အဆင့်မြင့်မြို့စား
Vol. 67 Ch. 927
နောက် (၃) ရက်ကြာသည်အထိ လီလော့ သူ့အခန်းထဲမှ ခြေတစ်လှမ်းမျှ မထွက်ခဲ့ပေ။ သို့သော် သူသည် အနားယူနေခြင်း မဟုတ်ဘဲ စွမ်းအားသစ်များကို အသားကျအောင် ပြုလုပ်နေခြင်း ဖြစ်သည်။
"နဂါးပျံတက်ခြင်းပွဲ"က အလွန်ပင် ခက်ခဲကြမ်းတမ်းခဲ့သော်လည်း ထိုပွဲမှ တန်ဖိုးရှိသော အကျိုးကျေးဇူးများကို ရရှိခဲ့သည်။
"နဂါးတက်ခြင်း" ကာလအတွင်း သူရရှိခဲ့သော ပေလေးရာမြင့်သည့် ရှီးဂန်းစွမ်းအား အပြင်၊ အကြေးခွံကိုးခု သန့်စင်သော နဂါးခန္ဓာကိုလည်း ရရှိခဲ့သည်။ ၎င်းမှာ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားကို အလွန် ကြီးမားစွာ မြှင့်တင်ပေးလိုက်ခြင်း ဖြစ်သည်။
ခန့်မှန်းချက်အရ ကောင်းကင်ပုလဲနှစ်လုံးအဆင့်နှင့်ထိုအဆင့်အောက်ရှိ ပြိုင်ဘက်များကို ကြောက်စရာမလိုတော့ပေ။ သူသည် နှောင်းပိုင်းနတ်ဆိုးခန္ဓာအဆင့်တွင်သာ ရှိသေးသော်လည်း၊ အသင်္ချေပဲ့တင်ထပ်သံ နဂါးစွယ်ဓားဝင်္ကပါလို ထူးချွန်သည့် လက်စွမ်းပြမှုများစွာကို ပိုင်ဆိုင်ထားသည်။
ကံဆိုးစွာပင် ၎င်းတို့မှာ မလုံလောက်သေးပေ။ သူသည် "ပဲ့တင်ထပ်သံ လှိုဏ်ဂူအတွင်းတွင် ကောင်းကင်ပုလဲအဆင့်ရှိ ထူးချွန်သူများစွာနှင့် တွေ့ဆုံရမည်ဖြစ်ပြီး၊ သူတို့ထဲမှ များစုက ပုလဲငါးလုံးအဆင့်သို့မဟုတ် ထိုထက်ပိုမြင့်သောသူများ ဖြစ်ကြသဖြင့် သူသည် လက်ရှိတွင် အားနည်းလွန်းနေသေးသည်။
ထို့ကြောင့် လှိုဏ်ဂူမဖွင့်မီ အမြန်ဆုံး အဆင့်မြှင့်တင်ရန် လိုအပ်နေသည်။
လီလော့သည် (၃) ရက်အကြာတွင် လေ့ကျင့်မှုကို အဆုံးသတ်ပြီး နဂါးစွယ်တောင်တန်းသို့ ဦးတည်သွားလိုက်သည်။
ယနေ့သည် နွားသိုးကြီးပေါင်ပေါင်၏ ကျင့်စဉ်အခြေခံများ ပြန်လည်ကောင်းမွန်လာမည့်နေ့ ဖြစ်သည်။ အကယ်၍ အောင်မြင်ခဲ့လျှင် ယခင်က စွမ်းအားများကို ပြန်လည်ရရှိနိုင်မည်ဖြစ်ပြီး၊ မူလစွမ်းအားထက်ပင် ကျော်လွန်သွားနိုင်ခြေရှိသည်။ ၎င်းမှာ သူ နှစ်ပေါင်းများစွာ စောင့်မျှော်ခဲ့ရသည့် အရာတစ်ခု ဖြစ်သည်။
လီလော့ ရောက်ရှိသွားသောအခါ ခန်းမကြီးဆီသို့ တိုက်ရိုက်ဝင် သွားလိုက်တော့ လီကျင်းဇယ်က လက်ကိုနောက်ပစ်၍ ခန်းမဝင်ပေါက်တွင် ရပ်နေပြီး သူ့ဘေးတွင် ရင်းနှီးသော ပုံရိပ်တစ်ခု ရှိနေသည်။
ထိုသူမှာ တခြားသူမဟုတ်၊ လီလင်းကျင်းပင် ဖြစ်သည်။
"ဝမ်းကွဲအစ်မ လင်းကျင်"
လီလော့ ပြုံး၍ နှုတ်ဆက်လိုက်တော့ လီလင်းကျင်းက သူ့ကို ကြည်လင်သော မျက်ဝန်းများဖြင့် ကြည့်လိုက်ပြီး ချစ်စရာကောင်းသော မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
"ဝမ်းကွဲမောင်လေး လီလော့၊ နင် နဂါးခေါင်းဆောင် ဖြစ်လာတာကို ဂုဏ်မပြုရသေးဘူး"
” ကိစ္စမရှိပါဘူး။ အစ်မသာ 'တံခွန်နှစ်ဆယ်'ထဲ ရောက်ခဲ့ရင်၊ အစ်မလည်း အရင်မျိုးဆက်ရဲ့ နဂါးခေါင်းဆောင် ဖြစ်လာမှာ သေချာတာပဲ" ဟု လီလော့က ရယ်မော၍ ပြန်ဖြေလိုက်သည်။
လီလင်းကျင်းမှာ ယခင်က နဂါးစွယ်နယ်မြေ၏ ထိပ်တန်းပါရမီရှင် ဖြစ်ခဲ့သည်။စိတ်ဓာတ်ခိုင်မာမှုနှင့်အရည်အချင်းရှိခြင်းတို့ကြောင့် တံခွန်နှစ်ဆယ်ထဲသို့ ရောက်ခဲ့လျှင် နဂါးခေါင်းဆောင် ဖြစ်လာမှာ သေချာသည်။ ထိုစကားကို ကြားသောအခါ လီလင်းကျင်းက နှုတ်ခမ်းကို နူးညံ့စွာ ကိုက်လိုက်ပြီး….
