← Chapters

တံခွန်လေးခု ဆုံစည်းခြင်း

Vol. 62 Ch. 855

တံခွန်လေးခု ဆုံစည်းခြင်း

Vol. 62 Ch. 855

​လီလော့က လီရုန်ယွင့်၏ တောင်းဆိုချက်ကို တုံ့ဆိုင်းခြင်းမရှိဘဲ လက်ခံလိုက်သည်။ အနောက်ဘက်ဒေသသို့ သွားရောက်ချိန်တွင် ဝမ်းကွဲညီမဖြစ်သူနှင့် တွေ့ဆုံရန် အလွန်ပင် စိတ်ဝင်စားနေမိသည်။

​ထိုနေ့၏ ကျန်ရှိသောအချိန်များတွင် သူသည် အားအင်ပြည့်ဝအောင် အနားယူခဲ့ပြီးနောက် အစိမ်းရောင်နယ်သာတံခွန်၏ လေ့ကျင့်ရေးကွင်းသို့ ထွက်ခွာခဲ့သည်။

​သူရောက်ရှိလာချိန်တွင် တံခွန်အဖွဲ့ဝင်အများအပြားက သူ့ကို ရိုသေစွာ နှုတ်ဆက်ကြပြီး သူတို့၏မျက်လုံးများတွင် ကြည်ညိုလေးစားမှုများဖြင့် ပြည့်နှက်နေသည်။ လအနည်းငယ်အတွင်းမှာပင် လီလော့၏ ဦးဆောင်မှုအောက်တွင် အစိမ်းရောင်နယ်သာ တံခွန်သည် လုံးဝအသွင်ပြောင်းလဲသွားခဲ့သည်။ သူတို့၏ ထူးခြားသော အောင်မြင်မှုများကြောင့် တံခွန်တော် နှစ်ဆယ်အကြားတွင် အစိမ်းရောင်နယ်သာတံခွန်မှာ နာမည်ကျော်ကြားလာခဲ့သည်။

​ယခုအခါ သူတို့သည် ထိပ်တန်းတံခွန်များထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံရရန် အရည်အချင်းပြည့်မီနေပြီဖြစ်သည်။ ဤအောင်မြင်မှုများသည် လွန်ခဲ့သော လဝက်ခန့်နှင့် နှိုင်းယှဉ်ပါက လုံးဝခြားနားသွားခဲ့ပြီ ဖြစ်သည်။ ဤအရာအားလုံးမှာ လီလော့ကြောင့်ပင်။

​အမှန်စင်စစ် အစိမ်းရောင်နယ်သာ တံခွန်၏ အခြေခံအုတ်မြစ်မှာ မဆိုးလှပေ။ တိတိကျကျ ပြောရလျှင် တံခွန်တော် နှစ်ဆယ်ထဲမှ မည်သည့်အဖွဲ့မှ အားနည်းသည်ဟု မဆိုနိုင်ပေ။ ထို့အပြင် တံခွန်အဖွဲ့ဝင် ရှစ်ထောင်လုံးမှာ နဂါးစွယ်နယ်မြေတစ်ခုလုံးမှ ရွေးချယ်ထားသော ထူးချွန်သူများ ဖြစ်ကြသည်။ သို့သော်လည်း ဝံပုလွေအုပ်စုတစ်စု၏ ထူးခြားသော အစွမ်းသတ္တိကို ထုတ်ဖော်နိုင်ရန်အတွက် ထူးချွန်သော ခေါင်းဆောင်တစ်ဦး လိုအပ်ပေသည်။ ၎င်းမှာ အစိမ်းရောင်နယ်သာ တံခွန်တွင် ကာလရှည်ကြာ လိုအပ်နေခဲ့သော အရာပင်။

​ထိုနေရာလွတ်ကို လီလော့က ဖြည့်ဆည်းပေးခဲ့သည်။ ထို့ကြောင့် အစိမ်းရောင်နယ်သာ တံခွန်အတွင်း လီလော့၏ ဂုဏ်သတင်းမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဟု ဆိုနိုင်သည်။

​လေ့ကျင့်ရေးကွင်းအတွင်း လျှောက်လှမ်းရင်း ကျောက်ယန်ဇီ၊ လီရှီ၊ မုဘီ နှင့် အခြားသူများကို သူ လိုက်လံရှာဖွေခဲ့သည်။

​"ခေါင်းဆောင်... ခေါင်းဆောင် အဆင့်တက်တာ... အောင်မြင်သွားပြီလား"

