ထူးခြားဆန်းပြားလှသော လီကျင်းထောင်
Vol. 65 Ch. 907
လီကျင်းထောင် ရုတ်တရက် အနားသို့ ကပ်လာခြင်းက လီဟုန်လီကို လန့်ဖျန့်သွားစေသည်။
သူမ ခံစားလိုက်ရသည့် ထိတ်လန့်မှုအရှိန်အဝါမှာ စောစောက လီလော့ သူမကို ကျော်တက်သွားစဉ်ကထက် များစွာ ပိုမိုပြင်းထန်လှသည်။
လီလော့ ကောင်းကင်နဂါးကလန်ကြီး ငါးခုထံသို့ ရောက်ရှိလာသည်မှာ ခြောက်လမျှသာ ရှိသေးသော်လည်း သူ ဖန်တီးခဲ့သည့် အံ့ဖွယ်ရာများကြောင့် သူတို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ပါရမီရှင်တစ်ဦးဖြစ်ကြောင်း လူတိုင်း မချိတင်ကဲ လက်ခံထားကြရပြီ ဖြစ်သည်။
သို့သော် လီကျင်းထောင်မှာမူ သူနှင့် မတူပေ။ သူသည် အမြဲတမ်း တိတ်ဆိတ်ငြိမ်သက်ပြီး ထူးခြားမှုမရှိသော လူတစ်ဦးသာ ဖြစ်ခဲ့သည်။ အကယ်၍ ဟွမ်းလုံရှီးရေကန်တိုက်ပွဲအတွင်း မြို့စားအဆင့်ပညာရပ်ဖြင့် ထူးချွန်သော စွမ်းဆောင်ရည်ကို ပြသခဲ့ခြင်းမရှိလျှင် သူသည် လူအုပ်ကြီးကြား၌ လုံးဝ ဥဿုံ ပျောက်ကွယ်နေမည်မှာ သေချာသည်။
ယခင်ကဆို လီကျင်းထောင်၏ ဂုဏ်သတင်းကို ဖော်ပြရန် အခြားနည်းလမ်းမရှိပေ။ မည်သူ၏ အာရုံစိုက်မှုကိုမျှ သူ မရရှိခဲ့ဖူးချေ။
လီကျင်းထောင်သည် သဘောကောင်းပြီး နွေးထွေးသူဖြစ်ကာ အခြားသူများနှင့် အငြင်းပွားရခြင်းကို ဘယ်တော့မှ မလုပ်ဆောင်ခဲ့ပေ။ မည်သည့် ရည်မှန်းချက်ကိုမျှ မပြသခဲ့သဖြင့် မည်သူမျှ သူ့ကို ဂရုမစိုက်ခဲ့ကြခြင်း ဖြစ်သည်။
အခြေအနေက ဤသို့ဖြစ်နေသဖြင့် လီကျင်းထောင် သူမကို မှီလာခြင်းမှာ သူမအတွက်တော့ ကြီးမားလှသော စော်ကားမှုတစ်ခုနှင့်ကြုံလိုက်ရသလို ခံစားလိုက်ရတော့သည်။
ဒီကောင် ဘာကို အားကိုးပြီး ဒီအဆင့်အထိ ရောက်လာတာလဲ…
လီဟုန်လီ၏ လှပပြီး ဝိုင်းစက်လှသော မျက်ဝန်းများဖြင့် လီကျင်းထောင်ကို ရက်စက်စွာ စိုက်ကြည့်လိုက်သည်။
လီကျင်းထောင်သည်လည်း သူမ၏ ရုတ်တရက် တုံ့ပြန်မှုကြောင့် လန့်သွားခဲ့ရသဖြင့် ဘေးသို့ အနည်းငယ် ဖယ်ပေးလိုက်ပြီးမှ တက်လှမ်းမှုကို ဆက်လက်လုပ်ဆောင်ခဲ့သည်။
