အသေအကြေတိုက်ပွဲ.....
Vol. 45 Ch. 628
မြင့်မြတ်သောမီးတောက်ကြာပန်းကိုဖန်တီးပြီးသည်နှင့်၊ ၎င်းသည် တောက်လောင်နေသော ဥက္ကာပျံကဲ့သို့ တိုက်ရိုက် ပေါက်ကွဲထွက်ကာ လမ်းတစ်လျှောက်လုံးလောင်ကျွမ်းသွားလေ၏။ ထူးထူးခြားခြား လှပနေသောထိုမြင်ကွင်းကြောင့်အားလုံးအကြည့်မလွှဲနိုင်အောင်ဖြစ်ကုန်ကြသည်။
ကြာပန်းသည် သူ့ထံသို့ ပြေးလာစဉ် ကျုံးထျန်ချွဲ့၏ ယခင်ယုံကြည်ချက်ရှိသော အပြုံးများ ဆုတ်ယုတ်သွားခဲ့သည်။ ကြာပန်း၏ တောက်ပသော အလင်းရောင်ကို ကြည့်ရင်း အန္တရာယ်အငွေ့သက်ကို ပြင်းပြင်းထန်ထန်ခံစားလိုက်ရသည်။
"သူက ကောင်းကင်ပုလဲတပိုင်းအဆင့်ကိုအခုမှတက်လှမ်းနိူင်ခဲ့ပေမယ့် ဘယ်လိုအစွမ်းတွေ ပိုင်ဆိုင်ထားတာလဲ"
ကျုံးထျန်ချွဲ့၏စိတ်ထဲတွင် ကမောက်ကမ ဖြစ်နေသည်။ သူမကို ဘယ်တုန်းကမှ လျှော့မတွက်ခဲ့ဖူးပေမယ့် စွမ်းအားကွာခြားချက်က ကြီးမားလွန်းလှသည်။ သို့သော် သူမသည် ဤမျှသော စွမ်းအားများဖြင့် ပေါက်ကွဲနိုင်မည်ဟု တခါမှ မမျှော်လင့်ခဲ့ပေ။
၎င်းသည် သူမြင်ဖူးသမျှတွင် အပြင်းထန်ဆုံး ကောင်းကင်ပုလဲတပိုင်းအဆင့်ဖြစ်သည်။
ကျုံးထျန်ချွဲ့က အသက်ပြင်းပြင်းရှူရင်း အကြည့်တွေက ပြင်းထန်လာသည်။
တစ်ချိန်က အသန်မာဆုံး ကိုယ်စားလှယ်အဖြစ်၊ သူ့ကိုယ်သူ ယုံကြည်မှု ရှိလာခဲ့သည်။
ကျန်းချင်းအာသည် ကြယ်သုံးပွင့်ခန်းမတွင်သာရှိပြီး သူမကို မထိန်းနိုင်ပါက လုံးဝအရှက်ကွဲရမည်ဖြစ်သည်။
ဘန်းးးးးး
စိမ်းမြသော ပဲ့တင်ထပ်သံစွမ်းအားများ လှိုင်းလုံးကြီးကဲ့သို့ သူ့ထံမှ မထွက်လာသည်။ အဝေးမှကြည့်လျှင် စိမ်းလန်းသောမြစ်တစ်စင်းနှင့်အတူရှိနေပုံရသည်။ ထို့နောက် ချက်ခြင်းပင် လက်သင်္ကေတပြုလုပ်ခဲ့ပြီး တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော ငွေရောင်အလင်းတန်းများက အစိမ်းရောင် ပဲ့တင်ထပ်သံစွမ်းအားများကြားတွင် ပေါ်လာသည်။ အနီးကပ် စစ်ဆေးကြည့်သောအခါတွင် ၎င်းတို့သည် မရေမတွက်နိုင်သော မြွေအကြေးခွံများနှင့် ဆင်တူသည်။
အကြေးခွံတစ်ခုစီတိုင်းပေါ်တွင် အနီးနားရှိ သဘာဝစွမ်းအင်ကို နှိုးဆွပေးနိုင်သည့် မရေမတွက်နိုင်သော ပုံစံများ ထွင်းထုထားသည်။
ကျုံးထျန်ချွဲ့နှင့် ရင်းနှီးသော ပုဂ္ဂိုလ်များက ဤမြင်ကွင်းကိုမြင်သည်နှင့်....
