← Chapters

အခန်း (၉၆၅-၉၆၆)

Vol. 69 Ch. 965-966

အခန်း (၉၆၅-၉၆၆)

Vol. 69 Ch. 965-966

အခန်း (၉၆၅) အလောင်းများ

​ကောင်းကင်တစ်ခုလုံးတွင် ပျံ့နှံ့နေသော ဖီးနစ်ငှက်မျိုးနွယ်များက ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများဖြင့် အောက်ဘက်သို့ ထိုးဆင်းလာကြသည်။ သူတို့၏ အမွေးအတောင်တိုင်းမှာ မီးတောက်များဖြင့် လောင်ကျွမ်းနေပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ဆောင်ကြဉ်းထားသည်။

​ထိုမီးတောက်များသည် ခုနကတွေ့ခဲ့ရသော လေဟာနယ်ဂိုဏ်းသားများ၏ တိုက်ခိုက်မှုများနှင့် ဆင်တူသော်လည်း ယခုတစ်ကြိမ်က ပိုမိုကြီးမားပြင်းထန်သည်။ အရှေ့မှ ထူးချွန်ဂိုဏ်းသားများက ဤစွမ်းအားကို ပိုမိုကျွမ်းကျင်စွာ အသုံးပြုနိုင်ကြောင်း ထင်ရှားနေသည်။

​အဖွဲ့ထဲမှ စွမ်းအားနည်းသူများကို ကာကွယ်ရန်အတွက် ချင်ယင်း၊ လီလင်းကျင်းနှင့် အခြားသော ကျွမ်းကျင်သူများက မည်သို့မျှ မတွန့်ဆုတ်တော့ဘဲ ပဲ့တင်သံ စွမ်းအင်များကို ပေါက်ကွဲထွက်စေလိုက်သည်။ သူတို့၏ ကျောဘက်တွင် ကောင်းကင်ပုလဲများ ပေါ်လာပြီး သဘာဝစွမ်းအင်များကို အရှိန်အဟုန်ဖြင့် စုပ်ယူလိုက်ကြသည်။

​စွမ်းအင်လှိုင်းများက မီးတောက်များကို ဟန့်တားရန် တက်လာကြသည်။ သို့သော် ထိုစွမ်းအင်လွှာများသည်လည်း လျင်မြန်စွာပင် တိုက်စားခံလိုက်ရသည်။ ငှက်မျိုးနွယ်များက ပဲ့တင်သံစွမ်းအင် တိုက်စားနိုင်စွမ်း ရှိသဖြင့် သူတို့၏ ခုခံမှုက ချက်ချင်းပင် ပျက်စီးသွားသည်။ ထို့နောက် ငှက်များက ဟာကွက်များမှတစ်ဆင့် ထိုးဖောက်ဝင်ရောက်လာရာ လီလော့၊ ချင်ရီနှင့် အခြားသူများလည်း ကိုယ်တိုင် ခုခံရန် လုပ်ဆောင်ရတော့သည်။

​လီလော့က စွမ်းအင်တောင်ပံများကို ဖြန့်ကျက်လိုက်ပြီး တောင်ပံ တစ်ချက်ခတ်လိုက်သည်နှင့် လျှပ်စီးတန်းတစ်ခုကဲ့သို့ ပျောက်ကွယ်သွားပြီး ထိုငှက်များကို ရှောင်တိမ်းလိုက်သည်။ တိုက်ခိုက်မှု ပြင်းထန်လွန်းသဖြင့် လီလင်းကျင်းနှင့် ချင်ယင်းတို့ပင် သူတို့ကို မကာကွယ်နိုင်တော့ပေ။