လီကျင်းထောင် သူမကို ကျော်တက်တော့မည့်အခြေအနေသို့ ရောက်ရှိလာချိန်တွင် သူမ၏ မျက်နှာတစ်ခုလုံး ဒေါသကြောင့်နီရဲသွားခဲ့ရသည်။ထိုအခါ ခန္ဓာကိုယ်အတွင်းမှ ပဲ့တင်ထပ်သံစွမ်းအားအားလုံး အပြင်သို့ ပေါက်ကွဲထွက်လာခဲ့ပြီး အရှိန်ကို အတင်းအကျပ် မြှင့်တင်ကာ သူတို့ကြားတွင် အကွာအဝေးတစ်ခု ပြန်လည်ရယူလိုက်တော့သည်။
သူမ၏ အပြုအမူက ခေတ္တမျှ လျင်မြန်သော အရှိန်ကို ပေးစွမ်းနိုင်သည်မှာ မှန်သော်လည်း ၎င်းက သူမ၏ စည်းချက်နှင့် အရှိန်အဟုန်ကို ပျက်စီးသွားစေခဲ့သည်။ မီးခိုးရောင် မီးနဂါးကြီး၏ လောင်ကျွမ်းမှုအောက်တွင် သူမ၏ ပဲ့တင်ထပ်သံစွမ်းအားများ အရှိန်အဟုန်ဖြင့် ကုန်ဆုံးလာခဲ့ရသည်။
အကယ်၍ သူမ၏ စွမ်းအားများ ကုန်ဆုံးသွားပါက အထက်သို့ ဆက်လက်တက်လှမ်းရန် မယုံနိုင်လောက်အောင် ခက်ခဲသွားပေလိမ့်မည်။
အကယ်၍ သူမသာ တည်ငြိမ်သော စိတ်အာရုံကို ထိန်းသိမ်းထားနိုင်လျှင် ဤကဲ့သို့ လုပ်ဆောင်မည်မဟုတ်ပေ။ သို့သော်လည်း လီကျင်းထောင်ကြောင့် သူမ၏ ပြိုင်ဆိုင်လိုစိတ်များ တောက်လောင်လာခဲ့သဖြင့် အကျိုးအကြောင်း စဉ်းစားဉာဏ်အားလုံး ပျောက်ကွယ်သွားခဲ့ရခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် တျန့်ဖုန်းရှန်၊ လီစန်းယန်နှင့် လီကွန်းတို့သည်လည်း အနည်းငယ် ထိတ်လန့်သွားကြပြီး ခေါင်းယမ်းလိုက်ကြသည်။ သူမက စိတ်ခံစားချက်နောက်ကို အလွန်အမင်း လိုက်ပါသွားခဲ့သဖြင့် ယခုအခါ သူမ၏ နဂါးပျံတက်ခြင်း ခရီးစဉ်မှာ သတ်မှတ်ထားသည့် အချိန်ထက် စောစီးစွာ ပြီးဆုံးသွားတော့မည် ဖြစ်သည်။
သို့သော်ငြားလည်း လီကျင်းထောင်၏ ရုတ်တရက် ပေါ်ထွက်လာမှုက သူတို့အတွက် သတိပေးချက်တစ်ခု ဖြစ်လာခဲ့သည်။ လီကျင်းထောင်၏ ကြောက်စရာကောင်းသော ခုခံမှုစွမ်းရည်ကြောင့် အခြားသူများက သူ့ကို အာရုံစိုက်လာခဲ့ကြရပြီး လက်ရှိ တက်လှမ်းမှုအရှိန်အရ သူသည် သာမန်အရည်အချင်း ရှိသူမဟုတ်ကြောင်း ထင်ရှားစွာ ပြသနေသည်။
လီကျင်းထောင်၏ အခြေခံအုတ်မြစ်က သူတို့နှင့် ယှဉ်လျှင် အားနည်းခြင်းမရှိဟုသာ ဆိုရပေလိမ့်မည်။
ပို၍ အရေးကြီးသည်မှာ နဂါး ငရဲမီးဖြင့်သန့်စင်ခြင်းက သူ့အပေါ်၌ အများကြီး သက်ရောက်မှုမရှိသည့်အသွင် ရှိနေခြင်းပင်။ ဤနေရာတွင် ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းတစ်ခုသာ ရှိသည်၊ ထိုအရာမှာ သူ့ခန္ဓာကိုယ်သည်လည်း လီလော့လိုပင် အညစ်အကြေး ကင်းစင်လုနီးပါး ဖြစ်နေခြင်းပင် ဖြစ်သည်။