"မြွေအကြေးခွံအသွင်ပြောင်းမှု.....!"
၎င်းသည် ကျုံးထျန်ချွဲ့၏ အကျော်ကြားဆုံး အဆင့်မြင့် နဂါးပညာရပ်ဖြစ်သည်။၎င်းတွင် အဆင့်သုံးဆင့်ရှိပြီး အနိမ့်ဆုံးမှ အမြင့်ဆုံးအထိ၊ ၎င်းတို့မှာ အစိမ်းရောင်အကြေးခွံ၊ ငွေအကြေးခွံနှင့် ရွှေအကြေးခွံတို့ဖြစ်သည်။ကျုံးထျန်ချွဲ့သည် ငွေရောင်အကြေးခွံအဆင့်အထိ လေ့ကျင့်နိုင်ခဲ့သောကြောင့် ၎င်းသည် ခြိမ်းခြောက်နိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။
"ကျုံးထျန်ချွဲ့က အပူဒဏ်ကို ခံစားလိုက်ရပြီး သူ့ရဲ့ အပြင်းထန်ဆုံး လှုပ်ရှားမှုနဲ့ လက်တုံ့ပြန်ဖို့ ဆုံးဖြတ်လိုက်ပုံပဲ!"
"ဟုတ်တယ်....စီနီယာကျန်းက ကောင်းကင်ပုလဲတပိုင်းအဆင့်ကိုပဲ ရောက်သွားနိုင်ပေမယ့် သူထုတ်လွှတ်လိုက်တဲ့ စွမ်းအားက ကြောက်စရာကောင်းလွန်းတယ်... သူက ကောလိပ်မှာ မြင်ဖူးသမျှထဲမှာ အပြင်းထန်ဆုံး ကောင်းကင်ပုလဲတပိုင်းအဆင့် ဖြစ်ကောင်းဖြစ်နိုင်တယ်......"
ရွှီးးးးးး
အားလုံးက အရူးအမူး ဆွေးနွေးနေကြသော်လည်း ကျုံးထျန်ချွဲ့သည် လှုပ်ရှားမှုကို စတင်ပြုလုပ်ခဲ့သည်။ သူ့ရှေ့တွင် လေထဲသို့ ပျံဝဲနေသော မရေမတွက်နိုင်သော ငွေရောင်မြွေအကြေးခွံများက ရေစချောင်းကဲ့သို့ ရှေ့သို့ တဟုန်ထိုး တိုးဝင်လာကာ မီတာရာနှင့်ချီ ကျယ်ဝန်းသော ကြီးမားသော လက်ဖဝါးကြီးအဖြစ် တဖြည်းဖြည်း ပေါင်းစပ်လာသည်။ ထိုအချိန်တွင် ရုပ်လုံးပေါ်လာသော လက်ဖဝါး၏ အလယ်ကို ဆုတ်ဖြဲကာ အားမာန်အပြည့်နှင့် ရက်စက်မှုအပြည့်ရှိသော မြွေတစ်ကောင်၏ လျှာကိုလည်းမြင်လိုက်ရသည်။
ဘန်းးးးးးးးး
ငွေရောင်လက်ဖဝါး ပေါ်ထွက်လာသည်နှင့်အမျှ၊ လေဟာနယ်ကို ဖြိုခွဲလိုက်ရာ၊ ကမ္ဘာကြီး၏ သဘာဝစွမ်းအင်ကို ပေါက်ကွဲသွားစေသည်။
သူ့အောက်ရှိ ကြမ်းပြင်သည် ကြီးမားလာသောဖိအားကို မထိန်းနိုင်ဘဲ သေးငယ်သောအပိုင်းအစများအဖြစ် ကွဲအက်သွားသည်။