"ငါ့ကို နောက်မနေပါနဲ့တော့…ပြီးတော့ မတူညီတဲ့မျိုးဆက်တွေကြားမှာ နဂါးခေါင်းဆောင်တွေရဲ့ စွမ်းအားချင်း ကွာခြားမှုတွေ ရှိပါတယ်.. နင်က ခန်းမသခင် လီတိုင်ရွှမ်ကို စိန်ခေါ်ခဲ့တဲ့ နဂါးခေါင်းဆောင်လေ…သာမန်နဂါးခေါင်းဆောင်တွေက နင်နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ"
လီလော့က တောက်ပစွာ ပြုံးလိုက်ပြီး မတိုက်ရိုက်ဖြေဆိုတော့ဘဲ….
"ဒါနဲ့ ဝမ်းကွဲအစ်မ လင်းကျင်း၊ ဒီရက်ပိုင်းအတွင်း ဘယ်လိုနေသေးလဲ" ဟု မေးလိုက်သည်။ ထိုမေးခွန်းမှာ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စားနတ်ဆိုး ပြဿနာနှင့် ပတ်သက်နေသည်။
ထိုအခါ လီလင်းကျင်းက လီကျင်းဇယ်ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ကာ ….
"ကလန်ခေါင်းဆောင်ရဲ့ ကြိုးစားမှုနဲ့ အချိန်ပေးမှုကြောင့်၊ ဝိညာဉ်စားနတ်ဆိုးကို အများအားဖြင့် ဖယ်ရှားနိုင်ခဲ့ပါပြီ" ဟု ဖြေလိုက်သည်။
"အစ်မရဲ့ စွမ်းအားတွေ အများကြီး တိုးတက်လာပုံရတယ်" ဟု လီလော့က သူမဆီမှ လွှမ်းမိုးနိုင်သော ဖိအားကို ခံစားမိလိုက်သည့်အတွက် ချီးကျူးလိုက်သည်။
သူမ၏ စွမ်းအားမှာ ဤကာလအတွင်း များစွာ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။
"ငါ အခု ကောင်းကင်ပုလဲ ခုနစ်လုံးအဆင့်ကို ရောက်နေပြီ"
"ပုလဲခုနစ်လုံး?"
လီလော့ အံ့ဩသွားသည်။ ယခင်က လီလင်းကျင်းမှာ ထိုနတ်ဆိုးကြောင့် ဒဏ်ရာရခဲ့ပြီး၊ ဖုတ်ကောင်ဘဝဖြင့် ဖြတ်သန်းခဲ့ရကာ ကျင့်ကြံမှုမှာ တိုးတက်မှု မရှိသလောက် ဖြစ်ခဲ့သည်။ ယခု အချိန်တိုအတွင်း ဤမျှကြီးမားသော တိုးတက်မှုကို ရရှိသွားခဲ့ပြီလော။
"သူ့အခြေအနေက ထူးခြားတယ်… ဝိညာဉ်စားနတ်ဆိုးက နှစ်ပေါင်းများစွာအတွင်း ပါရမီရှင်တွေကို စားသုံးခဲ့တာလေ… အခု သူကိုယ်တိုင်ပဲ လီလင်းကျင်းရဲ့ အစားခံလိုက်ရတဲ့အတွက်၊ အကျိုးကျေးဇူးတွေကို ပြန်ရလိုက်တာပေါ့… ဒါက ကံဆိုးမသွား ကံထူးလာတာပဲ" ဟု လီကျင်းဇယ်က ဘေးမှ ရှင်းပြလိုက်သည်။
"ဒါနဲ့၊ ပဲ့တင်ထပ်သံ လှိုဏ်ဂူအတွက် သူ မင်းနဲ့အတူ လိုက်လိမ့်မယ်" ဟု လီကျင်းဇယ်က ထပ်ဖြည့်ပြောလိုက်သည်။
ထိုအခါ လီလော့ အနည်းငယ် တုန်လှုပ်သွားပြီး …."အစ်မကလည်း ပဲ့တင်ထပ်သံ လှိုဏ်ဂူထဲကို ဝင်မှာလား" ဟု မေးလိုက်သည်။
လီလင်းကျင်းက ….
