ဝိဉာဉ်သိုက်....
Vol. 45 Ch. 617
နောက်တစ်နေ့ မိုးလင်းသည်နှင့် လီလော့ အိပ်ရာနိုးလာပြီး လက်ဖဝါးဖြန့်ကြည့်လိုက်သည်။လက်ဖဝါးပေါ်တွင် မှိန်ဖျော့ဖျော့ လင်းလက်နေသော ခရမ်းရောင်ရှန်းလိသစ်ပင်ရင်ထိုးရှိနေပြီး သေချာမကြည့်မိလျှင် သတိထားမိဖို့မလွယ်ပေ။
လီလော့သည် မနေ့ညက ရင်ထိုး၏ ဝိညာဉ်သိုက်စွမ်းရည်ကို အသုံးပြုခဲ့သောကြောင့် အခုလိုမှိန်ဖျော့နေခြင်းဖြစ်သည်။
ဝိညာဉ်သိုက်စွမ်းရည်သည် ခရမ်းရောင်ရှန်းလိသစ်ပင်ရင်ထိုး၏ သိုလှောင်ထားသည့် စွမ်းအင်ကိုသုံးပြီး အသုံးပြုသူ၏ ပဲ့တင်ထပ်သံကိုပြန်လည်ကုစားပေးနိုင်သည်။ ၎င်းကိုအသုံးပြုပြီးနောက်၊ ခရမ်းရောင်ရှန်းလိသစ်ပင်ရင်ထိုးသည် ဆုံးရှုံးသွားသော ဝိဉာဉ်ရည်များကို ပြန်လည်ဖြည့်တင်းရန် အချိန်အတိုင်းအတာတစ်ခု လိုအပ်ပြီး ထိုကာလအတွင်း မည်သည့် ခရမ်းရောင်ဝိဉာဉ်ရည်ကိုမျှ ထုတ်လုပ်နိုင်မည်မဟုတ်ပေ။ ဒီလိုလုပ်ခြင်းက ရင်ထိုးရဲ့အစွမ်းအစကိုပျက်စီးစေတဲ့အတွက် ရွှေဥ ဉပေးသော ငန်းကို သတ်လိုက်သလိုမျိုးပင်....
သို့သော်လည်း လီလော့ ဒါတွေကို စိတ်မ၀င်စားခဲ့ပေ။ အကောင်းဆုံးသော ရတနာများကိုပင် အသင့်တော်ဆုံးအချိန်များတွင်သာ အသုံးပြုရမည်ဖြစ်သည်။
သူ့အတွက် အချိန်အလုံအလောက်မရှိသည့်အတွက် မိုးကြိုးနဂါးပဲ့တင်ထပ်သံကို အရင်ပဲ့တင်ထပ်သံများလို အချိန်ပေးပြီး မမြှင့်တင်နိုင်တော့ပေ။
ရလဒ်အနေဖြင့် ခရမ်းရောင်ရှန်းလိသစ်ပင်ရင်ထိုး၏ စွမ်းရည်သည် အချိန်အနည်းငယ်အတွင်း သူ့ကိုယ်သူ အားကောင်းလာစေမည့် တစ်ခုတည်းသောနည်းလမ်းဖြစ်နေခဲ့သည်။
ထို့နောက် သူ့လက်များကို ဆုပ်ကိုင်လိုက်သည်။ ခရမ်းရောင်ဝိဉာဉ်ရည်မှရရှိသောအကျိုးကျေးဇူးများလတ်တလောအသုံးမပြုနိုင်သေးသော်လည် အခုလိုတောက်ပနေရခြင်းမှာ ယုံဟန်းရှန်းချပ်ဝတ်ကို ဆက်လက်အသုံးပြုနိုင်ခြင်းပင်ဖြစ်သည်။
ကံမကောင်းစွာဖြင့်၊ ခရမ်းရောင်ရှန်းလိသစ်ပင်ရင်ထိုးသည် ဝိဉာဉ်ရည်များကို အဆမတန်အသုံးပြုပြီးနောက် အမှိုက်အပိုင်းအစအဖြစ်သို့ ပြောင်းလဲလုနီးပါးဖြစ်ခဲ့သည်။
