဲဝင်တစ်ဦး ဖြစ်နေသောကြောင့်သာ ဝင်ရောက်ခွင့်ရရှိခြင်း ဖြစ်ပေသည်။

ဝင်ရိုးစွန်းအကယ်ဒမီအကြောင်း တွေးလိုက်မိသည်နှင့် လူရိပ်တစ်ခုက လင်းဖုန်း စိတ်ထဲတွင် ပေါ်လာသည်။

"အချိန်တွေ အတော်ကြာသွားပြီပဲ။ ငါတို့ တွေ့ဆုံနိုင်မလား"

လင်းဖုန်း သူ၏ ဆက်သွယ်ရေးကိရိယာကို ထုတ်လိုက်ပြီး ရင်းနှီးနေသော အမည်တစ်ခုကို ကြည့်လိုက်သည်။ သူ ဗဟိုပင်လယ်မြို့မှ ကဖေးဆိုင်တွင် သူမထွက်ခွာသွားသည်ကို စိတ်မကောင်းစွာဖြင့် ကြည့်နေခဲ့ရသည့် အချိန်ကကဲ့သို့ တစ်ဖန် ပြန်လည်ဝေခွဲမရ ဖြစ်နေပြန်သည်။

နောက်ဆုံးတွင်မူ လင်းဖုန်း သူမ၏ ဆက်သွယ်ရေးနံပါတ်ကို ခေါ်ဆိုလိုက်သည်။ အတိတ်တွင် သူ နောင်တရခဲ့ဖူးသည်။ ယခုတစ်ကြိမ်တွင် သူ အလွန်အန္တရာယ်များသော ရှေးဟောင်းယဉ်ကျေးမှု အပျက်အစီးများဆီသို့ သွားရတော့မည်။ လင်းဖုန်းအနေဖြင့် သူ အသက်ရှင်လျက် ပြန်လာနိုင်မည်လား မသေချာပေ။

ထို့ကြောင့် မည်သို့ပင်ဖြစ်စေ ယခုတစ်ကြိမ်တွင် မည်သည့် နောင်တမျှ မကျန်ရစ်စေရန် သူ ဆုံးဖြတ်ချက်ချလိုက်ခြင်း ဖြစ်ပေသည်။

All Chapters