← Chapters

ထိပ်ဆုံးသို့ ရောက်ရှိလာသော အစိမ်းရောင်နယ်သာတံခွန်

Vol. 67 Ch. 935

ထိပ်ဆုံးသို့ ရောက်ရှိလာသော အစိမ်းရောင်နယ်သာတံခွန်

Vol. 67 Ch. 935

​နဂါးစွယ်ကလန်မှ အခြားတံခွန် (၃) ခု၏ အဖွဲ့ဝင်များမှာ နတ်ဆိုးလှိုဏ်ဂူရှေ့တွင် စောင့်ဆိုင်းနေကြရင်း အချိန်များ ဖြည်းဖြည်းချင်း ကုန်ဆုံးသွားခဲ့သည်။

​အစိမ်းရောင်နယ်သာတံခွန်က အခုထိ နတ်ဆိုးလှိုဏ်ဂူအတွင်းမှ ထွက်ပေါ်မလာသေးပေ။

ထိုအခါ ​ကွင်းပြင်တစ်လျှောက်တွင် တီးတိုး စကားပြောဆိုသံများ ပျံ့နှံ့လာပြီး အဖွဲ့ဝင်အချို့မှာ ခေါင်းခါယမ်း၍ မျှော်လင့်ချက်များကို လျှော့ချလိုက်ကြသည်။ အစိမ်းရောင်နယ်သာတံခွန် အဆင့် (၆၃) တွင်ပင် ရပ်တန့်သွားတော့မည်ဟု ထင်မြင်ချက်များ ပေါ်ထွက်လာသည်။

​ကျောက်သားဇရပ်အတွင်း၌ လီဖူလင်က အလင်းဖန်သားပြင်ကို မော့ကြည့်၍ "နတ်ဆိုးလှိုဏ်ဂူ ပိတ်ဖို့ အချိန်နီးနေပြီ" ဟု သတိပေးလိုက်သည်။

​နတ်ဆိုးလှိုဏ်ဂူတွင် ကန့်သတ်ချက် ရှိသည်။ သို့သော် အချိန်အတော်လေး ကြာမြင့်သဖြင့် အချိန်ကျော်လွန်မည့် ပြဿနာနှင့် ကြုံတွေ့ရမည့် တံခွန်အဖွဲ့ အလွန်နည်းပါးလှသည်။

​ကံမကောင်းစွာပင် ယနေ့တွင် အစိမ်းရောင်နယ်သာတံခွန်မှာ ထိုပြဿနာနှင့် ကြုံတွေ့နေရပုံရသည်။ သူတို့တွေ အခက်ခဲဆုံး တိုက်ပွဲကို ရင်ဆိုင်နေရချိန်တွင် အချိန်များ ကုန်ဆုံးလျက်ရှိသည်။

​"သူတို့အတွက်တော့ ဒါက ဝန်ထုပ်ဝန်ပိုး များလွန်းတယ်… အဆင့် (၆၃) က အရမ်းကို ခက်ခဲတယ်…ငါ အစိမ်းရောင်နယ်သာတံခွန်ကို ဦးဆောင်ခဲ့တုန်းက အဲဒီအဆင့်ကို အောင်နိုင်ဖို့ အချိန်အများကြီး ယူခဲ့ရတယ်…တံခွန်ဦးစီး လီလော့က တစ်ခါတည်းနဲ့ ရှင်းလင်းနိုင်မယ်လို့ ထင်နေတာလား" ဟု ကျောက်သားဇရပ်အတွင်းရှိ လူငယ်တစ်ဦးက မှတ်ချက်ပေးလိုက်သည်။ သူသည်။ ယခင်မျိုးဆက်၏ အစိမ်းရောင်နယ်သာတံခွန်ဦးစီး လီရွှမ်းပင် ဖြစ်သည်။

​ထိုအခိုက်တွင် ယခင်မျိုးဆက်၏ ရွှေအလင်းတံခွန်ဦးစီး လုဇီက ပြုံး၍ "သူက ဒီမျိုးဆက်ရဲ့ နဂါးခေါင်းဆောင်ပဲလေ… မင်း သူ့ကို ဘယ်လို ယှဉ်လို့ရမှာလဲ.. သူ့လိုမျိုး ပါရမီရှင်တစ်ယောက် ရှိနေတာကြောင့် အစိမ်းရောင်နယ်သာတံခွန်ရဲ့ တံခွန်ဦးစီးဟောင်းတွေကို ဘယ်သူကများ မှတ်မိဦးမှာလဲ" ဟု ခနဲ့လိုက်သည်။