​ချင်ရီသည်လည်း အလွန်ကျွမ်းကျင်စွာ ရှောင်တိမ်းနိုင်ခဲ့သည်။ သူမ၏ ခြေထောက်အောက်တွင် ရေစီးကြောင်းတစ်ခု ပေါ်လာပြီး ရေပန်းငယ်တစ်ခုအဖြစ် ပြောင်းလဲကာ ရေကြာပွင့်တစ်ခုပေါ်သို့ ခုန်ကူးလိုက်သည်။ သူမ၏ လှုပ်ရှားမှုများက မြန်ဆန်လှပလွန်းပြီး နတ်သမီးတစ်ပါးကဲ့သို့ ပေါ့ပါးနေသည်။

​အခြားသူများလည်း မိမိတို့၏ ခုခံနည်းများကို ထုတ်ဖော်လိုက်ကြသည်။ သို့သော် ကံဆိုးသူအချို့က ငှက်များနှင့် တိုက်ရိုက် ထိမှန်သွားသဖြင့် အော်ဟစ်လိုက်ကြသည်။ ထိုအခါ သူတို့၏ ခန္ဓာကိုယ်ကို မီးတောက်များဖြင့် ဖုံးလွှမ်းသွားသော်လည်း အသားအရေ ထိခိုက်မှု မရှိပေ။ သို့သော် သူတို့၏ ပဲ့တင်သံ စွမ်းအင်များကတော့ လျင်မြန်စွာ ကုန်ဆုံးသွားသည်။

​စက္ကန့်ပိုင်းအတွင်းမှာပင် စွမ်းအင်ကုန်ခမ်းကာ မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။ အသက်ရှိနေသေးသော်လည်း ပဲ့တင်သံ စွမ်းအင်များ လုံးဝကုန်ခမ်းသွားသဖြင့် မည်သို့မျှ ပြန်လည်ခုခံနိုင်ခြင်း မရှိတော့ပေ။ ဤမြင်ကွင်းကို ကြည့်၍ အားလုံး ကျောချမ်းသွားကြသည်။ စွမ်းအင်မရှိသော ကျွမ်းကျင်သူဆိုသည်မှာ မည်သူမဆို အလွယ်တကူ သတ်ဖြတ်နိုင်သော သားကောင်များသာ ဖြစ်သည်။

​လီလော့တယောက် ငှက်များကြားတွင် လှည့်ပတ်ရှောင်တိမ်းနေရသည်။ တစ်ခါတစ်ရံ ပွတ်သီးပွတ်သပ် ဖြတ်သွားသဖြင့် ချွေးပြန်နေလေသည်။ တိုက်ပွဲကို အကဲခတ်ရင်း ချင်ရီထံသို့ ချဉ်းကပ်ကာ….

"ချင်ရီ..ဘယ်လောက်ကြာကြာ ပုန်းနေဖို့ စီစဉ်ထားတာလဲ?" ဟု လှမ်းမေးလိုက်သည်။

​ချင်ရီက သူ့ကို တစ်ချက်ကြည့်ပြီး…

"ဒါ သူတို့ရဲ့ ပထမဆုံး အကြိမ် တိုက်ခိုက်မှုပဲ.. သူတို့ထိုင်နေတဲ့ ကျောက်စင်မြင့်တွေမှာ ထူးခြားတဲ့ အကာအကွယ်တွေ ရှိတယ်…အဲဒါတွေက ရွှေရောင်ခန်းမထဲကို ဝင်ဖို့သော့ချက်ပဲ… သူတို့ တိုက်ခိုက်မှု ရပ်သွားတဲ့အချိန်ကို စောင့်ပြီးမှ ကျွန်မတို့ ပူးပေါင်းတိုက်ခိုက်ကြမယ်… တပည့်တစ်ယောက်ကို စင်မြင့်ပေါ်ကနေ တွန်းချနိုင်ရင် ကျွန်မတို့ ဝင်နိုင်ပြီ" ဟု ပြန်ဖြေလိုက်သည်။