ယခု ပရိသတ်၏ အာရုံစိုက်မှုသည် မြင့်မြတ်သောမီးတောက်ကြာပန်းနှင့်ငွေရောင်အကြေးခွံလက်ဖဝါးတို့ကြားက မလွှဲမရှောင်သာသော ထိပ်တိုက်တွေ့မှုအပေါ်တွင် တည်ရှိနေသည်။
ဝုန်းးးးးးးးး
ကျယ်လောင်သော ပေါက်ကွဲသံများ ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားပြီး စွမ်းအားလှိုင်းကြီးများ နေရာတိုင်းတွင် လှုပ်ခတ်လာတော့သည်။ တိုက်ပွဲ အကြွင်းအကျန်စွမ်းအင်များလွင့်စင်လာသောကြောင့် နည်းပြများက အပြင်လူများမထိခိုက်စေရန် အကာအကွယ်များကိုအလျင်အမြန်ဖန်တီးလိုက်ရသည်။
ဘန်းးဘန်းးးဘန်းးးး
စွမ်းအင်အကာအကွယ်များကြောင့်သာ စောင့်ကြည့်နေသူများအတွက် သက်သာရာရစေခဲ့သည်။
မြင့်မြတ်သောမီးတောက်ကြာပန်း သည် အလင်းစွမ်းအားများဖြင့် မီးတောက်များနောက်တွင် လှိုင်းလုံးများအဖြစ် ဖြည်းဖြည်းချင်း လှည့်ပတ်နေပါသည်။ လှိုင်းလုံးများသည် ငွေရောင်လက်ဖဝါးပေါ်တွင် လွင့်စင်သွားကာ တဖြည်းဖြည်း ကြည်လင်လာပြီး ၎င်း၏ သန့်စင်နိုင်စွမ်းကို သရုပ်ပြနေသည်။
ကျန်းချင်းအာတွင် အဆင့်ကိုးပဲ့တင်ထပ်သံရှိသောကြောင့်၎င်း၏ သန့်စင်မှုသည် ပို၍ပင် ရက်စက်ကြမ်းကြုတ်နေလေ၏။ ကျုံးထျန်ချွဲ့၏ ပုလဲခြောက်လုံးအဆင့် စွမ်းအားဖြင့်ပင် အလင်း၏ လွှမ်းခြုံသန့်စင်မှုကို တွန်းလှန်ရန် ခက်ခဲသည်။
"သူ့ရဲ့ အဆင့်ကိုးအလင်းပဲ့တင်ထပ်သံ စွမ်းအားက သိပ်ကိုပြင်းထန်လွန်းတယ်.... !"
ကျုံးထျန်ချွဲ့သည် သူ၏ပညာရပ် ပြောင်းလဲမှုများကို ကောင်းစွာ သိရှိခဲ့သည်။ သူ၏ အဆင့်ရှစ် ပဲ့တင်ထပ်သံပင်လျှင် ကျန်းချင်းအာရှေ့တွင်ဘာမျှအသုံးမဝင်ခဲ့ပေ။ ကံကောင်းထောက်မစွာဖြင့် စွမ်းအားအဆင့်ကွာခြားချက်ဖြင့် လုံးလုံးလျားလျား နှိမ်နင်းနိုင်ခဲ့သည်။