သို့သော်လည်း လီကျင်းထောင် သုံးရောင်ခြယ် ဖန်သားနတ်ဆိုးခန္ဓာအဆင့်သို့ ရောက်ရှိထားသည်ဟု မည်သူမျှ မကြားဖူးခဲ့ကြပေ။
……
တစ်ချိန်တည်းမှာပင် ကလန်အကြီးအကဲများနှင့် အကြီးအကဲများ ထိုင်နေကြသည့် စင်မြင့်ထက်မှ အံ့ဩတကြီး ရေရွတ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ကလန်အကြီးအကဲ ငါးဦးစလုံးမှာ လီကျင်းထောင်၏ ခန္ဓာကိုယ်ကို အရာအားလုံးကို ထိုးဖောက်မြင်နိုင်စွမ်းရှိသော စူးရှလှသည့် အကြည့်များဖြင့် စစ်ဆေးနေကြသည်။
လီကျင်းဇယ်၏ မျက်ဝန်းများအတွင်း၌ အလင်းတန်းများ ခေတ္တမျှ လင်းလက်သွားခဲ့ပြီး မျက်နှာထား ပြောင်းလဲသွားခဲ့သည်။
"အာ... လီကျင်းထောင်မှာ တကယ့်ကို ထူးဆန်းတဲ့ ခန္ဓာကိုယ်ရှိနေတာပဲ" ဟု အရင်ဆုံး ပြောဆိုလိုက်သူမှာ နဂါးအရိုးကလန်၏ အကြီးအကဲဖြစ်သူ လီရွှမ်းဝူပင် ဖြစ်သည်။
သူသည် ဧရာမ ဘီလူးကြီးတစ်ကောင်ကဲ့သို့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ကလန်အကြီးအကဲ ငါးဦးထဲတွင် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကျင့်စဉ်ပိုင်း၌ အသန်မာဆုံးသူ ဖြစ်သည်။ ဖော်ပြမတတ်အောင် ပြင်းထန်လှသော သွေးစွမ်းအားများ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေပြီး ၎င်းတို့က သူ့ ခန္ဓာကိုယ်ပတ်လည်တွင် ကိုယ်ပိုင်ကမ္ဘာတစ်ခုအသွင် ပြောင်းလဲနေသကဲ့သို့ ထင်ရသည်။ ၎င်းမှာ အလွန်ပင် ဆန်းပြားလှသော မြင်ကွင်းတစ်ခု ဖြစ်သည်။
လီရွှမ်းဝူသညါ နဂါးကလန်ကြီး ငါးခုလုံးတွင် အသန်မာဆုံးသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
သူသည် လီကျင်းထောင်ထံသို့ အာရုံစိုက်ထားပြီး မျက်ဝန်းအတွင်း၌ သွေးရောင်အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။ သူ စကားပြောလိုက်ချိန်တွင် ကောင်းကင်ယံထံမှ မိုးခြိမ်းသံများထစ်ချုန်းလာသသိုပင်ထင်ရသည်။