​လီလော့ ခေါင်းညိတ်လိုက်သည်။ ထိုစင်မြင့်များက ထူးချွန်တပည့်များ၏ စွမ်းအားကို တိုးမြှင့်ပေးသော်လည်း ထိုသူတို့မှာ အသိဉာဏ်မဲ့သော ရုပ်သေးရုပ်များသာ ဖြစ်သည်။ အခွင့်အရေးသာ ရပါက ဖောက်ထွက်နိုင်လိမ့်မည်ဖြစ်သည်။ သို့သော် ဖောက်ထွက်နိုင်မည့် အခွင့်အရေး မရခင်မှာပင် တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာသည်။

​ကျန်ရှိနေသော ငှက်များအားလုံး ပေါင်းစပ်သွားပြီး အတောင်ပံဖြန့်လိုက်သောအခါ ပေထောင်ချီရှိသော ငှက်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ ထိုငှက်ကြီးက မီးတောက်နေသော အမွေးအတောင်များကို မိုးရွာသကဲ့သို့ ပစ်လွှတ်လိုက်သဖြင့် ဤတိုက်ခိုက်မှုအောက်တွင် လီလင်းကျင်းတို့ပင် ကာကွယ်ရန် ခက်ခဲလာသည်။

​ဤမီးတောက် အမွေးအတောင်များက ငှက်တစ်ကောင်ချင်းစီထက် စွမ်းအားနည်းသော်လည်း အရေအတွက် များပြားလှသည်။ ထိုအမွေးအတောင်များဖြင့် အထပ်ထပ် ထိမှန်ပါက အခြေအနေ ပိုမိုဆိုးရွားလာမည်ဖြစ်သည်။ လီလော့ ရှောင်တိမ်းနေရင်း သတိပြုမိသည်မှာ သူ ပိုမြန်မြန် လှုပ်ရှားလေ၊ အမွေးအတောင်များက သူ့နောက်သို့ ပိုလိုက်လာလေပင်။

​ထိုအမွေးအတောင်များတွင် ပစ်မှတ်ကို ခြေရာခံနိုင်သည့် စွမ်းရည်ရှိသည်။ ထိမှန်ခံရပါက သူ့ရဲ့ စွမ်းအင်များ အကုန်စုပ်ယူခံရမည်မှာ သေချာသည်။ စွမ်းအင်ကုန်ခမ်းသွားပါက ချင်ရီကပင် သူ့ကို အခွင့်ကောင်းယူ၍ သတ်ဖြတ်နိုင်ခြေ ရှိသည်။

​လီလော့ ချင်ရီကို ကြည့်လိုက်တော့ သူမက ရှောင်တိမ်းရန် မကြိုးစားဘဲ တည်ငြိမ်စွာ ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူမသည် ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များကို ထိန်းချုပ်ထားပြီး ကျောက်စိမ်းရုပ်တုတစ်ခုကဲ့သို့ တည်ငြိမ်နေသည်။ ထိုသို့ လှုပ်ရှားမှုမရှိသဖြင့် အမွေးအတောင်များက သူမကို မထိမှန်ဘဲ ဖြတ်ကျော်သွားသည်။ ရှောင်တိမ်းနည်းကို သိနေသော်လည်း လီလော့ကို ပြောပြခြင်း မရှိပေ။

​"ယုတ်မာလိုက်တာ"

လီလော့ စိတ်ထဲမှ ကြိတ်၍ဆဲဆိုလိုက်သည်။ ဤမိန်းမကို ယုံကြည်၍ မရပေ။ သို့သော် စဉ်းစားရန် အချိန်မရှိတော့ဘဲ ပဲ့တင်သံ စွမ်းအင်များကို ပြန်ရုပ်သိမ်းကာ မြေပြင်ပေါ်တွင် လူးလှိမ့်လိုက်ပြီး အသက်မရှိတော့သည့် အလောင်းကောင်တစ်ခုကဲ့သို့ ငြိမ်သက်နေလိုက်သည်။