​လီလော့ကို မြင်လိုက်ရချိန်တွင် လီရှီ၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။ သူသည် လက်ရှိတွင် ရွှေနတ်ဆိုးခန္ဓာအဆင့် ဖြစ်နေသော်လည်း လီလော့ထံမှ ဖော်ပြမရနိုင်သော ဖိအားတစ်ခုကို ခံစားနေရသည်။ ယခင်က နတ်ဆိုး နန်းတော်အဆင့်မှာတောင် ဖန်သားနတ်ဆိုးခန္ဓာ အဆင့်နှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိခဲ့သော်လည်း ၎င်းမှာ နည်းပရိယာယ်များကြောင့်သာ ဖြစ်သည်။ ယခုမူ လီလော့သည် စစ်မှန်သော ဖိနှိပ်မှုရှိသည့် ပဲ့တင်ထပ်သံစွမ်းအား ဖိအားကို ထုတ်လွှတ်နေခြင်း ဖြစ်သည်။ လီလော့၏ ပဲ့တင်ထပ်သံစွမ်းအားမှာ လီရှီထက် ကျော်လွန်နေပြီဖြစ်ကြောင်း ထင်ရှားလှသည်။

​"အင်း... ဟွမ်းလုံရှီးစွမ်းအင်အမျှင်တွေရဲ့ အကူအညီနဲ့ ရွှေနတ်ဆိုးခန္ဓာအဆင့်ကို ရောက်သွားပြီ" ဟု လီလော့က ပြုံးလျက် ပြောလိုက်သည်။

​အမှန်အတိုင်း ပြောရလျှင် သူသည် ဖန်သားနတ်ဆိုးခန္ဓာ အဆင့်သို့ ရောက်ရန် ထက်ဝက်ခန့်သာ လိုတော့သဖြင့် ရွှေနတ်ဆိုးခန္ဓာထက် အဆင့်ဝက်ခန့် ပိုမြင့်နေပြီဖြစ်သည်။ သို့သော် ထိုအသေးစိတ်ကို သူတို့အား ပြောပြရန် မလိုဟု သူယူဆသည်။

​ကျောက်ယန်ဇီ၊ မုဘီနှင့် အခြားသူများမှာ ထိုစကားကို ကြားသောအခါ အံ့အားသင့်သွားကြသည်။ လအနည်းငယ်အတွင်း လီလော့က သူတို့ကို အမီလိုက်နိုင်ခဲ့ခြင်းမှာ အမှန်တကယ်ပင် အံ့မခန်းလှပေ။

​"ကျွန်မတို့ အမြင်စူးရှလို့ ခေါင်းဆောင်လို အားကိုးရမယ့်သူနောက်ကို လိုက်မိတာပဲ" ဟု ကျောက်ယန်ဇီက ဆွဲဆောင်မှုရှိသော အပြုံးဖြင့် ပြောလိုက်သည်။

​ပထမတပ်ခွဲမှ ကျိုးရှန်ဟေးကလည်း အားကျသည့်လေသံဖြင့်…..

"မမကျောက်ရဲ့ အမြင်ကိုတော့ သံသယဖြစ်စရာ မလိုပါဘူး။ တကယ်တော့ ခေါင်းဆောင် စရောက်တုန်းက အစိမ်းရောင်နယ်သာ တံခွန် ဒီလောက်အထိ တိုးတက်လာမယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြဘူး" ဟု ဆိုသည်။

​သူ့ရဲ့ အားကျမှုမှာ အစစ်အမှန်ပင်။ အစိမ်းရောင်နယ်သာ တံခွန်ရှိ လူတိုင်းက ကျောက်ယန်ဇီ၊ လီရှီနှင့် မုဘီတို့မှာ လီလော့၏ ယုံကြည်ရသူများဖြစ်ကြောင်း သိကြသည်။ လီလော့ အောင်မြင်လာသည်နှင့်အမျှ သူတို့၏ အနာဂတ်မှာလည်း တောက်ပနေမည်မှာ သေချာသည်။

​လီလော့က ပြုံးလျက် လက်ဝှေ့ယမ်းပြပြီး….. "ဒီနေ့ မင်းတို့ကို ခေါ်လိုက်တာက နောက်ထပ်မစ်ရှင်အကြောင်း ဆွေးနွေးဖို့ပဲ" ဟု ပြောလိုက်သည်။

​"အနောက်ဘက်ဒေသက အမှောင်နယ်မြေ အကြောင်းလား"

မုဘီက အသံကျယ်ကျယ်ဖြင့် မေးသည်။ ထိုသတင်းမှာ တံခွန်လေးခုလုံးတွင် ပျံ့နှံ့နေပြီဖြစ်သည်။

​ကျောက်ယန်ဇီက ခဏစဉ်းစားပြီး…..