"သူ့ခန္ဓာကိုယ်က သန့်စင်ထားပြီးသား ဖြစ်တဲ့အပြင်မယုံနိုင်လောက်အောင် ခိုင်မာတောင့်တင်းပုံပဲ…. သူ့ရဲ့အသွေးအသားက အခြားတံခွန်ကိုင်တွေထက် အများကြီး
ပိုမိုသန့်စင်နေတယ်… ကြည့်ရသလောက်ဆို ခန္ဓာကိုယ်ကျင့်စဉ်ပိုင်းဆိုင်ရာ မြို့စားအဆင့်ပညာရပ်တစ်ခုခုကို ကျင့်ကြံထားပုံတယ်…ဒီကျင့်စဉ်ကလည်း အဆင့်နိမ့်မှာ မဟုတ်လောက်ဘူး…. ဒါပေမဲ့ သူ့ခန္ဓာကိုယ်က နည်းနည်းတော့ ထူးဆန်းနေတယ်…သန်မာတာမှန်ပေမဲ့ ထွက်ပေါ်လာတဲ့ စွမ်းအင်ပမာဏကတော့ အများကြီးမရှိဘူး… ငါ ဘယ်လိုပြောရမလဲ... သူက ဖျက်ဆီးလို့မရတဲ့... သဲအိတ်ကြီးတစ်လုံးနဲ့ တူနေတာလား"
ဤနေရာတွင် လီရွှမ်းဝူ၏ အကြည့်ပင် အနည်းငယ် ထူးဆန်းသွားခဲ့သည်။
လီကျင်းထောင်ဟု ခေါ်သည့် ဤကောင်လေးက ဘယ်လိုဖြစ်ပြီး ဒီလောက်အထိ ထူးဆန်းနေရသနည်း။ သူသည် မိမိ၏ ခန္ဓာကိုယ်ကို ဤမျှအထိ မြင့်မားသောအဆင့်သို့ ရောက်အောင် ကျင့်ကြံထားနိုင်ခြင်းက ကြီးမားလှသော ပါရမီကို ပြသနေခြင်းပင်။ သန်မာသော ခန္ဓာကိုယ်ကို ကျင့်ကြံခြင်း၏ အားသာချက်မှာ ပြင်းထန်လှသော ခွန်အားကို ရရှိစေခြင်း ဖြစ်သည်။
လက်သီးတစ်ချက်ဖြင့် ကောင်းကင်ကို ခွဲထုတ်နိုင်ပြီး မြေပြင်ကို မြေလှန်ပစ်နိုင်သည်။ ၎င်းမှာ အလွန်ပင် ရက်စက်ပြီး မာကျောလှသည်။လီကျင်းထောင်က ခန္ဓာကိုယ် သန်မာသည်မှာ မှန်သော်လည်း ၎င်းက မယုံနိုင်လောက်အောင် ခံနိုင်ရည်ရှိခြင်းပိုင်းတွင်သာ ဖြစ်နေသည်။
လီကျင်းထောင်၏ ခန္ဓာကိုယ်က မည်သည့်အရာမျှ မဖောက်ထွင်းနိုင်လောက်အောင် ခိုင်မာနေသဖြင့် အကယ်၍ တံခွန်ကိုင်များစွာ ပူးပေါင်းပြီး သူ့ကို ဝိုင်းဝန်းတိုက်ခိုက်ကြလျှင်ပင် ထိုလူများသာ မောပန်းသွားကြမည်ဖြစ်ပြီး သူ့ကိုတော့ ဘာမှလုပ်နိုင်ကြမည်မဟုတ်ဟု လီရွှမ်းဝူ ခံစားမိလိုက်ခြင်း ဖြစ်သည်။
"ကလန်အကြီးအကဲကျင်းဇယ်... ဒီကောင်လေးက ခန္ဓာကိုယ်ကျင့်စဉ်ပိုင်းအတွက် တကယ့်ကို သင့်တော်တာ… သူ့ကို နဂါးအရိုးကလန်ဆီ စေလွှတ်ပြီး ကျင့်ကြံခိုင်းပါလား… နဂါးစွယ်ကလန်က တိုက်စစ်ပိုင်းကိုပဲ အဓိကထားတာဆိုတော့ သူနဲ့ သိပ်ပြီး မကိုက်ညီဘူး ထင်တယ်" ဟု လီရွှမ်းဝူက အကြံပြုလိုက်သည်။
လီကျင်းဇယ်က လီကျင်းထောင်ကို စိုက်ကြည့်လိုက်ပြီး တည်ငြိမ်စွာပင် ….