​လီလော့ သေဟန်ဆောင်လိုက်သောအခါ သူ့ရှေ့သို့ ရောက်လာမည့် အမွေးအတောင်များ ရပ်တန့်သွားပြီး အခြားသူများဆီသို့ လှည့်သွားကြမှသာ လီလော့ သက်ပြင်းချနိုင်လိုက်သည်။ ထိုအမွေးအတောင်များက စွမ်းအင်လှုပ်ရှားမှု ရှိသည့် သက်ရှိများကိုသာ လိုက်လံတိုက်ခိုက်ခြင်း ဖြစ်သည်။

​အခြေအနေကို စောင့်ကြည့်ရင်း မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည့် အလောင်းများကို တွေ့လိုက်ရသည်။ လူဆိုးအများစုလည်း ဤသို့ပင် ဖောက်ထွက်ရန် ကြိုးစားရင်း အသက်ဆုံးရှုံးခဲ့ကြရသည်။ ဤသွေးစွန်းသော မြင်ကွင်းကို ကြည့်၍ လီလော့ ရင်ထဲ မကောင်းတော့ပေယ

​သူ ဆုတောင်းပေးနေစဉ်မှာပင် တစ်ယောက်ခုတည်း ကျန်နေခဲ့သော အမွေးအတောင်တစ်ခုက သူ့ထံသို့ ဦးတည်လာသဖြင့် မျက်မှောင်ကြုတ်လိုက်ပြီး သူ့ ညာဘက်တွင် သေဆုံးနေသည့် လူကြီးတစ်ယောက်၏ အလောင်းနောက်သို့ ကပ်ကာ အကာအကွယ် ယူလိုက်သည်။ အမွေးအတောင်က ထိုလူကြီး၏ ခန္ဓာကိုယ်ထဲသို့ စိုက်ဝင်သွားပြီး သွေးများ ပန်းထွက်လာကာ အလောင်းလည်း လောင်ကျွမ်းသွားသည်။

​"တောင်းပန်ပါတယ် အစ်ကိုကြီး… အလောင်းတော့ မလှပတော့ပေမဲ့ ငြိမ်းချမ်းပါစေ" ဟု လီလော့ စိတ်ထဲမှ တိုးတိုးလေး ဆုတောင်းပေးလိုက်သေးသည်။

​သို့သော်လည်း နောက်ထပ် အမွေးအတောင်အချို့ ထပ်ရောက်လာပြန်သည်။ ၎င်းတို့က ပစ်မှတ်ပျောက်ဆုံးသွားသဖြင့် ကျပန်း တိုက်ခိုက်နေခြင်း ဖြစ်သည်။ ထူးဆန်းသည်မှာ ထိုအမွေးအတောင်များက လီလော့ရှိရာသို့သာ ပိုမို ဦးတည်လာသည်။

​ထို့ကြောင့် လီလော့ စိတ်ထဲတွင် ဝေခွဲမရ ဖြစ်သွားသည်။

ပဲ့တင်သံမီးတောက်ကြောင့်လား…

ထိုမီးတောက်၏ သဘာဝကြောင့် လမ်းပျောက်နေသော အမွေးအတောင်များက သူ့ထံသို့ ဆွဲဆောင်ခံနေရခြင်း ဖြစ်နိုင်သည်။

လီလော့ ခါးသီးစွာ ပြုံးလိုက်မိသည်။ သူ အကာအကွယ်ယူထားသော အလောင်းမှာ အပေါက်များစွာ ဖြစ်သွားတော့သည်။

​"အစ်ကိုကြီး၊ ကျေးဇူးတင်ပါတယ်… နောက်မှ သင့်တော်တဲ့နေရာမှာ မြေမြှုပ်ပေးပါ့မယ်"

​သူ ပြောပြီးသည်နှင့် ထိုအလောင်းက မျက်လုံးများ ပြူးကျယ်စွာ ဖွင့်လာပြီး လီလော့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် လီလော့ ထိတ်လန့်သွားသည်။ ထိုလူကြီးက နာကျင်မှု သို့မဟုတ် ဒေါသကြောင့် တုန်ရီနေသော အသံဖြင့်…

