ခွန်အားကို မဟုတ်ဘဲ စိတ်ကိုသာ စမ်းသပ်ပါ.....
Vol. 4 Ch. 50
ဘန်းးးးးး
ဆရာအန်းလဲ့က စာမေးပွဲစတင်ကြောင်း ကြေငြာလိုက်သည့် အခါ အားလုံး၏ မျက်စိရှေ့မှောက်တွင် မြေပြင်အောက်ကနေ သစ်ပင်များထိုးထွက်လာပြီး ထိုသစ်ပင်များသည် တစ်ပင်နှင့်တစ်ပင်လိမ်ယှက်ကာ လျှောက်လမ်းတစ်ခုအဖြစ် ဖွဲ့စည်းသွားခဲ့ကြသည်။ ပိန်းပိတ်နေအောင်မည်းမှောင်နေသော လျှောက်လမ်းသည် အဖြူရောင်ဝိဉာဉ်တောင်ခြေထိတိုင်ရှည်လျားလှသည်။
ဆရာလင်းဖန်နှင့် ရှုရှန်ယွီတို့က နန်ဖန်းကျောင်းတော်သားများကို လက်ပြနှုတ်ဆက်နေကြသည်။
" သွားကြစို့...."
နန်ဖန်းကျောင်းသားအားလုံးသည် ပဲ့တင်ထပ်သံစွမ်းအားများကို ကိုယ်စီထုတ်ဖော်လိုက်ကြပြီး လျှောက်လမ်းထဲသို့ ဝင်သွားခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် အခြားသောကျောင်းသားများသည်လည်း လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြလေသည်။
အန်းလဲ့ မဏ္ဍပ်ထဲဝင်လာသည့်အခါ ဝေရှနှင့် ရှီချင်တို့က တလေးတစားနှုတ်ဆက်လိုက်ကြပြီး....
" ဆရာအန်းလဲ့ကို ကျေးဇူးတင်ပါတယ်...."
အန်းလဲ့သည် ခွန်အားနှင့် သြဇာလွှမ်းမိုးမှုအရ ၎င်းတို့ထက် နိမ့်ကျသော်လည်း ကြယ်တာယာခရီးရှည်ကောလိပ်၏ ကိုယ်စားလှယ်ဖြစ်သောကြောင့် တလေးတစားပြုမှုရန် ထိုက်တန်ပေသည်။
အန်းလဲ့သည် ငယ်ရွယ်သော်လည်း ငွေအဆင့်ရှိသော ဆရာတစ်ယောက်ဖြစ်ပြီး ရွှေအဆင့်ထိ မြင့်တက်သွားနိုင်သည့် အလားအလာရှိတစ်ယောက်ဖြစ်သည်။အကယ်၍ ဤသို့သာ အဆင့်မြင့်သွားပါက အန်းလဲ့သည် ရှပြည်ထောင်စုတွင် သြဇာလွှမ်းမိုးနိူင်သူတစ်ယောက် ဖြစ်လာပေတော့မည်။
ကြယ်တာယာခရီးရှည်ကောလိပ်တွင် ဆရာများကို ငွေအဆင့်၊ ရွှေအဆင့်နှင့် ခရမ်းရောင်အဆင့်ဟူ၍ အဆင့်သုံးမျိုး ခွဲခြားထားပြီး အဆင့်တစ်ခုချင်းစီတိုင်းတွင်လည်း တင်းကြပ်သောစည်းမျဉ်းများ ချမှတ်ထားသည်။
ငွေအဆင့် ဆရာတစ်ယောက်သည် ကမ္ဘာမြေနှင် ရင်းနှီးခြင်းအဆင့်တွင်ရှိနေရမည်ဖြစ်ပြီး ရွှေအဆင့်သည် နှောင်းပိုင်းစစ်သူကြီးအဆင့်တွင်ရှိနေရပေမည်။ ခရမ်းရောင်အဆင့်ဆရာများသည် မြို့စားအဆင့်ရှိသူများ ဖြစ်ကြသည်။ကြယ်တာယာခရီးရှည်ကောလိပ်တွင်ပင် ခရမ်းရောင်ဝတ်ရုံဝတ်ဆင်ထားသည့်ဆရာများကို မြင်တွေ့နိုင်ရန် ခက်ခဲလှသည်။
အန်းလဲ့က ဝေရှတို့ကို ပြုံးပြလိုက်ပြီး နေရာတွင်ဝင်ထိုင်လိုက်ပြီး.....