"သူ့ရဲ့ ပျင်းရိပြီး အေးဆေးလွန်းတဲ့ စိတ်နေသဘောထားနဲ့ဆိုရင် နဂါးအရိုးကလန်နဲ့လည်း ကိုက်ညီမှာမဟုတ်ပါဘူး" ဟု ပြန်လည် ဖြေကြားခဲ့သည်။
နဂါးအရိုးကလန်၏ ကျင့်ကြံမှု လုပ်ငန်းစဉ်မှာ အလွန်ပင် ပင်ပန်းဆင်းရဲပြီး ခက်ခဲလှသည်။ လီကျင်းဇယ်သည် လီကျင်းထောင်၏ စိတ်နေသဘောထားကို ကောင်းစွာ သိရှိထားသည်။ အကယ်၍ သူ့ကို ထိုနေရာသို့ ပစ်ထည့်လိုက်ပါက အစောဆုံး အခြေအနေမှာပင် သေချင်ယောင်ဆောင်ပစ်မှာ သေချာလှပြီး နဂါးစွယ်ကလန်၏ ဂုဏ်သိက္ခာကိုပင် ရွှံ့ညွန်ထဲ ဆွဲချပစ်ပေလိမ့်မည်။
"တကယ်တော့... လီလော့ကသာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်လိမ့်မယ်… သူက သုံးရောင်ခြယ် ဖန်သားနတ်ဆိုးခန္ဓာအဆင့်ကို ရောက်ရှိထားတာကြောင့် သန်မာတဲ့ ခန္ဓာကိုယ်ကို ကျင့်ကြံဖို့အတွက် အခြေခံအုတ်မြစ်က မယုံနိုင်လောက်အောင် ခိုင်မာနေပြီ…အကယ်၍ မင်းသာ သဘောတူရင် နဂါးအရိုးကလန်က သူ့ကို ဝမ်းမြောက်ဝမ်းသာ လက်ခံဖို့ အသင့်ပါပဲ"ဟုဆိုရင်း လီရွှမ်းဝူ၏ အပြုံးက ပိုမို၍ ကျယ်ပြန့်လာခဲ့သည်။
လီကျင်းဇယ်ကလည်း ပြုံးလိုက်ပြီး သဘောမတူငည့်ဟန်ဖြင့်….
"နဂါးအရိုးကလန်က ခန္ဓာကိုယ်ကျင့်စဉ်ပိုင်းမှာ အကောင်းဆုံးဖြစ်တာ မှန်ပေမဲ့ ဒါက သူ ဆိုင်တယ်လို့ ဆိုလိုတာမဟုတ်ဘူး…ဒီကောင်လေးက အဖက်ဖက်ကနေ ထူးချွန်ထက်မြက်တာ… သန်မာတဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က သူ့ရဲ့ စွမ်းအားတွေထဲက အစိတ်အပိုင်းတစ်ခုလောက်ပဲရှ်ိသေးတာ… ငါ့မှာ ခံစားချက်တစ်ခု ရှိနေတယ်၊ သူက အားမကိုးရတဲ့ သူ့အဖေထက်တောင်မှ ပိုပြီး ထူးချွန်တဲ့သူ ဖြစ်လာလိမ့်မယ်" ဟု ဆိုလိုက်သည်။
ဤရိုးရှင်းလှသော စကားကြောင့် အခြားကလန်အကြီးအကဲ လေးဦးစလုံး လန့်သွားခဲ့ကြသည်။ လီတိုင်ရွှမ်မှာ လီကျင်းဇယ်၏ အချစ်ဆုံးသော သားဖြစ်ကြောင်း လူတိုင်း ကောင်းစွာ သိရှိထားကြသည်။ လီတိုင်ရွှမ်သည် လီကောင်းကင်ဧကရာဇ်မျိုးနွယ်စု၏ မျိုးဆက်များကြားတွင် ထူးခြားလှသော ပါရမီကို ပြသနိုင်ခဲ့သည့် တစ်ဦးတည်းသော လူငယ် ဖြစ်သည်။ ထို့အပြင် ဂုဏ်သတင်း အထွတ်အထိပ်သို့ ရောက်ရှိနေချိန်က နောင်တစ်ချိန်တွင် နဂါးစွယ်ကလန်အတွင်း၌ ဘုရင်အဆင့် ကျွမ်းကျင်သူ နှစ်ဦးအထိ ပေါ်ထွက်လာလိမ့်မည်ဟူသော ကောလာဟလများစွာပင် ရှိခဲ့ဖူးသည်။ အကယ်၍ ထိုသို့သာ အမှန်တကယ် ဖြစ်လာခဲ့လျှင် နဂါးစွယ်ကလန်သည် အကြွင်းမဲ့ စွမ်းအားပိုင်းရော ဂုဏ်သတင်းပိုင်းမှာပါ ကလန်ငါးခုလုံး၏ ထိပ်ဆုံးသို့ ရောက်ရှိသွားမှာ သေချာသည်။