"ညီလေး... မင်းနည်းနည်းလောက် ရွေ့ပေးလို့ ရမလား.. ငါ့ကို အသတ်ခံရအောင် လုပ်တော့မလို့လား…" ဟု အော်ပြောလိုက်လေသည်။

​အခန်း (၉၆၆) - ကျုးတာ့ယွီ

​ထိုအသားတုံးကြီးထံမှ ရုတ်တရက် တုံ့ပြန်မှုကြောင့် လီလော့ အံ့ဩသွားသည်။ သို့သော် သူ သေဆုံးသွားပြီဟု ထင်ထားသည့် ထိုခန္ဓာကိုယ်ထဲမှ အသက်ဝင်မှု အငွေ့အသက်ကို ခံစားမိလိုက်သည်။ ထိုသူ အသက်ရှင်နေသေးသည်။

ဤသူမှာလည်း လီလော့ကဲ့သို့ပင် အစောင့်ရှောက်များ၏ တိုက်ခိုက်မှုမှ လွတ်မြောက်ရန် သေဟန်ဆောင်နေခြင်း ဖြစ်သည်။

​လီလော့ အနည်းငယ် ရှက်ရွံ့သွားသည်။ သူက သေဆုံးသွားပြီဟု ထင်မှတ်၍ ထိုသူ၏ ခန္ဓာကိုယ်ကို အကာအကွယ်အဖြစ် အကြိမ်ကြိမ် အသုံးပြုခဲ့မိသည်။ သို့သော် စိတ်ထဲတွင် အထိတ်တလန့်ဖြစ်နေသော်လည်း ဘာမျှမသိသလို ပြုံး၍…

"ညီလေး..အခုလိုတွေ့ဆုံရတာ ကံကြမ္မာကြောင့်ပါ… အသေးအဖွဲကိစ္စတွေကို စိတ်မဆိုးပါနဲ့ဗျာ" ဟု ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် ထိုခန္ဓာကိုယ်ကြီးကို အကဲခတ်လိုက်တော့ သ အလွန်ဝဖြိုးသည့်အပြင် အသက်အရွယ် ငယ်ရွယ်သေးကြောင်း တွေ့ရသည်။

​ထိုလူငယ်က သူ့ကိုဒေါသတကြီး စိုက်ကြည့်ရင်း…

"ဘာကံကြမ္မာလဲ…ကျုပ် ဒီနေရာမှာ ဘယ်သူမှမနှောင့်ယှက်အောင် ပုန်းနေတာကို ခင်ဗျားရောက်လာလို့ အခု ဒုက္ခရောက်နေပြီ…ခင်ဗျား ကျုပ်ကို ဖျက်ဆီးဖို့ ကြိုးစားနေတာလား?"

"မင်းကိုမှ မသိတာ… ဘယ်လိုလုပ် အန္တရာယ်ပြုရမှာလဲ"

"အခု ထွက်သွားစမ်း…"

​လီလော့က ခေါင်းခါရင်း

"ဒီနေရာက မင်းပိုင်တာ မဟုတ်ဘူး… မင်း ထွက်သွားချင်ရင် ထွက်သွားနိုင်တယ်.. ငါကတော့ တစ်လက်မတောင် ရွှေ့မှာ မဟုတ်ဘူး.." ဟု ငြင်းဆိုလိုက်သည်။ သူ့ရှေ့တွင် ဤမျှ ကောင်းမွန်သည့် အသားတုံး အကာအကွယ် ရှိနေသည်ကို မည်သို့ ထွက်သွားနိုင်မည်နည်။