" ထျန်ရှုမှာ အိပ်နေတဲ့ကျားတွေ ပုန်းနေတဲ့နဂါးတွေ အတော်များသားပဲ....ဒီနှစ်ကတော့ အတော်စိတ်ဝင်စားဖို့ ကောင်းတော့မှာပဲ...နန်ဖန်းကပဲ အရင်နှစ်တွေကလို ဉီးဆောင်နိုင်မလား...ဖျက်မြင်းတစ်ကောင်ကပဲ ဉီးဆောင်သွားမလား စောင့်ကြည့်ကြတာပေါ့....."
အန်းလဲ့၏အမေးကို ဝေရှရော ရှီချင်ကပါ ပြန်မဖြေဘဲ ပြုံးရုံသာ ပြုံးပြနေခဲ့သည်။ ထို့နောက် အားလုံးသည် ကြေးမုံပြင်များစွာကိုပေါင်းစပ်ထားသည့် မှန်နံရံကြီးကိုသာ ကြည့်နေခဲ့ကြသည်။ ထိုမှန်နံရံပေါ်တွင် အဖြူရောင်ဝိဉာဉ်တောင်ခြေဆီ ကျောင်းသားများ သွားနေသည့်မြင်ကွင်းကိုတိုက်ရိုက်ကြည့်ရှုနိုင်မည်ဖြစ်သည်။
.............. ......... ..............
လီလော့တို့သည် လျှောက်လမ်းအတွင်းသို့ ရောက်လာသည့်အခါ အတွင်းဘက်ရောက်လေ လမ်းခွဲများ ပိုများလာလေ ဖြစ်လာပြီး လူအုပ်ကြီးကို လူစုခွဲရန် စီစဉ်ထားပုံရသည်။
လူစုကွဲလာသည်နှင့်အမျှပတ်ဝန်းကျင်တွင်လူစိမ်းအချို့သာ ကျန်နေသောလည်း လီလော့နှင့် ကျောက်ခွော်ကတော့ အတူတူရှိနေဆဲပင်....ထို့အတူ နန်ဖန်းမှ ကျောင်းသားအချို့လည်းရှိနေသေးသည်။
ဆယ်မိနစ်ခန့် လမ်းလျှောက်ပြီးချိန်တွင် လီလော့တို့သည် သစ်သားတံခါးကြီးတစ်ချပ်ကို လှမ်းမြင်လိုက်ရပြီး အနားသို့ရောက်သွားသည့်အခါ ထိုသစ်သားတံခါးကြီးသည် ဖြည်းညှင်းစွာ ပွင့်ဟလာလေသည်။
လီလော့နှင့်ကျောက်ခွော်တို့ အကြည့်ချင်းဖလှယ်လိုက်ပြီး အခြားသူများနှင့်အတူ တံခါးကို ဖြတ်ကျော်သွားခဲ့ကြသည်။
နောက်ဆုံးတစ်ယောက် ဖြတ်ကျော်ပြီးသည်နှင့်တံခါးကြီးသည် ချက်ချင်းပြန်ပိတ်သွားခဲ့ပြီး အလင်းရောင်များ တောက်ပလာခဲ့သည်။ ထိုအခါမှသာ လီလော့တို့သည် သစ်သားဖြင့်ပြုလုပ်ထားသော ခန်းမတစ်ခုထဲသို့ရောက်နေကြမှန်းသတိပြုမိလိုက်ကြသည်။
လူတိုင်းက တိတ်ဆိတ်စွာနဲ့ ဘေးဘီဝဲယာကို စူးစမ်းနေကြသည်။
လီလော့နှင့်ကျောက်ခွော်တို့သည်လည်း ပတ်ဝန်းကျင်းကို စူးစမ်းလိုက်ကြသည်။
//ဆရာအန်းလဲ့ရဲ့ ပြောပုံအရဆို အခြေခံအမှတ်တွေရဖို့ အကဲဖြတ်အဆင့်နှစ်ခုဖြတ်ကျော်ရမယ်တဲ့...ဒါ ပထမအဆင့်ပဲဖြစ်ရမယ်....ဒါနဲ့နေပါဉီး...ဘာကိုစမ်းသပ်ပြီးအကဲဖြတ်မှာလဲ......//
လီလော့ တွေးတောနေစဉ်တွင် စူးရှသော အော်သံများကြားလိုက်ရသောကြောင့် အပေါ်မော့ကြည့်လိုက်သောအခါ အနက်ရောင်တွင်းပေါက်ကြီးနှစ်ခုကို မြင်လိုက်ရလေ၏။
စူးရှသော အသံများသည် ထိုတွင်းပေါက်များအတွင်းမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
အသံများသည် တဖြည်းဖြည်း ကျယ်လောင်လာသောကြောင့် အကုန်လုံးက ထိုတွင်းပေါက်နှစ်ခုကို သတိထားစောင့်ကြည့်နေခဲ့ကြသည်။
ဖလပ်....ဖလပ်...ဖလပ်....
