ကြီးမြတ်သော ရှပြည်ထောင်စုတွင် လူသားတိုင်းသည် " ပဲ့တင်ထပ်သံ" ဟူသော သီးခြားဒြပ်စင်စွမ်းရည် သို့မဟုတ် ကြီးမြတ်သော ဒဏ္ဍာရီလာသားရဲ စွမ်းရည် တစ်မျိုးဖြင့် မွေးဖွားလာကြသည်။ လီလော့သည် လူသိနည်းလှသည့် " ဗလာပဲ့တင်ထပ်သံ" ဟူသော ရှားပါးစွမ်းရည်ဖြင့် မွေးဖွားလာသူဖြစ်သည့်အတွက် လီလော့၏ မွေးရာပါစွမ်းရည်သည် ခေါင်းစဉ်မယ်မယ်ရရတပ်၍မရပေ။ ဘဝပေးအခြေနေအရ မသန်စွမ်းသူတစ်ယောက်ဖြစ်နေသော်လည်း လီလော့တွင် မဟာရှတိုင်းပြည်၏ အရေးပါသော အိမ်တော် ငါးခုအနက် တစ်ခုအပါအဝင်ဖြစ်သော လော့လန်အိမ်တော်၏ သခင်လေး ဟူသော အားသာချက်တစ်ခုရှိနေသေးသည်။ ကံမကောင်းသည်က လော့လန်အိမ်တော်၏ စွမ်းအားရှင် ဆရာသခင်နှစ်ပါးဖြစ်သည့် လီလော့၏ မိဘနှစ်ပါး ပျောက်ဆုံးနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သောကြောင့် လော့လန်အိမ်တော်၏ ပိုင်ဆိုင်မှုများကို လောဘမျက်စိဖြင့် ကြည့်နေသူများလည်း ရှိနေပေ၏။ ထို့ကြောင့် လော့လန်အိမ်တော်ကို ဉီးဆောင်နေရသော လီလော့၏ အရည်အချင်းများအပြင် လီလော့၏ ငယ်သူငယ်ချင်း တစ်ဖြစ်လဲ လှပသော ဇနီးလောင်းဖြစ်သူ ကျန်းချင်းအာ ကိုလည်း စောင့်ကြည့်နေသူ များပြားလှသည်။ လီလော့သည် သိုသိုသိပ်သိပ်နေထိုင်လိုသော ကြောင့် ကျန်းချင်းအာနှင့် စေ့စပ်ထားခြင်းအား ဖျက်သိမ်းရန်ကြိုးစားခဲ့သော်လည်း ကျန်းချင်းအာဘက်က ပြတ်ပြတ်သားသားငြင်းဆိုခဲ့ပြန်သည်။ အသုံးမကျသော သခင်လေးတစ်ယောက်အဖို့ ဘာများလုပ်နိုင်ဉီးမည်နည်း..... စေ့စပ်ပွဲအား ဖျက်သိမ်းရန်နှင့် ပတ်လည်ဝိုင်းနေသော လူယုတ်မာများလက်မှ လော့လန်အိမ်တော်အား ကာကွယ်နိုင်ရန် နည်းလမ်းရှာနိုင်မည်လော.....သူ၏ ဗလာပဲ့တင်ထပ်သံ မွေးရာပါစွမ်းရည်သည် တကယ်ပင် အသုံးမကျသောစွမ်းရည်ဖြစ်နေသည်လော.... အကျွန်ုပ်တို့ ဆက်လက်စောင့်ကြည့်ရမည်သာ.......