​လုဇီမှာ ပြုံး၍ ပြောဆိုနေသော်လည်း ထိုစကားမှာ အလွန်ပင် လေးလံလှသည်။ လီရွှမ်းပင် ဒေါသကြောင့် မျက်နှာနီရဲလာသည်။

​"အစိမ်းရောင်နယ်သာခန်းမရဲ့ အခြေအနေက ထူးခြားတယ်…တခြားခန်းမတွေလိုမျိုး ခန်းမသခင် မရှိတဲ့အတွက် သူတို့ရဲ့ စွမ်းဆောင်ရည်တွေ နှစ်ပေါင်းများစွာ အားနည်းခဲ့ရတယ်.. ဒါက အရာအားလုံးကို ထိခိုက်စေတာပဲ… ဒါဟာ လီရွှမ်းကြောင့် ဖြစ်တာ မဟုတ်ပါဘူး" ဟု လီဖူလင်က သူတို့နှစ်ဦးကို ကြည့်၍ ဖြည်းညင်းစွာ ရှင်းပြလိုက်သည်။

​လီဖူလင်၏ စကားကို ကြားသောအခါ လီရွှမ်း အနည်းငယ် စိတ်အေးသွားသည်။

​ထိုအချိန်တွင် လီဖုန်းယီက လုဇီကို စူးရဲစွာ ကြည့်လိုက်သည်။ လုဇီဆိုသူက အလွန်ပင် ယုတ်မာလှသည်။ လီရွှမ်းနှင့် လီလော့ကြားတွင် မညီမျှမှုများ ဖြစ်ပေါ်လာအောင် လုပ်ဆောင်နေခြင်း ဖြစ်သည်။

​သို့သော် လီဖုန်းယီအနေနှင့် သူနှင့် အချိန်ကုန်ခံရန် စိတ်မရှိပေ။ ကျောက်တံတိုင်းပေါ်ရှိ အလင်းဖန်သားပြင်ဘက်သို့ လှည့်ကြည့်လိုက်ပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။

နတ်ဆိုးလှိုဏ်ဂူ ပိတ်ရန် အချိန်နီးကပ်နေပြီ…..

​အကယ်၍ လီလော့သာ အစိမ်းရောင်နယ်သာတံခွန်ကို ဦးဆောင်၍ အဆင့် (၆၃) ကို ရှင်းလင်းနိုင်ခြင်း မရှိလျှင် အခွင့်အရေး လက်လွတ်သွားလိမ့်မည်။

​နောက်တစ်ကြိမ် ဖွင့်လှစ်ချိန်ကို စောင့်နိုင်သော်လည်း ၎င်းမှာ ပဲ့တင်ထပ်သံ လှိုဏ်ဂူအပြီးတွင်မှ ဖြစ်လိမ့်မည်။

​အဆင့် (၆၃) ကို ရှင်းလင်းခြင်းအတွက် ဆုလာဘ်ဖြစ်သည့် ဉာဏ်အလင်းပွင့် ဆေးလုံးကို လီလော့ လိုချင်နေကြောင်း လီဖုန်းယီ သိသည်။ သူသည် ပဲ့တင်ထပ်သံ လှိုဏ်ဂူအတွက် ပြင်ဆင်ရန် ထိုဆေးလုံးကို အသုံးပြုလိုခြင်း ဖြစ်သည်။ ထို့ကြောင့် နောက်ပိုင်းမှ ရှင်းလင်းခြင်းမှာ အဓိပ္ပာယ် မရှိတော့ပေ။

​သို့သော် လီလော့ အချိန်မီ အောင်မြင်နိုင်မည်ကို လီဖုန်းယီ မသေချာပေ။

​လီဖုန်းယီ စိုးရိမ်တကြီး စောင့်ကြည့်နေစဉ် မိနစ်ပေါင်းများစွာ ကုန်ဆုံးနေသည်။

​ရုတ်တရက် ကွင်းပြင်ထဲတွင် အော်ဟစ်သံများ ထွက်ပေါ်လာသဖြင့် အားလုံး၏ အကြည့်များက အလင်းဖန်သားပြင်ပေါ်ရှိ ပထမနေရာသို့ ကျရောက်သွားသည်။ ထိုအချိန်တွင် "ရွှေသွေးတံခွန်" ဟူသော စာသား တဖြည်းဖြည်း မှေးမှိန်သွားသည်။