ထိုတွင်းပေါက်များထဲမှနေ၍ အတောင်လေးခုလင်းနို့များသည် အဆုံးမဲ့စွာ ရုတ်တရက်ထွက်ပေါ်လာလေ၏။
ထိုလင်းနို့များသည် လူမျက်နှာတစ်ခုစာခန့်ကြီးမားကြပြီး နီရဲသော မျက်လုံးများနှင့် ချွန်မြနေသော လက်သည်းများရှိကြသည်။
ထိုလင်းနို့များသည် တုံ့ဆိုင်းခြင်းမရှိဘဲ ကျောင်းသားများထံတိုးဝင်လာကြသည်။
ကျောင်းသားများသည် ပဲ့တင်ထပ်သံစွမ်းအားများကို အသီးသီးထုတ်ဖော်လိုက်ကြပြီး အတောင်လေးခုလင်းနို့များကိုခုခံလိုက်ကြသည်။ယခုမှသာ ပထမအဆင့်အကဲဖြတ်မှုအကြောင်းနားလည်ခဲ့ရလေပြီ.....
လီလော့သည်လည်း ပဲ့တင်ထပ်သံစွမ်းအားများကို ထုတ်ဖော်က လင်းနို့များ အနားမကပ်နိူင်အောင် တိုက်ထုတ်နေရသည်။
လင်းနို့အရေအတွက်သည် တဖြည်းဖြည်းပးပိုများလာပြီး ကျောင်းသားတစ်ချို့၏ အော်သံကို ကြားလိုက်ရလေသည်။ ထိုကျောင်းသားများ၏ ခန္ဓာကိုယ်ပေါ်တွင် ကုတ်ရာ ခြစ်ရာများရှိနေပြီး သူတို့၏ စလစ်များသည် အနီရောင်ပြောင်းသွားပြီး အခြေခံအမှတ်များလည်း လျော့သွားကုန်လေသည်။
"လင်းနို့တွေ တိုက်ခိုက်တာ မခံရစေနဲ့.....အမှတ်တွေ လျော့ကုန်လိမ့်မယ်...."
ကျောင်းသားတစ်ယောက် ထိုသို့ဘအော်ဟစ်သတိပေးလိုက်သည်။
"သိပြီ....."
အချို့ကတော့ အကြိမ်အနည်းငယ် ထိခိုက်နေပြီဖြစ်သောကြောင့် ထိတ်လန့်စပြုလာနေလေပြီ.....သူတို့အတွက် ပထမအဆင့်မှာတင် အခြေနေမကောင်းတော့မှန်း သိသာနေပြီဖြစ်သည်။
တိုက်ပွဲအကြောင်း နားလည်လာသောအခါ လီလော့နှင့် ကျောက်ခွော်တို့ ပူးပေါင်းဘက်ပေါင်းစုံမှ တိုက်ခိုက်လာသော လင်းနို့များကို ခုခံကာကွယ်နေခဲ့ရသည်။
သို့သော်လည်း လင်းနို့များသည် လျော့မသွားသည့်အပြင် ပိုတောင်များလာသေးသည်။
နောက်ဆုံးတွင်တော့ ကျောက်ခွော် ဒေါသတကြီးအော်ဟစ်လေပြီ......
" သည်းမခံနိုင်တော့ဘူးကွာ.....ပင်ပန်းလာပြီကွ! !!!!!"