"ဒါဆိုရင် ဝမ်းကွဲမောင်လေး လီလော့ရဲ့ စောင့်ရှောက်မှုအောက်မှာပဲ နေရတော့မှာပေါ့"
"အစ်မ မှားနေပြီ၊ ဂုဏ်သရေရှိ ပုလဲခုနစ်လုံးအဆင့် ပါရမီရှင်ကြီးဖြစ်တဲ့ အစ်မရဲ့ စောင့်ရှောက်မှုအောက်မှာ နေရမှာက ကျွန်တော်ပါ"
"စိတ်မပူပါနဲ့… ငါ နင့်ဘေးနားမှာပဲ ကပ်နေပြီး ကာကွယ်ပေးမှာပါ"
"ကျေးဇူးတင်ပါတယ် ဝမ်းကွဲအစ်မ လင်းကျင်း"
သူတို့ စကားပြောနေစဉ် လီလော့က ခန်းမထဲကို တစ်ချက်ကြည့်လိုက်သည်။ အထဲရှိ မီးဖိုကြီးမှာ ပြင်းထန်စွာ တောက်လောင်နေပြီး၊ မီးတောင်ပေါက်ကွဲသလို စွမ်းအင်များ ထွက်ပေါ်နေသည်။
ထိုကဲ့သို့ ပြင်းထန်သော ဖိအားအောက်တွင် အပြင်ဘက်၌ ရပ်နေသည့် လီလော့ပင် အသက်ရှူရ ခက်ခဲနေသည်။
နဂါးပျံတက်ခြင်းပွဲက စိန်ခေါ်မှုများသည် ရှေ့မှောက်က ဖိအားနှင့် ယှဉ်လျှင် ဘာမျှ မဟုတ်ပေ။
အတွင်းပိုင်း မီးလျှံများထဲတွင် တစ်စုံတစ်ယောက် ထိုင်နေသည့် ပုံစံကို မြင်နေရသည်။
လီလော့ ခန်းမထဲသို့ မဝင်ခဲ့ပေ။ သူက တံခါးအပြင်ဘက်တွင် ရပ်၍ …
"အဘိုး၊ ဦးလေးပေါင် ဘယ်လိုနေလဲ? အဆင်ပြေရဲ့လား" ဟု မေးလိုက်သည်။
လီကျင်းဇယ်၏ ဒုတိယနည်းလမ်းမှာ အလွန်မြင့်မားသော အန္တရာယ် ရှိသည့်အတွက် သူ အနည်းငယ် စိုးရိမ်နေသည်။
"သူရွေးချယ်တဲ့နည်းလမ်းက တကယ်ကို စွန့်စားရတာ… သူ အကြိမ်ကြိမ် ကျရှုံးဖို့ နီးကပ်ခဲ့တယ်…ဒါပေမဲ့ သူ့စိတ်ဓာတ်က ခိုင်မာနေတယ်…သူ့ရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်က သူ့ကို ကျရှုံးခြင်းအစွန်းကနေ ပြန်ဆွဲထုတ်နိုင်ခဲ့တယ်… အခုဆို အန္တရာယ်အများဆုံးအပိုင်းကို ကျော်ဖြတ်ပြီးပါပြီ…. သူ့ရဲ့ မြို့စားရဲတိုက်တွေ ပြန်ကောင်းဖို့ပဲ စောင့်ရတော့မှာ…"
ထိုစကားများထဲတွင် နွားသိုးကြီးပေါင်ပေါင်အပေါ် လေးစားမှုများ ပါဝင်နေသည်။
ထိုအခါမှသာ လီလော့ စိုးရိမ်စိတ် ပြေလျော့သွားသည်။ တစ်ချိန်တည်းမှာပင် မီးဖိုထဲမှ စွမ်းအင်များ ပြောင်းလဲလာသည်ကို ခံစားမိလိုက်သည်။
"အချိန်တန်ပြီ" ဟု လီကျင်းဇယ်က ဆိုသည်နှင့်….