​၎င်းမှာ ရွှေသွေးတံခွန် နတ်ဆိုးလှိုဏ်ဂူမှ ဆုတ်ခွာသွားပြီ ဖြစ်ကြောင်း ဆိုလိုခြင်းပင်။

​သို့သော် သူတို့တွေ အဆင့် (၆၃) ကို ရှင်းလင်းနိုင်ခြင်း မရှိခဲ့ပေ။ အချိန်မကုန်ဆုံးမီ နတ်ဆိုးခေါင်းဆောင်ကို အနိုင်ယူရန် မစွမ်းဆောင်နိုင်ခဲ့သဖြင့် ဆုတ်ခွာရန် အတင်းအကျပ် ဆုံးဖြတ်ခဲ့ရခြင်းပင်။

​"ရွှေသွေးတံခွန် အဆင့် (၆၃) ကို မရှင်းလင်းနိုင်ဘူး!"

​တံခွန်အဖွဲ့ဝင်များကြားတွင် အံ့ဩနေသော မျက်နှာထားများ ရှိနေသည်။ ရွှေသွေးတံခွန်နှင့် လီချင်းဖုန်း၏ ဂုဏ်သတင်းမှာ မကြာသေးခင်က ကျဆင်းသွားသော်လည်း သူသည် တံခွန် (၂၀) ၏ ထိပ်တန်းပါရမီရှင် ဖြစ်သည်။ ထို့ကြာင့် လီချင်းဖုန်း၏ စွမ်းရည်ကို မည်သူမျှ မငြင်းဆိုနိုင်ပေ။ လီချင်းဖုန်းပင် အောင်မြင်မှု မရရှိခဲ့လျှင် ဤအဆင့်မှာ မည်မျှ ခက်ခဲမည်ကို တွေးကြည့်နိုင်သည်။

​အကယ်၍ လီချင်းဖုန်းနှင့် ရွှေသွေးတံခွန်တို့ပင် မအောင်မြင်ခဲ့လျှင် လီလော့နှင့် အစိမ်းရောင်နယ်သာတံခွန်တို့ မည်မျှကြာကြာ တောင့်ခံနိုင်မည်နည်း။

​အချိန် အနည်းငယ်သာ ကျန်ရှိတော့သဖြင့် သူတို့သာ ခက်ခဲသော တိုက်ပွဲကို တောင့်ခံနိုင်လျှင်ပင် အချိန်ကုန်ဆုံးသည်နှင့် နတ်ဆိုးလှိုဏ်ဂူမှ အပြင်သို့ ထုတ်ပယ်ခံရလိမ့်မည်။ ဆိုလိုသည်မှာ ရလဒ်က ရွှေသွေးတံခွန်နှင့် တူညီနေဦးမည်သာ။

​ထို့ကြောင့် လူအားလုံး၏ အကြည့်များက မှေးမှိန်နေသော အလင်းမျက်နှာပြင်ထံသို့ ပြန်ရောက်သွားသည်။

​အများစုကတော့ ရလဒ်ကို ဆုံးဖြတ်ပြီးနေကြပြီ….

​လီဖုန်းယီမှာ လက်နှစ်ဖက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး နှလုံးခုန်သံများ မြန်ဆန်နေသည်။

​ခဏတာအတွင်းတွင် ကျောက်သားဇရပ်အတွင်း၌ စကားပြောသံများ ရပ်တန့်သွားသည်။ လီလော့ကို လီတိုင်ရွှမ်နှင့် နှိုင်းယှဉ်နေခဲ့သော လီဖူလင်ပင် တိတ်ဆိတ်သွားပြီး စောင့်မျှော်ကြည့်ရှုနေသည်။

​ကွင်းပြင်တစ်လျှောက်ရှိ တံခွန်အဖွဲ့ဝင်များလည်း တိတ်ဆိတ်သွားသည်မှာ လူတစ်ယောက်မျှ မရှိသကဲ့သို့ပင်။

​အချိန်များမှာ ဖြည်းဖြည်းချင်း ကုန်ဆုံးနေပြီး အလင်း​မျက်နှာပြင် မှေးမှိန်သွားပြီးနောက် အချို့သူများ စိတ်ပျက်စွာ သက်ပြင်းချလိုက်ချိန်တွင် နတ်ဆိုးလှိုဏ်ဂူ၏ ရှေ့မှ ရုတ်တရက် အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။