လီလော့က နေရာလွတ်မရှိလောက်အောင် ပြည့်သိပ်နေသော လင်းနို့များကိုတစ်ချက်ကြည့်လိုက်ပြီး ကျော်ခွော်ကို အခန်းထောင့်ဆီဆွဲခေါ်သွားလိုက်သည်။
" မလှုပ်နဲ့...ငါ့ပဲ့တင်ထပ်သံစွမ်းအားတွေ ပျောက်သွားလိမ့််မယ်...."
ထို့နောက် လီလော့သည် ပဲ့တင်ထပ်သံစွမ်းအားများကို ထုတ်ဖော်လိုက်သည့်အခါ ထိုစွမ်းအားများသည် သူတို့နှစ်ဉီး၏ ခန္ဓာကိုယ်ပေါ် လွှမ်းခြုံလာပြီးနောက် စီးဆင်းနေသော စွမ်းအားများအောက်တွင် လီလော့တို့၏ပုံသဏ္ဍာန်သည် တဖြည်းဖြည်းဝေဝါးလာခဲ့သည်။
" ဒါက အလယ်အလတ်အဆင့် ရေအရိပ်ပညာရပ်မဟုတ်လား...."
ကျောက်ခွော် အံ့သြနေသော်လည်း စုပြုံလာသည့် လင်းနို့တွေကြောင့်......
" အစ်ကိုလော့....ဒါကြီးက အလုပ်ဖြစ်နိုင်ပါ့မလား...ငါတို့ လင်းနို့တွေပဲ သွားသတ်ကြရအောင်......"
လီလော့ဘက် ဘာမှ ပြန်မဖြေလာသည့်အတွက် ကျောက်ခွော်ခင်မျာ လင်းနို့တွေတိုက်ခိုက်လာမည့် အချိန်ကိုပဲ အံကြိတ်ပြီး စောင့်နေလိုက်တော့သည်။
သို့သော်လည်း သူတို့နှစ်ဉီးကို တိုက်ခိုက်ရန် လာနေကြသော လင်းနို့များသည် ရုတ်တရပ် ပစ်မှတ်ပျောက်ဆုံးသွားဟန်ဖြင့် ဉီးတည်ချက်ပြောင်းကာ အခြားသူများကို တိုက်ခိုက်နေကြသည်။
" ဒါ....ဒါကြီးက အလုပ်ဖြစ်တယ်ပေါ့....."
ကျောက်ခွော် မျက်လုံးအပြုးသားနဲ့အတော်လေးအံ့သြနေရှာသည်။
အလယ်အလတ်အဆင့် ရေအရိပ်ပညာရပ်သည် ဤမျှလောက်စွမ်းမည်ဟု မယုံကြည်နိုင်သေးပေ။
သူ့ကိုယ်သူငုံ့ကြည့်လိုက်သည့်အခါ ကိုယ်ပျောက်နေသလို ဖြစ်နေသောကြောင့်......
"အစ်ကိုလော့...မင်းရဲ့ ရေအရိပ်က တော်တော်ထူတာပဲ...မသိရင်ကိုယ်ပျောက်ဝတ်ရုံကျနေတာပဲ...."
" ရိုးရှင်းတဲ့ လှည့်ကွက်လေးပါကွာ....ရေရဲ့အလင်းယိုင်ခြင်းနိယာမကိုသုံးပြီး အလင်းရောင်အောက်မှာ ပုန်းကွယ်နေတာပါ....ဒါက သိပ်မထူးဆန်းပါဘူး....အာရုံစူးစိုက်မှုအားကောင်းသူတွေဆို လွယ်လွယ်ရှာတွေ့မှာပါ....."
" ဘာပဲဖြစ်ဖြစ်ကွာ...ထူးဆန်းတာကထူးဆန်းတာပဲ...ဒီလိုပညာရပ်ကို မင်းလို ကျွမ်းကျွမ်းကျင်ကျင်သုံးတတ်တာမျိုး မြင်ကို မမြင်ဖူးသေးဘူး...."
လီလော့ ပြုံးရုံသာ ပြုံးနေလိုက်တော့သည်။သူသုံးထားသော ရေအရိပ်သည် သာမာန်ရေအရိပ်မဟုတ်ဘဲ အလင်းပဲ့တင်ထပ်သံစွမ်းအားများ ဖြည့်သွင်းထားသော ရေအရိပ်ဖြစ်ကြောင်း ထုတ်မပြောတော့ပေ။
" မင်းဘာမှ လုပ်စရာမလိုတော့ဘူး...ပြီးတဲ့အထိ ဒီအတိုင်းသာစောင့်နေလိုက်တော့...."