"အနောက်ဘက်က အမှောင်နယ်မြေက နည်းနည်းတော့ ထူးခြားတယ်။ အဲဒါက အနောက်ဘက်ဒေသရဲ့ အပြင်ဘက်မှာ ရှိနေတာဆိုတော့ တိတိကျကျပြောရရင် နဂါးစွယ်ကလန်ရဲ့ အုပ်ချုပ်မှုအောက်မှာ အပြည့်အဝ မရှိဘူး။ ပြီးတော့ အဲဒီနေရာက နဂါးစွယ်နယ်မြေနဲ့ ကျောက်ကောင်းကင်ဧကရာဇ်မျိုးနွယ်ရဲ့ နယ်စပ်မှာ ရှိနေတာ။ နှစ်ဖက်စလုံးက အဆင်မပြေကြတော့ တကယ့်ကြီးကြပ်သူ မရှိသလို ဖြစ်နေတယ်။ အဲဒါကြောင့် လူဆိုးလူမိုက်တွေ အများကြီး စုဝေးနေကြသလို အတွင်းပိုင်းကလည်း အရမ်းနက်နဲတယ်" ဟု ရှင်းပြသည်။

​ထိုစကားကို ကြားသောအခါ လီလော့က ခေါင်းညိတ်ပြီး…..

"ဒါကြောင့်ပဲ အဲဒီက အခြေအနေတွေနဲ့ ကမ္ဘာခြားသက်ရှိတွေအကြောင်းကို မြန်မြန်စုံစမ်းစေချင်တာ။ အမှောင်နယ်မြေကိုယ်တိုင်က အရမ်းအန္တရာယ်များတယ်။ ကမ္ဘာခြားသက်ရှိတွေအပြင် ကျောက်မျိုးနွယ်စုရဲ့ ခြိမ်းခြောက်မှုလည်း ရှိတယ်။ သတိမထားရင် ကြီးလေးတဲ့ တန်ဖိုး ပေးရလိမ့်မယ်။ တံခွန်အဖွဲ့ဝင်တွေကို အမြဲနိုးနိုးကြားကြားရှိဖို့ သတိပေးထားပါ။ ငါတို့ရဲ့ စစ်ဆင်ရေးအပြီးမှာ အဖွဲ့ဝင်တွေ ထက်ဝက်ကျော် ဒဏ်ရာရတာမျိုးကို ငါ မမြင်ချင်ဘူး" ဟု လီလော့က လေးနက်သော မျက်နှာထားဖြင့် အဆုံးသတ်လိုက်သည်။

​သူသည် ထိုနေရာသို့ မရောက်ဖူးသေးသော်လည်း ကမ္ဘာခြားသက်ရှိများ၏ အန္တရာယ်ကို ကောင်းကောင်းသိသည်။ အစိမ်းရောင်နယ်သာ တံခွန်မှာ သူတာဝန်ယူထားရသော အင်အားစုဖြစ်ပြီး သူ့ရဲ့တပ်ဖွဲ့ အားနည်းသွားသည်ကို မလိုလားပေ။

​လီရှီနှင့် ကျိုးရှန်ဟေးတို့က ရိုသေစွာဖြင့် လက်ခံလိုက်ကြသည်။ ညွှန်ကြားချက်အချို့ ပေးပြီးနောက် လီလော့က လေ့ကျင့်ရေးကွင်း၏ အနောက်ဘက်ရှိ ရေကန်ဘေးမှ အဆောင်ငယ်သို့ သွားခဲ့သည်။ သူသည် ယနေ့ ဧည့်သည်အချို့ကို မျှော်လင့်ထားသည်။

​နှစ်နာရီခန့်အကြာတွင် လူသုံးဦး ပေါ်လာသည်။

​” မောင်လေး... နင် အဆင့်တက်တာ ပြီးသွားပြီလား"

ထိုရင်းနှီးသောအသံမှာ လီဖုန်းယီ ဖြစ်သည်။ သူမနှင့်အတူ လီကျင်းထောင်နှင့် ရွှေအလင်းတံခွန်၏ ခေါင်းဆောင် တျန့်ဖုန်းရှန်တို့ ပါလာကြသည်။ နဂါးစွယ်ကလန်၏ တံခွန်ခေါင်းဆောင် လေးဦးစလုံး လီလော့၏ ဖိတ်ကြားချက်အရ စုစည်းမိကြခြင်း ဖြစ်သည်။

​လီလော့က လီဖုန်းယီကို ပြုံးပြပြီး "ဟုတ်ကဲ့ အစ်မ... ရွှေနတ်ဆိုးခန္ဓာအဆင့်ကို ရောက်သွားပါပြီ" ဟု ဖြေလိုက်သည်။

​လီဖုန်းယီက ချောင်းတစ်ချက်ဟန့်ပြီး….