​ထိုဝဖြိုးသော လူငယ်က လီလော့၏ မျက်နှာပြောင်တိုက်မှုကြောင့် ဒေါသထွက်လာပြီး လက်ကောက်ဝတ်ရှိ အိတ်ဆောင်စက်လုံးကို ဖွင့်လိုက်ရာ အရာတစ်ခု ထွက်ပေါ်လာသည်။ လီလော့က သူ တိုက်ခိုက်တော့မည်ဟု ထင်ကာ ကြိုတင်ပြင်ဆင်လိုက်သည်။ သို့သော် ထွက်ပေါ်လာသောအရာက အစွမ်းထက်သည့် လက်နက်မဟုတ်ဘဲ ကင်ထားသော အသားတုံးကြီး တစ်တုံးသာ ဖြစ်နေသည်။ ထိုလူငယ်က အသားကင်ကို ချက်ချင်းပင် အငမ်းမရ စားသောက်လိုက်ရာ အဆီများ မြေပြင်ပေါ်သို့ စီးကျလာသည်။

​ဤအခြေအနေကို ကြည့်၍ လီလော့ အံ့ဩသွားသည်။

သူ ရူးသွားပြီလား…

သို့သော် စားနေစဉ်အတွင်းမှာပင် ထိုလူငယ်၏ ခန္ဓာကိုယ်မှ ဒဏ်ရာများမှာ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာသည်ကို မြင်လိုက်ရသည်။ မိနစ်ပိုင်းအတွင်းမှာပင် ဒဏ်ရာများ လုံးဝပျောက်ကင်းသွားသည်။ ဤကြောက်မက်ဖွယ်ကောင်းသော ပြန်လည်ကောင်းမွန်နိုင်စွမ်းက လီလော့၏ ရေ၊ အလင်းနှင့် သစ်သားစွမ်းအားများထက်ပင် သာလွန်နေသည်။

ထိုအခါ ​လီလော့ အတွေးတစ်ခု ပေါ်လာပြီး …

"ညီလေးက ကောင်းကင်ဧကရာဇ် ကျုးမျိုးနွယ်စုကလား.." ဟု မေးလိုက်သည်။

ထိုမျိုးနွယ်စုတွင် ဝဖြိုးသူများ၍ အစားအသောက်ဖြင့် စွမ်းအင် ပြန်လည်ဖြည့်တင်းနိုင်သည့် ထူးခြားသော ပဲ့တင်သံကို ပိုင်ဆိုင်ကြောင်း သူ သိထားသည်။ သူတို့၏ စစ်သူကြီးအဆင့်များပင် အလွယ်တကူ မသေဆုံးနိုင်ကြပေ။

​ထိုလူငယ်က…

"မင်း အမြင်မဆိုးဘူးပဲ… ကျုးမျိုးနွယ်စုကို စော်ကားလို့ မရဘူး၊ ထွက်သွားတာ ကောင်းမယ်" ဟု ချိန်းခြောက်လိုက်သည်။

​လီလော့က …

"တွေ့ရတာ ဝမ်းသာပါတယ်… ငါက လီမျိုးနွယ်စုက လီလော့ပါ" ဟု မိတ်ဆက်လိုက်သည်။

​"လီမျိုးနွယ်စုရဲ့ နဂါးခေါင်းဆောင်သစ် လီလော့လား.."

ထိုလူငယ်က သူ့ နာမည်ကို ကြားဖူးဟန်တူသည်။ လီလော့က ခေါင်းညိတ်ပြလိုက်တော့ ထိုလူငယ်က မကျေမနပ်ဖြင့် နှုတ်ခမ်းစူလိုက်သည်။ အခုဆို မျိုးနွယ်စုအမည်ကို သုံး၍ လီလော့ကို ခြိမ်းခြောက်၍ မရတော့ပေ။

​"ငါ့ကို ကျုးတာ့ယွီလို့ ခေါ်နိုင်တယ်"

"ဟုတ်ပါပြီ…ကျုးတာ့ယွီ…မင်းရဲ့ ခန္ဓာကိုယ်ကြီးနဲ့ဆိုရင် တခြားဘယ်သူ ဖြစ်နိုင်ဦးမလဲ" ဟု လီလော့က ခပ်နောက်နောက် ပြန်ပြောလိုက်သည်။

ကျုးမျိုးနွယ်စုဝင်များက ဝဖြိုးခြင်းကို အလှတရားဟု ယူဆကြသဖြင့် ထိုစကားကြောင့် ကျုးတာ့ယွီ၏ စိတ်ထဲတွင် လီလော့ကို ပို၍ သဘောကျသွားသည်။