ဝုန်းးးးးးး
သူပြောပြီးသည်နှင့် မီးဖိုအဖုံး ပေါက်ကွဲသွားကာ စွမ်းအင်များ ကောင်းကင်သို့ ထိုးတက်သွားပြီး ပတ်ဝန်းကျင်ရှိ လေဟာနယ်ပင် ပျက်စီးသွားသည်။
ထို့အတူကြောက်စရာကောင်းသော စွမ်းအင်များ အရပ်မျက်နှာအနှံ့ ပေါက်ကွဲထွက်လာသည်။
ကံကောင်းစွာပင် လီကျင်းဇယ်က လက်ကို ဝှေ့ယမ်းလိုက်ပြီး စွမ်းအင်ဒိုင်းတစ်ခုဖြင့် ခန်းမကြီးကို ဖုံးအုပ်လိုက်သဖြင့် ပေါက်ကွဲမှုစွမ်းအင်များမှာ ခန်းမထဲတွင်သာ ပိတ်မိနေသည်။
လီလော့ မျက်တောင်မခတ်ဘဲ ကြည့်နေစဉ် စွမ်းအင်လှိုင်းများကြားမှ ပုံရိပ်တစ်ခု ထွက်လာသည်။ ထိုသူ၏ နောက်ကွယ်တွင် တောင်ကြီးများကဲ့သို့ မြို့စားရဲတိုက်များ ပေါ်လာသည်။
(၇) ခုမြောက် ရဲတိုက်ကို မြင်လိုက်ရသောအခါ လီလော့အံ့ဩသွားသည်။ ဒုတိယနည်းလမ်းကြောင့် နွားသိုးကြီးပေါင်ပေါင်မှာ ယခင်စွမ်းအားထက်ပို၍ အဆင့် (၇) မြို့စားအဆင့်သို့ ရောက်ရှိသွားခဲ့ချေပြီ။
သူသည် ယခုတွင် အဆင့်မြင့်မြို့စားဖြစ်သွားခဲ့ပြီ။ ဤသည်မှာ နဂါးစွယ်ကလန်တွင် အဆင့်မြင့်တိုက်ခိုက်ရေးစွမ်းအားအဖြစ်သတ်မှတ်ထားသောအဆင့် ဖြစ်သည်။
ရဲတိုက် ခုနှစ်ခု ပျောက်ကွယ်သွားပြီးနောက် မျက်လုံးများကို ဖွင့်လိုက်တော့ နွားသိုးကြီးပေါင်ပေါင်၏ မျက်လုံးများက ဓားသွားများသဖွယ် ထက်မြက်နေသည်။
လီလော့နှင့် လီလင်းကျင်းတို့မှာ ထိုသူ၏ ပြင်းထန်သော အရှိန်အဝါကြောင့် တိုက်ရိုက်မကြည့်နိုင်အောင် ဖြစ်သွားကြသည်။
နွားသိုးကြီးပေါင်ပေါင်သည် ယခုချိန်တွင် အဆင့် (၇) မြို့စားဖြစ်သွားလေပြီ။
"ကျေးဇူးတင်ပါတယ် ကလန်ခေါင်းဆောင်" ဟု ပေါင်ပေါင်က လီကျင်းဇယ်ကို လေးစားစွာ ကျေးဇူးတင်စကားဆိုလိုက်သည်။
"စိတ်မပူပါနဲ့၊ ဒါက လီတိုင်ရွှမ်တို့အစား ပေးဆပ်ရမှာပါ"
လီလော့ကလည်း …
"ဦးလေးပေါင်၊ အဖေနဲ့ အမေ သိသွားရင် တကယ်ကို ဝမ်းသာမှာပါ"
ထိုအခါ နွားသိုးကြီးပေါင်ပေါင်က လီလော့၏ ပုခုံးကို ပုတ်၍…
"မင်းက မင်းအဖေ၊ အမေထက် ပိုယုံကြည်ရပါတယ်…သူတို့က ကလေးတွေကို အိမ်မှာထားခဲ့ပြီး ပျောက်သွားကြတာလေ" ဟု နောက်ပြောင်လိုက်တော့ လီလော့ ရယ်လိုက်မိသည်။
"ဒီတော့ မင်း အစိမ်းရောင်နယ်သာခန်းမ မှာပဲ ဆက်နေမှာလား၊ ဒါမှမဟုတ် ထွက်သွားမှာလား"
"ကျွန်တော် လီလော့ကို ကတိပေးထားပြီးသားပါ…ကျွန်တော် အစိမ်းရောင်နယ်သာခန်းမမှာပဲ နေပြီး ကူညီပေးပါမယ်"
"ဒါဆိုရင် လိုက်ခဲ့….အကြီးအကဲတွေ စုနေကြပြီ… အစီအစဉ်တွေ ချမှတ်ရအောင်"