နှမြောစရာကောင်းတာကတော့... လီတိုင်ရွှမ်မှာ ကံဆိုးမှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ပြင်ပကုန်းမြေသို့ ထွက်ခွာသွားခဲ့ရခြင်းပင် ဖြစ်သည်။ ယနေ့တိုင်အောင်ပင် သူ့ထံမှ မည်သည့်သတင်းမျှ မရရှိတော့ပေ။
၎င်းက နဂါးစွယ်ကလန်ကို မြင့်တက်လာမည့် အခြေအနေ မစတင်ရသေးခင်မှာပင် ပျက်စီးသွားစေခဲ့သည်။
လီတိုင်ရွှမ် ဤမျှအထိ ထူးချွန်ခဲ့သော်လည်း ယခုအခါ လီကျင်းဇယ်က မြေးဖြစ်သူကို ပိုမို၍ အထင်ကြီးနေသည် မဟုတ်ပါလား။
နဂါးသွေးကလန်၏ အကြီးအကဲဖြစ်သူ လီထျန်ကျီက အနည်းငယ် ပြုံးလိုက်ပြီး….
"ကလန်အကြီးအကဲကျင်းဇယ်အနေနဲ့ ကိုယ့်မြေးကို ထူးချွန်တဲ့သူတစ်ဦး ဖြစ်လာဖို့ မျှော်လင့်တာက သဘာဝကျပါတယ်…ဒါပေမဲ့ သူက နတ်ဆိုးခန္ဓာအဆင့်မှာပဲ ရှိသေးတာလေ… ရလဒ်နဲ့ ပတ်သက်ပြီး ဘာဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ… အနည်းဆုံးတော့ လီတိုင်ရွှမ်က နဂါးကိုးကောင် ငရဲမီးသန့်စင်ခြင်းကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့တယ်… လီလော့ကော ဒါကို လုပ်နိုင်မလားဆိုတာ ငါတို့ စောင့်ကြည့်ရဦးမှာပေါ့" ဟု ဆိုလိုက်သည်။
"ဒါဆိုရင်လည်း ဆက်ပြီး စောင့်ကြည့်ကြတာပေါ့" ဟုဆိုကာ လီကျင်းဇယ်က ရယ်မောလိုက်သည်။
လီထျန်းကျီကလည်း ခေါင်းညိတ်ပြ၍
"ဒါဆိုရင်လည်း ငါတို့ ဆက်ပြီး စောင့်ကြည့်ကြတာပေါ့"ဟု ဆိုလေသည်။
……
ကလန်အကြီးအကဲ ငါးဦး စကားနိုင်လုနေကြစဉ်မှာပင် တံခွန်ကိုင် နှစ်ဆယ်စလုံးမှာ မိမိတို့၏ ပဲ့တင်ထပ်သံစွမ်းအားများကို တစ်ဟုန်ထိုး ထွက်ပေါ်စေပြီး မီးခိုးရောင် မီးနဂါးကြီးများ၏ လောင်ကျွမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် နာကျင်မှုများကို အစွမ်းကုန် အောင့်အည်းကာ အထက်သို့ ဆက်လက်တက်လှမ်းနေကြသည်။
လီလော့သည်လည်း လုချင်းမိန်၏ အနောက် ပေအနည်းငယ်အကွာတွင် ရှိနေသည်။ သူသည် ရှေ့ဆုံးမှ အမြန်ဆုံး တက်လှမ်းနေသည့် အုပ်စုအတွင်း၌ ပါဝင်နေသည်ဟု ဆိုနိုင်သည်။
ဤအချိန်တွင် သူတို့ သုံးဦးစလုံးမှာ ပေနှစ်သောင်းအမှတ်သို့ ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။
သူတို့၏ ပတ်လည်ရှိ မီးနဂါးအရေအတွက်မှာလည်း သုံးကောင်အထိ မြင့်တက်လာခဲ့ပြီ ဖြစ်သည်။