"အဆင့်ကျော်ပြီး တက်သွားတာလား... နင့်ရဲ့ အခြေခံက တကယ်ကို ခိုင်မာတာပဲ" ဟု ဆိုသည်။

​လီကျင်းထောင်ကလည်း ခေါင်းညိတ်ကာ…. "တတိယညီလေး... မင်းက တကယ်ကို ပါရမီထူးတာပဲ။ မင်းသာ နဂါးစွယ်နယ်မြေမှာပဲ ကြီးပြင်းခဲ့ရင် ငါတို့မျိုးဆက်မှာ မင်းကို ယှဉ်နိုင်သူ ရှိမှာမဟုတ်ဘူး" ဟု ချီးကျူးလိုက်သည်။

​တျန့်ဖုန်းရှန်သည်လည်း လီလော့ကို ကြည့်ကာ အံ့သြခြင်းမရှိပေ။ လီလော့ ဟွမ်းလုံရှီးစွမ်းအင်အမျှင်ခုနစ်ခု ရကတည်းက ဤရလဒ်ကို သူ ခန့်မှန်းထားပြီးသား ဖြစ်သည်။

​လီလော့က တျန့်ဖုန်းရှန်ကို ကြည့်ကာ… "ခင်ဗျား လာလိမ့်မယ်လို့ မထင်ထားဘူး၊ တံခွန်ခေါင်းဆောင်တျန့်" ဟု ပြုံးလျက် ပြောသည်။

ထိုအခါ ​တျန့်ဖုန်းရှန်က တည်ငြိမ်စွာပင်….

"ဒီမစ်ရှင်က တံခွန်လေးခုလုံးနဲ့ ဆိုင်တာပဲ။ ဆွေးနွေးဖို့ရှိရင် မလာစရာ အကြောင်းမရှိပါဘူး" ဟု ဖြေသည်။

​လီလော့က ခေါင်းညိတ်ပြီး…. "ဒါနဲ့... လွန်ခဲ့တဲ့ ရက်ပိုင်းက ကူညီပေးခဲ့တာကို ကျေးဇူးတင်ပါတယ်" ဟု ပြောလိုက်သည်။

ထိုစဉ်က တျန့်ဖုန်းရှန်က လီလော့ကို ကူညီရန် လက်ကမ်းခဲ့သည်။ ထိုလုပ်ရပ်ကြောင့် လီလော့ သူ့အပေါ် အမြင်ပြောင်းသွားခဲ့သည်။ အစိမ်းရောင်နယ်သာတံခွန် တက်လှမ်းလာခြင်းသည် တျန်ဖုန်းရှန်အတွက် ဂုဏ်သိက္ခာပိုင်းအရ ထိခိုက်နိုင်သော်လည်း မျိုးနွယ်စု၏ ဂုဏ်သိက္ခာကို ရှေ့တန်းတင်ခဲ့သည့် တျန့်ဖုန်းရှန်၏ စိတ်ထားမှာ ချီးကျူးစရာပင်။

​တျန့်ဖုန်းရှန်က….

"ကျေးဇူးတင်စရာ မလိုပါဘူး။ ရွှေအလင်း တံခွန်ကလည်း နဂါးစွယ်ကလန်ရဲ့ အစိတ်အပိုင်းတစ်ခုပဲ။ မျိုးနွယ်စုကို ထိခိုက်စေမယ့် ဘယ်အရာကိုမှ ငါ မလုပ်ဘူး" ဟု ဆိုသည်။

​"တျန့်ဖုန်းရှန်... နင် ဒီလို လူပီသတဲ့စကားမျိုး ပြောတတ်မယ်လို့ ဘယ်သူ သိမှာလဲ"ဟု လီဖုန်းယီက ကြားဖြတ် ပြောလိုက်သည်။

​တျန့်ဖုန်းရှန်က လီဖုန်းယီကို ခဏစိုက်ကြည့်ပြီး …."ငါက လူမပီသတာ မဟုတ်ပါဘူး…နင်ကသာ ငါ့အပေါ် အမြင်စောင်းနေလို့ ဘာမှ နားမထောင်တာပါ" ဟု ပြန်ပြောသည်။