သက်ပြင်းချလိုက်ပြီး ပို၍အရေးကြီးသည့် တတိယ ပဲ့တင်ထပ်သံ နန်းတော်ကြီးထွားမှုကို စစ်ဆေးရန် ဆုံးဖြတ်ခဲ့သည်။
အထဲမှာ ငွေရောင်တိမ်လွှာတွေ အဆက်မပြတ်စီးဆင်းနေတဲ့ တိမ်တိုက်တွေရှိနေပြီး ရံဖန်ရံခါ လျှပ်စီးမျှင်တွေ၊ မိုးခြိမ်းသံတွေနဲ့အတူ နန်းတော်အတွင်းပိုင်းတစ်ခုလုံး ပဲ့တင်ထပ်နေသည်။
လီလော့၏စိတ်အာရုံကိုအဖမ်းစားနိုင်ဆုံးမြင်ကွင်းကတော့ ရွေ့လျားနေသော မိုးကြိုးတိမ်တိုက်များအတွင်း အရိပ်တစ်ခု ဖုံးကွယ်ထားခြင်းဖြစ်သည်။ တိမ်တွေပျံ့ကျဲသွားတဲ့အခါတိုင်း ကြီးကျယ်ခမ်းနားတဲ့ နဂါးရုပ်သဏ္ဌန်ကို မြင်နိုင်ပေမည်။အနီရောင်အကြေးခွံများဖြင့်တောက်ပနေသောနဂါးကြီးသည် ရံဖန်ရံခါတွင် မိုးခြိမ်းသံနှင့်အပြိုင် ဟိန်းဟောက်လျှက် နန်းတော်တစ်ခုလုံး တုန်ခါသွားစေသည်။
"နဂါးပဲ့တင်ထပ်သံ..."
လီလော့သည် အနီရောင် နဂါးရုပ်သဏ္ဌာန်ကို ဆက်လက်စောင့်ကြည့်ခဲ့သည်။ ဤသည်မှာ ပဲ့တင်ထပ်သံ၏ ထင်ရှားမှုဖြစ်ပြီး၊ သားရဲပဲ့တင်ထပ်သံများကြားတွင် မြင်တွေ့ရခဲသော ဖိအားများကို ခံစားနေရသည်။
ခဏတာ စောင့်ကြည့်ပြီးနောက် ပဲ့တင်ထပ်သံကို ကြည်နူးစွာ ကျေနပ်စွာ စစ်ဆေးခြင်းကို ရပ်လိုက်သည်။
"အဆင့်ခြောက် မိုးကြိုးနဂါး ပဲ့တင်ထပ်သံ...."
ဝိညာဉ်သိုက်ကို အသုံးပြုခြင်းဖြင့် အဆင့်လေးမှ အဆင့်ခြောက်ထိ တစ်ကြိမ်တည်းဖြင့် အဆင့်မြှင့်တင်နိုင်ခဲ့သည်။အခုလို အချိန်တိုတွင်း အကျိုးကျေးဇူးကြီးကြီးမားမားရရှိခဲ့ခြင်းမျိုး တခါမျှမကြုံဖူးခဲ့ပေ။
ယေဘူယျကျစွာသုံးသပ်ရလျှင် ခရမ်းရောင်ရှန်းလိသစ်ပင်ရင်ထိုးကိုင်ဆောင်ထားသူအားလုံးသည် လီလော့ကဲ့သို့ များစွာသော
အကျိုးများခံစားရမည်မဟုတ်ပေ။ ပဲ့တင်ထပ်သံကိုအဆင့်မြှင့်ပေးနိုင်သော ဝိဉာဉ်စွမ်းအားများသည် နူးညံ့သော်လည်း၊ တစ်ကြိမ်တည်းတွင် အလွန်အကျွံအသုံးပြုခြင်းသည် ကောင်းကျ်ိုးထက်ဆိုးကျိုးများကိုပို၍ ဖြစ်ပေါ်စေပါသည်။