​"ညီလေးကျုး ဒီမှာ ဘယ်လောက်ကြာပြီလဲ"

"နေ့တဝက်လောက် ရှိပြီ…အရင်ရောက်တဲ့ အဖွဲ့နဲ့လိုက်လာတာ သူတို့တွေ အကုန်သေကုန်ကြပြီ… ကျုပ်လဲ မစွန့်လွှတ်ချင်တာနဲ့ အခွင့်အရေး စောင့်နေတာ"

​စကားပြောနေစဉ်မှာပင် မီးတောက် အမွေးအတောင်တစ်ခုက လီလော့ထံ ဦးတည်လာသည်။ လီလော့ ရှောင်လိုက်သော်လည်း ထိုအမွေးအတောင်က ကျုးတာ့ယွီ၏ ဖင်ကို စိုက်ဝင်သွားပြီး ပေါက်ကွဲသွားကာ ဒဏ်ရာအသစ်တစ်ခု ဖြစ်သွားသည်။ ကျုးတာ့ယွီ၏ ခန္ဓာကိုယ်ကြီးမှာ တုန်ရီသွားပြီး လီလော့ကို စိုက်ကြည့်လိုက်သည်။

​လီလော့က…

"ညီလေးကျုး…မင်းရဲ့ ခန္ဓာကိုယ်ကြီးက တောင်ကြီးလိုပဲနော် မင်းရဲ့ ဝင့်ကြွားမှုက အမွေးအတောင်တွေကို ဆွဲဆောင်နေတာပဲ …. ဒါပေမဲ့ မင်းရဲ့ ပြန်လည်ကောင်းမွန်နိုင်စွမ်းနဲ့ဆိုရင် ဒါက ပြဿနာ မဟုတ်ပါဘူး" ဟု ချီးကျူးလိုက်သည်။

ကျုးတာ့ယွီလည်း စကားမပြောနိုင်တော့ဘဲ နောက်ထပ် အသားတုံးတစ်ခုကို ထုတ်စားလိုက်ရသည်။ထိုအခါ ဒဏ်ရာများလည်း ချက်ချင်း ပျောက်သွားသည်။

​သို့သော် နောက်ထပ် အမွေးအတောင်များ ထပ်ရောက်လာပြန်သည်။

​"ညီလေးကျုးရဲ့ ခန္ဓာကိုယ်က တကယ်ကို သန်မာတာပဲ… အခုထိ တွေ့ဖူးသမျှထဲမှာ အရဲရင့်ဆုံးပဲ…"

​"ညီလေးကျုးမှာ အနာဂတ်ရဲ့ စစ်သူကြီ… မဟုတ်ဘူး... ဘုရင်တစ်ပါးရဲ့ လက္ခဏာတွေ ရှိတယ်!"

​"ကြည့်စမ်း... ဒီအပေါက်က တကယ်ကို ဝိုင်းစက်နေတာပဲ…”

​နောက်ဆုံးတွင် ကျုးတာ့ယွီ၏ မျက်နှာဖျော့တော့သွားပြီး…

"အစ်ကိုလီလော့၊ ကျေးဇူးပြုပြီး ခဏလောက် ဖယ်ပေးလို့ရမလား… အသက်ရှူဖို့ အချိန်လေး လိုချင်လို့ပါ"

"ခဏပဲ သည်းခံလိုက်ပါ… အစောင့်ရှောက်တွေရဲ့ တိုက်ခိုက်မှု လျော့ကျလာပြီ…မကြာခင် အခွင့်အရေး ရတော့မယ်" ဟု အားပေးရှာသည်။

​ကျုးတာ့ယွီ မျက်ရည် ကျချင်နေပြီ။

ဘယ်လိုကံဆိုးမိုးမှောင်ကျမှုကြီးလဲကွာ..