​"နင့်စကားကို ငါက ဘာလို့ နားထောင်ရမှာလဲ"

လီဖုန်းယီက မာနတကြီးဖြင့် နှာခေါင်းရှုံ့လိုက်တော့ တျန့်ဖုန်းရှန်မှာ စကားပြန်မပြောနိုင်တော့ဘဲ ကျောက်စားပွဲတွင် ထိုင်ချလိုက်သည်။ လီဖုန်းယီ၏ ဒေါသကို သူ သိပြီးသား ဖြစ်သည်။

​"တျန့်ဖုန်းရှန်... နင်မှတ်ထား။ ငါတို့ အမှောင်နယ်မြေကို သွားတဲ့အခါ လီလော့က ငါတို့ရဲ့ ခေါင်းဆောင် ဖြစ်လိမ့်မယ်။ ရွှေအလင်း တံခွန်က အရင်လို တစ်ဗိုလ်တည်း မဟုတ်တော့ဘူး" ဟု လီဖုန်းယီက ဆက်လက် ရန်စလိုက်သည်။

​တျန့်ဖုန်းရှန်က မျက်လွှာချကာ….

"ငါတို့ တံခွန်လေးခုက သီးခြားစီပါပဲ။ မစ်ရှင်အောင်မြင်ဖို့ ပူးပေါင်းဆောင်ရွက်ရင် ရပါပြီ" ဟု အေးဆေးစွာ ဆိုသည်။

ထိုအခါ ​လီဖုန်းယီက မျက်လုံးပြူးကာ….

"ဘာလဲ... နင့်ရဲ့ တံခွန်က ငါတို့သုံးဖွဲ့ကို ယှဉ်နိုင်မယ် ထင်လို့လား။ ငါတို့သုံးယောက်ပေါင်းပြီး နင့်ကို အခုပဲ ဝိုင်းရိုက်စေချင်လို့လား" ဟု ငေါ့လိုက်သည်။

​လီလော့ မရောက်ခင်က ရွှေအလင်း တံခွန်မှာ အမြဲတမ်း ထိပ်ဆုံးက ဖြစ်သည်။ လီဖုန်းယီသည် တျန့်ဖုန်းရှန်ကို အကြိမ်ကြိမ် စိန်ခေါ်ခဲ့သော်လည်း အင်အားကွာခြားချက်ကြောင့် အမြဲ ရှုံးနိမ့်ခဲ့ရသည်။ ယခုမူ လီလော့၏ အစိမ်းရောင်နယ်သာတံခွန် တက်လှမ်းလာပြီး လီကျင်းထောင်၏ လျှို့ဝှက်စွမ်းရည်များကိုလည်း သိလိုက်ရသဖြင့် သူမ လက်စားချေရန် ကြိုးစားနေခြင်း ဖြစ်သည်။

​လီလော့က ….

"ဒုတိယအစ်မ... စိတ်လျှော့ပါဦး။ အမှောင်နယ်မြေက အရမ်းအန္တရာယ်များတော့ ကျွန်တော်တို့ လေးယောက်လုံး တိုင်တိုင်ပင်ပင် လုပ်ဖို့ လိုပါတယ်။ ဘယ်သူက ခေါင်းဆောင်လဲဆိုတာ အရေးမကြီးပါဘူး။ ပြဿနာတစ်ခုခုဖြစ်ရင် လေးယောက်လုံး အတူတူ တိုင်ပင်ပြီး ဆုံးဖြတ်ချက်ချကြတာပေါ့။ အဲဒါဆိုရင် တစ်ခုခုမှားသွားရင်လည်း လေးယောက်လုံး အတူတူ တာဝန်ယူရမှာပေါ့" ဟု နှစ်သိမ့်လိုက်သည်။

​ထိုအခါမှ လီဖုန်းယီ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး တျန့်ဖုန်းရှန်ကို တစ်ချက်ကြည့်ကာ ရန်တွေ့ခြင်းကို ရပ်လိုက်သည်။ ထိုအချိန်တွင် တည်ငြိမ်လှသော တျန့်ဖုန်းရှန်ပင်လျှင် ခိုးကြောင်ခိုးဝှက် သက်ပြင်းချလိုက်သည်ကို လီလော့ သတိထားမိလိုက်သဖြင့် လီလော့မှာ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသည်။

​နဂါးစွယ်ကလန်၏ တံခွန်လေးခုအကြားတွင် လီဖုန်းယီမှာ အမှန်တကယ်ပင် အနိုင်ကျင့်တတ်သူဖြစ်ကြောင်း သူ သိလိုက်ရလေတော့သည်။

All Chapters