ဖြည်းညှင်းစွာ လှည့်နေသော ကြာပန်း၏ ရောင်ပြန်ဟပ်မှုကို ကျုံးထျန်ချွဲ့၏ မျက်ဝန်းထဲတွင် မြင်တွေ့နိုင်သည်။ ကျန်းချင်းအာ သည် ကောင်းကင်ပဲ့တင်ထပ်သံအဆင့်ထက် မပျော့ညံ့ကြောင်း ယခင်ထိပ်တိုက်ရင်ဆိုင်မှုမှ အတည်ပြုနိုင်ခဲ့သည်။ ဒါက လုံးဝကို ရယ်စရာကောင်းနေသည်။ ကောင်းကင်ပုလဲတပိုင်းအဆင့်မှာ ဒီလို ကြီးစိုးတဲ့ စွမ်းအားတွေ ပိုင်ဆိုင်ထားတာကို သူ တစ်ခါမှ မမြင်ဖူးခဲ့ပေ။
တစ်ချိန်တည်းမှာပင် ဤကဲ့သို့သော အားထုတ်မှုမျိုးကို ကြာရှည်စွာ ထိန်းသိမ်းထားနိုင်မည်မဟုတ်ကြောင်းကိုလည်း သူသိခဲ့သည်။အဆင့်ကိုးအလင်းပဲ့တင်ထပ်သံ မည်မျှပင် အားကောင်းနေပါစေ ကွာခြားချက်မှာ ဤမျှလွန်ကဲမှု မဖြစ်နိုင်ပေ။
"ဒီကြာပန်းက သန်မာပေမယ့် မလုံလောက်သေးဘူး" ဟု ကျုံးထျန်ချွဲ့က မှတ်ချက်ပြုခဲ့သည်။ သူသည် ဲနောက်ဆက်တွဲ လှုပ်ရှားမှုများတွင် ယုံကြည်မှုအပြည့်ရှိပြီး ကျန်းချင်းအာက သူ့ကို အတော်လေး ဇောချွေးပျံစေသော်လည်း အဆင့်ကွာခြားချက်ကြောင့် လွယ်လွယ်အနိုင်ယူနိုင်မည်မဟုတ်ပေ။
"ဘယ်လိုပဲဖြစ်ဖြစ်၊ ဒီလှည့်ကွက်လေးကို ငါဖြေရှင်းပြီးတာနဲ့ အားလုံးပြီးသွားမှာပါ...."
ကျုံးထျန်ချွဲ့က ထိုသို့အားတင်းပြီး တုံ့ဆိုင်းမနေတော့ဘဲစွမ်းအားအားလုံးကို နှိုးဆွလိုက်သည်။ထိုအခါ ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်များ တုန်လှုပ်သွားပုံရပြီး ကြမ်းတမ်းသော အော်သံတစ်ခုသည် ရင်ပြင်တစ်ဝိုက်တွင် ပဲ့တင်ထပ်နေသည်။
" နတ်ဆိုးစပါးအုံးမြွေ၏ ကောင်းကင်ဘုံကို ဝါးမြိုခြင်း....!"
မိုးခြိမ်းသံနှင့်အတူ ငွေရောင်လက်ဖဝါးပေါ်ရှိ ကွက်လပ်ကြီးထဲတွင် မရေမတွက်နိုင်သော အစွယ်တန်းများ ပေါ်လွင်နေပြန်သည်။ ကြောက်မက်ဖွယ် အေးစက်သော အဆိပ်တစ်မျိုး နိုးထလာခဲ့ချေပြီ။
ကြီးမားသော လက်ဖဝါးကြီးသည် ကောင်းကင်နှင့်မြေကြီးကို ဖုံးလွှမ်းနေသော တွင်းနက်ကြီးနှင့်တူသော မြင့်မြတ်သော မီးတောက်မီးကြာပန်းကို လုံးလုံးလျားလျား ဝါးမျိုလိုက်သည်။
"စပါးအုံးမြွေဝါးမြို နှိမ်နင်းမှု!"