ထို့ကြောင့် ဤစွမ်းရည်ကို အသုံးပြုရန် ရွေးချယ်သူ အလွန်နည်းပါးသည်။ လူအများစုအတွက်ကတော့ ခရမ်းရောင်ဝိဉာဉ်ရည်ကို အချိန်ကြာလာသည်နှင့်အမျှ ဖြည်းညှင်းစွာအသုံးပြုခြင်းသည် အကောင်းဆုံးရလဒ်များကို ရရှိစေသောကြောင့် အထိရောက်ဆုံးဖြစ်သည်။
ဒါပေမယ့် လီလော့ကို သာမာန်လူများနှင့် နှိုင်းယှဉ်လို့မရပေ။ သူ၏ ဗလာနန်းတော်များသည် ဘေးထွက်ဆိုးကျိုးများကို မကြောက်ဘဲ ပဲ့တင်ထပ်သံကို စဉ်ဆက်မပြတ် အားကောင်းလာစေရန်အတွက် ထိုကဲ့သို့သော စွမ်းအားများကို အသုံးပြုနိုင်သည်။ ထို့ကြောင့်၊ သူသည် အခြားသူများနှင့်မတူဘဲ ဝိညာဉ်သိုက်စွမ်းရည်ကို အမြင့်ဆုံးအသုံးချနိုင်ခဲ့သည်။
ဒီဖြတ်လမ်းက သူ့ကို နှစ်လကနေ သုံးလလောက် အချိန်ကုန်သက်သာစေခဲ့သည်။ အတွေ့အကြုံများအရ၊ ပဲ့တင်ထပ်သံတစ်ခုကို အဆင့်လေးမှ အဆင့်ခြောက်အထိမြှင့်တင်လိုလျှင် ဝိညာဉ်ရည်များ၊သန့်စင်သောအလင်းများနှင့် အချိန်များစွာ လိုအပ်မည်ဖြစ်သည်။
"... ခရမ်းရောင်ရှန်းလိသစ်ပင်ရင်ထိုးရဲ့ စွမ်းအင်ကို ဖြည့်ဆည်းပေးနိုင်တဲ့ အရာတစ်ခုများရှိနေမလးးား..."
လီလော့ သက်ပြင်းချလိုက်မိသည်။ ခရမ်းရောင်ဝိဉာဉ်ရည်၏အကျိုးသက်ရောက်မှုများကိုလက်လွတ်မခံချင်ခဲ့ပေ။ ၎င်းသည် ဝိညာဉ်ရည်များနှင့် သန့်စင်သောအလင်းများထက် ပဲ့တင်ထပ်သံများကို သိသိသာသာ မြန်မြန်ဆန်ဆန် အဆင့်မြှင့်တင်ပေးနိုင်သည်။ထိုသို့သော ရတနာမျိုးကို ဘယ်သူလက်လွတ်ခံချင်မည်နည်း။
ထို့ကြောင့် အခွင့်အရေးရမည်ဆိုပါက ခရမ်းရောင်ရှန်းလိသစ်ပင်ရင်ထိုး၏ လုပ်ဆောင်ချက်များကို ပြန်လည်ရယူရန် အတတ်နိုင်ဆုံး ကြိုးစားသွားမည်ဖြစ်သည်။
သူ့မျက်နှာက အနည်းငယ်ဖြူဖျော့နေသော်လည်း တစ်ဖက်တွင်မူ၊ မနေ့ညက သူခံစားခဲ့ရသော အားနည်းချက်အများစုပျောက်ကွယ်သွားပြီး သူ့ဆီမှ စီးဆင်းနေသော ပြင်းပြသော ပဲ့တင်ထပ်သံစွမ်းအားကို ခံစားနိုင်သည်။ သူ သေချာပေါက် တိုးတက်လာခဲ့ပြန်ပြီ.....