​နောက်တစ်ခဏတွင် လူများ ထွက်ပေါ်လာသည်။

​သူတို့မှာ အစိမ်းရောင်နယ်သာတံခွန်၏ အဖွဲ့ဝင် (၈,၀၀၀) ပင် ဖြစ်သည်။

​သို့သော် သူတို့ ထွက်လာသည်နှင့် တင်ပျဉ်ခွေထိုင်ချလိုက်ကြသည်။ သူတို့၏ မျက်နှာများ ဖြူဖျော့နေပြီး ပဲ့တင်ထပ်သံစွမ်းအားကို ပြန်လည်ဖြည့်တင်းရန် မျက်လုံးများ မှိတ်ထားကြသည်။ အဖွဲ့ဝင်အများစု၏ အရေပြားပေါ်တွင် သွေးစက်များ ရှိနေပြီး အလွန်ခက်ခဲသော တိုက်ပွဲကို ဖြတ်သန်းလာပုံရသည်။

​နောက်ဆုံးတွင် အစိမ်းရောင်နယ်သာတံခွန် ပြန်လည် ရောက်ရှိလာခဲ့ပြီ…

​အားလုံးကလည်း သူတို့ကို စိတ်ဝင်တစား စိုက်ကြည့်နေကြသည်။ ၎င်းမှာ သူတို့အတွက်လည်း အချိန်ကုန်ဆုံးသွားသောကြောင့် ဖြစ်မည်လော။

​အချို့သူများ တွေးတောနေချိန်တွင် လူအုပ်စု၏ ထောင့်တစ်နေရာမှ အော်ဟစ်သံများ ထွက်ပေါ်လာသည်။

​"ကြည့်လိုက်! အဆင့်သတ်မှတ်ချက် စာရင်း ပြောင်းလဲနေပြီ!"

​အော်ဟစ်သံများမှာ လှိုင်းလုံးများကဲ့သို့ ပျံ့နှံ့သွားပြီး လူတိုင်း၏ အကြည့်များက နတ်ဆိုးလှိုဏ်ဂူ၏ အဆင့်သတ်မှတ်ချက် စာရင်းဆီသို့ ရောက်သွားပြီး ဖြစ်ပျက်နေသည်ကို အံ့ဩစွာဖြင့် ကြည့်ရှုနေကြသည်။ အစိမ်းရောင်နယ်သာတံခွန်မှာ ရွှေသွေးတံခွန်နှင့်အတူ ပထမနေရာမှ ပျောက်ကွယ်သွားပြီး ရွှေသွေးတံခွန်၏ အထက်တွင် ပြန်လည် ရောက်ရှိလာသည်။

​အဆင့် (၁) - အစိမ်းရောင်နယ်သာတံခွန်!

​ရွှေသွေးတံခွန်ကတော့ ပထမနေရာမှ ဒုတိယနေရာသို့ ကျဆင်းသွားသည်။

​ကွင်းပြင်တစ်ခုလုံးရှိလူများမှာ ပထမနေရာရှိ နာမည်ကို ကြည့်ရင်း အံ့အားသင့်သွားကြသည်။

​ဆိုလိုသည်မှာ... အစိမ်းရောင်နယ်သာတံခွန်က အဆင့် (၆၃) ကို ရှင်းလင်းနိုင်ခဲ့ခြင်းပင် ဖြစ်သည်။

​သူတို့တွေ ရွှေသွေးတံခွန်ပင် မစွမ်းဆောင်နိုင်သည့်အရာကို လုပ်ဆောင်နိုင်ခဲ့ကြသည်။

​တနည်းအားဖြင့် သူတို့မှာ ယခုအခါ တံခွန် (၂၀) ထဲတွင် အငြင်းပွားဖွယ်မရှိသော နံပါတ် (၁) တံခွန် ဖြစ်လာခဲ့ချေပြီ။

​အံ့ဩစရာ အော်ဟစ်သံများမှာ ကွင်းပြင်အနှံ့ ပေါက်ကွဲထွက်လာပြီး အားလုံးက နွမ်းနယ်နေသော အစိမ်းရောင်နယ်သာတံခွန်အဖွဲ့သားများကို မနာလိုမှုများဖြင့် ကြည့်ရှုနေကြသည်။

​ (၆) လအတွင်း၌ပင် အစိမ်းရောင်နယ်သာတံခွန်မှာ နဂါးစွယ်ကလန်၏ တံခွန် (၄) ခုထဲတွင် အောက်ဆုံးမှ အဆင့် (၁) တံခွန် ဖြစ်လာလိမ့်မည်ဟု မည်သူ ထင်ထားမည်နည်း။ ၎င်းမှာ သူတို့အတွက် အမြင့်ဆုံး ဂုဏ်ကျက်သရေ ဖြစ်သည်။

​ဤသည်က အံ့ဩစရာ ဆင့်ကဲပြောင်းလဲမှုပင်!