ကြာပန်းကို မျိုချပြီးနောက် ကျုံးထျန်ချွဲ့ သည် ငွေရောင်လက်ဖဝါးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားနိုင်စေသည့် လက်ဟန်အချို့ပြုလုပ်ခဲ့သည်။ စပါးအုံးမြွေကြီးငါးကောင်သည် ကြာပန်းတစ်ဝိုက်တွင် ရစ်ပတ်နေသကဲ့သို့ ဖုံးအုပ်ကာ အဆိပ်ပြင်းသောအငွေ့အသက်များကိုပိုမိုထုတ်လွှန်နေကြသည်။
အကန့်အသတ်မရှိသော မြွေအဆိပ်များ ဖုံးလွှမ်းနေချိန်တွင် မြင့်မြတ်သောမီးတောက်ကြာပန်းသည် ပို၍ပင်တောက်ပလာသည်။
ထိုမြင်ကွင်းကြောင့် ကျန်းချင်းအာ ၏ထောက်ခံသူများကို စိတ်မသက်မသာခံစားရစေသည်။ ဒဏ္ဍာရီလာအဆင့်ကိုးပဲ့တင်ထပ်သံ အသုံးပြုသူပင်လျှင် ကျုံးထျန်ချွဲ့နှင့် ရင်ဆိုင်ရာတွင် အခက်အခဲရှိနေသည်။
လီလော့သည်ပင် စကားလုံးမဲ့စွာမိန်းမောနေခဲ့မိသည်။
ကျုံးထျန်ချွဲ့၏ လှုပ်ရှားမှုက ကြောက်စရာကောင်းလွန်းလှသည်။ အခြားသော ကောင်းကင်ပုလဲတပိုင်းအဆင့်အနေဖြင့် စပါးအုံးမြွေဝါးမြိုနှိမ်နင်းမှု၏ ဖိနှိပ်မှုကို ရင်ဆိုင်ပြီးနောက် ချက်ချင်းကျရှုံးသွားနိုင်သည်။
"ဂျူနီယာကျန်း၊ စိတ်မပျက်ပါနဲ့.... ကောင်းကင်ပုလဲတပိုင်းအဆင့်မှာ အဲဒီလို စွမ်းအားတွေ ထွက်လာနိုင်တာဟာ ချီးကျူးထိုက်ပါတယ်။ မင်းသာ ကောင်းကင်ပုလဲအဆင့်ကို အမှန်တကယ် တက်လှမ်းခဲ့မယ်ဆိုရင် မင်းရဲ့ ပြိုင်ဘက်ဖြစ်မှာ မဟုတ်ဘူးလို့ ငါခံစားရတယ်......"
ကျုံးထျန်ချွဲ့က ကောင်းကင်မှာ လွင့်မျောရင်း လှမ်းပြောလိုက်သည်။ ငွေရောင်သန်းသော လက်ဖဝါးသည် ၎င်းတို့အပေါ်တွင် ပေါ်ထွက်နေဆဲပင်.....
"ကဲ...ဒီလှုပ်ရှားမှုက အသုံးမဝင်တော့ဘူး..."
နောက်ဆုံးစကားကို သူပြောနေစဉ် ကျန်းချင်းအာသည် ကြီးမားသောအရွယ်အစားရှိ လက်ဖဝါးဆီသို့ လက်ဝါးရိုက်ချတစ်ခုပို့လွှတ်လိုက်ပြီး...
"စီနီယာရဲ့ပညာရပ်က မဆိုးပါဘူး... ဒါပေမယ့် မြင့်မြတ်သောမီးတောက်ကြာပန်းက ထိခိုက် နာကျင်မှုမဖြစ်စေနိုင်ဘူးလို့ထင်နေရင် သိပ်ကိုမှားသွားလိမ့်မယ်....."