ထို့အပြင်၊ တတိယမြောက် ပဲ့တင်ထပ်နန်းတော်ကို မြေနတ်ဆိုးစွမ်းအင်များဖြင့် မသန့်စင်ရသေးပေ။ အကယ်၍ ပဲ့တင်ထပ်သံနန်းတော်သုံးခုစလုံးကို နတ်ဆိုးနန်းတော်အဖြစ်သန့်စင်နိုင်ခဲ့လျှင် အကန့်အသတ်မရှိသော စွမ်းအားကို ခံစားနိုင်မည်ဖြစ်ပြီး၊ အဆင့်မြင့် နတ်ဆိုးနန်းတော်အဆင့် ကျွမ်းကျင်သူများနှင့်ယှဉ်နိုင်မည်ဖြစ်သည်။
နတ်ဆိုးနန်းတော်အဆင့်ကို အဆင့်မြင့်နှင့်အဆင့်နိမ့်ဟူ၍ ရိုးရှင်းသော အဆင့်နှစ်ဆင့် ခွဲထားသည်။ အဆင့်မြင့် နတ်ဆိုးနန်းတော်အဆင့်များက ပဲ့တင်ထပ်သံနန်းတော်ကို အပြည့်အဝသန့်စင်ပြီးခိုင်မာအောင်လုပ်ထားနိုင်သောကြောင့် ခွဲခြားဖို့လွယ်ကူသည်။
လီလော့သည် အဆင့်နိမ့် နတ်ဆိုးနန်းတော် အဆင့်၏အစောပိုင်းအဆင့်တွင်ရှိနေပြီဖြစ်သည်။
တစ်လတာအချိန်တိုအတွင်း သူ့ခွန်အားတွေ တဟုန်ထိုးတက်လာခဲ့သဖြင့် ကျေနပ်ဝမ်းသာနေခဲ့ရသည်။ သူသည် နတ်ဆိုးနန်းတော်အဆင့်သို့ ဝင်ရောက်ခဲ့ပြီး ပဲ့တင်ထပ်သံသုံးခုလည်းပိုင်ဆိုင်ထားပြီးဖြစ်သည်။ အကယ်၍ မြို့စားအဆင့်ပညာရပ်ကို လေ့လာနိုင်လျှင် ပို၍ပြီးပြည့်စုံမည်ဖြစ်သည်။
ရွှင်မြူးစွာဖြင့် ရေမိုးချိူးပြီး နံနက်စာစားဖို့ထွက်လာခဲ့လိုက်သည်။
ခန်းမထဲတွင်.....
ကျန်းချင်းအာက ပေါင်ပေါင် ချက်ပြုတ်ပေးထားသော အာဟာရပြည့် နံနက်စာကိုစားသုံးနေသည်။
လီလော့ကို မြင်မြင်ချင်း သူမ၏တုံ့ပြန်မှုမှာ သံသယစိတ်ဖြင့်အကဲခတ်နေခြင်းပင်.....
"အခြေနေဘယ်လိုလဲ...?" ကျန်းချင်းအာက သူ့ကို စစ်ဆေးမေးမြန်းရင်း လက်ထဲက မုန့်ကို ချထားလိုက်သည်။
"ဒီကောင်လေးက မနေ့ကပဲ အန္တရာယ်များတဲ့ကိစ္စကိုလုပ်ထားတာလေ... အဲ့တာကြောင့် ဖြူဖျော့နေတာပေါ့....."
လီလော့သည် အားဖြည့်ဆေးများ ပြည့်နေသော စားပွဲကို စိုက်ကြည့်ရင်း အနည်းငယ် ပြုံးလိုက်သည်။ "စိတ်ပူအောင်လုပ်ခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်....ဉီးလေးပေါင်...."
လော့လန်အိမ်တော်၏ စားဖိုမှူးအနေဖြင့် ပေါင်ပေါင်သည် လီလော့အတွက် အာဟာရပြည့်ဝသော အစားအစာများ လိုအပ်ကြောင်း သဘောပေါက်သဖြင့် အခုလိုဖွယ်ဖွယ်ရာရာပြင်ဆင်ပေးထားခြင်းပင်.....