သူတို့ အဖွဲ့ ထူးချွန်တပည့်များထံသို့ ချဉ်းကပ်သွားကြစဉ် လေထဲတွင် ပြန့်ကျဲနေသော အမွေးအတောင်များမှာလည်း နည်းပါးသွားသည်။

​"အားလုံးပဲ..အစွမ်းကုန် ကြိုးစားကြမယ်..” ဟု ချင်ယင်းက အော်လိုက်ပြီး ပဲ့တင်သံ ပညာရပ်များဖြင့် ထူးချွန်တပည့် (၈) ယောက်ကို တိုက်ခိုက်လိုက်ကြသည်။ ထူးချွန်တပည့်များကလည်း ကြယ်တာယာရောင်ခြည်တန်းများဖြင့် အကာအကွယ်ကို ဖန်တီးလိုက်သည်။ချင်ယင်းတို့သုံးလိုက်သောပညာရပ်များက ထိုအကာအကွယ်ကို ထိမှန်သော်လည်း မပေါက်ကွဲနိုင်ပေ။

​ချင်ယင်းက…

"ကျုးကျူး.. မင်း မကူညီရင် ငါတို့ အလကား ဖြစ်သွားလိမ့်မယ်!" ဟု အော်လိုက်သည်။

​"အာ..ချင်ယင်း..နင် ငါ့ကို သတိထားမိတယ်ပေါ့"

မိန်းကလေးတစ်ဦး၏ ရယ်မောသံ ထွက်ပေါ်လာပြီး အလောင်းများကြားမှ သန်မာသော အမျိုးသမီးတစ်ဦး ထွက်ပေါ်လာကာ ကြယ်တာယာရောင်ခြည် အကာအကွယ်ထောင့်သို့ ပြင်းထန်စွာ ထိုးနှက်လိုက်သည်။

​ဝုန်း!

​ထိုလက်သီးချက်က တောင်ကြီးတစ်လုံးကို ဝင်တိုက်လိုက်သကဲ့သို့ ပြင်းထန်လွန်းသဖြင့် ကြယ်ရောင်ခြည် အကာအကွယ် အက်ကွဲသွားသည်။ အချို့တပည့်များပင် လွင့်ထွက်သွားကြသည်။

ရွှေရောင်ခန်းမ၏ ဝင်ပေါက် ပွင့်သွားသည်ကို မြင်လိုက်ရသောအခါ လီလော့က လျှပ်စီးတန်းတစ်ခုကဲ့သို့ ဝင်ပေါက်ဆီသို့ ပြေးသွားလေသည်။

​ကျုးတာ့ယွီက ဝဖြိုးသော်လည်း လျင်မြန်စွာပင် လီလော့နောက်မှ လိုက်ပါလာသည်။ လီလင်းကျင်း၊ ချင်ယင်းနှင့် ကျုးကျူးတို့ကတော့ အကာအကွယ်ကို ဆက်လက်ထိန်းချုပ်ထားရန် ကျန်ရစ်ခဲ့သည်။

​လီလော့ ဝင်ပေါက်သို့ ရောက်ခါနီးတွင် ရေစီးကြောင်းတစ်ခု ကြားဖြတ်ပေါ်လာပြီး ချင်ရီက သူ့ထက် ဦးစွာ ရောက်ရှိသွားသည်။ လီလော့ စင်မြင့်ပေါ်သို့ ခြေချလိုက်သောအခါ မြင်ကွင်းမ ပြောင်းလဲသွားသည်။

သူ့ရှေ့တွင် လမ်းကြောင်းတစ်ခု ပေါ်လာပြီး အဝေး၌ မြူခိုးများကြားတွင် ပုန်းကွယ်နေသော ရွှေရောင်ခန်းမကြီးကို မြင်လိုက်ရသည်။

​လီလော့ စိတ်လှုပ်ရှားစွာဖြင့် ထိုခန်းမကြီးဆီသို့ ပြေးသွားပြီး ခန်းမထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားလေသည်။

All Chapters