သူမ လက်သီးဆုပ်လိုက်ချိန်တွင် ဝါးမျိုခံထားရသော ကြာပန်း ပေါက်ကွဲသွားပြီး များပြားလှသော ဓားချီကို ထုတ်လွှတ်လိုက်သည်။ ကြာပန်းပွင့်တိုင်းသည် သန့်ရှင်းသောမီးတောက်များဖြင့် လွှမ်းခြုံထားသည့် နတ်ဓါးအဖြစ်သို့ ပြောင်းလဲသွားပြီး မြွေအဆိပ်ကို လုံးဝလွှမ်းခြုံထားသည်။
တစ်ချိန်တည်းမှာပင် ကြီးမားသော ငွေရောင်လက်ဖဝါးကြီးသည် တုန်ခါလာပြီး မရေမတွက်နိုင်သော အက်ကွဲကြောင်းများက ၎င်း၏မျက်နှာပြင်တစ်လျှောက် ပျံ့နှံ့သွားကာ ကျုံးထျန်ချွဲ့၏ မယုံကြည်သောအကြည့်များရှေ့တွင် ၎င်းသည် တောက်ပသော အလင်းအပိုင်းအစများအဖြစ် ပေါက်ကွဲသွားခဲ့သည်။ မြင့်မြတ်သောဓားစွမ်းအင်သည် ဒီရေကဲ့သို့ ပြန့်ကျဲသွားပြီး ကောင်းကင်ကို ကြယ်ပင်လယ်ကဲ့သို့ ဖုံးအုပ်ထားသည်။
ကျန်းချင်းအာ ရှေ့သို့ ခြေတစ်လှမ်းတိုးကာ စည်းတံဆိပ်တစ်ခုကို ဖန်တီးလိုက်ပြန်သည်။ထိုစည်းတံဆိပ်က ကျုံးထျန်ချွဲ့ဆီသို့သွားရာလမ်းတွင် အတားအဆီးတိုင်းကို ကျော်ဖြတ်ကာ မြင့်မြတ်သောဓားစွမ်းအင်များကလည်း ထိတ်လန့်စရာကောင်းလောက်အောင် ထက်ရှလာသည်။
ကံမကောင်းစွာဖြင့် သူ၏ငွေရောင်လက်ဖဝါး ပြင်းထန်စွာ ကွဲအက်သွားပြီး သူ့ခန္ဓာကိုယ်အတွင်းမှ ပဲ့တင်ထပ်သ့စွမ်းအားများသည်လည်း ပရမ်းပတာအခြေအနေတွင်ရှိနေသဖြင့် သင့်လျော်သောကာကွယ်ရေးကို အချိန်မှီမပြုလုပ်နိုင်တော့ကြောင်း သေချာနေသည်။ သူလုပ်နိုင်သမျှသည် သူ့ဆီသို့ ရွေ့လျားနေသော ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်စီးကြောင်းကို တိတ်တဆိတ် စိုက်ကြည့်နေရုံသာပင်.....
ဓားချီများ ရောက်လာမခင်မှာတင် ပြင်းထန်သောအဟုန်ကြောင့် ခန္ဓာကိုယ်အနှံ့နာကျင်ကိုက်ခဲလာသည်။
ထို့ကြောင့် အံတင်းတင်းကြိတ်ကာ....
"ဂျူနီယာ ကျန်း မင်း အနိုင်ရသွားပြီ!"
ထိုစကားကိုကြားသောအခါ၊ ကျန်းချင်းအာ သည် စည်းတံဆိပ်ကိုဖိနှိပ်လိုက်ရာ ယခင်က ရက်စက်ကြမ်းကြုတ်သော ဓားစွမ်းအင်ကို နူးညံ့သိမ်မွေ့သွားစေသည်။ မိခင်၏ ပွေ့ဖက်မှုကဲ့သို့ နွေးထွေးစွာ ရစ်ပတ်ကာ ကျုံးထျန်ချွဲ့၏ ခန္ဓာကိုယ်ကို ဖြတ်ကျော်သွားပြီး နောက်ဆုံးတွင် အလင်းရောင်အဖြစ်သို့ လွင့်စင်သွားလေသည်။
ထို့နောက်တွင် ဤအလင်းအမှုန်အမွှားများသည် အလင်းမိုးများကဲ့သို့ မြေပြင်ပေါ်သို့ ကျဆငိးလာပြီး ကျန်းချင်းအာ၏စွမ်းအားများလည်းမှေးမှိန်သွားခဲ့သည်။
ထို့နောက် ကျုံးထျန်ချွဲ့ကို သေချာစိုက်ကြည့်ပြီး......
"အခုလို အနိူင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်စီနီယာ....."