အစိမ်းရောင်နယ်သာတံခွန်၏ တိုးတက်မှုနောက်ကွယ်တွင် အကြောင်းအရင်း ရှိကြောင်း သူတို့အားလုံး သိထားကြသည်။ တစ်ခုတည်းသော ခြားနားချက်မှာ သူတို့၏ တံခွန်ဦးစီးအသစ် လီလော့ပင် ဖြစ်သည်။

​အစိမ်းရောင်နယ်သာတံခွန်သည် လီလော့၏ ဦးဆောင်မှုအောက်တွင် တိုးတက်လာခဲ့ချေပြီ။

​လူအများ၏ အကြည့်အောက်တွင် အစိမ်းရောင်နယ်သာတံခွန်ဧရိယာမှ လီလော့၏ပုံရိပ် ထွက်ပေါ်လာသည်။

​လီလော့၏ မျက်နှာလည်း အနည်းငယ် ဖြူဖျော့နေသည်။ နတ်ဆိုးခေါင်းဆောင်နှင့် တိုက်ပွဲတွင် အသင်္ချေပဲ့တင်ထပ်သံ နဂါးစွယ်ဓား၀င်္ကပါကို အသုံးပြုပြီး အောင်မြင်စွာ အနိုင်ယူနိုင်ခဲ့သည်။ထိုတိုက်ပွဲမှာ အလွန်ပင် ခက်ခဲခဲ့သည်။

​အနည်းငယ်သာ နှေးကွေးခဲ့လျှင် အချိန်ကုန်ဆုံး၍ ကျရှုံးသွားလိမ့်မည်။

​ကံကောင်းစွာပင် လီလော့ အောင်မြင်စွာဖြင့် ထွက်လာနိုင်ခဲ့သည်။ အဆင့် (၆၃) ကို ရှင်းလင်းနိုင်ခဲ့သဖြင့် အစိမ်းရောင်နယ်သာတံခွန်မှာ နတ်ဆိုးလှိုဏ်ဂူ၏ ထိပ်ဆုံးတွင် ရှိနေတော့မည်ဖြစ်ပြီး မျှော်လင့်ထားသည့် ဉာဏ်အလင်းပွင့် ဆေးလုံးကိုလည်း ရရှိခဲ့သည်။

​ထိုအခိုက်တွင် လီလော့ သက်ပြင်းချလိုက်မိသည်။ ဤတိုက်ပွဲက အလွန်ပင် ခက်ခဲလွန်းသဖြင့် အစိမ်းရောင်နယ်သာတံခွန်မှာ ပြန်လည်သက်သာရန် ရက်အနည်းငယ် လိုအပ်လိမ့်မည်။ အဆင့်တက်ခြင်းက အလွန်ပင် ပင်ပန်းလှသည်။ လီ

လော့ ခေါင်းမော့လိုက်တော့ လူအုပ်ကြီးမှာ နှစ်ပိုင်းကွဲသွားပြီး လူတန်းကြီးတစ်ခု ရှေ့သို့ တိုးလာသည်။ ရှေ့ဆုံးတွင် လီဖုန်းယီနှင့် လီကျင်းထောင်တို့ ရှိနေကြသော်လည်း သူတို့နောက်တွင် သူစိမ်းတစ်ယောက် ပါဝင်နေသည်။

​သို့သော် လီလော့မှာ သူတို့၏ တိုက်ပွဲဝတ်စုံပေါ်ရှိ အနက်ရောင်နှင့် အနီရောင် အရောင်များကြောင့် သူတို့ မည်သူမည်ဝါဖြစ်ကြောင်း သိရှိသွားသည်။

​လီလော့၏ မျက်နှာမှာ ထိုအရာကို သတိပြုမိလိုက်သည်နှင့် အနည်းငယ် ပြောင်းလဲသွားသည်။

​"နဂါးစွယ်အစောင့်အရှောက်တွေ ဘာလို့ ဒီနေရာကို ရောက်နေတာလဲ" ဟု လီလော့ တွေးတောမိလိုက်သည်။

All Chapters