" အစ်ကိုလော့က ရုပ်လည်း ချောတယ် ဉာဏ်လည်းကောင်းတယ်နော်....ကြယ်တာယာခရီးရှည်ကောလိပ်ကလူတွေ မျက်စိကန်းနေလို့သာ မင်းကို အထူးဖိတ်ကြားစာမပို့တာနေလိမ့်မယ်....."
" အေးပါကွာ....မကြာခင် ငါတို့တွေက အဲ့ကကျောင်းသားတွေ ဖြစ်လာတော့မှာပဲကို....ငါတို့က အရမ်းတော်တဲ့အတွက် သူတို့တွေ ငါ့တို့ကို တံခါးဖွင့်ပြီးကြိုဆိုနေမှာပါ....."
" အစ်ကိုလော့က ဉာဏ်လည်းကောင်းတယ် စိတ်ထားလေးလဲ လှတယ်...."
ကျောင်ခွော် ပျင်းလာဖြင့် လီလော့နှင့်စကားပြောရန် ကြံလိုက်သည့်အခါ အတောင်လေးခုလင်းနို့များ ဝန်းရံတိုက်ခိုက်ခံနေရသောသူတစ်ယောက်ကို လှမ်းမြင်လိုက်ရသည်။
" အစ်ကိုလော့....ဟိုလူ..ဟိုလူကို ကြည့်ရတာ ရင်းနှီးနေတယ် မထင်ဘူးလား...."
လီလော့ သေချာကြည့်မိလိုက်သည့်အခါ မဲ့ရွဲ့မိလေသည်။ ထိုသူသည် ယုလန်မှ လွဲ၍ မည်သူဖြစ်နိူင်ဉီးမည်နည်း.....
"ထားလိုက်...မမြင်ချင်ယောင်ဆောင်နေလိုက်...."
ယုလန်သည် အဆင့်ခြောက် လေပဲ့တင်ထပ်သံပိုင်ဆိုင်ထားသူဖြစ်သောကြောင့် လျင်မြန်သူတစ်ယောက်ဖြစ်သည်။ လူကြားမကောင်းအောင် အော်ဟစ်နေသော်လည်း တောင်ပံလေးခုလင်းနို့များပင်လျှင် ယုလန်ကို အမှီမလိုက်နိုင်ကြပေ။
"မဟုတ်သေးဘူးနော်....ဟိုခွေးသားက ငါတို့ဆီ ဉီးတည်ပြီး ပြေးလာနေတာ...ငါတို့ ဒီမှာရှိမှန်းသိနေပုံရတယ်...."
ကျောက်ခွော်ပြောသည့်အတိုင်းပင် ယုလန် သူတိုဆီ ပြေးလာနေသောကြောင့် လီလော့ သေချင်စော်နံနေလေပြီ.....
ထိုအချိန်တွင် ယုလန်က လီလော့တို့ နှစ်ဉီးရှိရာဆီ တည့်တည့်ရောက်လာပြီး အသံတိုးတိုးဖြင့်.....
" အစ်ကိုလော့...အစ်ကိုလော့....ငါ့ကို မြန်မြန် လက်ကမ်းစမ်ပါဉီး....."
လီလော့ သေချင်ယောင်ဆောင်နေသည့်အခါ ယုလန်က....
"အေးနော် မင်းငါ့ကို လက်မကမ်းရင် လင်းနို့အုပ်လိုက်ကြီးကို ဒီနားရောက်အောင် မျှားခေါ်လာခဲ့လိုက်မယ်...."
" စောက်ကျင့်ယုတ်တဲ့ကောင်...တစ်နေ့ကျရင်
မင်းကို ငါသေအောင် ရိုက်ပြမယ်....."
လီလော့ ကြိမ်းမောင်းရင်းနှင့်ပင် ယုလန်ကို ရေအရိပ်အကာအကွယ်အောက်ထဲဆွဲသွင်းလိုက်သည့်အခါ ယုလန်နောက်ကိုလိုက်လာသည့် လင်းနို့များသည် ဉီးတည်ချက်ပြောင်းသွားကြကုန်သည်။