ပေါင်ပေါင်က သူ့ကို သေချာအကဲခတ်လိုက်ပြီး..... "အင်း၊ ဒီတစ်ခါတော့ အရင်ကလောက်အခြေနေသိပ်မဆိုးဘူး.... သွေးအဆီအနှစ်အ ဆုံးရှုံးသွားတာပဲ ရှိတယ်.... မြေနတ်ဆိုးခန္ဓာအဆင့်ကို ဝင်ပြီးနောက်၊ မင်းရဲ့ ပဲ့တင်ထပ်သံစွမ်းအားကို လုံလောက်စွာ သိပ်သည်းနိုင်ရင် ဒါတွေကိုစိတ်ပူနေစရာမလိုတော့ဘူး...."
ထိုစကားကိုကြားသောအခါ ကျန်းချင်းအာကလည်း လီလော့ကို စစ်ဆေးရန် အချိန်ယူခဲ့ပြီး သူမ မြင်လိုက်ရသည့်အရာကြောင့် ထိတ်လန့်သွားခဲ့သည်။ သူ့ထံမှ ထွက်ပေါ်လာသော ပဲ့တင်ထပ်သံ စွမ်းအားများသည် လွန်ခဲ့သည့်တစ်ရက်ကထက်ပင် သိသိသာသာ ပိုမိုအားကောင်းလာကြောင်း သူမ ပြတ်သားစွာ ခံစားနိုင်သည်။
"နင်မနေ့က တနေကုန်အခန်းအောင်းပြီးဘာတွေလုပ်နေတာလဲ....အမှန်တိုင်းပြော..."
ကျန်းချင်းအာက သူ့ကို အထင်အမြင်သေးဟန်ဖြင့် စိုက်ကြည့်ရင်း ပလိပ်စစ် စစ်နေပြီ.....
" ချင်းအာ...နင်နောက်ဆို ငါ့ကို ကောင်းကောင်းဆက်ဆံရမယ်....."
"အိုး? နတ်ဆိုးနန်းတော် အဆင့်တက်လှမ်းရင်း ဉီးနှောက်ပျက်သွားပြီထင်တယ်..... "
"အရင်တုန်းက၊ ငါက ပဲ့တင်ထပ်သံနှစ်ခုရှိပြီး နင်မှာ အဆင့်ကိုးအလင်းပဲ့တင်ထပ်သံရှိတယ်.... အရင်တုန်းက နင့်ကိုလိုက်မမှီခဲ့ပေမယ့် အခုအဲ့လိုမဟုတ်တော့ဘူး....."
လီလော့က အောင်ပွဲခံပြီး ကြေညာလိုက်သည်။
ကျန်းချင်းအာက လီလော့ကိုဘာမှပြန်မပြောဘဲ သေချာစိုက်ကြည့်နေသည်။
လီလော့က အနီးနားရှိ အစေခံများအား ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်ရန် အချက်ပြခဲ့သည်။ အတွေးတစ်ချက်ဖြင့် သူ့ခန္ဓာကိုယ်မှ ဖိအားပြင်းသောအော်ရာများထုတ်လွှတ်လိုက်ပြီး သူ့နောက်ကျောတွင် အနီရောင်နဂါးကြီးတစ်ကောင်ပေါ်ထွက်လာသည်။
ကျန်းချင်းအာပင်လျှင် ဤမြင်ကွင်းကြောင့် တုန်လှုပ်နေသည်။
ထိုအချိန်တွင် လီလော့ မောက်မာစွာ အော်ဟစ်လိုက်သည်က.....
"ဒီနေ့ကစပြီး...ပဲ့တင်ထပ်သံနှစ်ခုရှိတဲ့ လီလော့ကအတိတ်မှာကျန်ခဲ့ပြီ....အခု ပဲ့တင်ထပ်သံသုံးခုရှိတဲ့လီလော့ဖြစ်သွားပြီ...ဟားးးးဟားးးးး"