ပြင်းထန်လှသော နဂါးမီးလျှံများက သူတို့၏ ခန္ဓာကိုယ်ကို လောင်ကျွမ်းစေလျက်ရှိပြီး နဂါးဖိအားကလည်း သူတို့အပေါ်သို့ ဖိချထားသည်။ ဤအချိန်တွင် လီလော့၊ လီချင်းဖုန်း သို့မဟုတ် လုချင်းမိန် ဖြစ်စေ လူတိုင်းမှာ ချွေးသံတရွှဲရွှဲဖြစ်နေ ဖြစ်သည်။ သူတို့၏ ခြေလှမ်းတိုင်းမှာ မယုံနိုင်လောက်အောင် လေးလံနေပြီး လူတိုင်း၏ မျက်နှာတွင် နာကျင်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
သို့သော်ငြားလည်း သူတို့သည် မိမိတို့၏ စည်းချက်ကို မှန်မှန်ထိန်းသိမ်းရင်း အထက်သို့ ဆက်လက်တက်လှမ်းနေခဲ့ကြသည်။
ဤသို့ဖြင့် နောက်ထပ် တစ်နာရီခန့် ကုန်ဆုံးသွားခဲ့သည်။
လီလော့တို့အုပ်စုမှာ ယခုအခါ ပေနှစ်သောင်းခြောက်ထောင်အမှတ်ကိုပင် ဖြတ်ကျော်သွားခဲ့ကြပြီ ဖြစ်သည်။
သူတို့တစ်ဦးစီ၏ ပတ်လည်တွင် ယခုအခါ နဂါးခြောက်ကောင်အထိ ရှိနေပြီ ဖြစ်သည်။
သူတို့သည် မိမိတို့အပေါ်သို့ ဖိချထားသည့် မယုံနိုင်လောက်အောင် ပြင်းထန်လှသော ဖိအားကြီးကို ရှင်းလင်းစွာ ခံစားနေရသည်။ ခြေတစ်လှမ်း တိုးတိုင်း မယုံနိုင်လောက်အောင် ပြင်းထန်လှသော နာကျင်မှုကို ခံစားနေကြရသည်။
ဝုန်း
ဤခြေလှမ်းသို့ ရောက်ရှိလာချိန်တွင် လီချင်းဖုန်း၏ ခန္ဓာကိုယ်အတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော ပဲ့တင်ထပ်သံစွမ်းအားများ တစ်ဟုန်ထိုး ထွက်ပေါ်လာခဲ့သည်။ ထိုပြင်းထန်လှသော စွမ်းအားလှိုင်းများကြားတွင် သူ့နောက်၌ ထူးဆန်းသော စွမ်းအင်ပုလဲလုံးကြီးတစ်လုံး ထွက်ပေါ်လာသည်ကို လူတိုင်း ရှင်းလင်းစွာ မမြင်တွေ့လိုက်ကြရဖြင့် အားလုံးမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ပင် မှင်တက်သွားခဲ့ကြရသည်။
ဒါက... ကောင်းကင်ပုလဲတစ်လုံးပဲ….
သူတို့ စိတ်ထဲမှာကြိုတင်ပြင်ဆင်ထားကြသည်မှာ မှန်သော်လည်း တံခွန်ကိုင်များစွာ၏ စိတ်ထဲတွင် ရှုပ်ထွေးလှသော ခံစားချက်များစွာ ပေါ်ပေါက်လာခဲ့ရသည်။
ဒါက ကျင့်စဉ်အဆင့် အောင်မြင်စွာ တက်လှမ်းသွားခဲ့ပြီဖြစ်ကြောင်း ငြင်းပယ်၍မရနိုင်သော သက်သေပင် ဖြစ်သည်။
လီချင်းဖုန်းက မြင့်မားလှသော စွမ်းအားများကို အသုံးချကာ အထွတ်အထိပ်ဆီသို့ တစ်ဟုန်ထိုး တက်လှမ်းရန် ကြံစည်နေခြင်းဖြစ်ကြောင်း သူတို့ အားလုံး ကောင်းစွာ နားလည်လိုက်ကြလေတော့သည်။